← Chapters

အမှန်တရား ပေါ်လာပြီ

Vol. 81-85 Ch. 1265

အမှန်တရား ပေါ်လာပြီ

Vol. 81-85 Ch. 1265

ဝမ်မင်တဲ၏ စကားသံကို ကြားသောအခါ လူတိုင်း အသက်ရှူကြပ်လာပြီး ခန္ဓာကိုယ် တောင့်တင်းကာ မျက်နှာများ ဖြူရော်လာကြသည်။ လွန်ခဲ့သော သုံးရက်က ဖြစ်ပေါ်လာသော ကြောက်စိတ်ထဲမှ ရုန်းမထွက်နိုင်သေးသည့်ပုံပင်။

လွန်ခဲ့သော သုံးရက်က ဝမ်မင်တဲသည် ချုံးဝူ လက်ဝှေ့ခန်းမသို့ တစ်ကိုယ်တည်း ရောက်လာသည်။ ခန်းမမှ လူများကို သတ်ခြင်းနှင့် ဒဏ်ရာရအောင်လုပ်၍ ထွက်သွားအောင် လုပ်ခဲ့သည်။ သုံးမိနစ် မပြည့်သေးခင်မှာပင် မည်သူမှ သူ့ကို မယှဉ်နိုင်ကြချေ။

သူ၏ ခွန်အားနှင့် ရက်စက်ကြမ်းကြုတ်မှုက လက်ဝှေ့ခန်းမမှ လူများ၏ နှလုံးသားတွင် ငြင်းမရနိုင်သော အမှတ် အသားတစ်ခု ဖြစ်သွားခဲ့သည်။ ထို့ကြောင့်ပင် သူတို့ တုန်လှုပ်ချောက်ချားနေ၏။

*နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ*

လီဝေ့ ကျိတ်၍ သရော်လိုက်သည်။ ယခု သူမဘက်၌ ယဲ့ဘုရင် ရှိနေသဖြင့် သူမ၏ ယုံကြည်မှု တိုးမြင့်နေပြီး သူမ စကားပင် မပြောရဲသည့် ဝမ်မင်တဲအား ကြောက်ရွံ့ခြင်း မရှိတော့ပေ။

“တူမလေး လီဝေ့၊ မင်းနဲ့ လက်ထပ်ဖို့ မင်းဦးလေးဝမ် ရောက်လာပြီလေ”

အဝါရောင် ကွန်ဖူးဝတ်စုံကို ဝတ်ထားသည့် ဝါကြင့်ကြင့် အသားအရေရှိပြီး ကတုံးနှင့် ရှေ့သွားခေါထွက်နေသော လူတစ်ယောက်က လျှောက်လာသည်။ သူ့ပုံစံက မျောက်နှင့် တော်တော် တူနေ၏။

သူသည် အသက်ငါးဆယ်ကျော်နေပြီ ဖြစ်သော်လည်း ယခုအထိ နွားအိုမြက်နုကြိုက်နေသေးသူ ဖြစ်သည်။ သူသည် လက်ဝှေ့ခန်းမကို အပိုင်သိမ်းချင်ရုံသာမက လီဝေ့၏ ဖြူစင်မှုကိုပါ သိမ်းပိုက်ချင်နေသည်။

လီဝေ့၏ ဖခင် အသက်ရှိစဉ်အချိန်က သူ လီဝေ့နှင့်ပတ်သက်၍ မကောင်းသော အတွေးများ ရှိခဲ့ပြီး လီဝေ့အား သူ့ခုတင်ပေါ် တင်ချင်သည့် အတွေးများ အမြဲ တွေးနေခဲ့သည်။ လီဝေ့၏ ဖခင်ကို သူ မယှဉ်နိုင်၍သာ ရင်ထဲမှ မကောင်းသော အတွေးများကို ချိုးနှိမ်ထားခဲ့ရသည်။

