← Chapters

ရွှေတေးသံဆုပေးပွဲအခမ်းအနား

Vol. 2 Ch. 22

ရွှေတေးသံဆုပေးပွဲအခမ်းအနား

Vol. 2 Ch. 22

ယဲ့ချန်း ဤနေရာသို့ တစ်ခါရောက်ဖူးသောကြောင့် စတူဒီယိုရှိ ဝန်ထမ်းများနှင့် ရင်းနှီးပြီးသားပင်။

"ဆရာယဲ့ ရောက်လာပြီပဲ"

"ဆရာယဲ့.. ခင်ဗျားသီချင်းက အရမ်းမိုက်တာပဲ။ ချက်ချင်းကို ရွှေရောင်ဂီတဇယားထိပ်ဆုံးကို ထိုးတက်သွားတာ"

ဝန်ထမ်းအများအပြားက သူ့အား တလေးတစားနှုတ်ဆက်ကြသည်။

သူတို့အားလုံးက ဂီတနယ်ပယ်ထဲမှ ဖြစ်သောကြောင့် ယဲ့ချန်းက အကြီးအကျယ်နာမည်ကြီးမည့် သီချင်းတစ်ပုဒ်ကို ချက်ချင်းဖန်တီးခဲ့ပြီး လူအများ၏​လေးစားမှုများကို သိမ်းပိုက်ခဲ့ကြောင်း သူတို့ သိထားသည်။

စုဝမ်ယိက ယခုတလော ရေသန့်လုပ်ငန်းဖွင့်လှစ်ရန်အတွက် အလုပ်များနေသည်ဖြစ်ရာ သတင်းအသစ်များကို လိုက်မမီခဲ့ပေ။

သူ(မ) တဒင်္ဂမျှလန့်ဖျပ်သွားရပြီးနောက် သတင်းများကို စစ်ဆေးကြည့်လိုက်သည်။ ထိပ်ဆုံး​ရှာဖွေမှုစာရင်းတွင် ယဲ့ချန်းရှိနေကြောင်း သိလိုက်ရသောအခါ သူ(မ) ချက်ချင်းကြက်သေသေသွားရသည်။

ယခင်ရက်ပိုင်းများတုန်းက ယဲ့ချန်းနှင့်ပတ်သက်သည့် သတင်းများကို ရှာဖွေကြည့်လိုက်ပြီးနောက် စုဝမ်ယိ အံ့သြမှင်တက်သွားရသည်။

သူက ရွှေရောင်ဂီတဇယားထိပ်ဆုံးတွင် လွှမ်းမိုးထားသည့် သီချင်းတစ်ပုဒ်ကို ​ပေါ့ပေါ့ပါးပါးရေးစပ်ခဲ့ပြီး ပရဟိတအခမ်းအနားတစ်ခုသို့ တက်ရောက်ကာ သီချင်းတစ်ပုဒ်ရေးခဲ့ရုံသာမက ၁၀ဘီလျံကိုလည်း လှူဒါန်းခဲ့သေးသည်။

ဤသည်မှာ စင်စစ်အံ့ဖွယ်ကောင်းလှသည်။

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ကျွန်တော် ဒီမှာ နောက်ထပ်သီချင်းတစ်ပုဒ်ကို အသံသွင်းမလို့။ ထပ်နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်"

စတူဒီယိုပိုင်ရှင်လိလိကမူ တလေးတစားပြန်ပြောလိုက်၏။

"ဆရာယဲ့က ကျွန်မတို့စတူဒီယိုမှာ အသံလာသွင်းတယ်ဆိုတာ ကျွန်မတို့အတွက် ဂုဏ်ယူစရာကိစ္စတစ်ခုပါ"

ယဲ့ချန်း မေးကြည့်လိုက်သည်။

"ခင်ဗျားတို့မှာ ဂစ်တာတစ်လက်လောက်ရှိလား"

"ဂစ်တာလား။ ရှိတာပေါ့"

လိလိလည်း ဂစ်တာတစ်လုံးယူလာရန် တစ်စုံတစ်ယောက်ကို ခိုင်းလိုက်၏။

ဂစ်တာကို ကိုင်လိုက်ချိန်ဝယ် "ငါရဲ့အချစ်ဟာ မင်းပါ"ဟူသောသီချင်း၏ သံစဉ်က ယဲ့ချန်း၏စိတ်အာရုံထဲ ပေါ်ပေါက်လာသည်။

ယဲ့ချန်း ပြုံးပြရင်း ပြောလိုက်လေသည်။

"ကောင်းပါပြီ။ ကျွန်တော်တို့ အခုစလို့ရပြီ"

