ဗောဓိနတ်သစ်ပင်
Vol. 170 Ch. 2427
ခေတ္တမျှကြာပြီးနောက် သင်္ဘောပျံတစ်စင်းသည် အဆုံးမဲ့ဟင်းလင်းပြင်ကိုဖြတ်၍ ပျံသန်းနေသည်။
ဟင်းလင်းပြင်သည် မှောင်မည်းနေပြီး ဆိုးဝါးသော အာကာလှိုင်းများထနေသည်။ ထိုအာကာလှိုင်းများထဲမှ အချို့သည် မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ် ဖျက်အားအရှိန်အဝါများပင် ပါလေသည်။ သင်္ဘောပျံသည် ကန္တာရခြုံပင်တစ်ခုကဲ့သို့ ဟင်းလင်းပြင်ထဲတွင် လှုပ်ခါပျံသန်းနေသည်။
“တော်တော်လေးဝေးတာပဲ”
ရီဖူရှင်းသည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ့ရှေ့တွင် အလင်းပြောက်လေးတစ်ခု မျောနေသည်။ ထိုအလင်းပြောက်လေးထဲတွင် တိကျသောတည်နေရာညွှန်းကိန်းတစ်ခုပါပြီး သူတို့ကိုလမ်းညွှန်နေသကဲ့သို့ပင်။ ထိုအရာသည် သူ၏ဆရာက သူ့အနောက်လောကသို့သွားသောခရီးတွင်လမ်းကြောင်းရှာရန် ပေးခဲ့သော ပစ္စည်းတစ်ခုဖြစ်သည်။
ထိုကဲ့သို့သောပစ္စည်းမပါလျှင် အနောက်လောကကို ရှာရန်မလွယ်ကူပေ။ သာမန်ကျင့်ကြံသူများဆိုလျှင် ထိုအဆုံးမဲ့ဟင်းလင်းပြင်ကိုဖြတ်၍ ခရီးသွားလျှင် အချိန်မရွေးသေဆုံးသွားနိုင်ပေသည်။ ရီဖူရှင်းတို့သည်ပင် ထိုဟင်းလင်းပြင်ကို ဖြတ်၍သွားနေသောလမ်းတစ်လျှောက်တွင် အန္တရာယ်ပေါင်းများစွာကြုံခဲ့ရလေသည်။
သင်္ဘောပျံ၏နောက်ပိုင်းတွင် ချန်ယိသည် တင်ပျဉ်ခွေထိုင်ကာ တိတ်တဆိတ်ကျင့်ကြံနေသည်။ သူ့ကို အလင်းများက မပြတ်ဝန်းရံထားပြီး သင်္ဘောပျံကို အလင်းပေးနေသည်။
“ဆရာ... ရှေ့ကိုကြည့်လိုက်ပါဦး”
ထိုအချိန်တွင် အော်သံတစ်ခုထွက်ပေါ်လာသည်။ အော်လိုက်သူမှာ လင်ကလေးဖြစ်သည်။ သူမသည် သူမတို့ရှေ့ရှိ ထူးခြားအံ့ဩဖွယ်မြင်ကွင်းရှိသည့် အဝေးသို့လှမ်းကြည့်နေသည်။ ထိုမြင်ကွင်းသည် တဖြည်းဖြည်းဖြင့် ထင်ရှားပြတ်သားလာသဖြင့် ၎င်း၏ခမ်းနားထည်ဝါသောပုံစံကို မြင်လာရလေသည်။
“ငါ တွေ့ပါတယ်”
ရီဖူရှင်း ခေါင်းညိတ်ပြလိုက်သည်။ သူ၏အမြင်သည် လင်ကလေးထက် များစွာပိုကောင်းပေသည်။ ထို့ကြောင့် သူသည် ထိုမြင်ကွင်းကို တွေ့ခဲ့ပြီးဖြစ်သည်။ သို့သော် အစောပိုင်းက ထိုမြင်ကွင်းသည် အတော်လေးဝေဝါးနေခဲ့၏။
