လျှို့ဝှက်ကြံစည်သတ်ဖြတ်ခြင်း
Vol. 170 Ch. 2432
ထျယ်ထိုနှင့် သော်ယွီတို့က မည်သည့်စကားမှ မဆိုသော်လည်း သူတို့က ထိုနေရာ၌ မလှုပ်မယှက် ရပ်ကည သူတို့၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြနေပေသည်။
"မဟာအကြီးအကဲက ရင်ဆိုင်ဖို့ သဘောတူလိုက်ပြီး သူက မဟာအင်ပါယာရဲ့ နတ်ဘုရားရုပ်ကြွင်းကို ရလိမ့်မှာ ဖြစ်တာကြောင့် ဆရာသခင်နဲ့ ပတ်သတ်ပြီး ဘာမှ လုပ်လိမ့်တော့မှာ မဟုတ်ဘူး။ ပြီးတော့ ကျုပ်ကို တစ်ခုခု လုပ်ခဲ့ရင် သူ့အတွက် အကျိုးမရှိနိုင်ဘူး။ ခင်ဗျားတို့ အခု ထွက်သွားလို့ရပြီ။" ရီဖူရှင်းက သူတို့ကို ပြောလိုက်သည်။ "ဦးလေးထျယ် သူတို့ကို အဝေးခေါ်သွားတော့။"
"ကောင်းပြီ။" မျက်မမြင်ထျယ်က ခေါင်းညိတ်လိုက်ပြီးနောက် အစွမ်းထက် အင်အားတစ်ခုက ထိုလူငယ်လေးများကို ထွေးပွေ့လိုက်သည်။
"ဦးလေးထျယ်။"
"အဖေ။" ကလေးများက ခေါ်လိုက်သည်။ သို့သော် မျက်မမြင်ထျယ်က သူတို့ကို လျစ်လျူရှုလိုက်ပြီး အဝေးသို့ အတင်းအကျပ် ခေါ်ဆောင်သွားခဲ့သည်။ ရီဖူရှင်းက ဆုံးဖြတ်ပြီးသွားပြီဖြစ်ရာ သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်နှင့် အစီအစဥ်များ သေချာပေါက် ရှိရပေမည်။ နှစ်ပေါင်းများစွာကြာအောင် ရီဖူရှင်းနောက်သို့ လိုက်ပြီးနောက် မျက်မမြင်ထျယ်သည် ရီဖူရှင်း၏ ပင်ကိုစရိုက်ကို အတော်လေး သိရှိနားလည်ထားသည်။ သူက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို အလွယ်တကူ ပေးအပ်လိုက်မည့် သူမျိုး မဟုတ်ပေ။ ရီဖူရှင်း၏ ပင်ကိုစရိုက်အရ သူသည် လမ်းအဆုံးသတ်သို့ အမှန်တကယ် မရောက်ပါက ထိုသို့သော ကိစ္စမျိုးကို လုပ်မည့် နည်းလမ်းမရှိပေ။
ယခု အခြေအနေက ထိုကဲ့သို့ ဖြစ်ပေါ်လာလေရာ ရှင်းလင်းစွာပင် ရီဖူရှင်းထံ၌ အခြား အစီအစဥ် ရှိနေပေသည်။
"ဂရုစိုက်။" ဟွားဂျီယူက ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ ထို့နောက် သူမက ဟွာချင်းချင်း၊ ချန်ယိ၊ အခြားလူများနှင့်အတူ ထွက်ခွာ၍ လေဟာနယ်ကို အလွန် လျင်မြန်လှသော အရှိန်နှင့် ဖြတ်သန်းသွားခဲ့ပေသည်။
သူတို့က ရီဖူရှင်း၏ လူသားခန္ဓာကိုယ်ကိုပါ ယူဆောင်သွားခဲ့သော်လည်း သူက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို အသုံးပြုကာ မဟာအကြီးအကဲ မော့ထျန်းနှင့်အတူ ရပ်နေခဲ့သည်။ သို့သော် ယခုထိတိုင် မဟာအကြီးအကဲက အမှောင်ထဲတွင် ပုန်းကွယ်နေသေးပေသည်။
တခဏကြာပြီးနောက် မဟာအကြီးအကဲ မော့ထျန်းက ပြောလိုက်သည်။ "သူတို့ရဲ့ အရှိန်နဲ့ဆို အခု အဝေးကြီး ရောက်သွားလောက်ပြီ။ သူတို့က ငါ့ရဲ့နတ်အာရုံ လွှမ်းမိုးမှုအောက်က ထွက်သွားတာ အတော်ကြာနေပြီ။ အဲဒါ ကောင်းတာပဲမလား။"
