← Chapters

ကြည့်ရှုသူအားလုံးကို ထိတ်လန့်သွားစေသော သရုပ်ဆောင်ချက်

Vol. 2 Ch. 28

ကြည့်ရှုသူအားလုံးကို ထိတ်လန့်သွားစေသော သရုပ်ဆောင်ချက်

Vol. 2 Ch. 28

ကျန်းမော့မှာ မတ်တတ်ထရပ်၍ ယဲ့ချန်းကို အရိုအသေပေးလိုက်သည်။

"ဆရာယဲ့.. မင်းရဲ့ပြင်ဆင်မှုကြောင့် ဇာတ်ညွှန်းက အရမ်းကောင်းသွားပြီ။ လက်ရာမြောက်သွားအောင် နောက်ဆုံးအပိုင်းအစလေးကို ထပ်ဖြည့်လိုက်သလိုပဲ"

တကယ်တမ်းတွင် ဇာတ်ညွှန်း၌ ပြဿနာတစ်စုံတစ်ရာရှိကြောင်း ကျန်းမော့လည်း သိသည်။ သို့သော် ရက်ပေါင်းများစွာစဉ်းစားပြီးနောက် ထိုအရာကို မည်သို့ပြန်ပြင်ရမလဲဆိုသည်ကို သူမသိချေ။

ယဲ့ချန်းကတော့ ဇာတ်ညွှန်းကို တစ်ကြိမ်မျှသာဖတ်ပြီး အသက်ဝင်လာအောင် လုပ်ပေးနိုင်ခဲ့သည်။

"ဒါရိုက်တာကျန်း… မြှောက်လွန်းနေပါပြီဗျာ။ ကျွန်တော်က ဇာတ်ညွှန်းနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်ကို ဒီအတိုင်းမျှဝေလိုက်တာပါ"

ယဲ့ချန်းခမျာ ကျန်းမော့ကို ခပ်မြန်မြန်ပြေးထူပေးလိုက်ရဿည်။ မည်သို့ပင်ဖြစ်စေ ဤလူမှာ ကမ္ဘာပေါ်ရှိ ထိပ်တန်းဒါရိုက်တာများထဲမှ တစ်ယောက်ဖြစ်၏။

တကယ်တော့ ထိုဇာတ်ညွှန်းမှာ ယဲ့ချန်း၏အကြံသက်သက်မဟုတ်ပေ။ သူသည် ယခင်ဘဝတုန်းက သူ့မှတ်ဉာဏ်များကို ဒါရိုက်တာကျန်းအား ပြောပြပေးခဲ့ခြင်းပင်။

"ဆရာယဲ့.. မင်းရဲ့လမ်းညွှန်မှုနဲ့ ကျုပ် အများကြီးသင်ယူလိုက်ရတယ်။ ဒါက ကျုပ်ရဲ့ရိုက်ကူးရေးအတွက်တော့ အများကြီးအကျိုးရှိတယ်။ ဒီလိုလုပ်ကြတာပေါ့။ ကျုပ် မင်းကို အကြံပေးခအနေနဲ့ တစ်သန်းပေးမယ်လေ။ ဘယ်လိုသဘောရလဲ"

ကျန်းမော့က စိတ်ရင်းအမှန်ဖြင့် ပြောလိုက်ခြင်းဖြစ်၏။

ယဲ့ချန်းကတော့ ခေါင်းခါပြလိုက်သည်။

"ပိုက်ဆံက အရေးမကြီးပါဘူး။ ကျွန်တော်က ရိုက်ကူးရေးဘက်ကို စိတ်ဝင်စားမိရုံပါ။ ကျွန်တော့်ရဲ့အဓိကအလုပ်က တက္ကစီမောင်းဖို့လေ။ ဖြစ်နိုင်မယ်ဆိုရင် ဆရာကျန်း.. ကျွန်တော့်ကို နောက်မှ အကူအညီပေးလို့ရတာပဲ"

"တက္ကစီမောင်းတာလား"

