ထိန်းချုပ်မှု
Vol. 170 Ch. 2428
ရွှေရောင်နတ်ငှက်၏ ထက်ရှသောခြေသည်းများသည် လေထုကိုစုတ်ဖြဲသွား၏။ ရွှေရောင်ခြေသည်းများသည် လေထုကိုဖြတ်သန်းလာကာ လောကထောင့်စွန်းကိုဖုံးလွှမ်းသွားသည်။ ၎င်းသည် ရီဖူရှင်းတို့လူစု စီးနင်းလာသည့် သင်္ဘောပျံကို ကုတ်ဖြဲလိုက်၏။
မျက်မမြင်ထျယ်သည် ရှေ့သို့ထွက်ကာ သူ့လက်ကိုမြှောက်၍ ရွှေရောင်နတ်တူကို ပစ်ခွင်းလိုက်သည်။ ရွှေရောင်နတ်တူသည် လေထုကိုဖြတ်သန်းသွားသည်။
ဝုန်း...
ကျယ်လောင်သောအသံကြီးတစ်ခုထွက်ပေါ်လာပြီး ခြေသည်းသည် နတ်တူနှင့် ထိခတ်သွားကာ တောက်ပသောရွှေရောင်အလင်းများပေါက်ကွဲထွက်သွားသည်။ ရွှေရောင်နတ်ငှက်သည် နောက်သို့ပျံသန်း၍ဆုတ်သွား၏။ ထို့နောက် ရွှေရောင်တိမ်တိုက်များပေါ်တွင် အခိုင်အမာနားနေလေသည်။ ၎င်း၏အတောင်ပံများကို ဖြန့်လိုက်ရာ ကောင်းကင်နှင့် နေမင်းကို ကွယ်သွားသည်။ ၎င်း၏မျက်လုံးများသည် ရန်လိုမှုများနှင့် ပြည့်နှက်နေ၏။
၎င်း၏ဦးခေါင်းသည် လူဦးခေါင်းအဖြစ်ပြောင်းလဲသွားသည်။ သူ၏မျက်လုံးများသည် ရွှေရောင်တောက်ပနေပြီး လွန်စွာစူးရှနေပေသည်။ ရီဖူရှင်းသည် ထိုမြင်ကွင်းကြောင့် သိမ်းငှက်လေးကိုပင် သတိရသွားသည်။ သိမ်းငှက်လေး၏ကျင့်ကြံခြင်းအဆင့်သည် သိပ်မမြင့်သေးသဖြင့် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်တွင် ကျင့်ကြံ၍မရသေးသည်မှာ စိတ်မကောင်းစရာပင်။ မဟုတ်လျှင် သူသည် အခြားသူများကဲ့သို့ပင် သူ၏ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်ပြီး သူတို့နှင့်အတူ စွန့်စားသွားလာနေရမည်ဖြစ်သည်။
“အပြင်လောကသားတွေ... မင်းတို့က ဘယ်လောက,ကလဲ”
ရွှေရောင်နတ်ငှက်က မေးလိုက်သည်။ ရီဖူရှင်းတို့လူစုမှာ အပြင်လောကမှလာခြင်းဖြစ်ကြောင်း သူသိပေသည်။ သူတို့သည် ဤလောကအတွင်းသို့ သဲရှင်မုန်တိုင်းနှင့်အတူပါလာကြောင်း သူသိပုံပေါ်လေသည်။
“ကျွန်တော်တို့က ကောင်းကင်ဒေသကနေပြီး အနောက်လောကကို စမ်းသပ်စရာကိစ္စလေးတွေရှိလို့ လာခဲ့တာပါ။ ကျွန်တော်တို့မှာ မကောင်းတဲ့အကြံမရှိပါဘူး”
ရီဖူရှင်းသည် ရွှေရောင်နတ်ငှက်ကို ပြန်ဖြေလိုက်သည်။ သို့သော် ထိုနတ်ငှက်သည် ရန်လိုတတ်သောသဘာဝရှိ၏။ သူ၏မျက်လုံးများသည် ခက်ထန်နေဆဲဖြစ်သည်။ သူသည် ရီဖူရှင်းတို့လူစုကို ဆက်၍ငေးကြည့်နေသည်။ ထိုမျက်ဝန်းများထဲတွင် ဆန်းကြယ်သောမာန်တစ်ခုရှိလေသည်။