လီဝေ့၏ဖခင် ဆုံးသွားသည်နှင့် သူ မစောင့်နိုင်ဘဲ လှုပ်ရှားခဲ့သည်။ ယနေ့တွင် သူသည် ဤလက်ဝှေ့ခန်းမကို သာမက လီဝေ့ကိုပါ အပိုင်သိမ်းပေတော့မည်။

“ဟေ့ကောင် ငါ မင်းကို နောက်မှရှင်းမယ်”

ယန်ရန်သည် ယဲ့ဖန်ကို စူးစိုက်ကြည့်ပြီးနောက် ဝမ်မင်တဲထံသို့ လျှောက်သွားလိုက်သည်။

“လီဝေ့ကို လက်ဝှေ့ခန်းမ လွှဲပေးဖို့ ဖိအားပေးတာ ခင်ဗျားလား”

“ဟမ်”

ထိုစကားကို ကြားသောအခါ ဝမ်မင်တဲ၏ မျက်နှာက ရုတ်တရက် အေးစက်သွားပြီး မကောင်းသော အပြုံးမျိုး ပြုံးလာ၏။

“မင်းက ဘယ်သူလဲ”

“ယဲ့ဖန်”

ယန်ရန် ဂုဏ်ယူစွာ ပြောလိုက်သည်။ သူ့မျက်လုံးများက နီမနေသလို နှလုံးခုန် မြန်နေခြင်းလည်း မရှိပေ။

“မင်းက ယဲ့ဖန်လား”

ဝမ်မင်တဲက တစ်ခဏမျှ မှင်တက်နေပြီးမှ ခွက်ထိုးခွက်လန် ရယ်မောလေသည်။

“ဟားဟား … မင်းက ယဲ့ဖန်လို့ ပြောလိုက်တာလား”

လောကထဲမှ အရယ်ရဆုံး ဟာသတစ်ပုဒ်ကို သူ ကြားလိုက်ရသလိုပင်။

*ဒီကောင်က သူ့ကိုယ်သူ ယဲ့ဖန်လို့ တကယ် ပြောလိုက်တာလား*

“ခင်ဗျား ဘာရယ်တာလဲ”

ယန်ရန်၏ မျက်လုံးများ အေးစက်သွားပြီး ဒေါသတကြီး မေးလိုက်သည်။

“ဟေ့ကောင် မင်း ငါ့ကို ယဲ့ဖန်ကို မမြင်ဖူးဘူးလို့ ထင်နေတာလား”

ဝမ်မင်တဲက ပြုံးနေရာမှ တည်သွားပြီး လှောင်လိုက်သည်။

“ယဲ့ဖန် နဂါးမြို့ကို တိုက်ခိုက်သုံးက သုံးမိုင်အကွာက ဆင်ခြေလျှောကနေ ငါ သူ့ကို မြင်ခဲ့ပြီးသား”

*ဘာ*

*ဒီလူက ယဲ့ဖန်ကို မြင်ဖူးတာလား*

ယန်ရန် မှင်တက်သွားပြီးနောက် သွေးပျက်သွားလေသည်။

“ငါ သူ့မျက်နှာကို သေချာ မမြင်လိုက်ရပင်မယ့် သူ့ခန္ဓာကိုယ်က အရှိန်အဝါက ဘယ်သူ့ကိုမဆို တစ်သက်လုံး မမေ့နိုင်တဲ့ ခံစားချက်မျိုး ပေးတယ်ကွ”

ဝမ်မင်တဲ ရယ်မော၍ ပြောလိုက်သည်။

“ငါ သူ့ဆီကနေ ရက်စက်မှု၊ နတ်ဆိုးဆန်မှုနဲ့ အမှောင်ထုကို မြင်နေရတယ်၊ သူ့တစ်ယောက်တည်းရဲ့ အရှိန်အဝါက ထောင်ချီတဲ့ စစ်သည်တွေရဲ့ အရှိန်အဝါကိုတောင် ယှဉ်နိုင်နေတာ”

“ပြီးတော့ မင်းဆီကနေ ငါ တစ်ခုခုကို ခံစားမိတယ်၊ ထူးဆန်းတယ်လို့ ပြောလို့ရပင်မယ့် တကယ်တော့ … မင်းက ဟန်ဆောင်တဲ့နေရာမှာ ဆိုးရွားလွန်းတယ်”

