ဇာတ်ညွှန်းအကြောင်း ဆွေးနွေးခြင်း
Vol. 2 Ch. 27
"မင်္ဂလာပါ။ ကျုပ်နာမည်က ကျန်းမော့ပါ။ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာလေ။ မင်းက ရိုက်ကူးရေးအဖွဲ့သားထဲကလား"
ယဲ့ချန်းကိုမြင်လိုက်ရပြီးနောက် အားတက်သရောလက်ဆွဲနှုတ်ဆက်နေသော ကျန်းမော့မှာ အလွန်စိတ်အားထက်သန်နေဟန်ပင်။
"မင်္ဂလာပါ..ကျွန်တော်က ဒီက ရိုက်ကူးရေးအဖွဲ့သားမဟုတ်ပါဘူး။ ကျွန်တော့်နာမည်က ယဲ့ချန်း။ သုန်းရှောင်ယားရဲ့မိတ်ဆွေပါ"
ယဲ့ချန်းကလည်း ယဉ်ယဉ်ကျေးကျေးပြန်ဖြေလိုက်၏။
ကျန်းမော့က ယဲ့ချန်းအပေါ် အလွန်နွေးထွေးပျူငှာနေသည်ကို မြင်သဖြင့် လူတိုင်း အံ့ဩမှင်တက်ကုန်ကြသည်။
အစောပိုင်းတုန်းက ယဲ့ချန်းက မျက်နှာထားကို ခပ်တည်တည်လုပ်နေသဖြင့် အားလုံး ကြက်သီးထနေခဲ့ကြရသည်။
ယဲ့ချန်း၏ မျက်နှာထက်၌ အပြုံးတစ်ပွင့် ပေါ်ပေါက်လာသောအခါ သူ့အရှိန်အဝါလည်း ပျောက်ကွယ်သွားသဖြင့် လူတိုင်း သက်မချလိုက်မိကြသည်။
"မင်းလည်း ကျိုတိုရုပ်ရှင်ကျောင်းကနေ ဘွဲ့ရခဲ့တာလား"
ကျန့်မော့ သိချင်စိတ်ဖြင့် မေးလိုက်မိသည်။
အစောတုန်းက ယဲ့ချန်း၏ အပြုအမူက အလွန်လက်တွေ့ဆန်လှသည်။ အထူးသဖြင့် သူ့ဆွဲဆောင်မှုနှင့် အကြည့်တို့မှာ အတွေ့အကြုံနှစ်ပေါင်းများစွာရှိသော ဝါရင့်သရုပ်ဆောင်တစ်ယောက်ပင် လိုက်မမီချေ။
ယဲ့ချန်းတွင် အမျိုးသားဇာတ်ဆောင်၏ အရှိန်အဝါများ လွှမ်းခြုံနေဟန်ပင်။ ထိုကဲ့သို့သော အရှိန်အဝါမျိုးမှာ ဝါရင့်သရုပ်ဆောင်မဟုတ်ပါက သာမန်လူများအနေနှင့် မလုပ်နိုင်သောအရာတစ်ခုပင်။
မူလကတော့ ထိုဇာတ်ကောင်အတွက် စွင်းပေါ်ဟုခေါ်သော နာမည်ကြီးလူငယ်သရုပ်ဆောင်တစ်ယောက်ကို ကျန်းမော့ ရွေးချယ်ထားသည်။
စွင်းပေါ်၏ သရုပ်ဆောင်ချက်က ပြီးပြည့်စုံမှုမရှိပါဘဲ ဟန်ပိုတတ်သဖြင့် ကျန်းမော့ အားမလိုအားမရဖြစ်နေရသည်မှ ကြာလှလေပြီ။
ယခု ယဲ့ချန်းက ဤနေရာမှာရပ်နေသည့်အတွက် သူ့အား သေချာပေါက်သုံးမည်ဟု ကျန်းမော့ ဆုံးဖြတ်ချက်ချထားလိုက်ပြီဖြစ်၏။
စွင်းပေါ်နှင့်သာဆိုလျှင် ဤဒရမ်မာက ရိုမန့်တစ်အိုင်ဒေါစီးရီးတစ်ခုသာ ဖြစ်နေလိမ့်မည်။ သို့သော် ယဲ့ချန်းနှင့်သာရိုက်ပါက ဂန္ဒဝင်လက်ရာတစ်ခု ဖြစ်နိုင်သည်။
"ကျွန်တော်က သရုပ်ဆောင်လည်းမဟုတ်သလို သရုပ်ဆောင်ပညာလည်း မသင်ဖူးပါဘူး။ တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။
"သရုပ်ဆောင်မဟုတ်ဘူးလား။ တက္ကစီဒရိုင်ဘာတဲ့လား"
