← Chapters

ဉာဏ်ရည်နှင့်ခွန်အားတို့၏တိုက်ပွဲ

Vol. 170 Ch. 2431

ဉာဏ်ရည်နှင့်ခွန်အားတို့၏တိုက်ပွဲ

Vol. 170 Ch. 2431

ရီဖူရှင်းသည် နောက်လှည့်၍ ထွက်သွားလိုက်သည်။ သူတို့လူစုသည် သင်္ဘောပျံကိုစီး၍ လွန်စွာလျင်မြန်သော အရှိန်ဖြင့် ထွက်ခွာသွားလေသည်။

မဟာအကြီးအကဲမော့ထျန်းသည် ဉာဏ်နီဉာဏ်နက်များ၍ လွန်စွာသတိကြီးပေသည်။ အကယ်၍ သူတို့သာ သူ့ကိုတစ်စုံတစ်ယောက်ဖြင့် ခြိမ်းခြောက်ခဲ့၍ သူသည် တိုက်ပွဲစရန်ဆုံးဖြတ်ခဲ့ပါက မည်သို့ရလဒ်ထွက်မည်ကို ခန့်မှန်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ရီဖူရှင်းသည် အန္တရာယ်ကင်းစေရန် အလျှော့ပေးရန် ဆုံးဖြတ်လိုက်ပြီး သူ့ကိုဆက်မတိုက်ခိုက်ခဲ့ခြင်းပင်။

သူတို့ထွက်သွားပြီးနောက် မော့ထျန်းတောင်ပေါ်ရှိ မော့ထျန်းနန်းတော်တွင် ရွှေရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ရပ်နေ၏။ သူ၏မျက်နှာထားသည် လွန်စွာတည်ငြိမ်နေပေသည်။ သူ့ပတ်ပတ်လည်တွင် ကျင့်ကြံသူများ တစ်ဦးပြီတစ်ဦး ရောက်ရှိလာပြီး ပြောလိုက်သည်။

“ မဟာအကြီးအကဲ... ကျွန်တော်တို့ သူတို့ကို ဒီအတိုင်းလွှတ်ပေးလိုက်တော့မှာလား ”

မဟာအကြီးအကဲမော့ထျန်းသည် အဝေးရှိ ထွက်ခွာသွားနေသောသူတစ်ဦးကို ကြည့်လိုက်သည်။ ထိုသူ၏အနောက်တွင် မဟာအင်ပါယာ၏နတ်ခန္ဓာရှိနေလေသည်။ သူသည် ရီဖူရှင်းတို့ကို အလွယ်တကူအလွှတ်ပေးမည်မဟုတ်ပေ။

ရီဖူရှင်းသည် သင်္ဘောပျံကိုမောင်းနှင့်၍ တိမ်တိုက်များအတွင်း ဖြတ်သန်းနေသည်။ သူ၏စိတ်ဝိညာဉ်သည် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာအတွင်း၌သာ ရှိသေးသည်။ လင်ကလေးက မေးလိုက်သည်။

“ ဆရာ... ဘာလို့ ထွက်မလာသေးတာလဲ ”

“ အချိန်မကျသေးဘူး ”

ရီဖူရှင်း ဖြေလိုက်သည်။ သင်္ဘောပျံ၏အရှိန်သည် အံ့အားသင့်ဖွယ်ကောင်း၏။ သို့သော် ရီဖူရှင်းသည် သင်္ဘောပျံကို ရုတ်တရက်ရပ်တန့်လိုက်ပြီး တိမ်တိုက်များပေါ်တွင် တဒင်္ဂမျှ ရပ်တန့်နေလေသည်။

မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာ မျက်မှောင်ကြုတ်သွားပြီး အေးစက်စက်ပြောလိုက်သည်။

“ အကြီးအကဲ... ဒါက ဘာအဓိပ္ပာယ်လဲ ”

မဟာအကြီးအကဲမော့ထျန်းသည် သူတို့နောက် ခပ်လှမ်းလှမ်းမှလိုက်လာကြောင်းကို သူအာရုံခံနိုင်ပေသည်။ သူ၏စူးရှသောအာရုံကြောင့်သာ မဟုတ်လျှင် သူတို့နောက်သို့ မဟာအကြီးအကဲလိုက်လာသည်ကို သူ သတိပင်ပြုမိမည်မဟုတ်ချေ။ မဟာအကြီးအကဲမော့ထျန်းသည် သူ၏အရှိန်အဝါကို တမင်ဖုံးကွယ်ထားခြင်းဖြစ်ပြီး အလှမ်းခပ်ဝေးဝေးမှ လိုက်လာခြင်းဖြစ်သည်။ သို့သော် ရီဖူရှင်းသည် ထိုအရှိန်အဝါကို အာရုံခံနိုင်ခဲ့လေသည်။