ထိုစကားက လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြီး ယန်ရန်အား ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လာ ကြသည်။

*ဒီကောင်က တကယ် အတုဖြစ်နေနိုင်တာလား*

“သောက်ရေးမပါတာတွေ၊ မင်း သေပေတော့”

ယန်ရန် စိတ်တိုသွားပြီး ရုတ်တရက် ပြေးဝင်သွားလိုက်သည်။ ဝမ်မင်တဲ ဆက်ပြောနေခြင်းအား တားဆီးရန် အတွက် သူ့တွင် နည်းလမ်းတစ်ခုတည်းသာ ရှိတော့သည်။ ထိုနည်းလမ်းမှာ နှုတ်ဆိတ်ခြင်းပင်။

ယန်ရန်က လူလိမ်ဖြစ်သော်လည်း သူ့ခွန်အားက အဆိုးရွားကြီး မဟုတ်ပေ။ ဝမ်မင်တဲ အမူအရာ ပြောင်းလဲသွားပြီ ဘာမှ ထပ်မပြောတော့ချေ။ သူ လက်သီးကိုဆန့်တန်း၍ တစ်ဖက်လူ၏ လက်သီးကို ခုခံလိုက်သော်လည်း ထိတ်လန့်သွားပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်ရသည်။

“ကောင်းတယ်ဟေ့”

ဤသည်ကိုမြင်ပြီး လူတိုင်း ချက်ချင်း လက်ခုပ်ဩဘာပေးကြသည်။ ယန်ရန်က ဝမ်မင်တဲကို တစ်ချက်တည်းနဲ့ နစ်နာသွားအောင် လုပ်နိုင်သဖြင့် ကောင်းသော လက္ခဏာပင်။

*တကယ့်ကို ယဲ့ဖန်ပဲ*

သို့သော် လီဝေ့တစ်ဦးတည်းသာလျင် မသိမသာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲ၌ သံသယတစ်ချို့ ဝင်လာသည်။ ယဲ့ဖန်၏ ခွန်အားအရဆိုလျင် ဘုရင်အဆင့်ကိုပင် စက္ကန့်ပိုင်းအတွင်း သတ်နိုင်၏။

*ဒါ မဟုတ်သေးဘူး*

“အဘိုးကြီး ခင်ဗျား လေကျယ်ရဲသေးလား”

ယန်ရန် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်သည့် အပြုံးမျိုး ပြုံးလေသည်။

“သောက်ကောင် မင်း သေချင်နေတာပဲ”

ဝမ်မင်တဲ ဒေါသထွက်သွားပြီး လက်သီးကိုဝင့်ကာ ကျားတစ်ကောင်သဖွယ် ကြုံးဝါး၍ ပြန်တိုက်ခိုက်လာ၏။ ထိုလက်သီးကွက်က ပြင်းထန်လွန်းပြီး  တစ်ချက်က မျက်နှာကို ဦးတည်လာပြီး နောက်တစ်ချက်က ရင်ဘတ်ကို ဦးတည်နေသည်။

အားပြင်းလွန်းပြီး အသေသတ်ရန် ကြံစည်ထားသည့် တိုက်ကွက် ဖြစ်လေသည်။

“လှည့်ကွက် အသေးစားလေးကိုများ”

ယန်ရန် အထင်သေးစွာ ပြုံးလိုက်ပြီး ဝမ်မင်တဲ၏ လက်သီးနှင့် အထိုးခံရတော့မည့်အချိန်၌ ရုတ်တရက် တန်ပြန် တိုက်စစ်ဆင်လိုက်သည်။ လက်နှစ်ဖက်လုံးအား နဂါးလက်သည်းသဏ္ဌာန် ပြုလုပ်ကာ သူ့လက်မောင်းအား လျင်မြန်စွာ ဆုပ်ကိုက်လိုက်လေသည်။ တိုက်ကွက်ကို ရပ်တန့်ရန် ဖိအားပေးလိုက်ခြင်းပင်။

