ထွက်ခွာခြင်း
Vol. 170 Ch. 2426
“သူကဘယ်သူလဲ”
လူအားလုံးသည် ထွက်ပေါ်လာသော အနက်ရောင်ဝတ်စုံနှင့်လူကို ကြည့်၍ အံ့အားသင့်နေသည်။ ထိုလူ၏အရှိန်အဝါသည် နက်မှောင်ကာ အေးစက်နေ၏။ သူသည် အောက်ရှိလူအုပ်ကို ကြည့်လိုက်သည်။
မဟာအလင်းမြို့တော်တွင် ထိုလူကဲ့သို့ အခြားစွမ်းအားကြီးကျင့်ကြံသူတစ်ဦးသည် သူတို့၏မျက်စိအောက်တွင်ပင် ရှိနေလေသည်။
သူသည် အလင်းဂိတ်တံခါးကိုကြည့်၍ ပြောလိုက်သည်။
“ငါဒီနေ့ကိုစောင့်နေတာ နှစ်ပေါင်းများစွာကြာပြီ... အခုတော့ အချိန်ကျလာပြီပေါ့။ အဲ့ဒါက အလင်းအမွေအနှစ်လား”
သူစကားပြောလိုက်ချိန်တွင် သူ့မျက်ဝန်းများထဲတွင် အေးစက်စက်သရော်ဟန်တစ်ခု ရှိနေလေသည်။ သူမည်သူဖြစ်ကြောင်း မည်သူမှမသိပေ။ ထိုလူသည် ယခင်က သူ့ကိုယ်သူ ဖုံးကွယ်ထားရာ မဟာအလင်းမြို့တော်မှလူများသည် သူ့ကိုသတိမပြုမိခဲ့ကြပေ။ ထိုလူသည် ထိုသို့ပုန်းအောင်းနေစဉ်အတွင်း သူ၏အစွမ်းကို တစ်ခါမှထုတ်မပြခဲ့ချေ။
ထိုကိစ္စသည် ကံဆိုးခြင်းပင်။ အဓိကအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် သူတို့ဘာသာ တိတ်တဆိတ်ကောက်ချက်ချလိုက်သည်။ ထိုလူသည် ယခုအချိန်အထိ အမှောင်ထဲတွင်သာ လှုပ်ရှားနေခဲ့ရာ သူ မဟာအလင်းမြို့တော်တွင် ရှိနေခဲ့သည်မှာ မည်မျှကြာပြီဖြစ်ကြောင်း သူတို့မသိပေ။ သူသည် မျက်မမြင်ချန်နှင့် အကြီးအကဲလေးဦး သေဆုံးသွားပြီဖြစ်သဖြင့် အကျိုးကျေးဇူးများကို လက်ဝါးကြီးအုပ်ရန် ကြံနေကြောင်း သိသာပေသည်။
ယခုတွင် ထိုကဲ့သို့သောအဆင့်တွင်ရှိသည့်သူကို မည်သူတားနိုင်မည်နည်း။
အဓိကအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် ချန်ယိအတွက် လမ်းခင်းပေးခဲ့ရသည်။ သို့သော် ယခုတွင် မျက်မမြင်ချန်၊ ချန်ယိနှင့် အခြားသူများသည် အရာအားလုံးကို ထိုအမှောင်ထဲမှလူအား လက်လွှဲပေးလိုက်နိုင်မည်လော။
အနက်ရောင်ဝတ်စုံနှင့်လူသည် အလင်းဂိတ်တံခါးမှအကြည့်လွှဲကာ ပတ်ဝန်းကျင်ရှိ လူများကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်၏။ ရုတ်တရက် မှောင်မည်းသောကောင်းကင်နံရံကြီးတစ်ခုသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပေါ်ပေါက်လာသည်။ နံရံသည် အလင်းရောင်အားလုံးကို ကွယ်သွားပြီး ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံရန် ဆက်လက်ပြန့်ကားနေသည်။
“အကြီးအကဲ...”