အဆုံးမဲ့အမှောင်ထုဗလာနတ္ထိထဲတွင် ရွှေရောင်နတ်အလင်းတစ်ခု ထွက်ပေါ်နေသည်။ ထိုကျယ်ပြန့်သောစကြဝဠာထဲတွင် လောကသစ်ပင်ကဲ့သို့ သစ်ပင်တစ်ပင်သည် မားမားမတ်မတ်တည်ရှိနေ၏။ ထိုသစ်ပင်သည် အကိုင်း၊ အခက်၊ အရွက်များ ဝေဆာနေပြီး တောက်ပစိမ်းလန်းနေသည်။ ထိုမြင့်မားသော နတ်သစ်ပင်သည် ရွှေရောင်နတ်အလင်းတစ်ခုတောက်ပနေပြီး သူတို့ကို လမ်းညွှန်နေသကဲ့သို့ ထင်ရပေသည်။
ထိုကျယ်ပြောသောစကြဝဠာကြီးထဲရှိ ထိုလောကနတ်သစ်ပင်သည် သူတို့နှင့်အတော်လေးဝေးကွားသေးသည်ကို ရီဖူရှင်းသိ၏။ ထို့ကြောင့်သာ သူတို့သည် လောကနတ်သစ်ပင်၏ပုံစံကို မြင်နိုင်ခြင်းဖြစ်သည်။ သူတို့သာ လောကနတ်သစ်ပင်နှင့်နီးကပ်လာပါက သစ်ပင်တစ်ပင်လုံးကို မြင်ရတော့မည်မဟုတ်ဘဲ အစိတ်အပိုင်းအချို့ကိုသာ မြင်ရမည်ဖြစ်သည်။
ထိုအခြင်းအရာသည် ညဘက်တွင် ကောင်းကင်ပေါ်သို့မော့ကြည့်၍ ကြယ်တာရာများ၏ပုံစံနှင့် ကြယ်တာရာများဖွဲ့စည်းတည်ရှိနေပုံကို မြင်ရသကဲ့သို့ဖြစ်သည်။
ယခုတွင်လည်း ထိုကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော ထိုလောကနတ်သစ်ပင်သည် သူတို့နှင့်များစွာဝေးကွာနေသေးရာ သိပ်၍ကြီးသည်ဟု မထင်ရသေးပေ။ သို့သော် သူတို့နီးကပ်လာသည်နှင့် ထိုသစ်ပင်သည် အမှန်တွင် ကြီးမားသောလောကကြီးတစ်ခုဖြစ်ကြောင်း သိရှိသွားလေတော့သည်။
“ဒဏ္ဍာရီတွေကအမှန်ပဲ... အနောက်လောကက ဗောဓိသစ်ပင်တစ်ပင်ပဲ”
ဟွာချင်းချင်းက နူးညံ့စွာပြောလိုက်သည်။ သူမ၏အသံသည် နူးညံသိမ်မွေ့ပေသည်။ သူမသည် သူမအရှေ့ရှိမြင်ကွင်းကိုကြည့်ရင်း ရင်ထဲတွင် ခံစားချက်အချို့ ဖြစ်ပေါ်လာသည်။
“ပန်းပွင့်တစ်ပွင့်ချင်းစီက ကိုယ့်လောကနဲ့ကိုယ်ပဲ... ပြီးတော့ သူတို့ပြောသလိုပဲ သစ်ရွက်တစ်ရွက်ချင်းစီက ဗောဓိသစ်ပင်တစ်ပင်ပဲ”
ရီဖူရှင်း ရေရွတ်လိုက်သည်။
“ရှေးခေတ်တုန်းက ကောင်းကင်လမ်းစဉ် ပြိုကျပျက်စီးသွားတုန်းက တကယ်ပဲဘာဖြစ်ခဲ့တာလဲ”
“လောကဗောဓိသစ်ပင်က တစ်ချိန်တုန်းက ကောင်းကင်လမ်းစဉ်ရဲ့အစိတ်အပိုင်းတစ်ခုပဲ။ ကောင်းကင်လမ်းစဉ် ပြိုကျပျက်စီးသွားတုန်းက အဲ့ဒါက တစ်ဖက်ကို ပြန့်ကျဲသွားခဲ့တယ်။ နောက်တော့ လူတချို့က အနောက်လောကမှာ သူတို့ရဲ့ယုံကြည်ရာစကားတွေကို ဖြန့်ပြီးတော့ ဗောဓိနတ်သစ်ပင်ရဲ့လမ်းစဉ်ကို သက်သေပြခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ အနောက်လောကက ဗုဒ္ဓလမ်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့တယ်”
ဟွာချင်းချင်းက နူးညံ့စွာပြန်ပြောလိုက်သည်။
