ထူးခြားတဲ့စရိုက်လက္ခဏာ
Vol. 2 Ch. 26
အပိုင်း ၂၆ : ထူးခြားတဲ့စရိုက်လက္ခဏာ
ယဲ့ချန်း အဝတ်လဲခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ သုန်းရှောင်ယာလည်း ယဲ့ချန်းကို မြင်လိုက်ရချိန်၌ ကြက်သေသေသွားသည်။
စစ်ယူနီဖောင်းဝတ်ထားသော ယဲ့ချန်းက ယခင်ကနှင့် လုံးဝမတူတော့သော လူတစ်ယောက်အလားပင်။
ယခုအချိန်တွင် ယဲ့ချန်းသည် နက်ရှိုင်းလှသော အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေ၏။ သူ့မျက်ဝန်းများမှာ စူးရှပြင်းထန်နေသော်ငြား သူတို့အား ဆွဲဆောင်ဖမ်းစားနိုင်သော အရည်အသွေးတစ်မျိုးလည်း ရှိပြန်သည်။
သူ(မ)သာမက ယဲ့ချန်းကိုမြင်သော အခြားရိုက်ကူးရေးဝန်ထမ်းများလည်း အံ့ဩမှင်တက်ကုန်ကြသည်။
"အရမ်းတူတာပဲဟာ"
"ဟုတ်တယ်။ သူ့ပုံစံက ထိပ်တန်းအဆင့်လျှို့ဝှက်အေးဂျင့်တစ်ယောက်လိုပဲ"
"သူ့အကြည့်နဲ့ သူ့အရှိန်အဝါက ဇာတ်ညွှန်းထဲက ကျန်းယောင်ရှန်းနဲ့ တော်တော်တူတယ်"
ရိုက်ကူးရေးအဖွဲ့သားအများစုလည်း ဇာတ်ညွှန်းကို ဖတ်ပြီးသွားပြီဖြစ်သောကြောင့် ဇာတ်ကောင်စရိုက်နှင့် ရင်းနှီးကျွမ်းဝင်ထားသည်။
ယဲ့ချန်း၏အရပ်က ၁.၈မီတာရှိပြီး သူ့ပင်ကိုအတိုင်းလည်း ခန့်ညားချောမောသော်ငြား ယခုလက်ရှိအချိန်ဝယ် သူ့အကြည့်က နားလည်ရခက်သော နက်ရှိုင်းမှုတစ်မျိုးကို သယ်ဆောင်ထားလေရာ ခြိမ်းခြောက်လိုဟန် ကြမ်းတမ်းခက်ထန်မှုတစ်မျိုးလည်း ထွက်ပေါ်နေသည်။
ဤအရှိန်အဝါမှာ ဇာတ်ညွှန်းထဲရှိ ထိပ်တန်းအေးဂျင့် ကျန်းယောင်ရှန်းနှင့် ထပ်တူကျလှသည်။
စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသဖြင့် ယဲ့ချန်း၏လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက ဩဇာတိက္ခမနှင့် ပြည့်စုံနေပေသည်။
ဤဖြစ်တည်မှုမှာ ဇာတ်ညွှန်းထဲရှိ ဗီလိန်အစ်ကိုလျိုအလားပင်။
ယဲ့ချန်း၏ ကြောက်မက်ဖွယ်အရှိန်အဝါနှင့် ရင်ဆိုင်ရချိန်ဝယ် လူတော်တော်များများမှာ မတတ်သာဘဲ တံတွေးမျိုချမိကြသည်။
ခြေလှမ်းတစ်ချက်မှားလိုက်သည်နှင့် ဒဏ္ဍာရီလာစစ်သားအစ်ကိုလျိုထံမှ အပစ်ခံရတော့မည့်အလား ထင်မှတ်မှားစေသည်။
ဤခံစားချက်မှာ အလွန်သိမ်မွေ့လှ၏။
"ကိုယ့်လူ.. ခင်ဗျားရဲ့အရှိန်အဝါက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ဇာတ်ညွှန်းထဲက အဓိကဇာတ်ဆောင်နဲ့ ချွတ်စွပ်ပဲ"
"ဟုတ်တယ်။ ကျွန်တော် ခုနက ခင်ဗျားကိုမြင်လိုက်ရတုန်းက တရုတ်သမ္မတခေတ်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်"
