ငွေရှိရင် အရာရာပြီးတယ်
Vol. 2 Ch. 23
"ဘုရားရေ.. သူက ၁၀ဘီလျံလှူခဲ့တဲ့ ဒဏ္ဍာရီလာလူကုံထံယဲ့ချန်းပဲ"
"အရမ်းချောတာပဲ"
"အခု သူက မိန်းကလေးတိုင်းရဲ့နှလုံးသားထဲက ပြည်သူ့ခင်ပွန်းဖြစ်နေပြီ"
…
ချန်းထောင်အနားတွင် ဝိုင်းနေခဲ့သော အလှပဂေးတစ်သိုက်က ယခုတော့ ယဲ့ချန်းနားမှာ ဝိုင်းအုံနေကြလေပြီ။
သုန်းရှောင်ယာမှာ ဟွားနိုင်ငံရှိ နတ်ဘုရားမတစ်ပါး၊ ထိပ်တန်းရုပ်ရှင်မင်းသမီးတစ်လက်နှင့် တီဗီစတားတစ်ဦးဖြစ်၏။
ယဲ့ချန်းလည်း သူ(မ)ကို တကယ်သဘောကျခဲ့သည်။ ယခင်ကသာဆိုပါက သူ့အိုင်ဒေါလ်နှင့်တွေ့ရသည့်အတွက် သူ အလွန်စိတ်လှုပ်ရှားမိမည်သာ။
သို့သော် ယခုမူ...
ယဲ့ချန်းမှာ ယခင်ကကဲ့သို့ ဆင်းရဲသားတစ်ယောက်မဟုတ်တော့ပေ။
"နတ်ဘုရားမသုန်း.. ခင်ဗျားက တီဗီထဲကထက် အပြင်မှာ ပိုလှတယ်နော်"
ယဲ့ချန်း နောက်ပြောင်လိုက်သည်။
သုန်းရှောင်ယာက ပြုံးလျက် ဆိုလာလေသည်။
"မစ္စတာယဲ့က ပါရမီပြည့်စုံရုံတင်မကဘဲ မိန်းကလေးတွေကို ဆွဲဆောင်တဲ့နေရာမှာပါ တော်လိမ့်မယ်လို့ ကျွန်မထင်မထားဘူး"
"ဟားဟား.. မိန်းကလေးသုန်းက ကျွန်တော့်ကိုသိလိမ့်မယ်လို့ ထင်မထားလို့ပါဗျာ"
"ကျွန်မ ရှင့်သီချင်းတွေအကုန်လုံးကို သဘောကျတယ်။ အထူးသဖြင့် "သတ္တိ"နဲ့ "ငါရဲ့အချစ်ဟာ မင်း"ဆိုတဲ့သီချင်းတွေလေ။ ကျွန်မ ထပ်ခါထပ်ခါကိုနားထောင်တာ"
"တကယ်လား။ ဒါဆို ဂုဏ်ယူမိပါတယ်!"
ချန်းထောင်၏မျက်နှာကတော့ ပျက်ယွင်းသွားလေသည်။
ယဲ့ချန်းတွင် ရောက်လာသည်နှင့် သူ့ပတ်ပတ်လည်ရှိ မိန်းကလေးများကို ဆွဲဆောင်နိုင်သော အရှိန်အဝါတစ်မျိုး ရှိဟန်တူသည်။
လိဖေးဖေးက ရုတ်တရက်ပင် တအံ့တသြရေရွတ်လိုက်မိ၏။
"ဝိုး.. အဲဒီဂျက်လေယာဉ်ကြီးက အရမ်းလှတာပဲ။ အဲဒါ မစ္စတာချန်းရဲ့လေယာဉ်မလား"
ချန်းထောင်လည်း ထိုလေယာဉ်ကို လှည့်ကြည့်လိုက်ပြီးနောက် အနည်းငယ်ရှက်သွားရသည်။
"ကျွန်တော့်ဟာက အဲဒါမဟုတ်ဘူး။ ကျွန်တော့်ဟာက ပိုသေးတဲ့လေယာဉ်လေ။
