← Chapters

ပြိုင်ဘက်ကင်း ရန်ဟောင်အဆင့်ကျင့်ကြံသူ

Vol. 170 Ch. 2422

ပြိုင်ဘက်ကင်း ရန်ဟောင်အဆင့်ကျင့်ကြံသူ

Vol. 170 Ch. 2422

ရီဖူရှင်းနှင့် ချန်ယိတို့သည် အလင်းဘုံကျောင်းအတွင်းသို့ ဦးဆောင်ဝင်သွားသည်။ သူတို့ရှေ့တွင် အလင်းလမ်းတစ်ခုပေါ်လာသည်။ လမ်းတစ်ဖက်တစ်ချက်စီတွင် အစောင့်အကြပ်များစွာရှိသော်လည်း ၎င်းတို့သည် လှုပ်ရှားမှုကင်းမဲ့သော ရုပ်တုများကဲ့သို့ပင်။ ၎င်းတို့ထံမှ မည်သည့်အရှိန်အဝါမှ ထွက်မနေပေ။ သို့သော် ၎င်းတို့၏ခန္ဓာကိုယ်များသည် ကောင်းမွန်သောအခြေအနေ၌ အံ့အားသင့်ဖွယ် ရှိနေသေးသည်။ ၎င်းတို့သည် တစ်ခါမှ တိုက်ရိုက်တိုက်ခိုက်ရန်မလိုဘဲ တာဝန်ထမ်းဆောင်နေခဲ့သကဲ့သို့ပင်။

“သွားစို့”

ရီဖူရှင်းက ပြောလိုက်သည်။ သူနှင့် ချန်ယိတို့သည် အလင်းထွက်ပေါ်လာရာဘက်သို့ ဦးတည်သွားလိုက်သည်။ ခေတ္တမျှကြာပြီးနောက် သူတို့သည် အလင်းအောက်ရှိနေရာတစ်ခုသို့ ရောက်သွားသည်။ သူတို့အရှေ့ရှိမြေပြင်ပေါ်တွင် ကောင်းကင်ထက်မှအလင်းသည် အလင်းကွန်ရက်တစ်ခုသဖွယ် ဖြာကျနေသည်။ အလင်းသည် ထိုနေရာကို ကာရံထားပုံရပြီး သူတို့ကို ရှေ့သို့ဆက်သွား၍မရအောင် တားဆီးထားသည်။

သူတို့နှစ်ဦးစလုံး သတိလက်လွတ်မပြုမူလိုက်ကြဘဲ အလင်းအပြင်ဘက်တွင် ရပ်တန့်လိုက်ကြသည်။ ထိုအလင်းကွန်ရက်သည် တဲ့တိုးဆန်၍ ရိုးရှင်းသောအရာတစ်ခုဖြစ်နိုင်ပေသည်။ ဘုံကျောင်းအတွင်းသည် လွန်စွာကျယ်ဝန်းပြီး ထိုအလင်းသည် အထက်မှဖြာကျလာခြင်းပင်။ ထိုအလင်းတန်းအတွင်းတွင် မည်သည့်လှုပ်ရှားမှုမှမရှိချေ။ သူတို့အရှေ့ရှိ အလင်းတန်းအတွင်း၌ မည်သည့်မဟာလမ်းစဉ်စွမ်းအားမှမရှိကြောင်း ရီဖူရှင်း အတန်ငယ်အာရုံခံစားမိလေသည်။ ထိုအထဲတွင် ဖုန်တစ်မှုန်မျှပင် မရှိပေ။ ထိုအလင်းတန်းသည် အသန့်စင်ဆုံးအလင်းတန်းဖြစ်သည်။

ထိုအလင်းကွန်ရက်သည် အပြင်ဘက်ရှိ အလင်းကွန်ရက်နှင့် တူသည့်အရာများရှိပုံပေါ်လေသည်။ ချန်ယိ၏မျက်လုံးများ အရောင်လက်သွား၏။ သူသည် ထိုအလင်းကွန်ရက်အတွင်းသို့ ဝင်ကြည့်လိုနေသည်။ သို့သော် ထိုအချိန်တွင် အနောက်မှ ကျင့်ကြံသူများသည် သူတို့ကိုမီလာလေသည်။ အင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် အံ့အားသင့်ဖွယ်အမြန်နှုန်းနှင့် လာနေကြသည်။ သူတို့သည် ရီဖူရှင်းတို့နောက်နားသို့ ရောက်လာခါမှ အရှိန်လျှော့ချလိုက်သည်။ မဟာလမ်းစဉ်အရှိန်အဝါများ ထွက်ပေါ်လာပြီး ထိုနေရာကိုလွှမ်းခြုံထားလေသည်။ ထိုကျင့်ကြံသူများသည် ရီဖူရှင်းတို့ ပြန်မဆုတ်နိုင်အောင် ပိတ်ထားလိုက်ပေပြီ။

