← Chapters

တစ်ဘီလျံတန်အသည်း

Vol. 2 Ch. 20

တစ်ဘီလျံတန်အသည်း

Vol. 2 Ch. 20

ဤအမျိုးသားသည် အစောပိုင်းတုန်းက ယန်းမီမီနှင့်စကားပြောနေခဲ့သော ချန်းထောင်ဖြစ်ကြောင်း ယဲ့ချန်း မှတ်မိလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

ယဲ့ချန်း ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်သည်။

"မစ္စတာယဲ့ ကျွန်တော် မီမီကိုသဘောကျနေတာ။ အဲဒီတော့ ခင်ဗျားကို သူနဲ့ဝေးဝေးနေပေးစေချင်တယ်"

ချန်းထောင် ယဲ့ချန်းကို လမ်းပိတ်ထားခြင်းမှာ နှစ်ယောက်သား အခန်းတစ်ခန်းထဲသို့ အချိန်အကြာကြီးဝင်သွားကြသဖြင့် သူနှင့် ယန်းမီမီကြား၌ ပတ်သက်မှုတစ်စုံတစ်ရာရှိသည်ဟု ထင်နေသောကြောင့်ပင်။

"ဆောရီး.. ခင်ဗျား သူ့ကိုသဘောကျရင် ခင်ဗျားဘာသာကြိုးစားပါ။ဗ ယန်းမီမီနဲ့ ကျွန်တော်​ ဝေးဝေးနေနေမနေနေ အဲဒါက ကျွန်တော့်ရွေးချယ်မှုပဲ"

"ခင်ဗျား ဘယ်လောက်လိုချင်လဲ"

ချန်းထောင်က ရုတ်တရက်မေးခွန်းထုတ်လိုက်သည်။

"ပိုက်ဆံလား"

ယဲ့ချန်း၏နှုတ်ခမ်းထက်တွင် အထင်အမြင်သေးဟန်အပြုံးခပ်ဖျော့ဖျော့တစ်ခု ပေါ်ပေါက်လာသည်။

"ကျုပ်မှာ မချို့တဲ့ဆုံးအရာက ပိုက်ဆံပဲ"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းလည်း မိမိမိုက်မိုက်လှည့်ထွက်လာခဲ့လိုက်သည်။ ချန်းထောင်မှာမူ မကျေမနပ်အမူအရာနှင့် ကျန်ရစ်နေခဲ့ပေသည်။

အဆုံးမှာတော့ ယန်းမီမီ စင်ပေါ်တက်ရမည့်အလှည့်သို့ ရောက်လာခဲ့သည်။

လိဖေးဖေး၏မျက်နှာထက်တွင် အေးတိအေးစက်အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

"ကံကောင်းပါစေ မီမီ..."

သူ(မ) အသံအင်ဂျင်နီယာကို လာဘ်ထိုးထားပြီးဖြစ်သလို ဤသီချင်းကိုလည်း ကလိထားပြီးလေပြီ။

ယန်းမီမီ၏ဖျော်ဖြေမှုက အရေးကြီးသော အခမ်းအနားတစ်ခုတွင် မတော်တဆမှားယွင်းသွားပါက သူ(မ)၏အလုပ်အကိုင်လမ်းကြောင်းလည်း ပျက်စီးရလိမ့်မည်။

သို့သော် ထင်မှတ်မထားပါဘဲ ယန်းမီမီက အစီအစဉ်တင်ဆက်သူကို စကားတစ်ခွန်း တီးတိုးကပ်ပြောလိုက်၏။

အစီအစဉ်တင်ဆက်သူကလည်း ခေါင်းညိတ်ပြလျက် ပြောလာလေသည်။

"ဒီသီချင်းကို ယန်းမီမီရဲ့မိတ်ဆွေတစ်ယောက်က ရေးစပ်ပေးထားတာဖြစ်ပြီး ဒီနေရာမှာရှိတဲ့ လူတိုင်းကို ရည်ရွယ်ပါတယ်။ ကျေးဇူးပြုပြီး မိန်းကလေးမီမီကို အဖော်ပြုပေးဖို့အတွက် မစ္စတာယဲ့ကို ​စင်ပေါ် ဖိတ်ခေါ်ပါရစေ"

ယဲ့ချန်းလည်း အပြုံးတစ်ပွင့်ဆင်မြန်းလျက် စင်ပေါ်ကို တက်သွားလိုက်၏။

တက္ကစီဒရိုင်ဘာဝတ်စုံထားသော ယဲ့ချန်းကို မြင်သောအခါ လူတိုင်း အံ့သြမှင်တက်သွားကြလေသည်။

ဒီလူက တက္ကစီမောင်းတာလား? သူက စန္ဒရားလည်း တီးတတ်တယ်ပေါ့?

