တမန်တော်
Vol. 170 Ch. 2421
သူတို့ရှေ့ရှိ အရာအားလုံးသည် ဒဏ္ဍာရီများမှာ အမှန်ဖြစ်ကြောင်း သက်သေပြနေလေသည်။ အလင်းနယ်မြေသည် အမှန်ပင် အလင်းဘုံကျောင်းရှိနေသောနေရာပင်။
ရီဖူရှင်း ရှေ့သို့ကြည့်လိုက်သည်။ အလင်းဘုံကျောင်းသည် လွန်စွာ ကြီးကျယ်ခမ်းနားပေသည်။ ၎င်းသည် လွန်စွာကြီးမားသောရဲတိုက်ကြီးတစ်ခုနှင့်တူပြီး မိုးထိုးနေကာ အထက်မှနေ၍ အဆုံးမဲ့အလင်းတန်းများကို လေထုထဲဖြန့်ကျက်ပေးနေသည်။
ထိုဘုံကျောင်းသည် ရှေးဟောင်းဘုံကျောင်းတစ်ခုဖြစ်သဖြင့် အတန်ငယ်ယိုယွင်းနေကာ နေရာတော်တော်များသည် ထိခိုက်ပျက်ဆီးနေလေသည်။ ထိုထိခိုက်ပျက်ဆီးမှုများသည် ရှေးခေတ်မှ မဟာစစ်ပွဲကြီးတွင်ရခဲ့သော ပျက်ဆီးမှုများဖြစ်နိုင်ပေသည်။ အလင်းဘုံကျောင်း၏ အောက်ခြေတွင် နောက်ထပ်အလင်းဂိတ်တံခါးနှင့်တူသည့် တံခါးတစ်ချပ်ရှိ၏။ ကျိုင်းကိုင်ထားသည့် အလင်းရုပ်တုနှစ်ခုသည် တံခါး၏တစ်ဖက်တစ်ချက်စီတွင် ရပ်နေလေသည်။ ၎င်းတို့သည် အလင်းအစောင့်အကြပ်များကဲ့သို့ ထင်ရပေသည်။
အလင်းများသည် တဖြည်းဖြည်း ပြောင်းလဲနေ၏။ ယွီဟိုသည် သူ၏မျက်လုံးကို ဖွင့်လိုက်ရာ နောက်ဆုံးတွင် သူ့ရှေ့ရှိမြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရလေသည်။ ထိုမြင်ကွင်းသည် သူ၏ရင်ထဲတွင် တုန်လှုပ်သွားစေသည်။ သူ အသာအယာပြောလိုက်သည်။
“ဒဏ္ဍာရီက အမှန်ဖြစ်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။ ဒါက တကယ့်ကို ကောင်းကင်အမွေအနှစ်တစ်ခုပဲ”
အခြားသူများသည်လည်း တစ်ဦးပြီးတစ်ဦး မျက်လုံးဖွင့်ကြည့်လိုက်ကြသည်။ သူတို့သည် အလင်းနှင့်သိပ်အသားမကျသေးသော်လည်း တဖြည်းဖြည်းဖြင့် သူတို့ရှေ့ရှိ မြင်ကွင်းကို စတင်မြင်နိုင်လာလေတော့သည်။ ထိုသို့မြင်နိုင်လာခြင်းမှာ ထိုလောကအသေးလေးအတွင်းရှိ နယ်မြေသည် ပြောင်းလဲသွား၍ဖြစ်ရပေမည်။ သူတို့သည် အလင်းဘုံကျောင်းအထက်ရှိ ကောင်းကင်ကို ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ကွန်ရက်တစ်ခုနှင့်တူသည့် အလင်းကားချပ်တစ်ခုကို မြင်လိုက်ရလေသည်။ အလင်းစွမ်းအားသည် ထိုနေရာမှ ဖြာကျနေခြင်းဖြစ်ပြီး အလင်းဘုံကျောင်းကို ကာကွယ်နေ၏။
ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး ရှေ့သို့လျှောက်သွားကြသည်။ အင်အားစုတစ်စုချင်းစီမှ ကျင့်ကြံသူများ၏မျက်ဝန်းများအတွင်းတွင် အလိုလောဘများ၊ တပ်မက်မှုများနှင့် တောက်ပလာလေတော့သည်။ သူတို့သည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် မဟာအလင်းကုန်းမြေတွင် နေထိုင်ခဲ့ကြရသည်။ ယခုတွင် သူတို့သည် အလင်းဘုံကျောင်းကို မြင်ခဲ့ရပေပြီ။
သတ်ဖြတ်အလင်းကွန်ရက်ကို ဖြတ်လျှောက်လိုက်ရုံဖြင့် မျက်မမြင်ချန်၏ ရှေ့ဖြစ်ဟောကိန်းသည် မှန်ကန်လာလိမ့်မည်ဟု သူတို့မထင်ခဲ့ပေ။ သတ်ဖြတ်အလင်းကွန်ရက်ကို ကျော်ဖြတ်ရန် ထိုမျှလွယ်လိမ့်မည်ဟုလည်း မည်သူမှ မတွေးမိခဲ့ပေ။ ထိုသို့မတွေးမိခဲ့ခြင်းမှာ သူတို့သည် အလင်းအကြောင်းကို တစ်စိုးတစ်စိမျှ မသိခဲ့၍ဖြစ်နိုင်၏။ သို့သော် ရီဖူရှင်းသည် ထိုအကြောင်းကို မြင်နိုင်ခဲ့သည်။
မျက်မမြင်ချန်သည် လက်ထဲမှတုတ်ကောက်ကို အားပြုကာ ရှေ့သို့လျှောက်သွားလိုက်၏။ သူသည် အလင်းဘုံကျောင်းရှေ့သို့ လျှောက်သွားကာ မြေပြင်ပေါ်တွင်ထပ်မံဒူးထောက်လိုက်လေသည်။ သူသည် ဘုံကျောင်းကို အလွန်ကိုင်းရှိုင်းစွာ ကန်တော့လိုက်၏။ သူသည် အလင်းဘုံကျောင်းကို အကိုင်းရှိုင်းဆုံး ယုံကြည်သူတစ်ဦးကဲ့သို့ပင်။ ထို့ကြောင့် လူအားလုံးသည် သူ၏ဇစ်မြစ်အစ်အမှန်ကို ပို၍သံသယဝင်လာကြသည်။ မျက်မမြင်ချန်သည် အလင်းဘုံကျောင်းနှင့် ဆက်နွယ်နေနိုင်ပေ၏။
ထို့နောက် မျက်မမြင်ချန်သည် ထရပ်၍ ပြောလိုက်သည်။
“ချန်ယိ အထဲကိုဝင်သွားလိုက်”
“ဟုတ်ကဲ့”
ချန်ယိသည် ရှေ့သို့လျှောက်သွားပြီး အလင်းဘုံကျောင်းအတွင်းသို့ ဝင်သွား၏။
“ဖူရှင်း... မင်းကို ဒုက္ခပေးရတာ စိတ်မကောင်းပါဘူး”
မျက်မမြင်ချန်သည် ရီဖူရှင်းကို ပြောလိုက်သည်။ ရီဖူရှင်းသည် ခေါင်းညိတ်ပြလိုက်ပြီး ချန်ယိတစ်ယောက် အလင်းစွမ်းအားများကို အမွေဆက်ခံရန်အတွက် အလင်းဘုံကျောင်းအတွင်းသို့ လိုက်ပါပို့ဆောင်ပေးရန် ပြင်ဆင်လိုက်ပြီး ချန်ယိနောက်မှလိုက်သွားလိုက်သည်။ လျှို့ဝှက်ချက်များအားလုံးသည် အလင်းဘုံကျောင်းထဲတွင် ရှိနေနိုင်ပေသည်။
‘ဟမ်...’
