အပြောင်းအလဲ
Vol. 170 Ch. 2423
လင်းခုန်း၏အကြည့်များ အေးခဲသွား၏။ သူ၏တိုက်ခိုက်မှုသည် သူ့ပြိုင်ဘက်ကို တစ်လက်မပင်ရွေ့သွားအောင် မလုပ်နိုင်လေသလော။
ရီဖူရှင်း၏ခန္ဓာကိုယ်သည် မည်သည့်အဆင့်တွင် ရှိနေသနည်း။
ထိုသို့သာဆိုလျှင် သူသည် ရီဖူရှင်းကို မည်သို့တိုက်ခိုက်မည်နည်း။
သူ့ဘေးရှိ အခြားကျင့်ကြံသူများသည်လည်း တုန်လှုပ်နေကြပြီး မည်သူမှ အလျင်စလိုမလှုပ်ရှားရဲကြချေ။ သူတို့သည် သူတို့မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်တုန်လှုပ်နေကြသည်။ လင်းခုန်းသည် ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသူတစ်ဦးဖြစ်ပြီး ထိုနေရာတွင် သူနှင့်ပခုံးချင်းတိုက် ယှဉ်နိုင်သူသည် အနည်းငယ်သာရှိလေသည်။ အကယ်၍ လင်းခုန်း၏တိုက်ခိုက်မှုက ရီဖူရှင်းကို နေရာမှရွေ့သွားအောင်ပင် မလုပ်နိုင်လျှင် မည်သူမှ မည်သို့မှ မလုပ်နိုင်တော့ပေ။
လင်းခုန်းက မည်သို့မှပြန်မတုံ့ပြန်သဖြင့် ရီဖူရှင်းသည် ရှေ့သို့ဆက်လျှောက်သွားလိုက်သည်။ လင်းခုန်းသည် ရီဖူရှင်းလျှောက်လာသည်ကို မြင်လိုက်သောအခါ သူ့မျက်လုံးထဲတွင် အာခံလိုသောအရိပ်အယောင်များ ပေါ်လာလေသည်။ သူ့ကဲ့သို့ ရန်ဟောင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ဦးက လူငယ်လေးတစ်ဦး၏ စကားကိုနားထောင်ရမည်လော။
သူထိုသို့တွေးမိသွားသောအခါ သူ့တစ်ကိုယ်လုံးသည် တောက်ပလာလေသည်။ ဓားမျက်နှာပြင်သည် လေထုကိုလွှမ်းခြုံသွားပြီး ထိုဘုံကျောင်းအတွင်းတွင် ဓားဝိညာဉ်စွမ်အားများသည် နေရာအနှံ့တွင် ရှိနေပေသည်။
“သတ်ပစ်…”
လင်းခုန်းသည် သူ၏လက်ညှိုးကို ရှေ့သို့ညွှန်ပြလိုက်သည်။ ရုတ်ခြည်းပင် လေထဲတွင် ဓားချက်များ မရေမတွက်နိုင်အောင်ပေါ်လာပြီး ဓားချက် တစ်ချက်နှင့်တစ်ချက် ကန့်လန့်ဖြတ်နေလေသည်။ ၎င်းတို့သည် လေထုကို ခုတ်ဖြတ်လိုက်ရုံသာမကာ ရီဖူရှင်း၏ခန္ဓာကိုယ်ကိုလည်း ခုတ်ဖြတ်လိုက်သည်။ ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးသည် မျက်စိဖြင့်မမြင်နိုင်ဘဲ ပုံသဏ္ဍာန်လည်းကင်းမဲ့ပေသည်။ သာမန်ရန်ဟောင်အဆင့်ရှစ်ကျင့်ကြံသူဆိုလျှင် ရုတ်ခြည်း အပိုင်းပိုင်းပြတ်ကာ သေဆုံးသွားမည်ဖြစ်သည်။