တစ်စုံတစ်ယောက်သည် လွန်စွာတုန်လှုပ်နေဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့ အခုထွက်သွားပါမယ်...ပြီးတော့ ဒီမှာဖြစ်ပျက်တဲ့ကိစ္စတွေထဲလည်း ဝင်နှောင့်ယှက်မှာမဟုတ်ပါဘူး။ အလင်းအမွေဆက်ခံခြင်းက ကျွန်တော်တို့နဲ့လည်း ဘာမှမဆိုင်ပါဘူး”
ထိုလူ၏မျက်နှာပေါ်တွင် လှောင်ပြောင်သည့်အရိပ်ယောင်တစ်ခု ဖြတ်သန်းသွားသည်။ သူပြောလိုက်၏။
“မင်းဘာလို့ ခဏလောက် အဲ့အတိုင်းဆက်မနေတာလဲ”
သူသည် ချန်ယိက အမှန်ပင် အလင်းကို အမွေဆက်ခံနိုင်သလောဟု သိချင်နေသည်။ အကယ်၍ သူသာ အလင်းအမွေအနှစ်ကို လုယူမည်ဆိုလျှင် မျက်မမြင်သက်သေတစ်ဦးကိုမှ ချန်ခဲ့မည်မဟုတ်ပေ။ ဤနေရာရှိလူအားလုံး သေရမည်ဖြစ်သည်။
“အဲ့လူဆီက အားကောင်းတဲ့ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေ ထွက်နေတာပဲ။ ဒီနေရာကနေ တစ်ယောက်မှ အသက်ရှင်ရက် ထွက်သွားလို့မရမှာ စိုးရိမ်တယ်”
ဟွာချင်းချင်းသည် ရီဖူရှင်းကို အသံပို့လွှတ်၍ ပြောလိုက်သည်။ သူတို့ အင်အားစုကြီးလေးစုကို အကွက်ဆင်နေစဉ်တွင် ထိုလူသည် အမှောင်ထဲမှနေ၍ အချိန်ကောင်းကိုစောင့်နေကြောင်းကို ရီဖူရှင်းသိခဲ့ပေသည်။ သူသည် အလင်းအမွေအနှစ်ကို လုယူလိုနေခြင်းပင်။ ထို့ကြောင့် သူသည် သက်သေအားလုံးကို ဖျက်စီးပစ်လိုမည်ဖြစ်သည်။ အကယ်၍ သူသာ အလင်းဘုံကျောင်း၏အမွေအနှစ်ကို ကြားဖြတ်လုယူနိုင်ပါက မည်သူ့ကိုမှ သူမည်သူဆိုသည်ကို သိသွားစေမည်မဟုတ်ပေ။ ထိုလူ၏ လျှို့ဝှက်ကြံစည်တတ်သောဦးနှောက်သည် ကြောက်စရာကောင်းလောက်အောင်ပင် တွက်ချက်နိုင်ပေသည်။
အနက်ရောင်ဝတ်စုံနှင့်လူသည် ရီဖူရှင်း၏အကြည့်ကို အာရုံရသွားသည့်အလား ရီဖူရှင်းကို ငုံ့ကြည့်ကာပြောလိုက်သည်။
“ငါ မင်းအကြောင်းကို နည်းနည်းစိတ်ဝင်စားနေတယ်။ မင်းကဘယ်သူလဲ”
“ကျွန်တော်က သာမန်ကျင့်ကြံသူလေးပါ”
ရီဖူရှင်း ပြန်ဖြေလိုက်သည်။
“အကြီးအကဲရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်ဒေသမှာ မထင်မရှားတော့မဟုတ်လောက်ဘူး”
“ငါ့ကို သိတဲ့သူသိပ်မရှိဘူး”
ဝတ်စုံနက်နှင့်လူက ပြောလိုက်သည်။
“မျက်မမြင်ချန်က ဖိတ်ခေါ်ခဲ့တဲ့လူက ဘယ်လိုလုပ် သာမန်လူတစ်ယောက်ဖြစ်မှာလဲ။ မင်းက မှန်မှန်ကန်ကန် မဖြေဘူးပဲ။ ငါမင်းကို မှန်မှန်ဖြေလာအောင် လုပ်ပေးရမှာလား”
ရီဖူရှင်း ပြန်ဖြေလိုက်သည်။
“အင်း... အကြီးအကဲသိချင်တယ်ဆိုရင်တော့ ကျွန်တော် သေသေချာချာ၊ ရှင်းရှင်းလင်းလင်း ပြောပြဖို့ တာဝန်ရှိလာပြီပေါ့”