ကျန်းမော့၏မျက်နှာထက်တွင် စိတ်ပျက်သွားလေဟန် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
သရုပ်ဆောင်ပိုင်းဆိုင်ရာ လေ့ကျင့်ထားဖူးခြင်းမရှိပါက ရုတ်တရက်ကြီး ဇာတ်ဆောင်မင်းသားနေရာကို ပေးလိုက်ရန်မှာ စွန့်စားရာကျလွန်းသည်။
သုန်းရှောင်ယာက ဝင်ပြောလာလေသည်။
"ဒါရိုက်တာကျန်း.. ယဲ့ချန်းက ဝတ်စုံတောင် လဲဝတ်ပြီးပြီဆိုမှတော့ ကျွန်မတို့ သူ့ကို စမ်းပြီး သရုပ်ဆောင်ကြည့်ခိုင်းလိုက်ကြမယ်လေ။ အဆင်ပြေမပြေ စစ်ဆေးကြရအောင်"
ကျန်းမော့က ယဲ့ချန်းကို ကြည့်လိုက်မိသည်။
"မစ္စတာယဲ့...မင်းကို ကျုပ်တို့ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ခုနဲ့ တော်တော်ကိုက်ညီတယ်လို့ ခံစားမိလို့။ မင်း ကြိုးစားကြည့်ချင်လား"
ယဲ့ချန်းက ထိုစကားကိုကြားလိုက်ရချိန်မှာ အသာအယာခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လည်း အားနေတာပဲဆိုတော့ စမ်းကြည့်တာပေါ့"
"ဒီလိုလုပ်ရင်ရော.. မင်း ဇာတ်ညွှန်းကို အရင်ကြည့်ကြည့်လိုက်"
ကျန်းမော့ အကြံပြုလိုက်လေသည်။
"ရတယ်လေ"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလျက် သဘောတူလိုက်၏။
ထိုအချိန်တွင် ဝန်ထမ်းတစ်ယောက်က အနားသို့ ချဉ်းကပ်လာသည်။
"ဆရာယဲ့ ဒါက ခင်ဗျားဇာတ်ညွှန်းပါ"
ကျန်းမော့ထံမှ အာရုံစိုက်ခံနေရသောကြောင့် ယဲ့ချန်းက အမျိုးသားဇာတ်ဆောင်ဖြစ်လာနိုင်ခြေရှိသည့်အပြင် သူ၏ပင်ကိုသြဇာအရှိန်အဝါနှင့်ပါ ပေါင်းလိုက်သောအခါ ဝန်ထမ်းများလည်း အလိုလိုလေးစားစိတ်ဝင်သွားသည်။
ထို့ကြောင့် ဝန်ထမ်းများက ယဲ့ချန်းကို "ဆရာ"ဟုပင် တပ်ခေါ်လိုက်ခြင်းပင်။
"ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းကလည်း ဇာတ်ညွှန်းကိုယူလိုက်၏။
ထိုအခါ သုန်းရှောင်ယာက ပြောလာလေသည်။
"ယဲ့ချန်း..ကျွန်မအခန်းထဲကိုသွားပြီး ဇာတ်ညွှန်းသွားကျက်နေလိုက်လေ။ အဲဒီမှာ ပိုတိတ်ဆိတ်တယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်ပြီးနောက် သုန်းရှောင်ယာနှင့်အတူ အခန်းထဲသို့ လိုက်သွားလေသည်။
သုန်းရှောင်ယာက ပြောလာပြန်သည်။
"ကျွန်မ အရင်သွားရိုက်လိုက်ဦးမယ်။ ရှင် ဇာတ်ညွှန်းကိုအရင်ကြည့်နေလိုက်ဦးပေါ့။ ကံကောင်းပါစေ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ဇာတ်ညွှန်းကိုကောက်ကိုင်လိုက်သည်။
"စွန်"ဒရမ်မာသည် ယဲ့ချန်း ယခင်ဘဝတုန်းက ကြည့်ခဲ့ဖူးသော ဇာတ်လမ်းတစ်ခုဖြစ်၏။
သို့သော် ဤဇာတ်ညွှန်းမှာ သူ့ယခင်ဘဝတုန်းက ဇာတ်ညွှန်းနှင့် သိပ်မတူပေ။