သို့သော် သူရင်ဆိုင်နေရသူမှာ ရီဖူရှင်းဖြစ်ပေသည်။ လေထုထဲရှိ ဓားချက်များသည် ရီဖူရှင်း၏ကိုယ်ပေါ်သို့ ကျဆင်းသွားပြီး စူးရှသောအသံတစ်ခု ထွက်ပေါ်လာသည်။ ရီဖူရှင်း၏နတ်ခန္ဓာကိုယ်သည် လွန်စွာတောက်ပပြီး ပြိုင်ဘက်ကင်းရွှေခန္ဓာကိုယ်တစ်ခုကဲ့သို့ မယိမ်းမယိုင်ရှိနေလေသည်။ ရီဖူရှင်းသည် ရှေ့သို့ဆက်လျှောက်နေသည်။ သို့သော် တစ်ချိန်တည်းမှာပင် လင်းခုန်း၏လက်ချောင်းသည် ရှေ့သို့ထိုးထွက်လာသည်။
ထိုအခိုက်တွင် လင်းခုန်း၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ဓားအလင်းများဖြင့် တောက်ပနေလေသည်။ သူ့လက်ချောင်းများအကြားမှနေ၍ မမြင်နိုင်သောဓားဝိညာဉ်စွမ်းအားတစ်ခုထွက်လာပြီး လေထုကိုဖောက်ထွင်းသွားကာ သူ့အရှေ့ရှိအရာအားလုံးသည် ကြေမွပျောက်ကွယ်သွားလေတော့သည်။ လက်ချောင်းတစ်ချောင်းသည် ရီဖူရှင်းကို ချိန်ရွယ်ထား၏။ သူသည် နောက်ဆုံးတိုက်ကိုက်အတွက် ထိုလက်ချောင်းထဲတွင် စွမ်းအားကုန်လုံးကို စုစည်းထားသည့်နှယ်ပင်။ ထိုငွေဖြူရောင်ဆံပင်နှင့် လူငယ်လေး၏အစွမ်းသည် သူ့ထက်များစွာသာလွန်ကြောင်း လင်းခုန်းရှင်းရှင်းလင်းလင်း သိသွားပြီဖြစ်သည်။
ရီဖူရှင်းခန္ဓာကိုယ်ပေါ်ရှိ မဟာလမ်းစဉ်အလင်းများသည် စီးဆင်းနေပြီး အဆုံးမဲ့လက္ခဏာများ လှည့်ပတ်နေသကဲ့သို့ပင်။ သူသည် သူ့လက်ချောင်းကို ရှေ့သို့ညွှန်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် မဟာလမ်းစဉ်၏ ဓားခန္ဓာအဖြစ်ပြောင်းလဲသွားသည်။ ထိုလက်ချောင်းသည် လက်ရှိလောကအတွင်းရှိ အထက်ရှဆုံးဓားတစ်ချောင်းကဲ့သို့ ထင်ရပေသည်။
သူတို့၏ လက်ချောင်းများ ထိခတ်သွား၏။ ကြောက်မက်ဖွယ် ဓားအလင်းလှိုင်းများ ပျံ့နှံ့သွားပြီး ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေလေသည်။ ထို့နောက် သူတို့သည် လင်းခုန်း၏လက်ချောင်း ကြွေမွပျက်စီးသွားသည်ကိုတွေ့လိုက်ရ၏။ ဓားဝိညာဉ်စွမ်းအားတစ်ခုသည် သူ၏လက်ကိုထွင်းဖောက်နေသည်။ သွေးများသည် နေရာအနှံ့သို့ ပန်းထွက်သွားပြီး လက်သည် အပိုင်းပိုင်းပြတ်သွားလေသည်။
လင်းခုန်း၏ လည်ပင်းကို ဧရာမလက်ကြီးတစ်ခုက တင်းတင်းကြပ်ကြပ်ညှစ်ထားရာ သူသည် ကျောချမ်းဖွယ်အော်ဟစ်နေလေသည်။ ထိုလက်ကြီး သန်မာကြံ့ခိုင်လေသည်။ ထိုလက်ကြီးသာ တစ်ချက်လှုပ်ရှားလိုက်လျှင် လင်းခုန်းသည် အသက်ထွက်သွားတော့မည်ဟု ထင်ရသည်။
