← Chapters

အောင်မြင်ခြင်း

Vol. 160 Ch. 2269

အောင်မြင်ခြင်း

Vol. 160 Ch. 2269

မရေမတွက်နိုင်သော မျက်လုံးများက ကျန့်အော့နှင့် တခြားသော ထိပ်သီးတန်ခိုးရှင်များကို ကြည့်နေကြသည်။ ရီဖူရှင်း ပြောသလိုသာ ဆိုပါက မူလဘုံသည် ကောင်းကင်အာဏာစက်ဘုံ၏လက်အောက်သို့ အလုံးစုံ ကျရောက်သွားပြီးဖြစ်ကာ ဘုံကိုးခု၌ နှစ်ပေါင်းများစွာ ဖြစ်ပေါ်နေသော ပဋိပက္ခမှာလည်း အဆုံးသတ်ပြီ ဖြစ်သည်။

ကျန့်အော့နှင့် အပေါင်းအပါတို့က ထိုအဆိုပြုချက်ကို လက်ခံနိုင်ပါမည်လော။

သူတို့တွင် ရွေးချယ်စရာ မရှိချေ။

သူတို့က တောင်းပန်ရန် ရောက်လာခြင်းဖြစ်သည်။ သူတို့က တင်းခံ၍ ဖြစ်နိုင်ပါမည်လော။

လက်ရှိအခြေအနေတွင် သူတို့က ရီဖူရှင်း၏တောင်းဆိုချက်များကို လက်မခံပါက သေခြင်းတရားက သူတို့ကို စောင့်မျှော်နေလိမ့်မည်။

အမှန်တကယ်အားဖြင့် သူတို့က ဤအခြေအနေကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။

“ကောင်းပြီ။ ငါတို့ မင်းပြောတဲ့အတိုင်း လိုက်နာပေးမယ်။ ကျုပ်က ကျောင်းအုပ်နေရာကို အင်ပါယာနန်ဆီသို့ လွှဲပေးမယ်” ကျန့်အော့က အနည်းငယ် တွန့်ဆုတ်နေပြီးမှ ပြောသည်။ အားလုံးက ခန့်မှန်းထားသည့်အတိုင်း ကျန့်အော့သည် ရီဖူရှင်း၏တောင်းဆိုမှုကို လက်ခံခဲ့၏။ သူက ထျန်ရှန်းကျောင်းတော်ကျောင်းအုပ်နေရာကို စွန့်လွတ်လိုက်၏။

သူတို့၏အသက်စည်းစိမ်ကို ကာကွယ်နိုင်သေးသည်ကပင် အလွန်ကံကောင်းနေပြီဖြစ်သည်။

ကျန့်အော့က သဘောတူသည်တွင် တခြားလူများ၏မျက်နှာများကလည်း သိပ်မကောင်းတော့။ သူတို့က အလွန်မသက်မသာ ခံစားရသော်လည်း တခြားရွေးချယ်စရာ မရှိချေ။

“ကောင်းပြီလေ…”

“ကျုပ်တို့က ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ဦးဆောင်မှုကို လက်ခံပါတယ်” ကောင်းကင်မျှော်စင်ကျောင်းတော်၊ သိုင်းနတ်ဘုရားကလန်နှင့် တခြားသော အင်အားစုများကလည်း သဘောတူကြသည်။ သူတို့က သဘောမတူ၍လည်း မရတော့ပေ။ သူတို့က ခေါင်းငုံ့ကာ အလျှော့ပေးရန်သာ ရှိတော့သည်။

အင်အားအကြီးဆုံး ပုဂ္ဂိုလ်များက ကောင်းကင်အာဏာစက်ကျောင်းတော်၏တောင်းဆိုမှုကို လက်ခံသည်ကို ကြည့်ကာ အားလုံးက စိတ်လှုပ်ရှားမိကြသည်။

ယနေ့ကား မူလဘုံတွင် သမိုင်းတွင်သောနေ့ ဖြစ်ပေသည်။ ယနေ့မှစ၍ မူလဘုံသည် တစ်စုတစ်စည်းတည်း ဖြစ်သွားကာ ကောင်းကင်အာဏာစက်ကျောင်းတော်၏သမိုင်းသစ် စတွင်သောနေ့လည်း ဖြစ်သည်။

