← Chapters

မျက်လုံးများပွင့်လာခြင်း

Vol. 170 Ch. 2424

မျက်လုံးများပွင့်လာခြင်း

Vol. 170 Ch. 2424

အလင်းကွန်ရက်ကို လှုံ့ဆော်ပြီးသောအခါ ချန်ယိနောက်ရှိ အလင်းတန်းထဲမှ ဝိညာဉ်တစ်ကောင်သည် ကောင်းကင်နတ်မင်းတစ်ပါးကဲ့သို့ ထွက်ပေါ်လာပြီး သူ့ကိုဝန်းရံထားလေသည်။

ထို့နောက် ချန်ယိ၏ခန္ဓာကိုယ်သည် အပေါ်သို့မြောက်တက်သွားပြီး အလင်းကွန်ရက်မှထုတ်လွှတ်နေသော အလင်းမှတဆင့် ဘုံကျောင်းအတွင်းပိုင်းအထိ ပါသွားလေသည်။ အလင်းဝိညာဉ်သည် သူ့ကိုယ်တွင်း၌ ပျောက်ကွယ်သွား၏။ သူတို့သည် ဘုံကျောင်းဗဟိုအတွင်းသို့ အတူတကွဝင်သွားသကဲ့သို့ပင်။

အလင်းကွန်ရက်ပျောက်ကွယ်သွားသောအခါ အလင်းတန်းသည် ရုတ်တရက်မှေးမှိန်သွားပြီး ပျောက်ကွယ်သွားလေတော့သည်။ ဘုံကျောင်းအတွင်း၌ ကျယ်လောင်သောထစ်ချုန်းသံများ ဆက်လက်ထွက်ပေါ်နေပြီး ဘုံကျောင်းသည် ပြိုကျပျက်စီးလုနီးပါးဖြစ်နေသည်။ အလင်းကွန်ရက်သည် ဘုံကျောင်းမှနောက်ဆုံးအလင်းကို ထောက်ကန်ပေးထားသော အရာဖြစ်ပုံရပေသည်။

ထိုအခိုက်တွင် ရီဖူရှင်းသည် အတွေးများနေဟန်တူလေသည်။ အလင်းကွန်ရက်ပျောက်ကွယ်သွားလျှင် အလင်းဘုံကျောင်းပြိုကျပျက်စီးသွားမည်လော။

ထိုဘုံကျောင်းသည် ရှေးခေတ်က နတ်ဘုရားများစုဝေးခဲ့သော အလင်းဘုံကျောင်းဖြစ်ရာ အလွယ်တကူ ပြိုပျက်မသွားနိုင်ပေ။ သို့သော် ဘုံကျောင်းသည် လွန်ခဲ့သောကပ်ကမ္ဘာများစွာကပင် ယိုယွင်းပျက်စီးနေပြီး အပြင်ပန်းကိုသာ ပြင်ဆင်ထားခြင်းဆိုပါက ယခုတွင်ပြိုကျပျက်စီးသွားနိုင်ပေသည်။ အလင်းဘုံကျောင်းတွင်ကျန်ရှိနေသော နောက်ဆုံးအလင်းကွန်ရက်သည် ဘုံကျောင်းမပျက်စီးစေရန် တစ်ချိန်လုံးထောက်ကန်ပေးသောအရာဖြစ်နိုင်သည်။

ထိုသို့ဆိုလျှင် နတ်ဘုရားများ၏ဝိညာဉ်စွမ်းအားအနည်းငယ်ကို ပိုင်ဆိုင်ထားသော အလင်းဘုံကျောင်းသည် အလင်းကိုအမွေဆက်ခံရန် အနာဂတ်ဆက်ခံသူကို စောင့်ဆိုင်းနေခြင်းဖြစ်ရပေမည်။ ထိုဆက်ခံသူ ရောက်ရှိလာသောအခါ ဘုံကျောင်းသည် ၎င်းကိုယ်၎င်းဖျက်ဆီးပစ်လိုက်မည်ဖြစ်သည်။

မျက်မမြင်ချန်သည် ထိုအခြေအနေအချို့ကို သိထားပုံရလေသည်။ သူသည် အလင်း၏ဆက်ခံသူကို ရှာဖွေရင်း ချန်ယိကိုတွေ့ခဲ့ခြင်းဖြစ်နိုင်ပေသည်။

