← Chapters

အားလုံးကိုယ့်အကြံနှင့်ကိုယ်ရှိကြသည်

Vol. 170 Ch. 2430

အားလုံးကိုယ့်အကြံနှင့်ကိုယ်ရှိကြသည်

Vol. 170 Ch. 2430

မဟာအကြီးအကဲမော့ထျန်း၏မဟာလမ်းစဉ်နယ်ပယ်အတွင်းရှိ မ‌ရေမတွက်နိုင်အောင် များပြားသော မျက်လုံးများ၏ ဝါးမျိုစွမ်းအားသည် ပို၍ကြောက်မက်ဖွယ်ကောင်းလာသည်။ ထိုစွမ်းအားသည် ရီဖူရှင်းတို့လူစုကို လွှမ်းခြုံထားသည်။ ဟွာဂျီယူနှင့် မျက်မမြင်ထျယ်တို့သည် ဟွာချင်းချင်း၊ ဖန်းစွင်နှင့် အခြားသူများကို ကာကွယ်နေကြသည်။ သို့သော် ဝါးမျိုစွမ်းအား အားကောင်းလာသောအခါ ဟွာဂျီယူပင် ထိုစွမ်းအား၏ဖိအားကို တောင့်ခံရန် ခက်ခဲလာသည်။

သူတို့၏ခန္ဓာကိုယ်များသည် ကောင်းကင်ပေါ်သို့စုပ်ယူခြင်းခံနေရသည်။ မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ်ဝါးမျိုအလင်းသည် သူတို့၏ခန္ဓာကိုယ်များကို ဖြတ်သန်းသွားပြီး သူ့တို့ကိုဝါးမျိုရန်ကြိုးစားနေသည်။

သို့သော် ထိုအခိုက်တွင် ရီဖူရှင်း၏နတ်ခန္ဓာကိုယ်မှနေ၍ တုန်လှုပ်ဖွယ်အရှိန်အဝါများထွက်ပေါ်လာ၏။ သူ၏မဟာလမ်းစဉ်လှုပ်ရှားသွားပြီး သူသည် သူ၏နတ်စွမ်းအားကို နိုးလိုက်လေသည်။ သူ၏စွမ်းအားသည် မဟာလမ်းစဉ်အားလုံးကို ဖျက်ဆီးပစ်နိုင်သော ကြောက်မက်တုန်လှုပ်ဖွယ် အရှိန်အဝါပါလေသည်။

ရီဖူရှင်းသည် သူ၏ဝိညာဉ်စွမ်းအားကိုထုတ်လိုက်ရာ ရုတ်ခြည်းပင် ကောင်းကင်နှင့်မြေကြီးတွင် မရေမတွက်နိုင်အောင် များပြားသောဓားများပေါ်ပေါက်လာသည်။ ဓားများသည် တဝီဝီလှုပ်ရှားနေပြီး ၎င်းတို့ကို နတ်အလင်းလွှာတစ်ခုက ကာရံထားသည်။ ထိုဓားများသည် ဓားအက္ခရာများမှ ဖြစ်ပေါ်လာခြင်းပင်။

“ သွား ”

ရီဖူရှင်းသည် အထက်ရှိကောင်းကင်ကို ဝေ့ကြည့်လိုက်သည်။ ရုတ်ခြည်းအတွင်းမှာပင် နတ်ဓားများသည် အပေါ်သို့ပျံထွက်သွားကြသည်။ ၎င်းတို့သည် အကွာအဝေးကို လျစ်လျူရှုလိုက်ဟန်တူပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မဟာလမ်းစဉ်နယ်ပယ်အတွင်းသို့ ရောက်သွားကြ၏။

ဝုန်း..ဝုန်း..ဝုန်း...

