← Chapters

သေခြင်း၏အကြောင်းတရား

Vol. 170 Ch. 2425

သေခြင်း၏အကြောင်းတရား

Vol. 170 Ch. 2425

မျက်မမြင်ချန် မျက်လုံးဖွင့်လိုက်သည့်အခိုက်တွင် ထိုနေရာရှိ လူများသည် သူတို့၏မျက်လုံးများကို မှိတ်လိုက်ကြသည်။ တောက်ပသောအလင်းသည် သူတို့၏မျက်လုံးများကို နာကျင်၊ ကျိန်းစပ်နေစေလေသည်။ အထူးသဖြင့် အဓိကအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် ထိုဒဏ်ကိုပို၍ခံရပေသည်။ သူတို့ထဲမှအချို့သည် မျက်လုံးများမှ သွေးများစီးကျလာကြသည်။ ထိုမြင်ကွင်းသည် ကြောက်မက်ဖွယ်ပင်။

ရီဖူရှင်း၏မျက်လုံးများမှာ ပွင့်နေဆဲဖြစ်သည်။ မျက်လုံးများအတန်ငယ်နာကျင်သော်လည်း သူဆက်၍ကြည့်နေသည်။ မျက်မမြင်ချန်သည် အလင်းအဖြစ်ပြောင်းလဲသွားသကဲ့သို့ပင်။ သူ့တစ်ကိုယ်လုံးသည် လင်းလက်တောက်ပနေသည်။ သူ့တစ်ကိုယ်လုံးကို ထွင်းဖောက်မြင်နိုင်လုနီးပါးပင်။ သူသည် အလင်းဝိညာဉ်တစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး အကြီးအကဲလင်းထံသို့ အနန္တအလင်းတန်းများပစ်လွှတ်နေသည်။ သူသည် ရုတ်ခြည်းအတွင်းမှာပင် အကြီးအကဲလင်းကို အလင်းများဖြင့် ဖုံးလွှမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် အခြားကျင့်ကြံသူသုံးဦးထံသို့လည်း အလင်းများဝင်ရောက်သွားသည်။

အကြီးအကဲလင်းသည် တုန်လှုပ်သွားပြီး သူ့ကိုယ်တွင်းမှနေ၍ ကြမ်းကြုတ်သောအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး သူ၏တုနှိုင်းမဲ့ဓားဝိညာဉ်စွမ်းအား ပေါ်ပေါက်လာလေသည်။ သူ၏ခန္ဓာကိုယ်သည် ကောင်းကင်ထက်သို့ထိုးတက်သွားပြီး ဓားတစ်ချောင်းအဖြစ်ပြောင်းလဲသွားကာ လေကိုခွင်း၍ ထွက်ပြေးလိုနေသည်။ သူသည် အားကောင်းသောအန္တရာယ်အငွေ့အသက်ကို ခံစားမိခဲ့ကြောင်း ထင်ရှားပေသည်။ ထိုနေရာတွင် သူဆက်၍မနေသင့်တော့ကြောင်း သူသိလေသည်။ သူသည် အစောပိုင်းက မျက်မမြင်ချန်ပြောသည့်လေသံအတွင်း၌ ဆုံးဖြတ်ချက်ပြတ်သားမှုများပါနေသည်ကို သူကြားခဲ့ရသည်။

မျက်မမြင်ချန်သည် သူ၏အသက်ကိုစတေး၍ သူတို့လေးဦးကို အသက်ကိုနှုတ်လိုနေခြင်းပင်။ သူသည် လောကအတွင်း၌ ကြာရှည်ဆက်နေရန် ရည်ရွယ်ချက်မရှိချေ။ သူလောကအတွင်းမှထွက်ခွာမသွားခင်တွင် သူတို့ကို သူနှင့်အတူအပါခေါ်သွားလိုနေခြင်းပင်။

