← Chapters

အောင်နိုင်သူ

Vol. 2 Ch. 24

အောင်နိုင်သူ

Vol. 2 Ch. 24

လေယာဉ်ဆင်းသက်ချိန်ဝယ် မိန်းကလေးများမှာ အလွန်စိတ်လှုပ်ရှားနေကြသည်။

"G550က တစ်ခုခုတော့ တစ်ခုခုပဲ။ အဲဒီပေါ်မှာထိုင်နေရတာ ဘာမှတောင်မခံစားမိဘူး"

"ဟုတ်တယ်။ အရမ်းသက်သောင့်သက်သာရှိတာပဲ"

ထိုမိန်းကလေးများအားလုံး ပျော်ရွှင်နေကြလေသည်။

လေယာဉ်ပေါ်မှ ဆင်းပြီးနောက် ယဲ့ချန်းနှင့် အလှပဂေးလေးများလည်း လေဆိပ်ထဲမှ ထွက်လာခဲ့လိုက်ကြသည်။

ခြေတံရှည်အမျိုးသမီးငါးယောက်နှင့်အတူ ရောက်ချလာသော ခန့်ညားချောမောသည့် ယောကျ်ားတစ်ယောက်ကား လေဆိပ်တွင် အလွန်မျက်စိပသာဒဖြစ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေလေသည်။

ယဲ့ချန်း လေယာဉ်ပေါ်မှ ဆင်းလာပြီးနောက် ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က သူ့အား ကားသော့တစ်ခုပေးလာလေသည်။

"မစ္စတာယဲ့.. Porscheကားကို လေဆိပ်ကားပါကင်မှာ ထိုးထားပါတယ်"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးပဲ"

"မိန်းကလေးတို့ လိုက်စီးဦးမလား"

ယဲ့ချန်း ပြုံးပြုံးလေး မေးလိုက်၏။

ယန်းမီမီက စိတ်ရှုပ်ထွေးနေဟန်အထင်းသားဖြင့် မေးလိုက်လေသည်။

"ရှင်က ကျိုတိုမှာလည်း ကားတစ်စီးရှိတာပဲလား"

"ဒါပေါ့။ ကားတင်မကဘူး။ အိမ်တစ်လုံးလည်းရှိတယ်"

ယဲ့ချန်း ပြုံးလျက်သာ ပြန်ဖြေလိုက်သည်။

သုန်းရှောင်ယာ၏နာနီကားကလည်း အပေါက်ဝကို ရောက်နေပြီဖြစ်သော်ငြား သူ(မ) မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ ပြုံးလိုက်သည်။

"ကျွန်မလည်း လိုက်စီးချင်တယ်"

ယဲ့ချန်းက ပြောလိုက်သည်။

"ဒီလိုလုပ်ရင်ရော.. ကျွန်တော့်အိမ်က တော်တော်ကျယ်ပါတယ်။ စိတ်မရှိရင် ကျွန်တော့်ဆီမှာ လာတည်းလို့ရတယ်လေ"

"တကယ်လား"

ယန်းမီမီနှင့် သုန်းရှောင်ယာတို့ တစ်ပြိုင်တည်းရေရွတ်လိုက်မိသည်။

ယဲ့ချန်းကလည်း အပြုံးတစ်ပွင့်ဆင်မြန်းလျက် တော်ဝင်မြို့တော်နားရှိ တော်ဝင်မင်းသားစံအိမ်တော်သို့ တန်းတန်းမတ်မတ်မောင်းလာခဲ့လိုက်တော့သည်။

ယဲ့ချန်း၏ကားက အိမ်ရာဝင်း၏ ဝင်ပေါက်၌ ရပ်လိုက်သောအခါ သုန်းရှောင်ယာနှင့် ယန်းမီမီတို့ ကြက်သေသေသွားရသည်။

"ယဲ့ချန်း.. ရှင် လိပ်စာမှားနေတာလား။ ဒါက နိုင်ငံခြားခရီးသွားတွေ လည်ပတ်တဲ့နေရာတစ်ခုလေ"

"မမှားပါဘူး။ ဒါက ကျိုတိုမှာရှိတဲ့ ငါ့အိမ်ပဲ"

"ဟင်? ရှင့်အိမ်က တော်ဝင်မင်းသားရဲ့စံအိမ်လား?"