လိဖေးဖေးလည်း အံ့သြသွားရသည်။ ယဲ့ချန်းက သူ(မ)စီစဉ်ထားသော အစီအစဉ်ကို ကဖျက်ယဖျက်လုပ်လာလိမ့်မည်ဟု လုံးဝထင်မထားချေ။

ယဲ့ချန်း စန္ဒရားရှေ့တွင် ထိုင်ချလိုက်သည်။ ခဏလေးအတွင်းမှာပင် အားလုံး ကြောင်အသွားရလေတော့သည်။

ယဲ့ချန်း၏ဘေးတိုက်မျက်နှာအနေအထားမှာ အလွန်ခန့်ညားချောမောလှသဖြင့် ထိုနေရာရှိ မိန်းကလေးတော်တော်များများလည်း သူ့ရုပ်ရည်ကြောင့် ဆွဲဆောင်ညှို့ငင်ခံလိုက်ရသည်။

ဒီတက္ကစီဒရိုင်ဘာက အရမ်းခန့်ညားတာပဲ...

ထိုအချိန်မှာပင် စန္ဒရားတီးသံ ထွက်ပေါ်လာသည်။ ပရိသတ်အပေါင်း၏ အမူအရာကလည်း ရုတ်ခြည်းပြောင်းလဲသွားကြသည်။

ဤစန္ဒရားအသံကား အလွန်တရာလှပသိမ်မွေ့လှ၏။ ဂီတသံနှင့်အတူ ယန်းမီမီ စတင်သီဆိုလေတော့သည်။

"ဒါဟာ အချစ်ရဲ့ခေါ်သံ.. အချစ်ရဲ့နက်ရှိုင်းမှု.."

…

ယဲ့ချန်းမှာ စန္ဒရားတီးခတ်မှုစွမ်းရည်ကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် တီးခတ်ရာတွင် လှပသိမ်မွေ့သောတေးသံကို ဖန်တီးနိုင်သည်။

အထူးသဖြင့် တီးခတ်နေရင်း ကြော့မော့လှသော ယဲ့ချန်း၏လှုပ်ရှားမှုများမှာ ခန့်ညားပြီး ကျက်သရေရှိလှသော​ကြောင့် အမျိုးသမီးများအားလုံးကို ညှို့ငင်ဆွဲဆောင်လိုက်နိုင်သည်။

အမလေးလေး.. ဒီတက္ကစီ​ဒရိုင်ဘာက အရမ်းချောတာပဲ...

ဤသီချင်းမှာ တေးသံလှပပြောင်မြောက်ရုံသာမက စာသားများကလည်း ရင်ထဲ နက်ရှိုင်းစွာ ထိရှစေသည်။ ပွဲကြည့်ပရိသတ်ထဲရှိ လူတော်တော်များများ ထိုသီချင်းကြောင့် စိတ်လှုပ်ရှားကုန်ကြသည်။

တီဗီရှေ့ရှိ ကြည့်ရှုသူများလည်း ထိုသီချင်းကြောင့် ဆွဲဆောင်ခံလိုက်ရလေတော့သည်။

မီမီ၏သီချင်းက အလွန်အံ့သြဖို့ကောင်းပြီး စိတ်လှုပ်ရှားဖွယ်လည်း ကောင်းလှ၏။ ယန်းမီမီ ပီသပါပေသည်။ ဤသီချင်းမှာ အချစ်၏ အနှစ်သာရတို့ဖြင့် ပြည့်နှက်နေ၏။

…

သီချင်းကား ပြီးဆုံးသွားလေပြီ။ ​သောင်းသောင်းဖြဖြလက်ခုပ်သြဘာသံများလည်း ထွက်ပေါ်လာသည်။

ယဲ့ချန်း မတ်တတ်ထရပ်လိုက်ပြီးနောက် ယန်းမီမီ၏လက်ကိုကိုင်ကာ နှစ်ယောက်သား ပရိသတ်များကို အတူတကွဦးညွှတ်လိုက်၏။

အစီအစဉ်တင်ဆက်သူက စင်ပေါ်သို့လျှောက်လာသည်။

"မိန်းကလေးမီမီ.. မင်းရဲ့သီချင်းက အံ့လောက်ပါရဲ့။ ဒါပေမဲ့ မင်းရဲ့သူငယ်ချင်းကို မိတ်မဆက်ပေးရသေးဘူးနော်"

ယန်းမီမီကမူ ပြုံးလျက် ပြောလာလေသည်။

"သူ့နာမည်က ယဲ့ချန်းတဲ့။ ကျွန်မရဲ့"သတ္တိ"ဆိုတဲ့သီချင်းကိုလည်း သူပဲ စာသားစပ်ပြီး ရေးပေးထားတာ"

အမလေး!

