အရှက်မဲ့ခြင်း
Vol. 170 Ch. 2435
ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်အထက်တွင် နတ်ဘုရားကဲ့သို့ပုံရိပ်တစ်ခုက ခြေချိတ်ထိုင်နေသည်။ လှေကားတစ်ဖက်တစ်ချက်၌ ကျင့်ကြံသူများစွာ ရပ်နေခဲ့၏။ သူတို့အားလုံးက ထူးချွန်ထက်မြက်သော ပုံရိပ်များဖြစ်ကြပြီး အများစုမှာ ထိပ်တန်းအဆင့်ရန်ဟောင်များ ဖြစ်ကြသည်။
ယနေ့တွင် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်၏ ကျင့်ကြံသူများသာ ရောက်ရှိနေသည် မဟုတ်ပေ။ ဆန္ဒခြောက်ပါးကောင်းကင်၏ အခြားအင်အားစုများမှ ကျင့်ကြံသူများလည်း ဤနေရာ၌ ရှိနေကြသည်။
ထို့နောက် ကျင့်ကြံသူများစွာက အဝေးသို့ ကြည့်လိုက်ကြသည်။ စစ်ရယ်က အဖြူရောင်ဆံပင်နှင့် လူငယ်ကို ခေါ်ဆောင်လာခဲ့သည်။ သူက လှေကားထစ်များ အောက်ခြေသို့ ရောက်သောအခါ စစ်ရယ်သည် ကောင်းကင်နန်းတော် ထိပ်ဖျားရှိ ပုံရိပ်အား အရိုအသေပြုကာ ပြောလိုက်သည်။ "အရှင် ကျွန်မ သူ့ကို ခေါ်လာပါပြီ။"
"အားထုတ်ပေးလို့ ကျေးဇူးပဲ။" ဆန္ဒခြောက်ပါးအရှင်သခင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ သူက ရွှေရောင်ထိုင်ဖုံတစ်ခုပေါ်၌ ထိုင်နေခဲ့၏။ ရွှေရောင်အလင်းတို့က သူ့ကို ဝန်းရံထားခဲ့သည်။ သူက နတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်ကာ သဟဇာတဖြစ်သည့် အရှိန်အဝါတို့ ပေးစွမ်းပေသည်။ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်က စစ်မှန်သည့် ကောင်းကင်နန်းတော်တစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။ နေရာအနှံ့ကို ရွှေရောင်အလင်းတို့က ဖုံးလွှမ်းထားခဲ့သည်။ ယင်းသည် သန့်စင်မြင့်မြတ်သည့် ဗုဒ္ဓနယ်မြေတစ်ခုနှင့် ဆင်တူပေသည်။
စစ်ရယ်က နောက်ဆုတ်ကာ တစ်ဖက်သို့ ရွှေ့၍ ရပ်လိုက်သည်။ ချက်ချင်းပင် ကျင့်ကြံသူများစွာ၏ အကြည့်များက ရီဖူရှင်းပေါ်သို့ ကျရောက်လာသည်။ သူတို့၏ အကြည့်များ၌ သိလိုစိတ်တို့ ပြည့်နေခဲ့၏။ ဤဂျူနီယာလူငယ်က ဆန္ဒခြောက်ပါးကောင်းကင်၏ ထိပ်ဆုံး၌ ရပ်တည်နေသော မဟာအကြီးအကဲ မော့ထျန်းကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။
ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်းကို ကြည့်လိုက်သည်။ ရီဖူရှင်းက ဆန္ဒခြောက်ပါးအရှင်သခင်ကို အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။ "ဆန္ဒခြောက်ပါးအရှင်သခင်။"
