← Chapters

မဟာအကြီးအကဲမော့ထျန်း

Vol. 170 Ch. 2429

မဟာအကြီးအကဲမော့ထျန်း

Vol. 170 Ch. 2429

ရွှေရောင်နတ်ငှက်သည် ရွှေရောင်တိမ်တိုက်များအကြားတွင် နားနေလေသည်။ သူ၏မျက်လုံးများအတွင်းရှိ ဝင့်ဝါမှုများနှင့် ရန်လိုမှုများသည် တဖြည်းဖြည်းပျောက်ကွယ်သွား၏။ သားရဲကို ယဉ်ပါးအောင်လုပ်ပြီးသွားပေပြီ။ သူသည် ခေါင်းငုံ့၍ ရီဖူရှင်းကို သစ္စာခံကာ “ဆရာ”ဟု နှုတ်ခွန်းဆက်လိုက်လေသည်။

ရီဖူရှင်း၏မျက်ဝန်းများအတွင်းရှိ မိစ္ဆာအလင်းသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ သူသည် ရွှေရောင်နတ်ငှက်ကို အရေးမစိုက်ဟန် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏စိတ်သည် ထိုနတ်ငှက်၏မှတ်ဉာဏ်များကို ရရှိလိုက်၏။

ထိုရွှေရောင်နတ်ငှက်၏အမည်သည် မော့ယွင်ကျီးဖြစ်သည်။ သူတို့ရှေ့ရှိ နတ်တောင်သည် အမှန်ပင် အာရုံခြောက်ပါးကောင်းကင်တွင် ကျော်ကြားသောနေရာတစ်ခုဖြစ်သည်။ ထိုတောင်သည် မော့ထျန်းတောင်ဖြစ်သည်။ ထိုတောင်ကို တည်ထောင်ခဲ့သူမှာ မော့ထျန်းနတ်‌တော်၏အရှင်သခင်ဖြစ်သည့် မဟာအကြီးအကဲမော့ထျန်းပင်။ ထိုရွှေရောင်နတ်ငှက်သည် မဟာအကြီးအကဲမော့ထျန်း၏‌တောင်မှဖြစ်၍ မော့ယွင်ကျီးဟု အမည်ပေးခံထားရခြင်းဖြစ်သည်။ မဟာအကြီးအကဲမော့ထျန်းသည် ‌မော့ယွင်ကျီးကို ကျင့်ကြံခြင်းနှင့်ပတ်သတ်၍ ကူညီပေးနေခြင်းပင်။ ထို့‌ကြောင့် သူ၏ကျင့်ကြံခြင်းအဆင့်သည် သားရဲအင်ပါယာအထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ကျင့်ကြံသူအများစုသည် သူ့ကို မယှဉ်နိုင်ပေ။

“ ဘယ်သူက ဒီလောက် ရဲတင်းတာလဲ ”

အဝေးရှိ နတ်တောင်မှနေ၍ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်၏အရောင်သည် ပြောင်းလဲသွား၏။ ရွှေရောင်တိမ်တိုက်များ လှုပ်ရှားလည်ပတ်လာပြီး မိုးထစ်ချုန်းလာသည်။ ရွှေရောင်အလင်းတန်းတစ်ခုလည်း ပျံသန်းလာ၏။ ကျင့်ကြံသူတစ်စုသည် ရီဖူရှင်းတို့လူစုရှိရာသို့ အံ့အားသင့်ဖွယ်အရှိန်ဖြင့် လာနေသည်။ ထိုကျင့်ကြံသူများသည် ရီဖူရှင်းတို့လူစုဆီသို့ ရောက်လာသောအခါ သူတို့ကို ချက်ချင်းဝန်းရံလိုက်သည်။