ပွဲကြည့်ပရိသတ်များလည်း တစ်ဖန်သြဘာပေးကြပြန်သည်။

"သတ္တိ"သီချင်းမှာ ထုတ်လွှင့်ပြီးပြီးချင်းမှာပင် ဟွားနိုင်ငံ၏ ရွှေရောင်ဂီတဇယားထဲတွင် လွှမ်းမိုးထားခဲ့သည်။ ဤသီချင်း၏ စာသားရေးစပ်သူနှင့် တေးရေးဆရာမှာ လူများ၏စိတ်ထဲ၌ အမြဲ အဆန်းတကြယ်ဖြစ်နေခဲ့သည်။

ရက်အနည်းငယ်အကြာမှာပင် အရည်အချင်းရှိသော ဤအမျိုးသားက ပြောင်မြောက်သော နောက်ထပ်သီချင်းတစ်ပုဒ်ကို ထပ်ရေးစပ်ပေးလိမ့်မည်ဟု မည်သူထင်ထားပါအံ့နည်း။

အစီအစဉ်တင်ဆက်သူကလည်း ယဲ့ချန်းဘက်သို့ မိုက်ခရိုဖုန်းထိုးပေးရင်း ပြောလိုက်၏။

"မစ္စတာယဲ့.. ရှင့်ဝတ်စုံကိုကြည့်ရတာ တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်မဲ့ပုံပဲ"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။

"ဟုတ်ပါတယ်။ ကျွန်တော်က တက္ကစီဒရိုင်ဘာပါ။ သီချင်းရေးရတာက ကျွန်တော့်ဝါသနာလေ"

ဟမ်!

ထိုနေရာရှိ တေးရေးဆရာများနှင့် တီဗီရှေ့၌ရှိနေကြသော တေးရေးဆရာများခမျာ သွေးအန်လုမတတ်ပင်။

သေလိုက်ပါတော့..မင်းက ဟိတ်ဟန်ထုတ်နေပြီးတော့မှ ဒီအလုပ်ကို ဝါသနာတစ်ခုလို့ ပြောတယ်ပေါ့လေ..ဒါတောင် ဂီတဇယားထိပ်ဆုံးကိုရောက်မဲ့ သီချင်းတစ်ပုဒ်ကိုတောင် ရေးလိုက်သေးတယ်...

ထို့ပြင် လူသန်းပေါင်းများစွာကို ရင်ထဲထိသွားစေမည့် သီချင်းတစ်ပုဒ်ကိုလည်း ချက်ချင်းရေးပြခဲ့သေးသည်။

အစီအစဉ်တင်ဆက်သူကလည်း နေရခက်ခက်ဖြင့် တဟားဟားရယ်လိုက်သည်။

"ဒီလိုပြောင်မြောက်တဲ့သီချင်းတစ်ပုဒ်ကို ရေးစပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကောင်းပါပြီ။ စဘာဝဘေးအန္တရာယ်ကို ခံစားနေရတဲ့ကလေးတွေအတွက် အလှူငွေကောက်ခံမဲ့အပိုင်းကို သွားလိုက်ကြရအောင်"

အောက်ဘက်ရှိ စီးပွားရေးလုပ်ငန်းရှင်များက သူတို့၏ဆိုင်းဘုတ်လေးများကို မြှောက်လိုက်ကြလေတော့သည်။

"ဟွားဂန်စက်မှုလုပ်ငန်းပိုင်ရှင် ချန်းရန်က တစ်သန်းလှူဒါန်းပါတယ်"

"ဝမ်ထုန်အီလက်ထရောနစ်ကုမ္ပဏီပိုင်ရှင် မုခိုင်က ငါးသန်းလှူဒါန်းပါတယ်"

"လီတာ့အုပ်စုရဲ့ မစ္စကျန့်က သုံးသန်းလှူဒါန်းပါတယ်"

"ဝမ်ပေါ်အုပ်စုရဲ့ဥက္ကဋ္ဌချန်းထောင်က သန်းနှစ်ဆယ်လှူဒါန်းပါတယ်"