ကျန်းမော့ခမျာ တဒင်္ဂမျှ ကြက်သေသေသွားရသည်။ သို့သော် ယဲ့ချန်းတွင် ပိုက်ဆံမချို့တဲ့ကြောင်း သူနားလည်ထားသည်။ တက္ကစီမောင်းခြင်းပင်ဖြစ်စေ ရုပ်ရှင်ရိုက်ကူးခြင်းပင်ဖြစ်စေ သူ့အတွက်တော့ အပျော်သက်သက်သာ။

ထို့ပြင် ယဲ့ချန်းက တော်ဝင်မြို့ထဲရှိ တော်ဝင်မင်းသားစံအိမ်တော်တွင် နေထိုင်ကြောင်း သူသိထားသည်။ သို့ဖြစ်လေရာ သူက ပိုက်ဆံချို့တဲ့စရာ ရှိပါဦးမည်လား။

"ဒီလိုလုပ်ရင်ရော.. ငါက မင်းထက် အသက်ကြီးတယ်ဆိုတော့ မင်း ငါ့ကို အစ်ကိုကျန်းလို့ခေါ်လို့ရတယ်။ ဘယ်လိုသဘောရလဲ"

"ရတာပေါ့"

ယဲ့ချန်းလည်း ပေါ့ပေါ့ပါးပါးပင် သဘောတူလိုက်သည်။

"ငါ ဇာတ်ညွှန်းကိုအရင်ပြင်လိုက်ဦးမယ်။ မင်းက အဆင်သင့်ပြင်ထားလိုက်။ ပြီးမှ ငါတို့ လူတွေ့စစ်ဆေးမှုလုပ်ကြမယ်"

ယခုမူ ယဲ့ချန်း ဤဇာတ်ရုပ်ကို မည်သို့သရုပ်ဆောင်မလဲဆိုသည်ကို သူ ပိုမျှော်လင့်နေမိတော့သည်။

"ကောင်းပါပြီ"

ယဲ့ချန်းလည်း မတ်တတ်ထရပ်၍ မိတ်ကပ်လိမ်းရန်အတွက် လက်ထောက်လေး၏အနောက်မှ လိုက်သွားလေသည်။ အဝတ်လဲခန်းထဲမှ သူ ထွက်လာသောအခါ လူတိုင်းက တအံ့တဩဖြင့် သူ့အား ဝိုင်းကြည့်နေကြ၏။

နေကာမျက်မှန်၊ သားမွေးစစ်တပ်ကုတ်အင်္ကျီ၊ လက်အိတ်အဖြူရောင်နှင့် စစ်တပ်ဦးထုပ်ဆောင်းထားသော ယဲ့ချန်းမှာ အလွန်ခန့်ညားချောမောနေပေသည်။

"ဝိုး.. သူက ငါဖတ်ထားတဲ့ဝတ္ထုထဲက ကျန်းယောင်ရှန်းနဲ့ ချွတ်စွပ်ပဲ"

"ဟုတ်တယ် သူ့ကိုကြည့်ရတာ ကျန်းယောင်ရှန်းအသက်ဝင်လာသလို ခံစားရတယ်"

"အဲဒီအရှိန်အဝါနဲ့သာဆိုရင် ဘာမှသရုပ်ဆောင်နေစရာတောင်မလိုဘူး"

ယဲ့ချန်းကိုကြည့်ရင်း အားလုံး အံ့ဩထိတ်လန့်နေကြသဖြင့် သူ့သရုပ်ဆောင်ဟန်ကို ပို၍ပင် မျှော်လင့်စောင့်စားမိသည်။

"အဖွဲ့အားလုံး ရိုက်ကူးဖို့အသင့်ပြင်ကြ"

ရိုက်ကူးရေးအဖွဲ့ထဲတွင်တော့ လူတိုင်း အလုပ်များကုန်ကြလေတော့သည်။ အလင်းရောင်၊ ရိုက်ကွင်းနောက်ခံပစ္စည်းများ၊ ကင်မရာနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့မှာ အသီးသီးနေရာယူလိုက်ကြသည်။