ကျင့်ကြံသူများသည် စွမ်းအားကြီးသော ရန်ဟောင်အဆင့်ရှိသူများဖြစ်သည်။ မော့ယွင်ကျီး၏မှတ်ဉာဏ်များအတွင်းမှ ရီဖူရှင်းရထားသော အချက်အလက်များကိုအခြေခံ၍ဆိုရလျှင် မဟာအကြီးမော့ထျန်းသည် အာရုံခြောက်ပါးကောင်းကင်တွင် လွန်စွာကျော်ကြားသောလူတစ်ယောက်ဖြစ်သည်။ သူသည် အာရုံခြောက်ပါးကောင်းကင်ရှိ ထိပ်သီးများထဲမှ တစ်ဦးဖြစ်သည်။  မဟာအကြီးအကဲမော့ထျန်းကျင့်ကြံသည့်နေရာဖြစ်သော မော့ထျန်းတောင်သည် ကြောက်မက်ဖွယ်အင်အားစုတစ်ခုလည်းဖြစ်ပေသည်။ ၎င်းသည် အာရုံခြောက်ပါးကောင်းကင်တွင် နံပါတ်တစ် အင်အားစုဖြစ်သည်။

ရောက်ရှိလာသော ကျင့်ကြံသူအုပ်စုသည် ကြောက်မက်ဖွယ်အရှိန်အဝါများရှိလေသည်။ သူတို့၏မဟာလမ်းစဉ်အရှိန်အဝါသည် ကောင်းကင်တွင် စိုးမိုးထားကာ ရီဖူရှင်းတို့လူစုကို ဝန်းရံထားသည်။

အဝေးတွင် ကြောက်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါတစ်ခုသည် ပို၍ပြင်းထန်လာသည်။ ရွှေရောင်တိမ်တိုက်များအကြားတွင် ရွှေရောင်မျက်နှာကြီးတစ်ခု ပေါ်လာ၏။ ထိုမျက်နှာသည် မော့ယွင်ကျီး၏ဆရာဟောင်းဖြစ်သည့် မဟာအကြီးအကဲမော့ထျန်း၏မျက်နှာပင်။

“ ရက်စက်လိုက်တာ ”

မဟာအကြီးအကဲမော့ထျန်းသည် မော့ယွင်ကျီးကိုကြည့်၍ ကြိမ်းဝါးလိုက်သည်။ မော့ယွင်ကျီးသည် သူ့ကိုသစ္စာဖောက်သွားပြီဖြစ်ကြောင်း သူသိလေသည်။ ရီဖူရှင်းသည် မော့ယွင်ကျီးကို မည်သို့လုပ်လိုက်ကြောင်း သူမသိပေ။ ရီဖူရှင်းသည် ထိုသားရဲကို ထိန်းချုပ်သွားနိုင်ပြီဖြစ်သည်။

“ ကျွန်‌တော်တို့က ဒီကို ပထမဆုံးအကြိမ်ရောက်ဖူးတာပါ။ ကျွန်တော်တို့က စီနီယာတို့တရားထိုင်တာကို အနှောင့်အယှက်ပေးလိုစိတ်မရှိပါဘူး... ပြီးတော့ မော့ထျန်းတောင်က ကျင့်ကြံသူတွေနဲ့လည်း မတိုက်ခိုက်ချင်ပါဘူး။ ကျွန်‌တော်တို့ မဖိတ်ခေါ်ဘဲရောက်လာတာကို စီနီယာ ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် မော့ယွင်ကျီးကို ထိန်းချုပ်ထားတာကို ဖြေပေးလို့ရပါတယ် ”

ရီဖူရှင်း ကျယ်လောင်စွာပြောလိုက်၏။ ကောင်းကင်ထက်ရှိ ရွှေရောင်မျက်နှာကြီး၏မျက်နှာထားသည် မည်သို့မှ မပြောင်းလဲသွားပေ။ ထိုမျက်နှာကြီး၏မျက်နှာထားသည် ခက်ထန်ကာ သူစိမ်းဆန်နေဆဲဖြစ်သည်။

မဟာအကြီးအကဲမော့ထျန်းသည် သူ့ဘာသာတွေးတောလိုက်သည်။

‘ ဒီလူငယ်လေးက တကယ်ပဲ မိစ္ဆာသားရဲတွေကို ထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတာပဲ။ သူက သူ့ကိုယ်သူ တော်တော်လေး ယုံကြည်မှုရှိနေတာပဲ။ သူတို့လူစုထဲက တစ်ယောက်ကလည်း အလင်းလမ်းစဉ်ကို ကျွမ်းကျင်တယ် ’

