မြေအောက်မှ နတ်စွမ်းအား
Vol. 160 Ch. 2271
နေမင်းနတ်နန်းတော်တစ်ခုလုံးသည် ကြောက်မက်ဖွယ်မီးပြင်းဖိုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အဝေးသို့အထိ မီးများ ပျံ့လွင့်သွားသည်။ နေမင်းနန်းတော်အား ဗဟိုပြု၍ ကုန်းမြေတစ်ခုလုံးသည် မီးလျှံများဖြင့် တောက်လောင်နေကာ အရာအားလုံးကို ဖျက်ဆီးလောင်ကျွမ်း၏။
မရေမတွက်နိုင်သောလူများသည် လေထဲသို့ ပျံတက်ကာ မီးလျှံများမှ လွတ်မြောက်အောင် ကြိုးစားကြ၏။ သို့သော်လည်း နေမင်းနတ်နန်းတော်ကား ဗဟိုချက်မတွင်ဖြစ်ရာ လူတချို့သာ ထွက်ပြေးနိုင်ပြီး အများအပြားမှာ လမ်းစဉ်မီးတောက်အောက်တွင် အသက်ပျောက်သွားကြရသည်။
“ကိုယ့်လူကိုယ်တောင် လွှတ်မပေးဘူးပဲ” လေထဲတွင် ရီဖူရှင်းနှင့် တခြားလူများက ထိုမြင်ကွင်းကို မြင်သည်။ ပထမအဆင့်နတ်ဘုရားကဒ်ဘေးကို ဖြတ်ကျော်ပြီးသော ထိုလူသည် ကမ္ဘာ့အလယ်မှ နတ်မီးတောက်ကို သုံးနေခြင်းဖြစ်သည်။ ဧရာမမီးတောက်မီးလျှံများ သူ့ဘေးပတ်လည်တွင် တောက်လောင်နေရာ မည်သူမှ သူ့အနီးကို မကပ်နိုင်ပေ။ သူ့အနီးသို့ ချဉ်းကပ်သူဟူသမျှ အသက်ရှင်လျှက် လောင်ကျွမ်းခံရပေမည်။
“ဘယ်လောက်ရက်စက်လိုက်သလဲ” လူတိုင်းက စိတ်တွင်းမှ မှတ်ချက်ချမိကြသည်။ အထက်ဘုံမှ ထိပ်သီးတန်ခိုးရှင်ကား နေမင်းနတ်န်းတော်မှ အဆင့်နိမ့်တန်ခိုးရှင်များ၏အသက်ကို အလေးထားခြင်း မရှိချေ။ ထို့အပြင် သူသည် မဟာအင်ပါယာရှန်ကျား၏ရုပ်ကြွင်းမရှိတော့သော ရီဖူရှင်းအား ယှဉ်နိုင်ရန် ယုံကြည်ချက် ရှိဟန် ရပေသည်။
တစ်ဘက်လူ၏အရှိန်အဝါကို ခံစားမိကာ ရန်ဟောင်ချန်းသည်လည်း ခြိမ်းခြောက်မှုကို ခံစားရသည်။ အကယ်၍ သူသည်သာ ထိုသို့အဆင့် တိုက်ခိုက်မှုကို ရင်ဆိုင်ရပါက အန္တရာယ် ရှိနိုင်သည်။ ထို့ကြောင့် သူ့အနေဖြင့် ရီဖူရှင်းကို အားထားရန် လိုအပ်၏။
ဝုန်း…
ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုသည် လေဟာနယ်အား လွှမ်းခြုံလာခဲ့ကာ အဆုံးမဲ့သော မဟာလမ်းစဉ်မီးတောက်များသည် ပျံ့လွင့်လာခဲ့၏။ မိုင်ထောင်ပေါင်းများစွာသော နေရာသည် မီးတောက်ပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နေမင်းတောင်ကုန်းမှ တန်ခိုးရှင်သည် မီးတောက်တို့၏အရှင်သခင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ သူ့နောက်တွင် နေမင်းနတ်ဝင်ရိုးသည် စူးရှတောက်ပစွာ လင်းလက်နေ၏။ ထိုအခိုက်တွင် နတ်အလင်းသည် ရီဖူရှင်းတို့ထံသို့ ကြောက်မက်ဖွယ် ဖျက်ဆီးအားနှင့်အတူ တိုးဝင်လာခဲ့သည်။