“မင်းတို့က အဝေးကဧည့်သည်တွေဆိုတော့ ငါနဲ့အတူ တောင်ကိုလိုက်ခဲ့ပါ”
ရွှေရောင်နတ်ငှက်သည် ရီဖူရှင်းတို့လူစုကိုကြည့်၍ ပြောလိုက်သည်။ ထိုစကားသည် ဖိတ်ခေါ်သောစကားဖြစ်သော်လည်း သူ၏လေသံသည် အတော်လေးမာနေပေသည်။
ရီဖူရှင်းသည် အဝေးရှိ ရွှေရောင်နတ်တောင်ကို ကြည့်လိုက်သည်။ ထိုတောင်သည် ရွှေရောင်တောင်များပေါ်တွင် မျောနေသည်ဟုထင်ရပေသည်။ နတ်တောင်ပေါ်တွင် ခမ်းနားကြီးကျယ်သော ရှေးဟောင်းဘုံကျောင်းတစ်ခုရှိ၏။ ရွှေရောင်နတ်ငှက်သည် ထိုဘုံကျောင်းမှ လာခဲ့ခြင်းဖြစ်နိုင်ပေသည်။
သို့သော် ရွှေရောင်နတ်ငှက်ထံတွင် သူတို့အတွက်မကောင်းနိုင်သည့် ရည်ရွယ်ချက်များရှိကောင်း သူမြင်နိုင်၏။ သို့သော် သူတို့သည်သူစိမ်းဧည့်သည်များဖြစ်သဖြင့် ရွှေရောင်နတ်ငှက်က မည်သည့်အရာကိုမကျေမနပ်ဖြစ်ကာ သူတို့ကိုခရီးရောက်မစိုက် တိုက်ခိုက်လိုက်သည့်အကြောင်းကို မသိပေ။
“ကျွန်တော်တို့က ဒီကိုမတော်တဆရောက်လာတာပါ... ဒီလောက,က ဘယ်လောကဆိုတာလည်း မသိပါဘူး။ ကျွန်တော်တို့ရှေ့က နတ်တောင်က ဘာတောင်ပါလဲ”
ရီဖူရှင်းမေးလိုက်သည်။
“ဒီနေရာက အာရုံခြောက်ပါးကောင်းကင်ပဲ.. ပြီးတော့ အာရုံခြောက်ပါးကောင်းကင်ရဲ့ နတ်တောင်ပဲ.. အာရုံခြောက်ပါးတော်ဝင်မြေလို့ခေါ်တယ်။ မင်းတို့ရောက်လာတာက တကယ့်ကိုကံကောင်းတာပဲ... မင်းတို့ အဲ့ကိုသွားကြည့်သင့်တယ်”
ရွှေရောင်နတ်ငှက်က ပြောလိုက်သည်။
“အာရုံခြောက်ပါးကောင်းကင်...”
ရီဖူရှင်း ရေရွတ်လိုက်သည်။ သူသည် အနောက်လောကတွင်ရှိသည့် လောကများနှင့်မရင်းနှီးသေးပေ။ သူ့အနေဖြင့် စုံစမ်းရန် အချိန်လိုအပ်ပေသည်။
သို့သော် ထိုရွှေရောင်နတ်ငှက်သည် ထိုနတ်တောင်၏ တည်နေရာနှင့်အမည်ကို အတိအကျကို ပြောပြခဲ့၏။
ပို၍အရေးကြီးသည်မှာ ထိုနတ်တောင်တွင် သားရဲအင်ပါယာအထွတ်အထိပ်အဆင့်တွင် ရှိနေသည့် နတ်ငှက်တစ်ကောင် ရှိပါက ထိုနေရာတွင် ပို၍စွမ်းအားကြီးသည့်အခြားသူများလည်း ရှိနေနိုင်ပေသည်။ ကျင့်ကြံခြင်းအဆင့်အတိအကျကို မသိရသည့် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်ပြီးသူများကဲ့သို့သူများလည်း ရှိနေနိုင်ပေသည်။ ထို့ကြောင့် အလျင်စလိုပြုမူရန် မသင့်တော်ပေ။
“ မသွားတော့ပါဘူး... ကျွန်တော်တို့က အာရုံခြောက်ပါးကောင်းကင်ကို အခုမှပထမဆုံးအကြိမ်ရောက်ဖူးတာပါ။ ကျွန်တော်တို့ အခုတော့ အဆင့်နိမ့်ကမ္ဘာတွေကိုပဲ အလည်သွားလိုက်ပါမယ်။ နောက်တော့မှ နတ်တောင်ကို အလည်သွားလိုက်ပါမယ် ”