မဟာအကြီးအကဲမော့ထျန်းသည် သူ၏ ကျယ်ပြောသောဗဟုသုတများနှင့် အတွေ့အကြုံများကြောင့် ထိုလူစုသည် အပေါ်ယံမြင်ရသည်ထက် ပို၍စွမ်းအားကြီးနိုင်ကြောင်း သိလေသည်။

အဓိကအချက်မှာ ထိုလူစုသည် မော့ယွင်ကျီးကို မော့ထျန်းတောင်အပြင်ဘက်တွင် တိုက်ခိုက်ဝံ့ခြင်းဖြစ်သည်။ သူတို့သည် မော့ယွင်ကျီးကိုပင် ထိန်းချုပ်နိုင်စွမ်းရှိရာ သူတို့ထံတွင် ဝှက်ဖဲများရှိနိုင်ပေသည်။ သူတို့သည် အပေါ်ယံမြင်ရသကဲ့သို့ မရိုးရှင်းပေ။

“ မင်းတို့က ကောင်းကင်ဒေသက ကျင့်ကြံသူတွေလား ”

မဟာအကြီးအကဲမော့ထျန်းက ခပ်တည်တည်မေးလိုက်သည်။ သူတို့သည် ဒွန်ဟောင်အင်ပါယာနန်းတော်၏ အကူအညီကိုသာမရလျှင် ကောင်းကင်ဒေသမှနေ၍ ကျယ်ပြောသောဟင်းလင်းပြင်ကိုဖြတ်သန်းကာ အနောက်လောကသို့ လာရန်လွယ်ကူမည်မဟုတ်ပေ။ လူအနည်းငယ်သာ ကျယ်ပြောသောဟင်းလင်းပြင်ကိုဖြတ်၍ အခြားလောကများကို သွားလာစူးစမ်းတတ်ကြပေသည်။ ထိုသို့လုပ်ကြသူများသည်လည်း လွန်စွာစွမ်းအားကြီးသော ကျင့်ကြံသူများသာဖြစ်သည်။ ထို့ပြင် ထိုသို့လုပ်နိုင်ရန် ကျင့်ကြံသူများသည် ခိုင်မာသောဆုံးဖြတ်ချက်နှင့် စိတ်ဓာတ်ရှိရန် လိုအပ်ပေသည်။

ကောင်းကင်ဒေသနှင့် အခြားလောကအားလုံးသည် အဆုံးမဲ့ကျယ်ပြောသည်ဟု ပြောနိုင်လောက်သည်အထိ ကျယ်ပြောကြသည် မဟုတ်ပေလော။ ရဲရင့်သူများကို အခွင့်အရေးကောင်းများစွာက စောင့်ကြိုနေပေသည်။ သာမန်အားဖြင့် တစ်စုံတစ်ယောက်သည် အခြားလောကများ၏ ဓလေ့ထုံးတမ်းများကို မသိရှိလိုပါက ကျင့်ကြံခြင်းတစ်ခုတည်းအတွက်ဖြင့် အခြားလောကများကို သွားရန်မလိုအပ်ပေ။

“ ဟုတ်ပါတယ်... ကျွန်တော်တို့က ကောင်းကင်ဒေသကပါ ”

ရီဖူရှင်းသည် ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“ မင်းတို့က ဘာလို့ အ‌နောက်လောကကို လာခဲ့တာလဲ ”

မဟာအကြီးအကဲမော့ထျန်းက‌မေးလိုက်သည်။

“ ကျွန်တော့်တို့ ဒီကိုလာတာ စမ်းသပ်စရာကိစ္စလေးတွေ ရှိလို့ပါ ”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။ မဟာအကြီးအကဲမော့ထျန်း၏ ဧရာမမျက်နှာကြီးသည် သူ့ကိုစိုက်ကြည့်လိုက်သည်။ သူသည် ရီဖူရှင်း၏စကားများကို အပြည့်အဝမယုံကြောင်း သိသာပေသည်။ ရီဖူရှင်းတို့လူစု ဤနေရာသို့ရောက်လာသည်မှာ အခြားအကြောင်းများလည်းရှိနိုင်ပေ‌သေးသည်။