"အင်း။" ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်းကို ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ "ရီဖူရှင်း မူလဘုံမှာပဲ ဘာလို့ ကျင့်ကြံမနေတာလဲ။ အနောက်ဘက်လောကကို ဘာကြောင့် လာခဲ့တာလဲ။"
ရီဖူရှင်းက တစ်ဖက်လူ၏ စကားများကို ကြားသောအခါ ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ ဤဆန္ဒခြောက်ပါးအရှင်သခင်က အမှန်တကယ်ပင် သူ၏ သရုပ်မှန်ကို သိရှိပေသည်။
ထင်ထားသလိုပင် ထိုအထွတ်အထိပ် ပုဂ္ဂိုလ်များက သတင်းအနံ့ခံကောင်းလှသည်။ မူလဘုံအတွင်း မုန်တိုင်းများအလယ်တွင် အနောက်ဘက်လောက၏ လူများကိုသာလျှင် မည်သည့်နေရာမှ မမြင်ရခြင်း ဖြစ်သည်။ ထိုသည်မှာ ဗုဒ္ဓဘာသာကို လိုက်နာကျင့်သုံးသူများနှင့် သက်ဆိုင်နိုင်ပေသည်။ သို့သော် မူလဘုံမှ အဖြစ်အပျက်များကို အနောက်ဘက်လောကက အာရုံမစိုက်ဟု မဆိုလိုပေ။
ဆန္ဒခြောက်ပါးအရှင်သခင်က ထိုမေးခွန်းကို မေးလိုက်သောအခါ ရီဖူရှင်းသည် လွန်ခဲ့သော နှစ်များ၌ မူလဘုံတွင် ဖြစ်ပျက်ခဲ့သည်များကို တစ်ဖက်လူက သိနေကြောင်း နားလည်သွားခဲ့သည်။ မဟုတ်လျှင် သူက ရီဖူရှင်းကို သိလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းက ယဥ်ကျေးစွာ ပြောလိုက်၏။ ဆန္ဒခြောက်ပါးအရှင်သခင်အနေနဲ့ မူလဘုံမှာ ဖြစ်ပျက်ခဲ့တာတွေကို သိတယ်ဆိုတော့ ကျုပ် အဲဒီမှာ ဘာတွေ ရင်ဆိုင်ခဲ့ရလဲဆိုတာ သေချာပေါက် သိမှာပဲ။ အဲဒါကြောင့် ကျုပ် လာပြီး ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်တာ။ ကျုပ်အတွက် အနောက်ဘက်လောကက အမည်မသိနယ်မြေတစ်ခုဖြစ်ပြီး ဒီနေရာမှာ ရန်သူလည်း မရှိဘူး။ အဲဒါကပဲ ဘာလို့ ကျုပ် ဒီနေရာကို ရောက်လာရလဲဆိုတာပဲ။ ဒါပေမယ့် မဟာအကြီးအကဲ မော့ထျန်းရဲ့ တိုက်ခိုက်ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားမိဘူး။ ကျုပ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဖိအားပေးခံခဲ့ရတာ။ ကျုပ်ရဲ့ တိုက်ခိုက်မှုကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။" သူ့အသံက တည်ငြိမ်နေဆဲ ဖြစ်သည်။
ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်း၏ တည်ရှိမှုကို သိရှိလေရာ သူက ရီဖူရှင်းနှင့် မည်သို့ ရင်ဆိုင်လိမ့်မည်နည်း။
ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်း၏ ရှင်းပြချက်ကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ သူသည် ရီဖူရှင်း၏ စကားကို သဘောတူလိုက်သလို ထင်မှတ်ရပေသည်။ ထို့နောက် သူက ပြောလိုက်၏။ "မော့ထျန်းနဲ့ ပတ်သတ်တဲ့ အဖြစ်အပျက်အားလုံးကို ကျုပ် သိပြီးသွားပြီ။ ဒီလိုကိစ္စမျိုးက ကျင့်ကြံခြင်းလောကထဲမှာ ဖြစ်ပျက်နေကြပဲ။ မင်း မှားတာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ မင်းကို ယှဥ်နိုင်မယ့် စွမ်းရည် မရှိတဲ့ မော့ထျန်းကိုပဲ အပြစ်တင်ရုံပဲ တတ်နိုင်တယ်။"
သူက ပြောပြီးသောအခါ ရီဖူရှင်းအား အခြား ကျင့်ကြံသူများနှင့် မိတ်ဆက်ပေးလိုက်သည်။ "မင်းတို့ထဲက တချို့လူတွေ သူ့ကို ကြားဖူးပေမယ့် အများစုက သူ ဘယ်သူလဲဆိုတာ မကြားဖူးကြသေးဘူး။ သူက မူလဘုံရဲ့ အုပ်ချုပ်သူအဖြစ် ကျော်ကြားတဲ့ ထိပ်သီးအကျော်အမော် ရီဖူရှင်းပဲ။ ရီဖူရှင်းက မဟာအင်ပါယာတွေ အများကြီးရဲ့ အမွေအနှစ်တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး မဟာအင်ပါယာစီဝေ့ရဲ့ ကြယ်ကမ္ဘာကိုလည်း ဆက်ခံခဲ့တယ်။ သူက မူလဘုံရဲ့ အင်အားစုတွေကို စုစည်းခဲ့ပြီး ကောင်းကင်ဒေသရဲ့ အဓိကအုပ်ချုပ်သူတွေကိုတောင် ဆန့်ကျင်ခဲ့သေးတယ်။ ဒွန်ဟောင်အင်ပါယာနန်းတော်ကတောင် သူ့ကို လိုက်ဖမ်းရတယ်။ ကျုပ် ပြောတာ မှန်တယ်မလား။"
"ဆန္ဒခြောက်ပါးအရှင်သခင်ရဲ့ အာရုံစိုက်မှုကို ခံရတာ ဂုဏ်ယူစရာပါပဲ။" ရီဖူရှင်းက ပြောလိုက်သည်။
ဆန္ဒခြောက်ပါးအရှင်သခင်က ဆက်ပြောလိုက်သည်။ "မင်းက ကောင်းကင်ဒေသရဲ့ အမုန်းတရားကို တစ်ဖက်သတ် ရန်စခဲ့ပြီး မှော်နက်လောကနဲ့ နတ္ထိဘုံကိုပါ တစ်ချိန်တည်း ဆန့်ကျင်ခဲ့တာကြောင့် အဓိကလောကတွေရဲ့ ပြောစရာ ဖြစ်လာခဲ့တယ်။ မင်းက အရင် ကောင်းကင်ဒေသရဲ့ မဟာအင်ပါယာနှစ်ပါးထဲက တစ်ပါးဖြစ်တဲ့ မဟာအင်ပါယာရီချင်ရဲ့ ဆက်ခံသူလည်း ဖြစ်တယ်။ မင်းကို အာရုံစိုက်ဖို့ သိပ်မခက်ပါဘူး။ ဒါပေမယ့် မင်း ဆန္ဒခြောက်ပါးကောင်းကင်မှာ ပေါ်လာပြီး မော့ထျန်းကို သတ်လိုက်တာတော့ အံ့သြမိနေတုန်းပဲ။" ၎င်းသည် ရီဖူရှင်းအား မသိခဲ့သော ကျင့်ကြံသူများ၏ နှလုံးသားများကို တုန်ယင်စေခဲ့သည်။