ထိုအခိုက်တွင် စွမ်းအားကြီးသော အရှိန်အဝါများထွက်ပေါ်လာပြီး ထပ်သီးအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် ကြားဝင်နှောင့်ယှက်လိုက်ကြသည်။ အကြီးအကဲလေးဦးသည် ပထမဦးဆုံးတိုက်ခိုက်လိုက်ကြ၏။
သူတို့ထဲတွင် အကြီးအကဲလင်းသည် အမြန်ဆုံးဖြစ်သည်။ သူသည် အတွေးတစ်ချက်စာအတွင်းမှာပင် လွန်စွာစွမ်းအားကြီးသည့် ဓားဝိညာဉ်စွမ်းအားတစ်ခုကို ထုတ်လိုက်၏။ ထိုဓားဝိညာဉ်စွမ်းအားသည် ကောင်းကင်ပေါ်ထိုးတက်သွားပြီး လေထုကိုဖြတ်သန်းကာ ချန်ယိနှင့် ရီဖူရှင်းတို့ကို တိုက်ခိုက်လိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင် မျက်မမြင်ချန်က နောက်လှည့်လိုက်သည်။ သူ၏နောက်ကျောသည် ချန်ယိရှိနေသောနေရာကို ကျောပေးထားသည်။ သူ၏ခန္ဓာကိုယ်မှနေ၍ တောက်ပသော အလင်းဝိညာဉ်စွမ်းအားထွက်ပေါ်လာပြီး ထိုအလင်းကိုတိုက်ရိုက်ကြည့်လိုက်သူအားလုံးကို မျက်စိကျိန်းသွားစေလေသည်။ အလင်းသည် ထိုနေရာကိုလွှမ်းခြုံသွားပြီး သူနှင့်ချန်ယိအကြားကို ကာရံလိုက်သည်။ အလင်းဝိညာဉ်စွမ်းအားသည် အကြီးအကဲလင်း၏ ဓားဝိညာဉ်စွမ်းအားနှင့် ထိခတ်သွားသောအခါ လေထုထဲတွင် သဏ္ဍာန်မဲ့ တုန်ခါလှိုင်းများ ပျံ့နှံ့သွားသည်။
ထိုအခိုက်တွင် မျက်မမြင်ချန်သည် သူ၏ အံ့မခန်းစွမ်းအားကို ထုတ်လိုက်ပေပြီ။ သူသည် မဟာလမ်းစဉ်၏ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သူတစ်ဦးဖြစ်နေပေသည်။ သူ၏စွမ်းအားအဆင့်သည် အကြီးအကဲလေးဦးနှင့် သေချာပေါက် ယှဉ်ပြိုင်နိုင်ပေသည်။
“သူ့ကိုတားကြ”
အကြီးအကဲလင်းသည် ရေခဲတမျှအေးစက်စက်အသံဖြင့် ပြောလိုက်သည်။ ရုတ်ခြည်းပင် ထိပ်သီးအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် တိုက်ခိုက်လိုက်ကြသည်။ သူတို့သည် ထိုနေရာသို့ရောက်လာရန် တန်ကြေးများစွာပေးခဲ့ပြီးဖြစ်ပြီး သူတို့ကလန်ဝင်များစွာ၏ သေဆုံးမှုများအပါအဝင် အဆုံးအရှုံးများစွာခံခဲ့ရလေသည်။ ယခုတွင် သူတို့သည် အလင်းဘုံကျောင်းသို့ ရောက်လာပြီဖြစ်ရာ သူတို့၏အနစ်နာခံမှုများ၏ အသီးအပွင့်ကို ချန်ယိတစ်ယောက်တည်း ရသွားမည်ကို သူတို့မည်သို့ခွင့်ပြုနိုင်မည်နည်း။
သူတို့သာ ချန်ယိကို ထိုသို့လုပ်ခွင့်ပြုလိုက်ပါက ထိုသို့အနစ်နာခံကြိုးစားခဲ့မှုများသည် အခြားသူတစ်ဦးအတွက် ဖြစ်သွားပေလိမ့်မည်။
မျက်မမြင်ချန်သည် သူ၏တုတ်ကောက်နှင့် အလင်းဘုံကျောင်း၏ အပျက်အစီးများရှိသော မြေပြင်ကိုအကြိမ်အနည်းငယ်ထုလိုက်၏။ ရုတ်ခြည်းပင် ကျောက်တုံးအကျိုးအပဲ့များနှင့် ဖုန်မှုန့်များသည် စတင်ပျံထွက်သွားကြသည်။ ထို့ပြင် တစ်ချိန်တည်းမှာပဲ ထိုနေရာတွင် တောက်ပသောအလင်းများ ပြည့်နှက်သွားလေသည်။ ထိုအလင်းများ ကျရောက်သွားသောနေရာတိုင်းတွင် စူးစူးဝါးဝါးအော်လိုက်သော တုန်လှုပ်ဖွယ်အသံများကို ကြားရပေသည်။ ရှေ့သို့ပြေးဝင်လာသော ကျင့်ကြံသူများသည် အလင်း၏တိုက်ရိုက်ထွင်းဖောက်သွားခြင်းကို ခံလိုက်ရပြီး ပြာမှုန့်များအဖြစ် ပြောင်းလဲသွားကာ လေထဲတွင်လွင့်မြောပျောက်ကွယ်သွားကြ၏။
“အလင်းဓား”
အသန်မာဆုံးကျင့်ကြံသူလေးဦး၏ မျက်နှာထားများ ပြောင်းလဲသွားကြ၏။ ထိုတဒင်္ဂအတွင်း၌ သူတို့၏ကျင့်ကြံသူအများအပြား သေဆုံးသွားခဲ့လေသည်။ သူတို့သည် မျက်မမြင်ချန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းပင်။ သေဆုံးသွားသူအများစုသည် ရန်ဟောင်အဆင့်ကျင့်ကြံသူများဖြစ်သည်။ ထို့ကြောင့် ကျန်လူများသည် တုံ့ဆိုင်းသွားကြပြီး ရှေ့သို့ဆက်မတိုးဝံ့ကြတော့ပေ။
မျက်မမြင်ချန်သည် တစ်ကိုယ်တော်စစ်တပ်တစ်ခုအနေဖြင့် ထိုနေရာတွင် ရပ်နေလေသည်။ ရီဖူရှင်းနှင့် ချန်ယိတို့သည် တံခါးကိုဖြတ်ကာ အလင်းဘုံကျောင်းအတွင်းသို့ ဝင်သွားပြီဖြစ်သည်။
ဝုန်း...