ယလင်ဘဝတုန်းက ဇာတ်ညွှန်းမှာ ဇာတ်လိုက်ကျန်းယောင်ရှန်းက ဟွားနိုင်ငံထဲရှိ ပါတီနှစ်ခုအကြား လှည့်ကွက်ဆင်၍ သူ့သရုပ်မှန်ကို ဖုံးကွယ်ထားသည့်အတွက် ရဲဘော်ရဲဖက်များထံမှ အထင်လွဲခံရခြင်းကို သည်းခံကာ ပြောက်ကျားသတ်ဖြတ်ရေးစာရင်းထဲမှာပါ အထည့်ခံခဲ့ရသော်လည်း ကိုယ်ကျိုးစွန့်ကာ ပါတီအဖွဲ့အစည်းမှ ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်။
သို့သော် သူ့လက်ထဲရှိ ဇာတ်ညွှန်းကတော့ ရိုးရှင်းလှသည်။ သူ့ပြိုင်ဘက်များကသာ အဓိကရန်သူများဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်ကလည်း အားပြိုင်မှုသိပ်မရှိပေ။
ယခင်"စွန်"ဇာတ်လမ်းက ဂန္ဒဝင်ဇာတ်လမ်းတစ်ခုဟု သတ်မှတ်ခံထားရသည့်အကြောင်းအရင်းမှာ ဇာတ်လိုက်၏စရိုက်လက္ခဏာနှင့်ပတ်သက်ပြီး အားပြိုင်မှုရှိနေသောကြောင့်ပင်။
ဇာတ်လိုက်က စစ်တပ်ထဲရှိ ထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်ပြီး သူ၏ရက်စက်ကြမ်းကြုတ်မှုနှင့် အညှာအတာကင်းမဲ့မှုကြောင့် နာမည်ကြီးသော်လည်း တကယ်တမ်းမှာတော့ သူသည် စစ်တပ်ထဲတွင် ပုန်းအောင်းနေသော "စွန်"ဟူသော ကွန်မြူနစ်အေးဂျင့်တစ်ယောက်ဖြစ်၏။
ထက်ရှနေသော ဓားသွားတစ်ခုနှယ် ရန်သူ၏နှလုံးသားကို အရေးကြီးသောအခိုက်အတန့်လေးမှာ ခပ်ပြင်းပြင်းထိုးနှက်နိုင်ဖို့အတွက် ကျန်းယောင်ရှန်းအနေနှင့် စစ်တပ်ထဲတွင် အစ်ကိုလျိုဟု အသွင်ယူရမည်ဖြစ်၏။ ၎င်းမှာ လူတိုင်းသတ်ချင်နေကြသော ပုဂ္ဂိုလ်တစ်ယောက်ပင်။
ဤဇာတ်လမ်းထဲတွင် ဇာတ်လိုက်ဖြစ်သူက ချောချောမွေ့မွေ့လုပ်ဆောင်နိုင်ခဲ့ပြီး အခက်အခဲများကို အောင်မြင်စွာကျော်လွှားခဲ့သဖြင့် ဇာတ်လမ်းဇာတ်ကွက်ကလည်း ဒဏ္ဍာရီလာအရည်အသွေးတစ်ခုကို ပေးစွမ်းနေချေသည်။
ဇာတ်ညွှန်းကို မြင်လိုက်ရသောအခါ ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဤဇာတ်ညွှန်းမှာ ပြီးပြည့်စုံမှုမရှိပေ။ ထို့ကြောင့် ယဲ့ချန်းလည်း ခဏမျှတွေးတောကြည့်ပြီးနောက် မတ်တတ်ထရပ်၍ အပြင်သို့ ထွက်လာခဲ့လိုက်သည်။
ဝန်ထမ်းတစ်ယောက်က အပြင်ထွက်လာခိုက် ယဲ့ချန်းကိုမြင်လိုက်ရသည့်အခါ ကပျာကယာမေးကြည့်လိုက်သည်။
"ဆရာယဲ့.. လိုအပ်တာတစ်ခုခုရှိလို့လား"
"ဪ.. ဒါရိုက်တာကျန်းက ဘယ်မှာလဲ"