အဝေးတွင် မဟာအကြီးအကဲ‌မော့ထျန်း၏မျက်နှာ ရှိနေ၏။ သူ၏ခန္ဓာအစစ်ကိုမမြင်ရဘဲ အဝေးတွင်ပုန်းအောင်းနေပေသည်။ ထိုမျက်နှာသည် ၎င်းကို ရီဖူရှင်းတွေ့သွားပြီဖြစ်ကြောင်း သိရှိသွားသောအခါ ပုန်းကွယ်နေခြင်းကို ရပ်တန့်လိုက်ပြီး အရှိန်အဝါခပ်ဖျော့ဖျော့ကိုထုတ်လွှတ်လိုက်သည်။ ထိုအရှိန်အဝါသည် တိမ်တိုက်များကို လှုပ်ရှားလှိုင်းထသွားစေသည်။ ရီဖူရှင်း၏အထက်တွင် မျက်နှာတစ်ခုပေါ်လာ၏။ မဟာအကြီးအကဲမော့ထျန်းပြောလိုက်သည်။

“ ငါ ဘာမှလုပ်ချင်လို့မဟုတ်ပါဘူး။ မိတ်ဆွေလေးက အဝေးကနေလာရတာဆိုတော့ ငါ မင်းတို့ကို လိုက်ပို့မလို့ပါ ”

“ ကျေးဇူးအများကြီးတင်ပါတယ် အကြီးအကဲ။ ကျွန်တော်တို့ကို မော့ယွင်ကျီးလိုက်ပို့တာနဲ့တင် လုံလောက်ပါပြီ။ အကြီးအကဲ ဒုက္ခခံစရာမလိုပါဘူး ”

ရီဖူရှင်း ပြောလိုက်သည်။ ရွှေရောင်နတ်ငှက်သည် ထိန်းချုပ်ခံထားရပြီးဖြစ်ပြီး သူသည် အာရုံခြောက်ပါးကောင်းကင်နှင့် ရင်းနှီးပေသည်။

ရီဖူရှင်းသည် မဟာအကြီးအကဲမော့ထျန်းကို မယုံသဖြင့် သူ၏စိတ်ဝိညာဉ်ကို မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာအတွင်းမှ ပြန်မထုတ်သေးခြင်းဖြစ်သည်။ သို့သော် မဟာအကြီးအကဲသည် သူတို့နောက်သို့ အမှန်တကယ်လိုက်လာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ချေ။

“ ကိစ္စမရှိပါဘူး... ငါလည်း နည်းနည်းစိတ်ဝင်စားနေလို့ပါ။ မင်းရဲ့ စိတ်ဝိညာဉ်က မင်းကိုယ်ထဲကထွက်.. မဟာအင်ပါယာရဲ့နတ်ခန္ဓာထဲကိုဝင်ပြီး နတ်ခန္ဓာကို ထိန်းချုပ်တာပေါ့လေ... အဲ့ဒါက မင်းအတွက် တော်တော်လေးဝန်လေးမှာပဲ ဟုတ်တယ်မလား... မင်း စိတ်ဝိညာဉ်ပင်ပန်းမှုကို မခံစားရဘူးလား။ မင်း အဲ့လိုမျိုး ရေရှည်လုပ်ရင် မင်းအတွက်မကောင်းလောက်ဘူးလို့ ငါထင်တယ် ”

မဟာအကြီးအကဲမော့ထျန်း စကားထောက်လိုက်သည်။ သူသည် ထိုအရာ၏ အရေးကြီးသည့်အပိုင်းကို နားလည်သဖြင့် ရီဖူရှင်းတို့နောက်သို့ ထိုနေရာအထိ လိုက်ခဲ့ခြင်းပင်။ ရီဖူရှင်းတစ်ယောက် နတ်ခန္ဓာကိုမထိန်းချုပ်နိုင်တော့လောက်အောင် မောပန်းလာလျှင် အခြားရန်ဟောင်အဆင့်ကျင့်ကြံသူများသည် သူ့ကိုမည်သို့တားနိုင်တော့မည်နည်း။