ဒါက Gulfstream G550... ထိပ်တန်းနိုင်ငံတကာခရီးရှည်ဂျက်လေယာဉ်အမျိုးအစားထဲက တစ်ခုပေါ့။ သတ်မှတ်နှုန်းကီလိုမီတာ၁၁၆၈၆သွားလာနိုင်ပြီး အမြင့်ဆုံးပျံသန်းမှုအမြင့်ကတော့ ၁၅၅၄၅မီတာရှိတယ်။
ဒီဂျက်လေယာဉ်က ခရီးသည်၁၈ယောက်ကို သယ်ဆောင်နိုင်ပြီး သတ်မှတ်အကွာအဝေးအရှည်ဆုံး၊ စွမ်းဆောင်ရည်အကောင်းဆုံးနဲ့ နေရာအကျယ်ဆုံးပဲ။ ပြီးတော့ သက်သောင့်သက်သာရှိတဲ့ ဇိမ်ခံဂျက်လေယာဉ်တစ်စီးဆိုလည်း မမှားဘူး။
ဥပမာ ဟွားနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ် မစ္စတာမားနဲ့ မစ္စတာဝမ်တို့ရဲ့ဂျက်လေယာဉ်ကလည်း ဒီမော်ဒယ်ထဲကပဲ"
"အာ..ကျွန်မသာ ဒီလိုလေယာဉ်ထဲ တစ်ခါလောက်ထိုင်ခွင့်ရမယ်ဆိုရင် အရမ်းအံ့သြဖို့ကောင်းမှာပဲ"
လိဖေးဖေး သက်ပြင်းချလိုက်မိသည်။
ချန်းထောင် သက်ပြင်းချလိုက်မိသည်။ ဤလေယာဉ်မှာ အလွန်တန်ဖိုးကြီးလှ၏။ ဒိတ်ဒိတ်ကြဲသူဌေးများကလွဲ၍ သာမန်လူများ ဝယ်မစီးနိုင်ပေ။
ယဲ့ချန်းကမူ ပြုံးလျက် ပြောလိုက်သည်။
"မစ္စတာချန်းက ဒီလောက်အထိ ဗဟုသုတကြွယ်လိမ့်မယ်လို့ ထင်မထားဘူး"
ချန်းထောင် ယဲ့ချန်းကိုလှမ်းကြည့်လိုက်သည်။
ပြီးခဲ့သည့်တစ်ခေါက် ပရဟိတပွဲတုန်းက ယဲ့ချန်းသည် သူ့အား အရှက်ခွဲခဲ့လေသည်။ ထို့ကြောင့် ယဲ့ချန်းအပေါ် သူ ရန်ငြိုးထားခဲ့သည်။
ယခုမူ ဤလူက သူ့အား ချီးကျူးနေပေသည်။ တစ်ခုခုထူးဆန်းနေသလို ခံစားမိသည်။
လိဖေးဖေးက ဝင်ပြောလိုက်သည်။
"မစ္စတာချန်းက ဇိမ်ခံကားတွေနဲ့လေယာဉ်တွေအကြောင်း တော်တော်သိတယ်နော်။ မစ္စတာချန်းရဲ့လေယာဉ်ကလည်း တော်တော်သားနားလိမ့်မယ်လို့ ကျွန်မထင်တယ်"
ချန်းထောင် သက်ပြင်းတချချလုပ်မိသည်။
"ကျွန်တော့်လေယာဉ်က ဒီG550ထက် နိမ့်တယ်။ အဆင့်ချင်းမတူဘူး"
သုန်းရှောင်ယာမှာ လေယာဉ်အမှတ် ယခ၁၈၁၈ကို လှမ်းကြည့်လိုက်၏။
ယဲ့ချန်း အောင်မြင်ပါစေ!
ဒါက တိုက်ဆိုင်မှုသက်သက်များလား!
သုန်းရှောင်ယာ တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ရုတ်တရက်ကြီး ယဲ့ချန်းကိုကြည့်နေမိသည်။
ဤလေယာဉ်က ယဲ့ချန်းအပိုင်များလား?