ထိုအခိုက်တွင် လင်းခုန်း၏ရင်ထဲ၌ လွန်စွာကြောက်ရွံ့တုန်လှုပ်နေ၏။ ထိုသို့ ကြောက်ရွံ့တုန်လှုပ်နေသူမှာ သူတစ်ဦးတည်းမဟုတ်ပေ။ လင်းမိသားစုမှ ကျင့်ကြံသူများနှင့် ဘေးရှိကျင့်ကြံသူများသည်လည်း အလွန်အမင်းကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေပေသည်။ ထိုကဲ့သို့ ရှုံးနိမ့်သွားသူသည် ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသူ လင်းမိသားစု၏ခေါင်းဆောင် ဟုတ်မှဟုတ်ပါလေသလော။
ရန်ဟောင်အဆင့်ရှစ်သာရှိသူ ရီဖူရှင်း၏အရှေ့တွင် လင်းခုန်းသည် မည်သို့မှ ပြန်မတိုက်နိုင်ခဲ့ပေ။ သူထုတ်လွှတ်လိုက်သော တိုက်ကွက်သည် ပိတ်ကာခံလိုက်ရပြီး သူ၏လက်ကို လုံးဝပျက်ဆီးသွားစေလေသည်။ ယခုတွင် သူ၏အသက်သည် သူ့ပြိုင်ဘက်၏လက်ထဲတွင် ရှိနေပေပြီ။
ရန်ဟောင်အဆင့်ရှစ်သာရှိသောသူတစ်ဦးသည် မည်ကဲ့သို့ ထိုမျှစွမ်းအားကြီးရသနည်း။
ရီဖူရှင်း၏မျက်လုံးများက စူးရှနေပြီး လင်းခုန်းကို စိုက်ကြည့်နေလေသည်။ ၎င်းတို့သည် နတ်မင်းတစ်ပါး၏ မျက်လုံးများသဖွယ် အရှေ့ရှိ ရန်ဟောင်အဆင့်ကိုးရှိသူကို အထင်သေးဟန်ဖြင့် ကြည့်နေသည်။ အခြား ရန်ဟောင်အထွတ်အထပ်အဆင့်ကျင့်ကြံသူများသည်လည်း ဆွံ့အကာ ငေးကြည့်နေကြသည်။ မျက်မမြင်ချန်သည် ရီဖူရှင်းတို့အတွက် မစိုးရိမ်ဘဲ အကြီးအကဲအချို့နှင့် တိုက်ခိုက်နေခြင်းမှာ အံ့အားသင့်ဖွယ် မဟုတ်တော့ချေ။
ရီဖူရှင်းသည် လွန်စွာစွမ်းအားကြီးသူတစ်ဦး ဖြစ်နေပေသည်။ ရီဖူရှင်းသည် လင်းခုန်းကို ချီမလိုက်ပြီး အလင်းကွန်ရက်ဆီသို့ လျှောက်သွားလေသည်။ ရီဖူရှင်း၏လက်သည် မြောက်တက်သွားပြီး လင်းခုန်း၏ခန္ဓာကိုယ်သည် အလင်းကွန်ရက်အတွင်းသို့ ပစ်သွင်းခံလိုက်ရသည်။
အထက်ကောင်းကင်မှ မရေမတွက်နိုင်အောင်များပြားသော အလင်းတန်းများကျဆင်းလာပြီး လင်းခုန်းပေါ်သို့ ကျဆင်းသွားလေသည်။
လင်းခုန်းသည် ကြောက်မက်ဖွယ်အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကို အလင်းတန်းများက ထိုးဖောက်သွား၏။ ထို့နောက် လူတိုင်း၏မျက်စိရှေ့တွင် သူ၏ခန္ဓာကိုယ်သည် အလင်းအဖြစ်ပြောင်းလဲသွားသည်။ လင်းခုန်းသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် လုံးဝကွယ်ပျောက်သွားပြီး ခြေရာလက်ရာတစ်ခုမျှပင် မချန်ခဲ့တော့ချေ။
“ဒါက...”