“ အဝေးကလာတဲ့ ဘယ်သူမဆို ဧည့်သည်တွေပဲ။ အဲ့လိုဆိုမှတော့ သူ့ကိုလွှတ်ပေးပြီး ငါနဲ့အတူ မော့ထျန်းနန်းတော်ကို လိုက်ခဲ့ပါ ”

မဟာအကြီးအကဲမော့ထျန်းကမေးလိုက်သည်။ သူနောက်လှည့်လိုက်ပြီး ထွက်သွားတော့မည့်ပုံပေါ်၏။ သို့သော် ရွှေရောင်တိမ်တိုက်များလည်ပတ်ထစ်ချုန်းသွားချိန်တွင် ရီဖူရှင်းသည် အားကောင်းသောအန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိလိုက်သည်။

“ သတိထားကြ ”

ရီဖူရှင်း‌ဘေးရှိ ချန်ယိသည်လည်း အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူထိုသို့သတိပေးပြီးပြီးချင်းမှာပင် အလင်းတန်းတစ်ခုသည် အံ့အားသင့်ဖွယ်အမြန်နှုန်းဖြင့် ဖြတ်သန်းသွားသည်။ ထိုအလင်းတန်းတောက်ပသွားသည့်အချိန်မှာပင် ဧရာမရွှေရောင်လက်ဖဝါးကြီးသည် အစောပိုင်းက ရီဖူရှင်းတို့လူစုရှိနေခဲ့သည့်နေရာကို ဖမ်းဆုပ်လိုက်သည်။ ထိုလက်ဖဝါးကြီး၏ ကြောက်မက်ဖွယ်အရှိန်အဝါသည် ထိုနေရာကို ဖိနှိပ်ပစ်လိုက်သည်။ ထိုတိုက်ခိုက်မှုသည် ရွှေရောင်တိမ်တိုက်များအကြားတွင် ပုန်းအောင်းနေသည့် မဟာအကြီးအကဲမော့ထျန်းထံမှ ဖြစ်ပုံရ၏။

အလင်းတန်းတစ်ခုသည် ပြန်ဆုတ်သွားပြီး အဝေးသို့ပျံသန်းပျောက်ကွယ်သွားသည်။ ၎င်း၏အမြန်နှုန်းသည် အံ့အားသင့်ဖွယ်ပင်။ ရီဖူရှင်းသည် မဟာအကြီးအကဲမော့ထျန်းရှိရာသို့ ကြည့်လိုက်သည်။ မဟာအကြီးအကဲမော့ထျန်းသည် လွန်ခဲ့သောနှစ်ရာကျော်က မဟာလမ်းစဉ်၏ပထမကပ်ဘေးကို ကြုံတွေ့ခဲ့ရသူဖြစ်သည်။ မော့ယွင်ကျီး၏မှတ်ဉာဏ်များအရ သူသည် လက်ရှိတွင် မဟာလမ်းစဉ်၏ဒုတိယကပ်ဘေးကို ရင်ဆိုင်ရန် အခန်းအောင်းကျင့်ကြံနေခြင်းပင်။ တစ်နည်းဆိုရလျှင် သူသည် ပထမကပ်ဘေးအဆင့်၏ အထွတ်အထိပ်သို့ရောက်နေပေပြီ။

ထိုကဲ့သို့သော စွမ်းအားကြီးသူတစ်ဦးသည် သူတို့ကို အလစ်အငိုက်တိုက်ခိုက်ခဲ့ပေသည်။ မဟာအကြီးအကဲမော့ထျန်းသည် အမှန်ပင် အသေးအဖွဲကိစ္စများ၊ ကိုယ်ကျင့်တရာများကို အလေးမထားသူဖြစ်သည်။

မဟာအကြီးအကဲမော့ထျန်း၏ ယခုအပြုအမူအရ သူသည်ရက်စက်သူတစ်ဦးဖြစ်ကြောင်း ရီဖူရှင်းပြောနိုင်ပေသည်။ သူသည် သူ့ထက်ကျင့်ကြံခြင်းအဆင့်နိမ့်သည့် ဂျူနီယာများကိုပင် အလစ်ဝင်တိုက်သည်အထိ အောက်တန်းကျပေသည်။