ရန်ဟောင်ချန်းက သူ၏လက်ထဲမှ နှင်တံကို ဆန့်တန်းလိုက်သည်။ ရုတ်တရက် တန်ခိုးရှင်များပတ်လည်၍ ကြယ်တာရာစက်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းတို့မှာ ကြယ်အလင်းများ ရစ်ပတ်လျှက် ကြယ်တာရာကောင်းကင်ထဲ၌ တည်ရှိနေသည့်အလား ထင်ရသည်။ မီးတောက်များမှာ ထိုကြယ်အလင်းများနှင့်ဆုံတွေ့သည်နှင့် တပြိုင်နက်တည်း ပျောက်ကွယ်သွားရသည်။ တဖြေးဖြေးဖြင့် ကြယ်တာရာမျက်နှာပြင်များသည် လောင်ကျွမ်းလာခဲ့ကာ ကြယ်များအား ပိုမိုစူးရှလင်းလက်စေ၏။
ထိုနေရာတွင် ဖြစ်ပျက်နေသည်ကား အမှန်ကြောက်မက်ဖွယ်ကောင်း၏။ နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်များ၏မျက်နှာများတွင် စိတ်ပျက်အားလျော့သော ပုံဟန်များ ဖြစ်ပေါ်နေသည်။ သည်နေရာတွင် တိုက်ခိုက်ခြင်းက သူတို့အတွက် သေမိန့်ပေးခြင်းနှင့် မခြားပေ။ မည်သူမှ အသက်ရှင်မည် မဟုတ်တော့။ အထက်ဘုံမှ စွမ်းအားမြင့်တန်ခိုးရှင်ကား သူတို့အားလုံးကို သည်နေရာတွင် မြေမြှုတ်ရန် ရည်ရွယ်ထား၏။ နေမင်းတောင်ကုန်းမှ တန်ခိုးရှင်တချို့မှာ သည်မတိုင်ခင်က ထွက်ခွာသွားကြသည်မှာ မထူးဆန်းတော့ပေ။
ကြည့်ရသည်မှာ သူတို့တွင် အစီအစဉ်ရှိပြီး ဖြစ်ရပေမည်။ သူတို့က အောက်ဘုံမှ နေမင်းနတ်နန်းတော်အား ထည့်သွင်းစဉ်းစားခြင်း မပြုကြပေ။ သူ့အတွက်ကား သည်နေရာမှ လူတိုင်းမှာ ပုရွက်ဆိတ်များကဲ့သို့ တန်ဖိုးမရှိပေ။ သူ့အတွက် အရေးပါသည်ကား နေမင်းဘုံသာ ဖြစ်သည်။
ထိုအဖြစ်က နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်များကို ဝမ်းနည်းကြေကွဲစေသည်။ နေမင်းတောင်ကုန်းမှ တန်ခိုးရှင်က သူတို့အား ကာကွယ်မည်ဟု တွေးတောခဲ့သည်မှာ ဟာသတစ်ခုထက် မပိုပေ။ တစ်ဘက်လူကား သူတို့၏သေခြင်းရှင်ခြင်းကို မည်သည့်အခါကမှ အလေးမထားခဲ့ပေ။
နတ်မီးတောက်၏အစွမ်းအောက်တွင် ကြယ်များမှာ စတင်အရည်ပျော်တော့မည့် အရိပ်အယောင်များ မြင်နေရသည်။ ရန်ဟောင်ချန်းက အောက်ကို ကြည့်ကာ ပြောသည် “သူက မြေအောက်က အစွမ်းကို ထုတ်သုံးနေတာပဲ”
“ဘုံကိုးဘုံမှာတော့ အရိပ်နတ်ကျောက်ဟာ အရိပ်ဘုံမှာ တည်ရှိတယ်။ နေမင်းဘုံလည်း အတူတူပဲ။ နေမင်းဘုံ မွေးဖွားလာပုံအရ သူ့မှာလည်း နတ်ကျောက်တုံးတစ်ခု တည်ရှိလိမ့်မယ်။ နေမင်းတောင်ကုန်းက တန်ခိုးရှင်က အောက်ဘုံကို ရောက်လာခဲ့တာ ဒီ့အတွက်ပဲ ဖြစ်ရမယ်။ သူက နတ်ကျောက်တုံးကို အသုံးပြုပြီးတော့ တိုက်ခိုက်နိုင်တာ မထူးဆန်းတော့ဘူး” ရီဖူရှင်းက ပြောသည်။ ရန်ဟောင်ချန်းကလည်း ခေါင်းညိတ်သည်။ သူသည်လည်း စီဝေ့သီးသန့်ဘုံမှလာရာ ထိုကိစ္စများကို နားလည်သည်။