မျက်လုံးများ ပေါက်ကွဲထွက်သွားပြီး အမှုန့်များအဖြစ်ပြောင်းလဲသွားသည်။ ဓားဝိညာဉ်စွမ်းအားသည် မျက်လုံးများကို ရုတ်ခြည်းထွင်းဖောက်သွားပြီး အဆက်မပြတ်ပျက်စီးသွားစေလေသည်။ ရီဖူရှင်းသည် ၎င်းတို့ကို ကိုယ်တိုင်တိုက်ခိုက်ရန်ပင် မလိုချေ။

ရီဖူရှင်းသည် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်တွင် ဆယ်စုနှစ်တစ်စုကျော် အခန်းအောင်းကျင့်ကြံပြီးနောက် သူ၏လက်ရှိဓားစွမ်းရည်သည် ယခင်ကနှင့်မနှိုင်းသာအောင် များစွာတိုးတက်လာခဲ့ပြီဖြစ်သည်။ သူသည် ကွဲပြားသောလမ်းစဉ်စည်းမျဉ်းများရှိသော ကောင်းကင်အတတ်ပညာမျိုးစုံကို ပေါင်းစည်းနိုင်ခဲ့သည်။ သူသည် မဟာအင်ပါယာရှန်ကျား၏ခန္ဓာကိုယ်ကိုလည်း ပို၍ကောင်းစွာထိန်းချုပ်နိုင်လာသည်။ ထိုကဲ့သို့ တိုးတက်မှုများက သူ့ကို မဟာလမ်းစဉ်၏ပထမကပ်‌ဘေးကို ကျော်လွှားနိုင်ခဲ့သူကို တိုက်ရိုက်သတ်ဖြတ်နိုင်စေလော၏။

ယခုတွင် ရီဖူရှင်းအသုံးပြုနေသော ဓားစွမ်းရည်မှာ သူယခင်က ဖန်တီးထားသည့် အဆင့်မြင့်တိုက်ခိုက်မှုအတတ် တဒင်္ဂစက်ဝန်းဓားဖြစ်သည်။

သို့သော် လက်ရှိတဒင်္ဂစက်ဝန်းဓားသည် ယခင်ကထက် များစွာပို၍သန်မာပေသည်။ ၎င်းကို အတွေးတစ်ချက်ဖြင့်ပင် ထုတ်သုံးနိုင်ပြီး ရီဖူရှင်းနှင့် သူ၏ပြိုင်ဘက်ကြားတွင် အကွာအဝေးမည်မျှခြားစေကာမူ ပြိုင်ဘက်ကိုရုတ်ခြည်းခုတ်ပစ်နိုင်သည်။ ရီဖူရှင်း၏ဝိညာဉ်စွမ်းအားသည် နေရာအားလုံးကို လွှမ်းခြုံထားသည်။ ဓားများသည် အချိန်မရွေးလှုပ်ရှားနိုင်၏။ ၎င်းတို့သည် ကြီးမားသော အကွာအဝေးကိုဖြတ်သန်းသွားခဲ့ရစေကာမူ ၎င်းတို့၏အရှိန်အဝါသည် အထင်ကြီးဖွယ်ကောင်းနေဆဲပင်။

ထို့နောက် ရီဖူရှင်းသည် မဟာအင်ပါယာရှန်ကျား၏ဝိညာဉ်စွမ်းအားကို ထုတ်လိုက်သည်။ တဒင်္ဂဓားစက်ဝန်း၏စွမ်းအားသည် ကြောက်မက်ဖွယ်ပင်။ အတွေးတစ်ချက်စာအတွင်းမှာပင် ၎င်းတို့သည် မဟာလမ်းစဉ်နယ်ပယ်အတွင်းရှိ မျက်လုံးများကိုထွင်းဖောက်ကာ ၎င်းတို့ကို အမှုန်များအဖြစ်ပြောင်းလဲပစ်လိုက်သည်။ ထို့ကြောင့် မဟာလမ်းစဉ်နယ်ပယ်သည် အပြင်းအထန်တုန်ခါသွားသည်။