“ဗောဓိနတ်သစ်ပင်က အကိုင်းအခက်တွေ၊ အရွက်တွေ မရေမတွက်နိုင်အောင်ရှိတယ်။ ပြီးတော့ အရွက်တစ်ရွက်က လောကတစ်ခုပဲ... အဲ့ဒါကြောင့် လောကတွေ အများမှအများကြီးရှိတယ်”
ရီဖူရှင်းသည် ထိုအကြောင်းကို ကြားလိုက်ရသောအခါ ရင်ထဲတွင် အံ့အားသင့်သွားသည်။ သူတို့သည် ရှေ့သို့ဆက်သွားလိုက်ကြ၏။ သူတို့သည် လျင်မြန်စွာသွားနေသော်လည်း အချိန်အတော်ကြာအထိ သူတို့နှင့် ထိုသစ်ပင်၏အကြားတွင် လွန်စွာဝေးကွာသေးပုံပေါ်နေပေသည်။ သူတို့သည် သူတို့ဦးတည်ရာနှင့် နီးကပ်လာပုံမပေါ်သေးချေ။ ထို့ကြောင့် ထိုသစ်ပင်နှင့် သူတို့သည် အလွန့်အလွန်ဝေးကွာနေကြောင်း ထင်ရှားပေသည်။
သို့သော် သူတို့ရှေ့ဆက်သွားနေရာ ဗောဓိသစ်ပင်သည် သူတို့မြင်ကွင်းထဲတွင် တဖြည်းဖြည်းကြီးထွားလာလေတော့သည်။ သူတို့နီးကပ်လာလေလေ၊ သစ်ပင်သည် ပို၍ကြီးလာလေလေပင်။ တဖြည်းဖြည်းဖြင့် သူတို့သည် ဗောဓိသစ်ပင်တစ်ခုလုံးကို မမြင်ရတော့ဘဲ မရေမတွက်နိုင်အောင်များပြားသော ရွှေရောင်လောကများကိုသာ တွေ့ရလေတော့သည်။ ထိုလောကများထဲတွင် သက်ရှိအများအပြားရှိကြောင်း သူတို့ရေးတေးတေးလှမ်းမြင်နိုင်၏။
နောက်ဆုံးတွင် သူတို့သည် ဗောဓိသစ်ပင်၏အပြင်ဘက်အပိုင်းသို့ ရောက်လာလေတော့သည်။ ထိုနေရာတွင် မရေမတွက်နိုင်အောင်များပြားသော ရွှေရောင်နတ်အလင်းများလှည့်ပတ်နေသည်။ အနောက်လောက၏အပြင်ဘက်အပိုင်းတွင် ရွှေရောင်သဲရှင်တစ်ခုနှင့်တူသော အလင်းမျက်နှာပြင်တစ်ခုရှိနေ၏။ ရီဖူရှင်းသည် ထိုဗောဓိလောကကို စောင့်ကြပ်နေသော အလင်းမျက်နှာပြင်အတွင်းရှိ ဗုဒ္ဓလမ်းစဉ်၏စွမ်းအားကို အနည်းငယ်ခံစားမိနိုင်လေသည်။
“ဂရုစိုက်”
မျက်မမြင်ထျယ်သည် ထိုရွှေရောင်သဲရှင်က အန္တရာယ်ရှိနိုင်ကြောင်း ခံစားမိ၍ သတိပေးလိုက်သည်။ မဟာလမ်းစဉ်၏ အာကာလှိုင်းများသည်ပင် ၎င်း၏ကာရံမှုကို ခံလိုက်ရပြီး အတွင်းသို့ ဖောက်မဝင်နိုင်ပေ။ ထို့ကြောင့် ၎င်း၏အကာအရံသည် မည်မျှစွမ်းအားကြီးကြောင်း သိနိုင်ပေသည်။
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူ့ကို ကောင်းကင်အလင်းများဖုံးလွှမ်းသွားပြီး ထိုအလင်းများသည် သင်္ဘောပျံကိုလည်း လွှမ်းခြုံလိုက်လေသည်။ ရုတ်ခြည်းပင် သင်္ဘောပျံဘေးပတ်ပတ်လည်တွင် ဓားပုံစံသင်္ကတများပေါ်လာသည်။
ဝှီး...