နေမင်းဘုံမှ တန်ခိုးရှင်က သူ၏လက်နှစ်ဘက်ကို ဆန့်တန်းလိုက်သည်တွင် နေမင်းနတ်ဘုရားပုံရိပ်သည် ကြောက်မက်ဖွယ် ရောင်ခြည်ရောင်ဝါများ တောက်ပလာသည်။ နတ်မီးတောက်သည် ကမ္ဘာမြေကြီးထဲမှ ထွက်လာကာ နေမင်းနတ်ဓားအသွင်သို့ ပြောင်းလဲ၏။ ထို့အပြင် လေထဲတွင်လည်း မဟာလမ်းစဉ်မီးတောက်စွမ်းအားများသည် စီးကြောင်းများအဖြစ်ဖြင့် လှည့်ပတ်ကာ နေမင်းနတ်ဓားများအဖြစ် ပြောင်းလဲလာသည်။
ချက်ချင်းပင် မရေမတွက်နိုင်သော နေမင်းနတ်ဓားများသည် ကြယ်တာရာအရံအတားထံသို့ ဦးတည်ပျံသန်းသွားကြ၏။
ဘန်း… ဘန်း…
ကြောက်မက်ဖွယ် တိုက်ခိုက်မှုများသည် ကြယ်များထံသို့ ကျဆင်းလာခဲ့ကာ တစ်ခုပြီး တစ်ခု ပျက်စီး၏။ ၎င်းတိုက်ခိုက်မှုများသည် တန်ခိုးရှင်တချို့ကိုပင် ထိခိုက်သေကြေစေခဲ့သည်။ တချိန်တည်းမှာပင် ထိုနေရာမှ ကျဆင်းလာသော နတ်မီးတောက်များသည် အဆုံးမဲ့သော လေဟာနယ်အား လောင်ကျွမ်းလာသည်။
ရန်ဟောင်ချန်းက ရှေ့ကို တစ်လှမ်းတက်လိုက်သည်တွင် နတ်ရောင်ဝါတစ်ခု သူ့ထံမှ ထွက်ပေါ်လာ၏။ ၎င်းသည် ကြယ်အလင်းအဖြစ် ပြောင်းလဲကာ ပတ်ပတ်လည်သို့ အရံအတားသဖွယ် ပျံ့လွင့်လာပြီး နတ်မီးတောက်များအား တားဆီး၏။ တချိန်တည်းတွင် သူ့နှင်တံ၌ ကြောက်မက်ဖွယ်စွမ်းအားများ စုစည်းလာည်။ သူက နှင်တံကို ရှေ့သို့ ညွန်လိုက်လျှင် များစွာသော ကြယ်တာရာနတ်ဓားများ ရုတ်တရက် ပေါ်လာခဲ့ကာ တစ်ဘက်မှ နတ်ဓားများနှင့် ရင်ဆိုင်ထိတွေ့၏။
သို့သော်လည်း ရန်ဟောင်ချန်း၏တိုက်ခိုက်မှုများသည် အံ့အားသင့်ဖွယ်ကောင်းအောင် အနည်းငယ် အရေးနိမ့်နေသည်။ သူ၏ကြယ်တာရာနတ်ဓားသည် တစ်ဘက်မှ နေမင်းနတ်ဓား၏ဖောက်ထွင်းမှုကို ခံရကာ အလင်းအရံအတားမှာလည်း ပြုပျက်လုနီးပါး ဖြစ်လာသည်။
“ကျုပ်တို့က မြေအောက်က စွမ်းအားကို ပိတ်ဆို့ဖို့ လိုလိမ့်မယ်” ရီဖူရှင်းက အခြေအနေကို သုံ့သသည်။ နေမင်းတောင်ကုန်းမှ တန်ခိုးရှင်သည် မြေအောက်စွမ်းအားကို အမှီပြုနေခြင်းဖြစ်သည်။ သူက ထွက်သွားရန် တွန့်ဆုတ်နေခြင်းမှာ မထူးဆန်းတော့။ ကြည့်ရသည်မှာ သူက နေမင်းဘုံမှ နတ်ရတနာကို ထုတ်ယူနိုင်ခြင်း မဟုတ်ဘဲ ငှားယမ်းသုံးစွဲနိုင်ခြင်းသာ ဖြစ်သည်။
“ကျုပ် သွားလိုက်မယ်” ဆေးအင်ပါယာက ပြောသည်။ သူက ဝမ်ရှန်းမျှော်စင်အား သယ်ဆောင်ကာ လေထဲကို ခုန်တက်သွား၏။ တချိန်တည်းမှာပင် သူက ရန်ဟောင်ချန်းကို ပြောသည် “ခင်ဗျား ဘာလုပ်ရမလဲ သိပါတယ်...”
