← Chapters

တတိယမြောက်အထူးဧည့်သည်

Vol. 2 Ch. 25

တတိယမြောက်အထူးဧည့်သည်

Vol. 2 Ch. 25

GCအုပ်စုဆိုသည်မှာ အီတလီမှ နာမည်ကြီးဇိမ်ခံပစ္စည်းဘရန်းတစ်ခုဖြစ်ပြီး သူတို့၏အဆင့်မြင့်မှု၊ ခမ်းနားကြီးကျယ်မှုနှင့် ဆွဲဆောင်မှုရှိသောပုံရိပ်ကြောင့် ကမ္ဘာတစ်ဝှမ်း၌ ကျော်ကြားလေသည်။

ထိုအရာမှာ "ဂုဏ်ဒြပ်နှင့် ချမ်းသာကြွယ်ဝခြင်း"၏ သင်္ကေတပင်။ ဂုဏ်ကြီးဒြပ်ကြီးအသိုင်းအဝိုင်းများ၏ အချစ်တော်ကြီးပင်။

ထိပ်တန်းဇိမ်ခံပစ္စည်းဘရန်းသုံးခုထဲမှ တစ်ခုအနေနှင့် GC၏နှစ်စဉ်အမြတ်ငွေမှာ အမေရိကန်ဒေါ်လာ၂၁.၈ဘီလျံရှိ၏။ ၎င်းမှာ ဒေါ်လာပင်။ ဟွာရှားယွမ်ငွေမဟုတ်ပေ။ အမေရိကန်ဒေါ်လာဖြစ်သည်။

ယဲ့ချန်းက ထိုရှယ်ယာ၃၀ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ့နှစ်စဉ်အမြတ်ငွေကလည်း အလွန်အံ့ဖွယ်ကောင်းလှပေသည်။

GCရုံးချုပ်၌…

အသက်ကြီးနေပြီဖြစ်သော အမျိုးသားတစ်ယောက်က သူ့လက်ထဲရှိ စာချုပ်ကိုကြည့်၍ အနည်းငယ်အံ့ဩသွားဟန်ပင်။ ဟွားနိုင်ငံမှ လူတစ်ယောက်က တစ်ချီတည်းနှင့် GCရှယ်ယာ၃၀ရာခိုင်နှုန်းကို ဝယ်ယူပစ်လိုက်လေသည်။

စနစ်၏လုပ်ဆောင်မှုကြောင့် လုပ်ငန်းစဉ်တစ်ခုလုံးမှာ ချောချောမွေ့မွေ့ပင်။ ထို့ပြင် ယဲ့ချန်း ရှယ်ယာများကို ဝယ်ယူလိုက်သည့်နေ့မှာပင် GC၏စတော့ရှယ်ယာဈေးကွက်က ထိုးတက်သွားခဲ့သည်။

ဤလူငယ်လေးကား စင်စစ်ထူးခြားလှပေသည်။

လော့ရန့်စ်လည်း အသက်ပြင်းပြင်းရှိုက်ရှူလိုက်ပြီးနောက် ဟွားနိုင်ငံရှိ GCရုံးခွဲသို့ ဖုန်းခေါ်လိုက်သည်။

"ချန်းရှု… မစ္စတာယဲ့နဲ့ ဆက်သွယ်လိုက်။ ကုမ္ပဏီနဲ့ပတ်သက်ပြီး သူ့မှာ ဘယ်လိုအမြင်ရှိလဲဆိုတာ စနည်းနာလိုက်"

ဖုန်းဝင်လာချိန်တွင် ယဲ့ချန်းက အိပ်ရာနိုးခါစသာရှိသေးသည်။

"ဟယ်လို.. မစ္စတာယဲ့လားဗျ? ကျွန်တော်က ဟွားနိုင်ငံရဲ့ GCရုံးခွဲမန်နေဂျာချန်းရှုပါ"

"ဪ မင်္ဂလာပါ မန်နေဂျာချန်း"

ယဲ့ချန်းကလည်း ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။

"မစ္စတာယဲ့… ခင်ဗျားက ကျွန်တော်တို့ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်တစ်ယောက်ဆိုတော့ ကျွန်တော်တို့လုပ်ငန်းနဲ့ပတ်သက်ပြီး ခင်ဗျားမှာ အထင်အမြင်တစ်ခုခုများ ဒါမှမဟုတ် အကြံပေးစရာတစ်ခုခုများရှိမလားလို့ပါ"