“ ငါက ကောင်းကောင်းမွန်မွန်နဲ့ မင်းတို့အကုန်လုံးကို ငါ့ရဲ့ဧည့်သည့်တွေအနေနဲ့ ငါရဲ့နန်းတော်ကို လိုက်ခဲ့ဖို့ ဖိတ်ခဲ့တာကို.. မင်းတို့က ဘယ်သွားနေတာလဲ... ”

ကောင်းကင်မှနေ၍ အသံတစ်ခုထွက်ပေါ်လာ၏။ ထို့နောက် ရွှေရောင်တိမ်တိုက်များသည် လည်ပတ်ထစ်ချုန်းကာ နေမင်းကိုကာရံလိုက်သည်။ တိမ်တိုက်များသည် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ကောင်းကင်တစ်ခွင်လုံးသည် ကြီးမားသောမျက်နှာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုမျက်နှာကြီးသည် မဟာအကြီးအကဲမော့ထျန်း၏မျက်နှာပင်။

လောကတစ်ခုလုံးသည် မဟာအကြီးအကဲမော့ထျန်း၏ မဟာလမ်းစဉ်နယ်ပယ်တစ်ခုဖြစ်သွားသကဲ့သို့ပင်။ ရီဖူရှင်းတို့လူစုတွင် ပြေးစရာ၊ ပုန်းစရာနေရာမရှိတော့ချေ။

ကောင်းကင်ထက်တွင် ရွှေရောင်မျက်လုံးအစုံပေါင်းများစွာ ပေါ်ပေါက်လာသည်။ ရီဖူရှင်းသည် မျက်လုံးများကို ကြည့်လိုက်သောအခါ အန္တရာယ်ရှိသော ဝါးမျိုစွမ်းအားတစ်ခုသည် သူ့အပေါ်သို့ကျရောက်လာကြောင်း ခံစားလိုက်ရသည်။

ရီဖူရှင်း မျက်မှောင်ကြုတ်သွား၏။ ထိုမဟာအကြီးအကဲသည် လွန်စွာသတိကြီးပေသည်။ ပထမဦးစွာ သူသည် သူတို့ကို အလစ်ဝင်တိုက်ခဲ့၏။ ထို့နောက် သူသည် သူတို့ကို သူ၏မဟာလမ်းစဉ်နယ်ပယ်အတွင်း၌ ပိတ်ထားလိုက်သည်။ ယခုအထိ သူတို့သည် မဟာအကြီးအကဲကို လူကိုယ်တိုင်မမြင်ရသေးပေ။ မိမိထက်ကျင့်ကြံခြင်းအဆင့်နိမ့်သူများနှင့် ရင်ဆိုင်နေရစဉ်တွင်ပင် ထိုကဲ့သို့သတိကြီးသူမျိုးသည် ရှားပါးလေသည်။

ရုတ်တရက် တုန်လှုပ်ဖွယ် ဝါးမျိုစွမ်းအားသည် အောက်သို့ဖိနှိပ်ကျဆင်းလာ၏။ မျက်လုံးများသည် ကြောက်မက်ဖွယ် ဝဲကတော့ကြီးများအဖြစ် ပြောင်းလဲသွားကာ သူတို့၏ မဟာလမ်းစဉ်အရှိန်အဝါများကို စုပ်ယူဝါးမျိုလိုက်သည်။ ဝဲကတော့ကြီးများသည် ရီဖူရှင်းတို့လူစုကို ဖြတ်သန်းသွားသောအခါ သူတို့သည် လွန်စွာမသက်မသာခံစားလိုက်ရသည်။ သူတို့၏ကိုယ်တွင်းရှိ မဟာလမ်းစဉ်စွမ်းအားများကို ခမ်းခြောက်သွားသည်အထိ စုပ်ယူခံလိုက်ရသကဲ့သို့ပင်။ ထို့ပြင် ဝဲကတော့များသည် သူတို့၏စိတ်ဝိညာဉ်များကို သူတို့၏ကိုယ်တွင်းမှ အပြင်သို့ဆွဲစုပ်ကာ ဝါးမျိုပစ်နိုင်ပုံရလေသည်။