ရန်ဟောင်ချန်းက တစ်ဘက်လူ ဆိုလိုသည်ကို နားလည်၏။ ဆေးအင်ပါယာက မြေအောက်စွမ်းအားကို ပိတ်ဆို့ရန်အတွက် သူက နေမင်းတောင်ကုန်းမှ တန်ခိုးရှင်အား တားဆီးပေးရန် လိုသည်။
ဘန်း…
ပိုမိုအားကောင်းသောစွမ်းအားတစ်ခု ရန်ဟောင်ချန်းထံမှ ပေါက်ကွဲထွက်လာသည်။ သူကိုယ်တိုင်သည် ကြယ်တာရာလောကတစ်ခုအဖြစ်သို့ ပြောင်းလဲသွားဟန်ရ၏။ မရေမတွက်နိုင်သော ကြယ်အလင်းများ ခြံရံကာ သူသည် ရှေ့သို့ တက်သွား၏။ ရုတ်တရက် ထိုနေမင်းနတ်ဓားများသည် အဆက်မပြတ် ပြိုပျက်သွားခဲ့ကြကာ ရန်ဟောင်ချန်းသည် ရန်သူ၏အနီးသို့ ချဉ်းကပ်သွားခဲ့သည်။
နေမင်းတောင်ကုန်းမှ တန်ခိုးရှင်သည် တစ်ဘက်လူ ချဉ်းကပ်လာသည်ကို မြင်သည်နှင့် သူ့မျက်လုံးများမှ တော်ဝင်မီးတော်များ ထွက်ပေါ်လာကာ နေနတ်ဘုရားအလား ခန္ဓာကိုယ်သည် ရှေ့ကို တိုးဝင်သွား၏။ သူ၏လက်ဝါးသည် နေမင်းနတ်မီးပြင်းဖိုအလား လောင်ကျွမ်းလာကာ ရန်ဟောင်ချန်းအား တားဆီးသည်။
ရန်ဟောင်ချန်း၏လက်ထဲမှ နှင်တံသည် လက်ဝါးနှင့် ထိတွေ့၏။ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတစ်ခုသည် ပတ်ဝန်းကျင်ကို ပျံ့လွင့်သွားကာ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား၏။ သို့သော်လည်း လေဟာနယ်သည် အလွန်တည်ငြိမ်ကာ ပျက်စီးခြင်း၊ ပြိုကွဲခြင်းများ ဖြစ်မည့် အရိပ်အယောင် မရှိချေ။ အကြောင်းကား သူတို့နှစ်ဦးရှိနေသော လေဟာနယ်သည် လမ်းစဉ်စွမ်းအားများဖြင့် ဖုံးအုပ်ထားသောကြောင့်ပင်။
ထိုအခိုက်တွင် ဝမ်ရှန်းမျှော်စင်ကို ထမ်းထားသော ဆေးအင်ပါယာသည် မြေအောက်သို့ တိုးဝင်သွားခဲ့သည်။ ကောင်းကင်အရှိန်အဝါတစ်ခု ဆင်းသက်လာခဲ့ကာ ကြောက်မက်ဖွယ်နတ်စွမ်းအားသည် ဝမ်ရှန်းမျှော်စင်အတွင်း၌ စုစည်းလာပြီး မြေအောက်သို့ စီးဆင်းသွား၏။