မင်းသောက်ဖို့အတွက် အကောင်းဆုံးဝိုင်ကို စပ်ပေးမယ်
Vol. 2 Ch. 30
Phantomဘား၏ ဝင်ပေါက်တွင် သုန်းရှောင်ယာက ဟူလိလိလျှောက်လာသည်ကို မြင်လိုက်ရ၏။
နှစ်ပေါင်းများစွာမတွေ့ရသည့် အတန်းဖော်ဟောင်းနှစ်ယောက် ပြန်တွေ့ကြသောအခါ အချင်းချင်းပွေ့ဖက်၍ နှုတ်ဆက်ကြသည်။
ယဲ့ချန်းကတော့ ကားပါကင်သို့ မောင်းသွားလိုက်သည်။
ယဲ့ချန်းထွက်သွားသည်ကို မြင်သောအခါ ဟူလိလိက သုန်းရှောင်ယာကို ပြောလိုက်လေတော့သည်။
"ရှောင်ယာ.. နင် ဘာလို့ တက္ကစီဒရိုင်ဘာတစ်ယောက်ကို ရည်းစားတော်ထားရတာလဲ"
"တက္ကစီဒရိုင်ဘာဆိုတော့ရော ဘာဖြစ်လို့လဲ။ ငါကတော့ ကောင်းတယ်ထင်တာပဲ"
"နင်…နင့်ကို ငါဘယ်လိုတောင်ပြောရမှန်းမသိတော့ဘူး"
ထိုအချိန်မှာပင် ယဲ့ချန်းက ကားကို ပါကင်ထိုး၍ အနားသို့ ရောက်ချလာသည်။ ဟူလိလိလည်း ဘာမှထပ်မပြောချင်တော့ပေ။ ဤသို့ဖြင့် သူတို့သုံးယောက်သား ဘားထဲသို့ဝင်လာခဲ့သည်။
Phantomဘားမှာ အခြားဘားများနှင့် မတူပေ။ ဤဘားတွင် ဗီအိုင်ပီစနစ်ကျင့်သုံးပြီး နှစ်စဉ်အဖွဲ့ဝင်ကြေးကလည်း နှစ်သိန်းဖြစ်၏။
ထို့ကြောင့် ဤဘားသို့ လာနိုင်ကြသူများမှာ လူ့မလိုင်များသာ ဖြစ်ကြ၏။ Phantomဘား နာမည်ကြီးနေရသည့် အကြောင်းအရင်းမှာ သူတို့၏အရက်စပ်သူ ဝိုင်နတ်ဘုရားကြောင့်ပင်။
ချန်းကျူးဟုသိထားကြသော ဝိုင်နတ်ဘုရားမှာ ဟွားနိုင်ငံထဲတွင် ထိပ်တန်းအရက်စပ်စွမ်းရည်ကို ပိုင်ဆိုင်ထား၏။ ချန်းကျူးက အပတ်တိုင်း အရက်မျိုးစုံဖျော်စပ်၍ အပတ်တိုင်း ထိုဘားမှာပင် အရက်ခုနစ်ခွက်ကို လေလံတင်သည်။
လူတော်တော်များများ ထိုဂုဏ်သတင်းကြီးမားမှုကြောင့် ဤနေရာသို့ လာကြသည်။ ထို့ကြောင့် ထိုအရက်၏လေလံဈေးကလည်း အလွန်မြင့်လှသည်။
ယဲ့ချန်းတို့ ဘားထဲသို့ ဝင်သွားချိန်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ကောင်တာတွင် နေရာယူထားနှင့်ပြီးဖြစ်၏။
သူတို့ထဲက ဟန်တစ်လုံးပန်တစ်လုံးဝတ်ဆင်ထားသော မိန်းကလေးက သုန်းရှောင်ယာကို အလိုမကျလေဟန်အကြည့်များဖြင့် ကြည့်လိုက်သည်။
ထိုမိန်းကလေး၏နာမည်မှာ လီနာဟုခေါ်ပြီး ကျိုတိုရုပ်ရှင်ကျောင်းတော်တွင် သုန်းရှောင်ယာနှင့်အတူ တက်ခဲ့သည်။