မာစတာအဆင့်ဂစ်တာစွမ်းရည်က ဂီတမှတ်ဉာဏ်ထဲရှိ မှတ်ဉာဏ်ကူးသန်းမှုနှင့် ပေါင်းစပ်လိုက်​သောအခါ ယဲ့ချန်း ဂစ်တာတီးလိုက်သည်နှင့် နှစ်ပေါင်းများစွာ ဂစ်တာတီးခတ်လာခဲ့သော ပညာရှင်တစ်ဦးအလား ထင်မှတ်မှားစေသည်။

သံစဉ်ကိုနားထောင်ရင်း စတူဒီယိုခန်းထဲရှိ ဝန်ထမ်းများခမျာ အငေးသားဖြစ်ကုန်ကြသည်။

ဤသည်မှာ ပရော်ဖက်ရှင်နယ်ဂစ်တာပညာရှင်တစ်ယောက်ပင်။ သီချင်းကလည်း စင်စစ်လက်ရာမြောက်လွန်းသည်။

အဝင်တေးကား အဆုံးသတ်သွားသဖြင့် ယဲ့ချန်း စတင်သီဆိုတော့သည်။

ကောင်းချီးအပြည့်နဲ့ အချစ်နယ်မြေမှာ...

မင်းဟာ ငါ့ရဲ့တစ်ဦးတည်းသော..

ငါ့ရဲ့တစ်ဦးတည်း​သောအချစ်ဟာ မင်းပါ...

မင်းတစ်ယောက်ကိုသာ ငါမြတ်နိုးတာ...

ဆုံးရှုံးရချိန်မှ တန်ဖိုးထားတတ်ဖို့ နားလည်လာရတယ်...

…

စတူဒီယိုတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး ယဲ့ချန်း၏ လှပသိမ်မွေ့လှသော သီချင်းဆိုဟန်ကြောင့် အားလုံး ကြက်သေသေကုန်ကြသည်။

စုဝမ်ယိလည်း မယုံကြည်နိုင်လေဟန်ဖြင့် စတူဒီယိုထဲတွင် ဂစ်တာတီးခတ်ရင်း သီချင်းဆိုနေသော ယဲ့ချန်းကို ငေးကြည့်နေမိသည်။

ယဲ့ချန်းက ဂစ်တာတီးနေချိန်တွင် အလွန်ကြည့်ကောင်းလှသည်။ သူတီးခတ်နေသော သံစဉ်နှင့် သီဆိုနေသော သီချင်းကလည်း နတ်ဘုရားအဆင့်ပင်။

လိလိမှာ အလွန်အမင်းစိတ်လှုပ်ရှားနေပြီး ဂီတဇယားထိပ်ဆုံးသို့ ရောက်သွားမည့် နောက်ထပ်သီချင်းတစ်ပုဒ် မွေးဖွားလာပြီဟုပင် ခံစားမိသည်။

သီချင်းအဆုံးတွင် အခန်းထဲ၌ စိတ်အားထက်သန်စွာ လက်ခုပ်သြဘာပေးသံများဖြင့် ညံသွားချေသည်။

ယဲ့ချန်း ထိုသီချင်းကိုနားထောင်ကြည့်ပြီးနောက် စုဝမ်ယိဘက်သို့ လှည့်ကာ ပြောလိုက်၏။

"ဒီသီချင်းကို မင်းတို့ရဲ့ကြော်ငြာသီချင်းအနေနဲ့ သုံးလို့ရမယ်လို့ထင်လား"

"ရတာပေါ့။ ဒီသီချင်းက ဒီလောက်မိမိုက်နေတာကို"

စုဝမ်ယိ စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။

လိလိကလည်း တက်ကြွစွာဝင်ပြောလေသည်။

"ဆရာယဲ့.. ရှင်က ဂီတနယ်ပယ်ထဲမှာ ပါရမီရှင်စစ်စစ်တစ်ယောက်ပဲ။ ရှင်ရေးခဲ့တဲ့သီချင်းသုံးပုဒ်စလုံးက ရှယ်တွေချည်းပဲ"

ယဲ့ချန်း ခပ်ဖွဖွပြုံးပြလိုက်၏။

"ဟားဟား.. တကယ်တော့ ကျွန်တော်က လူသစ်လေးတစ်ယောက်ပါဗျာ။ ဒီတိုင်းချရေးလိုက်တာပဲရှိတာ"

လူသစ်လေးတဲ့လား? ဒီအတိုင်းချရေးလိုက်သတဲ့လား?

