← Chapters

ယို့ယွင်ကျီ၏အံ့သြမှု

Vol. 11 Ch. 157

ယို့ယွင်ကျီ၏အံ့သြမှု

Vol. 11 Ch. 157

ဂျန်ဖန်း မနေနိုင်ပဲ မျက်မှောင်ကြုတ်သွားသည်။

နန်းကုန်းရှောင်ယွင်က အလွန်စွမ်းအားကောင်းနေပြီးပြီဖြစ်၏။ သို့ပေမယ့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ လက်ထောက်ခန်းမသခင်က သူမကို လူကိုယ်တိုင် လမ်းညွှန်ပေးချင်နေ၏။

ထိုအရာက အနည်းငယ်မမျှတပေ။

ကြည့်ရတာ သူ လျိုချင်းရှန်ကို အစွမ်းကုန် ကူညီရတော့မည်ပင်။

မဟုတ်လျှင် သူမအတွက် အနိုင်ရဖို့ အလွန်ခက်ခဲမည်ပဲဖြစ်သည်။

လူလေးယောက်အဖွဲ့က သိုင်းပညာခန်းမအတွင်းကို ဝင်ရောက်လာခဲ့သည်။

အထဲ၌ ရှေးဟောင်းရုပ်ထုများစွာရှိနေပြီး ကြီးကျယ်ခမ်းနားသည့်အရှိန်အဝါတွေ ထုတ်လွတ်နေခဲ့၏။

လျိုချင်းရှန်က ဂျန်ဖန်းနှင့်အတူ လေ့ကျင့်ရန် လိုက်ပါလာခြင်းဖြင်၍ သူမအာရုံက သူ့အပေါ်၌သာ ရှိနေခဲ့သည်။ သူမက ရှင်းပြပေးလိုက်သည်။

"ရုပ်ထုရှေ့မှာ ရပ်နေမယ်ဆိုရင်, အဲ့တာက နင်နဲ့တိုက်ခိုက်ဖို့ ဆန်းကြယ်ပုံရိပ်တစ်ခုကို ဖန်တီးပေးလိမ့်မယ်။ နင့်ရဲ့သိုင်းကွက်ကသာ မပြည့်စုံဘူးဆိုရင် ဒီရုပ်ထုကနေ ပြန်ဖြည့်ပေးနိုင်တယ်...."

"ဒါပေမယ့် နားလည်ထားရမှာက ကျင့်ကြံရေးနည်းလမ်းတွေက အလွာလိုက်ပေါ်လာတာ...."

"ပထမအလွာကို ပြီးဆီးမှပဲ နောက်တစ်လွာပေါ်လာမှာ...."

"လူတစ်ယောက် သိုင်းပညာခန်းမထဲမှာ နေနိုင်တဲ့ အများဆုံးအချိန်က သုံးရက်ပဲ။ အလွာဘယ်လောက်များများနားလည်နိုင်မလဲဆိုတာကတော့ နင့်ရဲ့နားလည်နိုင်စွမ်းပေါ်မှာပဲ မူတည်တယ်...."

ဂျန်ဖန်း နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဒီတော့ ထိုအရာက လုံးဝ ကျင့်ကြံရေးနည်းလမ်းကို ပြီးပြည့်စုံအောင်လုပ်ရတာချည်းပဲ မဟုတ်ပေ။

အားကောင်းသည့်နားလည်နိုင်စွမ်းလည်း လိုအပ်တာဖြစ်သည်။

"အခြားတစ်ဖက်ကိုသွားရအောင်...."

ဂျန်ဖန်း နန်းကုန်းရှောင်ယွင်နှင့် ယို့ယွင်ကျီကို တစ်ချက်ကြည့်လိုက်ပြီး လျိုချင်းရှန်ကို ရုပ်ထုတစ်ခုနောက်ကို ဆွဲခေါ်သွားခဲ့သည်။

လျိုချင်းရှန်နှလုံးသား အနည်းငယ်ခုန်ပေါက်သွား၏။ သူမက သူ့လက်ထဲမှ ရုန်းထွက်လိုက်ပြီး ပုံမှန်မဟုတ်စွာ ရေရွတ်လိုက်သည်။

"ငါတို့က ကျင့်ကြံဖို့သွားမှာဆိုရင် ဘာကြောင့် လျို့လျို့ဝှက်ဝှက်လုပ်နေတာလဲ...."