သို့သော် သုန်းရှောင်ယာက အလွန်ကျော်ကြားသွားချိန်မှာ သူ(မ)ကတော့ လူမသိသူမသိကျန်ရစ်နေခဲ့သည်။
သူ(မ)ကို ဂုဏ်ယူဝင့်ကြွားစေသည့် တစ်ခုတည်းသောကိစ္စမှာ ကျိုတိုရှိ ထိပ်သီးပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်သော လီထျန်းကို အရယူထားနိုင်ခြင်းပင်။
"ရှောင်ယူ.. နင်တို့တွေ ဘာလို့ အခုမှရောက်လာတာလဲ။လေလံပွဲက စတော့မယ်"
"အားထျန်း.. ကျွန်မ ဒီနေ့ ဝိုင်နတ်ဘုရားဖျော်ထားတဲ့အရက်ကို သောက်ရမှဖြစ်မယ်နော်"
လီနာက ခမ်းနားသောဘရန်းအဝတ်အစားများကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်ကို လီနာက ကလူ၏သို့မြှူ၏သို့ ပြောလိုက်လေသည်။
လီထျန်းက ပြုံးပြုးကြီး ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ ကိုယ် မင်းအတွက် ဒီအရက်ကို ရအောင်ယူပေးမှာပါ"
"အားထျန်း..ရှင်က အရမ်းကောင်းတာပဲ"
ထို့နောက် သုန်းရှောင်ယာ၏ဘေးတွင် ကပ်ပါလာသော ယဲ့ချန်းကို လီနာ သတိထားမိလိုက်သည်။
သူသည် အလွန်ချောမောပြီး လီထျန်းထက်ပင် အဆပေါင်းများစွာ ပိုသာနိုင်သည်။ သို့သော် ယဲ့ချန်း၏ဝတ်စုံကို မြင်လိုက်ရသောအခါ လီနာ၏မျက်နှာထက်၌ လှောင်ပြောင်သရော်လေဟန် အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
"ရှောင်ယာ.. ဒါက နင့်ရဲ့ခပ်ချောချောရည်းစားလေးလား။ နင် သူနဲ့မိတ်မဆက်ပေးတော့ဘူးလား"
သုန်းရှောင်ယာက မိတ်ဆက်တပေးတော့မည့်အချိန်မှာပင် ဟူလိလိက ခပ်မြန်မြန်ကြားဖြတ်ပြောလာလေသည်။
"သူက ရှောင်ယာရဲ့ကောင်လေးမဟုတ်ပါဘူး။ သူ့ဒရိုင်ဘာပါ"
"မဟုတ်ဘူး။ ယဲ့ချန်းက ငါ့ကောင်လေးပဲ"
သုန်းရှောင်ယာ ပြန်လည်ချေပရင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
လူနှစ်ယောက် အချင်းများနေသည်ကို မြင်သောအခါ လီနာက လှောင်ပြောင်သရော်လိုဟန်ဖြင့် ပြုံးလိုက်၏။
သူ(မ) တစ်စုံတစ်ရာကို သဘောပေါက်ထားပြီးသားပင်။ ဤလူမှာ သုန်းရှောင်ယာ၏ကောင်လေးပင် ဖြစ်ရမည်။ ဟူလိလိက သူ(မ)အတွက် ဖုံးဖုံးဖိဖိလိုက်လုပ်ပေးနေခြင်းသာ။