သူတို့သည် သူတို့အရှေ့ရှိ အလင်းတန်းကို စိုးရွံ့သည့်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ အပြင်တွင် ဖြစ်ပျက်သွားခဲ့သည့်ကိစ္စများသည် သူတို့၏မှတ်ဉာဏ်အတွင်း၌ လတ်ဆတ်နေဆဲမဟုတ်ပါလား။ သူတို့သည် သူတို့အဖော်များ၏အလောင်းများကိုနင်း၍ ဤနေရသို့ရောက်လာခဲ့ရခြင်းမဟုတ်ပေလော။ မဟုတ်လျှင် သူတို့သည် ဤနေရာထိ ရောက်လာနိုင်မည်မဟုတ်ချေ။ ဤလမ်းသည် အဓိကအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများ ခင်းပေးခဲ့သောလမ်းပင်။

“ရှေ့ဆက်သွားပြီး အလင်းတန်းထဲကို ဝင်လိုက်”

အသံတစ်ခုက ပြောလိုက်သည်။ ထိုသို့ပြောလိုက်သူမှာ လင်းမိသားစုကလန်၏ခေါင်းဆောင် လင်းခုန်းဖြစ်သည်။ အကြီးအကဲလင်းသည် အပြင်ဘက်တွင် မျက်မမြင်ချန်နှင့်တိုက်ခိုက်နေသော ကျင့်ကြံသူလေးဦးထဲမှတစ်ဦးဖြစ်သည်။ ကျန်သူများသည် အထဲသို့ လိုက်လာခြင်းပင်။ လင်းခုန်းနှင့် အခြားရန်ဟောင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများသည်လည်း ယခုတွင် ဘုံကျောင်းအတွင်းသို့ ရောက်နေပေပြီ။

သူတို့အားလုံးသည် အားကောင်းသောဖိအားများကို ထုတ်လွှတ်လိုက်ပြီး ရီဖူရှင်းနှင့် ချန်ယိတို့ကို ဖိနှိပ်ထားလေသည်။ ထိုဖိအားသည် ရီဖူရှင်းတို့ကို အလင်းကွန်ရက်အတွင်းသို့ တွန်းပို့ကာ သူတို့အတွက် လမ်းဖွင့်ပေးစေလိုနေပြီး ထိုအထဲသို့ဝင်သွားလျှင် မည်သည့်အရာများဖြစ်ပျက်လာမည်ကို သူတို့ကြည့်ချင်လိုနေကြသည်။

အစောပိုင်းက အဓိကအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် လမ်းရှင်းပေးခဲ့ရသည်။ သို့သော် ယခုတွင် ရီဖူရှင်းနှင့် ချန်ယိတို့၏အလှည့်ကျပေပြီ။

ကျင့်ကြံသူအားလုံးမှ ထုတ်လွှတ်နေသော ဖိအားများသည် အားကောင်းသော်လည်း ရီဖူရှင်းနှင့် ချန်ယိတို့သည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေကြသည်။ သူတို့သည် ထိုသူများပြောလိုက်သော စကားကို တစ်ခွန်းမှမကြားလိုက်သကဲ့သို့ပင်။ ရီဖူရှင်း၏မျက်လုံးများသည် အရှေ့ရှိ အလင်းကွန်ရက်ကို ကြည့်နေဆဲဖြစ်သည်။ သူသည် ထိုအလင်းကွန်ရက်သည် အပြင်မှအလင်းကွန်ရက်နှင့် တူညီလေသလော၊ အထဲသို့ အသန့်စင်ဆုံးအလင်းစွမ်းအားကိုသုံးကာ ဝင်၍ရမည်လောဟု လေ့လာဆင်ခြင်နေခြင်းပင်။