"ဆရာယဲ့… မင်း ဒီမှာထိုင်ပြီးရင် လျှောက်လာခဲ့လိုက်။ စစ်တပ်အရာရှိတစ်ယောက်ရဲ့ အညှာအတာကင်းမဲ့မှုမျိုးကို သရုပ်ဆောင်ရမယ်။ ပြီးတော့ ကိုယ့်ရဲဘော်ရဲဘက်တွေကို မြင်နေရတဲ့အတွက် ကူကယ်ရာမဲ့သလို ခံစားချက်တစ်မျိုးလည်းရှိနေမှာ"

ကျန်းမော့က ဇာတ်ဝင်ခန်းအကြောင်း ယဲ့ချန်းကို ရှင်းပြလိုက်သည်။ ယဲ့ချန်းလည်း နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။

ရိုက်ကူးရေးစတင်လေပြီ။

ထိုအချိန်လေးမှာ စနစ်ထံမှ အသံတစ်သံ ထွက်ပေါ်လာသည်။

[တင်! နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည်ကို အလိုအလျောက်အသက်သွင်းပြီးပါပြီ။ သင့်ရဲ့သရုပ်ဆောင်စွမ်းရည်က ၉၉၉၉မှတ် တိုးသွားပါပြီ]

ယဲ့ချန်းခမျာ စိတ်ထဲဗလာကျင်းသွားသလို ခံစားလိုက်ရသည်။ မှတ်ဉာဏ်များက ယဲ့ချန်း၏စိတ်အာရုံထဲသို့ အပြင်းဝင်ရောက်လာသည်။

ပထမဆုံးမှတ်ဉာဏ်ကား မီးတောက်များ၏ ဝါးမျိုခြင်းကို ခံထားရသော စစ်မြေပြင်တွင် ရန်သူ့အမြောက်တပ်ကြောင့် သူ့ရဲဘော်ရဲဘက်များ တစ်ယောက်ပြီးတစ်ယောက် တိုက်ပွဲကျကုန်သည်။

ဒုတိယမှတ်ဉာဏ်မှာ မစ်ရှင်ကို လက်ခံပြီး သူ့သရုပ်မှန်ကို ဖုံးကွယ်ကာ ရန်သူ့နှလုံးသားကို ဓားမြှောင်နှင့် ထိုးသတ်ရန်အတွက် အဖွဲ့အစည်းထံမှ ဆက်သွယ်မှုကို စောင့်ဆိုင်းနေရသည့် ဇာတ်ကွက်ပင်။

တတိယမှတ်ဉာဏ်မှာမူ သူ့မျက်စိရှေ့တွင် သူ့ရဲဘော်များ သေဆုံးနေသည့်မြင်ကွင်းကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်နေခြင်းပင်။

……

ငါက လျှို့ဝှက်ပါတီဝင်တစ်ယောက်ပဲ။ ငါ့မစ်ရှင်က ရန်သူ့နှလုံးသားကို ထိုးစိုက်မဲ့ ဓားမြှောင်တစ်လက်ဖြစ်ပေးဖို့ပဲ။ အချိန်မရွေး သေစေနိုင်တဲ့ထိုးနှက်ချက်ကို ပေးနိုင်ရမယ်။

မှတ်ဉာဏ်များက ယဲ့ချန်း၏စိတ်အာရုံထဲသို့ စီးဆင်းလာလေသည်။

ထိုအခိုက်အတန့်ဝယ် ကင်မရာများအားလုံးက ယဲ့ချန်းကို ချိန်ထားကြသည်။ သူကိုယ်တိုင်လည်း ရန်သူ့တပ်ထဲတွင် ပုန်းအောင်းနေသော ဒရမ်မာထဲမှ ဇာတ်ကောင်အစ်ကိုလျိုဖြစ်သွားဟန်ပင်။

ခဏအတွင်းမှာပင် ယဲ့ချန်းသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာသည်။

ရိုက်ကူးရေးအဖွဲ့သားများအားလုံး အကြောင်သားဖြစ်သွားရသည်။

ယဲ့ချန်း၏အကြည့်မှာ အေးစက်ပြီး အညှာအတာကင်းမဲ့လေရာ အကြည့်တစ်ချက်တည်းနှင့်ပင် ကြက်သီးတဖြန်းဖြန်းထစေသည်။

