လက်ဖက်စိမ်းမ လမ်းကြုံလိုက်စီးခြင်း
Vol. 2 Ch. 29
ယဲ့ချန်းလည်း ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"အားပါတယ်။ မင်း ငါ့ကို ဒိတ်လုပ်ဖို့ ပြောမလို့တော့မဟုတ်ဘူးမလား"
"ဘယ်ဟုတ်ပါ့မလဲ။ ကျွန်မ ဒီည တွေ့ဆုံပွဲတစ်ခုရှိလို့။ ကျန်တဲ့လူတွေအကုန်လုံးက ရည်းစားကိုယ်စီနဲ့။ ကျွန်မပဲ စင်ဂယ်ဖြစ်နေတာ"
သုန်းရှောင်ယာက အနည်းငယ်ရှက်ရွံ့လေဟန်ဖြင့် ပြောလိုက်သည်။
"မင်းက ငါ့ကို မင်းရည်းစားအဖြစ် ဟန်ဆောင်စေချင်တာလား"
ယဲ့ချန်း ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။
"ဟုတ်တယ်။ ဒါပေမဲ့ ရှင်မလုပ်ချင်ရင်လည်း ထားလိုက်ပါ"
သုန်းရှောင်ယာ တမင်တကာပြန်ပြောလိုက်သည်။
"ကောင်းပြီလေ။ တကယ်တော့ ငါ့မှာလည်း ဒီည လုပ်စရာလေးတစ်ခုရှိတယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။
"ဟေ့ ရှင် ဘယ်လိုဖြစ်ပြီး ဒီလိုလုပ်ရက်ရတာလဲ။ မိန်းကလေးတစ်ယောက်ကို ဒီအတိုင်းနှစ်သိမ့်ပေးလို့မရဘူးလား"
သုန်းရှောင်ယာခမျာ ဒေါသတကြီးပြောလိုက်မိသည်။
ယဲ့ချန်းကလည်း တဟားဟားအော်ရယ်လိုက်သည်။
"စနေတာပါ။ ဒီည ငါ ယန်းမီမီကို လေဆိပ်လိုက်ပို့ပေးရမှာ။ ပြီးသွားတာနဲ့ မင်းရဲ့တွေ့ဆုံပွဲကို လိုက်ခဲ့ပေးမယ်လေ။ ဘယ်လိုလဲ"
"ကောင်းပြီလေ။ ရှင် ရောက်မလာလို့ကတော့ ကျွန်မ ရှင့်ကို အလွတ်မပေးဘူးနော်"
သုန်းရှောင်ယာက လက်သီးတဆဆဖြင့် ပြောလိုက်သည်။
အများအမြင်တွင် သုန်းရှောင်ယာသည် အေးစက်သောအလှပဂေးတစ်ယောက်၏ အရှိန်အဝါမျိုးရှိပါသော်ငြား ယဲ့ချန်းရှေ့တွင်မူ သက်ဝင်လှုပ်ရှားတက်ကြွသော မိန်းမငယ်လေးတစ်ယောက်အလား ချစ်စရာကောင်းလှသည်။
ယန်းမီမီက ယနေ့ည မိုတုသို့ ပြန်တော့မည်ဖြစ်၏။ ထို့ကြောင့် ယဲ့ချန်းက ယန်းမီမီကို လေဆိပ်သို့ အရင်လိုက်ပို့ပေးလိုက်ရသည်။
သုန်းရှောင်ယာ ဖုန်းခေါ်လိုက်သောအခါ မာစီးတီးကားတစ်စီးက ရိုက်ကွင်း၏ဝင်ပေါက်၌ ရောက်ချလာသည်။ ဟွားနိုင်ငံရှိ နတ်ဘုရားမလေးယောက်အနက် တစ်ယောက်အပါအဝင်ဖြစ်သော သုန်းရှောင်ယာတွင်လည်း ကိုယ်ပိုင်နာနီကားရှိသည်။