သူ့နောက်ရှိ လူများကိုမူ သူတစ်စက်မျှပင် ဂရုမစိုက်မချေ။

လင်းခုန်းနှင့်အခြားသူများသည် ရီဖူရှင်းတို့နှစ်ယောက်က သူတို့၏စကားကို အဖက်မလုပ်ကြောင်းတွေ့လိုက်ရသောအခါ သူတို့သည် ရီဖူရှင်းတို့ကို အေးစက်စက်ကြည့်လိုက်ကြသည်။ ထို့ပြင် ယခုတွင် သူတို့သည် ချန်ယိကို အာရုံစိုက်နေပေပြီ။ ရီဖူရှင်းသည် အမွေအနှစ်ကိုဖွင့်ရန် သော့ချက်ဟု မျက်မမြင်ချန်က သူတို့ကိုပြောထားသဖြင့် သူတို့သည် ချန်ယိကို အရင်စတိုက်မည်ဖြစ်သည်။

ချန်ယိသည် သူ၏ဆက်ခံသူလင်းရှီကို သတ်ခဲ့သူဖြစ်သည်။

လင်းခုန်းသည် ထိုသို့တွေးမိသွားသောအခါ အကြည့်များအေးစက်သွားပြီး ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ ထို့နောက် သူသည် ချန်ယိကို လက်ညှိုးထိုးလိုက်သည်။

ရွှီး...

ချန်ယိထံမှနေ၍ လွန်စွာတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ အလင်းဓားဘီးလုံးတစ်ခုပေါ်ပေါက်လာပြီး သူ့ကို ဝန်းရံကာ သူ့ထံသို့သတ်ဖြတ်ရန်ဝင်ရောက်လာသည့် ကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအားနှင့် ထိခတ်သွားသည်။ ကြောက်မက်ဖွယ်အားပြင်းသော ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်သွား၏။ ချန်ယိရှေ့မှ အလင်းဓားသည် ပျက်ဆီးသွားပြီး သူသည် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။

သူ၏ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အဆင့်ရှစ်ဖြစ်သည်။ ထို့ကြောင့် ရန်ဟောင်အဆင့်ကိုးကျင့်ကြံသူ၏ တိုက်ခိုက်မှုသည် သူ့ကိုခြိမ်းခြောက်နိုင်ပေသေးသည်။

“အလင်းတန်းထဲကို မင်းဘာသာမင်းဝင်သွားမလား... ငါတို့သွင်းပေးရမှာလား”

လင်းခုန်းသည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ချန်ယိကို အေးစက်စက်ပြောလိုက်သည်။ မမြင်နိုင်သော ဓားဝိညာဉ်စွမ်းအားသည် ရီဖူရှင်းနှင့် ချန်ယိတို့ကို ဝန်းရံထား၏။ သူတို့သည် သူတို့ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ဓားဝိညာဉ်စွမ်းအားတစ်ခုရှိနေကြောင်း ခံစားနေရသည်။ အတွေးတစ်ချက်ဖြင့်ပင် ထိုဓားဝိညာဉ်စွမ်းအားသည် သူတို့အပေါ်သို့ ရုတ်ခြည်းကျရောက်လာတော့မည့်ပုံကဲ့သို့ပင်။

ရီဖူရှင်းသည် နောက်သို့ဖြည်းညင်းစွာလှည့်လိုက်ပြီး လင်းခုန်းရှိရာဘက်သို့ ကြည့်လိုက်သည်။

သူသည် လင်းခုန်းဆီသို့ လျှောက်သွား၍ ပြောလိုက်၏။

“အဲ့လိုဆိုရင် ခင်ဗျားဝင်သွားလို့ရတာပဲ”

လင်းခုန်းမျက်မှောင်ကြုတ်သွားသည်။ ရီဖူရှင်းသည် သူ့ကိုအလင်းကွန်ရက်အတွင်း ဝင်သွားရန် ပြောနေခြင်းပေလော။

ရီဖူရှင်း၏ကျင့်ကြံခြင်းစွမ်းအားသည် အားကောင်းကာ သူသည် ရန်ဟောင်အဆင့်ရှစ်ဖြစ်သော ယွီဟိုနှင့် ကြယ်သခင်ခုနစ်ဦးကို အနိုင်ယူခဲ့နိုင်သော်လည်း သူတို့အကြားတွင် အဆင့်ကွာခြားမှုတစ်ခု ရှိနေသည်ဆိုသည်မှာ အရှိတရားတစ်ခုပင်ဖြစ်သည်။ သူသည် ရန်ဟောင်အထွတ်အထိပ်အဆင့်ဖြစ်သော အဆင့်ကိုးတွင် ရှိနေသူဖြစ်သည်။