အကြီးအကဲလင်းသည် ကောင်းကင်ထက်သို့ အလျင်အမြန်ထိုးတက်သွားလိုက်သည်။ သို့သော် အလင်းသည် အရာအားလုံးကို လွှမ်းခြုံထားပေပြီ။ ထိုနေရာတွင် ပုံရိပ်တံလျှပ်များထွက်ပေါ်လာ၏။ သို့သော် ထိုအခိုက်တွင် ထိုပုံရိပ်တံလျှပ်များသည်ပင် အလင်းအောက်တွင် တဖြည်းဖြည်းဝေဝါးလာပြီး အလင်းစက်များအဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းတို့သည် အလင်း၏သန့်စင်ခြင်းကို ခံလိုက်ရကာ အမှုန်အမွှားများအဖြစ်ပြောင်းသွားသကဲ့သို့ပင်။

“အလင်းသန့်စင်ခြင်း... အလင်းကောင်းကင်နည်းလမ်း”

ကျန်သော ကျင့်ကြံသူသုံးဦး၏ မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်မှုများပေါ်လာလေသည်။ ထိုကောင်းကင်နည်းလမ်းကို အလင်းနတ်ဘုရားကဖန်တီးခဲ့ခြင်းဖြစ်ပြီး ထိုနည်းလမ်းသည် လောကအတွင်းရှိ အရာအားလုံးကို သန့်စင်နိုင်သည်ဟု ကောလာဟလများက ဆိုကြ၏။ ထိုနည်းလမ်းသည် လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး အလင်းနတ်ဘုရား၏ဆက်ခံသူသာ ထိုတားမြစ်ထားသောနည်းလမ်းကို သင်ယူနိုင်သည်ဟု ဆိုကြသည်။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် မျက်မမြင်ချန်သည် ထိုနည်းလမ်းကို အသုံးပြုနိုင်သနည်း။ မျက်မမြင်ချန်သည် နတ်ဘုရားများကိုလျစ်လျူရှုကာ ထိုတားမြစ်ထားသောနည်းလမ်းကို အသုံးပြုနေပုံရလေသည်။

“မဟုတ်ဘူး...”

ကောင်းကင်ထက်မှ မလိုလားသော အော်သံကြီးတစ်ခုထွက်ပေါ်လာသည်။ ကောင်းကင်ထက်တွင် ကြီးမားသောမျက်နှာကြီးတစ်ခုပေါ်ပေါက်လာသည်။ ထို့နောက် ၎င်းသည် တဖြည်းဖြည်းပျောက်ကွယ်သွားကာ အလင်းစက်၊ အလင်းပြောက်များအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်ကပ်ဘေးကိုကျော်လွှားရှင်သန်နိုင်ခဲ့သော စွမ်းအားကြီးသည့် အကြီးအကဲလင်းသည်ပင် အတွေးတစ်ချက်ဖြင့် အသတ်ခံလိုက်ရပြီး အစအနပင် မကျန်ခဲ့ချေ။

ကျန်သုံးဦးသည် တစ်စုံတစ်ခုမူမမှန်ကြောင်း သတိပြုမိသွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်ချိန်တွင် အလင်းသည် ကောင်းကင်နှင့် ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီဖြစ်သည်။ ကောင်းကင်ထက်တွင် မျက်မမြင်ချန်၏အရိပ်မှ ပြောင်းလဲသွားသော နောက်ထပ်ဝိညာဉ်တစ်ကောင်ပေါ်လာလေသည်။ မျက်မမြင်ချန်သည် ယခုတွင် နတ်တစ်ပါးအဖြစ်ပြောင်းလဲသွားသည်ဟုထင်ရပြီး အလင်းများသည် နေရာတစ်ခုလုံးကိုဖြာကျကာ ထွက်ပြေးနေသော လူသုံးဦးကို လွှမ်းခြုံသွားသည်။

“‌ရှေ့ဖြစ်ဟောဘိုးဘိုး... ကျုပ်တို့က ဘိုးဘိုးနဲ့ ဘာရန်ငြိုး၊ရန်စမှ မရှိပါဘူး။ ဘာလို့ ကျုပ်တို့ကို ဒီလိုသေလောက်တဲ့ တိုက်ခိုက်မှုတွေကို သုံးပြီးတိုက်ရတာလဲ”