စတူဒီယိုခန်းထဲရှိ လူတချို့မှာ သွေးအန်လုမတတ်ဖြစ်သွားရသည်။

သီချင်းတစ်ပုဒ်ကို ပေါ့ပေါ့ပါးပါးရေးလိုက်သည့်တိုင် ထိုသီချင်းက ရွှေရောင်ဂီတဇယားထဲသို့ ဝင်သွားသည်ဆိုပါလျှင် အခြားသူများက မည်သို့ရှင်သန်နေထိုင်ရမည်နည်း။

အသံသွင်း၍ပြီးစီးသွားသောအခါ စုဝမ်ယိ အလွန်စိတ်တိုင်းကျသွားသည်။

ကုမ္ပဏီသို့ ပြန်သည့်လမ်းတွင် စုဝမ်ယိက အပြုံးတစ်ပွင့်ဆင်မြန်းလျက် ပြောလိုက်သည်။

"ရှင့်ရဲ့ဘဏ်အကောင့်နံပါတ် ကျွန်မကိုပေးလေ။ ကျွန်မ ရှင့်ဆီကို သန်းနှစ်ဆယ်​လွှဲလိုက်မယ်"

"ဟားဟား မလိုပါဘူး။ ငါက ဒီအတိုင်းရေးပေးလိုက်တာပါ"

"ဒါပေမဲ့ ဒီသီချင်းက ကျွန်မတို့အတွက် အ​ရမ်းအရေးကြီးလွန်းတယ်လေ"

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ဒီလိုလုပ်ရင်ရော... အားစိုက်ထုတ်ထားရတာ သိပ်မရှိဘူးဆိုတော့ ပိုက်ဆံကိုမေ့ထားလိုက်။ နောက်မှ ငါ့ကို ကြယ်ငါးပွင့်ရီဗျူးပေးလေ"

"ယဲ့ချန်း ရှင်က ဒီလောက်ချမ်းသာတာကို။ ဘာလို့ တက္ကစီမောင်းနေတာလဲ"

စုဝမ်ယိ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်မိသည်။

"ငါလား? ငါ တက္ကစီ​မောင်းရတဲ့အကြောင်းပြချက်က ရှင်းပါတယ်။ လူအမျိုးမျိုးအဖုံဖုံနဲ့တွေ့ရတယ်လေ။ ဘဝဆိုတာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ခရီးစဉ်တစ်ခုပဲ။ လူတွေအများကြီးနဲ့ ပတ်သက်ဆက်ဆံရင်း ဘဝအကြောင်း နားလည်နိုင်တယ်လေ"

ယဲ့ချန်း၏စကားများက ဇင်ဘာသာအငွေ့အသက်များ ကိန်းအောင်းနေသဖြင့် စုဝမ်ယိခမျာ စိတ်လည်းရှုပ်ထွေးသွားရသလို လေးလည်းလေးစားမိသည်။

စုဝမ်ယိသည် ကားထဲမှထွက်သွားပြီးနောက် ယဲ့ချန်းအား ချက်ချင်းပင် ကြယ်ငါးပွင့်ရီဗျူးပေးလိုက်၏။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ လေးခုမြောက်ကြယ်(၄/၅)ကို ရရှိလိုက်ပါပြီ။ ဆုလာဘ်ကတော့ ကျိုတိုအင်ပါယာမြို့တော်က တော်ဝင်မင်းသားရဲ့အိမ်ရာဝင်းတစ်ခုပါ]

ကျိုတိုမြို့ရှိ တော်ဝင်အိမ်ရာတစ်ခုချင်းစီတိုင်းက အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးလှသည်။

ထို့ပြင် ယဲ့ချန်းရရှိလိုက်သော တော်ဝင်မင်းသားအိမ်ရာဝင်းမှာ သံသယဖြစ်ဖွယ်မရှိလောက်အောင် အံဖွယ်ကောင်းသည်။

ဤဆုလာဘ်မှာ အလွန်တရာတန်ဖိုးကြီးလှသည်။

ယဲ့ချန်းမှာ နောက်သုံးရက်လုံးလုံး တက္ကစီမောင်းခဲ့ပြီး ကြယ်ငါးပွင့်ရီဗျူးများလည်း အမြောက်အများရရှိခဲ့သော်ငြား နောက်ထပ်အဆင့်သတ်မှတ်ချက်ကြယ်ပွင့်ကိုတော့ မဖွင့်နိုင်ခဲ့ပေ။