"ဝိုး အရမ်းအံ့ဩဖို့ကောင်းတာပဲ။ အဲဒီနားမှာ ရပ်နေရုံနဲ့တင် ဒဏ္ဍာရီလာထိပ်တန်းအေးဂျင့်တစ်ယောက်နဲ့ တူနေတော့တာပဲ"
ရိုက်ကူးရေးအဖွဲ့သားများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီးနောက် သူတို့၏ လေးစားကြည်ညိုမှုကို တစ်ယောက်ပြီးတစ်ယောက် ပြသလာကြသည်။
သုန်းရှောင်ယာလည်း ယခုမှသာ သတိပြန်ဝင်လာသည်။ သူ(မ)၏မျက်ဝန်းလှလှလေးတစ်စုံက ယဲ့ချန်းကိုကြည့်နေချေသည်။ ယဲ့ချန်း သူ(မ)အား ပေးစွမ်းခဲ့သော ထိတ်လန့်မှုမှာ ပြင်းထန်လှပေသည်။
သုန်းရှောင်ယာကိုယ်တိုင်လည်း သရုပ်ဆောင်တော်တော်များများနှင့် သရုပ်ဆောင်ဖူးသည်။ ရုပ်ရှင်ဧကရာဇ်များပင် ပါသေးသည်။
သို့သော် သူ(မ) ယဲ့ချန်းကို မြင်လိုက်ရသည့်အခိုက်အတန့်၌ ဇာတ်ကောင်ထဲသို့ ချက်ချင်းဝင်သွားခဲ့သည်။ သူ(မ)ရှေ့၌ မတ်တတ်ရပ်နေသူမှာ သူ(မ)၏ချစ်သူ စစ်တပ်အရာရှိလျိုဟုပင် ထင်မှတ်မှားသွားရသည်။
အခြားသူများမှာ ယဲ့ချန်းကိုမြင်ပြီး အံ့ဩတုန်လှုပ်သွားသော်လည်း သူ(မ)ခံစားလိုက်ရသော ခံစားချက်မှာမူ အချစ်စစ်ပင်တည်း။
ဤလူမှာ သရုပ်ဆောင်နေရန်ပင် မလိုပေ။ ထိုအတိုင်းလေး မတ်တတ်ရပ်နေရုံမျှဖြင့် ပြီးပြည့်စုံသောအေးဂျင့်တစ်ယောက် ဖြစ်သွားသည်။
"ရှောင်ယာ.. ငါ့ကို ဓာတ်ပုံရိုက်ပေးဦးလေ"
ယဲ့ချန်းလည်း ပြုံးလျက်သာ ပြောလိုက်လေသည်။
"အင်း"
ယဲ့ချန်း၏စကားသံကိုကြားမှ သုန်းရှောင်ယာလည်း လက်တွေ့ဘဝထဲသို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် ဖုန်းထုတ်လိုက်ပြီး ယဲ့ချန်းကို ချိန်လိုက်သည်။
ချပ်!
ယဲ့ချန်း၏ဓာတ်ပုံကိုကြည့်ရင်း သုန်းရှောင်ယာ တစ်ဖန် အံ့အားသင့်သွားရပြန်သည်။
ယဲ့ချန်းသာ ဤဇာတ်ရုပ်ကို သရုပ်ဆောင်ပါက သေချာပေါက်နာမည်ကြီးသွားလိမ့်မည်ဟု သူ(မ) ခံစားမိသည်။
"ယဲ့ချန်း.. ဒီနားမှာ ခဏလောက်စောင့်ဦးနော်"
သုန်းရှောင်ယာက ရုတ်တရက်ကြီး တစ်စုံတစ်ခုကို သတိရသွားပြီး အပြင်သို့ ပြေးထွက်သွားသည်။
ဒါရိုက်တာများအဖွဲ့ထဲ၌မူ ကျန်းမော့က ဖုန်းပြောနေသည်။
"လီသုန်း..ရှောင်ယာက ဒီကိုရောက်နေပြီ။ မင်းက ဘယ်တော့မှလာနိုင်မှာလဲကွ"
"ဘာ? မနက်ဖြန်? လီသုန်း ဒါတော့ များသွားပြီကွာ။ ရှောင်ယာကလည်း ထိပ်တန်းစတားတစ်ယောက်ပဲ။ ငါက ဒီအကြောင်း သူ့ကို ဘယ်လိုသွားရှင်းပြရမှာလဲ"
"ဘန်း!"
ကျန်းမော့ ဒေါသတကြီးဖုန်းချလိုက်သည်။
ထိုအချိန်ဝယ် သုန်းရှောင်ယာက အထဲသို့လျှောက်လာသည်။
သုန်းရှောင်ယာကိုမြင်လိုက်ရချိန်မှာ ကျန်းမော့လည်း ပြုံးလိုက်မိ၏။
"ဒါရိုက်တာကျန်း.. ကျွန်မတို့ လီသုန်းကို ထပ်စောင့်နေဖို့မလိုတော့ဘူး"
"အာ!'