သင်္ဘောပျံသည် ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး ရွှေရောင်သဲရှင်အတွင်းသို့ တိုက်ရိုက်တိုးဝင်သွားလေသည်။
ရုတ်ခြည်းပင် သင်္ဘောပျံပတ်ပတ်လည်ရှိ အကာအကွယ်များသည် ကြောက်မက်ဖွယ်အားတစ်ခု၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။ သဲရှင်သည် သူတို့၏ အကာအကွယ်အလင်းမျက်နှာပြင်ကို ဖောက်ဝင်နေပြီး သင်္ဘောပျံသည် မုန်တိုင်းအတွင်းသို့ လျင်မြန်စွာရွေ့လျားနေသည့် သဲရှင်များ၏ဆွဲခေါ်သွားခြင်းကို ခံနေရလေသည်။ ရီဖူရှင်းနှင့် အခြားသူများသည် အရာအားလုံးကို ထိန်းချုပ်၍မရနိုင်တော့ကြောင်း ခံစားနေရ၏။ သူတို့ မည်သည့်နေရာတွင်ရှိနေကြောင်းကို သူတို့မသိတော့ပေ။ သင်္ဘောပျံသည် ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် သွားနေသည်ကိုသာ သူတို့ခံစားနိုင်လေသည်။ သူတို့ကို သဲရှင်မုန်တိုင်းကြီးက ဝါးမျိုသွားသကဲ့သို့ပင်။
ရီဖူရှင်း စိတ်မလှုပ်ရှားသွားပေ။ သူ၏ခန္ဓာကိုယ်သည် အဆက်မပြတ် အထက်အောက်၊ အရှေ့အနောက် ပတ်ချာလည်နေသော်လည်း သူ၏စိတ်ကို တည်တည်ငြိမ်ငြိမ်ထားနေသည်။ သူ့ကိုယ်တွင်းရှိ လောကရှေးဟောင်းသစ်ပင်၏ အသက်ဝိညာဉ်သည်လည်း ယိမ်းထိုးနေပြီး မဟာအင်ပါယာ၏ ကောင်းကင်အလင်းသည်လည်း သူ့ဘေးတွင် လှည့်ပတ်နေသည်။ ထိုအလင်းသည် သင်္ဘောပျံတစ်ခုလုံးကို ကာကွယ်ပေးမည့် အကာအရံတစ်ခုသို့ အကြွင်းမဲ့ဓားနယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုအကာအရံကို မည်သည့်နည်းလမ်းမျိုးနှင့်မှ မထွင်းဖောက်နိုင်ပေ။ သူတို့ကို ပတ်ချာလည်နေစေသည့် ကြောက်မက်ဖွယ်တိုက်ခိုက်မှုသည်လည်း ၎င်းအကာအရံကို မထွင်းဖောက်နိုင်ပေ။
“ဆရာ...”
လင်ကလေးက အော်ခေါ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်သည် အဆက်မပြတ် ပတ်ချာလည်ယမ်းနေသည်။ သူမသည် သဲရှင်မုန်တိုင်းအတွင်းသို့ရောက်နေသဖြင့် ကြောက်စိတ်မွှန်လုနီးပါးဖြစ်နေပုံရလေသည်။
“ဘာမှမဖြစ်ပါဘူး”
ရီဖူရှင်း ပြန်ပြောလိုက်သည်။ ရုတ်တရက် လင်ကလေး၏မျက်နှာပေါ်တွင် အပြုံးကလေးတစ်ပွင့် ပေါ်လာသည်။ သူမ၏ဆရာထံမှ ရိုးရှင်းသောတုံ့ပြန်မှုတစ်ခုသည် သူမကို စိတ်အေးသွားစေလေသည်။ သူမတို့သည် ထိုအခြေအနေမှ အကောင်းအတိုင်းလွတ်မြောက်နိုင်မည်ဟု သူမယုံကြည်သွားသည်။
သဲရှင်မုန်တိုင်းအတွင်း၌ အချိန်မည်မျှကြာသွားသည်မသိပေ။ နောက်ဆုံးတွင် ရီဖူရှင်းတို့သည် အပြင်သို့ ပစ်ထုတ်ခြင်းခံလိုက်ရသည်။ သင်္ဘောပျံသည် ပြန်လည်တည်ငြိမ်သွားပြီး သူတို့သည် ကောင်းကင်ကိုဖြတ်ကာ ဆက်လက်ခရီးသွားနေလေသည်။ သူတို့သည် အပြင်နယ်မြေတွင်မဟုတ်တော့ဘဲ အတွင်းလောကအတွင်းသို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
“ကုန်းမြေ...”