ယဲ့ချန်း ပြုံးလိုက်မိသည်။

"မရှိပါဘူး။ ကျွန်တော် GCမှာ ရင်းနှီးမြှုပ်နှံရတဲ့အကြောင်းအရင်းက ကုမ္ပဏီရဲ့အလားအလာကိုမြင်မိလို့ပါ။ ခင်ဗျားတို့ရဲ့ပုံမှန်စီမံခန့်ခွဲမှုတွေအတိုင်း ဆက်လုပ်လို့ရပါတယ်။ ကျွန်တော့်မှာ ဘာအကြံမှပေးစရာမရှိပါဘူး"

"ကောင်းပါပြီ မစ္စတာယဲ့"

လော့ရန့်စ်က ထိုသတင်းကို လက်ခံရရှိပြီးနောက် သက်မချလိုက်မိသည်။

GCရှယ်ယာများကို ရုတ်တရက်ကြီးဝယ်ယူလိုက်သော ဆန်းကြယ်လှသည့် ဤလူငယ်လေးတွင် ရည်ရွယ်ချက်တစ်ခုခုရှိနေမည်ကို သူ စိတ်ပူနေခဲ့ရသည်။ တစ်ဖက်လူက ကုမ္ပဏီ၏အရေးကိစ္စများတွင် မပါဝင်လိုကြောင်း ပြောလာသည့်အတွက် သူလည်း စိတ်သက်သာရာရသွားသည်။

ထို့နောက် လောရန့်စ်က ပြောလိုက်၏။

"ဒါဆိုလည်း ကောင်းပြီလေ။ ဒီဇိုင်နာချုပ်ပိထ်ကို မစ္စတာယဲ့အတွက် အထူးဝတ်စုံတစ်စုံ ဒီဇိုင်းဆွဲခိုင်းလိုက်။ ငါတို့ရဲ့စိတ်ရင်းကို ပြသရအောင်လို့"

ယဲ့ချန်း အိပ်ရာထဲမှ ထွက်ခါစမှာပင် သုန်းရှောင်ယာက ဖုန်းဆက်လာသည်။

"ယဲ့ချန်း.. ကျွန်မ ရှင်နဲ့အတူ ကားကြုံကပ်စီးပြီး ဟန့်ထျန်ကိုသွားချင်လို့"

"ပြဿနာမရှိပါဘူး။ ကူညီဖို့အသင့်ပါပဲ"

ဟွားနိုင်ငံ၏ နာမည်ကျော်အဆိုရှင်လေးဦးထဲမှ တစ်ဦးဖြစ်သော သုန်းရှောင်ယာတွင် ပထမတန်းစားအဆင့်ရုပ်ရည်နှင့် ကိုယ်နေဟန်ထားမျိုးရှိ၏။

ကားထဲကိုဝင်လာပြီးနောက် သုန်းရှောင်ယာက ပြောလာလေသည်။

"ကျွန်မ ရှင့်ကားထဲမှာထိုင်ဖို့ Appထဲကနေ အော်ဒါတင်ရဦးမှာလား"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ဟားဟား.. ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က စားဝတ်နေရေးအတွက် တက္ကစီမောင်းနေရတာပဲမဟုတ်လား"

သုန်းရှောင်ယာကလည်း ပြန်ပြောလေသည်။

"ရှင်က သန်းချီတန်တဲ့ကားကိုမောင်းပြီး တော်ဝင်မင်းသားစံအိမ်ထဲမှာ နေနေတာတောင် စားဝတ်နေရေးအတွက် တက္ကစီမောင်းနေရတုန်းလား။ ဒါဆို တခြားလူတွေမှာ အခွင့်အရေးလေးတစ်ခုတောင် ရှိပါဦးမလား"

ယဲ့ချန်းပြောသည့်အတိုင်း သုန်းရှောင်ယာတစ်ယောက် တက္ကစီAppကို ဒေါင်းလိုက်ပြီးနောက် တက္ကစီငှားလိုက်လေသည်။

ယဲ့ချန်းကလည်း ထိုအော်ဒါကို လက်ခံလိုက်ပြီး သုန်းရှောင်ယာနှင့်အတူ ဟန့်ထျန်သို့ ထွက်လာခဲ့လိုက်သည်။

သူတို့ထွက်လာပြီး သိပ်မကြာခင်မှာပင် သုန်းရှောင်ယာ၏ဖုန်းက ထမြည်လာသည်။

"မိန်းကလေးသုန်း.. တောင်းပန်ပါတယ်။ မင်းသားက အလုပ်အချိန်ဇယားတိုက်နေလို့ မနက်ဖြန်မှပဲ ရောက်နိုင်လိမ့်မယ်ထင်တယ်"