သုန်းရှောင်ယာနှင့် ယန်းမီမီတို့ခမျာ အငေးသားဖြစ်သွားရသည်။

"အင်း..အိမ်က နည်းနည်းတော့ဟောင်းနေပေမဲ့ အဆင်ပြေမှာပါ"

"ဘာရယ်.. တော်ဝင်မင်းသားရဲ့စံအိမ်တော်မှာနေရတာက အဆင်ပြေရုံပဲတဲ့လား။ ဒါက အရမ်းခမ်းနားလွန်းအားကြီးတယ်လို့"

ယဲ့ချန်း ဝင်ပေါက်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် အိမ်တော်ထိန်းအိုကြီးက သူ့အား ထွက်ကြိုလေသည်။

"သခင်လေးယဲ့..နောက်ဆုံးတော့ ရောက်လာပြီပေါ့။ သခင်လေးအတွက် အိမ်ကို ရှင်းလင်းထားပါတယ်"

"ကျွန်တော် ကောင်မလေးနှစ်ယောက်ကိုလည်း ခေါ်လာခဲ့တယ်။ သူတို့လည်း ဒီမှာပဲတည်းလိမ့်မယ်"

ယဲ့ချန်းက ပြုံးပြလျက် ပြောလိုက်၏။

"ကောင်းပါပြီ။ ကျွန်တော် သူတို့အခန်းတွေကိုလည်း သန့်ရှင်းရေးလုပ်ထားပါတယ်"

မည်သို့ပင်ဖြစ်စေ စံအိမ်တော်ကြီးက အလွန်ဗလာကျင်းနေသည်ဖြစ်ရာ ယန်းမီမီနှင့် သုန်းရှောင်ယာတို့ကို တစ်ခန်းတည်းမှာပင် နေရာချထားပေးလိုက်သည်။

ယဲ့ချန်းကတော့ သူ့အခန်းထဲကိုဝင်သွားလိုက်သည်။ ထိုအခန်းကား သန့်ရှင်းသပ်ရပ်နေပြီး ပြင်းထန်လှသော စန္ဒကူးရနံ့ကလည်း အလွန်စိတ်သက်သာရာရစေသည်။

သူ့ခရီးဆောင်အိတ်ကို ရှင်းလင်းပြီးနောက် ယဲ့ချန်းလည်း ယန်းမီမီနှင့် သုန်းရှောင်ယာတို့ကို တော်ဝင်မင်းသားစံအိမ်တော်တစ်ဝိုက် လိုက်လံပြသလိုက်သည်။ ယဲ့ချန်းကိုယ်တိုင်ပင် သူ့အိမ်တော်က ဤမျှကြီးမားလိမ့်မည်ဟု ထင်မထားချေ။ လိုက်လံပြသမှုမှာ နာရီဝက်ပင် ကြာလိုက်သည်။

သုန်းရှောင်ယာနှင့် ယန်းမီမီတို့ခမျာ ထိတ်လန့်သွားကြသည်။

"ယဲ့ချန်း.. ရှင်က မင်းသားတစ်ပါးပါးရဲ့ဆက်ခံသူများလား"

"ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ ငါက တရုတ်လူမျိုးစစ်စစ်လေ"

ယဲ့ချန်း ပြုံးရင်း ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ရှင့်မှာ ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးတဲ့စံအိမ်ကြီးတစ်လုံးရှိရတာလဲ"

"တော်ဝင်မြို့တော်ထဲက အိမ်ရာဝင်းတွေက အရမ်းတန်ဖိုးကြီးတာလို့ ကျွန်မကြားဖူးတယ်။ ရှင့်မှာ ဒီလောက်ကြီးတဲ့စံအိမ်ကြီးတစ်လုံး တကယ်ရှိနေတာပဲ။ အထင်ကြီးဖို့ကောင်းလိုက်တာနော်"

ယဲ့ချန်းကိုယ်တိုင်ပင် စနစ်က ဤမျှကြီးမားသောလက်ဆောင်တစ်ခုကို သူ့အား ပေးလာလိမ့်မည်ဟု မျှော်လင့်မထားချေ။

ဤတော်ဝင်မင်းသားစံအိမ်တော်၏ တန်ဖိုးမှာ ငွေကြေးအားဖြင့် တိုင်းတာရန် ခက်ခဲလှသည်။

နောက်တစ်နေ့တွင် ယန်းမီမီနှင့် သုန်းရှောင်ယာတို့တွင် အလုပ်ကိစ္စများရှိသေးသဖြင့် ယဲ့ချန်းတစ်ယောက်တည်းသာ ကျိုတိုတစ်ခွင် လှည့်ပတ်သွားလာခဲ့ရသည်။ တားမြစ်မြို့တော်နှင့် နွေနန်းတော်ကိုလည်း သွားလည်ခဲ့ပြီး အလွန်ပျော်ခဲ့ရသည်။