ရီဖူရှင်းသည် ထိုသို့ပြောလိုက်ပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ ထို့နောက် ရုတ်တရက် သူ့ရှေ့တွင် ခန္ဓာကိုယ်တစ်ခုပေါ်လာသည်။ ထိုခန္ဓာကိုယ်ပေါ်လာစဉ်တွင် ပတ်ဝန်းကျင်ရှိလူများသည် အားကောင်းသောဖိအားတစ်ခုကို ရုတ်ခြည်းခံစားလိုက်ရသည်။ ကောင်းကင်ထက်မှ ဝတ်စုံနက်နှင့်လူသည်လည်း ထိုခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ထို့နောက် ရီဖူရှင်း၏ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်အတွင်းမှထွက်လာပြီး အရှေ့ရှိခန္ဓာကိုယ်အတွင်းသို့ ဝင်သွားလေသည်။ ရုတ်တရက် ထိုနတ်ခန္ဓာသည် ၎င်း၏မျက်လုံးများကို ဖွင့်လိုက်လေသည်။
“မဟုတ်သေးပါဘူး”
ဝတ်စုံနက်နှင့်လူသည် ထိတ်လန့်သွား၏။ နတ်ခန္ဓာက သူ၏မျက်လုံးများကို ဖွင့်လိုက်သည့်အခိုက်တွင် ခေါင်းမော့၍ ဝတ်စုံနက်နှင့်လူကို ကြည့်လိုက်သည်။ ဝတ်စုံနက်၏မျက်လုံးများသည် စူးရှသောနာကျင်မှုကိုခံစားလိုက်ရသည်။ မဟာလမ်းစဉ်သည် အရာအားလုံးကို ဖျက်ဆီးပစ်ပစ်တော့မည်ဟု သူခံစားနေရသည်။
“ဒါက နတ်ခန္ဓာပဲ”
သူအော်ပြောလိုက်သည်။
“မင်းက မူလဘုံကလာခဲ့တာပဲ”
“အကြီးအကဲက တော်တော်လေးသိတာပဲ”
နတ်ခန္ဓာမှနေ၍ အသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် နတ်ခန္ဓာသည် လေထဲသို့ပျံတက်သွားသည်။ ကောင်းကင်နှင့် မြေကြီးအကြားတွင် ကြောက်မက်ဖွယ် နတ်အလင်းတစ်ခုပေါ်ထွက်လာသည်။
ဝတ်စုံနက်နှင့်လူသည် တုန်လှုပ်နေ၏။ မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ကျဆင်းလာပြီး မရေမတွက်နိုင်သော များပြားသောနတ်အလင်းများသည် ဓားအလင်းများအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ကိုဖုံးလွှမ်းကာ နေမင်းကို မည်းမှောင်သွားစေလေသည်။ ထိုနတ်ခန္ဓာသည် ကောင်းကင်ကို ထက်ခြမ်းခွဲတော့မည့် ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်း၏အမြန်နှုန်းသည် တွေး၍မရနိုင်အောင်ပင် မြန်ဆန်ပြီး တစ်ခဏအတွင်းမှာပင် ကောင်းကင်ကိုခုတ်ပိုင်းလိုက်လေသည်။
အောက်ရှိလူများသည် ကောင်းကင်သို့မော့ကြည့်ကာ တောက်ပသောမြင်ကွင်းကို ကြည့်နေကြသည်။ ချိပ်ပိတ်ခံထားရသောကောင်းကင်သည် ထက်ပိုင်းပြတ်သွားပြီး အပေါက်အပြဲများပေါ်လာလေတော့သည်။
ဝုန်း...
မဟာအင်ပါယာရှန်းကျား၏ခန္ဓာကိုယ်သည် ၎င်း၏နေရာသို့ ပြန်သွား၏။ ရီဖူရှင်း၏စိတ်ဝိညာဉ်သည်လည်း သူ၏ကိုယ်အတွင်းသို့ပြန်ဝင်သွားပြီး နတ်ခန္ဓာကိုပြန်သိမ်းဆည်းလိုက်သည်။ ကောင်းကင်ထက်ရှိ ဝတ်စုံနက်နှင့်လူသည် တဖြည်းဖြည်း ပို၍ လွင့်ပါးပျောက်ကွယ်လာသည်။ သူအောက်ရှိ ရီဖူရှင်းကို ငုံကြည့်လိုက်ရာ သူ၏မျက်ဝန်းများထဲတွင် တုန်လှုပ်မှုအရိပ်အယောင်တစ်ခုရှိလေသည်။
သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် သတိကြီးကြီးထား၍ ပြုမူလုပ်ကိုင်ခဲ့ကာ အခြားသူများ၏အာရုံစိုက်မှုကို မခံရစေရန် သိုသိုသိပ်သိပ်နေခဲ့သည်။ ယနေ့တွင် သူထိုကဲ့သို့သေရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