အစောပိုင်းက ရီဖူရှင်း၏တိုက်ခိုက်မှုတွင် သူသည် လမ်းစဉ်ဖျက်သိမ်းစွမ်းအားကို ခံစားခဲ့ရပြီး အန္တရာယ်ကို သတိပြုမိခဲ့လေသည်။ ထို့ကြောင့် သူသည် တိုက်ခိုက်ရန်ယုံကြည်ချက်မရှိသဖြင့် ရီဖူရှင်းကို ထွက်သွားခွင့်ပေးလိုက်ခြင်းပင်။ သို့သော် ရီဖူရှင်း၏စိတ်ဝိညာဉ်သာ သူ၏ကိုယ်ပိုင်ခန္ဓာကိုယ်သို့ ပြန်သွားခဲ့ပါက သူ့ကိုမည်သူမှ တားနိုင်တော့မည်မဟုတ်ချေ။

ထိုနတ်ခန္ဓာသည်လည်း သူ့အပိုင်ဖြစ်လာမည်ဖြစ်သည်။

သူအလျင်မလိုပေ။ သူသည် အန္တရာယ်ကင်းစေရန် ရီဖူရှင်းမောပန်းလာသည့်အချိန်အထိ စောင့်နေလိုပေသည်။

ရီဖူရှင်းသည်လည်း အတော်လေး ဒုက္ခရောက်နေသည်။ သူ၏ပြိုင်ဘက်သည် အလွန်သတိကြီးလွန်းပေသည်။ သူ့ကို ရုတ်ခြည်းသတ်ဖြတ်ပစ်ရန် လွန်စွာခဲယဉ်းပေသည်။ သူခြေချော်လက်ချော်ဖြစ်သွားလျှင် တန်ပြန်ခံရနိုင်သည်။ ကပ်ဘေးအဆင့်ကျင့်ကြံတစ်ဦး၏ အစွမ်းကုန်တိုက်ခိုက်မှုသည် ဂျီယူနှင့်အခြားလူများအတွက် အတော်လေးပြဿနာရှိနိုင်ပေသည်။

သို့သော် သူသာ ထိုအခြေအနေကိုဆက်၍ခွင့်ပြုထားလျှင် အန္တရာယ်သည် ပို၍ပင်ကြီးထွားလာနိုင်လေသည်။

သူအမြဲပြေး၍မနေနိုင်ပေ။ ထို့ပြင် မဟာအကြီးအကဲမော့ထျန်းသည် လွန်စွာစိတ်ရှည်သူတစ်ဦးဖြစ်သဖြင့် အချိန်မည်မျှကြာကြာ စောင့်ဆိုင်းနိုင်ပေသည်။

“ ဟုတ်... အဲ့အတွက် အကြီးအကဲ စိုးရိမ်စရာမလိုပါဘူး ”

ရီဖူရှင်း၏အသံသည် အေးစက်သွားသည်။ သူစိတ်လှုပ်ရှားသွားပုံရ၏။ ထိုအခြင်းအရာကို မဟာအကြီးအကဲမော့ထျန်းက သတိပြုမိသွားသည်။ သူစိတ်ထဲမှ ကြိတ်ပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် အခွင့်အရေးကောင်းကို စိတ်ရှည်ရှည် ဆက်စောင့်နေလေသည်။

“ သွားစို့... ”

ရီဖူရှင်းသည် တည်ငြိမ်သောအသံဖြင့် ပြောလိုက်ပြီး သူ၏အင်္ကျီလက်ကို ဖြန့်လိုက်သည်။ သူတို့လူစုသည် ရှေ့သို့ဆက်၍ ပျံသွားလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းသည် ရွှေရောင်နတ်ငှက်၏မှတ်ဉာဏ်များမှတဆင့် မဟာအကြီးအကဲမော့ထျန်း၏အကြောင်းကို လေ့လာလိုက်သည်။

“ အစ်ကိုတိုက်ခိုက်ချင်ရင် ညီမသူ့ရဲ့တိုက်ခိုက်မှုကို အကောင်းဆုံးကာကွယ်မှာပါ ”

ဟွာဂျီယူသည် ရီဖူရှင်းထံသို့ အသံပို့လွှတ်လိုက်သည်။ မဟာအကြီးအကဲမော့ထျန်းသည် သူမတို့၏အားနည်းမှုကိုအခွင့်အကောင်းယူ၍ ရီဖူရှင်းကို ချောင်ပိတ်လိုနေခြင်းဖြစ်ကြောင်း သူမသိပေသည်။ ရီဖူရှင်းသည် သူမတို့ကိုငဲ့နေရသဖြင့် မဟာအကြီးအကဲနှင့် အစွမ်းကုန်မတိုက်နိုင်ခြင်းဖြစ်သည်။