လီနာက နှစ်ပေါင်းများစွာကြာအောင် သုန်းရှောင်ယာ၏အရိပ်အောက်၌ နေခဲ့ရသည်။ ယခုတော့ သူ(မ)ဘက်က အနေအထားကို ပြောင်းပြန်လှန်ပစ်နိုင်သည့် အခွင့်အရေးတစ်ခု ရလာပြီဖြစ်ရာ ထိုအရာကို လက်လွှတ်မခံနိုင်ပေ။
"ရှောင်ယာ..နင့်ကောင်လေးက ဘာအလုပ်လုပ်တာလဲ။ငါကို သူနဲ့မိတ်ဆက်ပေးလေ"
လီနာက သိလျက်သားနှင့် မေးလိုက်၏။
ယဲ့ချန်းက လီနာ၏ လှောင်ပြောင်ထေ့ငေါ့လေဟန်အမူအရာကို မြင်မိသဖြင့် ပြုံးလိုက်လေသည်။
"ကျွန်တော်က တက္ကစီဒရိုင်ဘာပါ"
ယဲ့ချန်းက သုန်းရှောင်ယာ မတုံ့ပြန်နိုင်ခင်မှာပင် ပြောလိုက်သည်။
"တက္ကစီဒရိုင်ဘာလား"
လူတိုင်းလည်း ချက်ချင်းပင် ကြက်သေသေသွားကြသည်။
ဤစကားကိုကြားပြီးနောက် လီနာ၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ချက်ချင်းပေါ်ပေါက်လာ၏။
"တက္ကစီဒရိုင်ဘာလုပ်တာ ကောင်းသားပဲ ရှောင်ယာ.. နင့်ရဲ့နာနီကား သက်သာတာပေါ့"
သူ(မ)က ဘဝင်လေဟပ်နေဟန်ဖြင့် လီထျန်းကို ပွေ့ဖက်ရင်း ပြောလိုက်သည်။
"ငါတို့အားထျန်ရဲ့အဖေက ထျန်ဖုန်းအိမ်ခြံမြေကုမ္ပဏီရဲ့ ဥက္ကဋ္ဌလေ။ ဘီလျံနဲ့ချီပြီးတန်တာ"
လီနာ ကြွားလုံးထုတ်နေသည်ကိုကြည့်ရင်း ဟူလိလိက အေးတိအေးစက်သရော်ကာ သုန်းရှောင်ယာကို တီးတိုးကပ်ပြောလိုက်သည်။
"ရှောင်ယာ..တကယ်ပါပဲ လီနာကိုကြည့်စမ်း။ သူက နင့်လောက်လည်းမလှဘူး။ စိတ်နေစိတ်ထားကလည်း တစ်မိုင်လောက်တိုနေသေးတယ်။ ဒါတောင် ဒုတိယမျိုးဆက်လူကံထံတစ်ယောက်ကို ရှာနိုင်သေးတာပဲ။ ဒါပေမဲ့ နင်ကတော့ တက္ကစီဒရိုင်ဘာတစ်ယောက်ကို ရည်းစားတော်ထားသတဲ့"
သုန်းရှောင်ယာလည်း ခပ်မဲ့မဲ့ပြုးလိုက်လေသည်။
"တက္ကစီဒရိုင်ဘာ? Pagani Bentleyမောင်းတဲ့ တက္ကစီဒရိုင်ဘာကို နင်မြင်ဖူးလို့လား။ Gulfstream G550ကိုယ်ပိုင်ဂျက်လေယာဉ်ပိုင်တဲ့ တက္ကစီဒရိုင်ဘာကို နင်မြင်ဖူးလို့လား။ တော်ဝင်မြို့တော်ထဲက စံအိမ်တော်ကို ပိုင်ဆိုင်ထားတဲ့ တက္ကစီဒရိုင်ဘာကို နင်မြင်ဖူးလို့လား"
သို့သော် ယဲ့ချန်းက ကြွားဝါလိုစိတ်ရှိသူ မဟုတ်ကြောင်း သုန်းရှောင်ယာသိသည်။ ထို့ကြောင့် သူ(မ)လည်း ခပ်ဖွဖွသာ ပြုံးလိုက်သည်။