ဝမ်မင်တဲ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

“ထစမ်း”

ယန်ရန် ညာသံပေး၍ ဝမ်မင်တဲအား လက်မောင်းမှ ဆုပ်ကိုင်၍ ပစ်ထုတ်လိုက်ပြီး ရင်ဘတ်ကိုပါ ကန်ကျောက် လိုက်လေသည်။ ဝမ်မင်တဲ လွင့်ထွက်သွားရင်း သွေးအန်လာကာ အသက်ရှုနှုန်း မမှန်တော့ချေ။

“နိုင်ပြီ”

“အရှင် ယဲ့ဘုရင်က တကယ် သန်မာတာပဲ၊ ဒီအဘိုးကြီးကို နှစ်ချက်၊ သုံးချက်နဲ့ ဒဏ်ရာရအောင် လုပ်နိုင်တယ်”

“လူကြီးမင်းယဲ့ ကောင်းတယ်ဗျာ သူ့ကို သတ်ပစ်လိုက်”

လက်ဝှေ့သမားများ အလွန် ဝမ်းသာသွားပြီး ကျယ်လောင်စွာ ဩဘာပေးကြလေသည်။ ဤသည်ကိုမြင်ပြီး လီဝေ့သည် သူမရှေ့မှ လူက ယဲ့ဖန် ဟုတ်၏၊ မဟုတ်၏ကို တွေးမနေတော့ချေ။ ဝမ်မင်တဲကို သူ သတ်နိုင်သည်နှင့် သူမတို့၏ ကျေးဇူးရှင် ဖြစ်လာမှာပင်။

ယဲ့ဖန်သည် အစမှအဆုံးတိုင် အေးစက်သော မျက်လုံးများနှင့် ဟာသကို ကြည့်သကဲ့သို့ ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် အားလုံးသည် ပုရွက်ဆိတ်များသာ ဖြစ်သည်။ ဝမ်မင်တဲနှင့် ယန်ရန်တို့က သူတို့နှင့် သိုင်းအဆင့် တူသူများထက် အနည်းငယ် ပိုသန်မာသော်လည်း သူ့အမြင်တွင် ပမွှားလေးသာ ဖြစ်လေသည်။

“နင် မြင်ပြီလား၊ ဒါ တစ်စုံတစ်ယောက်ထက် အများကြီး ပိုသန်မာတဲ့ ယောကျ်ားစစ်စစ်လေ”

လီဝေ့က ယဲ့ဖန်ကို အေးစက်စွာ ကြည့်လာပြီး အထင်သေးသော အပြုံးမျိုး ပြုံးနေ၏။ ထိုအခိုက်တွင် ယန်ရန်က မောက်မာစွာ ပြုံးလိုက်၏။

“ငါဆိုတဲ့ ယဲ့ဖန်ကို စော်ကားရင် ဒီလိုပဲ အဆုံးသတ်ရလိမ့်မယ်”

“မင်းက ယဲ့ဖန် မဟုတ်ဘူး”

ဝမ်မင်တဲက ချက်ချင်း သွေးကို ထွေးထုတ်၍ ပြန်တိုက်ခိုက်လိုက်သည်။

*ဒီလိုအမှိုက်ကောင်ကများ ယဲ့ဖန်နဲ့ ယှဉ်ရဲတယ်လား၊ ရယ်ရလွန်းလို့ ငါ့ရှေ့သွားတောင် ကျွတ်သွား လောက်တယ်*

သူသည် လက်ကို ဖျတ်ခနဲ လှုပ်လိုက်သောအခါ ဓားမြောင်တစ်ချောင်း ပေါ်လာလေသည်။ ထိုဓားမြောင်နှင့် ယန်ရန်ကို တိုက်ခိုက်လေတော့သည်။ ပြင်းထန်လွန်းသည့် လူသတ်တိုက်ကွက်ပင်။

“ရွံဖို့ကောင်းလိုက်တာ၊ လက်နက်တောင် ထုတ်သုံးတယ်”