ရီဖူရှင်းသည် မပွင့်တပွင့်ပြုံး၍ ပြောလိုက်သည်။ သူသည် နတ်တောင်သို့လိုက်ခဲ့ရန် ဖိတ်ခေါ်မှုကို ပွင့်ပွင့်လင်းလင်းပင် ငြင်းလိုက်၏။
သူသည် ထိုနတ်ငှက်၏ လောကဝတ်အတုအယောင်ကို စိတ်မဝင်စားသဖြင့် ဖိတ်ခေါ်မှုကို ငြင်းလိုက်ခြင်းပင်။ အခြားသူ၏နယ်မြေအတွင်းသို့ ထိုသို့စောစီးစွာဝင်သွားရန် မည်သည့်အကြောင်းမှမရှိချေ။
ရွှေရောင်နတ်ငှက်သည် သူ၏ဖိတ်ခေါ်ချက်ကို ရီဖူရှင်းကငြင်းလိုက်သောအခါ မျက်ဝန်းများထဲတွင် စူးရှသော အေးစက်စက်အရိပ်အယောင်များ လက်သွား၏။ သူ၏အတောင်ပံများသည် ပြန့်ကားသွားပြီး ကောင်းကင်ကိုဖုံးလွှမ်းလိုက်သည်။ ထိုရွှေရောင်နတ်အတောင်ပံများသည် နှစ်ချက်၊ သုံးချက် ခတ်သွား၏။ ထို့နောက် စူးရှသောအရှိန်အဝါသည် လေထုကိုဖြတ်သန်းကာ ရီဖူရှင်းနှင့်အခြားသူများ၏ခန္ဓာကိုယ်များကို စုတ်ဖြဲလိုက်သည်။
ရီဖူရှင်းတို့လူစုကို ရွှေရောင်အလင်းက ဝန်းရံထားပြီး ရွှေရောင်နတ်ငှက်၏အတောင်ပံများသည် ပြင်းထန်စွာ ခတ်နေလေသည်။ ရုတ်ခြည်းအတွင်းမှာပင် မရေမတွက်နိုင်အောင်များပြားသော ရွှေရောင်ငှက်တောင်များသည် မိုးသီးမိုးပေါက်များကဲ့သို့ လေထုကိုဖြတ်သန်းကာ ကျဆင်းလာသည်။ ထိုရွှေရောင်ငှက်တောင်တစ်ခုစီတိုင်းသည် အထက်ရှဆုံးဓားများကဲ့သို့ ရီဖူရှင်းတို့လူစုကို သတ်ရန်ဆင်းသက်လာသည်။
မျက်မမြင်ချယ်သည် သူ၏ခေါင်းကိုအတန်ငယ်မော့လိုက်သည်။ သူ့ခန္ဓာပေါ်တွင် ရွှေရောင်နတ်အလင်းများ တောက်ပနေသည်။ သို့သော် တစ်ချိန်တည်းမှာပင် ချန်ယိသည် သူ့ကိုယ်မှနေ၍ အနန္တအလင်းကို ထုတ်လွှတ်လိုက်သည်။ အလင်းသည် သူတို့ထံပျံသန်းလာသည့် ငှက်တောင်များနှင့် ထိခတ်သွားသောအခါ ငှက်တောင်များသည် ရှေ့သို့ဆက်မတိုးနိုင်တော့ချေ။ ၎င်းတို့သည် အလင်းအောက်တွင် ရုတ်ခြည်းပျောက်ကွယ်သွားလေ၏။
ရီဖူရှင်းသည် ချန်ယိကို တစ်ချက်ကြည့်လိုက်သည်။ ချန်ယိသည် အလင်းကိုအမွေဆက်ခံပြီးနောက် သူ၏ကျင့်ကြံခြင်းအဆင့်သည် မပြောင်းလဲသွားခဲ့ပေ။ သူသည် ရန်ဟောင်အဆင့်ရှစ်တွင်သာ ရှိသေးသည်။ သို့သော် သူ၏စွမ်းအားသည် ပြောင်းလဲသွားခဲ့ပေပြီ။ သူသည် ရွှေရောင်နတ်ငှက်၏တိုက်ခိုက်မှုကို သူအမွေဆက်ခံခဲ့သော အလင်းစွမ်းအားကိုသုံး၍ ကာနိုင်ခဲ့လေသည်။
“ ငါတို့ ဘာလုပ်ကြမလဲ ”