ရီဖူရှင်းက ရှေ့သို့ ကြည့်ကာ ပြောလိုက်သည်။ "စီနီယာ ကျုပ်ကို သတ်လိုက်ရင် ဘာမှ ရလိမ့်မှာ မဟုတ်ဘူး။ ခင်ဗျားလို အဆင့်မှာ ရှိနေတဲ့ ကျင့်ကြံသူတစ်ယောက်က ကိုယ့်စကားကိုယ် ပြန်မရုတ်သိမ်းဘူးလို့ ထင်ပါတယ်။ ဟုတ်တယ်မလား။"
"ဒါပေါ့။ ကျုပ်က အဲဒီလို မယုံကြည်ရတဲ့ လူမျိုး မဟုတ်ပါဘူး။" မဟာအကြီးအကဲ မော့ထျန်းက စစ်မှန်စွာ ပြောလိုက်သည်။ "နတ်ဘုရားရုပ်ကြွင်း ရလိုက်တာနဲ့ ကျုပ်ရဲ့ ရည်ရွယ်ချက်က အောင်မြင်သွားပြီလို့ ပြောရနိုင်တယ်။ မင်းရဲ့ အသက်ကို ဘာကြောင့် ငါက လိုချင်ရမှာလဲ။"
"ကောင်းပြီ။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူ့အမူအရာက တူညီစွာ တည်ငြိမ်နေခဲ့သည်။ "အဲဒီလိုဆိုရင် ကျုပ် စီနီယာကို နတ်ဘုရားရုပ်ကြွင်း လက်လွှဲပေးမယ်။"
အသံထွက်လာသည်နှင့် စိတ်ဝိညာဥ််တစ်ခုက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းမှ ထွက်ခွာသွားကာ အဝေးသို့ စတင်မျောလွင့်သွားခဲ့သည်။
မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းက လေထဲတွင် ရစ်ဝဲနေခဲ့ပြီး မည်သည့် စိတ်ဝိညာဥ်မှ မရှိတော့သော်လည်း အစွမ်းထက်အရှိန်အဝါက ဆက်လက် စိမ့်ထွက်လာနေသည်။
မဟာအကြီးအကဲ မော့ထျန်း၏ မျက်နှာပုံရိပ်က ပေါ်ပေါက်လာပြီး ကြီးမားသော ဝါးမြိုခြင်းစွမ်းအားတစ်ခုက လိုက်ပါလာကာ နတ်ဘုရားရုပ်ကြွင်းဆီသို့ ဖြန့်ကျက်သွားခဲ့သည်။ ချက်ချင်းပင် နတ်ဘုရားရုပ်ကြွင်းက အဝေးသို့ စတင်ပျံသန်းသွားခဲ့သည်။
မျက်လုံးတစ်စုံက ထွက်ပေါ်လာပြီး နတ်ဘုရားရုပ်ကြွင်းဆီ ကြည့်လိုက်သည်။ တခဏအတွင်း မဟာလမ်းစဥ် အရှိန်အဝါတို့က ပြင်းထန်စွာ ပေါက်ကွဲထွက်လာကာ အသံတစ်ခုကို ကြားလိုက်ရပေသည်။
"အဲဒီတော့ ဒါက မဟာအင်ပါယာရဲ့ နတ်ဘုရားရုပ်ကြွင်းပေါ့။ ခမ်းနားထည်ဝါလိုက်တာ။" မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။ အဝေးမှ ခပ်ဝါးဝါး ပုံရိပ်တစ်ခု ထွက်ခွာသွားသည်။ ၎င်းက သူ့စိတ်ဝိညာဥ်မှ အသွင်ပြောင်းလာသည့် ရီဖူရှင်း၏ ပုံရိပ် ဖြစ်ပေသည်။
ထိုအသံထွက်ပေါ်လာပြီးသည်နှင့် ကြောက်မက်ဖွယ် လှုပ်ရှားနေသော လေစီးကြောင်းတို့က ရီဖူရှင်း၏ ပုံရိပ်ကို လွှမ်းခြုံသွားကာ သူ့ ခေါင်းထက်တွင်လည်း ကျောရိုးတလျှောက် စိမ့်တက်သွားစေသည့် ရွှေရောင်လေပွေလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ဟမ့်! ထိတ်လန့်ဖွယ် စိတ်ဝိညာဥ်တိုက်ခိုက်မှုတစ်ခုက ရီဖူရှင်း၏ စိတ်ဝိညာဥ်ကို ဝါးမြိုရန် စတင်တိုက်ခိုက်လာသည်။ ရီဖူရှင်း၏ စိတ်ဝိညာဥ်က နောက်ဆုံး ခွန်အားတစ်စသာ ကျန်သည်အထိ အသုံးပြုပြီး စတင်ရုန်းကန်နေခဲ့သည်။