သူ၏ဓားများပျံထွက်သွားသော်လည်း ရီဖူရှင်း မရပ်တန့်လိုက်ပေ။ ဓားဝိညာဉ်စွမ်းအားများ ပိုမိုပူးပေါင်းသွားပြီး အဆုံးမရှိ ထွက်ပေါ်လာသည်။ ဓားဝိညာဉ်စွမ်းအားသည် ကောင်းကင်ပေါ်သို့ အဆက်မပြတ်ထိုးတက်နေသည်။ ကြောက်မက်ဖွယ် ထစ်ချုန်းသံကြီးများကို ကြားနေရ၏။ မျက်လုံးအစုံမည်မျှပင်ရှိစေကာမူ ၎င်းတို့အားလုံး ဖျက်ဆီးခံလိုက်ရလေသည်။ မဟာလမ်းစဉ်နယ်ပယ်သည် ဆက်လက်တည်ရှိမနေနိုင်တော့ဘဲ ပြိုလဲပျက်စီးသွားလေတော့သည်။

လောကသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွား၏။ သို့သော် မဟာအကြီးအကဲမော့ထျန်း၏ပုံရိပ် ပေါ်မလာပေ။ ကောင်းကင်ပေါ်ရှိ ရွှေရောင်တိမ်တိုက်ပေါ်တွင် ရီဖူရှင်းကိုကြည့်နေသော ပုံရိပ်ယောင်မျက်နှာတစ်ခုသာရှိလေသည်။

“ သွား... ”

ရီဖူရှင်းသည် ခေါင်းမော့၍ ထိုပုံရိပ်ယောင်မျက်နှာကို ကြည့်လိုက်သည်။ နတ်ဓားတစ်ချောင်းသည် ကောင်းကင်ထက်သို့ထိုးတက်သွားပြီး တိမ်တိုက်ကို ရုတ်ခြည်းဖောက်ထွင်းကာ ပုံရိပ်ယောင်မျက်နှာကို ဖျက်ဆီးလိုက်သည်။ ဓားသည် ကောင်းကင်ထက်သို့ ဆက်လက်ထိုးတက်သွားပြီး လေထုကိုဖြတ်သန်းကာ အဝေးသို့ဦးတည်ပျံသန်းသွား၏။

လူများသည် သူတို့နောက်ရှိ နတ်တောင်ကိုကြည့်လိုက်ကြသည်။ ထိုဘက်ရှိ ကောင်းကင်ထက်တွင် ရွှေရောင်ဓားပုံရိပ်တစ်ခုပေါ်လာသည်။ ၎င်းသည် လေထုကိုထွင်းဖောက်ကာ ပျံသန်းနေပြီး နောက်တွင် မဟာလမ်းစဉ်၏ ထက်ရှသောအရှိန်အဝါကို ချန်ခဲ့လေသည်။

“ အဲ့ဒါက မော့ထျန်းနန်းတော်ဆီကို သွားနေတာပဲ ”

မော့ထျန်းနန်း‌တော်မှ ရန်ဟောင်အဆင့်ကျင့်ကြံသူများသည် မျက်စိပျက်၊ မျက်နှာပျက်ဖြင့် ရေရွတ်လိုက်ကြသည်။ ငွေဖြူရောင်ဆံပင်နှင့်လူငယ်သည် မဟာအင်ပါယာ၏ခန္ဓာကိုယ်ကို အသုံးပြု၍ သူ၏တိုက်ခိုက်မှုကို ထုတ်လိုက်ခြင်းပင်။ သူသည် အဝေးမှနေ၍ ဓားတစ်ချောင်းကို ပစ်လွှတ်လိုက်ပေသည်။ မဟာလမ်းစဉ်နယ်ပယ်ကို ဖျက်ဆီးလိုက်ပြီးနောက် နတ်ဓားသည် မော့ထျန်းနန်းတော်ဆီသို့ ပျံသန်းသွားနေပေပြီ။

ထိုနေရာသည် မဟာအကြီးအကဲမော့ထျန်း ကျင့်ကြံရာနေရာဖြစ်သည်။

မဟာအကြီးအကဲမော့ထျန်းသည် သူ၏ပုံစံအမှန်ကို မဖော်ပြခဲ့ကြောင်း ရီဖူရှင်း သိပေသည်။ မဟာအကြီးအကဲမော့ထျန်းသည် အဝေးမှနေ၍ သူ့ကိုတိုက်ခိုက်ခဲ့ခြင်းပင်။ သူသည် အဝေးရှိမော့ထျန်းနန်းတော်မှနေ၍ မဟာလမ်းစဉ်နယ်ပယ်တစ်ခုဖန်တီးကာ ရီဖူရှင်းကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