အဆုံးမှာမူ လဲ့ဟားဟားရေသန့်ကြော်ငြာကို ထုတ်လွှင့်လေပြီ။

ကြော်ငြာသီချင်းကို ပြသလိုက်သည်နှင့် အွန်လိုင်းပေါ်တွင် နောက်တစ်ကြိမ်ဆူညံပွက်လောရိုက်သွားရပြန်သည်။

"ဝိုး.. ဒါက ယဲ့ချန်းရဲ့နောက်ထပ်သီချင်းတစ်ပုဒ်ပဲ ဖြစ်ရမယ်"

"ငါတော့ ချစ်မိနေပြီ။ ဒါက အရမ်းမိုက်တာပဲ"

"ယဲ့ချန်းပီသပါပေတယ်။ သူက အရမ်းအံ့သြဖို့ကောင်းတာပဲ။ ယဲ့ချန်းက သီချင်းရေးတတ်ရုံတင်မကဘဲ အဆိုပါကောင်းလိမ့်မယ်လို့ ငါ ထင်မထားဘူး"

ထိုသီချင်းကို ထုတ်လွှင့်ပြီးနောက် တစ်နာရီအတွင်းမှာပင် ရွှေရောင်ဂီတဇယား၏ ထိပ်ဆုံးဆယ်ပုဒ်စာရင်းသို့ ဝင်သွားခဲ့သည်။ နေ့လယ်ပိုင်းတွင်မူ တတိယနေရာသို့ ရောက်သွား၏။

ဟွားနိုင်ငံရှိ ရွှေရောင်ဂီတဇယား၏ထိပ်ဆုံးသီချင်းဆယ်ပုဒ်တွင် "သတ္တိ"က ပထမနေရာရထားပြီး "ငါရဲ့အချစ် မင်းပါ"က တတိယနေရာ၌ရှိကာ "ချစ်မေတ္တာ"က ရှစ်ခုမြောက်တွင် ရှိပေသည်။

ရွှေရောင်ဂီတဇယား၏ ထိပ်ဆုံးဆယ်ပုဒ်ထဲမှ သုံးပုဒ်ကို ယဲ့ချန်းရေးခဲ့ခြင်းပင်။ ဤအဖြစ်မျိုးမှာ ဟွားနိုင်ငံ၏ဂီတနယ်ပယ်ထဲတွင် ပထမဆုံးဖြစ်ရပ်ပင်။

ယဲ့ချန်း ကားမောင်း၍ပြီးစီးသွားချိန်မှာပင် သူ့ဖုန်းက ထမြည်လာသည်။ ဖုန်းကိုင်လိုက်သောအခါ ယန်းမီမီရဲ့အသံက ဖုန်းတစ်ဖက်မှ ထွက်လာသည်။

"ယဲ့ချန်း.. ကျွန်မ အခုမှသတင်းရလို့။ မနက်ဖြန်ကျရင် ကျိုတိုမှာ ရွှေတေးသံဆုပေးပွဲအခမ်းအနားတစ်ခုရှိတယ်။ ရှင့်ရဲ့ "သတ္တိ"နဲ့ "ငါရဲ့အချစ်က မင်းပါ"ဆိုတဲ့သီချင်းတွေက ရေပန်းအစားဆုံးဆုနဲ့ "ချစ်မေတ္တာ"သီချင်းက အကောင်းဆုံးစာသားနဲ့သီချင်းဆုကို ရထားတယ်။ ဆုပေးပွဲကို ကျွန်မနဲ့အတူလိုက်ခဲ့လေ"

ဆုပေးပွဲအခမ်းအနား တက်ရမတဲ့လား။

တကယ်တမ်းတော့ ယဲ့ချန်းက ထိုသီချင်းများကို ပေါ့ပေါ့ပါးပါးရေးခဲ့ခြင်းဖြစ်သောကြောင့် လွယ်လင့်တကူ ဆုရလိမ့်မည်ဟု ထင်မထားပေ။

ယခုလေးတင် တော်ဝင်မင်းသားအိမ်ရာဝင်းကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ယဲ့ချန်းလည်း တော်ဝင်မြို့ရှိ သူ့ခြံဝင်းက ဘယ်လိုပုံစံဖြစ်လေမလဲဆိုသည်ကို သိချင်သောကြောင့် သဘောတူလိုက်သည်။

"​ကောင်းပြီ။ မနက်ဖြန်မနက်ကျရင် ကျွန်မမိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့သွားရမှာ။ ရှင် ကျွန်မကိုလာခေါ်လိုက်လေ"