ရီဖူရှင်း၏ မဟာလမ်းစဉ်စွမ်းအားသည် သူ့ဘေးရှိ လူအနည်းငယ်ကို ကာရံပေးထား၏။ သူ့ရှေ့တွင် မဟာအင်ပါယာရှန်းကျား၏ နတ်ခန္ဓာထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သူ၏စိတ်ဝိညာဉ်သည် သူ့ကိုယ်တွင်းမှထွက်၍ နတ်ခန္ဓာအတွင်းသို့  ဝင်ရန်ကြိုးစားလိုက်သည်။ သို့သော် သူ၏စိတ်ဝိညာဉ်သည် သူ့ကိုယ်တွင်းမှထွက်သွားချိန်တွင် မရေမတွက်နိုင်အောင်များပြားသော မျက်လုံးအစုံများသည် ကြောက်မက်ဖွယ် ဝါးမျိုစွမ်းအားကို ထုတ်လွှတ်လိုက်ကာ သူ၏စိတ်ဝိညာဉ်ကို စုပ်ယူရန် ကြိုးပမ်းလိုက်၏။

ဝုန်း...

ဟွာဂျီယူ ဝင်တိုက်ခိုက်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအားတစ်ခုသည် ရီဖူရှင်းပတ်ပတ်လည်တွင် အကာအကွယ်တစ်ခုကို ပြုလုပ်လိုက်ပြီး ဝါးမျိုစွမ်းအားကို ကာရံလိုက်သည်။ ထို့ကြောင့် ရီဖူရှင်း၏စိတ်ဝိညာဉ်သည် မဟာအင်ပါယာရှန်းကျား၏နတ်ခန္ဓာအတွင်းသို့ ချောချောမွေ့မွေ့ဝင်သွားနိုင်လေသည်။

မဟာအင်ပါယာရှန်းကျားသည် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ သူ့ထံမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ရီဖူရှင်းသည် သူတို့ကို လွှမ်းခြုံထားသည့် မဟာလမ်းစဉ်နယ်ပယ်ကို လေ့လာလိုက်သည်။ ကြောက်မက်ဖွယ်ဝါးမျိုစွမ်းအားသည် သူ၏စိတ်ဝိညာဉ်ကို စုပ်ယူနိုင်လုနီးပါးဖြစ်ခဲ့ကာ သူ မဟာအင်ပါယာရှန်းကျား၏နတ်ခန္ဓာအတွင်းသို့ ဝင်မည်ကို တားဆီးနိုင်လုနီးပါးဖြစ်ခဲ့သည်။

ကောင်းကင်ထက်ရှိ မျက်လုံးများအားလုံးသည် ရီဖူရှင်းကို ငေးကြည့်လိုက်သည်။ အသံတစ်ခု ပဲ့တင်ထွက်ပေါ်လာ၏။

“ မင်းက မဟာအင်ပါယာတစ်ပါးရဲ့ နတ်ခန္ဓာကို ပိုင်ဆိုင်ထားတာပဲ။ မင်းက ဘယ်သူလဲ ”

မဟာအကြီးအကဲမော့ထျန်းသည် ရီဖူရှင်းမှာ ထူးခြားသူတစ်ဦးဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ သူမျှော်လင့်ထားသကဲ့သို့ပင် သူ၏သတိကြီးမှုသည် အကျိုးရှိခဲ့ပေပြီ။ သူသည် အခြားလောကများမှလာသူများကို သတိကြီးကြီးထား၍ ဆက်ဆံခဲ့သည်။ အရာအားလုံးသည် ဖြစ်နိုင်ချေရှိသည်မဟုတ်ပါလော။

သူ့ရှေ့ရှိလူငယ်သည် မဟာအင်ပါယာတစ်ပါး၏နတ်ခန္ဓာကို ပိုင်ဆိုင်ထားလေသည်။ ရီဖူရှင်းသည် သူ့အတွက် အန္တရာယ်ရှိနိုင်ပေသည်။

All Chapters