ထိုလူငယ် မူလဘုံမှရီဖူရှင်းဖြစ်ပြီး ထိုခန္ဓာကိုယ်သည် မဟာအင်ပါယာရှန်းကျား၏ခန္ဓာကိုယ်ဖြစ်သည်။
အကယ်၍ လောကအတွင်း၌ သူ့ကိုသတ်နိုင်သည့် ရန်ဟောင်အဆင့်ရှစ်ကျင့်ကြံသူတစ်ဦးရှိပါက ထိုသူသည် သူ့ရှေ့မှရီဖူရှင်းဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့် သူသည် ထိုနေရာတွင် ရှိနေသနည်း။
ဝတ်စုံနက်နှင့်လူ၏ ပုံရိပ်သည်အငွေ့ပျံသွားပြီး ကောင်းကင်ထက်မှ ပျောက်ကွယ်သွားလေတော့သည်။ သူ၏ စိတ်ဝိညာဉ်သည် ပြန့်ကျဲပျောက်ကွယ်သွားလေသည်။ သူသည် ဓားတစ်ချက်ဖြင့် အသတ်ခံလိုက်ရခြင်းပင်။
အဓိကအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကြောင့် ကြက်သေသေသွားကြသည်။ သူတို့သည် ရီဖူရှင်းကို ကြောက်လန့်တကြားကြည့်လိုက်ကြသည်။ သူသည် ထိုမျှကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့မည်သို့သိခဲ့နိုင်မည်နည်း။
အကယ်၍ မျက်မမြင်ချန် မျက်လုံးမဖွင့်ခဲ့လျှင်ပင် မဟာအကြီးအကဲလေးဦးသည် သူ့လက်ထဲတွင် သေဆုံးသွားမည်သာဖြစ်သည်။
ထိုခန္ဓာကိုယ်သည် နတ်ခန္ဓာဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ရှန်းကျင်းကုန်းမြေတွင် မဟာအင်ပါယာရှန်းကျား၏ခန္ဓာကိုယ် ထွက်ပေါ်လာပြီး ရီဖူရှင်းဟုအမည်ရသည့် လူငယ်လေးတစ်ဦးက ရရှိသွားသည်ဟု ကောလာဟလများရှိကြသည်။ ထိပ်သီးကျင့်ကြံသူအများအပြားသည် မဟာအင်ပါယာ၏နတ်ခန္ဓာနှင့် မပေါင်းစည်းနိုင်ကြပေ။ သို့သော် ထိုပါရမီရှင်လူငယ်လေးသာ မဟာအင်ပါယာ၏နတ်ခန္ဓာနှင့် ပေါင်းစည်းနိုင်ခဲ့သည်။
ထိူလူငယ်လေး၏ ပါရမီသည် အံ့ဩဖွယ်ဖြစ်သည်ဟု ဆိုကြသည်။
လူအများအပြားသည် ထိုအကြောင်းကို ကြားဖူးကြ၏။ အထူးသဖြင့် ထပ်သီးအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် ပို၍ကြားဖူးပေသည်။ မဟာအင်ပါယာ၏အမွေအနှစ်သည် လောကအတွင်းတွင် စိတ်ဝင်စားမှုများစွာခံရသောအရာဖြစ်၍ အာရုံစိုက်မှုခံရခြင်းကို ရှောင်လွှဲ၍မရနိုင်ပေ။
သူတို့ရှေ့ရှိ ခံ့ညားထည်ဝါသော ဟန်ပန်ရှိသည့် ငွေဖြူရောင်ဆံပင်နှင့်လူငယ်သည် ရီဖူရှင်းပင်။
သူကား မဟာအင်ပါယာ၏နတ်ခန္ဓာကိုရရှိသွားသောသူပင်။
မျက်မမြင်ချန်သည် သူ့ကိုလာရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်းမှာ အံ့အားသင့်ဖွယ်မရှိတော့ပေ။ မျက်မမြင်ချန်သည် ထိုအကြောင်းကို သိရှိပြီးဖြစ်နိုင်ပေသည်။
အဓိကအင်အားစုကြီးလေးစုသည် သူနှင့်တိုက်ခိုက်ခြင်ခဲ့သည်မှာ ရယ်စရာတစ်ခုကဲ့သို့ဖြစ်နေပေသည်။ အခြားသူများ၏အမြင်တွင် ထိုအပြုအမူသည် ဟာသတစ်ခုသာဖြစ်သည်။
ရီဖူရှင်းသည် ထိုသူတို့ကို စားရင်းထဲပင်မသွင်းခဲ့ချေ။