ရီဖူရှင်းတွင်သာ ငဲ့စရာမရှိပါက မဟာအကြီးအကဲနှင့် ထိပ်တိုက် တိုက်ခိုက်နိုင်ပေသည်။

“ အင်း... အလျင်လိုစရာမလိုပါဘူး။ အစ်ကို ဖြေရှင်းဖို့နည်းလမ်းတစ်ခု စဉ်းစားပါဦးမယ် ”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။ သူ၏ဦးနှောက်သည် အင်ဂျင်တစ်ခုကဲ့သို့ အလုပ်လုပ်နေပြီး မဟာအကြီးအကဲမော့ထျန်းကို ရင်ဆိုင်နိုင်မည့်နည်းလမ်းကို စဉ်းစားနေလေသည်။

အချိန်ကြာလာသည်နှင့်အမျှ ရီဖူရှင်းသည် ပို၍စိတ်လှုပ်ရှားလာသည်။ သူ့ထံမှ မဟာလမ်းစဉ်၏ ဝိညာဉ်စွမ်းအားထွက်လာပြီး ဟွာဂျီယူနှင့်အခြားသူများကို လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် ကောင်းကင်ပေါ်သို့ပျံတက်ကာ နောက်သို့ပြန်သွားလိုက်သည်။ ၎င်း၏အမြန်နှုန်းသည် လွန်စွာမြန်ပြီး ၎င်းသည်ပျံသန်းသွားနေရင်းဖြင့် ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည်ဟုပင်ထင်ရလေသည်။

ဝုန်း...

ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်တွင် ပဲ့တင်တုန်ခါသွားသည်။ ရွှေရောင်မဟာလက်ဖဝါးအကာအရံများသည် ကြေမွပျက်စီးသွားပြီး နတ်ခန္ဓာသည် ရှေ့သို့ဆက်လက်ပျံသန်းနေသည်။ ထို့နောက် ၎င်းအရှေ့တွင် ရွှေရောင်မျက်လုံးအများအပြားပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ်ဝါးမျိုစွမ်းအားများကျဆင်းလာကာ နတ်ခန္ဓာကို ဆွဲစုပ်ရန် ကြိုးပမ်းလိုက်သည်။

မဟာအင်ပါယာရှန်ကျား၏နတ်ခန္ဓာသည် ထိုမျက်လုံးကိုများ ထပ်မံဖောက်ထွင်းထွက်သွားပြီး ရှေ့သို့ဆက်သွားကာ ပုံရိပ်ယောင်မျက်နှာကို တိုက်ခိုက်လိုက်သည်။ ထိုပုံရိပ်ယောင်မျက်နှာသည် မဟာအကြီးအကဲမော့ထျန်း၏ ခန္ဓာကိုယ်အစစ်မဟုတ်ပေ။ အဝေးတွင် ကြောက်မက်ဖွယ်အရှိန်အဝါ အများအပြားပေါ်ပေါက်လာသည်။ သူမေးလိုက်သည်။

“ အကြီးအကဲ... အကြီးအကဲ တကယ်လိုချင်တာက ဘာလဲ ”

သူ၏အသံတွင် စိတ်လှုပ်ရှားမှုများပါနေပြီး ဒေါသအရိပ်အယောင်အနည်းငယ်လည်းပါလေသည်။

“ မင်းရဲ့ စိတ်ဝိညာဉ်... မဟာအင်ပါယာရဲ့ နတ်ခန္ဓာကို ငါ့ကိုပေးခဲ့.. အဲ့လိုဆိုရင် ငါမင်းတို့ကို ထွက်သွားခွင့်ပေးလိုက်မယ်။ မင်းနဲ့ငါ့အကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာမှမဟုတ်တာ ”

မဟာအကြီးအကဲမော့ထျန်းပြောလိုက်သည်။

ရီဖူရှင်းခေတ္တမျှတွေးတောလိုက်သည်။ သူသည် အကြံအိုက်နေပုံပေါ်၏။ ထို့နောက် သူပြောလိုက်သည်။

“ ကျွန်တော်တို့ အကြီးအကဲရဲ့ နတ်ငှက်ကိုလည်း ပြန်ပေးချင်ပါတယ် ”

မဟာအကြီးအကဲမော့ထျန်းသည် တစ်ခဏမျှ တုံဏိဘာဝေဖြစ်သွား၏။ ထို့နောက် သူပြုံ၍ ပြန်ပြောလိုက်သည်။