အကြီးအကဲလေးဦးသည် ရှေ့သို့ တစ်ပြိုင်တည်း တက်လိုက်ကြသည်။ သူတို့ပတ်လည်တွင် ကြယ်တာရာမဟာလမ်းစဉ်နယ်ပယ်တစ်ခု ပေါ်ပေါက်လာလေသည်။ ကောင်းကင်ကြယ်တာရာများသည် သူတို့ကိုဝန်းရံထားပြီး ကောင်းကင်ကို ကာရံထား၏။ နေမင်းသည် မျက်မမြင်ချန်၏ ဓားဝိညာဉ်စွမ်းအားကို ကြားဖြတ်လိုက်သည်။
ယွီကလန်၏အကြီးအကဲနောက်တွင် ကောင်းကင်နေမင်းကားချပ်တစ်ခု ပေါ်လာပြီး ၎င်းသည် မျက်မမြင်ချန်ဆီသို့ ဦးတည်ဝင်သွားကာ သူ၏ အလင်းဓားနှင့် ရိုက်ခတ်သွားသည်။ မျက်မမြင်ချန်၏လမ်းစဉ်စွမ်းအားကိုခုခံရန် အသန်မာဆုံး ကျင့်ကြံသူလေးဦး၏ တစ်ပြိုင်တည်း ပူးပေါင်းတိုက်ခိုက်မှုကို လိုပေသည်။
“အထဲကိုဝင်သွားကြ”
အကြီးအကဲလင်း၏ ကျယ်လောင်သောအသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။ ရုတ်ခြည်းပင် ကျန်ကျင့်ကြံသူများသည် ရှေ့သို့ပြေးလာကာ တိုက်ပွဲနေရာကို ကွေ့ပတ်ကာ အလင်းဘုံကျောင်းအတွင်းသို့ ဝင်သွားကြသည်။
အကြီးအကဲလေးဦး၏ လမ်းစဉ်စွမ်းအားသည် အဆက်မပြတ် တိုက်ခိုက်ကာ မျက်မမြင်ချန်ကို အသာစီးယူရန် ကြိုးစားလိုက်ကြသည်။ အကြီးအကဲများသည် မျက်မမြင်ချန်ကို ဖြတ်ကျော်ကာ အလင်းဘုံကျောင်းအတွင်းသို့ ဝင်နိုင်ရန် ကြိုးပမ်းနေကြ၏။ ထိုအခြေအနေတွင် သူတို့သည် မျက်မမြင်ချန် သေမည်၊ ရှင်မည်ထက် အလင်းဘုံကျောင်း၏ရှေးဟောင်းအမွေအနှစ်ကိုသာ ပို၍စိတ်ဝင်စားနေကြသည်။
မျက်မမြင်ချန်သည် မျက်စိမမြင်သော်လည်း ထိုကျင့်ကြံသူလေးဦး၏လှုပ်ရှားမှုတိုင်းကို သိနေပေသည်။ သူ့ကိုယ်မှနေ၍ ပို၍ခမ်းနားသောအလင်းများ ထွက်လာသည်။ ရုတ်ခြည်းပင် အလင်းနယ်ပယ်တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ကို လွှမ်းခြုံသွားလေသည်။ ထိုနယ်ပယ်အတွင်း၌ အကြီးအကဲလေးဦးသည် မမြင်နိုင်တော့သဖြင့် မျက်မှောင်ကြုတ်သွားကြသည်။ ထိုနေရာတွင် အလင်းတစ်ခုသာရှိပြီး သူတို့ သတ်ဖြတ်အလင်းကွန်ရက်အတွင်း၌ ကြုံခဲ့ရသည်နှင့် ဆင်တူပေသည်။
ထိုအရာသည် အလင်းလောကစည်းမျဉ်း၏ စွမ်အားတစ်မျိုးဖြစ်နိုင်ပေသလော။
သို့သော် ထိုအလင်းအတွင်း၌ သူတို့သည် သူတို့ကိုရင်ခုန်စေသော မျက်ဝန်းတစ်စုံကို တွေ့လိုက်ရလေသည်။ ထိုမျက်ဝန်းများထဲတွင် အနန္တအလင်းများပါဝင်၏။ ထိုမျက်ဝန်းများမှာ မျက်မမြင်ချန်၏မျက်ဝန်းများပင်။
မျက်မမြင်ချန်သည် သူ၏မျက်လုံးများကို ဖွင့်ခဲ့ပေပြီ။
သူသည် သူ၏မျက်လုံးများကို အလင်းဖြင့် ဖွင့်ခဲ့လေသည်။
ရွှီး...