"စီနီယာ ခင်ဗျား.." ရီဖူရှင်းက ပင့်သက်ရှိုက်လိုက်သည်။ သူ၏ ထိတ်လန့်မှုကို ရယ်မောမှုတစ်ခုက အဖြေပြန်ပေးလာသည်။ "မိတ်ဆွေလေး မင်းမှာ ဒီလောက် ကြီးမားတဲ့ပါရမီနဲ့ အလားအလာရှိနေတာ။ မင်းမှမသေရင် ကျုပ် ဘယ်လိုစိတ်ဖြောင့်ဖြောင့် နေနိုင်ပါ့မလဲ။ ပိုပြီး စိတ်ချရအောင် ငါ မင်းရဲ့ ဘယ်သူငယ်ချင်းကိုမှလည်း လွှတ်ပေးမှာ မဟုတ်ဘူး။"
မဟာအကြီးအကဲမော့ထျန်းက ပြောလိုက်ပြီးနောက် ကြောက်မက်ဖွယ် လေပွေတစ်ခုက ရီဖူရှင်း၏ ပုံရိပ်အား အပြည့်အဝ ဝါးမြိုသွားသည်။
သူ၏ စိတ်ဝိညာဥ် ဖျက်ဆီးခံရပြီးနောက် ပုံရိပ်တစ်ခုက ပြင်းထန်သည့် မဟာလမ်းစဥ် စွမ်းအားတို့အထဲမှ လမ်းလျှောက်ထွက်လာကာ မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်း ရှေ့၌ ရပ်လိုက်သည်။ သူ၏ အကြည့်က အလွန် ကြောက်မက်ဖွယ် ကောင်းနေပြီး မဟာလမ်းစဥ်၏ စွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည်။ သူက နတ်ဘုရားရုပ်ကြွင်းကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ ကိုယ်ပိုင် ဆန်းကြယ်သော လောကကဲ့သို့သော မတူကွဲပြားသည့် နေရာသို့ ဝင်ရောက်သွားသလို ထင်မှတ်ရကာ မရေတွက်နိုင်သည့် အက္ခရာသင်္ကေတများက သူ့ပုံရိပ်ကို ဝန်းရံထားသည်။
"မဟာအင်ပါယာတစ်ပါးရဲ့ နတ်ဘုရားရုပ်ကြွင်းက ထင်ထားသလိုပါပဲလား။" မဟာအကြီးအကဲ မော့ထျန်းက ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများက မှိတ်ထားပြီး သူ့ ကိုယ်သူ ထိန်းချုပ်နေပုံပေါ်သည်။
သူက မျက်လုံးမှိတ်ထားပြီး မဟာအင်ပါယာရှန်ကျား၏ မျက်လုံးများ၌ ရုတ်တရက် အသက်စွမ်းအင်လက္ခဏာများ ပေါ်ပေါက်လာပြီး အေးစက်သည့် သတ်ဖြတ်လိုစိတ်များက ထိုမျက်လုံးများမှ ထွက်ပေါ်လာနေသည်။
မဟာအကြီးအကဲ မော့ထျန်းက တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားမိလိုက်သည်။ နောက်တခဏတွင် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းက နတ်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ကို ချက်ချင်း ထိုးဖောက်သွားသည်။ ယခုတွင် မဟာအကြီးအကဲက ရှောင်တိမ်းရန် အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားရုပ်ကြွင်းမှ ပြောင်းလဲသွားသည့် ဓားက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ သူ့အနောက်၌ ပေါ်ပေါက်လာ၏။