ထိုအခိုက်တွင် ရီဖူရှင်းသည် အလင်းဂိတ်တံခါးရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူသည် ထိုကျင့်ကြံသူများကို အရေးစိုက်၍ ကြည့်မနေပေ။ သူသည် ထိုသူများ ထိုနေရာတွင် ရှိခြင်း၊ မရှိခြင်းကို ဂရုမစိုက်သည့်ပုံပင်။ ထို့ကြောင့် အဓိကအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် ရှိုးတိုးရှန့်တန့်ဖြစ်သွားလေသည်။ သူတို့သည် သူ့အတွက် ထည့်စဉ်းစားရန်ပင်မလိုသော သူများဖြစ်ပုံရလေသည်။
ရီဖူရှင်းသည် တိတ်တဆိတ်စောင့်နေ၏။ သူ့အတွက် ထိုနေရာရှိကိစ္စသည် အချိန်ပေးရန်၊ အားစိုက်ထုတ်ရန်မတန်သော ကိစ္စဖြစ်သည်။ သူသည် အပြင်လူသာဖြစ်သည်။ ချန်ယိထွက်လာလျှင် သူသည် သူ့ခရီးသူဆက်ရပေမည်။
သို့သော် မျက်မမြင်ချန်နှင့်ပတ်သတ်သည့် ကိစ္စတစ်ခုလုံးသည် သူ့အတွေးထဲတွင် ရှိနေသေးပေသည်။
ထိုကိစ္စ၏နောက်ကွယ်တွင်ရှိနေသူမှာ မည်သူနည်း။ အဘယ်ကြောင့် မျက်မမြင်ချန်သည် ထိုကဲ့သို့ သူ့ကိုယ်သူ အသေခံလိုက်ရသနည်း။
မည်သူမှ သူ့ကို ထိုမေးခွန်းများ၏အဖြေများကို မပေးနိုင်ပေ။ ထိုမေးခွန်းများအတွက် အဖြေရှိနိုင်မည့်လူသည် ထိုအခိုက်တွင် ရှိမနေခြင်းဖြစ်နိုင်သလို၊ သေသွားပြီလည်းဖြစ်နိုင်ပေသည်။
ထိုကြောင့် ထိုပဟေဠိသည် အချိန်အတော်ကြာ အဖြေပေါ်လာဦးမည့်ပုံမပေါ်ချေ။
အချိန်သည် နှေးကွေးစွာကုန်ဆုံးသွား၏။ အချိန်အတော်ကြာပြီးနောက် ကြည်လင်သောအသံတစ်ခုကို ကြားလိုက်ရသည်။ အလင်းဂိတ်တံခါးတွင် အက်ကြောင်းများပေါ်လာပြီး တစ်စထက်တစ်စ အက်ကွဲလာလေတော့သည်။ အက်ကွဲနေသည့် အလင်းဂိတ်တံခါးမှနေ၍ လူတစ်ယောက်ထွက်လာသည်။ ထိုလူကို ကောင်းကင်အလင်းများက လွှမ်းခြုံထားသည်။ သူကား ချန်ယိပင်။ သူသည် ပြောင်းလဲမှုအချို့ကို ကြုံခဲ့ရပုံရပြီး သူ၏ပုံပန်းသွင်ပြင်တစ်ခုလုံးသည် ပြောင်းလဲသွားသဖြင့် သူသည် အလင်းမျိုးဆက်တစ်ဦးနှင့် ပိုတူနေပေသည်။
ရီဖူရှင်းသည် ထိုမြင်ကွင်းကို မြင်သောအခါ ချန်ယိသည် အလင်းအမွေအနှစ်ကို ဆက်ခံပြီးသွားပြီဖြစ်ကြောင်း သိသွားလေသည်။ သူအောင်မြင်ခဲ့ပေပြီ။
ချန်ယိသည် ရီဖူရှင်း၏ဘေးသို့လျှောက်သွားလိုက်ပြီး ကျေးဇူးတင်သည်စသော သူစိမ်းဆန်သည့်စကားမျိုးကို မပြောခဲ့ချေ။ သို့သော် သူ၏ရင်ထဲတွင်မူ ရီဖူရှင်းလုပ်ပေးခဲ့သောအရာအားလုံးကို မှတ်ထားလေသည်။ သူသည် လှည့်ပတ်ကြည့်လိုက်ရာ မျက်မမြင်ချန်ကို မတွေ့ပေ။ သူစိတ်ထဲမှ သက်ပြင်းချလိုက်၏။ မည်သည့်ကိစ္စများဖြစ်သွားကြောင်းကို သူသိနေသကဲ့သို့ပင်။ မျက်မမြင်ချန်သည် သူ့ကိုပြောထားခဲ့ပေသည်။
“သွားစို့”
“အင်း”
ချန်ယိခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရီဖူရှင်းတို့လူစု သူတို့ခရီးကို ဆက်လိုက်ကြလေသည်။