ချန်ယိ တီးတိုးပြော၍ မည်သို့ဆက်လုပ်ရမည်ကို ရီဖူရှင်းအားမေးလိုက်သည်။ သူသည် ထိုရွှေရောင်နတ်ငှက်ကို အနိုင်ယူနိုင်မည်ဖြစ်ကြောင်း သူ့အရည်အချင်းကိုသူ ယုံကြည်မှုရှိပေသည်။ ထိုရိုးရှင်းသောမေးခွန်းက ယခုတွင် ချန်ယိခံစားနေရသည့် ယုံကြည်မှုကို ဖော်ပြနေ၏။
ကျင့်ကြံခြင်းလောကတွင် ရန်ဟောင်အဆင့်သို့ရောက်သွားသည်ဆိုသည်မှာ ပြောင်းလဲခြင်းဖြစ်ပေါ်လာပြီး သေမျိုးခန္ဓာမှ အဆင့်တက်သွားခြင်းဖြစ်သည်ဟု ဆိုလိုပေသည်။ ရွှေရောင်နတ်ငှက်သည် သဘာဝစွမ်းရည်များနှင့် မွေးဖွားလာခြင်းဖြစ်သော်လည်း သူတို့ထက် အားသာချက်မရှိပေ။ ထို့ပြင် ချန်ယိသည် ယခုတွင် အလင်းအဟာလမ်းစဉ်ခန္ဓာကို ပိုင်ဆိုင်ထားပြီဖြစ်သည်။
“ သူ့ကိုဆက်ပြီးဖိအားပေးထား..ဒါပေမဲ့ သူ့ကိုမသတ်လိုက်နဲ့ ”
ရီဖူရှင်းသည် ချန်ယိ၏ပြန်တိုက်မည့်အကြံကို မငြင်းပယ်ဘဲ ပြန်ဖြေလိုက်သည်။ ချန်ယိသည် သူ၏ကတိကိုတန်ဖိုးထား၍ သူ့ကိုကျေးဇူးပြန်ဆပ်လိုနေကြောင်း သူသိပေသည်။ ထိုအရာသည် မျက်မမြင်ချန် အလိုရှိခဲ့သောအရာပင်။ ချန်ယိသည် အလင်းကိုအမွေဆက်ခံပြီးလျှင် ရီဖူရှင်း၏ဘေးမှနေ၍ ကူညီပေးနေမည်ဖြစ်သည်။
“ ကောင်းပြီ ”
ချန်ယိ၏ခန္ဓာကိုယ်သည် လေထဲသို့မြောက်တက်သွား၏။ အလင်းသည် တောက်ပစွာလင်းလက်လာသည်။ ငှက်တောင်များအားလုံးသည် အလင်းအောက်တွင် ပျက်ဆီးပျောက်ကွယ်သွား၏။
ရွှေရောင်နတ်ငှက်၏ ရွှေရောင်မျက်လုံးများသည် ဓားသွားကဲ့သို့အေးစက်နေပြီး ချန်ယိကိုကြည့်ကာလေ့လာနေလေသည်။ ချန်ယိသည် ရန်ဟောင်အဆင့်ရှစ်ရှိသူတစ်ဦးဖြစ်ပြီး ရှားပါးသောအလင်းစွမ်းအားကိုသုံးနိုင်သည့် ပညာရှင်တစ်ဦး ဖြစ်နေပေသည်။
ဝှီး...
ရွှေရောင်နတ်ငှက်က သူ၏အတောင်များဖြင့် ရိုက်ချလိုက်ရာ ကောင်းကင်နှင့်မြေကြီးအကြားတွင် ရွှေရောင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။ အတောင်ပံများသည် လေထုကိုထက်ခြမ်းခွဲလိုက်ပြီး လေထဲတွင်မျောနေသည့် ချန်ယိထံသို့ ဦးတည်သွားသည်။
ရွှေရောင်နတ်ငှက်၏အရှိန်သည် လှုပ်ရှားသည့်အခါ၌ဖြစ်စေ၊ တိုက်ခိုက်သည့်အခါ၌ဖြစ်စေ မတွေးနိုင်လောက်အောင် မြန်ဆန်ပေသည်။ နတ်အတောင်ပံများသည် လေထုကိုရုတ်ခြည်းဖြတ်သန်းသွားရာ လေထဲတွင် ရွှေရောင်တံလျပ်များကျန်ခဲ့လေသည်။ နတ်အတောင်ပံသည် ချန်ယိအပေါ်သို့ ကျဆင်းသွား၏။ သို့သော် ချန်ယိသည်ပုံရိပ်တံလျပ်တစ်ခုသာဖြစ်နေ၏။
လေထဲတွင် အလင်းတန်းတစ်ခုပေါ်လာပြီး ရွှေရောင်နတ်ငှက်ထံသို့ ပျံသန်းသွား၏။ ၎င်းသည် အလင်းအလျင်နှင့်ဖြစ်သည်။
ဝှီး...