အကြီးအကဲလန်က ကျယ်လောင်စွာ အသနားခံလိုက်သည်။

“‌ရှေ့ဖြစ်ဟောဘိုးဘိုး... ကျုပ် ချန်ယိကို လက်ဖျားနဲ့တောင်ထိမှာမဟုတ်ဘူးဆိုတာ ကျိန်ရဲပါတယ်”

ယွီမိသားစု၏အကြီးအကဲက ကျယ်လောင်စွာအော်ပြောလိုက်သည်။ သူတို့၏အသံများသည် ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွား၏။ သူတို့အားလုံးသည် မျက်မမြင်ချန်က သူတို့ကိုအသက်ချမ်းသာပေးလိုပေးငြားဟူသော မျှော်လင့်ချက်ဖြင့် အသနားခံနေကြသည်။

ထိုကောင်းကင်ထက်မှ အနှိုင်းမဲ့အလင်းမျက်ဝန်းများသည် ခံစားချက်ကင်းမဲ့နေသည်။ ထိုသုံးဦး တုန်လှုပ်နေစဉ်တွင် အရာအားလုံးကို သန့်စင်ပစ်နိုင်သောအလင်းများသည် သူတို့အပေါ်သို့ တိုက်ရိုက်ကျဆင်းလာပြီး သူတို့၏ခန္ဓာကိုယ်များကို ဖုံးလွှမ်းသွားလေသည်။ သူတို့သုံးဦးသည် ဒေါသတကြီးအော်ဟစ်လိုက်သော်လည်း အချည်းနှီးသာ။ သူတို့သည် အသိစိတ်ရှိနေဆဲ၌ သူတို့၏ခန္ဓာကိုယ်များ တစ်စတစ်စပျောက်ကွယ်သွားသည်ကို ကြည့်နေကြရသည်။ သူတို့၏ခန္ဓာကိုယ်များသည် ပျောက်ကွယ်နေပေပြီ။

“မဟုတ်ဘူး....”

သူတို့အသံအတွင်းရှိ ကြောက်ရွံ့မှုများသည် ထင်ရှားနေ၏။ သူတို့သည် သူတို့၏လက်ရှိကျင့်ကြံခြင်းအဆင့်သို့ရောက်ရန် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရသည်။ သူတို့သည် ကျင့်ကြံခြင်းလောကတွင် ထိပ်ဖျားကို ရောက်လုနီးပါးဖြစ်နေပေပြီ။ မဟာအလင်းမြို့တော်၌သာမကဘဲ ကောင်းကင်ဒေသ၏ ကုန်းမြေများနှင့် အဓိကလောကကြီးများထဲတွင်ပင် သူတို့သည် ထိပ်သီးကျင့်ကြံသူများဟု ဆိုနိုင်ပေသည်။ သို့သော် သူတို့သည် ထိုကဲ့သို့ သေဆုံးသွားရတော့မည်လော။

အလင်းကောင်းကင်နည်းလမ်း၏ အလင်းသန့်စင်ခြင်းသည် ကျဆင်းလာပြီး ထိုသုံးဦးကို တဖြည်းဖြည်း ထွင်းဖောက်မြင်နိုင်လာလေသည်။ မကြာမီမှာပင် ထိုထိပ်သီးကျင့်ကြံသူသုံးဦးသည် လောကအတွင်းမှ ပျောက်ကွယ်သွားလေတော့သည်။ သူတို့သည် အလင်း၏တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲသွားသည့်ပုံပင်။

ထိုအခိုက်တွင် မဟာအလင်းမြို့တော်၏ ထိပ်သီးကျင့်ကြံသူလေးဦးသည် အသတ်ခံလိုက်ရပေပြီ။ သူတို့အားလုံးသည် မျက်မမြင်ချန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။