"ဝိုး.. မစ္စတာချန်းထောင်က အချစ်နဲ့ပတ်သက်လာရင် ကိုယ်ကျိုးတောင်မငဲ့ဘူးပဲ။ မစ္စတာချန်းထောင်ကို ချစ်ခြင်းမေတ္တာအကြောင်း မိန့်ခွန်းပြောပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်"

ချန်းထောင်ကလည်း ဂုဏ်ယူဝင့်ကြွားနေသော အမူအရာတစ်ခုနှင့်အတူ စင်​ပေါ်သို့ တက်လာသည်။ သူက ယဲ့ချန်းကို ရန်စလိုဟန်ဖြင့် လှမ်းကြည့်လိုက်သေးသည်။

ရည်ရွယ်ချက်ကတော့ ရှင်းသည်။

အရှုံးသမား မင်းမြင်ပြီလား?

သူ့ဘက်က သန်းနှစ်ဆယ်ကို အသာလေးထုတ်လိုက်ခြင်းပင်။

စင်ပေါ်သို့ တက်လာပြီးနောက် ချန်းထောင်က အစီအစဉ်တင်ဆက်သူထံမှ မိုက်ခရိုဖုန်းကိုယူ၍ ပြောလိုက်၏။

"ကျွန်တော် အခုလိုလှူဒါန်းလိုက်တာက မီမီရဲ့သီဆိုမှုကြောင့် ရင်ထဲထိသွားလို့ပါ။ ကျွန်တော်က မီမီရဲ့ပရိသတ်လေ။ ကျွန်တော့်ရဲ့ရက်ရောတဲ့လှူဒါန်းမှုအတွက် မိန်းကလေးမီမီဘက်က ကျွန်တော်နဲ့ ညစာစားပေးနိုင်မလားဆိုတာ သိချင်ပါတယ်"

ဤစကားကြောင့် ယန်းမီမီ၏အမူအရာလည်း ချက်ချင်းပြောင်းလဲသွားသည်။

ချန်းထောင်က ယန်းမီမီကို အကျပ်ရိုက်အောင် လုပ်လိုက်ပြီဖြစ်၏။

ယခုလိုအနေအထားမျိုးတွင် ယန်းမီမီအနေနှင့် ငြင်းပယ်၍ မဖြစ်နိုင်ချေ။ ငြင်းပယ်လိုက်ပါက သူ(မ)က ကျေးဇူးမသိတတ်ရာကျပေလိမ့်မည်။

သို့သော် စိတ်ထဲမှာတော့ ယန်းမီမီ ချန်းထောင်နှင့် ညစာအတူမစားချင်ပေ။

ယဲ့ချန်းက ရုတ်တရက်ထပြောလိုက်သည်။

"မစ္စတာချန်း မိန်းကလေးမီမီနဲ့အတူ ညစာတစ်နပ်စားဖို့အတွက် သန်းနှစ်ဆယ်တည်းလှူလိုက်တာက နည်းနည်းတော့ တွန့်တိုသလိုပဲ။ ဟုတ်တယ်မလား"

ပွဲကြည့်ပရိသတ်များအကြား ပွက်ပွက်ညံသွားလေသည်။

သန်းနှစ်ဆယ်ဆိုသည်မှာ ယခုညနေခင်းအတွက် အများဆုံးအလှူငွေပင်။ ဤတက္ကစီဒရိုင်ဘာက ထိုသန်းနှစ်ဆယ်ကို နည်းသည်ဟု ပြောနေသည်။

ချန်းထောင်မှာမူ လှောင်ပြုံးပြုံးလျက် နောက်လိုက်သည်။

"မစ္စတာယဲ့.. ခင်ဗျားက ကျွန်တော့်ထက် ပိုလှူနိုင်တယ်လို့ ပြောနေတာလား"

သူ့အကြည့်ထဲတွင် လှောင်ပြောင်ထေ့ငေါ့ဟန်များ ယှက်သန်းနေသည်။

တက္ကစီဒရိုင်ဘာဝတ်စုံကို ဝတ်ဆင်ထားသည့် ဒရိုင်ဘာတစ်ယောက်က တစ်နှစ်လျှင် တစ်သိန်းပင် ရှာနိုင်လေသလား။

ဆင်းရဲသားတစ်ယောက်က ယခုလိုအခြေအနေမျိုးမှာ ဟိတ်ဟန်ထုတ်နေခြင်းသည် ကိုယ့်ဒုက္ခကိုယ်ရှာနေခြင်းသာ ဖြစ်၏။