ယဲ့ချန်း၏ကားကို တစ်ချိန်လုံးလိုက်စီးနေရခြင်းမှာ သူ(မ) ယဲ့ချန်းနှင့်အတူ အချိန်ဖြုန်းချင်သောကြောင့်ပင်။
သုန်းရှောင်ယာ ကားထဲသို့ဝင်လိုက်သည်နှင့် ဖုန်းဝင်လာခဲ့သည်။
"ရှောင်ယာ… ငါ လေဆိပ်ကိုရောက်နေပြီ။ နင် ငါ့ကိုလာခေါ်ပေးလို့ရလား"
သုန်းရှောင်ယာခမျာလည်း ကြော်ငြာရိုက်စရာရှိသောကြောင့် အကျပ်ရိုက်သွားရသည်။ သူတို့မှာ တက္ကသိုလ်တုန်းက သူငယ်ချင်းကောင်းများဖြစ်ကြ၏။ သူ(မ)သာ မသွားလျှင် လူတွေက သူ(မ)ကို စိတ်ကြီးဝင်သွားပြီဟု သမုတ်ကြပေလိမ့်မည်။
ရုတ်ခြည်းဆိုသလို သုန်းရှောင်ယာ၏မျက်ဝန်းများ လင်းလက်သွားရသည်။ အကြောင်းမှာ ယဲ့ချန်းလည်း လေဆိပ်သို့သွားမည့်အကြောင်း သတိရလိုက်သောကြောင့်ပင်။
ထို့ကြောင့် သုန်းရှောင်ယာ အကြောင်းပြန်လိုက်သည်။
"ဒီလိုလုပ်ရအောင်။ ငါ့မှာလုပ်စရာလေးရှိလို့။ ငါ့မိတ်ဆွေကို လာကြိုခိုင်းလိုက်မယ်လေ။ အဆင်ပြေလား"
"နင့်မိတ်ဆွေလား။ နင့်ရည်းစားလား"
ဟူလိလိ၏စကားကို ကြားသောအခါ သုန်းရှောင်ယာ၏မျက်နှာမှာ ချက်ချင်းပင် ရဲခနဲဖြစ်သွားချေသည်။
သုန်းရှောင်ယာဘက်က ဘာမှတုံ့ပြန်မလာသည့်အတွက် ဖုန်းတစ်ဖက်ရှိ ဟူလိလိကလည်း ရယ်မောလေသည်။
"ဟားဟား ဒါပဲဖြစ်ရမယ်။ ကောင်းပြီလေ။ ငါ သူ့ကို လေဆိပ်မှာ စောင့်နေလိုက်မယ်။ ငါတို့ရှောင်ယာကို ဘယ်လူကုံထံမိသားစုရဲ့သားက လှည့်စားထားသလဲဆိုတာ ကြည့်မှဖြစ်မယ်"
ဖုန်းချလိုက်ပြီးနောက် သုန်းရှောင်ယာလည်း ယဲ့ချန်းကို ဖုန်းဆက်လိုက်ရသည်။
"ယဲ့ချန်း.. ရှင် အခု လေဆိပ်မှာလား"
ယဲ့ချန်း ခေါင်းတညိတ်ညိတ်ဖြင့်ပြောလိုက်သည်။
"အင်း… အခုပဲပြန်လာတော့မလို့"
"ကျွန်မသူငယ်ချင်းတစ်ယောက်က ကျိုတိုကိုရောက်နေလို့။ သူလည်း အခု လေဆိပ်မှာရောက်နေပြီ။ ဒီည တွေ့ဆုံပွဲအတွက် လာတာလေ။ ရှင် သူ့ကိုကြိုပေးလို့ရလား"
"ကိစ္စမရှိပါဘူး"
သုန်းရှောင်ယာလည်း ဖုန်းချလိုက်ပြီးနောက် ယဲ့ချန်းအား ဓာတ်ပုံတစ်ပုံနှင့်အတူ ဖုန်းနံပါတ်တစ်ခုကိုပါ ပို့ပေးလိုက်၏။