အာရုံခြောက်ပါးကောင်းကင်တွင် ထပ်သီးကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်သော မဟာအကြီးအကဲမော့ထျန်းသည် သတိကြီးပေသည်။ ထို့ပြင် သူ၏စွမ်းရည်သည် လွန်စွာကြောက်မက်ဖွယ်ကောင်း၏။ မဟာအကြီးအကဲမော့ထျန်းသည် သူသတ်ခဲ့ဖူးသော ကပ်ဘေးအဆင့်ကျင့်ကြံသူများထက် များစွာပို၍စွမ်းအားကြီးကြောင်း ရီဖူရှင်းသိပေသည်။

အဝေးရှိ နတ်တောင်တည်ရှိရာနေရာတွင် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ နတ်တောင်သည်ပင် အတန်ငယ်တုန်ခါသွားကြောင်း ကျင့်ကြံသူများ အာရုံခံမိလိုက်ကြသည်။ ပေါက်ကွဲမှုကြောင့် အဆောက်အဦးများ ပျက်စီးသွားသည်။ ထို့ပြင် လွန်စွာစွမ်းအားကြီးသော အရှိန်အဝါတစ်ခု ထွက်‌ပေါ်လာသည်။ ထိုအရှိန်အဝါသည် မဟာအကြီးအကဲမော့ထျန်း၏အရှိန်အဝါဖြစ်သည်။ သူသည် နတ်တောင်သို့ပျံသန်းလာသည့် ဓားကို ကိုယ်တိုင်ကာလိုက်ကြောင်း ထင်ရှားပေသည်။ မဟုတ်လျှင် ဓားသည် မော့ထျန်းနန်း‌တော်ကို ဖျက်ဆီးသွားနိုင်လေသည်။

မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာမှနေ၍ နောက်ထပ်အံ့အားသင့်ဖွယ် ဓားဝိညာဉ်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် ဓားအလင်းတန်းသည် တိမ်တိုက်များဆီသို့ ထိုးတက်ပျံသန်းသွားသည်။ ဓားဝိညာဉ်တစ်ခုတည်းဖြင့်ပင် ရွှေရောင်တိမ်တိုက်များကို ထက်ခြမ်းပိုင်းပစ်နိုင်ပေသည်။ ၎င်း၏အရှိန်အဝါသည် ကြောက်မက်ဖွယ်ပင်။

“ မိတ်ဆွေလေး.. မင်းရဲ့ တိုက်ခိုက်မှုတွေကို ရုတ်သိမ်းလိုက်ပါ ”

အဝေးရှိ မော့ထျန်းနန်းတော်မှနေ၍ အသံတစ်ခု ပဲ့တင်လာသည်။ မဟာအကြီးအကဲမော့ထျန်း စကားပြောပေပြီ။ သူ ရီဖူရှင်းကို ပြောလိုက်သည်။

“ ဒီနေ့ဖြစ်သွားတဲ့ကိစ္စတွေက နားလည်မှုလွဲတာပါ။ အဲ့အရိုင်းအစိုင်းက မင်းကို သူ့သဘောနဲ့သူ တိုက်ခိုက်ခဲ့တာပါ။ မင်း သူ့ကို အပြစ်ပေးတာ ဖြစ်သင့်ပါတယ်။ သူ့ကို ဘာလုပ်မလဲဆိုတာ ငါ မင်းကိုဆုံးဖြတ်ခွင့်ပေးပါမယ်။ မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါဝင်နှောင့်ယှက်မှာမဟုတ်ပါဘူး ”

မော့ထျန်းနန်း‌တော်မှ ကျင့်ကြံသူများသည် မဟာအကြီးအကဲမော့ထျန်း၏စကားကို ကြားလိုက်သောအခါ အတန်ငယ်အံ့အားသင့်သွားကြသည်။ သူတို့နှစ်ဖက်သည် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ သို့သော် နန်းတော်သခင်သည် တိုက်ခိုက်မှုကိုရပ်၍ ငြိမ်းချမ်းရေးယူလိုနေသည်။ ရီဖူရှင်းသည် စွမ်းအားကြီးကြောင်း ထင်ရှားပေသည်။ နန်းတော်သခင်အနေနှင့် တိုက်ခိုက်မှုကို ရပ်တန့်လိုရလောက်အောင် သူက စွမ်းအားကြီးပေသည်။