ကျန်းမော့ခမျာ ရုတ်တရက်အံ့အားသင့်သွားရသည်။ ထို့နောက် ခပ်မြန်မြန်ဖြေရှင်းချက်ထုတ်လိုက်သည်။
"ရှောင်ယာ… ဒါက ငါတို့ အလုပ်ကိုကောင်းကောင်းမစီစဉ်နိုင်ခဲ့တဲ့ အမှားဆိုတာတော့ သိပါတယ်။ ဒါပေမဲ့ စိတ်မဆိုးပါနဲ့။ ငါ…"
ကျန်းမော့၏စကား မဆုံးသေးခင်မှာပင် သုန်းရှောင်ယာက သူ့လက်ကိုဆွဲ၍ ပြောလိုက်၏။
"ဒါရိုက်တာကျန်း… ကျွန်မ ရှင့်ကို လူတစ်ယောက်နဲ့တွေ့ပေးမယ်။ သူက တခြားလူတွေထက် ဒီဇာတ်ရုပ်နဲ့ ပိုလိုက်တယ်"
"ဘာရယ်?"
ကျန်းမော့ အံ့ဩသွားရပြန်သည်။ အစကတော့ သုန်းရှောင်ယာ နောက်ပြောင်နေသည်ဟု သူထင်နေမိခြင်းပင်။ သို့သော် တည်ကြည်လေးနက်နေသော သူ(မ)၏အမူအရာကြောင့် သူ ပြန်ချိန်ဆနေရသည်။
ဤသို့ဖြင့် ကျန်းမော့လည်း သုန်းရှောင်ယာ၍အနောက်ကလိုက်၍ အဝတ်လဲခန်းထဲသို့ ဝင်သွားလိုက်သည်။
သူတိုနှစ်ယောက် အဝတ်လဲခန်းထဲသို့ ရောက်သောအခါ ရိုက်ကူးရေးအဖွဲ့သားတစ်အုပ်လိုက်ကြီးကလည်း ထိုနေရာတွင် စုဝေးနေကြောင်း မြင်လိုက်ရ၏။
လူတိုင်းက ဖုန်းများကို ထုတ်ထားကြပြီး ယဲ့ချန်းကို ဓာတ်ပုံရိုက်နေကြသည်။ ကျန်းမော့လည်း စိတ်ဝင်စားသွားရသည်။
ရိုက်ကူးရေးအဖွဲ့သားများမှာ စတားများစွာကို မြင်ဖူးပြီးသားပင်။ သို့တိုင် လူတစ်ယောက်ကို ဓာတ်ပုံရိုက်ရန်အတွက် ဝိုင်းအုံနေကြလေသည်။ စူပါစတားတစ်ယောက်ကိုပင် ဤရိုက်ကူးရေးအဖွဲ့သားများက ယခုလိုဆက်ဆံကြခြင်းမရှိပေ။
ဤမျှဩဇာလွှမ်းမိုးမှုအားကောင်းသော ဤလူသည် မည်သူဖြစ်ကြောင်း ကျန်းမော့ သိချင်သွားရသည်။
"ဒါရိုက်တာကျန်း အထဲကလူကိုကြည့်လိုက်"
သုန်းရှောင်ယာလည်း ယဲ့ချန်းကို လက်ညှိုးထိုးပြလိုက်သည်။ ကျန်းမော့ခမျာ လူအုပ်ကြားထဲတွင် ရပ်နေသော ယဲ့ချန်းကိုမြင်လိုက်ရပြီးနောက် အံ့ဩမှင်တက်သွားလေတော့သည်။
စစ်ယူနီဖောင်းဝတ်ထားသော ယဲ့ချန်းက ဘက်လိုက်မှုကင်းပြီး တင်းမာခက်ထန်သော မျက်နှာအမူအရာဖြင့် မတ်တတ်ရပ်နေချေသည်။ နက်မှောင်သော မျက်ဝန်းတစ်စုံကလည်း ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော တောက်ပမှုတစ်ခု လင်းလက်နေသည်။
ဤအရှိန်အဝါမှာ သူ့ဇာတ်ကောင်ကျန်းယောင်ရှန်းနှင့် ချွတ်စွပ်ပင်။
ဟင်း!