အတိတ်တွင် ဘုံကိုးခုမှ ထိပ်သီးအင်အားစုများသည် ပိုင်နက်ကိုယ်စီကို အုပ်ချုပ်ကြ၏။ ယနေ့ကဲ့သို့ နေ့ရက်မျိုး ရှိလာမည်ဟု မည်သူ ထင်မည်နည်း။ အတိတ်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် အင်အားအနည်းဆုံး ဖြစ်ခဲ့သည် မဟုတ်ပါလား။

အရာအားလုံးသည် အိပ်မက်တစ်ခုအလား ထင်မှတ်ရပေသည်။

တော်ဝင်နန်းတော်ကလည်း ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ သူတို့သည် အင်အားစုများ၏ရန်ငြိုးနှင့် ပဋိပက္ခများ၌ ဝင်မပါပေ။ ထို့ကြောင့် ရီဖူရှင်း၏အပြုအမူများမှာ တရားနည်းလမ်း ကျပေသည်။ မူလဘုံ၏ပရမ်းပတာ အခြေအနေနှင့်ဆိုပါက ရီဖူရှင်း၏ဘုံကိုးခုလုံးကို စုစည်းခြင်းသည် အနာဂတ်အတွက် ပိုမိုကောင်းမွန်သော အခြေအနေ ဖြစ်၏။ ထို့ကြောင့် တော်ဝင်နန်းတော်သည် ရီဖူရှင်း လုပ်ဆောင်မှုအား အသိအမှတ်ပြုပေမည်။

“ဒီလိုဆိုမှတော့ ခင်ဗျားတို့အားလုံး ကောင်းကင်အာဏာစက်ကျောင်းတော်မှာပဲ ဆက်နေပြီးတော့ နောက်ဆုံးစီစဉ်တာကို စောင့်နေကြပေါ့” ရီဖူရှင်းက ပြောသည်။ အင်အားစုခေါင်းဆောင်များက ခေါင်းညိတ်ကြသည်။ သူတို့က သဘောတူပြီးမှတော့ မည်သည့်အရာကိုမှ ပြောင်းလဲနိုင်စွမ်း မရှိတော့။

ရှုံးနိမ့်သူသည် သူ၏ကံကြမ္မာကို လက်ခံရပေမည်။ သူတို့မှာ တစ်ဘက်လူနှင့် ညှိုနှိုင်းနိုင်စွမ်း မရှိတော့။ အသက်ရှင်နေခြင်းကပင် တစ်ဘက်လူမှ ကြီးမားစွာ သက်ညှာပေးခဲ့ခြင်းဖြစ်သည်။

ရီဖူရှင်းက နောက်လှည့်ကာ အင်ပါယာနန်၊ အရှင်ထိုက်ရွှမ်နှင့် တခြားလူများကို ကြည့်သည်။ အားလုံးက သဘောကျ ကျေနပ်ကြ၏။ အရှင်ထိုက်ရွှမ်ကား ကောင်းကင်အာဏာစက်ကျောင်းတော်၏ကျောင်းအုပ် ဖြစ်နေဆဲပင်။ သို့သော်လည်း ယနေ့ကိစ္စရပ်များအားလုံးကို ရီဖူရှင်းက ဆုံးဖြတ်ခဲ့သည်။ သူသည် ဆုံးဖြတ်ချက်တိုင်းနှင့် အမိန့်အာဏာတိုင်းအတွက် တာဝန်ရှိသူဖြစ်သည်။

ရီဖူရှင်းသည် အဆင့်မြင့်ရန်ဟောင်အဖြစ်သို့ တက်ရောက်စဖြစ်သော်လည်း သူသည် ထိပ်သီးပုဂ္ဂိုလ်တစ်ဦး၏အမူအကျင့်များ ရှိနေပြီးဖြစ်သည်။ နောင်နှစ်အနည်းငယ်တွင် နောက်ခံအင်အားမရှိပါဘဲဖြင့်ပင် သူသည် ကိုယ်တိုင် မားမားမတ်မတ် ရပ်နိုင်ပေလိမ့်မည်။