ထိုအခိုက်တွင် ရီဖူရှင်းသည် လွန်စွာဝံ့ကြွားနေကာ ယုံကြည်မှုရှိရှိဖြင့် လင်းခုန်းကို အလင်းကွန်ရက်အတွင်းသို့ ဝင်သွားရန်ပြောလိုက်သည်။

ရီဖူရှင်းသည် လင်းခုန်း၏အရှေ့နားတွင် ရပ်နေ၏။ သူ၏ဝတ်ရုံဖြူသည် လေတွင်ဝဲလွင့်နေသည်။ သူသည် သူ့ကိုယ်သူလွန်စွာယုံကြည်မှုရှိနေပုံရပြီး ကြည့်နေသူအားလုံးကို ရှိန်သွားစေလေသည်။ သူသည် မယိမ်းယိုင်သောသူတစ်ယောက်ကဲ့သို့ပင်။

ရွှီး...

ကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအားတစ်ခုသည် ရီဖူရှင်းကို လွှမ်းခြုံသွားသည်။ ရုတ်ခြည်းအတွင်းမှာပင် သူသည် ဓားလောကအတွင်းသို့ ဝင်ရောက်သွားလိုက်သကဲ့သို့ ရီဖူရှင်းခံစားလိုက်ရသည်။ သူ့ပတ်လည်တွင် မည်သည့်အရာမှ ရှိမနေသည့်ပုံပေါ်သော်လည်း သူသည် သူ့ရန်သူ၏ ဓားအတတ်နယ်ပယ်အတွင်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူသိလေသည်။ ထိုနယ်ပယ်သည် မျက်စိဖြင့်မမြင်နိုင်သောနယ်ပယ်တစ်ခုဖြစ်ကြောင်း သူသိ၏။ သူ့ပတ်လည်ရှိ ထိုနယ်ပယ်အတွင်း၌ ဓားများသည် နေရာအနှံ့တွင်ရှိနေပြီး မမြင်နိုင်သောနယ်ပယ်အတွင်း၌ ပုန်းအောင်းနေပေသည်။

“မင်းက မောက်မာလွန်းတယ်”

လင်းခုန်းကပြောလိုက်သည်။ သူသည် ထိုသို့ပြောလိုက်ပြီးနောက် သူ့လက်ဖဝါးကို ဖျစ်လိုက်သည်။ ရီဖူရှင်းပတ်လည်တွင် ကြောက်မက်ဖွယ် စူးရှသောအသံများ ထွက်ပေါ်လာပြီး ပုန်းအောင်းနေသည့် မမြင်နိုင်သောများသည် တစ်ပြိုင်တည်းရွေ့လျားသွားလေသည်။ ၎င်းတို့သည် လေထုကို ဖြတ်သန်းကာ ရီဖူရှင်းရှိရာသို့ ကျဆင်းလာသည်။ ထိုနေရာသည် အတွေးတစ်ချက်စာအတွင်းမှာပင် အစိတ်စိတ်အမွှာမွှာကြွေမွကွဲထွက်သွားတော့မည့်ပုံ့ကဲ့သို့ပင်။

ရီဖူရှင်းသည် ထိုနေရာတွင်သာဆက်ရပ်နေပြီး မလှုပ်ရှားလိုက်ပေ။ သို့သော် သူ၏ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်အလင်းတစ်ခုက လှည့်ပတ်နေသည်။ သူ၏ခန္ဓာကိုယ်သည် ရုတ်ခြည်းအတွင်း နတ်ခန္ဓာတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ သူ့ကို မဟာလမ်းစဉ်၏ တုနှိုင်းမဲ့ကောင်းကင်အလင်းက ဝန်းရံထား၏။ သူ့ခန္ဓာကိုယ်မှ အံ့ဩတုန်လှုပ်ဖွယ် ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။

စူးရှသောအသံတစ်ခုထွက်ပေါ်လာပြီး လေထုသည် အပိုင်းပိုင်းအဖြတ်ခံလိုက်ရသကဲ့သို့ လေထဲတွင် ဓားရာအများအပြားပေါ်ပေါက်လာသည်။ ကြောက်မက်ဖွယ်တိုက်ခိုက်မှုသည်လည်း ရီဖူရှင်းထံသို့ ဝင်လာနေပေသည်။ ထိုတိုက်ခိုက်မှုသည် ရီဖူရှင်းထံ တန်းတန်းမတ်မတ်လာနေခြင်းပင်။

ရွှီး...