ကျန်းမော့ ပင့်သက်ရှိုက်လိုက်မိ၏။
ဟွားနိုင်ငံထဲရှိ နာမည်ကြီးဒါရိုက်တာတစ်ယောက်အနေနှင့် ထိပ်တန်းစတားများစွာနှင့် သူ အလုပ်တွဲလုပ်ခဲ့ဖူးသည်။ အထူးသဖြင့် သူလျှိုဒရမ်မာဇာတ်လမ်းများတွင် ထူးချွန်ထက်မြက်လှသော သရုပ်ဆောင်များစွာကို သူ ကြုံဖူးသည်။
သို့သော် ယဲ့ချန်းထုတ်လွှတ်နေသော အရှိန်အဝါမှာမူ အလွန်စစ်မှန်လှ၏။ ကျန်းယောင်ရှန်းဟူသော အစ်ကိုလျိုကိုယ်တိုင် သူ့ရှေ့တွင် မားမားမတ်မတ်ရပ်နေသည့်အလားပင်။
သူသာ သင့်ကိုသတ်ချင်ပါက သင်လည်း သူ့လက်ထဲတွင် မုချသေဆုံးရမည်သာ။
သူသာ သင့်ကို ညီအစ်ကိုတစ်ယောက်ဟု သတ်မှတ်ထားလျှင် သင့်အတွက် သူ့အသက်ကိုပင် လိုလိုလားလား ပေးဆပ်လိမ့်မည်။
ယဲ့ချန်းမှာ သရုပ်ဆောင်ပြနေရန်ပင် မလိုချေ။ သူသည် ပင်ကိုအတိုင်းပင် "စွန်"ဇာတ်ညွှန်းထဲရှိ သတ္တိရော ဉာဏ်ပညာပါပြည့်စုံပြီး ဆုံးဖြတ်ချက်ပြတ်သားကာ ရဲရင့်သောစိတ်ဓာတ်ရှိသည့် အမျိုးသားဇာတ်ဆောင်နှင့် ကိုက်ညီနေပေသည်။
ဤအရှိန်အဝါမျိုးမှာ လိုက်တုပရန် ခက်ခဲလှသည်။ အတွေ့အကြုံရင့်သော သရုပ်ဆောင်တစ်ယောက်အတွက်ပင် မလွယ်ကူပေ။ သို့သော် ယဲ့ချန်းအဖို့တော့ သရုပ်ဆောင်နေရန်ပင် မလိုအပ်ချေ။ သူ့ပုံစံလေးအတိုင်းပင် ထပ်တူကျနေပေသည်။
ယဲ့ချန်းလည်း ကျန်းမော့နှင့် အကြည့်ချင်းဆုံမိသွားသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် ကျန်းမော့တစ်ယောက် ယဲ့ချန်းနှင့် အပြန်အလှန်စိုက်ကြည့်နေမိတော့သည်။
ထို့နောက် သူ့နှလုံးခုန်သံများ မြန်ဆန်လာသလို ခံစားလိုက်ရ၏။ ထိုမျက်ဝန်းတစ်စုံမှာ သွေးဆာရက်စက်မှုများဖြင့် ပြည့်နှက်နေလေရာ သူ့ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထစေသည်။
ဟား!
ကျန်းမော့ခမျာ ထိတ်လန့်မှုပြေပျောက်စေရန်အတွက် ပင့်သက်ရှိုက်လိုက်ရသည်။ ယဲ့ချန်း သူ့အားကြည့်လိုက်သော အကြည့်မှာ စင်စစ်လွှမ်းမိုးနိုင်စွမ်းကြီးမားလှသည်။
ယဲ့ချန်း၏အကြည့်မှာ နက်နဲပြီး ရှုပ်ထွေးပွေလီကာ ခန့်မှန်းရလည်းခက်သလို အနည်းငယ်ကြောက်စရာလည်း ကောင်းလှသည်။
ဤအဖြစ်ကြောင့် ဇာတ်ကောင်ကျန်းယောင်ရှန်းကိုယ်တိုင် သူ့ရှေ့တွင် သက်ရှိထင်ရှားမတ်တတ်ရပ်နေသလို ခံစားလိုက်ရ၏။
နာမည်ကြီးဒါရိုက်တာတစ်ယောက်အနေနှင့် သူ လူပေါင်းများစွာကိုမြင်ဖူးသော်ငြား ယခုလိုခံစားချက်မျိုးကိုတော့ ယခင်က တစ်ခါမှ မခံစားခဲ့ရဖူးပေ။
သူ့အား ပို၍ထိတ်လန့်သွားစေသော အရာမှာ ဤလူငယ်လေးက အသက်နှစ်ဆယ်မျှသာ ရှိသေးသည်ဟူသော အချက်ပင်။ သူ့တွင် ယခုလိုအရှိန်အဝါမျိုး ဘယ်လိုလုပ်ပြီးပိုင်ဆိုင်ထားလေသလဲ။
"ဒါရိုက်တာကျန်း.. ရှင် ဘယ်လိုသဘောရလဲ"
"ငါတို့ လီသုန်းကို စောင့်နေစရာမလိုတော့ဘူး။ သူကမှ အဓိကဇာတ်ဆောင်မင်းသားပဲ"
ဤသို့ဖြင့် ကျန်းမော့လည်း သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ပြီး ယဲ့ချန်းဆီသို့ ချဉ်းကပ်သွားလိုက်သည်။
••••••••••••••