အလင်းအောက်တွင် ရန်ဟောင်အထွတ်အထိပ်ရှိသူတစ်ဦးသည် ပျောက်ကွယ်သွားကာ အလင်းစက်၊ အလင်းပြောက်များအဖြစ် ပြောင်းလဲသွားသည်။
ရန်ဟောင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူသည် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပေပြီ။ သို့ဖြစ်ရာ ထိုနေရာရှိ မည်သူသည် အလင်းကွန်ရက်အတွင်းသို့ ဝင်နိုင်မည်နည်း။
‘ငါတွေးထားသလိုပဲ’
ရီဖူရှင်းသည် သူ့ဘာသာ တိတ်တဆိတ် ကောက်ချက်ချလိုက်သည်။ ထိုအလင်းကွန်ရက်သည် မဟာအလင်းလမ်းစဉ်သုံးသူမှလွဲ၍ အခြားမည်သည့်မဟာလမ်းစဉ်သုံးသူကိုမှ အဝင်မခံပေ။
သို့သော် သူသည် ယခင်ကနှင့် ကွဲပြားမှုကို ခံစားမိနေ၏။ မကြာသေးခင်က ထိုအလင်းကွန်ရက် လှည့်ပတ်နေစဉ်တွင် ထူးခြားသောအလင်းတစ်မျိုး ပေါ်ပေါက်နေပုံ ပေါ်လေသည်။ ထိုအလင်းကွန်ရက်သည် သတ်ဖြတ်အလင်းကွန်ရက်သာ ဟုတ်ပုံမရပေ။
“ငါစမ်းကြည့်မယ်”
ရီဖူရှင်း ရှေ့သို့လျှောက်သွားလိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ အသက်ဝိညာဉ်လောကအတွင်းမှ လောက၏ရှေးဟောင်းသစ်ပင်သည် လှုပ်ခါသွားသည်။ မဟာအင်ပါယာ၏ အင်ပါယာအလင်းများတောက်ပနေသော လှိုင်းများသည် အပြင်သို့ ပြန့်ကားထွက်လာသည်။ ထို့နောက် ထိုလှိုင်းများသည် အလင်းကွန်ရက်အတွင်းသို့ စီးဝင်သွား၏။
ရုတ်တရက် အလင်းကွန်ရက်အတွင်းရှိ အလင်းသည် အခြားမဟာလမ်းစဉ်တစ်ခု၏စွမ်းအားများ ကျူးကျော်ဝင်ရောက်လာသည်ကို အာရုံခံမိသွားပုံပေါ်လေသည်။ ရုတ်ခြည်းပင် တောက်ပသော အလင်းတန်းများဖြာကျလာပြီး ကျူးကျော်ဝင်ရောက်လာသော စွမ်းအားကို ဖယ်ရှားပစ်ရန် ကြိုးစားလိုက်သည်။
သို့သော် ထိုလမ်းစဉ်ဝိညာဉ်စွမ်းအားတန်းသည် ဖယ်ရှား၍ ရမည့်ပုံမပေါ်ပေ။ ၎င်းသည် အလင်းထဲတွင် ရှိနေသေးပြီး ကွန်ရက်အတွင်း၌ လှည့်လည်ကျူးကျော်ဝင်ရောက်ကာ တဖြည်းဖြည်းဖြင့် အလင်းကွန်ရက်ရှိရာပတ်ဝန်းကျင်ကိုပင် လွှမ်းခြုံသွားလေသည်။
“ချန်ယိ... ခုနတုန်းက ငါတို့ကို အလင်းကွန်ရက်ထဲပို့ချင်နေတဲ့သူတွေကို ခေါ်ပြီး အထဲကိုပို့လိုက်”