ထိုအချိန်လေးမှာ သူတို့အားလုံး နှလုံးသားကင်းမဲ့သော စစ်တပ်အရာရှိတစ်ယောက်ကို မြင်နေရသလို ခံစားလိုက်ရ၏။

ဤသည်မှာ ရိုက်ကူးရေး၏ ပထမဆုံးဇာတ်ကွက်ဖြစ်ပြီး အန္တရာယ်အငွေ့အသက်များရှိသော စစ်ကြောရေးခန်းထဲတွင် အမျိုးသမီးလျှို့ဝှက်စစ်ဆင်ရေးဝန်ထမ်းက စစ်ကြောမေးမြန်းနေသည့်တိုင် သစ္စာဖောက်ရန် ငြင်းဆိုနေပေသည်။

ထိုအချိန်မှာပင် ကျန်းယောင်ရှန်းအဖြစ် သရုပ်ဆောင်နေသော ယဲ့ချန်းက အထဲသို့ဝင်လာခဲ့သည်။

ကျန်းမော့ခမျာ ဖန်သားပြင်ကို မမှိတ်မသုန်စိုက်ကြည်ရင်း အသက်ပင်ရဲရဲမရှူနိုင်ဘဲ ယဲ့ချန်းကို စောင့်ကြည့်နေမိသည်။

စစ်ဝတ်စုံဝတ်ထားသည့် ကျန်းယောင်ရှန်းက ထိုအမျိုးသမီးသူလျှိုဆီသို့ တစ်လှမ်းချင်းလှမ်းလာပြီး ခြေတစ်ဖက်ကိုထောက်ချလျက် ငုံ့ကိုင်းလိုက်သည်။

စိတ်ချောက်ချားဖွယ်ကောင်းသော အသံတစ်သံက ယဲ့ချန်း၏ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။

"နောက်တစ်ကြိမ်အခွင့်အရေးထပ်ပေးထားတဲ့ စေတနာရှိတဲ့လူတစ်ယောက်နဲ့တွေ့တာ မင်းကိုယ်မင်း ကံကောင်းတယ်လို့မှတ်ရမှာကို လက်မခံဘူးပေါ့။ ဒီလောက်ငယ်တဲ့မိန်းကလေးတစ်ယောက်က ငယ်ရွယ်မှုတွေကိုတောင် အလဟဿဖြုန်းတီးပစ်လိုက်တာပဲ။ မင်း အာဇာနည်မဖြစ်ခင် ဒါက မင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ…"

ရှိသမျှလူတိုင်း အံ့ဩမှင်တက်ကုန်ကြသည်။ ဤတင်ဆက်မှုမှာ ခြွင်းချက်မရှိ ကောင်းမွန်ပေသည်။

ဤသည်မှာ တက္ကစီဒရိုင်ဘာတစ်ယောက် မည်သို့ဖြစ်နိုင်မည်နည်း။ ဤတင်ဆက်မျိုမျိုးမှာ အတွေ့အကြုံရင့်သော သရုပ်ဆောင်တစ်ယောက်သာ လုပ်နိုင်သောအရာပင်။

ကောက်ကျစ်စဉ်းလဲပြီး လှည့်စားတတ်ကာ ညင်သာဟန်တူသော ထိုစကားလုံးများမှာ တကယ်တမ်းမှာတော့ ဒုက္ခများလှချေသည်။

တော်တော်များများလည်း ထိုဇာတ်ကွက်တွင် နစ်မြုပ်သွားရပြီး နှလုံးခုန်မြန်သွားကြသည်။

"မင်းက ငါ့ကို အနားကပ်လာစေချင်တာလား။ ဟားဟားဟား မင်းက တော်တော်ဉာဏ်များတာပဲ။ ငါ့ကိုအနားကပ်ခိုင်းပြီး သေးသေးလေးပဲဖြစ်ဖြစ် လက်စားချေဖို့ ငါ့နားရွက်ကိုကိုက်ချင်တယ်ပေါ့"