ထိုစကားကိုကြားလိုက်ရသောအခါ သုန်းရှောင်ယာ မကျေမနပ်ဖြစ်သွားရသည်။

"ဒါရိုက်တာကျန်း..သူ တော်တော်လွန်နေပြီနော်။ ကျွန်မကို ဘယ်နှခါလောက်စောင့်ခိုင်းနေဦးမှာလဲ။ ကျွန်မ နေ့တိုင်း ရိုက်ကူးရေးလုပ်နေရတာ။ သူက အခုလိုမပြောမဆိုနဲ့ပျောက်ပျောက်နေတော့ ကျွန်မက ဘယ်လိုရိုက်ကူးရေးလုပ်ရမှာလဲ"

"မိန်းကလေးသုန်း.. ကျွန်တော်တို့လည်း တစ်ဖက်လူနဲ့ဆက်သွယ်ထားပြီးပါပြီ။ သူတို့ မနက်ဖြန်ကျရင်တော့ လာမှာပါ"

ဒါရိုက်တာကျန်းကလည်း သူတို့အမှားမှန်း သိသောကြောင့် သူ(မ)ကို နေရခက်စွာဖြင့် နှစ်သိမ့်ပေးနေချေသည်။

သုန်းရှောင်ယာက ဖုန်းချလိုက်ပြီးနောက် ဒေါသတကြီးပြောမိလေတော့သည်။

"အခုနောက်ပိုင်း ချောချောလှလှကောင်လေးတွေက ပရော်ဖက်ရှင်နယ်မဆန်ကြတော့ဘူး။ နေ့တိုင်း ရိုက်ကူးရေးကို နောက်ဆုတ်နေကြတာ။ ကျွန်မတို့ကတော့ နေ့တိုင်း ရိုက်ကူးရေးလုပ်ခိုင်းနေပြီးတော့.."

ဖုန်းခေါ်ဆိုမှုပြတ်တောက်သွားချိန်မှာ သုန်းရှောင်ယာ၏မျက်နှာလှလှလေးခမျာ ဒေါသများဖြင့် ပြည့်နှက်နေလေတော့သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရလိုက်တဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ အထူးခရီးသည်လုပ်ဆောင်မှု အသက်ဝင်လာပါပြီ။ ရွေးချယ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင်ထမ်းဆောင်ရင်း အဆင့်မြင့်ဆုလာဘ်များကိုရယူနိုင်ရင် Hostလည်း ကမ္ဘာ့ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာစေမှာပါ]

[ခရီးသည်၏အလုပ်အကိုင် : သရုပ်ဆောင်]

[ရွေးချယ်စရာနံပါတ်တစ် : သုန်းရှောင်ယာကို ဟိတ်ဟန်များပြီး ပရော်ဖက်ရှင်နယ်မဆန်တဲ့ ကောင်ချောလေးတွေနဲ့ သရုပ်မဆောင်ဖို့ သိမ်းသွင်းပြီး စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ အနံ့ခံကျွမ်းကျင်ရေးစွမ်းရည်၊ တရားမျှတမှု +၁၀နဲ့အတူ သုန်းရှောင်ယာဆုလာဘ်ဖြစ်တဲ့ ဟွာရှားယွမ်ငွေတစ်သန်းကို လက်ခံရယူလိုက်ပါ]

[ရွေးချယ်စရာနံပါတ်နှစ် : သုန်းရှောင်ယာကို ဒေါသမထွက်ဖို့ နှစ်သိမ့်ပြီး ကောင်ချောလေးတွေနဲ့ အတူဆက်အလုပ်လုပ်ဖို့ပြောပြီး စနစ်ရဲ့ဆုလာဘ် ပါရာဒိုက်စ်ကလပ်ရဲ့ ဘလက်ကတ်၊ အမျိုးသားဆွဲဆောင်မှု +၁၀နဲ့ နောက်ဆုံးပေါ်ဖုန်းအမျိုးအစား Pro12ကို ရယူလိုက်ပါ]

[ရွေးချယ်စရာနံပါတ်သုံး : ကောင်ချောလေးတွေနေရာမှာ အစားထိုးဝင်ပြီး သုန်းရှောင်ယာနဲ့အတူ ဂန္ဒဝင်ရုပ်ရှင်တစ်ခုကို ဖန်တီးရင်း စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ တော်ဝင်အပျော်စီးသင်္ဘော၊ နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည်နဲ့ ဟွားနိုင်ငံဘဏ်ရဲ့ ရှယ်ယာ၃၅ရာခိုင်နှုန်းကို ရယူလိုက်ပါ]