ယဲ့ချန်းလည်း ထိုဓာတ်ပုံကိုကြည့်ပြီး အံ့ဩမှင်တက်သွားရသည်။ အကြောင်းမှာ ဓာတ်ပုံထဲရှိ မိန်းကလေးက မလှမ်းမကမ်းတွင် ခရီးဆောင်သေတ္တာတစ်လုံးနှင့်အတူ မတ်တတ်ရပ်နေသောကြောင့်ပင်။
သူလည်း ပြုံးလျက် ထိုအလှလေးဆီသို့ လျှောက်သွားလိုက်၏။ ထိုအလှလေးကလည်း ယဲ့ချန်းကိုမြင်သောအခါ အံ့ဩသွားချေသည်။
ဤလူက အလွန်ချောမောခန့်ညားလှသည်။
သို့သော် ယဲ့ချန်း၏တက္ကစီဒရိုင်ဘာဝတ်စုံကို မြင်သောအခါ သူ(မ)မျက်နှာပေါ်ရှိ အံ့ဩမှုများမှာ ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။
သူ(မ)သည် ဘွဲ့ရခါစမိန်းကလေးတစ်ယောက် မဟုတ်တော့ပေ။
လူ့အဖွဲ့အစည်းထဲ၌ နှစ်ပေါင်းများစွာနေလာခဲ့ပြီးနောက် ရုပ်ချောချောကောင်လေးများမှာ မျက်စိပသာဒဖြစ်ဖွယ်ရာသာ ရှိပြီး တကယ်တမ်းတွင်မူ လူကုံထံတစ်ယောက်ကသာ ပိုတပ်မက်ဖွယ်ကောင်းကြောင်း သိနေပြီဖြစ်၏။
ယဲ့ချန်းကတော့ ရယ်ရယ်မောမောသာ။
"မိန်းကလေး တက္ကစီငှားဖို့လိုသေးလား"
ဟူလိလိ ခေါင်းခါပြလိုက်သည်။
"မလိုပါဘူး"
ယဲ့ချန်းကလည်း ထပ်ပြောလိုက်သည်။
"ရှောင်ယာက မင်းကိုလာကြိုခိုင်းထားလို့"
"ရှင်က ရှောင်ယာရဲ့မိတ်ဆွေလား"
ဤတစ်ခေါက်တွင်မူ ဟူလိလိအံ့ဩရသည့်အလှည့်ပင်။
သုန်းရှောင်ယာဆိုသည်မှာ ဟွားနိုင်ငံရှိ ကြယ်ပွင့်တစ်ယောက်ဖြစ်သည်။ သူ(မ)တွင် တက္ကစီဒရိုင်ဘာမိတ်ဆွေတစ်ယောက် ဘယ်လိုလုပ်ပြီးရှိနေရလေသလဲ။
ဒီကလေးမက သူ့ကို ချောတယ်လို့တွေးနေတာပဲဖြစ်မယ်…
ဟူလိလိလည်း ကိုးရိုးကားရားပြုံးလိုက်မိသည်။
"ဪ ဒီတော့ ရှင်က ရှောင်ယာရဲ့မိတ်ဆွေကိုး။ ဒါဆို သွားရအောင်လေ"
ယဲ့ချန်း မေးကြည့်လိုက်သည်။
"မင်းရဲ့ခရီးဆောင်အိတ်ကို ကူသယ်ပေးရဦးမလား"
ဟူလိလိ ခေါင်းခါယမ်းလိုက်ချေသည်။
"မလိုပါဘူး။ ခရီးဆောင်အိတ်က တအားမလေးဘူး"
ဟူလိလိ၏ အထင်အမြင်သေးလေဟန် အကြည့်ကြောင့် သူ(မ)သည် သူဝတ်ထားသော တက္ကစီဒရိုင်ဘာဝတ်စုံကြောင့် သူ့ကို အထင်သေးနေခြင်းဖြစ်ကြောင်း ယဲ့ချန်း နားလည်လိုက်သည်။
ဟူး!
ဒီနေ့ခေတ် မိန်းမတွေအားလုံးက ဘာလို့ သိုက်တူးသမားတွေချည်း ဖြစ်နေရတာလဲ?