ရီဖူရှင်း၏ခန္ဓာကိုယ်မှနေ၍ စူးရှသောအသံတစ်ခုထွက်ပေါ်လာ၏။ သူ့ကိုယ်ပေါ်တွင် ကောင်ကင်အလင်းများ စူးရှတောက်ပနေသေည်။ ကျရောက်လာသော ဓားဝိညာဉ်စွမ်းအားသည် ရီဖူရှင်းကို တစ်လက်မပင်ရွေ့မသွားစေနိုင်သည်ကို မြင်လိုက်ရသောအခါ လူအားလုံး အံ့အားသင့်သွားကြ၏။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လင်းခုန်း၏မျက်နှာပေါ်တွင် အံ့အားသင့်မှုအရိပ်အယောင်များ ပေါ်လာသည်။ သူ့မဟာလမ်းစဉ်၏တိုက်ခိုက်မှုသည် ရီဖူရှင်း၏ခံစစ်ကို ဖောက်မဝင်နိုင်သည်လော။

မည်သို့ဖြစ်နိုင်မည်နည်း။ သူသည် အမှန်ပင် ရန်ဟောင်အဆင့်ရှစ်ကျင့်ကြံသူတစ်ဦးဟုတ်ပေသလော။

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏မျက်နှာထားများလည်း ပြောင်းလဲသွားကြသည်။ ရန်ဟောင်အဆင့်ကိုးကျင့်ကြံသူတစ်ဦးသည် ရီဖူရှင်းကို ရွေ့သွားအောင်ပင် မလုပ်နိုင်ပေလော။

သူ၏ခန္ဓာကိုယ်သည် မည်မျှကြောက်မက်ဖွယ်ကောင်းသနည်း။

ထိုအချိန်တွင် သူတို့သည် ရီဖူရှင်းကို ထပ်မံကြည့်လိုက်ကြသည်။ သူ့ကို ကောင်းကင်အလင်းများက ဝန်းရံထားပြီး သူသည် ပြိုင်ဘက်ကင်း စွမ်းအားကြီးသော နတ်မင်းတစ်ပါးကဲ့သို့ ထင်နေရလေသည်။

ရီဖူရှင်း၏ အဝတ်များသည် လေထဲတွင် ဝဲလွင့်နေသည်။ သူသည် ရန်ဟောင်အဆင့်ခုနစ်၌သာရှိခဲ့စဉ်ကပင် နတ်ဆိုးအင်ပါယာ၏ တပည့်အရင်းဖြစ်သော ရှောင်းမူကို အနိုင်ယူနိုင်ခဲ့သည်။ ယခုတွင် သူသည် အဆင့်ရှစ်သို့ရောက်ရှိသွားပြီဖြစ်သဖြင့် သူ့ထက်အဆင့်မြင့်သော ရန်ဟောင်အဆင့်ကိုးကျင့်ကြံသူဖြစ်သည့် လင်းခုန်းသည် သူ့အတွက် ထည့်တွက်စရာပင်မလိုသူဖြစ်သည်။

မဟာအလင်းမြို့တော်သည် သူ့အတွက် အတော်လေးအားနည်းသော ပြိုင်ဘက်ဖြစ်နေသေးပုံရလေသည်။ လက်ရှိ ရီဖူရှင်း၏နတ်ခန္ဓာကိုယ်၏ သန်မာမှုသည် သာမန်ရန်ဟောင်အဆင့်ကိုးရှိ၏အကန့်အသတ်အထိ ရောက်နေပြီဖြစ်သည်။ ရီဖူရှင်းသည် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလုနီးပါးဖြစ်နေပြီဟု ယုံကြည်မှုရှိပြီး လောကအတွင်းရှိ ထူးခြားသောလူများမှလွဲ၍ ရန်ဟောင်အဆင့်ရှိ ကျင့်ကြံသူများသည် သူ့ကိုအနိုင်ယူရန်ခက်ခဲလိမ့်မည်ဟု ယုံကြည်မှုရှိလေသည်။

“ခင်ဗျားဘာသာ အထဲကိုဝင်သွားမလား.. ဒါမှမဟုတ် ကျုပ်သွင်းပေးရမှာလား”

ရီဖူရှင်းက လင်းခုန်းကို‌မေးလိုက်သည်။ ထိုစကားသည် အစောပိုင်းက လင်းခုန်းက ချန်ယိကိုပြောလိုက်သောစကားဖြစ်သည်။ သို့သော်ယခုတွင် ရီဖူရှင်းသည် လင်းခုန်းကို ထိုစကားဖြင့်ပင် ပြန်ပြောလိုက်လေသည်။

All Chapters