မဟာအကြီးအကဲ မော့ထျန်းအား သတ်ဖြတ်ခဲ့သည့် ဤကျင့်ကြံသူသည် အမှန်တကယ်၌ မူလဘုံအတွင်း ထိုမျှ ခမ်းနားကြီးကျယ်သည့် အတိတ် ရှိခဲ့သည်လား။
သူက မဟာအင်ပါယာရီချင်၏ ဆက်ခံသူပေလား။
သို့ဆိုလျှင် ဒွန်ဟောင်အင်ပါယာနန်းတော်က သူ့ကို မည်သည့်အတွက် လွှတ်ပေးလိုက်ရပါသနည်း။
အနောက်ဘက်လောကမှ ကျင့်ကြံသူများသည်ပင် ကောင်းကင်ဒေသ၏ မဟာအင်ပါယာနှစ်ပါးအကြောင်းကို ကြားဖူးကြပေသည်။ ထိုမဟာအင်ပါယာနှစ်ပါးအပေါ် သူတို့၏ ထင်မြင်ချက်များက ကောင်းကင်ဒေသမှ ကျင့်ကြံသူများကဲ့သို့ နက်ရှိုင်းခြင်း မရှိရုံသာ ဖြစ်ပေသည်။
ရီဖူရှင်းက ထပ်မပြောတော့ပေ။ ဆန္ဒခြောက်ပါးအရှင်သခင်က သူ့အကြောင်း အများကြီး သိထားပေသည်။ ဆန္ဒခြောက်ပါးအရှင်သခင်၏ လုပ်ဆောင်ချက်များအရ သူက စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်ရပေမည်။ ရီဖူရှင်းက ထပ်ပြောနေရန်အတွက် အဓိပ္ပါယ်မရှိတော့သည့်အတွက် သူက နားထောင်ရန်သာ လိုအပ်ပေသည်။
"ရီဖူရှင်း မင်းက မူလဘုံမှာ ရန်သူတွေ အများကြီး ရှိခဲ့ပြီး အခု အနောက်ဘက်လောကကို ရောက်ရောက်ချင်းမှာပဲ မဟာအကြီးအကဲ မော့ထျန်းကို သတ်လိုက်တယ်။ မင်းရဲ့ လုပ်ရပ်တွေအရဆိုရင် ဘယ်နေရာကိုသွားသွား ငြိမ်းငြိမ်းချမ်းချမ်း နေရမယ့်နေရာကို ရှာတွေ့လိမ့်မှာ မဟုတ်ဘူး။" ဆန္ဒခြောက်ပါးအရှင်သခင်က ဆက်ပြောလိုက်သည်။ "မင်းက အရမ်းထူးခြားပြောင်မြောက်တဲ့ ပါရမီရှိပြီး အနာဂတ်မှာ ကြီးကြီးမားမား အောင်မြင်မှု ရလိမ့်မယ်။ မဟာအင်ပါယာရီချင်ရဲ့ အမွေအနှစ်နဲ့ပါဆိုရင် တစ်နေ့ကျ မင်း အထွတ်အထိပ်မှာ သေချာပေါက် ရပ်တည်နိုင်လိမ့်မယ်။ ဒါကြောင့် ကိုယ့်အသက်ကိုယ် ပိုပြီး တန်ဖိုးထားတာ ကောင်းမယ်။"
"အကြံပေးတာ ကျေးဇူးတင်ပါတယ် စီနီယာ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
ဆန္ဒခြောက်ပါးအရှင်သခင်က ကမ်းလှမ်းလိုက်၏။ "ကြည့်ရတာ ဆန္ဒခြောက်ပါးကောင်းကင်ကို ရောက်လာတာလဲ ကံကြမ္မာပဲ ဖြစ်မယ်။ မင်း ဘာလို့ ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်မှာ မကျင့်ကြံတာလဲ။ မင်း ကောင်းကင်နန်းတော်မှာ အချိန်တချို့နေပြီး ပြန်လည်သုံးသပ်နိုင်တယ်။ မော့ထျန်း သေခြင်းအတွက် မင်းရဲ့ အပြစ်ဒဏ်လို့ သတ်မှတ်နိုင်တာပေါ့။ မင်းသာ ကောင်းကင်နန်းတော်ကို ဝင်ဖို့ ဆန္ဒရှိရင် မင်းရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ဖို့ ကျုပ် အကောင်းဆုံး ကူညီပေးမယ်။ အနောက်ဘက်လောကထဲမှာ ကောင်းကင်ဒေသရဲ့ ဘယ်သူမှ မင်းကို နှောက်ယှက်နိုင်မှာ မဟုတ်ဘူး။ မင်း အေးအေးဆေးဆေးပဲ ကျင့်ကြံခြင်းကို အာရုံစိုက်နိုင်တယ်။"