မဟာအကြီးအကဲ မော့ထျန်း၏ မျက်လုံးများထဲ၌ ပြင်းထန်သော အကြောက်တရားတို့ ပေါ်ပေါက်လာသည်။ ၎င်းက သေခြင်းတရား၏ ကြောက်ရွံ့မှုပင် ဖြစ်သည်။ သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ တဖြေးဖြေး အစိတ်စိတ်အမြွှာမြွှာ စတင်ပြိုကွဲလာသည်။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ။" မဟာအကြီးအကဲ မော့ထျန်းက မေးလိုက်သည်။ ဤသည်က သူ့နောက်ဆုံး စကားလုံးများသာ ဖြစ်ပေသည်။
"ခင်ဗျားက အလောတကြီး ဝါးမြိုဖို့ ကြိုးစားနေလို့လေ။ မဟုတ်ရင် သတိပြုမိလိမ့်မှာပဲ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ မဟာအကြီးအကဲ မော့ထျန်းက ယခုမှသာ မည်သည့်အတွက်ကြောင့် တစ်ခုခု မှားနေသလို ခံစားနေရကြောင်း ရုတ်တရက် သတိပြုမိလိုက်ပေသည်။ ထိုသည်က အံ့သြစရာ မရှိတော့ပေ။
ထိုစိတ်ဝိညာဥ်က ရီဖူရှင်း၏ စိတ်ဝိညာဥ်အစစ်အမှန်မှ အပိုင်းအစတစ်ခုသာ ဖြစ်လေသည်။ အများစုက နတ်ဘုရားရုပ်ကြွင်းအတွင်း၌ ရှိနေဆဲဖြစ်ပြီး ပုန်းကွယ်နေခဲ့ပေသည်။ သူ၏ လောဘတကြီးနှင့် နတ်ဘုရားရုပ်ကြွင်းကို ရယူရန် စိတ်လှုပ်ရှားနေမှုကြောင့် သတိလက်လွတ်ဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။
သူသည် တစ်ဘဝလုံး သတိထား၍ နေထိုင်လာခဲ့သော်လည်း အဆုံးမှာတော့ သူ့ထက် အသက်ငယ်ရွယ်သည့် ကျင့်ကြံသူတစ်ဦး၏ ထောင်ချောက်ဆင်ခံခဲ့ရကာ တစ်ချက်တည်းနှင့် အသတ်ခံခဲ့ရပေသည်။
ဘန်း! မဟာအကြီးအကဲ မော့ထျန်း၏ ခန္ဓာကိုယ်က အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။ သူသည် စွမ်းအားအပြည့်အဝ မထုတ်လွှတ်ရသေးခင်မှာပင် ထိုသို့သော ရုတ်တရက် တိုက်ခိုက်မှုကြောင့် အသတ်ခံလိုက်ရပေသည်။ ကျင့်ကြံသူတစ်ယောက်က သူ့ကဲ့သို့သော အဆင့်သို့ ရောက်သောအခါ သေခြင်းနှင့် ရှင်ခြင်းကြားတွင် မျဥ်းတစ်ကြောင်းသာ ခြားသည်။
ရီဖူရှင်းက မဟာအကြီးအကဲ မော့ထျန်းကို သတ်ပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ့ပုံရိပ်က လှုပ်ရှားသွားပြီး အဝေးသို့ လျင်မြန်လှစွာ ထွက်ခွာသွားခဲ့သည်။ မကြာခင်၌ သူက အခြားလူများနှင့် တွေ့ဆုံသွားခဲ့ပေသည်။ သူ့စိတ်ဝိညာဥ်က နတ်ဘုရားရုပ်ကြွင်းက ထွက်လာကာ သူ၏ ရုပ်ခန္ဓာအတွင်း ပြန်လည် ဝင်ရောက်သွားခဲ့သည်။
"ဆရာ။" ရှောင်လင်းနှင့် အခြားလူများက ရီဖူရှင်းကို ခေါ်လိုက်ကြသည်။ သူတို့က ရီဖူရှင်း ရွှေတောင်ပံခွန်ပန်ငှက်ကြီး၏ ကျောပေါ် ခြေချိတ်ထိုင်နေသည်ကိုသာ မြင်တွေ့ခဲ့ကြရပေသည်။ သူက မျက်လုံးများကို မှိတ်ကာ ကျင့်ကြံနေခဲ့သည်။ သူ့ ရှေးဟောင်းကမ္ဘာ့သစ်ပင်ဝိညာဥ်က စတင် လှုပ်ရှားလာပြီး ရီဖူရှင်း၏ အရှိန်အဝါက တက်လိုက်ကျလိုက်နှင့် ဖြစ်လာသည်။ သူက ဒဏ်ရာတချို့ ရလာခဲ့ပုံရလေသည်။