၎င်းနေ့ရက်မှာလည်း မကြာခင် ရောက်လာတော့မည် ဖြစ်သည်။

“အားနာပါတယ် လူကြီးမင်းတို့။ ခင်ဗျားတို့ အလုပ်ရှုပ်တော့မှာပဲ” ရီဖူရှင်းက အင်ပါယာနန်နှင့် တခြားလူများကို ပြောသည်။ ဘုံကိုးခုမှ အင်အားစုများကို စီစဉ်ရသည်မှာ အချိန်နှင့်လူပန်းသော ကိစ္စဖြစ်သည်။ အမှန်တကယ်အားဖြင့် အင်ပါယာနန်သည် ထိုကိစ္စများတွင် ပါဝင်ပတ်သက်လိုခြင်း မရှိပေ။ သို့သော်လည်း ရီဖူရှင်း၏တောင်းဆိုမှု၊ ဘုံကိုးခု၏အနာဂတ်အတွက် သူသည် ရှေ့ထွက်ကာ ထျန်ရှင်းကျောင်းတော်ကို တာဝန်ယူရန်သာ တတ်နိုင်တော့သည်။

ဗဟိုအင်ပါယာဘုံတွင်ရှိသော ထျန်ရှင်းကျောင်းတော်သည် ဘုံကိုးခုအတွက် အလွန်အရေးပါ၏။

“ကိစ္စမရှိဘူး။ ငါတို့ တာဝန်ပဲ ထားလိုက်ပါ” ရှောင်ကလန်မှ ရှောင်တိန့်ထျန်းက ပြောသည်။ သူနှင့် ယွင်ယန်ကလန်ခေါင်းဆောင်တို့သည် ထျန်ရှင်းကျောင်းတော်၏လက်ထောက်ကျောင်းအုပ်များအဖြစ် အင်ပါယာနန်ကို ကူညီကြမည် ဖြစ်သည်။

မူလဘုံမှ တန်ခိုးရှင်များအားလုံးမှာ မူလဘုံနှင့်ပတ်သက်၍ ထူးခြားသော စိတ်ခံစားချက်များ ရှိကြပေသည်။ ထို့ကြောင့် အင်ပါယာနန်ကလည်း တွန့်ဆုတ်ခြင်းမရှိဘဲ လက်ခံခြင်းဖြစ်သည်။

တောင်တန်းဘုံမှ ဆရာပုတောက်ကလည်း ရီဖူရှင်း၏သဘောကို နားလည်ပေသည်။ ရီဖူရှင်း၏လက်ရှိစွမ်းအားဖြင့်ဆိုပါက မူလဘုံမှ အင်အားစုများကို ထိန်းချုပ်ရန်မလိုဘဲ ကိုယ်တိုင် တိုးတက်ရာ တိုးတက်ကြောင်း ရှာနိုင်ပေသည်။ သူက မူလဘုံကို ကူညီလိုရင်းဖြစ်သည်ကို နားလည်သောကြောင့် ဆရာပုတောက်ကလည်း ရီဖူရှင်း လုပ်သမျှအား ထောက်ခံပေးရန် အသင့်ရှိနေသည်။

“အရမ်းကောင်းတယ်။ တာဝန်တွေ ခွဲဝေပြီးသွားပြီဆိုတော့ ကျုပ်တို့က မဟာခရီးသွားဝင်္ကပါတည်ဆောက်ဖို့ စီစဉ်ကြတာပေါ့” ရီဖူရှင်းက ပြောသည်။ ချက်ချင်းပင် အားလုံးက လာမည့်အစီအစဉ်များအတွက် စတင်ပြင်ဆင်ကြသည်။

“ဖူရှင်း…” ထိုအခိုက်တွင် အရှင်ထိုက်ရွှမ်က ရီဖူရှင်းကို ခေါ်သည်။ ရီဖူရှင်းကလည်း ပြန်ကြည့်လျှင် သူက ဆက်ပြောသည် “ကျောင်းတော်တည်ထောင်တုန်းက မင်းရဲ့ကျင့်ကြံဆင့်နိမ့်လို့ ငါက ကျောင်းအုပ်တာဝန်ကို ကူညီပြီး ယူခဲ့တယ်။ အခု မင်းရဲ့ကျင့်ကြံဆင့်ကလည်း မြင့်နေပြီ။ ကျောင်းအုပ်နေရာကို မင်းကို ပြန်ပေးဖို့ အချိန်ရောက်ပြီလို့ ငါယူဆတယ်”