လီထျန်းကလည်း ခပ်ဖွဖွပြုံးနေချေသည်။
"ဒီတော့ ဒါက ရှောင်ယာရဲ့သူငယ်ချင်းကိုး။ ကျုပ်တို့ကုမ္ပဏီမှာ အခမ်းအနားတစ်ခုခုရှိတိုင်း ခင်ဗျားကိုကူညီတဲ့အနေနဲ့ ကျုပ်တို့ဝန်ထမ်းတွေကို မကြာမကြာကားငှားခိုင်းလိုက်မယ်။ တက္ကစီမောင်းရတာလည်း မလွယ်ဘူးလေ"
"ယောကျ်ား.. ရှင်က အရမ်းကြင်နာတတ်တာပဲ"
လီနာက သူ့ဘေးမှ အလွန်အူမြူးနေသောလေသံဖြင့် ပြောလိုက်သည်။
သူတို့၏လုပ်ရက်ကို စောင့်ကြည့်ရင်း ယဲ့ချန်းကတော့ မျောက်ပွဲကြည့်နေရသလို ခံစားမိသည်။
ထိုအချိန်မှာပင် သက်ဝင်လှုပ်ရှားနေသော ဂီတသံတစ်ခုနှင့်အတူ လေလံပွဲလည်း စတင်လေတော့သည်။ မီးရောင်အားလုံးကလည်း စင်မြင့်ထက်သို့ ထိုးထားလေသည်။
ကြည်ရှင်းနေသော ဘားထဲတွင် ရောင်စုံကော့တေးတစ်ခွက်ရှိနေပေသည်။
စိုပြည်နေသောအရောင်အဆင်းက ဆွဲဆောင်ညှို့ငင်နေပြီး မိန်းကလေးများကို စိတ်လှုပ်ရှားစွာအော်ဟစ်စေသည်။
အစီအစဉ်တင်ဆက်သူက ပြုံးပြီး ပြောလိုက်၏။
"ဂုဏ်သရေရှိလူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ.. ဒီနေ့အတွက် လေလံတင်မှာကတော့ မန်ဒါလာဆိုတဲ့ အရက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝိုင်နတ်ဘုရားက လတ်လတ်ဆတ်ဆတ်ဖျော်စပ်ပေးထားတာပါ။ ကြမ်းခင်းဈေးကတော့ သုံးသောင်းပါ"
"၃၅၀၀၀!"
"၄၀၀၀၀!"
"၅၀၀၀၀!"
…
ပွက်လောရိုက်သံများအကြား ဈေးနှုန်းက ဆက်လက်မြင့်တက်လျက်ရှိ၏။
လီထျန်းက လက်ဆန့်ထုတ်လိုက်ပြီး သြဇာလွှမ်းမိုးမှုရှိရှိ ပြောလိုက်၏။
"တစ်သိန်း!"
တစ်သိန်းဈေးခေါ်သံကို ကြားလိုက်ရသောအခါ ဘားထဲတွင် တိတ်ဆိတ်သွားလေတော့သည်။
လူတိုင်း၏မျက်လုံးကလည်း လီထျန်းဆီသို့ ရောက်လာကြသည်။
အရက်တစ်ခွက်အတွက် တစ်သိန်းပေးချေခြင်းမှာ နည်းနည်းတော့လွန်သဖြင့် မည်သူမှ ဆက်ပြီး လေလံမဆွဲကြတော့ချေ။
လီထျန်းလည်း လူတိုင်းဆီမှ မနာလိုအားကျလေဟန်အကြည့်များကြောင့် ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေမိသည်။
လီနာက ပို၍ပင်စိတ်လှုပ်ရှားနေလေသည်။ ထို့ကြောင့် လီထျန်း၏ပါးပြင်ထက် အနမ်းခြွေလိုက်သည်။
"အားထျန် ကျေးဇူးတင်ပါတယ်!"