"ဒါရိုက်တာကျန်းက ခုနကပဲ ရိုက်ကူးရေးလုပ်နေတာ။ အခုလောက်ဆိုရင် သူ့အခန်းထဲမှာ ဇာတ်ညွှန်းသွားဖတ်နေတာဖြစ်မယ်။ ရှင် သူ့ကိုသွားရှာချင်ရင် ကျွန်မလိုက်ပို့ပေးမယ်လေ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ထိုဝန်ထမ်းလေး၏အနောက်မှလိုက်၍ ကျန်းမော့၏အခန်းသို့ ထွက်လာခဲ့လိုက်သည်။
သူ တံခါးခေါက်လိုက်သောအခါ ကျန်းမော့၏အသံက အထဲမှ ထွက်ပေါ်လာသည်။
"ဝင်ခဲ့"
ယဲ့ချန်းလည်း အထဲသို့ ဝင်လာခဲသည်။ ကျန်းမော့က ယဲ့ချန်းကိုမြင်လိုက်ရချိန်ဝယ် တဒင်္ဂမျှလန့်ဖျပ်သွားရသည်။
"ယဲ့ချန်း.. ဇာတ်ညွှန်းက ပြဿနာတစ်ခုခုရှိလို့လား"
"ဟုတ်တယ်။ ကျွန်တော် ခင်ဗျားနဲ့ ဇာတ်ညွှန်းကိစ္စဆွေးနွေးချင်လို့လာခဲ့တာ"
ယဲ့ချန်းလည်း ထိုသို့သာပြောလိုက်သည်။
"ဇာတ်ညွှန်းအကြောင်း ဆွေးနွေးမှာလား။ ရတာပေါ့။ ထိုင်ပါဦး"
ကျန်းမော့ကလည်း နွေးထွေးပျူငှာစွာဖိတ်ခေါ်လေသည်။
ယဲ့ချန်း ပြောလိုက်၏။
"ဒါရိုက်တာကျန်း.. ကျွန်တော့်အထင်တော့ ဒီဇာတ်ညွှန်းက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့ သူလျှိုဇာတ်လမ်းတစ်ပုဒ်ဆိုပေမဲ့ ဇာတ်လိုက်ရဲ့ဘဝက တအားလွယ်ကူနေပြီး အခက်အခဲတွေလည်း သိပ်မရှိဘူးဖြစ်နေတယ်။ ဒီတော့ ဇာတ်ကောင်တိုးတက်မှုကိုလည်း တားဆီးထားတယ်"
"ကျန်းယောင်ရှန်းက ရန်သူ့တပ်ထဲက အဆင့်မြင့်အေးဂျင့်တစ်ယောက်လေ။ အဖမ်းခံထားရတဲ့ ရဲဘော်ရဲဘက်တွေကို သူ လွယ်လွယ်လေးကယ်နိုင်တယ်ဆိုရင် ရန်သူတွေကလည်း တအားညံ့နေသလို ပုံပေါက်သွားပြီး ဒဏ္ဍာရီဆန်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တော့မှာမဟုတ်ဘူး"
"တကယ်ဆိုရင် ကောက်ကျစ်စဉ်းလဲတဲ့ရန်သူတစ်ယောက်နဲ့ရင်ဆိုင်ရရင် သူလည်း ရဲဘော်တွေအသတ်ခံရတာကို ကြည့်ရင်း ကူကယ်ရာမဲ့သလို ခံစားရမယ်။ တစ်ခါတလေကျရင် သူ့ရဲဘော်ရဲဘက်တွေကိုတောင် သတ်ချင်သတ်ရလိမ့်မယ်။ ဒါပေမဲ့ ရန်သူကို အရေးကြီးတဲ့အခိုက်အတန့်ကျမှ ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုပေးဖို့ဆိုရင် သူ့အနေနဲ့ ဂုဏ်သရေညှိုးနွမ်းတဲ့ကိစ္စတွေကိုလည်း သည်းခံရမယ်။ ရဲဘော်ရဲဘက်တွေကတောင် သေစေချင်နေတဲ့ လူတစ်ယောက်ဖြစ်လာရမယ်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ကျန်းမော့၏အမူအရာကို ကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ကျန်းမော့သည် ဟွားနိုင်ငံရှိ နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်ပြီး သူကတော့ တက္ကစီဒရိုင်ဘာတစ်ယောက်သာဖြစ်၏။
ကျန်းမော့ကသာ သူ့စကားများကို အရေးမပါဘူးဟု ထင်လျှင် ဆက်ပြောနေစရာမလိုတော့ပေ။