ချန်းထောင်ကတော့ ညည်းနေဆဲသာ။
"ဘယ်ဒိတ်ဒိတ်ကြဲသူဌေးကများ ခရီးထွက်မလို့ပဲမသိဘူး။ ကျွန်တော့်အိပ်မက်က တစ်နေ့နေ့ကျရင် အဲဒီလိုလေယာဉ်ပေါ်မှာ ထိုင်ရဖို့လေ"
လိဖေးဖေးက ဖော်လံဖားတစ်ယောက်နှယ် ပြောလိုက်သည်။
"မစ္စတာချန်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးပိုင်တယ်ဆိုတာနဲ့တင် ချီးကျူးချင်စရာကောင်းနေပါပြီ။ ရှင့်လေယာဉ်က အဲဒီလေယာဉ်နဲ့ အဆင့်ချင်းမတူရုံလေးပါ"
ချန်းထောင်လည်း ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။
"ဒါပေမဲ့ ဆယ်နှစ်မပြည့်ခင်မှာတင် ကျွန်တော် G550တစ်စီးလောက် ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ယုံတယ်"
လိဖေးဖေး ထောက်ခံလိုက်ပြန်သည်။
"ကျွန်မလည်းယုံတယ်။ အဲဒီအချိန်ကျရင် အဲဒီလေယာဉ်ကိုစီးဖို့ ရှင် ကျွန်မကိုဖိတ်ရမယ်နော်!"
ထွက်ခွာရန်ဆယ်မိနစ်အလို၌ ချန်းထောင်က ရုတ်တရက်ကြီး တစ်စုံတစ်ခုကိုသတိရလိုက်မိသည်။
"ဟေး မစ္စတာယဲ့..ကျွန်တော် အခုမှသတိရတယ်။ ခင်ဗျား ကျွန်တော့်လေယာဉ်နဲ့ လိုက်လို့မရလောက်ဘူး။ ကျွန်တော့်ခွေးအတွက် ထိုင်ခုံတစ်ခုံကြိုဦးထားလို့ဗျ။ တကယ်တောင်းပန်ပါတယ်။ ကျွန်တော်မေ့သွားလို့"
ချန်းထောင်က ရုတ်တရက်အမှတ်ရလိုက်သလို ဟန်ဆောင်နေသော်ငြား တကယ်တမ်းမှာတော့ ကြိုတင်ကြံရွယ်ထားခြင်းပင်။ သူသည် ယဲ့ချန်းကို အရှက်ခွဲချင်ရုံသက်သက်သာ။
"ချန်းထောင် ရှင် ဘယ်လိုလုပ်လိုက်တာလဲ။ ရှင် မခေါ်နိုင်ဘူးဆိုရင်လည်း ဘာလို့ စောစောကကြိုမပြောတာလဲ"
ယန်းမီမီက စောဒကတက်လိုက်လေသည်။
"ကျွန်တော် တကယ်တောင်းပန်ပါတယ်။ မေ့သွားလို့ပါ။ ကျွန်တော် ခင်ဗျားကို လက်မှတ်တစ်စောင်ဝယ်ပေးမယ်ဆိုရင်ရော"
ချန်းထောင်တစ်ယောက် လေလုံးထွားနေပုံကိုမြင်သောအခါ သုန်းရှောင်ယာလည်း သူ့ကို သနားနေသလို အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်လေသည်။
ထိုG550ကို ယဲ့ချန်းပိုင်သည်ဟု သူ(မ) ခံစားမိသည်။
အစောကပင် ယဲ့ထောင်က ထိုလေယာဉ်ကို အကြီးအကျယ်ချီးမွမ်းပြပြီး နောင်ဆယ်နှစ်အကြာဖြည့်ဆည်းရမဲ့ သူ့အိပ်မက်ဟုပင် ပြောလိုက်သေးသည်။
ယဲ့ချန်းကသာ ထိုလေယာဉ်ကို ပိုင်ထားပြီးဖြစ်ကြောင်း သိလိုက်ရလျှင် သူ ဘယ်လိုခံစားရလေမလဲ။
ထိုအချိန်တွင် လေယာဉ်မယ်တစ်ယောက်က အနားသို့ လျှောက်လာလေသည်။
ဂုဏ်ယူဝင့်ကြွားနေသောမျက်နှာဖြင့် ချန်းထောင်ကလည်း ပြောလိုက်၏။
"တောင်းပန်ပါတယ် ယဲ့ချန်း.. ငါတို့ အရင်သွားတော့မယ်။ မင်းဘာသာဖြေရှင်းလိုက်တော့"