မဟာအလင်းမြို့တော်မှ ကျင့်ကြံသူအများအပြားသည် ထိုနေရာဘက်သို့ကြည့်နေကြပြီး လူများထပ်မံ စုဝေးလာသည်။ သူတို့သည် ကောင်းကင်ထက်ရှိ မှုန်ဝါးဝါးပုံရိပ်ကို ကြည့်လိုက်သည်။ ထိုပုံရိပ်သည် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ထိုသူသည် မကြာသေးခင်ကပင် တုတ်ကောက်ကိုအားပြု၍လျှောက်နေရသော မျက်မမြင်ချန်ဟု မည်သူထင်မည်နည်း။

အဓိကအင်အားစုကြီးလေးစုမှ လူများသည် အတန်ငယ် မှင်တက်နေသည်။ သူတို့သည် အိပ်မက်တစ်ခုအတွင်း ရောက်နေသကဲ့သို့ခံစားနေရသည်။ ကျင့်ကြံခြင်းနှင့်ပတ်သတ်၍ တစ်ခုမှသိပုံမရသည့် ထိုခါးကုန်းကုန်းဖြင့် မျက်မမြင်ကြီးသည် သူတို့၏အကြီးအကဲများကို သတ်ပစ်လိုက်ပေပြီ။ ယခင်က မျက်မမြင်ချန်သည် မည်သည့်အရည်အချင်းမှမရှိသည့် လူလိမ်တစ်ဦးဟုပင် သူတို့သံသယဝင်ခဲ့မိကြသည်။ ယခုတွင် သူတို့၏ထိုအတွေးသည် မည်မျှရယ်စရာကောင်းကြောင်း သူတို့သိခဲ့ရပေပြီ။

သို့သော် ထိုအခိုက်တွင် မျက်မမြင်ချန်၏ပုံရိပ်သည် ပို၍ပင်ဝေဝါးလာပုံပေါ်လေသည်။ ကောင်းကင်အထက်ရှိ ဝိညာဉ်ပုံရိပ်သည် ခေါင်းပင်မလှည့်နိုင်‌တော့သည့်ဟန်ဖြင့် အောက်ရှိရီဖူရှင်းကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“မိတ်ဆွေလေး... ငါတောင်းဆိုထားတာကို မမေ့ပါနဲ့”

“ဘိုးဘိုး... အဲ့လိုလုပ်စရာမလိုပါဘူး”

ရီဖူရှင်း သက်ပြင်းချလိုက်သည်။

မျက်မမြင်ချန်၏အပြုံးသည် ပဟေဠိဆန်လေသည်။ ထို့နောက် သူ၏အကြည့်များသည် အလင်းဂိတ်တံခါးရှိရာဘက်သို့ ကျရောက်သွားသည်။ သူ၏မျက်ဝန်းများထဲတွင် ကိုင်းရှိုင်းမှုများနှင့် ထပ်မံပြည့်နှက်လာသည်။ ထို့နောက် သူ၏ပုံရိပ်သည် တဖြည်းဖြည်းပျောက်ကွယ်ကာ အလင်းအဖြစ်ပြောင်းလဲသွားလေတော့သည်။ အလင်းသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။

သူ၏ရည်ရွယ်ချက် ပြည့်ဝသွားပေပြီ။

မျက်မမြင်ချန်သည် အလင်းတမန်တော်တစ်ဦးအနေဖြင့် သူ၏တာဝန်ကို ပြီးဆုံးအောင်လုပ်ဆောင်သွားနိုင်ပြီး အလင်းဆက်ခံသူကို ရှာတွေ့ခဲ့လေသည်။ ယခုမှစ၍ သူသည် ဤလောကကြီးအတွင်း၌ ဆက်နေရန် မလိုအပ်တော့ပေ။

ရီဖူရှင်းသည် မျက်မမြင်ချန်ပျောက်ကွယ်သွားသည်ကို ကြည့်နေ၏။ သူ၏ရင်ထဲတွင် ခံစားချက်များလှိုင်းထနေလေသည်။ မျက်မမြင်ချန် ချန်ခဲ့သောနောက်ဆုံးစကားကို သူတစ်နည်းတွေးနေမိ၏။