"သူ့ကို မနှောက်ယှက်နဲ့။" မျက်မမြင်ထျယ်က ပြောလိုက်သည်။ သူတို့က ယခုလေးတင် မဟာအကြီးအကဲ မော့ထျန်း၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ထိုမဟာအကြီးအကဲ၌ ပြောင်မြောက်သော တိုက်ကွက်များ ရှိနေကြောင်း ပြသခဲ့သည်။ တခဏကြာပြီးနောက် သူက ပျောက်ကွယ်သွားခဲ့ပေသည်။ သူတို့သည် မဟာအကြီးအကဲမော့ထျန်း အစစ်က ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သိရှိလိုက်ပေသည်။
သို့သော် ရီဖူရှင်းကလည်း ဒဏ်ရာရရှိသွားပုံရလေသည်။
ရှောင်လင်းနှင့် အခြားလူများက မည်သည်တို့ ဖြစ်ပျက်နေသည်ကို သတိပြုမိလိုက်သည့်အတွက် ရီဖူရှင်းအား မနှောက်ယှက်တော့ပေ။ တစ်ချိန်တည်းတွင် ရီဖူရှင်း ထိုင်နေခဲ့သည့် ရွှေတောင်ပံခွန်ပန်ငှက်က တုန်ယင်လာသည်။ သူသည်လည်း မဟာအကြီးအကဲ မော့ထျန်း သေဆုံးသွားသည်ကို သိရှိခဲ့သည်။ သူ၏ ယခင် သခင်က မည်မျှ ကြောက်မက်ဖွယ် အစွမ်းထက်လှကြောင်း ကောင်းစွာ သတိပြုမိပေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားရုံသာမက ကောက်ကျစ်ကာ ရက်စက်သေးသည်။ ဤနှစ်များတလျှောက် အစွမ်းထက် ကျင့်ကြံသူများစွာက သူ့လက်ထဲတွင် သေဆုံးခဲ့ရပေသည်။
သို့သော် ယခုတွင် အခြေအနေကို အကြွင်းမဲ့ ထိန်းချုပ်နိုင်လုနီးပါး ဖြစ်နေကာမှ လူငယ်မျိုးဆက် ကျင့်ကြံသူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပေသည်။
သူ၏ ဤသခင်အသစ်၌ မယုံနိုင်လောက်အောင် ထူးခြားသာလွန်သည့် စွမ်းရည်ရှိပေသည်။ သူ ယခင်က လုပ်ခဲ့သော အရာအားလုံးမှာ မဟာအကြီးအကဲမော့ထျန်းကို သတိလက်လွတ်ဖြစ်အောင် လုပ်လိုက်ခြင်း ဖြစ်သည်။ သို့မှသာ သူက တစ်ချက်တည်းနှင့် သတ်ပစ်နိုင်မည် ဖြစ်သည်။ သူက မဟာအကြီးအကဲကို စာအုပ်တစ်အုပ်ကဲ့သို့ ဖတ်နိုင်ပေသည်။ ထို့ပြင် သူက အလွန် ငယ်ရွယ်လှသည်။ သူက အနာဂတ်၌ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။
ရီဖူရှင်းသည်လည်း မဟာအကြီးအကဲအား သတ်နိုင်ရန် အတော်လေး ကြီးမားသည့် တန်ဖိုးကို ပေးဆပ်လိုက်ရပေသည်။ အဆုံးမှာတော့ သူက စိတ်ဝိညာဥ်ကို ပိုင်းခြားကာ မဟာအကြီးအကဲအား ဝါးမြိုခွင့်ပြုလိုက်ကာ သတိထားမှုကို လျှော့ချရန် သူ့အား ဖျက်ဆီးစေလိုက်သည်။ ထို့နောက် သူက သူ၏ အစစ်အမှန်ကို ငါးစာချကာ မဟာအကြီးအကဲမော့ထျန်းအား တစ်ချက်တည်းနှင့် သတ်ပစ်လိုက်သည်။
ထိုခွဲခြားထားသည့် စိတ်ဝိညာဥ်က အမှန်တကယ် ဖျက်ဆီးခံလိုက်ရသည့်အခါ ရီဖူရှင်းအား အတော်လေး ထိခိုက်မိစေခဲ့သည်။ ၎င်းသည် ပြန်လည် သက်သာစေရန် အချိန်တစ်ခု လိုအပ်ပေသည်။