မုန်တိုင်းသည် ပြင်းထန်လာ၏။ ရွှေရောင်နတ်ငှက်သည် သူ၏အတောင်များကိုခတ်လိုက်ပြီး သူရှိနေရာမှ ပျောက်ကွယ်သွားသည်။ သို့သော် အလင်းသည် လျင်မြန်သောအရှိန်ဖြင့် သူ့ကိုအဆင်မပြတ်လိုက်နေ၏။ သူတို့၏လှုပ်ရှားနေမှုများကို မမြင်နိုင်ဘဲ လေထဲတွင် အရိပ်နှစ်ခုကိုသာ မြင်နိုင်ပေသည်။ သူတို့ကို သာမန်မျက်စိဖြင့် မြင်နိုင်ရန်မလွယ်ကူပေ။
ရွှေရောင်နတ်ငှက်သည် အမြန်နှုန်းတွင် ပြိုင်ဘက်ကင်းသည်ဟု ကျော်ကြား၏။ သူမည်မျှမြန်ဆန်သည်ကို တွေးကြည့်ရုံသာတတ်နိုင်ပေသည်။ သို့သော် ယနေ့တွင် သူသည် အလင်းစွမ်းအားကိုအသုံးပြုရာတွင် ပညာရှင်ဖြစ်သည့် ချန်ယိနှင့် ရင်ဆိုင်ခဲ့ရပေပြီ။
သူသည် ချန်ယိထက်မြန်အောင် မလှုပ်ရှားနိုင်ကြောင်း သိသွားသောအခါ အတောင်ပံများကို ခတ်၍ ရွှေရောင်ငှက်တောင်အများအပြားကို ပစ်လွှတ်လိုက်သည်။ ထိုတိုက်ခိုက်မှုသည် ချန်ယိကို ထိုနေရာ၊ ထိုအချိန်တွင် အပြတ်ရှင်းရန် နောက်ဆုံးကြိုးပမ်းလိုက်မှုဖြစ်သည်။
သို့သော် ထိုအခိုက်တွင် သူ၏မျက်လုံးများသည် အလင်းကိုမြင်လိုက်ရသည်။ ရုတ်ခြည်းပင် သူ၏မျက်လုံးများသည် ဓားဖြင့်အထိုးခံလိုက်ရသကဲ့သို့ စူးရှသောနာကျင်မှုကိုခံစားလိုက်ရသည်။ အလင်းစွမ်းအားသည် သူ၏ဝိညာဉ်အတွင်းသို့ တိုက်ရိုက်ထွင်းဖောက်သွားသကဲ့သို့ပင်။
ရွှေရောင်နတ်ငှက်သည် ချက်ချင်းပင် သူ၏မျက်လုံးများကိုမှတ်လိုက်ပြီး ထပ်မံ၍ မျက်လုံးမဖွင့်ဝံ့တော့ပေ။
အလင်းတန်းအများအပြားသည် သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးပေါ်သို့ ကျဆင်းလာပြီး သူ၏အသားများအတွင်းသို့ ဖောက်ဝင်သွားသည်။ ရွှေရောင်နတ်ငှက်သည် စူးစူးဝါးဝါးအော်လိုက်ပြီး လွန်စွာနာကျင်နေသကဲ့သို့ သံရှည်အော်မြည်နေသည်။ ထိုအခိုက်တွင် သူ့ရှေ့တွင်ပုံရိပ်တစ်ခုပေါ်လာပြီး အမိန့်ပေးလိုက်သည်။
“ မင်းရဲ့ မျက်လုံးတွေကိုဖွင့်လိုက်စမ်း ”
ထိုအသံတွင် မိစ္ဆာစွမ်းအားများပါလေရာ ရွှေရောင်နတ်ငှက်သည် မတတ်သာတော့ဘဲ သူ၏မျက်လုံးများကို ဖွင့်လိုက်ရလေသည်။ ထို့နောက် သူသည် အန္တရာယ်ရှိပုံပေါ်သော ကြောက်မက်ဖွယ် မျက်လုံးတစ်စုံက သူ့ကိုယ်တွင်းသို့ ထွင်းဖောက်ဝင်ရောက်လာသည်ကို မြင်လိုက်ရ၏။ သူ၏စိတ်အတွင်းသို့ ကြောက်မက်ဖွယ်စိတ်ဝိညာဉ်တစ်ခု ကျူးကျော်ဝင်ရောက်လာပြီး သူ့ကိုထိန်းချုပ်လိုက်လေတော့သည်။