ဂျန်ဖန်း လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်အချို့ကို မသိမသာထုတ်ယူလိုက်ပြီး သူမနားနားကိုကပ်ကာ တီးတိုးပြောလိုက်သည်။

"ဒါကို အရင်ဆုံးစမ်းကြည့်လိုက်။ အမ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်မလား ကြည့်ကြတာပေါ့...."

သူမနားထဲက ပူနွေးသည့်အသက်ရူသံကို ခံစားမိပြီး လျိုချင်းရှန်ခန္ဓာကိုယ် တောင့်တင်းသွားကာ နှလုံးခုန်သံတွေ မြန်လာခဲ့သည်။

ထို့နောက် သူမကိုယ်သူမ တည်ငြိမ်အောင်ကြိုးစားပြီး မေးလိုက်သည်။

"ဒီပုလင်းကဘာလဲ..."

"လမ်းစဥ်ချိုးဖြတ်ခြင်းအမှုန့်၊ အမြုတေဖွဲ့စည်းခြင်အဆင့်ကို ချိုးဖြတ်တဲ့ စိတ်ဝိညာဥ်ဆေးတစ်မျိုးလေ..."

ဂျန်ဖန်း ပြန်ဖြေလိုက်သည်။

လျိုချင်းရှန် အံ့အားသင့်သွားပြီး အော်ဟစ်လိုက်၏။

"အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်...အွန်း... အွန်း...."

ဂျန်ဖန်းအလျှင်အမြန်ပဲ သူမနှုတ်ခမ်းကို ကာလိုက်ပြီး ပြောလိုက်သည်။

"အမက တကယ်ပဲ နန်းကုန်းရှောင်ယွင်ကို ကြားသွားစေချင်တာလား...."

သူ ဆွံ့အနေခဲ့၏။

သူ လျိုချင်းရှန်ကို ချောင်ကျသည့်ထောင့်တစ်နေရာကို ခေါ်လာခဲ့ရသည့်အကြောင်းမှာ သူမ တိတ်တဆိတ်ဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်ဖို့ဖြစ်သည်။

ထိုသို့ဆိုလျှင် အနာဂတ်ပြိုင်ပွဲ၌ တစ်ဖက်ပြိုင်ဘက်ကို သတိပေါ့လျော့သွားစေပြီး အနိုင်ရဖို့အခွင့်အရေးတိုးလာမည်ပဲဖြစ်သည်။

ယခုတော့ ထိုအရာက နောက်ကျလွန်းသွားပြီပဲဖြစ်သည်။

နန်းကုန်ရှောင်ယွင်ကြားသွားပြီဖြစ်၍ နောက်ထပ်ဖုံးကွယ်ထားလို့ရတော့မည် မဟုတ်ပေ။

"အို..."

ယို့ယွင်ကျီလည်း ထိုအရာကို ကြားသွားပြီး အံ့အားသင့်သည့်အမူအရာတွေ ပြသလာခဲ့သည်။

"လျိုချင်းရှန်က ဒီနေရာမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်မယ်ပေါ့...."

နန်းကုန်ရှောင်ယွင် မျက်လုံးတွေ ပြူးကျယ်သွား၏။

"မဖြစ်နိုင်တာ... အခုချက်ချင်းကြီးလေ...."

"တိမ်စိမ်းဂိုဏ်းမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ချိုးဖြတ်တဲ့စိတ်ဝိညာဥ်ဆေးလုံး ဘယ်လိုလုပ်ရှိမှာလဲ...."

ဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၌ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်သည့် စိတ်ဝိညာဥ်ဆေးလုံးအားလုံးက နေရာတစ်ခုထဲမှ လာတာဖြစ်သည်။

ထိုနေရာက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမပင်။

အဆုံးမှာတော့ ထိုအရာက အဆင့်သုံး စိတ်ဝိညာဥ်ဆေးလုံးဖြစ်ပြီး သာမန် ကြယ်တစ်လုံး၊ ကြယ်နှစ်လုံး ဝိညာဥ်သခင်တွေ မသန့်စင်နိုင်ပေ။

ထို့ပြင် ဤဆေးလုံးကို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမထုတ်လုပ်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီပဲဖြစ်သည်။

တိမ်စိမ်းဂိုဏ်းက ဘယ်နေရာက ရလာခဲ့သနည်း။

နန်းကုန်ရှောင်ယွင် ရေရွတ်လိုက်သည်။

"ဒါက ငါ့ကျင့်ကြံရေးကို နှောင့်ယှက်မဲ့ နည်းလမ်းတစ်ခုများလား...."

ယို့ယွင်ကျီ ဖြေးညင်းစွာ ခေါင်းညိတ်လိုက်၏။

"ကျင့်ကြံ‌ရေးကိုပဲ အာရုံစိုက်ပါ။ စိတ်ဝိညာဥ်ဆေးလုံးတစ်ကယ်ရှိတယ်ဆိုရင်တောင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ဖို့က အာမမခံနိုင်ပါဘူး။ ဆေးလုံးက အများဆုံးမှ အခွင့်အရေးသုံးဆယ်ရာခိုင်နှုန်းပဲ တိုးလာစေမှာ..."

အခြားတစ်ဖက်၌...

လျိုချင်းရှန် သူမအမှားကိုနားလည်သွားပြီး ရှက်ရွံ့စွာဖြင့် လျှာထုတ်လိုက်သည်။

ဂျန်ဖန်းလက် သူမပါးစပ်ကိုပိတ်ထားဆဲဆိုတာ သတိမထားမိဖြစ်သွား၏။

ထို့ကြောင့် သူမလျှာထုတ်လိုက်သည့်အခါ ဂျန်ဖန်းလက်ဝါးကိုထိသွားခဲ့သည်။

ဂျန်ဖန်း ဓာတ်လိုက်သလိုခံစားလိုက်ရပြီး အလျှင်အမြန် လက်ကို ပြန်ရုတ်လိုက်သည်။

လက်ဝါးက စပ်ဖျဥ်းဖျဥ်းခံစားချက်က သူ့အား တစ်မျိုးကြီးခံစားရစေကာ ချောင်းအနည်းငယ်ဆိုးပြီး ပြောလိုက်သည်။

"သွားတော့, ဒါကို အသုံးပြုလိုက်..."

လျိုချင်းရှန် မျက်နှာ ပိုလို့တောင် နီရဲသွားခဲ့သည်။

သူမစိတ်က ယောက်ယက်ခတ်နေပြီး အလျှန်အမြန်ပဲ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ပြောလိုက်သည်။

"ကောင်းပြီ, ငါအရင်ဆုံး အဆင့်ချိုးဖြတ်နိုင်အောင် ကြိုးစားမယ်..."

နှစ်ယောက်သားက နောက်ထပ်တီးတိုးမပြောတော့ပေ။

သူတို့က ပေါ်သွားပြီဖြစ်၍ အဆင့်ချိုးဖြတ်တာကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်နိုင်ပြီဖြစ်သည်။

အမှုန့်ပုလင်းကို မြိုချပြီးနောက် လျိုချင်းရှန် ချက်ချင်းပဲ ခြေချိတ်ထိုင်လိုက်သည်။ ထို့နောက် သူမ၏ စိတ်ဝိညာဥ်ကျင့်စဥ်နည်းလမ်းကို လှည့်ပတ်ကာ ပတ်ဝန်းကျင်က စိတ်ဝိညာဥ်စွမ်းအင်တွေကို စုပ်ယူလိုက်၏။

ဆေးအာနိသင်ကလည်း လျှင်မြန်စွာ အလုပ်လုပ်လာ၏။

လျိုချင်းရှန်ခန္ဓာကိုယ်က ကြီးမားသည့်အဖြူရောင်အခိုးအငွေ့ကြားမှာနှစ်မြုပ်သွားပြီး အသားအရေကလည်း သံကိုမီးဖိုထဲမှာ အပူပေးထားသကဲ့သို့ နီရဲလာခဲ့သည်။