“ ငါက နတ်ငှက်ကို မင်းကို လက်ဆောင်အနေနဲ့ပေးမလို့ပဲ... ဒါပေမဲ့ မင်းကဒီလောက် ယဉ်ကျေးနေမှတော့  ငါပြန်ခေါ်သွားလို့ရပါတယ် ”

ရီဖူရှင်းထိုသို့လုပ်လိုက်ခြင်းသည် မဟာအကြီးအကဲသည် သူတို့ကို သွားခွင့်မပြုမည်ကို စိုးရိမ်၍ဖြစ်သည်။ သူသည် မဟာအကြီးအကဲ၏ တောင်းဆိုချက်ကို လိုက်လျောလိုနေပေသည်။

“ ဒီနတ်ခန္ဓာက ရှေးခေတ်တုန်းက မဟာအင်ပါယာရှန်ကျားရဲ့ခန္ဓာကိုယ်ပါ။ အဲ့ဒါကို ဂရုတစိုက် သုံးပါ ”

ရီဖူရှင်းသည် မဟာအကြီးအကဲကို သတိပေးလိုက်သည်။ ထို့ကြောင့် ကောင်းကင်ပေါ်ရှိ ပုံရိပ်ယောင်မျက်နှာပေါ်တွင် ဝမ်းသာသွားသည့်အရိပ်‌အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ထို့နောက် သူပြောလိုက်၏။

“ ငါသိပါတယ် ”

“ ကျွန်တော် တောင်းဆိုစရာတစ်ခုရှိပါသေးတယ်။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ အရင်ထွက်သွားလို့ရမလား ”

ရီဖူရှင်းမေးလိုက်သည်။

အဝေးရှိ မဟာအကြီးအကဲမော့ထျန်းသည် တွေးတောလိုက်သည်။ သူပြောလိုက်၏။

“ ငါသာ မင်းနောက်ကိုဆက်လိုက်နေရင် မင်းဆက်တောင့်မခံနိုင်တော့မှာကို  မင်းသိတယ်ဆိုတာ ငါသိပါတယ်။ မင်း ငါ့ကိုလှည့်ဖျားဖို့ကြံနေတာဆိုရင်... ”

အမှန်တွင် မဟာအကြီးအကဲသည် စိတ်ထဲတွင် ကြိတ်၍လှောင်ပြုံး ပြုံးနေခြင်းပင်။ သူသည် ရီဖူရှင်း၏သူငယ်ချင်းများကို အရင်ထွက်သွားခိုင်းလိုက်လျှင်လည်း ကိစ္စမရှိပေ။ ထိုသူများကို သူခြေရာမခံနိုင်ဟု ရီဖူရှင်းအမှန်ပင်ထင်လေသလော။

သူတို့တစ်ယောက်မှ မလွတ်မြောက်နိုင်ချေ။

“ ကျွန်တော်နားလည်ပါတယ်... ”

“ အဲ့လိုဆိုရင်... သူတို့ကို အရင်ထွက်သွားခိုင်းလိုက်ပါ ”

မဟာအကြီးအကဲမော့ထျန်း၏အသံထွက်ပေါ်လာသည်။ ရီဖူရှင်း ခေါင်းညိတ်၍ ပြောလိုက်သည်။

“ မင်းတို့ အရင်သွားလိုက်ကြပါ ”

“ ဟင့်အင်း... ”

ဟွာဂျီယူနှင့် အခြားသူများသည် တုံ့ဆိုင်းနေပုံရလေသည်။

“ ဆရာ... ”

ဖန်စွင်နှင့် အခြားလူငယ်လေးများသည်လည်း သူ့ကိုလှမ်းခေါ်လိုက်သည်။

“ သမီးထွက်သွားမှာမဟုတ်ဘူး ”

လင်ကလေးက ပြောလိုက်၏။ ရီဖူရှင်းသည် သူတို့ကို သူ၏အကြံကိုမပြောထားသဖြင့် ထိုကျင့်ကြံသူလူငယ်လေးများ၏ တုံ့ပြန်မှုသည် အစစ်အမှန်ပင်ဖြစ်လေသည်။ ရီဖူရှင်းနှင့် မဟာအကြီးအကဲမော့ထျန်းတို့သည် ကိုယ့်အကြံနှင့်ကိုယ်ရှိကြောင်းကို သူတို့မည်သို့သိနိုင်မည်နည်း။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး လှည့်ဖျားရန်ကြိုးစားနေကြခြင်းပင်ဖြစ်လေသည်။

All Chapters