ရီဖူရှင်း ပြောလိုက်သည်။ ချန်ယိ ခေါင်းညိတ်ပြလိုက်၏။ မကြာသေးခင်က လင်းခုန်းအပြင် လင်းမိသားစုမှ အခြားသူတော်တော်များများသည် ရီဖူရှင်းနှင့် သူ့ကို တိုက်ခိုက်ရန် ကြံရွယ်ခဲ့ကြသည်။ သူသည် ထိုအခြင်းအရာကို သိခဲ့ကြောင်း ထင်ရှားပေသည်။
ချန်ယိသည် နောက်သို့လှည့်လိုက်၏။ သူ့အကြည့်များသည် လင်းမိသားစုမှ လူနှစ်ဦးအပေါ်သို့ ကျရောက်သွားသည်။
“မင်းတို့ဘာသာ သွားမလား... ငါ ပို့ပေးရမှာလား”
ထိုလူနှစ်ယောက်သည် ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး တုန်တုန်ယင်ယင်ဖြင့် နောက်သို့အလျင်အမြန်ဆုတ်သွားကြသည်။ အလင်းကွန်ရက်အတွင်းသို့ဝင်ခြင်းသည် သေခြင်းနှင့်အတူတူပင်။ သူတို့သည် အဘယ်ကြောင့် သူတို့ဘာသာဝင်ရမည်နည်း။
ရွှီး...
ချန်ယိ ထိုနှစ်ဦး၏တုံ့ပြန်မှုကို မြင်လိုက်သောအခါ သူ၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွား၏။ ထိုရန်ဟောင်အဆင့်ကျင့်ကြံသူနှစ်ဦးကို တစ်ပြိုင်တည်း ဖမ်းမိသွားလေသည်။ အလင်းတစ်ချက်လက်သွားပြီး ထိုရန်ဟောင်အဆင့်ကျင့်ကြံသူနှစ်ဦးသည် အလင်းကွန်ရက်အတွင်းသို့ ပစ်သွင်းခံလိုက်ရလေတော့သည်။
ရုတ်တရက် အလင်းကွန်ရက်၏ အလင်းတန်းအောက်တွင် ထိုလူနှစ်ဦးသည် လင်းခုန်းကဲ့သို့ပင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး အလင်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုနေရာသို့ လာခဲ့သူတိုင်းသည် ထိုတူညီသောကံကြမ္မာနှင့် ရင်ဆိုင်ရမည့်ပုံပင်။
သို့သော် ထိုအခိုက်တွင် အလင်းကွန်ရက်အတွင်းရှိ အလင်းတန်းများသည် ပြောင်းလဲသွားသည်။ ထိုသို့ပြောင်းလဲသွားခြင်းကို ရီဖူရှင်းက ရှင်းရှင်းလင်းလင်းသတိပြုမိလိုက်၏။ သူသည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်ပုံပင်။
“အရင်ကနဲ့အတူတူပဲ...ဒါပေမဲ့ ဒီတစ်ကြိမ်မှာ မင်းပိုပြီး ဂရုစိုက်ဖို့လိုမယ်။ သတိတစ်ချက်လွတ်သွားတာနဲ့ သေသွားရလိမ့်မယ်။ မင်းလုပ်နိုင်လား”
ရီဖူရှင်းက ချန်ယိကို မေးလိုက်သည်။
ချန်ရိ၏မျက်နှာထားသည် လေးနက်သွား၏။ သူ ခေါင်းညိတ်ပြလိုက်သည်။ သူ့ခန္ဓာကိုယ်ကို အလင်းလမ်းစဉ်က လွှမ်းခြုံသွား၏။ သူ့တစ်ကိုယ်လုံးသည် အလင်းအဖြစ်ပြောင်းလဲသွားသကဲ့သို့ပင်။ သူရှေ့သို့လျှောက်သွားလိုက်သည်။