ထို့နောက် အားကောင်းသည့်အော်ရာတစ်ခု ပျံ့နှံ့လာပြီး သူမပတ်ပတ်လည်မှာ စုဝေးလာခဲ့သည်။

ဤအရာက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်သည့်လက္ခဏာပဲဖြစ်သည်။

အဝေးမှာရှိသည့် ယို့ယွင်ကျီ ထိုအရာကိုခံစားမိပြီး အံ့အားသင့်သွားသည်။

"သူမက တကယ်ကို အဆင့်ချိုးဖြတ်နေတာပါ့လား..."

နန်းကုန်ရှောင်ယွင် မျက်လုံးတွေ ဆက်ခနဲပွင့်လာပြီး အံ့အားသင့်နေခဲ့သည်။

"အကြီးအကဲဂျန်မှာ တကယ်ပဲ အမြုတေဖွဲ့တဲ့ စိတ်ဝိညာဥ်ဆေးလုံးရှိတာပါ့လား...."

"ဒါပေမယ့် သူ့ဆေးလုံးက ဘာလို့ အာနိသင်အရမ်းကောင်းနေရတာလဲ။ ဆေးတစ်လုံးတည်းနဲ့ သူမကို အမြုတေဖွဲ့သွားစေနိုင်တယ်။"

"ငါ့တုန်းကဆို အောင်မြင်ဖို့ ဆေးသုံးလုံးတောင် သောက်ခဲ့ရတာ...."

ယို့ယွင်ကျီလည်း ထိုအရာက မယုံနိုင်စရာကောင်းတာကို ရှာတွေ့သွားပြီး ရေရွတ်လိုက်၏။

"ဒီအကြီးအကဲဂျန်က တကယ်ကို သာမန်မဟုတ်ဘူးပဲ...."

"သူ့ဟာက ပိုအားကောင်းတဲ့ စိတ်ဝိညာဥ်ဆေးလုံးတစ်မျိုးမျိုးဖြစ်ရမယ်..."

ရုတ်တရက်....

ယို့ယွင်ကျီအမူအရာ အနည်းငယ်ပြောင်းလဲသွား၏။

"မကောင်းတော့ဘူး။ အဆင့်တက်တာ ကျရှုံးတော့မယ်..."

"အော်ရာတွေ မတည်မငြိမ်ဖြစ်လာပြီ။ ဒါက စိတ်ဝိညာဥ်စွမ်းအင်စုပ်ယူတာ မလုံလောက်တဲ့လက္ခဏာပဲ။ အမြုတေဖွဲ့တာ ကျရှုံးတော့မယ်...."

"သူမက ပိုအားကောင်းတဲ့ စိတ်ဝိညာဥ်ကျင့်စဥ်နည်းလမ်းတစ်ခု ဒါမှမဟုတ် စိတ်ဝိညာဥ်စွမ်းအင်ပိုသိပ်သည်းတဲ့ နေရာတစ်ခု လိုအပ်တယ်။ မဟုတ်ရင် ကျရှုံးမှာက မလွဲဧကန်ပဲ...."

သို့ပေမယ့် ယခုချိန်မှ နေရာပြောင်းဖို့က နောက်ကျလွန်းသွားပြီဖြစ်သည်။

စိတ်ဝိညဥ်ကျင့်စဥ်နည်းလမ်းအတွက်တော့ ပိုလို့တောင် မဖြစ်နိုင်ပေ။

"စိတ်မကောင်းစရာပဲ...."