သို့ဖြစ်လျှင် ယခုတွင် အရာအားလုံးသည် အကျိုးအကြောင်းဆီလျော်လာပေပြီ။

အလင်းဘုံကျောင်းသည် ပို၍ပြင်းထန်စွာ တုန်ခါလာသည်။ အလင်းဘုံကျောင်းတွင် အက်ကြောင်းများစတင်ပေါ်ပေါက်လာပြီး ပျက်စီးလာသည်။ သို့သော် ထိုနေရာရှိ ကျင့်ကြံသူများသည် လွန်စွာစွမ်းအားကြီးရာ သူတို့အတွက်ဆိုးဆိုးဝါးဝါးထိခိုက်မည်မဟုတ်ပေ။ သို့သော် သူတို့ရင်ထဲတွင် လွန်စွာတုန်လှုပ်နေပေသည်။

ချန်ယိကို မည်သည့်နေရာသို့ပို့လိုက်သနည်း။

ဝုန်း...

ကျောက်တုံးကြီးတစ်တုံး ပြိုကျလာ၏။ ရီဖူရှင်းကို ဝန်းရံထားသော အလင်းသည် ကျောက်တုံးကြီးကို ကာလိုက်သည်။ သူ့ဘေးတွင် အပျက်အစီးများပုံလာလေတော့သည်။ ဘုံကျောင်းတစ်ခုလုံး အလုံးစုံပျက်စီးသွားရန် အချိန်များစွာမလိုလိုက်ပေ။

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်ရှိ တလက်လက်တောက်ပနေသော အလင်းသည် သူတို့၏မျက်လုံးများကို မှိတ်စေရန် ဖိအားပေးနေသည်။ ထို့နောက် ကြယ်တာရာများလည်ပတ်လာပြီး မမြင်နိုင်သောအားတစ်ခုက သူတို့ကို တွန်းနေပုံရလေသည်။ လောကတစ်ခုလုံးသည် အစိတ်စိတ်အမွှာမွှာပြိုကွဲတော့မည့်ပုံသကဲ့သို့ပင်။

ရီဖူရှင်းသည် သူ့မျက်လုံးများကို တစ်ခဏမျှပိတ်လိုက်ပြီး သူမျက်လုံးပြန်ဖွင့်လိုက်သည့်အခါတွင် သူ့ခြေထောက်အောက်တွင် အပျက်အစီးများရှိနေသေးသော်လည်း ၎င်းတို့သည် အလင်းဘုံကျောင်းအတွင်းမှ အပျက်အစီးများမဟုတ်တော့ပေ။ သူတို့ရှေ့တွင် အလင်းဂိတ်တံခါးတစ်ချပ်ရှိနေ၏။

ထိုအလင်းဂိတ်တံခါးပေါ်တွင် အလင်းများတလက်လက်တောက်ပနေပေသေးသည်။ ဘုံကျောင်းအတွင်းမှအလင်းသည် သူတို့ကို အပြင်သို့တွန်းလွှတ်လိုက်သကဲ့သို့ပင်။ အလင်းဂိတ်တံခါးအတွင်းသို့ ဝင်သွားသည့် ကျင့်ကြံသူတိုင်းသည် ယခုတွင် အပြင်ဘက်သို့ တွန်းလွှတ်ခြင်းခံခဲ့ရသည်။ အလင်းဘုံကျောင်းအပြင်တွင် တိုက်ခိုက်နေသော ထိပ်သီးငါးဦးသည်လည်း အပြင်သို့ ရောက်နေပေပြီ။

သူတို့သည် ထိုကဲ့သို့ဆန်းကြယ်သောအဖြစ်အပျက်နှင့် ကြုံတွေ့လိုက်ရသဖြင့် ဆက်၍မတိုက်ခိုက်လိုကြတော့ပေ။ သူတို့သည် အလင်းဘုံကျောင်းစတင် ပြိုကျပျက်စီးလာပြီး အလင်းများစတင်တောက်ပလာသည့်အချိန်ကတည်းက တိုက်ခိုက်မှုကိုရပ်လိုက်ခြင်းဖြစ်သည်။ ဘုံကျောင်းပြိုကျပျက်စီးသွားခြင်းကိုကြည့်၍ သူတို့၏ရင်ထဲတွင် လွန်စွာသောကများသွားကြသည်။ ဘုံကျောင်းသည် ဖုန်မှုန့်များဖြစ်သွားပေပြီ။ ထိုဘုံကျောင်းသည် သူတို့ရှာဖွေနေသည့် အလင်းဘုံကျောင်း အစစ်အမှန်ပေလော။