သူ၏စကားက လူတိုင်း၏ခြေလှမ်းများကို ရပ်တန့်စေကာ သူ့အား ပြန်ကြည့်ကြသည်။ သူက ကျောင်းအုပ်နေရာမှ နားကာ ရီဖူရှင်းအား ဆက်ခံစေလိုနေသည်။

လူတိုင်းက ထိုစကားကိုကြားလျှင် အရှင်ထိုက်ရွှမ်ကို လေးစားစွာ ကြည့်ကြသည်။ သူ့တွင် အမှန်ပင် ကျောင်းအုပ်ရာထူးနှင့်ပတ်သက်၍ တကိုယ်ကောင်းစိတ်မရှိချေ။ သူသည် အာဏာကို မက်မောခြင်းလည်း မရှိချေ။ သူက ရီဖူရှင်းကိုယ်စား ကျောင်းအုပ်နေရာကို တာဝန်ယူထားခဲ့ကာ ယခုတွင် ထိုတာဝန်အား ရီဖူရှင်းကို ပြန်ပေးအပ်လိုနေသည်။

လက်ရှိတွင် ကျောင်းတော်သည် ဘုံကိုးခု၏ဦးစီးဦးဆောင်ဖြစ်သည်။ ထိုမျှသော အာဏာအား မမက်မောသူ မရှိချေ။ ယခု အရှင်ထိုက်ရွှမ်က ထိုရာထူးအား ရီဖူရှင်းကို ပေးအပ်လိုနေသည်။

“ကျွန်တော်က လုံလောက်အောင် မသန်မာသေးပါဘူး။ အရှင်ထိုက်ရွှမ်ကပဲ ဒီဝန်ထုပ်ဝန်ပိုးကို ဆက်ယူရဦးမယ်ထင်တယ်” ရီဖူရှင်းက ပြောသည်။ သူက ထိုကမ်းလှမ်းချက်ကို လက်ခံလိုပေ။ သူတို့က အာဏာကို မမက်မောရာ မည်သူက တာဝန်ကို ယူခြင်း မယူခြင်းက ပြဿနာမဟုတ်ပေ။

“အချိန်ကျနေပြီ” အရှင်ထိုက်ရွှမ်က ပြုံးလျှက်ပြောသည်။ အင်ပါယာနန်ကလည်း ပြောသည် “မင်းက ဒီနေ့လို အခြေအနေကို ဖန်တီးပေးခဲ့တဲ့သူပဲ။ အရှ်ငထိုက်ရွှမ်က အရင်နှစ်တွေတုန်းက စိတ်ပင်ပန်း လူပင်ပန်းခဲ့ပြီးပြီ။ မင်းက သူ့ကို အနားပေးသင့်ပြီ”

“မှန်တယ် ဖူရှင်း… မင်းက လက်ခံသင့်တယ်” တခြားလူများကလည်း ရီဖူရှင်းကို နားချကြသည်။ ရီဖူရှင်းက သူတို့၏စကားကိုကြားကာ အရှင်ထိုက်ရွှမ်၏မျက်နှာမှ အပြုံးကို ကြည့်သည်။ သူက အားလုံး၏သဘောကို နားလည်ကာ ခေါင်းညိတ်သည်။

အရှင်ထိုက်ရွှမ်က လူအများကိုကြည့်ကာ ပြောသည် “ဒီနေ့ကစပြီးတော့ ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ကျောင်းအုပ်ပဲ”

မရေမတွက်နိုင်သော မျက်လုံးများက သူတို့ရှိရာသို့ ကြည့်ကြသည်။ ယနေ့မှစ၍ ကောင်းကင်အာဏာစက်ကျောင်းတော်သည် မူလဘုံအား စုစည်းခဲ့၏။ ထို့အပြင် ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ကျောင်းအုပ်နေရာကို ရယူခဲ့သည်။

All Chapters