ယို့ယွင်ကျီ သက်ပြင်းချလိုက်သည်။

လျိုချင်းရှန်လည်း သူမအခြေအနေကို ခံစားမိပြီး မျက်နှာမှာ စိုးရိမ်သည့်အမူအရာတွေပေါ်လာခဲ့သည်။

သူမက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိဖို့ ခြေတစ်လှမ်းလောက်သာ လိုတော့တာဖြစ်သည်။

ဤအရာက ဤနှစ်တွေတစ်လျှောက် သူမရောက်ရှိဖူးသည့် အနီးစပ်ဆုံးအခြေအနေလည်းဖြစ်သည်။

ယခု သူမက စိတ်ဝိညာဥ်စွမ်းအင်မလုံလောက်ရုံသာဖြစ်သည်။

မည်သို့ပင် စိတ်ဝိညာဥ်စွမ်းအင်ပိုစုပ်ယူဖို့ကြိုးစားပါစေ အမြုတေဖွဲ့ဖို့လိုအပ်ချက်နှင့် ဝေးကွာနေဆဲဖြစ်သည်။

အမြုတေဖွဲ့ဖို့ လိုအပ်သည့်စိတ်ဝိညာဥ်စွမ်းက မျှော်လင့်ထားတာထက် များစွာပိုနေခဲ့သည်။

ဂျန်ဖန်းလည်း အန္တရာယ်ကို မြင်၏။

ကြည့်ရတာ လျိုချင်းရှန်၏ စိတ်ဝိညာဥ်ကျင့်စဥ်က အမြုတေဖွဲ့ဖို့လိုအပ်သည့်စိတ်ဝိညာဥ်စွမ်းအင်ကို မထောက်ပံပေးနိုင်ပေ။

"စိတ်အေးအေးထားပြီး ဆက်ကျင့်ကြံနေ... ကျန်တာ ငါ့ဆီလွဲထားလိုက်..."

ဂျန်ဖန်း သူ့လက်ဝါးကို သူမခေါင်းပေါ်ထားလိုက်ပြီး သူ၏ ကြည်လင်သည့်စိတ်ဝိညာဥ်အမြစ်ကို စတင်လုပ်ဆောင်လိုက်၏။

အရေမတွက်နိုင်သည့်အမြစ်တွေနှင့် မြင့်မားသည့်သစ်ပင်ကြီးတစ်ပင်ကဲ့သို့သော အားကောင်းသည့်စိတ်ဝိညာဥ်အမြစ်က ပတ်ဝန်းကျင်မှ စိတ်ဝိညာဥ်စွမ်းအင်တွေအားလုံးကို စုပ်ယူလိုက်၏။

ချက်ချင်းဆိုသလိုပဲ...

စိတ်ဝိညာဥ်စွမ်းအင်သိပ်သည်မှုက အဆများစွာတိုးလာပြီး မြူအဖြစ်ဖွဲ့စည်းလုနီးပါးပင်။

ထို့ပြင် စိတ်ဝိညာဥ်စွမ်းအင်တွေက ဆက်လက်သိပ်သည်းနေဆဲဖြစ်သည်။

ဤကဲ့သို့ပေါများသည့်စိတ်ဝိညာဥ်စွမ်းအင်တွေနှင့် လျိုချင်းရှန် စိတ်ဝိညာဥ်နည်းလမ်းအားမကောင်းဘူးဆိုလျှင်တောင် စုပ်ယူမှုက အရင်ကထက်အဆများစွာ အကျိုးသက်ရောက်မှုရှိလာပြီပဲဖြစ်သည်။

ထို့ကြောင့်, သူမ၏ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့်အော်ရာက ပြန်လည်ထွက်ပေါ်လာပြီး ဆက်လက်အားကောင်းလာခဲ့သည်။

ဤသို့ဖြင့် ကျရှုံးတော့မည်ဖြစ်သော အမြုတေဖွဲ့စည်းခြင်းကို အောင်မြင်စွာ ကယ်တင်လိုက်ပြီဖြစ်သည်။

ယို့ယွင်ကျီ ဤမြင်ကွင်းကို မျက်မြင်တွေ့နေပြီး တုန်လှုပ်မှုအပြည့်ဖြင့် ပင့်သက်ရှိုက်လိုက်သည်။

"ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ စိတ်ဝိညာဥ်အမြစ်လဲ...."

"ဒီလောက်များတဲ့စိတ်ဝိညာဥ်စွမ်းအင်တွေကို ဆွဲယူနိုင်တယ်...."