ထို့ပြင် ယခုတွင် သူတို့သည် အပြင်သို့ပြန်ပို့ခြင်းကို ခံလိုက်ရသည်။ မည်သည်တို့ ဖြစ်ပျက်နေသနည်း။

“ဘာတွေဖြစ်နေတာလဲ”

အကြီးအကဲလင်းနှင့် အခြားထိပ်သီးများသည် သူတို့၏မျိုးဆက်သစ်လေးများကိုရှာကာ မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် လင်းမိသားစု၏ခေါင်းဆောင်လင်းခုန်းပျောက်နေကြောင်း အကြီးအကဲလင်းသတိထားမိလိုက်၏။ လင်းခုန်းသည် အလင်းဂိတ်တံခါးအတွင်း၌ ကျန်ခဲ့သည်လောဟု သူတွေးတောနေ၏။

ထိုအရာသည် မည်သည့်အဓိပ္ပာယ်နည်း။ လင်းခုန်းသည် အခွင့်အရေးရသွားခြင်းပေလော။

သို့သော် မကြာခင်မှာပင် သူ၏မျှော်လင့်ချက်များ ပျက်သုဉ်းသွားလေတော့သည်။ လင်းမိသားစုမှ ကျင့်ကြံသူအချို့သည် ခေါင်းငိုက်စိုက်ကျနေပြီး အခြားသူများ၏မျက်နှာထားသည် ပူဆွေးကာ၊ မကျေမနပ်ဖြစ်နေကြောင်းကို သူသတိပြုမိသွားသည်။ လင်းခုန်းသည် အမွေအနှစ်ကိုရရှိခဲ့ခြင်းမဟုတ်ကြောင်း ထင်ရှားပေသည်။ ထိုသူများ၏မျက်နှာထားမှနေ၍ လင်းခုန်း၏ကံကြမ္မာကို သူခန့်မှန်းနိုင်၏။

သို့သော် လင်းခုန်းသည် ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသူဖြစ်လေသည်။ ဘုံကျော်းအတွင်းသို့ဝင်သွားသူများထဲတွင် သူ့ထပ်ကျင့်ကြံခြင်းအဆင့်မြင့်သူ တစ်ဦးမှမပါပေ။ သူနှင့်အဆင့်တူအနည်းငယ်ပါလေသည်။ ထိုသို့ဆိုလျှင် သူ့ကိုမည်သူသတ်ခဲ့သနည်း။

“မိတ်ဆွေလေး...”

မျက်မမြင်ချန်သည် ချန်ယိပျောက်နေကြောင်းကို ချက်ချင်း သတိပြုမိသွားသည်။ သူသည် အတန်ငယ်ခေါင်းငုံ့၍ ရီဖူရှင်းကို လှမ်းခေါ်လိုက်သည်။ သို့သော် ရီဖူရှင်းသည် မျက်မမြင်ချန်ဆိုလိုသည်ကို နားလည်ထားပြီးဖြစ်ပြီး ပြန်ဖြေလိုက်သည်။

“မပူပါနဲ့ ဘိုးဘိုး... ချန်ယိက အလင်းနဲ့ထိတွေ့ပြီးသွားပါပြီ”

မျက်မမြင်ချန်သည် သူ့လက်အတွင်းရှိ တုတ်ကောက်ကို ဖျစ်ညှစ်လိုက်သည်။ သူစိတ်သက်သာရာရသွားပုံပေါ်လေသည်။ သူခေါင်းအတန်ငယ်မော့လိုက်ပြီး ကောင်းကင်ကိုမျက်နှာမူကာ ပြောလိုက်သည်။

“လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်”

သူမည်သူ့ကို ရည်ညွှန်းနေကြောင်း မည်သူမှမသိပေ။ သို့သော် မျက်မမြင်ချန်ရည်ညွှန်းနေသူမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက မျက်မမြင်ချန်ကို သူ့အားရှာရန် ပြောခဲ့သောသူဖြစ်ရမည်ဟု ရီဖူရှင်းတွေးမိလိုက်သည်။

မျက်မမြင်ချန်သည် ရိုးသားသူတစ်ဦးဖြစ်သည်။ ထိုလွန်ခဲ့သောနှစ်ပေါင်းများစွာကလူသည် ဤနေရာတွင်မရှိသော်လည်း သူသည် ကျေးဇူးတင်စကားဆိုလိုက်ပေသေးသည်။