သူက ထိုမျှအများကြီး ပြောနေပြီးနောက် အမှန်တကယ်လိုချင်သည်မှာ ရီဖူရှင်းအား ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်အတွင်း နေထိုင်၍ ကျင့်ကြံစေချင်နေသည်လား။
သို့ပေမယ့် ၎င်းက အရာအားလုံးပေလား။
ရီဖူရှင်းသည် ထိုလူက ထိုမျှ ရိုးရှင်းလိမ့်မည်ဟု မယုံကြည်ပေ။ ဆန္ဒခြောက်ပါးအရှင်သခင်သည် အမှန်တကယ် သဘောထားကြီးစွာဖြင့် သူ့ကို ကောင်းကင်နန်းတော်၌ ကျင့်ကြံရန် ကမ်းလှမ်းခဲ့သည်လား။ သူသည် ရီဖူရှင်း၏ ကျင့်ကြံခြင်းကိုပင် တိုးတက်လာအောင် ကူညီလမ်းပြပေးမည်ဟုပင် ပြောခဲ့သည်။
"ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို လက်မခံရဲပါဘူး။ ကျုပ်က ကောင်းကင်နန်းတော်ရဲ့ အကူအညီအထောက်အပံ့ကို လက်ခံဖို့ မထိုက်တန်တာကြောင့် ခင်ဗျားရဲ့ သဘောထားကြီးမှုနဲ့ ကောင်းကင်နန်းတော်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို လက်ခံရယူဖို့ မဝံ့ရဲပါဘူး။" ရီဖူရှင်းက ပြောလိုက်သည်။ သူက စမ်းသပ်နေသည့်လေသံနှင့် ပြောနေခြင်း ဖြစ်သည်။ သူသည် ဆန္ဒခြောက်ပါးအရှင်သခင်က အတိအကျ မည်သည့်အရာကို လိုချင်နေကြောင်း သိချင်ပေသည်။
ဆန္ဒခြောက်ပါးအရှင်သခင်က ရှင်းပြလိုက်သည်။ "မင်းရဲ့ ပါရမီအရည်အချင်းနဲ့ ကျင့်ကြံတဲ့ နည်းလမ်းတွေ အားလုံးက ရတနာတွေချည်းပဲ။ မင်း ကျင့်ကြံနေတုန်း ကောင်းကင်နန်းတော်ရဲ့ ကျင့်ကြံသူတွေကိုပါ မင်းနဲ့အတူ တိုးတက်လာအောင် ကူညီပေးနိုင်တယ်။ ဒီကနေ အကျိုးကျေးဇူး အများကြီး ရနိုင်တယ်။ မင်းရဲ့ အရင်းအမြစ်တွေကို ကျုပ်တို့နဲ့ ဝေမျှဖို့ ဆန္ဒရှိမယ်ဆိုရင် တစ်နေ့မှာ မင်းက အကြွင်းမဲ့ ဖြစ်တည်မှုတစ်ခုဖြစ်လာမယ်လို့ ယုံကြည်တယ်။ အဲဒီအချိန်ရောက်ရင် မဟာအင်ပါယာကလွဲပြီး ဘယ်သူမှ မင်းကို ဆန့်ကျင်နိုင်မှာ မဟုတ်ဘူး။" သူ့အသံက တည်ငြိမ်နေပြီး အနည်းငယ်မျှ လှုပ်ခတ်နေခြင်း မရှိပေ။ သူက အလွန် ရိုးရှင်းလှသော ကိစ္စတစ်ခုကို ရှင်းပြနေသလို ထင်မှတ်ရပေသည်။