သူတို့ငုံ့ကြည့်လိုက်ရာ ကုန်းမြေကိုမြင်လိုက်ရ၏။ ထိုကုန်းမြေပေါ်တွင် ကျင့်ကြံခြင်းအဆင့်အမျိုးမျိုးရှိသော ကျင့်ကြံသူများ နေထိုင်နေကြသည်။
“အနောက်လောကက ဒီမှာပဲ”
ရီဖူရှင်း တီးတိုးရေရွတ်လိုက်သည်။ ချန်ယိ မျက်လုံးများ ဖွင့်လိုက်၏။
“ကျွန်မတို့ ဗောဓိသစ်ပင်ရဲ့ သစ်ရွက်တစ်ရွက်ထဲကို ရောက်သွားပုံပဲ”
ဟွာချင်းချင်းက တီးတိုးပြောလိုက်သည်။ ရီဖူရှင်းသည်လည်း လက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုဗောဓိနတ်သစ်ပင်သည် အနောက်လောကတစ်ခုလုံးနှင့် ဆက်စပ်နေပြီး ၎င်း၏ များပြားသော အကိုင်းအခက်များနှင့် အရွက်များတွင် ကိုယ်ပိုင်လောကတစ်ခုစီရှိပေသည်။
သူတို့သည် ထိုနေရာသို့ သဲရှင်မုန်တိုင်းနှင့်အတူ ပါလာခြင်းပင်။ ထိုလောကသည် ဗောဓိနတ်သစ်ပင်၏ သစ်ရွက်တစ်ရွက်အတွင်းမှ လောကတစ်ခုဖြစ်နိုင်ချေရှိပေသည်။
“ဘာလို့ ဒီမှာ ဘုန်းတော်ကြီးတွေ အများကြီးရှိမနေရတာလဲ”
ဖန်းစွင်သည် အောက်ရှိကုန်းမြေကိုငုံ့ကြည့်၍ မေးလိုက်သည်။ ထိုကုန်းမြေပေါ်တွင် ဘုန်းတော်ကြီးများကို သိပ်မမြင်ရပေ။
“အနောက်လောကရဲ့ ဗုဒ္ဓလမ်းစဉ်က အမြင့်မြတ်ဆုံးလမ်းစဉ်တစ်ခုပဲ... ဒါပေမဲ့ ဒါက လူသားလောကတစ်ခုပဲလေ။ ဘယ်လိုလုပ် လူတိုင်းကတော့ ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံနေမှာလဲ။ သူတို့အများစုက တခြားလမ်းစဉ်တစ်ခုကို ကျင့်ကြံကြတဲ့ ကျင့်ကြံသူတွေပဲ။ ကောင်းကင်ဒေသက ကျင့်ကြံသူတိုင်းက အရှင်ဒွန်ဟောင်လို စွမ်းရည်မျိုးရှိနိုင်ပါ့မလား”
ရီဖူရှင်းက သူ့ကို ပြန်မေးလိုက်သည်။ ဖန်းစွင် စိတ်ရှုပ်ဟန်ဖြင့် ခေါင်းကုတ်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
“အဲ့လိုပဲ ဖြစ်မှာပါ”
“ဒါပေမဲ့ ဒီက ထိပ်သီးကျင့်ကြံသူအများစုကတော့ ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံသူတွေပါပဲ”
ရီဖူရှင်းပြောလိုက်သည်။ သူတို့သည် အရှေ့ကိုကြည့်လိုက်ရာ ရွှေရောင်အဖြစ်ပြောင်းသွားသော တိမ်များကို မြင်လိုက်ရသည်။ အဝေးတွင်လည်း ရွှေရောင်နတ်တောင်တန်းများသည် လေထဲတွင် မျောနေသည်ကို တွေ့လိုက်ရလေသည်။
ထို့နောက် သူတို့သည် အသံရှည်ရှည်ဆွဲ၍ အော်မြည်လိုက်သောအသံတစ်ခုကို ကြားလိုက်ရသည်။ ကြီးမားသောမိစ္ဆာသားရဲတစ်ကောင်သည် ရွှေရောင်တိမ်တိုက်များ၊ မြူခိုးများကြားမှ အံ့အားသင့်ဖွယ်အရှိန်ဖြင့် ထွက်ပေါ်လာပြီး တိမ်တိုက်များ၊ မြူခိုးများကို ထက်ခြမ်းခွဲသွားလေသည်။ တိမ်တိုက်များ၊ မြူခိုးများ ပျံ့နှံ့သွားပြီး ထိုသားရဲသည် အော်မြည်လိုက်သည်။ ရီဖူရှင်းတို့လူစုသည် ကျရောက်လာတော့မည့်အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။ မကြာမီတွင် သူတို့သည် သူတို့ထံသို့ ပျံသန်းလာသည့် ကြီးမားသော ရွှေရောင်နတ်ငှက်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။
“ရွှေရောင်နတ်ငှက်”
ရီဖူရှင်းတို့လူစုသည် သူတို့အရှေ့သို့ကြည့်ကာ အံ့ဩတကြီးရေရွတ်လိုက်ကြ၏။ သူတို့သည် ရောက်ရုံသာရှိသေးသော်လည်း နတ်ငှက်တစ်ကောင်၏တိုက်ခိုက်မှုကို ခံရတော့ပေမည်။ ထိုအရာသည် ကြိုဆိုပွဲတစ်မျိုးပေလော။