“မိတ်ဆွေလေး... ဒီကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမလဲတောင် မသိတော့ပါဘူး။ ချန်ယိ အလင်းအမွေအနှစ်ကိုဆက်ခံပြီးသွားရင် သူမင်းနောက်ကိုလိုက်ပြီး မင်းကိုအမြဲကူညီပေးနေမှာပါ”

မျက်မမြင်ချန်သည် ရီဖူရှင်းကို ထပ်မံပြောလိုက်သည်။ သူ့အနီးရှိ အဓိကအင်အားစုကြီးများမှ ကျင့်ကြံသူများသည် သူ၏စကားကြောင့် အထင်ကြီးသွားကြလေသည်။ ထိုရီဖူရှင်းဆိုသူမှာ မည်သူနည်း။

ချန်ယိသည် အလင်းအမွေအနှစ်ကို ဆက်ခံပြီးလျှင် ရီဖူရှင်းကို ကူညီလိမ့်မည်ဟု မျက်မမြင်ချန်က တဲ့တိုးပြောခဲ့၏။

အကယ်၍ ချန်ယိသည် အလင်းအမွေအနှစ်ကိုဆက်ခံလိုက်လျှင် သူသည် မဟာအလင်းအင်ပါယာနှင့် ရှေးခေတ်မှ အလင်းနတ်ဘုရားတို့၏ဆက်ခံသူဖြစ်နိုင်ပေသည်။

ထိုကဲ့သို့သော ကျင့်ကြံသူက ရီဖူရှင်းကို ကူညီမည်လော။ သူ့အား မည်မျှကူညီမည်နည်း။

သို့သော် ထိုအချိန်တွင် အခြားအဓိကအင်အားစုကြီးများမှ ကျင့်ကြံသူများသည် အလင်းဘုံကျောင်းအတွင်း၌ဖြစ်ပျက်ခဲ့သည်များကို သူတို့၏အကြီးအကဲများကို အသံပို့လွှတ်၍ အကြမ်းဖျင်းပြောပြလိုက်သည်။ ရုတ်တရက် သူတို့၏ရီဖူရှင်းကိုကြည့်နေသောအကြည့်များ ပြောင်းလဲသွား၏။

ရန်ဟောင်အဆင့်ရှစ်သာရှိသော သူသည် လင်းခုန်းကို အလွယ်တကူအနိုင်ယူလိုက်နိုင်သလော။

ထို့ပြင် လင်းခုန်း၏တိုက်ခိုက်မှုသည် သူ၏အပြင်ခန္ဓာကိုယ်ပင် ရွေ့သွားအောင်မလုပ်နိုင်လိုက်ဘဲ ရီဖူရှင်း၏ဖမ်းချုပ်မှုကို ပြန်ခံလိုက်ရကာ အလင်းကွန်ရက်အတွင်းသို့ ပစ်သွင်းခံခဲ့ရပေသည်။ သူသည် အလင်းကွန်ရက်အတွင်းမှာပင် သေဆုံးသွားခဲ့သည်။

ရွှီး...

ရုတ်တရက် ကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအားတစ်ခုသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပေါ်ပေါက်လာသည်။ အကြီးအကဲလင်း ကောင်းကင်ထက်သို့ပျံတက်သွား၏။ ဓားဝိညာဉ်စွမ်းအားသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ထိုနေရာအထက်တွင် လှည့်ပတ်နေ၏။ ထိုဓားဝိညာဉ်စွမ်းအားသည် နေရာတိုင်းတွင် ရှိနေပုံပေါ်လေသည်။

“သတိထား”

မျက်မမြင်ချန်သည် တစ်ခဏအတွင်းမှာပင် ရီဖူရှင်း၏ရှေ့သို့ရောက်သွား၏။ လွန်စွာတောက်ပသောအလင်းသည် သူတို့နှစ်ဦးစလုံးကို ဝန်းရံသွား၏။ ကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအားသည် သူတို့အပေါ်သို့ ကျဆင်းလာသော်လည်း ထိုအလင်းက ကာရံလိုက်သည်။ အကယ်၍ မျက်မမြင်ချန်သည် ခြေတစ်လှမ်းနောက်ကျခဲ့ပါက ထိုကြောက်မက်ဖွယ်တိုက်ခိုက်မှုသည် ရီဖူရှင်းပေါ်သို့ တိုက်ရိုက်ကျဆင်းသွားမည်ဖြစ်သည်။