"ယဲ့ချန်း ရှင် ရှောင်ယာအတွက် လေလံမဆွဲဘူးလား။ ဝိုင်နတ်ဘုရားရဲ့လက်ရာကို မိန်းကလေးတွေ ဘယ်လောက်ရူးသွပ်လဲဆိုတာသိလား"
လီနာ၏ လှောင်ပြောင်စကားများကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာသော ဟူလိလိက မေးလိုက်လေသည်။
သုန်းရှောင်ယာကလည်း ပြန်ပြောလေသည်။
"မလိုပါဘူး။ ငါ အရက်သောက်ရတာမကြိုက်ဘူး"
လီနာကတော့ သရော်နေပြန်သည်။
"ဟားဟား ဟုတ်တာပေါ့။ တက္ကစီဒရိုင်ဘာတစ်ယောက်က တစ်နှစ်ကို တစ်သိန်းတောင် ရှာနိုင်လို့လား။ ဒီလောက်ဈေးကြီးတဲ့အရက်မျိုးကို သူက ဘယ်လိုလုပ်ပြီးဝယ်နိုင်မှာလဲ"
ထိုအချိန်မှာပင် စားပွဲထိုးက မန်ဒါလာတစ်ခွက်ကို လီနာ့ထံသို့ ယူလာလေသည်။
"ရှောင်ယာ မင်းသောက်ချင်လား"
ယဲ့ချန်းက ရုတ်တရက်မေးလိုက်လေသည်။
ဟူလိလိ ဝင်ပြောလိုက်၏။
"သူသောက်ချင်တယ်ဆိုရင်ရော? ဝိုင်နတ်ဘုရားက တစ်ပတ်ကို ၇ခွက်ပဲဖျော်တာ။ ဒါက နောက်ဆုံးတစ်ခွက်ပဲ"
လီနာက စားပွဲထိုးထံမှ အရက်ခွက်ကို ကောက်ကိုင်ပြီး မွှေယမ်းလိုက်သည်။
ဖန်ခွက်ထဲရှိ အရောင်မှာ ရုပ်စုံမှန်ပြောင်းတစ်ခုအလား အလွန်ထည်ဝါလှ၏။
သုန်းရှောင်ယာက ထုတ်တော့မပြောသော်ငြား မျက်ဝန်းထဲတွင်မူ အားကျနေလေဟန် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။
သူတို့အားလုံးက မိန်းကလေးများပင်။ အာရုံစိုက်မှုကို မလိုချင်ဘဲ နေမည်တဲ့လား?
သို့သော် ယဲ့ချန်းက သူ(မ)၏ရည်းစားအဖြစ် ဟန်ဆောင်ပေးရန် သဘောတူခဲ့ခြင်းကပင် တော်လှပြီဖြစ်ရာ သူ(မ)အတွက်နှင့် ယဲ့ချန်းကို အရက်တစ်ခွက်အတွက် ပိုက်ဆံအများကြီး မည်သို့သုံးခိုင်းနိုင်မလဲ။
လီနာက သုန်းရှောင်ယာကို လှောင်ပြောင်ထေ့ငေါ့လေဟန်ဖြင့်ကြည့်ကာ ပြောလိုက်၏။
"ရှောင်ယာ.. ဒီလိုဆိုရိုးစကားကိုကြားဖူးလား။ "ရုပ်ရည်ဆိုတာ အာဏာကိုယှဉ်မရဘူး"တဲ့။ ဝိုင်နတ်ဘုရားဆီက ကော့တေးကိုသောက်ရတာ အရမ်းကံကောင်းတာပဲ"
ဤသို့ပြောရင်း လီနာက ဖန်ခွက်ကို ဂရုတစိုက်ကိုင်ကာ ကော့တေးကို ဂုဏ်ယူဝင့်ကြွားစွာ အရသာခံလိုက်သည်။
လူတိုင်း၏အကြည့်ကလည်း လီနာ့ထံသို့ ရောက်လာလေရာ သူ(မ)ကိုယ်သူ(မ) ဤဘား၏ဘုရင်မအလား ခံစားရသည်။
သို့သော် ထိုအချိန်မှာပင် စင်အနောက်ဘက်၌ ခပ်ချောချောလူငယ်လေးတစ်ယောက် ပေါ်လာသဖြင့် ဝရုန်းသုန်းကားဖြစ်သွားလေသည်။
"ဝိုင်နတ်ဘုရားလား?"
လူကိုယ်တိုင်မြင်လိုက်ရသည့်အတွက် အားလုံး အံ့သြမှင်တက်ကုန်ကြသည်။
ဝိုင်နတ်ဘုရားက ပိတ်ရက်များမှသာ အရက်စပ်ဖို့ ထွက်လာတတ်သည်။ ဤသည်မှာ ထုတ်ပြောစရာမလိုသော စည်းမျဉ်းတစ်ခုပင်။
ယနေ့ကား သောကြာနေ့ပင်။ သူက ဘာလို့ရောက်လာရလေသလဲ။
ယဲ့ချန်းက သုန်းရှောင်ယာ၏နားထဲသို့ တီးတိုးကပ်ပြောလိုက်၏။
"မင်းသောက်ချင်တယ်ဆိုရင် ငါ မင်းအတွက် အကောင်းဆုံးဝိုင်ကို ဝိုင်နတ်ဘုရားကိုလုပ်ခိုင်းပေးမယ်"
••••••••••••