ညရှစ်နာရီတွင်မူ ဟွားနိုင်ငံ၏ ရွှေတေးသံဆုပေးပွဲအခမ်းအနား စတင်လေတော့သည်။

ယဲ့ချန်းကလည်း ဖိတ်ကြားခံထားရသော ဧည့်သည်တော်တစ်ယောက်အနေနှင့် ယန်းမီမီနှင့်အတူ ပွဲတက်ခဲ့သည်။

ကော်ဇောနီထက်တွင် လမ်းလျှောက်ကာ လက်မှတ်ထိုးရခြင်းမှာ ယဲ့ချန်းအတွက်တော့ ပထမဆုံးအကြိမ်ပင်။

ဤရွှေတေးသံဆုပေးပွဲအခမ်းအနားတွင် တရုတ်နိုင်ငံဂီတနယ်ပယ်ထဲမှ Aအဆင့်အနုပညာရှင်များဖြင့် ပြည့်နှက်နေသည်။ ယဲ့ချန်းတစ်ယောက်တည်းကသာ ထူးခြားနေခြင်းပင်။

ဧည့်သည်များကို နေရာချထားပေးပြီးနောက် ခန်းမထဲရှိ မီးအလင်းရောင်များမှာ ရှစ်နာရီတိတိတွင် မှိန်ကျသွားချေသည်။ ဆူညံသံများလည်း ချက်ချင်းပင် တိတ်ကျသွားခဲ့သည်။

အစီအစဉ်တင်ဆက်သူဖြစ်သော ဟယ်ကျုံးနှင့် သုန်းရှောင်ယာတို့က စင်ပေါ်သို့ တက်လာသည်။

"ဂုဏ်သရေရှိအမျိုးသားများနဲ့ အမျိုးသမီးများခင်ဗျာ… ၃၂ကြိမ်မြောက်ရွှေတေးသံဆုပေးပွဲအခမ်းအနားမှ ကြိုဆိုပါတယ်"

ဟယ်ကျုံးက ဟွားနိုင်ငံရှိ နာမည်ကြီးပွဲတင်ဆက်သူတစ်ယောက်ဖြစ်ပြီး အသိုင်းအဝိုင်းထဲတွင် အလွန်ဂုဏ်ဒြပ်ကြီးမားပေသည်။

တစ်ဖက်တွင်မူ သုန်းရှောင်ယာက ဟွားနိုင်ငံ၏ နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ပြီး အထူးဧည့်သည်တင်ဆက်သူအနေနှင့်လည်း ဤပွဲအခမ်းအနားတွင် လိုက်ဖက်နေချေသည်။

ယခုလိုဆုပေးပွဲတစ်ခုသို့ ပထမဆုံးအကြိမ်တက်ရောက်ရသည့်အတွက် ယဲ့ချန်း အလွန်ပျင်းနေမိသည်။

"ဒီနှစ်အတွက် နှစ်စဉ်အကောင်းဆုံးဂီတထုတ်လုပ်ရေးဆုရှင်ကတော့…"

အခမ်းအနား၏ ရှေ့ပိုင်းတွင်ပေးသွားသော ဆုများမှာ အသေးစားဆုလေးများသာ ဖြစ်၏။

ဤဆုများမှာ နောက်ကွယ်ရှိထုတ်လုပ်သူများကို ပေးသောဆုများဖြစ်ပြီး အဆိုတော်များနှင့် သိပ်မသက်ဆိုင်ချေ။

အခမ်းအနား၏ အလယ်နားသို့ရောက်လာချိန်မှာမူ အရေးအကြီးဆုံးဆုတစ်ခုကို ကြေညာတော့မည်ဖြစ်၏။

"နောက်ထပ်ကြေညာပေးမှာကတော့ အကောင်းဆုံးလူသစ်ဆုဖြစ်ပါတယ်။ ဆန်ကာတင်စာရင်းကတော့ 'ပန်းပင်လယ်'အတွက် ချန်းထျန်၊ 'မနေ့က'အတွက် ဖန်းမင်နဲ့ 'ငါ့ရဲ့အချစ်ဟာမင်း'အတွက် ယဲ့ချန်းတို့ပဲဖြစ်ပါတယ်"