ကောင်းကင်ထက်တွင် အကြီးအကဲလင်းသည် စွမ်းအားကြီးသောအဟုန်ကို သယ်ဆောင်ထား၏။ ထို့ပြင် ကောင်းကင်ထက်တွင် အကြွင်းမဲ့ဓားနယ်ပယ်တစ်ခုသည် သူ၏လောကတစ်ခုကဲ့သို့ ပေါ်ပေါက်လာသည်။

သူရီဖူရှင်းကို ကြည့်လိုက်သောအခါ သူ့မျက်လုံးအတွင်းမှ ကြောက်မက်ဖွယ်ဓားအလင်းတန်းတစ်ခု ထွက်သွား၏။ သူပြောလိုက်သည်။

“မင်းဘယ်သူပဲဖြစ်ဖြစ်... မင်း ဒီနေ့ သေရမယ်”

ထိုအသံထဲတွင် အားကောင်းသည့် သတ်ဖြတ်လိုသောအငွေ့အသက်များရှိနေသည်။ အကြီးအကဲလင်းက ရီဖူရှင်းကိုသတ်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ လင်းခုန်း၏သေခြင်းကြောင့်သာမဟုတ်ဘဲ ရီဖူရှင်းသည် သူတို့ကြာရှည်စောင့်မျှော်ခဲ့ရသော မျှော်လင့်ချက်များနှင့် အိပ်မက်များကို ဖျက်စီးခဲ့သူတစ်ဦးဖြစ်၍လည်း ပါပေသည်။

အခြားကျင့်ကြံသူသုံးဦးသည်လည်း လေထဲသို့ ပျံတက်သွားကြသည်။ သူတို့၏အကြည့်များသည် မျက်မမြင်ချန်နှင့် ရီဖူရှင်းတို့ပေါ်၌သာ ကျရောက်နေသည်။ သူတို့သည် ကြောက်မက်ဖွယ်အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြပြီး အစောကတိုက်ပွဲကို ဆက်လိုနေကြသည်။

ရီဖူရှင်း အတန်ငယ်မျက်မှောင်ကြုတ်လိုက်သည်။ ထိုကျင့်ကြံသူလေးဦးထံမှ အရှိန်အဝါများသည် တစ်ချိန်တည်း ထွက်ပေါ်လာပြီး ထိုကျယ်ပြန့်သောနေရာကို လွှမ်းခြုံသွားလေသည်။ သူသည် ထိုတိုက်ပွဲအတွက် မဟာအင်ပါယာရှန်းကျား၏ခန္ဓာကိုယ်ကို အသုံးပြုရတော့မည့်ပုံပင်။

“မိတ်ဆွေလေး... ငါ့အတွက် ချန်ယိကို စောင့်ရှောက်ပေးပါ။ ငါ့မှာ တခြားလုပ်စရာရှိသေးတယ်”

မျက်မမြင်ချန်က ပြောလိုက်သည်။

သူ၏အသံသည် လွန်စွာတည်ငြိမ်နေပြီး ပျော်ရွှင်မှု‌၊ ဝမ်းနည်းမှုများ မပါပေ။ သူသည် ရိုးရှင်းသောအချက်တစ်ခုကို ပြောနေသကဲ့သို့ပင်။ သို့သော် ရီဖူရှင်းသည် ထိုစကားလုံးများအတွင်းရှိ အဓိပ္ပာယ်များကို နားလည်လိုက်သည်။ သူစပြောလိုက်၏။

“ဘိုးဘိုး... ဘိုးဘိုး အဲ့လိုလုပ်စရာ...”

သူစကားမဆုံးသေးခင်မှာပင် မျက်မမြင်ချန်သည် ကောင်းကင်ထက်သို့ရောက်နေပြီဖြစ်သည်။ သူပြန်ပြောလိုက်၏။

“မိတ်ဆွေလေး... ကောင်းကင်လျှို့ဝှက်ချက်က ပေါ်သွားပြီ... ငါ့ကိုလောကကြီးထဲမှာ ထပ်မြင်ရတော့မှာ မဟုတ်ဘူး။ ငါက အလင်းတမန်တော်ပါ... ပြီးတော့ အခုအလင်းပေါ်လာခဲ့ပြီ... လောကထဲက ဘယ်အရာကမှ ငါ့ကိုမတားဆီးနိုင်တော့ဘူး”

“မျက်စိဖွင့်”

နှစ်ပေါင်းများစွာ မျက်စိကန်းနေခဲ့သော မျက်မမြင်ချန်သည် ထိုသို့ပြောပြီးနောက် သူ၏မျက်လုံးများကို ဖွင့်လိုက်လေတော့သည်။

All Chapters