ချန်ယိသည် ထူးခြားသူတစ်ဦးဖြစ်လာရန် မွေးဖွားလာခဲ့ခြင်းပင်။ သူသည် အလင်းမဟာလမ်းစဉ်ခန္ဓာရှိသူတစ်ဦးပင် မဟုတ်ပါလား။ သို့ဖြစ်ရာ သူသည် အလင်း၏ အသန့်စင်ဆုံးအခြေအနေကို ထိန်းသိမ်းထားနိုင်၏။ ထို့ကြောင့် ရီဖူရှင်းသည် သိပ်စိုးရိမ်စိတ်မရှိဘဲ သူ့ကို စမ်းကြည့်ခိုင်းလိုက်ခြင်းပင်။ အခြားသူသာဖြစ်ပါက အလင်းကွန်ရက်အတွင်းသို့ဝင်လိုက်လျှင် သေချာပေါက်သေသွားမည်ဖြစ်သည်။
မျက်မမြင်ချန်က ချန်ယိသည် အလင်းဆက်ခံသူတစ်ဦးဟု ပြောခဲ့သည်။ ထို့ကြောင့် သူသည်လည်း ထိုအကြောင်းကို သိနိုင်ပေသည်။
ချန်ယိသည် အလင်းကွန်ရက်အတွင်းသို့ ဝင်သွားလိုက်သည်။ ထို့နောက် အလင်းတန်းများသည် သူခန္ဓာကိုယ်ကို ရုတ်တရက်ဖြတ်သန်းသွားရာ သူသည် သူ၏မဟာအလင်းလမ်းစဉ်ကို အဆုံးအစွန်အထိ ထုတ်လွှတ်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တုနှိုင်းမဲ့အလင်းတစ်ခုကို ထုတ်လွှတ်နေပြီး သူသည် အလင်းကွန်ရက်အတွင်းရှိအလင်းနှင့် တစ်သားတည်းဖြစ်လာလေသည်။
တစ်ချိန်တည်းမှာပင် ရီဖူရှင်းသည် မျက်လုံးများကို တင်းနေအောင်ပိတ်ထားလိုက်သည်။ သူ အတန်ငယ် စိတ်လှုပ်ရှားသွား၏။ ရုတ်တရက် အလင်းကွန်ရက်အတွင်းရှိ အလင်းတန်းများသည် သူ၏ဝိညာဉ်စွမ်းအားက ထိန်းချုပ်ထားသကဲ့သို့ ရွေ့လျားလာကြသည်။ အလင်းကွန်ရက်အောက်ခြေမှနေ၍ အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ထိုးတက်သွားပြီး ကျဆင်းလာသည့်အလင်းနှင့် ပေါင်းစည်းသွားလေသည်။ ထို့နောက် ထိုအလင်းတန်းနှစ်ခုသည် ကောင်းကင်ထက်သို့ တန်းတန်းမတ်မတ်တက်သွားလေသည်။
ထိုအခိုက်တွင် ကြောက်မက်ဖွယ်ထစ်ချုန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး ဘုံကျောင်းတစ်ခုလုံးသည် ယိုင်ထိုးသွားသည်။ အလင်းကွန်ရက်အတွင်းမှထွက်လာသော အလင်းများသည် ပို၍စူးရှတောက်ပလာသည်။ ရီဖူရှင်းသည် ရှေ့သို့ငေးကြည့်လိုက်ပြီး သူ၏မဟာလမ်းစဉ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။ ရှေးခေတ်တွင် ထိုအလင်းကွန်ရက်သည် ဘုံကျောင်းမှ ကျင့်ကြံသူများ၏ လှုံ့ဆော်မှုကို ခံခဲ့ရနိုင်ပေသည်။ သို့သော် ယခုတွင် လှုံ့ဆော်နေသူမှာ သူသာရှိလေသည်။