လေယာဉ်မယ်က ချန်းထောင်ကို တစ်ချက်ပင်မကြည့်ဘဲ ယဲ့ချန်းအား ပြောလိုက်၏။
"မစ္စတာယဲ့ ရှင့်ရဲ့G550လေယာဉ်က ထွက်ခွာဖို့ အသင့်ဖြစ်နေပါပြီ။ ကျေးဇူးပြုပြီး တက်ပေးပါ"
"ဘာ? အဲဒီG550က ယဲ့ချန်းလေယာဉ်လား"
ချက်ချင်းဆိုသလိုပင် ကျီကျီကျာကျာပြောဆိုနေသော မိန်းကလေးများမှာ တိတ်ဆိတ်သွားလေတော့သည်။
ဤသတင်းကို ကြားလိုက်ရသောအခါ ချန်းထောင်၏အမူအရာလည်း လုံးဝပျက်ယွင်းသွားရသည်။
အစောတုန်းက သူ ယဲ့ချန်းကို အရှက်ကွဲအောင်လုပ်ချင်သောကြောင့် G550အကြောင်း အကြာကြီးချီးမွမ်းနေခဲ့သည်။
ဖြစ်ချင်တော့ ထိုလေယာဉ်က ယဲ့ချန်း၏လေယာဉ်ဖြစ်နေသည်။
ချန်းထောင်ခမျာ သူ့ကိုယ်သူ ငတုံးတစ်ယောက်နှယ် ခံစားလိုက်ရသည်။
အဆုံးမှာတော့ ယဲ့ချန်း သူ့အား ဘာကြောင့်ချီးကျူးခဲ့သလဲဆိုသည်ကို နားလည်လိုက်ရလေပြီ။
သိပ်ဗဟုသုတကြွယ်တာပဲတဲ့လား?
ယဲ့ချန်းက သူ့အား အပြောသာရှိပြီး တကယ်တော့်လုပ်မပြနိုင်ကြောင်း လှောင်ပြောင်နေခြင်းသာ။
ချန်းထောင် ယဲ့ချန်းကို အငြိုးတကြီးစိုက်ကြည့်ကာ လက်သီးတင်းတင်းဆုပ်ထားမိသည်။
သို့သော် Gulfstream G550ကို ကြည့်လိုက်ပြီးနောက် သူ သက်ပြင်းချကာ လက်သီးဆုပ်ကို ပြန်ဖြေလိုက်သည်။
မည်သို့ပင်ဖြစ်စေ ယဲ့ချန်းက တစ်ချီတည်းနှင့် ၁၀ဘီလျံကိုလှူနိုင်ခဲ့ပြီး G550ကိုပါ ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ့နောက်ခံက နယ်နယ်ရရမဟုတ်နိုင်ပေ။
ယဲ့ချန်းနှင့်သူက တစ်ဆင့်တည်းမဟုတ်ဘူးဟုပင် သူ ခံစားနေရသည်။
လိဖေးဖေးကတော့ အလန့်တကြားဖြင့် သူ(မ)၏ပါးစပ်ကို အုပ်ကာထားလိုက်မိသည်။
"ယဲ့ချန်း ဒါဆို အဲဒီG550က ရှင့်ဟာပေါ့"
"ဟုတ်သားပဲ လေယာဉ်နံပါတ်ကိုကြည့်လေ။ ယခ၁၈၁၈တဲ့။ အဲဒါက ယဲ့ချန်း အောင်မြင်ပါစေလို့ ပြောထားတာမဟုတ်လား။ ရှင်က ဒဏ္ဍာရီလာသူဌေးတစ်ယောက်လို့ ထင်မထားဘူး"
လိဖေးဖေး၏စကားများကို နားထောင်ပြီးနောက် မိန်းကလေးတော်တော်များများက ယဲ့ချန်းအား ရဲရဲတောက်မျက်ဝန်းများဖြင့် ကြည့်လိုက်ကြသည်။
ယန်းမီမီလည်း အံ့သြသွားရသည်။ ယဲ့ချန်းတွင် ဤမျှအံ့ဖွယ်ကောင်းသော ကိုယ်ပိုင်လေယာဉ်မျိုးရှိနေလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားပေ။
ယဲ့ချန်းကိုကြည့်သော မိန်းကလေးများ၏အကြည့်က ပြောင်းလဲသွားလေပြီ။
ယဲ့ချန်းကမူ ပြုံးလျက်သာ ပြောလိုက်၏။
"ကျွန်တော့်လေယာဉ်က ထွက်တော့မှာမို့ ကျွန်တော်နဲ့လိုက်ချင်တဲ့လူတွေက လေယာဉ်ပေါ်တက်ပေးကြပါ"
"ကျွန်မ ရှင့်လေယာဉ်နဲ့လိုက်မယ်!"