အကြီးအကဲလေးဦးသည် ထိုမျက်ဝန်းများကို မြင်လိုက်ရသောအခါ သူတို့၏မျက်ဝန်းအတွင်းတွင် စူးရှနာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် သူတို့၏မျက်လုံးများသည် ထိန်းမနိုင်သိမ်းမရ သွေးများစတင်စီးကျလာလေတော့သည်။ အလင်းစွမ်းအားသည် သူတို့၏ဝိညာဉ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အရာအားလုံးကို သန့်စင်ရန် ကြိုးစားကာ ထိုသို့လုပ်နေစဉ်အတွင်း သူတို့ကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းနေသည်။
‘အား...’
သဏ္ဍာန်မဲ့ဓားတစ်စင်းသည် လေထုကိုဖောက်ထွင်းကာ စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့၏မျက်လုံးများကို စိုက်ဝင်သွားရာ ဒေါသတကြီးအော်လိုက်သံကြီးတစ်ခုသည် လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
ထို့နောက် ထိုမျက်ဝန်းများသည် ပျောက်ကွယ်သွားကာ နောက်တစ်နေရာတွင် ပြန်ပေါ်လာသည်။ ထိုမျက်ဝန်းများသည် မျက်ဝန်းအစစ်အမှန်များမဟုတ်ဘဲ အလင်းမျက်ဝန်းများကဲ့သို့ထင်ရပေသည်။
မျက်မမြင်ချန်၏ စုတ်ပြဲနေသော အဝတ်များသည် လေထဲတွင် ဝဲလွင့်နေ၏။ သူသည် ထီမထင်သောမျက်နှာထားဖြင့် အပျက်အစီးများထိပ်တွင် ရပ်နေ၏။ သူ့လက်ထဲရှိတုတ်ကောက်သည် အလင်းဘုံကျောင်းအရှေ့တွင်ရပ်နေသော အစောင့်အကြပ်ရုပ်တုများ၏လက်ထဲရှိ ကျိုင်းနှင့်ပုံစံတူသော ကျိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မျက်မမြင်ချန်သည် အမှန်ပင် အလင်းဘုံကျောင်းနှင့် ဆက်နွယ်မှုရှိပေသည်။ သူသည် မျိုးဆက်များစွာ လက်ဆင့်ကမ်းခဲ့သော တာဝန်ကို ပခုံးထမ်းထားရသော တမန်တော်တစ်ဦးဖြစ်လေသည်။ သူ၏တာဝန်သည် အလင်း၏အမွေဆက်ခံသူကို ရှာရန်ဖြစ်သည်။
ချန်ယိသည် သူရှာနေသောသူဖြစ်ပေသည်။ သူ့အတွက်ဆိုလျှင် မျက်မမြင်ချန်သည် အရာအားလုံးကို စွန့်လွှတ်နိုင်ပေသည်။
သူနောက်တွင် ချန်နေခဲ့ပြီး လမ်းပိတ်ထားကာ ရီဖူရှင်းအား ချန်ယိကို အလင်းဘုံကျောင်းအတွင်းသို့ ခေါ်ဆောင်သွားစေခြင်းမှာ သူသည် ရီဖူရှင်းကို အပြည့်အဝယုံကြည်၍ဖြစ်သည်။ သို့မဟုတ် သူသည် အတိတ်တွင် သူ့ကိုလာရှာခဲ့သည့်သူကို အပြည့်အဝယုံကြည်သည်ဟုဆိုလျှင် ပို၍သင့်တော်ပေလိမ့်မည်။