မျက်မမြင်ချန်မတိုင်ခင်က အခြားရှေ့ဖြစ်ဟောဆရာတစ်ဦးသည် ရီဖူရှင်းကို တစ်ချက်မျှကြည့်မိလိုက်၍ သေခြင်းတရားနှင့်ရင်ဆိုင်ခဲ့ရလေသည်။

ထိုရှေ့ဖြစ်ဟောဆရာက သူသည် ကောင်းကင်လျှို့ဝှက်ချက်ကို ကြည့်လိုက်မိသည်ဟု ပြောခဲ့သည်။

မျက်မမြင်ချန်သည် သူ၏တာဝန်ပြီးဆုံးသွားသဖြင့် ဤလောကအတွင်း၌ ဆက်၍နေရန်မလိုအပ်တော့သောကြောင့်ဟု ပြောခဲ့သော်လည်း ထိုအကြောင်းသည် အစစ်အမှန်ဟုတ်လေသလော၊ တစ်ခုတည်းအကြောင်းတရားဟုတ်ပါလေသလော။ သူသာ ဆန္ဒရှိလျှင် သူ့တာဝန်ပြီးဆုံးသွားသော်လည်း ဤလောကအတွင်း၌ဆက်နေ၍ ချန်ယိကို စောင့်ရှောက်ပေးနိုင်ပေသည်။ ထိုထိပ်သီးကျင့်ကြံသူလေးဦးကို အသေခံ၍ တိုက်ခိုက်ရန် မလိုချေ။

ထိုသို့ဆိုလျှင် အခြားဖြစ်နိုင်ချေတစ်ခုရှိပေသေးသည်။ သူ့ကြောင့်ဖြစ်ရပေမည်။

မျက်မမြင်ချန်ပြောခဲ့သည်မှာ တစ်စုံတစ်ယောက်က သူ့ကိုလာရောက်ပြောခဲ့သဖြင့် ချန်ယိအား ရီဖူရှင်းကို ရှာရန်ခိုင်းခဲ့ခြင်းဖြစ်သည်ဟုပင်။ သို့ဖြစ်လျှင် ထိုကိစ္စတစ်ခုလုံးသည် သူ၏ကိုယ်ပိုင်ဇစ်မြစ်နှင့် ပတ်သတ်နေနိုင်ပေသေးသည်။

သူ၏ဇစ်မြစ်ကို သိသူသည်တိုင်း အဘယ်ကြောင့် တူညီသောကံကြမ္မာကို ကြုံတွေ့ခဲ့ရသနည်း။

ထိုကိစ္စနောက်တွင် လျှို့ဝှက်ထားသည်များ ရှိပေသေးသလော။

သူသည် ကိစ္စတစ်ခုလုံးကို အတွေးလွန်နေခြင်းပေလော။

မျက်မမြင်ချန်၏သေဆုံးမှုသည် ပဟေဠိ၏အပိုင်းအစတစ်ခုသာဖြစ်သည်ဟု ရီဖူရှင်း ပြင်းစွာသံသယဖြစ်နေ၏။ ရီဖူရှင်းသာ ချန်ယိ အလင်းအမွေအနှစ်ကိုဆက်ခံနိုင်‌အောင် ကူညီပေးခဲ့လျှင် သူအသေခံမည်ဟု မျက်မမြင်ချန်က ကတိပေးခဲ့လေသလော။

“ဆရာ...”