သို့သော် ကျန်းမော့က စိတ်ရင်းအမှန်ဖြင့် သေချာနားထောင်ရင်း နာခံတတ်သော ကျောင်းသားတစ်ယောက်နှယ် ဆက်တိုက်ခေါင်းတညိတ်ညိတ်လုပ်နေချေသည်။
"တကယ်တော့ ကျုပ်လည်း ဒီပြဿနာကို သတိထားမိတယ်။ ဒါပေမဲ့ ဇာတ်လမ်းကို ဘယ်လိုပြုပြင်ရမလဲဆိုတာကို အမြဲအခက်တွေ့နေတာ"
"ဒါရိုက်တာကျန်း.. ကျန်းယောင်ရှန်းနဲ့ တိုက်ရိုက်ပတ်သက်မှုရှိတဲ့ ရဲဘော်ရဲဘက်က အဖမ်းခံရပြီး သူတို့ကိုယ်သူတို့ စတေးလိုက်ရင် ကျန်းယောင်ရှန်းလည်း သူ့သရုပ်မှန်ကို ဆုံးရှုံးသွားမယ်။ တစ်ဖက်မှာလည်း ရန်သူကို ရင်ဆိုင်ရင်း တစ်ဖက်မှာလည်း ပြောက်ကျားတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေမယ်။ ဒီလိုအန္တရာယ်အကြီးကြီးကြားမှာ သူ အသက်ရှင်အောင် ကြိုးစားနေရတာမျိုးဆိုရင် ဇာတ်လမ်းက ပိုစိတ်လှုပ်ရှားဖို့ ကောင်းမသွားဘူးလား"
ယဲ့ချန်းက သူ့အမြင်ကို ထပ်ဖြည့်ပြောလိုက်သည်။
ယဲ့ချန်း၏စကားအဆုံးတွင် ကျန်းမော့ခမျာ အံ့အားသင့်သွားလေသည်။ ဤသည်မှာ သူ လိုချင်နေခဲ့သော ခံစားချက်မျိုးပင်။ ယဲ့ချန်း၏စကားများက သူ့စိတ်ကို အလင်းဖွင့်ပေးလိုက်သည့်အလားပင်။
စင်စစ်တွင် ဇာတ်လိုက်က သေရေးရှင်ရေးအကျပ်အတည်းကြား ကျရောက်နေမှသာ ဇာတ်လမ်းက ပိုစိတ်လှုပ်ရှားဖို့ကောင်းမည်ဖြစ်၏။ ဤဇာတ်ညွှန်းကို သူ ပထမဆုံးအကြိမ်မြင်လိုက်ရစဉ်က သိပ်ကျေနပ်မှုမရှိခဲ့ချေ။ ဇာတ်ညွှန်းထဲတွင် တစ်ခုခုလိုအပ်နေသလို တစ်ချိန်လုံးခံစားခဲ့ရသည်။
သူလျှိုဒရမ်မာတစ်ခု၏အနှစ်သာရ ဘာလဲ။ ဇာတ်လိုက်က အန္တရာယ်များပြီး စိတ်လှုပ်ရှားဖို့ကောင်းသော ပတ်ဝန်းကျင်တစ်ခုတွင် ရှင်သန်နေရခြင်းပင်။
ယခင်က ကျန်းမော့အနေနှင့် ဤဒရမ်မာကို မျှော်လင့်ချက်များများစားစားမထားခဲ့ပေ။ သာမန်ကြည့်ရှုနှုန်းလောက် ရဖို့သာ မျှော်မှန်းထားခဲ့သည်။
သို့သော် ယဲ့ချန်း၏ ဇာတ်ညွှန်းအပြောင်းအလဲကြောင့် ဤဒရမ်မာက အလွန်နာမည်ကြီးလာနိုင်ကြောင်း သူ ခံစားလိုက်မိသည်။
ရန်သူများ၏မျက်လုံးထဲတွင် ယုံကြည်မှုအပြည့်ရှိပြီး ပြိုင်ဘက်ကင်းသော စစ်တပ်ထဲမှ အစ်ကိုလျှိုက သူလျှိုတစ်ယောက်ဟု မည်သူကများ ထင်လိမ့်မည်နည်း။
ရဲဘော်ရဲဘက်များထံမှ သွေးအေးရက်စက်သည်ဟု အထင်ခံနေရပြီး ခပ်မြန်မြန်သေသွားဖို့ မျှော်လင့်နေသူက သူတို့ဘက်တော်သားတစ်ယောက်ဖြစ်ကြောင်း မည်သူက ထင်မည်နည်း။
ယဲ့ချန်းပြောင်းလဲပေးလိုက်သော ဇာတ်လိုက်၏စရိုက်သဘာဝကို ကျန်းမော့ နက်နက်ရှိုင်းရှိုင်း အထင်ကြီးမိသည်။
•••••••••••••••