ထိုအချိန်မှာပင် လူပေါင်းများစွာ၏ နှုတ်ဆက်စကားများက ပိတ်ကားထက် ပေါ်ပေါက်လာသည်။

အခြားလူများ၏နှုတ်ဆက်စကားများမှာ အလွန်ရှည်လျားလှသော်လည်း ယဲ့ချန်း၏နှုတ်ဆက်စကားကတော့ စာကြောင်းအနည်းငယ်မျှသာပါပြီး တိုလွန်းလှသည်။

ထိုအခမ်းအနားက တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်သောကြောင့် ကြည့်ရှုသူတော်တော်များများကလည်း တီဗီနှင့် ဗီဒီယိုပလက်ဖောင်းများမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနေကြခြင်းပင်။

ယခုအချိန်တွင် ယဲ့ချန်းက ဖျော်ဖြေရေးနယ်ပယ်ထဲ၌ အလွန်နာမည်ကြီးရေပန်းစားနေလေသည်။ သူ့တွင် ပရိသတ်များလည်း ရှိနေပြီဖြစ်၏။

"အကောင်းဆုံးလူသစ်ဆုကိုတော့…"

ဟယ်ကျုံးက စိတ်လှုပ်ရှားမှုကို ဖန်တီးရန်အတွက် သူ့လေသံကို တမင်တကာနှေးပစ်လိုက်သည်။

" 'ငါရဲ့အချစ်ဟာ မင်း'ဆိုတဲ့သီချင်းနဲ့ ယဲ့ချန်း ရရှိသွားပါတယ်"

"ယဲ့ချန်းကို ဆုလက်ခံပေးဖို့အတွက် စင်မြင့်ပေါ်ဖိတ်ခေါ်ပါတယ်။ ဧည့်သည်ဆုရှင်ရောပါပဲ"

ယဲ့ချန်းလည်း သူ့ဝတ်စုံကို သပ်ရပ်သွားအောင်ပြုပြင်ပြီးနောက် စင်ပေါ်သို့လျှောက်လာလိုက်သည်။ ဧည့်သည်ဆုရှင်ကတော့ ဂီတလောကထဲရှိ ဝါရင့်တစ်ယောက်ဖြစ်သော လော့ယွီပင်။ ယခုနောက်ပိုင်းတွင် သူသည် လူရှေ့သူရှေ့ပေါ်လာခဲသော်လည်း နယ်ပယ်ထဲမှာတော့ သူ့အနေအထားက မြင့်မားလှချေသည်။

ယဲ့ချန်းက စင်ပေါ်သို့တက်သွားလိုက်ပြီး ဟယ်ကျုံးကို ပွေ့ဖက်၍နှုတ်ဆက်ကာ သုန်းရှောင်ယာကိုတော့ လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ဂုဏ်ပြုပါတယ် မစ္စတာယဲ့"

သုန်းရှောင်ယာက ပြုံးပြလိုက်သည်။

ယဲ့ချန်းက လော့ယွီနှင့်လည်း စီနီယာတစ်ယောက်ကို ရိုသေသမှုပေးသလို

တလေးတစားလက်ဆွဲနှုတ်ဆက်လိုက်သည်။

ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပလေသည်။ ယန်းမီမီက 'သတ္တိ'သီချင်းအတွက် အကောင်းဆုံးအမျိုးသမီးအဆိုရှင်ဆုကို ရရှိခဲ့သည်။

ယဲ့ချန်းကတော့ 'သတ္တိ'သီချင်းအတွက် အကောင်းဆုံးရွှေတေးသံဆုနှင့် 'ငါရဲ့အချစ်ဟာ မင်း'သီချင်းအတွက် အကောင်းဆုံးလူသစ်ဆုကို ရရှိခဲ့သည့်အပြင် ထိုသီချင်းနှစ်ပုဒ်အတွက် အကောင်းဆုံးသီချင်းဆုနှင့် အကောင်းဆုံးစာသားဆုကိုပါ ဆွတ်ခူးရရှိခဲ့သည်။

လူသစ်တစ်ယောက်အနေနှင့် ယဲ့ချန်း၏တင်ဆက်မှုက အလွန်ထူးချွန်လှပေသည်။ ထုံးစံအတိုင်း ယဲ့ချန်းက မိန့်ခွန်းပြောရမည်ဖြစ်၏။

"တကယ်တော့ ကျွန်တော့်မှာ ဘာအရည်အချင်းမှမရှိပါဘူး။ ဒီသီချင်းကိုလည်း ပေါ့ပေါ့ပါးပါးဖန်တီးပြီး သီဆိုခဲ့တာပါ။ ဒီလောက်အထိ နာမည်ကြီးသွားလိမ့်မယ်လို့လည်း ထင်မထားခဲ့ဘူး။ ကြည့်ရတာတော့ ကျွန်တော်ကံကောင်းလို့ထင်တယ်"

ကံကောင်းတယ်တဲ့လား!