နောက်တစ်နေ့တွင် ယဲ့ချန်း သူ့ကားကို ယန်းမီမီ၏အိမ်ရှေ့၌ ထိုးရပ်လိုက်သည်။

ယန်းမီမီက ကားထဲသို့ဝင်လာပြီးနောက် စကားစလာလေသည်။

"ဒီတစ်ခေါက် ကျွန်မတို့ကုမ္ပဏီက အနုပညာရှင်တွေလည်း သွားကြမှာ။ တိုက်ဆိုင်ချင်တော့ ကျွန်မတို့က ကျွန်မတို့ဘော့စ်သူငယ်ချင်းရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ သွားလို့ရတယ်"

"ငါက မင်းတို့ကုမ္ပဏီကမဟုတ်ဘူးလေ။ ငါ အဲဒီလေယာဉ်နဲ့လိုက်လို့ သင့်တော်ပါ့မလား"

ယဲ့ချန်း မေးလိုက်မိသည်။

"ဘာလို့မရရမှာလဲ။ အဲဒါက ကိုယ်ပိုင်ဂျက်လေယာဉ်လေ။ ရှင်တစ်ယောက်ပိုလာတာနဲ့ ဘာမှမဖြစ်သွားပါဘူး"

ယဲ့ချန်းက ထိုစကားကိုကြားအပြီး သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

လေဆိပ်တွင် ကားကိုပါကင်ထိုးပြီးနောက် သူတို့နှစ်ယောက်သား စောင့်ဆိုင်းရေးဧရိယာသို့ ထွက်ခွာလာခဲ့ကြသည်။

လှပချောမောလှသော သရုပ်ဆောင်များအကြား ဝတ်စုံပြည့်ဝတ်ဆင်​ထားသော လူငယ်အမျိုးသားတစ်ယောက်က ယုံကြည်မှုရှိရှိ စကားပြောနေလေသည်။

"ချန်းထောင်?"

ယန်းမီမီလည်း အံ့သြမှင်တက်သွားရသည်။

ယန်းမီမီကိုယ်တိုင်လည်း တစ်ဖက်လူက သူ(မ)ဘော့စ်၏မိတ်ဆွေဟုသာ သိထားသည်။ ချန်းထောင်ဖြစ်ကြောင်း လုံးဝမသိချေ။

ချန်းထောင်ကလည်း ယန်းမီမီဘေးရှိ ယဲ့ချန်းကို သတိထားမိလိုက်ချိန်ဝယ် သူ့မျက်ဝန်းများကို အနည်းငယ်မှေးကျဉ်းလိုက်မိသည်။

"မီမီ..လေယာဉ်ကထွက်တော့မှာ။ ဘာလို့ အခုမှရောက်လာတာလဲ"

ယန်းမီမီခမျာ နေရခက်နေဟန်ဖြင့် ပြောလိုက်သည်။

"မစ္စတာချန်း..ကျွန်မမိတ်ဆွေလည်း ကျိုတိုကိုသွားရမှာမို့။ သူရော ရှင့်လေယာဉ်နဲ့လိုက်လို့ရမလား"

ချန်းထောင်က လှောင်ရိပ်သမ်းသော အပြုံးတစ်ခုနှင့်အတူ ယဲ့ချန်းကို ကြည့်လိုက်သည်။

"ရတာပေါ့"

ယန်းမီမီ သက်မချလိုက်မိသည်။

ချန်းထောင်က သူ(မ)ထင်ထားသလောက်လည်း သဘောထားမသေးနုပ်ဟန်ပင်။ သူ(မ) အတွေးလွန်နေပုံရသည်။

ထိုအချိန်တွင် သရုပ်ဆောင်အမြောက်အများကလည်း ယဲ့ချန်းကို စပ်စပ်စုစုကြည့်နေကြသည်။

မိန်းမလှလေးတစ်ယောက်ဆိုလျှင် ယဲ့ချန်းနားသို့လျှောက်လာပြီး ​စကားဆိုချေသည်။

"ရှင်က ၁၀ဘီလျံလှူခဲ့တဲ့ ပါရမီရှင်ယဲ့ချန်းမလား"

"မင်းက?"

ယဲ့ချန်း အံ့အားသင့်သွားရသည်။

ထိုမိန်းကလေးက နေကာမျက်မှန်ကို ချွတ်လိုက်လေတော့သည်။

"ကျွန်မနာမည်က သုန်းရှောင်ယာပါ"

••••••••••••

All Chapters