ရီဖူရှင်းက ထိုစကားကို ကြားသည့်အခါ သူ၏ ကျောရိုးတလျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရပေသည်။ ယခင်က သူသည် မဟာအကြီးအကဲ မော့ထျန်း၏ စွမ်းရည်ကို ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သည်။ ဆန္ဒခြောက်ပါးအရှင်သခင်နှင့် ယှဥ်လျှင် မဟာအကြီးအကဲ မော့ထျန်း၏ နည်းလမ်းများက ချို့ယွင်းချက်ရှိနေသေးပေသည်။
မဟာအကြီးအကဲ မော့ထျန်းက အနည်းဆုံး ရီဖူရှင်းထံမှ တိုက်ရိုက် လုယက်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်။ ဆန္ဒခြောက်ပါးအရှင်သခင်အနေနှင့် သူသည် ရီဖူရှင်း ကောင်းကင်နန်းတော်သို့ ရောက်စဥ်ကတည်းက အလွန်အမင်း ယဥ်ကျေးနေခဲ့သည်။ သူက သဘောထားပြည့်ဝစွာဖြင့် ရီဖူရှင်းအား ချီးကျူးခဲ့ပြီး သူ့ကို အကာအကွယ်ပေးကာ ကောင်းကင်နန်းတော်တွင် ကျင့်ကြံခွင့်ပြုခဲ့သည်။
သို့သော် ဆန္ဒခြောက်ပါးအရှင်သခင်က မဟာအင်ပါယာရှန်ကျား ရုပ်ကြွင်းကဲ့သို့သော နတ်ရတနာတစ်ခုနှစ်ခုကိုသာ လိုချင်နေခြင်း မဟုတ်ပေ။ သူက ရီဖူရှင်း ပိုင်ဆိုင်ထားသည့် အရာအားလုံးကို လိုချင်နေခြင်း ဖြစ်သည်။ သူသည် သူ၏ လူများအား ခွန်အားတိုးတက်လာအောင် ရီဖူရှင်း ပိုင်ဆိုင်ထားသည့် အရာအားလုံးကို အသုံးပြုစေချင်နေခြင်း ဖြစ်သည်။
ဤသည်က လုယက်ခြင်း၏ ပြီးပြည့်စုံသော စကားလုံး အဓိပ္ပါယ်ပင် ဖြစ်သည်။ ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်း၏ ကျင့်ကြံခြင်းနည်းစနစ်များနှင့် မဟာအင်ပါယာများ၏ အမွေအနှစ်များကို ရယူချင်နေပေသည်။ ထိုသည်မှာ ဆန္ဒခြောက်ပါးအရှင်သခင်က ရီဖူရှင်းထံ၌ ရှိသမျှ အရာအားလုံးကို သိရှိထားသည့်အတွက်ကြောင့် လိုချင်နေခြင်း ဖြစ်သည်။
ဆန္ဒခြောက်ပါးအရှင်သခင်အတွက် ၎င်းတို့အား ဖိအားပေးရယူလိုက်၍ ရပေသည်။ သူ၏ မျက်လုံးထဲတွင် သူက ရီဖူရှင်းကို အကူအညီပေးရန် စီစဥ်ခြင်းက နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဟု ယုံကြည်ထားသည်။ ကြည့်ရသည်မှာ သူသည် ရီဖူရှင်းက သူ့ကို ကျေးဇူးတင်ပြီး သူပိုင်ဆိုင်သမျှ အရာအားလုံးကို အသုံးပြုကာ လိုလိုလားလား အညံ့ခံလိမ့်မည်ဟု တွေးထင်ထားပုံရသည်။
၎င်းက အရှက်မဲ့သည်ထက် ပိုပေသည်။ ဆန္ဒခြောက်ပါးအရှင်သခင်က အရှက်မဲ့သည်ထက်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အမြင်အရ ၎င်းက ဖြောင့်မတ်မှန်ကန်နေခဲ့သည်။