ထိုနေရာရှိ ဧည့်သည်များနှင့် တီဗီရှေ့ရှိ ကြည့်ရှုသူများမှာ ဆွံ့အသွားရှာလေသည်။

ပေါ့ပေါ့ပါးပါးဖန်တီးလိုက်သော သီချင်းတစ်ပုဒ်က ပေါက်သွားခဲ့ပြီး ပေါ့ပေါ့ပါးပါးသီဆိုခဲ့သော သီချင်းတစ်ပုဒ်က ဂီတဇယား၏ထိပ်ဆုံးသို့ ရောက်သွားခဲ့သည်။ ဤသည်မှာ ကံကောင်းရုံမျှဖြင့် မလုံလောက်ပေ။

လက်ခုပ်ဩဘာသံများအကြား ယဲ့ချန်းလည်း စင်ပေါ်မှ ဆင်းလာခဲ့လိုက်၏။ ဆုပေးပွဲအခမ်းအနားတစ်လျှောက် သူ ကောင်းကောင်းတင်ဆက်နိုင်ခဲ့သည်။ ထို့နောက် နောက်ထပ်ဆုနှစ်ခုကိုလည်း ဆက်တိုက်ကြေညာပေးခဲ့သည်။

"ဆက်လက်ပြီးတော့ ၃၂ကြိမ်မြောက်အကောင်းဆုံး သီချင်းစာသားဆုကိုရရှိသွားတာကတော့ 'ချစ်မေတ္တာ'သီချင်းပဲဖြစ်ပါတယ်"

"နှစ်စဉ်အကောင်းဆုံးတေးရေးဆရာဆုကို ရရှိသွားတာကတော့ ယဲ့ချန်းပဲဖြစ်ပါတယ်"

….

ယဲ့ချန်းခမျာ သုံးကြိမ်ဆက်တိုက် စင်ပေါ်သို့ တက်ခဲ့ရပြီး ထိုညနေခင်းအတွက် အကြီးမားဆုံးအောင်နိုင်သူတစ်ယောက်ဖြစ်ခဲ့သည်။

အဆုံးမှာတော့ ဆုပေးပွဲအခမ်းအနားလည်း ည၁၀နာရီတွင် ပြီးဆုံးခဲ့သည်။

ယဲ့ချန်းကတော့ ယန်းမီမီနှင့်သုန်းရှောင်ယာတို့ကိုခေါ်ကာ စံအိမ်တော်ဆီသို့ ပြန်လာခဲ့လိုက်သည်။

"ယဲ့ချန်း ဂုဏ်ပြုပါတယ်။ ဆုတွေကတော့ မနည်းဘူးပဲ"

သုန်းရှောင်ယာ ရယ်ကာမောကာဖြင့် ပြောလိုက်၏။

"ဟားဟား ကံကောင်းသွားရုံပါ"

ယဲ့ချန်းက ထိုသို့သာဆိုသည်။

ယဲ့ချန်းက ကံကောင်းသည့်အကြောင်း ထပ်ပြောနေပြန်သည့်အခါ သုန်းရှောင်ယာနှင့် ယန်းမီမီတို့နှစ်ယောက်စလုံး သူ့အား မျက်ဆန်လည်လိုက်မိတော့သည်။

စံအိမ်တော်သို့ ပြန်ရောက်သောအခါ ယဲ့ချန်းက ပြုံးလိုက်၏။

"ကြယ်ငါးပွင့်ရီဗျူးပေးဖို့ မမေ့နဲ့နော်"

ယန်းမီမီလည်း ပြုံးလိုက်မိသည်။

"မမေ့ပါဘူး"

ထို့နောက် သူ(မ)လည်း ယဲ့ချန်းအား ကြယ်ငါးပွင့်ရီဗျူးတစ်ခု ချက်ချင်းပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်။ ငါးခုမြောက်ကြယ်(၅/၅)ကို ရရှိပါပြီ။ ဆုလာဘ်ကတော့ GCအုပ်စုရဲ့ရှယ်ယာ၃၀ရာခိုင်နှုန်းပါ]

•••••••••••••

All Chapters