ဤသရုပ်ဆောင်ချက်ကား လက်ဖျားခါရလောက်သည်။ ယဲ့ချန်းမှာ ထိပ်တန်းစစ်တပ်အရာရှိအေးဂျင့်တစ်ယောက်၏ ရက်စက်ကြမ်းကြုတ်မှုကို ပြီးပြည့်စုံစွာ ပုံဖော်နိုင်ခဲ့သည်။ အလွန်လက်တွေ့ကျကျ သရုပ်ဆောင်ပြသွားခြင်းပင်။

လူတော်တော်များများမှာ ၎င်းကို ရုပ်ရှင်တစ်ခုဖြစ်ကြောင်းပင် မေ့သွားကြပြီး ဇာတ်လမ်းထဲ၌ စီးမြောနေ၏။ ယဲ့ချန်း၏သရုပ်ဆောင်ချက်ကို စောင့်ကြည့်နေသော ကျန်းမော့လည်း အသက်ပြင်းပြင်းရှိုက်ရှူလိုက်သည်။

သူ လောင်းကြေးထပ်တာ မှန်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ယဲ့ချန်း၏သရုပ်ဆောင်ချက်က အံ့ဩဖွယ်ကောင်းလှသည်။ ဇာတ်ကောင်စရိုက်ကို ပုံဖော်သည့်အတတ်မှာ သူ့အရိုးထဲကတိုင် အထုံပါရမီပါလာခဲ့ခြင်းဟုပင် ဆိုနိုင်လောက်သည်။

ဤရုပ်ရှင်ကို ထုတ်လွှင့်လိုက်သည်နှင့် လူတော်တော်များများ ယဲ့ချန်းကို သတိထားမိကြလိမ့်မည်ဖြစ်ကြောင်း သူ ယုံကြည်သည်။ ယဲ့ချန်းက နောင်အနာဂတ်တွင် ရုပ်ရှင်ဧကရာဇ်ဖြစ်လာမည့် လူတစ်ယောက်ပင်။

"ကတ်!

ကျန်းမော့မှာ ထပ်ကြည့်ချင်နေသေးသော်ငြား ဇာတ်ကွက်ပြီးသွားပြီဖြစ်သောကြောင့် ရွေးချယ်စရာမရှိဘဲ ရပ်ခိုင်းလိုက်ရသည်။

အဆုံးမှာတော့ လူတိုင်းလည်း ဇာတ်ကွက်ထဲမှ ပြန်ထွက်လာနိုင်ခဲ့သည်။

ထိုလူတစ်သိုက်မှာ နေရာမှာပင်‌ ကြောင်အနေကြချေသည်။ မသိပါက ဝိညာဉ်လွင့်သွားသလိုပင်။

တဒင်္ဂမှ တိတ်ဆိတ်နေပြီးနောက် ကျယ်လောင်လှသော လက်ခုပ်ဩဘာသံများ ထွက်ပေါ်လာသည်။

ယဲ့ချန်း၏သရုပ်ဆောင်ချက်မှာ အလွန်ကောင်းမွန်လှသောကြောင့် ထိုအရာကို ချီးကျူးနိုင်မည့် သင့်တော်သော စကားလုံးတစ်လုံးပင် ရှာမရချေ။ သူတို့၏ခံစားချက်ကို လက်ခုပ်တီး၍သာ ထုတ်ပြနိုင်သည်။

ထိုအခိုက်အတန့်ဝယ် ယဲ့ချန်းလည်း ဇာတ်ကောင်ထဲမှ ထွက်လာလိုက်တော့သည်။

ကျန်းမော့ကတော့ ဤစကားကိုသာ တတွတ်တွတ်ပြောနေလေသည်။

"ဆရာယဲ့.. သရုပ်ဆောင်သွားတာ ‌ကောင်းချက်ဗျာ။ မျက်လုံးရော လှုပ်ရှားမှုတွေရော လေသံရော လုံးဝပြီးပြည့်စုံတယ်"

ကျန်းမော့မှာ နှစ်ပေါင်းများစွာကြာအောင် ဝါရင့်သရုပ်ဆောင်များစွာနှင့် လက်တွဲပြီး အလုပ်လုပ်ခဲ့ဖူးသည်။ သို့သော် ယဲ့ချန်း၏သရုပ်ဆောင်ချက်ကတော့ ထိုဝါရင့်သရုပ်ဆောင်များကိုပင် ကျော်သည်။