မဟုတ်လျှင် သူတို့သိသည့် မဟာအကြီးအကဲမော့ထျန်း၏အကျင့်စရိုက်အရ သူသည် ရီဖူရှင်းကို ချက်ချင်းသတ်ပစ်ကာ ရီဖူရှင်းထံမှ မဟာအင်ပါယာ၏နတ်ခန္ဓာကို လုယူလိုက်မည်ဖြစ်သည်။ မဟာအကြီးအကဲမော့ထျန်းတစ်ယောက် ငြိမ်းချမ်းရေးယူလိုရသည့် တစ်ခုတည်းသောအကြောင်းပြချက်မှာ သူသည် သူ့ပြိုင်ဘက်ကိုအနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိ၍ ဖြစ်သည်။ သူရှုံးသွားနိုင်သည်ဟုပင် ထင်နေ၍ဖြစ်သည်။

ငွေဖြူရောင်ဆံပင်နှင့်လူငယ်သည် နတ်ခန္ဓာကိုသုံး၍ ထိုကဲ့သို့စွမ်းအားကြီးသည့် တိုက်ခိုက်မှုမျိုးကို ထုတ်နိုင်ပေသည်။

ရီဖူရှင်းသည် မဟာအကြီးအကဲ၏စကားများကို ကြားသောအခါ တစ်ခဏမျှ တုံ့ဆိုင်းသွား၏။ သူဆက်၍ တိုက်ခိုက်ရ၊ မခိုက်ရကို ဒွိဟဖြစ်နေသည်။ သူသည် မဟာအကြီးအကဲမော့ထျန်း၏စကားများကို မယုံကြည်ပေ။ မဟာအကြီးအကဲမော့ထျန်းသည် ကောက်ကျစ်သည်ဟုဆိုနိုင်လောက်သည်အထိ သတိကြီး၏။ အစောပိုင်းကပင် သူသည် ရီဖူရှင်းသတိလက်လွတ်ဖြစ်သွားအောင် စကားဖြင့်လှည့်ဖျားကာ အလစ်ဝင်တိုက်ခဲ့ပေသည်။ ထိုကဲ့သို့စွမ်းအားကြီးသူတစ်ဦးသည် ထိုမျှသတိကြီး၍ အထင်သေးဖွယ်ကောင်းအောင် ပြုမူသည်ကို ရီဖူရှင်း ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ရီဖူရှင်းသည် အဘယ်သို့ သူ့ကိုယုံကြည်နိုင်မည်နည်း။

ထို့ပြင် မော့ယွင်ကျီး၏မှတ်ဉာဏ်များအရ ရီဖူရှင်းသည် မဟာအကြီးအကဲမော့ထျန်း၏အကျင့်စရိုက်ကို သိပေသည်။ မော့ယွင်ကျီးတစ်ယောက် ရီဖူရှင်းကိုတိုက်ခိုက်ကာ လုယူရန်လုပ်ခဲ့ခြင်းသည် မဟာအကြီးအကဲမော့ထျန်းထံမှ ကူးဆက်ခဲ့သောအကျင့်ဖြစ်ပေသည်။ မော့ထျန်းနန်းတော်တွင် လူကောင်းတစ်ဦးမှမရှိချေ။

မော့ထျန်းနန်းတော်မှ ကျင့်ကြံသူများသည် သူတို့၏အလိုဆန္ဒများကို မဖုံးကွယ်ထားကြပေ။

ထိုသူများအပြင် အာရုံခြောက်ပါးကောင်းကင်မှ အခြားကျင့်ကြံသူများသည်လည်း ထိုသို့သာဖြစ်သည်။ ထိုလောကသည် ဗုဒ္ဓလမ်းစဉ်လောကဟုအမည်တွင်သော်လည်း လောကအတွင်းမှလူတိုင်းသည် ဗုဒ္ဓလမ်းစဉ်ကိုလိုက်နာမည်မဟုတ်ကြောင်း ရီဖူရှင်းသိပေသည်။ သို့သော် သူသည် အာရုံခြောက်ပါးကောင်းကင်မှ ကျင့်ကြံသူများ၏ အထင်သေးဖွယ်အပြုအမူများကြောင့် အံ့အားသင့်ခဲ့ရပေသေးသည်။ ဤနေရာသည် အနောက်လောကတွင် ရီဖူရှင်းပထမဦးဆုံးရောက်လာသောနေရာဖြစ်သည်။