သုန်းရှောင်ယာက ဆိုလာလေသည်။
ယန်းမီမီလည်း ဝင်ပြောသည်။
"ကျွန်မလည်း ရှင့်လေယာဉ်နဲ့ပဲလိုက်မယ်"
အခြားမိန်းကလေးများကလည်း ယဲ့ချန်း၏လေယာဉ်ကိုသာစီးဖို့ ခပ်မြန်မြန်ဆုံးဖြတ်ချက်ချလိုက်သည်။
အဆုံးမှာတော့ လိဖေးဖေးတစ်ယောက်သာ ကျန်တော့သည်။ သူ(မ)မှာ ချန်းထောင်ကိုတစ်လှည့် G550ကိုတစ်လှည့် ကြည့်ပြီးနောက် ပြောလိုက်၏။
"ဒါဆို ကျွန်မ ယဲ့ချန်းရဲ့လေယာဉ်ကို စီးလိုက်မယ်"
အစကတော့ ချန်းထောင်မှာ ဤအနုပညာရှင်လေးများ၏ရှေ့တွင် သူ့လေယာဉ်ကို ကြွားလုံးထုတ်ချင်ခဲ့သော်လည်း အဆုံးမှာတော့ သူတစ်ယောက်တည်းစာ ကျန်ခဲ့ရသည်။
ဘယ်သူမှ သူနှင့်အတူမလိုက်တော့ပါက ဘာများပျော်စရာကောင်းမည်နည်း။
ချန်းထောင် စကားပြောတော့မည့်အချိန်မှာပင် ယဲ့ချန်းက ပြန်ပြောလိုက်၏။
"တောင်းပန်ပါတယ်။ ခင်ဗျားရဲ့လေယာဉ်ပေါ်မှာ ခင်ဗျားခွေးကို တင်သွားလို့ရသေးတယ်လေ။ ကျွန်တော်ကတော့ ခွေးမချစ်တတ်ဘူး"
"မင်း..."
ချန်းထောင်ခမျာ ပါးစပ်အဟောင်းသားဖြင့် ယဲ့ချန်းတစ်ယောက် လေယာဉ်ပေါ်သို့ အလှလေးများနှင့်အတူ တက်သွားသည့်မြင်ကွင်းကိုကြည့်ရင်း ဒေါသကြောင့် အံတင်းတင်းကြိတ်ထားမိသည်။
ထို့နောက် လေယာဉ်မယ်ဘက်သို့ ဒေါသတကြီးလှည့်ကြည့်လိုက်၏။
"ငါ့လေယာဉ်က ဘယ်တော့ထွက်ခွာရမှာလဲ"
လေယာဉ်မယ်လေးကလည်း အပြုံးတစ်ပွင့်နှင့်အတူ ပြောလေသည်။
"မစ္စတာချန်း ယာဉ်ကြောကန့်သတ်ချက်ကြောင့် ရှင့်လေယာဉ်က နောက်နှစ်နာရီလောက်ကြာတဲ့အထိ ပျံလို့မသေးပါဘူး"
"ဘာလို့လဲ။ ငါက ယဲ့ချန်းရှေ့မှာ တန်းစီထားတယ်ဆိုတာ သိသာနေတာကို"
ချန်းထောင်လည်း ဒေါသတကြီးပြောလိုက်မိသည်။
"မစ္စတာချန်း... ယဲ့ချန်းဆိုတာ ကျွန်မတို့လေကြောင်းလိုင်းရဲ့ဘလက်ကတ်ပိုင်ရှင်ပါ။ အထူးခံစားခွင့်တွေရှိပါတယ်"
"ငါ..."
ယဲ့ချန်း၏လေယာဉ် ပျံတက်သွားသည်ကိုကြည့်ရင်း ချန်းထောင်လည်း သူ့ထိုင်ခုံပေါ်သို့ ပစ်ထိုင်ချလိုက်၏။
ထိုအချိန်မှာပင် ငွေရှိလျှင် အရာရာပြီးသည်ဟူသော အဓိပ္ပာယ်ကို သူ သေချာနားလည်လိုက်ရသည်။
•••••••••••••••