ဟွားနိုင်ငံရှိ နာမည်ကြီးဒါရိုက်တာတစ်ယောက်အနေနှင့် ကျန်းမော့ လေးစားရသူဟူ၍ များများစားစားမရှိပေ။ သို့သော် ယဲ့ချန်း၏သရုပ်ဆောင်ချက်ကတော့ သူ့အား အထင်ကြီးသွားစေခဲ့သည်။

"အစ်ကိုကျန်း.. ခင်ဗျားကတော့ တအားမြှောက်လွန်းနေပါပြီ။ ဒါက ကျွန်တော် ပထမဆုံးအကြိမ်သရုပ်ဆောင်ဖူးတာဆိုတော့ တိုးတက်အောင်သင်ယူစရာတွေ အများကြီးရှိပါသေးတယ်"

ယဲ့ချန်းလည်း ယခုမှသာ သဘောပေါက်တော့သည်။ နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည်မှာ စင်စစ် အံ့ဖွယ်ကောင်းလှပေသည်။

သူ့ကိုယ်သူ ရုပ်ရှင်ထဲက ကျန်းယောင်ရှန်းလို ခံစားလိုက်ရပြီး သူ့ရဲဘော်များနှင့် ရင်ဆိုင်နေရသည့်တိုင် ရက်စက်ကြမ်းကြုတ်လေဟန်အမူအရာကို ပြသနေရသည့်အပြင် စက်ဆုပ်ရွံရှာဖို့ကောင်းအောင်လည်း သရုပ်ဖော်ရသည်။

စိတ်ထဲရှိ အားပြိုင်မှုနှင့် ကူကယ်ရာမဲ့မှုတို့မှာ အလွန်လက်တွေ့ဆန်လှ၏။

ကျန်းမော့ ရယ်လိုက်မိသည်။

"ယဲ့ချန်း.. ငါတို့ဇာတ်ညွှန်းကို အလုံးစုံစစ်ဆေးဖို့လိုနေပြီ။ မင်း ခဏလောက်သွားနားလိုက်လေ။ ရိုက်ကူးရေးပြန်စမဲ့အချိန်ကျရင် ငါ မင်းကို အသိပေးမယ်"

ယဲ့ချန်းလည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။

"ရပါတယ်"

သုန်းရှောင်ယာက အပြုံးမျက်နှာလေးဖြင့် ပြောလေသည်။

"ယဲ့ချန်း ရှင် ခုနတုန်းက သရုပ်ဆောင်သွားတာ အရမ်းမိုက်တာပဲ။ ရှင် တကယ်ကြီး ပထမဆုံးအကြိမ်သရုပ်ဆောင်ဖူးတာလား"

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ဟုတ်တယ်။ လိုအပ်တာတစ်ခုခုရှိရင် မင်း ငါ့ကိုသင်ပေးရမယ်နော်"

သုန်းရှောင်ယာခမျာ ယဲ့ချန်းကို မျက်စောင်းထိုးလိုက်မိတော့သည်။

"ရှင့်ကိုသင်ပေးရမှာလား? ဒါရိုက်တာကျန်းက ရှင့်သရုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ဘာပြောသွားလဲဆိုတာ မကြားဘူးလား။ ဟွားနိုင်ငံမှာ သူ့ဆီက ဒီလိုချီးကျူးခံရတဲ့သရုပ်ဆောင်ဆိုတာ သုံးယောက်ထက်မပိုဘူး။ ရှင်က အဲဒီထဲက တစ်ယောက်ပဲ"

"တကယ်လား။ ငါ အဲဒီလောက်တောင် တော်တာလား"

ယဲ့ချန်းလည်း ခပ်ယဲ့ယဲ့ရယ်မောလိုက်မိသည်။

ထို့နောက် သုန်းရှောင်ယာက ရုတ်တရက်ကြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ယဲ့ချန်း ရှင် ဒီညအားလား"

••••••••••••••

All Chapters