“ ကောင်းပါပြီ... ကျွန်တော်ကလည်း အစကတည်းက ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ပဲ တိုက်ခိုက်ခဲ့တာပါ။ အကြီးအကဲတို့ဘက်က တိုက်ခိုက်တာကိုရပ်လိုက်ရင် ကျွန်‌တော့်ဘက်ကလည်း တိုက်ခိုက်တာကိုရပ်မှာပါ။ ကျွန်တော်ဒီနေ့ အပြစ်ပြုမိခဲ့တာတွေကို ဗွေမယူပါနဲ့။ ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ် ”

ရီဖူရှင်းသည် ‌‌‌ရှေ့သို့တိုး၍ပြောလိုက်သည်။ သူသည် ‌မော့ထျန်းနန်းတော်ဆီသို့ သွားနေပုံရပေသည်။ သူ၏လေသံသည် ရိုးသားပြီး လွန်စွာယဉ်ကျေးပေသည်။

“ မိတ်ဆွေလေး... ယဉ်ယဉ်ကျေးကျေး ပြောနေစရာမလိုပါဘူး ”

မဟာအကြီးအကဲမော့ထျန်းက ပြန်ပြောလိုက်သည်။

“ ငါဗွေမယူပါဘူး။ မိတ်ဆွေလေး.. မင်း မင်းရဲ့သူငယ်ချင်းတွေကိုပဲ ဂရုစိုက်သင့်တယ်။ ငါ့ဆီအလည်လာစရာမလိုပါဘူး ”

ရီဖူရှင်းနှင့် မဟာအကြီးအကဲတို့သည် တစ်ဦးကိုတစ်ဦးစကားပြောရင်း သူတို့တွင် ကိုယ့်အကြံနှင့်ကိုယ်ရှိကြောင်း သိနေကြပေသည်။ ရီဖူရှင်းသည် သူနှင့်နီးကပ်အောင် ရှေ့သို့တိုးလာပြီး သူ့ကိုတိုက်ခိုက်လိုနေကြောင်း မဟာအကြီးအကဲမော့ထျန်းကသိပေသည်။ ထို့ကြောင့် သူသည် အခြားသူများကိုဆွဲသွင်း၍ ရီဖူရှင်းကို ခြိမ်းခြောက်လိုက်ခြင်းပင်။ သူတို့သည် ဝေးကွာနေသော်လည်း မဟာအကြီးအကဲမော့ထျန်း၏တိုက်ခိုက်မှုသည် လေထုကိုဖြတ်သန်းကာ ရီဖူရှင်းတို့လူစုအပေါ် ကျရောက်လာနိုင်လေသည်။ ထို့အတူပင် ရီဖူရှင်းသည်လည်း ထိုနေရာမှနေ၍ မဟာအကြီးအကဲမော့ထျန်းကို လှမ်းတိုက်ခိုက်နိုင်ပေသည်။

ရီဖူရှင်း ရပ်တန့်လိုက်သည်။ ထို့နောက် သူသည် ပြုံးကာပြောလိုက်သည်။

“ အဲ့လိုဆို‌တော့လည်း ကျွန်တော် သွားပါတော့မယ် ”

“ မိတ်ဆွေလေး... နှုတ်ဆက်ပါတယ် ”

မဟာအကြီးအကဲမော့ထျန်းက ပြန်ပြောလိုက်သည်။ သူတို့နှစ်ဦးပြောဆိုနေပုံသည် မိတ်ဆွေဟောင်းနှစ်ဦး စကားစမြည်ပြောနေသကဲ့သို့ပင်ဖြစ်လေသည်။

All Chapters