စနစ်၏ရွေးချယ်စရာများက တစ်ဖန်ပေါ်ပေါက်လာပြန်လေသည်။

ပထမဆုံးရွေးချယ်မှုရှိ စွမ်းရည်များမှာ အလွန်ပျင်းစရာကောင်းလှသောကြောင့် ယဲ့ချန်းလည်း ထိုအရာများကို ကျော်ချခဲ့လိုက်သည်။

ရွေးချယ်စရာနံပါတ်နှစ်၏ဆုလာဘ်များမှာ ယဲ့ချန်းကို မဆွဲဆောင်နိုင်ပေ။

ရွေးချယ်စရာနံပါတ်သုံးရှိ ဟွားနိုင်ငံဘဏ်၏ ရှယ်ယာ၃၅ရာခိုင်နှုန်းနှင့် တော်ဝင်အပျော်စီးသင်္ဘောကတော့ ယဲ့ချန်းအဖို့ အလွန်ဆွဲဆောင်မှုရှိသည်။

အသက်ပြင်းပြင်းရှိုက်ရှူပြီးနောက် ယဲ့ချန်းလည်း ရွေးချယ်စရာနံပါတ်သုံးကို ရွေးလိုက်လေသည်။

ဤရွေးချယ်မှုက ခက်ခဲမှုအဆင့် အမြင့်ဆုံးဖြစ်သော်လည်း နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည်ရဖို့အတွက် ကောင်ချောလေးများ၏နေရာကို အစားဝင်ရောက်ရမည်မှာ ထွေထွေထူးထူးကိစ္စတစ်ခုတော့ မဟုတ်ပေ။

နံပါတ်သုံးကိုရွေးတယ်..

[တင်! တော်ဝင်အပျော်စီးသင်္ဘောကို ရရှိလိုက်တဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်]

[တင်! နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည်ကို ရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်]

[တင်! ဟွားနိုင်ငံဘဏ်ရဲ့ရှယ်ယာ၃၅ရာခိုင်နှုန်းကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်]

ထိုအချိန်မှာပင် ကားက ဟန့်ထျန်ကို ရောက်လာခဲ့သည်။ ယဲ့ချန်း ပြုံးပြလိုက်၏။

"မင်းရုပ်ရှင်ရိုက်နေတာကို ငါလိုက်ကြည့်လို့ရမလား"

သုန်းရှောင်ယာကလည်း ပြုံးပြလိုက်၏။

"ရတာပေါ့"

ယဲ့ချန်းလည်း သုန်းရှောင်ယာနှင့်အတူ ရိုက်ကူးရေးအဖွဲ့သားများဆီသို့ လိုက်လာခဲ့လိုက်သည်။

ဤဒရမ်မာ၏နာမည်မှာ "စွန်"ဖြစ်ပြီး သူလျှိုသည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ခုဖြစ်၏။ တကယ်တမ်းတွင် သူ(မ)မှာ ပြသချိန်များများစားစားမရထားပေ။ ဧည့်သည်သရုပ်ဆောင်တစ်ယောက်အနေနှင့်သာ ပါဝင်ရခြင်းဖြစ်၏။

သူ(မ)အနေနှင့် ဤဇာတ်ရုပ်ကို လက်ခံခဲ့ခြင်းမှာ ဒါရိုက်တာကျန်းမော့ကို လေးစားစိတ်တစ်ခုတည်းကြောင့်သာ ဖြစ်၏။

ထင်မှတ်မထားပါဘဲ အဓိကဇာတ်ဆောင်က အချိန်ဆွဲပြီး ယခုအချိန်အထိ ပေါ်မလာသေးပေ။

ယဲ့ချန်းကိုယ်တိုင်လည်း သူသည် သရုပ်ဆောင်ပညာကို သေချာမလေ့လာထားရကြောင်း ကောင်းကောင်းသိသည်။ ထို့ကြောင့် သူ့အနေနှင့် သူ့ကိုယ်သူထောက်ခံပေးလိုက်ပါက ဒါရိုက်တာကလည်း သေချာပေါက် သဘောတူမည်မဟုတ်။

ထိုအချိန်မှာပင် ဘေးနားရှိ ဝတ်စုံများကို သူမြင်လိုက်သည်။ ထိုဝတ်စုံမှာ စစ်တပ်စီမံရေးအရာရှိတစ်ယောက်၏ ဝတ်စုံပင်။