လက်ဝှေ့သမားများ ချက်ချင်း မာန်မဲလာသည်။

“လက်နက်သုံးလည်း ဘာဖြစ်လဲ၊ သူက အရှင်ယဲ့ဘုရင်နဲ့ တိုက်နေရတာဆိုတော့ သူ ဘာကိုပဲသုံးသုံး သေရမှာပဲ”

“ဟုတ်တယ် ယဲ့ဘုရင်က သိုင်းပညာမှာ ပြိုင်ဘက်ကင်းပဲ၊ သူ လက်နက် ဆက်သုံးနေရင်တောင်မှ သေရမှာ”

သို့သော် ထိုစဉ် ယန်ရန်က လက်ကိုမြှောက်၍ လက်နှစ်ချောင်းဖြင့်သာ ထိုဓားမြောင်ကို တားဆီးလိုက်သည်။

“ဝိုး”

လူတိုင်း ထိတ်လန့်သွားပြီး တအံ့တဩ ထအော်ကြသည်။

*လက်လေးနှစ်ချောင်းနဲ့ ဒီတားဆီးမရတဲ့ တိုက်ကွက်ကို တကယ် တားလိုက်တာလား*

*အံ့ဩဖို့ကောင်းတယ် မဟုတ်လား*

ကြောက်လန့်၍ အားကျသော အကြည့်များက ယန်ရန်ပေါ်သို့ ကျရောက်လာ၏။

*သူက ယဲ့ဖန်*

*တကယ့်ကို ယဲ့ဖန် အစစ်ပဲ*

*ယဲ့ဖန်မှာပဲ ဒီလိုနည်းလမ်းမျိုး ရှိတာ*

လူတိုင်း ရင်တဒိန်းဒိန်း ခုန်နေကြသည်။ အပြုအမူက စကားလုံးထက် ပိုထိရောက်ပြီး အစောပိုင်းက ဝမ်မင်တဲ ပြောခဲ့သည့် စကားများက သူတို့အတွက် ဟာသ ဖြစ်သွားလေသည်။ လီဝေ့တောင်မှ မျက်လုံးအရောင် တောက်လာ၏။

*လွှမ်းမိုးနိုင်လွန်းတယ်*

*ဒီလူက နဂါးမြို့တော်ရှေ့မှာတုန်းကလို မာနကြီးပြီး လွှမ်းမိုးနိုင်လွန်းတာပဲ*

အားပေးသံများကို ကြားသောအခါ ယန်ရန်၏ မျက်နှာတွင် ဂုဏ်ယူဟန်များ ပေါ်လာသည်။

*ဒီလက်လေးနဲ့တင် ဒီလူတွေကို ကြောက်အောင် လုပ်နိုင်သွားပြီမလား*

*လက်နှစ်ချောင်းတည်းနဲ့ နဂါးအသွင်ပြောင်းခြင်းအဆင့်ရဲ့ တိုက်ခိုက်မှုကို တားနိုင်တာဆိုတော့ ဘယ်သူမဆို သေမတတ် ကြောက်သွားလောက်တယ်*

ယဲ့ဖန်တစ်ဦးတည်းသာလျင် အထင်သေးသလို ပြုံးနေ၏။ ဤတိုက်ကွက်ကို ယန်ရန် အဘယ်ကြောင့် တားနိုင်မှန်း သူသာလျင် မြင်နိုင်လေသည်။ အကြောင်းမှာမူ သူ့လက်ပေါ်မှ မှော်လက်အိတ် တစ်စုံကြောင့်သာ ဖြစ်သည်။

သူသည် ဤလက်အိတ်ကို ယခင် မိသားစုထံမှ ခိုးလာခြင်း ဖြစ်သည်။ ဤလက်အိတ်သည် မီးဒဏ်၊ ရေဒဏ် ခံနိုင်ပြီး ပြင်းထန်သော တိုက်ကွက်များကိုပင် ခုခံနိုင်စွမ်း ရှိသည်ဟု ဆို၏။