ဖန်းစွင်နှင့် အခြားလူငယ်လေးများသည် အနည်းငယ် ခေါင်းရှုပ်နေကြသည်။ သူတို့သည် ရန်ဟောင်အဆင့်တွင်ရှိသောသူများဖြစ်‌သော်လည်း အပြင်တွင် တစ်ခါမှ မကျင့်ကြံခဲ့ဖူးပေ။ ဤအကြိမ်တွင် သူတို့သည် ရီဖူရှင်းနှင့်အတူ အပြင်လောကသို့လိုက်ခဲ့ခြင်းဖြစ်ပြီး သူ့တို့ပတ်ပတ်လည်ရှိ အရာအားလုံးကို ဂရုတစိုက်လေ့လာနေခဲ့ကြသည်။

ရီဖူရှင်းသည် ထိုကိစ္စများ၏သဘောသဘာဝကို ရှင်းရှင်းလင်းလင်းရှင်းပြရန် နည်းလမ်းမရှိသဖြင့် သူတို့ကို များစွာရှင်းမပြခဲ့ပေ။ မကြာခင်မှာပင် မျက်မမြင်ထျယ်နှင့် ဟွာဂျီယူတို့သည် သူ့ဘေးသို့ရောက်လာ၏။

ထိပ်သီးအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် ရီဖူရှင်းကို ကြည့်နေကြသည်။ ယခုတွင် မျက်မမြင်ချန်နှင့် မဟာအကြီးအကဲလေးဦးတို့ သေဆုံးသွားပြီဖြစ်သဖြင့် ထိပ်သီးအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများနှင့် ရီဖူရှင်းတို့အုပ်စုသာ ကျန်ခဲ့လေတော့သည်။ ယနေ့တွက် ရန်ငြိုးတစ်ခုပေါက်ဖွားလာခဲ့ပေပြီ။ သို့သော် အကြီးအကဲလေးဦးမှလွဲ၍ မည်သူမှ ရီဖူရှင်း၏ဆံပင်တစ်ချောင်းကိုပင် ထိနိုင်မည်မဟုတ်ပေ။

လင်းခုန်း၏သေဆုံးမှုသည် သူတို့၏မှတ်ဉာဏ်များအတွင်း၌ လတ်ဆတ်နေဆဲဖြစ်သည်။ သူတို့သည်ထဲတွင် ရန်ဟောင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများရှိသော်လည်း ယခုတွင် မည်သူမှ ရန်ဖူရှင်းကို မတိုက်ခိုက်ဝံ့ကြပေ။

ရီဖူရှင်းသည် လူအုပ်ကို ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် မည်သည့်အပူအပင်မှမရှိချေ။ မဟာအကြီးအကဲလေးဦးသေဆုံးသွားပြီဖြစ်သဖြင့် ထိုသူများသည် သူ့အတွက် စိုးရိမ်စရာမဟုတ်တော့ပေ။ သူသည် အကြီးအကဲများကဲ့သို့သော သူမျိုးကိုပင် ရင်ဆိုင်နိုင်ရာ အင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် သူ့အတွက် လုံးဝထည့်တွက်ရန်ပင်မလိုသည့်သူများဖြစ်ပေသည်။

“သူတို့အကုန်လုံး သေသွားပြီလား”

ထိုအခိုက်တွင် အဝေးမှနေ၍ ထူးဆန်းသောအသံဩဩတစ်ခုထွက်ပေါ်လာ၏။ ထိုအသံထဲတွင် စဉ်းလဲမှုအချို့ပါလေသည်။ ထို့နောက် လွန်စွာကြမ်းကြုတ်သောအရှိန်အဝါတစ်ခုသည် ထိုနေရာကိုလွှမ်းခြုံသွား၏။ ထိုနေရာရှိလူများသည် စိုးရိမ်သွားကြသည်။

ထိုကဲ့သို့ စွမ်းအားကြီးသောလူတစ်ဦးသည် နောက်ကွယ်တွင်ပုန်းအောင်းနေသေးသည်လော။

“ပိုသေလေ...ပိုကောင်းလေးပဲ”

အသံက ပြောလိုက်သည်။ ၎င်း၏လေသံသည် လျှို့ဝှက်ဆန်းကြယ်လေသည်။ ထို့နောက် ကောင်းကင်ထက်တွင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်‌ ပေါ်ထွက်လာလေ‌တော့သည်။

All Chapters