ယဲ့ချန်း သက်ပြင်းချလိုက်မိသည်။
"ဒါနဲ့ ရှင်က ဘာကားမောင်းတာလဲ"
ဟူလိလိ ရုတ်တရက်ထမေးလိုက်မိသည်။ ယဲ့ချန်းက ကားစုတ်ကြီးရှားလိ သို့မဟုတ် တခြားတစ်ခုခုစီးလာမည်ကို သူ(မ) စိတ်ပူမိသည်။
မည်သို့ပင်ဖြစ်စေ သူ(မ)က ဂုဏ်ဒြပ်ရှိသူတစ်ယောက်ဖြစ်၏။ ထိုကားမျိုးကိုသာ စီးရလျှင် ရှက်စရာကောင်းပေလိမ့်မည်။
ဟူလိလိ၏အတွေးကို ရိပ်စားမိသော ယဲ့ချန်းကလည်း ပြုံးလိုက်မိသည်။
"ဪ ရှားလိကားလေ။ နည်းနည်းစုတ်နေပေမဲ့ မောင်းလို့ရပါတယ်"
ဟူလိလိခမျာ စိတ်အစဉ်ပြိုလဲလုမတတ်ပင်။ ထိုအစား တက္ကစီငှားသွားလိုက်တာကပင် ပိုကောင်းသည်ဟု တွေးနေမိ၏။
သိုသော် ယခုတော့ဖြင့် သူ(မ) ဘေးကျပ်နံကျပ်ဖြစ်ရလေပြီ။
ကားပါကင်ထဲသို့ သူတို့ဝင်လာချိန်တွင် ပေစုတ်စုတ်ရှားလိကားတစ်စီးကို ဟူလိလိ ချက်ချင်းသတိထားလိုက်မိသည်။
ထိုကားသည် နေရာအနှံ့တွင် သံချေးတက်နေ၏။ ဤမျှစုတ်ချာလှသော ကားမျိုးကို ဟူလိလိ မစီးဖူးပေ။
ဤကားဖြင့် တွေ့ဆုံပွဲသို့ သွားရမည့်အဖြစ်ကို တွေးကြည့်လိုက်မိသောအခါ ဟူလိလိ အလွန်နောင်တရသွားသည်။ ထို့ကြောင့် သူ(မ) ရှားလိကားရှေ့တွင်ရပ်၍ ပွစိပွစိရေရွတ်နေမိသည်။
"တကယ်ပါပဲ.. ရှောင်ယာက ရှားလိကားစုတ်ကိုမောင်းတဲ့လူတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး ခင်သွားရတာလဲ"
ဟူလိလိ၏အသံက တိုးတိမ်လှသော်ငြား ယဲ့ချန်းကတော့ ပြတ်ပြတ်သားသားကြားလိုက်ရသည်။ သူ ခပ်ဖွဖွသာပြုံး၍ လက်ထဲရှိသော့ကို နှိပ်လိုက်သည်။
ရှားလိကားဘေးရှိ သားနားလှသော ဘန်ထလေကား၏ နောက်မီးများက ရုတ်တရက်လင်းလက်လာသည်။
ယဲ့ချန်း၏လက်ထဲရှိ ဘန်ထလေကားသော့ကို မြင်သောအခါ ဟူလိလိ ကြက်သေသေသွားရသည်။ ထိုအခါမှသာ ယဲ့ချန်းက သူ(မ)အား လှည့်စားလိုက်ကြောင်း သဘောပေါက်သွားသည်။
သူ(မ) သက်မချလိုက်မိသည်။
"သိနေတယ်လေ။ ရှောင်ယာရဲ့မိတ်ဆွေက ရှားလိကားစုတ်ကြီးကို စီးစရာအကြောင်းမရှိပါဘူးလို့"
ဘန်ထလေကားကို မြင်မှသာ ဟူလိလိ၏အမူအရာက သိသိသာသာပြောင်းလဲသွားချေသည်။
"ရှင် ကျွန်မကို ကားနောက်ဖုံးထဲ ခရီးဆောင်အိတ်လေး ထည့်ပေးလို့ရမလား"
ယဲ့ချန်း ခေါင်းခါပြလိုက်သည်။
"ဟင့်အင်း။ ခရီးဆောင်အိတ်က သိပ်မလေးဘူးဆိုတော့ မင်းဘာသာပဲလုပ်လိုက်လေ။ ငါက အရမ်းတန်ဖိုးကြီးတဲ့လူဆိုတော့ ကာယအားစိုက်ရတဲ့အလုပ်တွေကို လုံးဝမလုပ်ဘူး"
"ရှင်…"