ထိုစဉ် ဝမ်မင်တဲ၏ မျက်နှာတွင် ခနဲ့သော အမူအရာ ပေါ်လာပြီး မျက်လုံးများက ကြမ်းကြုတ်လာလေသည်။ ဤသည်ကို မြင်ပြီး ယန်ရန် တစ်စုံတစ်ရာကို ရိပ်စားမိကာ ချက်ချင်း မျက်နှာထား ပြောင်းလဲသွားတော့သည်။

*မကောင်းတော့ဘူး*

သူ အန္တရာယ်ကို ခံစားမိပြီး ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် အချိန်နှောင်းသွားလေပြီ။

“ရွှစ် ရွှစ် ရွှစ်”

ဓားမြောင်ထိပ်မှနေ၍ ရွှေရောင် အပ်သုံးချောင်း ထွက်လာပြီး ယန်ရန်၏ ရင်ဘတ်သို့ ချက်ချင်း ထိုးစိုက် သွားသည်။

“အား …”

သူ အော်ဟစ်မိပြီး ချက်ချင်း မျက်နှာ ဖြူရော်သွားသည်။ ရွှေရောင် အပ်သုံးချောင်းက သူ၏ အဆုတ်သို့ တန်းထိုးစိုက်သွားပြီး ခန္ဓာကိုယ်ထဲမှ ယန်စွမ်းအင်များကို စုပ်ယူသွားလေသည်။

*ထူးဆန်းတယ်*

*ကောက်ကျစ်တယ်*

*လူကို တကယ် ထိခိုက်အောင် လုပ်တာပဲ*

လီဝေ့နှင့် အခြားသူများ ထိတ်လန့်ကာ ဒေါသထွက်သွားပြီး မျက်စိရှေ့မှ မြင်ကွင်းအား မယုံနိုင်သလို ကြည့်နေ ကြသည်။

“ဟေ့ကောင် ငါနဲ့ တိုက်ဦးလေ၊ မင်းက ငယ်သေးတာပဲကို”

ဝမ်မင်တဲ ရယ်မော၍ ကန်ကျောက်လာသည်။ ဝုန်းခနဲ အသံနှင့်အတူ ယန်ရန် ကြမ်းပြင်ပေါ် ပစ်လဲကျသွားသည်။ သူ့ခေါင်းမှ သွေးများ စိမ့်ထွက်လာပြီး ခေါင်းပေါက်မတတ် ဖြစ်သွားရသည်။ ဝမ်မင်တဲက လုံးဝ သက်ညှာခြင်း မရှိပေ။ ယန်ရန် ခေါင်းမူးသွားပြီး ဒယိမ်းဒယိုင်နှင့် အတော်ကြာအောင် ပြန်မထနိုင်ဘဲ ဆက်တိုက် သွေးအန်နေ၏။

*ရှုံးသွားတယ်*

*ယဲ့ဖန်က တကယ် ရှုံးသွားတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

လီဝေ့နှင့် အခြားသူများ ငိုချင်သွားသည်။ ယဲ့ဖန်သည် သူတို့၏ မျှော်လင့်ချက် ဖြစ်သော်လည်း ဝမ်မင်တဲ၏ လက်ထဲ၌ ရှုံးနိမ့်သွားရသည်တဲ့လား။

“ဟားဟားဟား လီဝေ့ မင်းလူက တော်တော် ဆိုးတာပဲ၊ ဟုတ်တယ်မလား၊ ဒီလူလိမ်ကောင်နဲ့ ငါ့ကို တားချင်တယ် ပေါ့လေ၊ မင်း ငါ့ကို အထင်သေးလွန်း မနေဘူးလား”

ဝမ်မင်တဲက ဒေါသနှင့် ရယ်မော၍ လီဝေ့ကို လှည့်ကြည့်လာသည်။ သူ့မျက်လုံးထဲ၌ နက်ရှိုင်းသော မုန်းတီး စိတ်များ ပါဝင်နေ၏။ သူ ယန်ရန်ထံ၌ အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။