"စွန်"ဇာတ်လမ်းမှာ သတင်းအချက်အလက်စုဆောင်းရန်အတွက် ရန်သူ့တပ်ထဲသို့ ရောက်နေသော ကွန်မြူနစ်ပါတီအေးဂျင့်တစ်ယောက်၊ စစ်တပ်စီမံရေးအတွင်းရှိ သူလျှိုတစ်ယောက်အကြောင်း ရိုက်ကူးထားခြင်းဖြစ်၏။

ဤဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းမှာ သူ့ယခင်ဘဝတုန်းက ကြည့်ခဲ့ဖူးသော "စွန်"ရုပ်ရှင်နှင့် အလွန်ဆင်တူသည်။ ဤဇာတ်လမ်းကတော့ ထိုဗားရှင်းလောက်တော့ စိတ်လှုပ်ရှားဖို့မကောင်းပေ။

"ရှောင်ယာ.. မင်း ငါ့ကို ဒီဝတ်စုံနဲ့ ဓာတ်ပုံရိုက်ပေးလို့ရမလား"

"ရတယ်လေ"

သုန်းရှောင်ယာ၏မျက်ဝန်းများ အရောင်လက်သွားချေသည်။

ယဲ့ချန်းကိုယ်တိုင်က ခန့်ညားချောမောပြီးသားဖြစ်သည့်အတွက် သူသာ ယူနီဖောင်းဝတ်လိုက်လျှင် သေချာပေါက်ပိုမိမိုက်သွားမည်ဖြစ်၏။

ယဲ့ချန်းလည်း ယူနီဖောင်းဝတ်ရန်အတွက် အဝတ်လဲခန်းထဲသို့ ဝင်သွားလိုက်ပြီးနောက် သူ့ကိုယ်သူ မှန်ထဲတွင် သေချာစစ်ဆေးကြည့်ရှုနေမိသည်။

ထိုအချိန်မှာပင် စနစ်ထံမှ အသံတစ်သံ ထွက်ပေါ်လာသည်။

"တင်! Host စစ်ယူနီဖောင်းဝတ်ဆင်လိုက်တာကို ခြေရာခံမိပါတယ်။ နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည်၊ ကွန်မြူနစ်ပါတီအေးဂျင့်အသွင်၊ ဆွဲဆောင်မှုတန်ဖိုး +၉၉၉၉၉၊ ဟွားနိုင်ငံကျွမ်းကျင်အေးဂျင့် ကျန်းယောင်ရှန်းရဲ့စရိုက်လက္ခဏာတို့ကို ရရှိလိုက်ပါပြီ"

စနစ်ထံမှ ထိုအသံနှင့်အတူ ယဲ့ချန်းလည်း တစ်ကိုယ်လုံးအနှံ့ပေါ်ပေါက်လာသော ထူးခြားလှသည့် ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

ထိုအခိုက်ဝယ် သူသည် နှစ်ပေါင်းများစွာကြာအောင် စစ်တပ်စီမံရေးထဲတွင် ပုန်းအောင်းနေခဲ့သော ထိပ်တန်းအေးဂျင့်တစ်ယောက် ဖြစ်လာဟန်ပင်။

မှန်ထဲရှိ သူ့ကိုယ်သူစိုက်ကြည့်ရင်း ယဲ့ချန်းလည်း အံ့အားသင့်သွားရ၏။ ယခင်က ယဲ့ချန်းသည် ချောမောရုံမျှသာရှိသော်ငြား ယခုတော့ မှန်ထဲရှိပုံရိပ်မှာ ရင့်ကျက်ပြီး ခက်ထန်ကာ အနည်းငယ်အေးစက်စက်နိုင်သော အငွေ့အသက်ပင် ယှက်သန်းနေလေသည်။

အထူးသဖြင့် သူ့မျက်ဝန်းထဲတွင် သတ်ဖြတ်လိုဟန်အငွေ့အသက်များ ရစ်သီနေသော ထက်ရှမှုနှင့် နိုးကြားမှုအရိပ်အယောင်တို့ နေရာယူထားသည်။

ဤစရိုက်လက္ခဏာမှာ လျှို့ဝှက်တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းလာခဲ့ပြီး ရန်သူများကို အကြိမ်ပေါင်းများစွာ အနိုင်ယူနိုင်ခဲ့သော အေးဂျင့်ဟောင်းတစ်ဦးမှာသာ ရှိတတ်သည့်အရာမျိုးပင်။

ယဲ့ချန်း အဝတ်လဲခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ ယဲ့ချန်းထွက်လာသည်ကို သုန်းရှောင်ယာမြင်သော သူ(မ)၏အမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားလေတော့သည်။

•••••••••••••

All Chapters