ယဲ့ချန်းက အစောပိုင်းတုန်းက သူ(မ)၏သဘောထားဆိုးဝါးမှုကို လက်တုံ့ပြန်နေခြင်းဖြစ်ကြောင်း ဟူလိလိ သဘောပေါက်သည်။ သို့ဖြစ်လေရာ သူ(မ)လည်း အားစိုက်ထုတ်၍သာ ဘန်ထလေကားထဲသို့ ခရီးဆောင်အိတ်ကို မနည်းရုန်းကန်ရင်း ထည့်လိုက်ရသည်။
ကားထဲသို့ရောက်သည်နှင့် ဟူလိလိ အနည်းငယ်ရှက်သွားမိသည်။
"မစ္စတာယဲ့… ကျွန်မ တကယ်တောင်းပန်ပါတယ်။ ရှင့်ကို တက္ကစီဒရိုင်ဘာဝတ်စုံနဲ့ မြင်လိုက်ရတော့ ကျွန်မက တက္ကစီဒရိုင်ဘာတစ်ယောက်လို့ ထင်လိုက်မိတာ"
ယဲ့ချန်း ခပ်ဖွဖွရယ်လိုက်မိသည်။
"မင်းထင်တာမမှားပါဘူး။ ငါက တက္ကစီဒရိုင်ဘာပါပဲ။ ဪ.. အော်ဒါတင်ဖို့မမေ့နဲ့ဦးနော်။ ငါက စားဝတ်နေရေးအတွက် တက္ကစီကိုပဲ အားကိုးနေရတာ"
"ဪ ရှင်က ဘဝအတွေ့အကြုံယူနေတဲ့ လူကုံထံမိသားစုထဲက အမွေဆက်ခံသူတစ်ယောက်ပဲဖြစ်ရမယ်။ ကျွန်မဖြင့် ဘန်ထလေမောင်းတဲ့ တက္ကစီဒရိုင်ဘာမျိုး မမြင်ဖူးပါဘူး"
"ဒီကားက သူငယ်ချင်းတစ်ယောက်က ငှားပေးလိုက်တာ။ ဒီည ပွဲတစ်ခုရှိတယ်ဆိုတော့ ပုံရိပ်ကောင်းလေး ဖန်တီးလို့ရအောင်လို့။ ငါက တကယ် ရှားလိကားကိုမောင်းတာ"
ယဲ့ချန်း ခပ်ဖွဖွရယ်လျက် ပြောပြလိုက်သည်။
ဟူလိလိခမျာ ယဲ့ချန်း၏စကားကြောင့် ကြက်သေသေသွားရပြန်သည်။
ဒီတော့ ငှားလာတဲ့ကားတစ်စီးဖြစ်နေတာကိုး…
ယဲ့ချန်းက ဘဝအတွေ့အကြုံကို ခံစားကြည့်နေသည့် လူကုံထံမျိုးဆက်တစ်ယောက်ဟု ဟူလိလိ ထင်လိုက်မိသော်လည်း တစ်ဖက်လူသည် တကယ့်တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်နေပေသည်။
ရှောင်ယာက ယခုလိုရည်းစားမျိုးကို ဘာကြောင့်များ ရှာထားရသလဲ။
ဟူလိလိတစ်ယောက် စိတ်ထဲမှာ ညည်းတွားနေမိသည်။ ယဲ့ချန်းအပေါ်ထားသော သူ(မ)၏သဘောထားကလည်း တစ်ဖန်အေးစက်စက်နိုင်သွားပြန်သည်။
ထိုကားက Phantomဘားသို့ ရောက်ချလာသည်။ ဤသည်မှာ အချိန်းအချက်ပြုထားသော တွေ့ဆုံပွဲနေရာပင်။
ဟူလိလိ ကားထဲမှဆင်းတော့မည့်ဆဲဆဲတွင် ယဲ့ချန်းက ပြုံးပြလိုက်၏။
"ဪ… အော်ဒါပိတ်သိမ်းပြီး ကြယ်ငါးပွင့်ရီဗျူးပေးဖို့မမေ့နဲ့နော်"
"တအားဈေးပေါတာပဲ။ အရှုံးသမားတက္ကစီဒရိုင်ဘာတစ်ယောက်ပဲဖြစ်ရမယ်"
ဟူလိလိက တတွတ်တွတ်ရေရွတ်ပြီးနောက် အော်ဒါကိုပိတ်သိမ်းကာ ကားထဲမှထွက်လာခဲ့လိုက်သည်။
ကြယ်ငါးပွင့်ရီဗျူးပေးဖို့တဲ့လား?
လုံးဝမဖြစ်နိုင်ပေ။
သူ(မ) ယဲ့ချန်းကို ကြယ်တစ်ပွင့်သာ ပေးလိုက်သည်။
[တင်! သိုက်တူးသမားတစ်ယောက်ဆီက ကြယ်တစ်ပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ စနစ်ရဲ့ဆုလာဘ်အနေနဲ့ Phantomဘားရဲ့ပိုင်ရှင် ဖြစ်သွားပါပြီ]
•••••••••••••••