ထိုအရာအားလုံးက ဤအမျိုးသမီးကြောင့် ဖြစ်သွားခဲ့ခြင်း ဖြစ်သဖြင့် သူမကို သူ အသာလေး ခွင့်မလွှတ် ပေးနိုင်ပါ။

*သူ့ကို ကစားပစ်မယ်၊ နှိပ်စက်ပစ်မယ်*

*ပြီးရင် သူ့ကို ဒူးထောက်ပြီး ငါ့ဖိနပ်ကို ခွေးလိုလျက်ဖို့ ပြောရမယ်*

“လူလိမ်ဟုတ်လား”

လီဝေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“သောက်ရေးမပါလိုက်တာ သူ့ကို တကယ့် ယဲ့ဘုရင်လို့ ရူးရူးမိုက်မိုက် တွေးနေတာလား၊ ဒီလိုဆိုရင်တော့ မင်းနြ့ မင်းအဖေက တစ်ပုံစံတည်းပဲ၊ ငတုံးတွေလို့ ပြောရမယ်၊ ဟားဟားဟား …”

ဝမ်မင်တဲက အူနာမတတ် ရယ်လေသည်။

“အရူး အရူးတွေ မင်းတို့ ဒီလူလိမ်ပြောတာကို တကယ် ယုံနေတာလား”

“ယဲ့ဖန် ဟုတ်လား၊ ဟားဟားဟား ယဲ့ဖန်က ဘယ်လိုလုပ် ထောင်ဟွာမြို့လို တောကျတဲ့နေရာမှာ ပေါ်လာမှာလဲ၊ ထပ်ပြောလိုက်ဦးမယ်၊ ယဲ့ဖန်က ဘုရင်အဆင့်ကိုတောင် ခဏလေးအတွင်း သတ်နိုင်တာ၊ ငါက နဂါးအသွင်ပြောင်း ခြင်းအဆင့်ပဲ ရှိတာလေ၊ သူ မသတ်နိုင်ဘဲ ရှိပါ့မလား”

“အဓိပ္ပာယ် မရှိလိုက်တာ”

ထိုစကားကို ကြားသော် လီဝေ့နှင့် အခြားသူများ မျက်နှာ သုန်မှုန်သွားကြသည်။ အချိန်အတော်ကြာပြီးမှ သူတို့ လှည့်စားခံရမှန်း သိလိုက်ရသည်။

*ဒီလူ ရှုံးတာက အံ့ဩစရာ မရှိဘူးပဲ၊ သူက ယဲ့ဘုရင်မှ မဟုတ်တာ*

*ယဲ့ဖန်ဆို ရှုံးဖို့ မဖြစ်နိုင်ဘူး*

*အင်ပါယာရဲ့ အသန်မာဆုံးလူက ဝမ်မင်တဲကို ဘယ်လိုလုပ် ရှုံးမှာလဲ*

*သွားပြီ*

*ဒါ ငါတို့လည်း သွားပြီလို့ ဆိုလိုတာပဲ*

လီဝေ့၏ မျက်နှာတွင် ခါးသီးရိပ်များ ထွက်ပေါ်လာသည်။ သူမကိုယ်သူမ ကံကောင်းလွန်းသည်ဟု ထင်ခဲ့မိသည်။ သူမ ဖခင် ဆုံးသွားပြီးနောက် အင်ပါယာထဲမှ အသန်မာဆုံးလူနှင့် ဆုံရသည်ဟု ထင်ခဲ့သည်။ အရာအားလုံးက အချည်းနှီး ဖြစ်ခဲ့ရပြီး သူမက အခြားသူ၏ လိမ်လည်ခြင်း ခံနေရလေသည်။

*ယဲ့ဘုရင်လား*

*ယဲ့ဘုရင်လို မြင့်မြတ်တဲ့လူက ငါ့လို ပမွှားလေးကို ဘယ်လိုလုပ် ကူမှာလဲ*

သူမ မည်မျှ တုံးအ၍ ရူးမိုက်ခဲ့ကြောင်း ယခုအခါတွင်မှ လီဝေ့ သတိပြုမိသွားသည်။

All Chapters