ထိုနေရာရှိ ပွဲကြည့်ပရိသတ်များလည်း စိတ်ထဲမှကျိတ်၍ ​ခေါင်းခါလိုက်မိကြသည်။ ယဲ့ချန်းအပေါ်ထားသော သူတို့၏သဘောကျမှုလည်း ခြေရာလက်ရာပင်မကျန်အောင် ပျောက်ကွယ်သွားလေတော့သည်။

ဤလူငယ်လေးက စင်စစ်မောက်မာလှသည်။ ပိုက်ဆံမရှိဘဲ ဤနေရာမှာ ဟိတ်ဟန်ထုတ်နေပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူအပေါင်းကလည်း ဝေဖန်လာကြသည်။

"ဒီတက္ကစီဒရိုင်ဘာက ကိုယ့်နေရာကိုယ်မသိဘူးပဲ"

"သူ့ကိုကြည့်ရတာ စိတ်ဓာတ်ကောင်းမဲ့ပုံပါပဲ။ ဒါပေမဲ့ သူ့ဦးနှောက်ကတော့ ကောင်းပုံမရဘူး။ သန်းနှစ်ဆယ်ကိုလှူထားတဲ့လူကို တွန့်တိုသတဲ့လား"

"အဲဒီလူက သန်းနှစ်ဆယ်တောင် လှူထားတာလေ။ မင်းက တစ်ပြားတောင်လှူနိုင်လို့လား။ ပရမ်းပတာတွေ လာပြောနေတာပဲ"

ချန်းထောင်က ယုံကြည်မှုပြည့်ဝနေသော အမူအရာဖြင့် ယဲ့ချန်းကို ငေးကြည့်လိုက်၏။

ယဲ့ချန်းလည်း ပြုံးပြုံးလေးဖြင့် လက်တစ်ချောင်းထောင်လိုက်သည်။

"ကျွန်တော် ဒီလောက်လှူမယ်"

အစီအစဉ်တင်ဆက်သူခမျာ တဒင်္ဂမျှ ကြက်သေသေသွားသည်။ ထို့နောက် ပြုံးတုံ့တုံ့ဖြင့် ပြန်ပြောလိုက်၏။

"တစ်သောင်းဆိုတာက တက္ကစီဒရိုင်ဘာတစ်ယောက်အတွက် တော်တော်များနေပါပြီ။ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ် မစ္စတာယဲ့"

ချန်းထောင်ကမူ ဟွန့်ခနဲအသံပြု၍ သရော်လိုက်သည်။

"တစ်သောင်းတည်းနဲ့များ လာပြောရဲသေးတယ်"

ပွဲကြည့်ပရိသတ်များလည်း မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။

"ဟားဟား နောက်ဆုံးတော့လည်း တစ်​သောင်းတည်းပါပဲ"

"တစ်သောင်းတည်းလှူပြီး သူများ သန်းနှစ်ဆယ်လှူတာကို ကဖျက်ယဖျက်သွားပြောနေတာ။ တော်တော်ရယ်ရတာပဲ"

…

ယဲ့ချန်း ခေါင်းခါပြလိုက်သည်။

"ကျွန်တော်က ၁၀ဘီလျံလို့ပြောတာ"

"၁၀ဘီလျံ!"

ယဲ့ချန်း၏စကားအဆုံးတွင် ထိုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။ လူတိုင်းက ယဲ့ချန်းအား အကြောင်သားငေးကြည့်နေကြပြီး မျက်လုံးထဲတွင်လည်း ထိတ်လန့်မှုများ အထင်းသားပင်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသော ကီးဘုတ်ဖိုက်တာများလည်း သူတို့နည်းတူ ကြက်သေသေသွားရသည်။

သေလိုက်ပါတော့...ဒီတက္ကစီဒရိုင်ဘာက ဆယ်ဘီလျံလှူချင်တယ်တဲ့လား?

အစီအစဉ်တင်ဆက်သူခမျာ အကြီးအကျယ်ရှော့ရသွားသည်။

ဆယ်ဘီလျံတဲ့လား?

ထို့နောက် သူ(မ)က နေရခက်စွာ မေးလိုက်သည်။

"မစ္စတာယဲ့.. ရှင် အခု ၁၀ဘီလျံလို့ပြောလိုက်တာလား"

ယဲ့ချန်းက အကြောင်သားဖြစ်နေသော ချန်းထောင်ကို ရန်စသလိုကြည့်လိုက်၏။

"ဟုတ်ပါတယ်။ မစ္စတာချန်း... ခင်ဗျားလည်း ၁၀ဘီလျံလှူနိုင်တယ်ဆိုရင် မိန်းကလေးမီမီနဲ့ ညစာစားလို့ရပါတယ်"

••••••••••••••

All Chapters