နန်းကုန်းရှောင်ယွင် သူမ၏နူးညံ့သည့်နှာခေါင်းလေးကိုရှုံ့လိုက်ပြီး ဆန္ဒမရှိစွာပြောလိုက်သည်။

"ဘယ်လိုပဲအားကောင်းပါစေ, ငါတို့ခန်းမသခင်ထက် ပိုအားကောင်းတာဖြစ်နိုင်ပါ့မလား...."

ယို့ယွင်ကျီ အိုမင်းသည့်မျက်လုံးတွေ အံ့အားသင့်မှုတွေနှင့်ပြည့်နှက်နေပြီး ခေါင်းခါယမ်းလိုက်သည်။

"ခွန်အားအရဆိုရင်တော့ သေချာပေါက် ဂျန်ဖန်းက ခန်းမသခင်ကို မယှဥ်နိုင်ဘူးပေါ့..."

"ဒါပေမယ့် စိတ်ဝိညာဥ်အမြစ်မှာတော့ ပြောဖို့ခက်တယ်..."

ဘာ?...

နဂိုကတည်းက ဝိုင်းစက်သည့် နန်းကုန်းရှောင်ယွင်၏မျက်လုံးတွေ သစ်ကြားသီးလို ပြူးကျယ်သွားခဲ့သည်။

"ဒါပေမယ့်.... ဒါပေမယ့် ခန်းမသခင်က အဆင့် ၉ စိတ်ဝိညာဥ်အမြစ်လေ..."

ယို့ယွင်ကျီလည်း သူ့နှလုံးသားထဲက တုန်လှုပ်မှုကို မဖိနှိပ်နိုင်ဖြစ်နေပြီး ရေရွတ်လိုက်သည်။

"ဒီအကြီးအကဲဂျန်က တကယ်ပဲ ဘယ်သူများလဲ..."

အချိန်တွေကုန်ဆုံးသွားခဲ့သည်။

နေ့တစ်ဝက်လောက်ကြာပြီးနောက်...

ခပ်ဖျော့ဖျော့အသံတစ်ခု လျိုချင်းရှန် ဝမ်းဗိုက်ထဲမှ ထွက်ပေါ်လာခဲ့သည်။

ထိုအရာက သူမ၏စိတ်ဝိညာဥ်ရေကန် အတွင်းအမြုတေအဖြစ် ပြောင်းလဲသွားသည့် လက္ခဏာပင်ဖြစ်သည်။

ရုတ်တရက် လျိုချင်းရှန် သူမမျက်လုံးတွေကို ဖွင့်လိုက်သည်။

သူမ၏လှပရွန်းလဲ့သည့်မျက်လုံးတွေက ထိန်းချုပ်မရသည့် ပျော်ရွင်မှုတွေဖြင့် ပြည့်နှက်နေခဲ့သည်။

"ငါ အမြုတေဖွဲ့စည်းပြီးပြီ...."

"ဂျန်ဖန်း, ငါအမြုတေ ဖွဲ့စည်းပြီးသွားပြီ...."

အလွန်အမင်းပျော်ရွင်နေပြီး ခုန်ထကာ ဂျန်ဖန်းလက်ကို ဆုပ်ကိုင်လိုက်သည်။ လျိုချင်းရှန် သူမ၏ စိတ်လှုပ်ရှားမှုကို လုံးဝမထိန်းချုပ်နိုင်တော့ပေ။

ထိုအရာက ကလေးတစ်ယောက် အချိန်အတော်ကြာလိုချင်နေသည့် အရုပ်တစ်ခု ရလိုက်သကဲ့သို့ပင်ဖြစ်သည်။

သူမက နှလုံးသားအောက်ခြေမှလာသည့် သန့်စင်သည့်ပျော်ရွင်မှုကို ထုတ်ဖော်ပြသနေခဲ့၏။

သို့ပေမယ့်...

ဂျန်ဖန်းက သူမခန္ဓာကိုယ်ကို အနည်းငယ် အကြည့်လွဲနေကြောင်း ရုတ်တရက်သတိထားမိလိုက်သည်။ ထိုအရာက အတော်လေး မူမမှန်ပေ။

All Chapters