မနှစ်မြို့ခြင်းခံရပြီလား
Vol. 14 Ch. 321
တကယ်တမ်း နောက်ကွယ်တွင် ဧကရာဇ်ယန်က ပံ့ပိုးနေခဲ့တယ်ပေါ့။
ဟားဟားဟား၊ နိုင်ငံတစ်နိုင်ငံရဲ့ဘုရင်တစ်ပါးက ကျွန်လုပ်ငန်းကို လုပ်ကိုင်တယ်ဆိုတာ တကယ်ကို…
နောက်ကွယ်တွင် အမြဲတမ်း ပုန်းကွယ်နေသည်မှာ အံ့ဩစရာမရှိ၊ ဒီလိုကိစ္စမျိုးက အလင်းရောင်ထဲ ထွက်ခွင့်ရှိပါ့မလား။
"ဒါဆိုရင် ကျိုးလောင်စန်းဘက်က…" လီရှောင်သည် အန်းယန်ဝမ်အား လျင်မြန်စွာ မေးလိုက်သည်။
အမှန်တရားကို သိရှိပြီးနောက် ချီဝူတပ်ကို ပြန်လည်ခေါ်ဆောင်သည့်ကိစ္စတွင် သူသည် ကျိုးကုန်သွယ်ရေးလုပ်ငန်း၏ အကူအညီကို တောင်းခံရဲခြင်းမရှိတော့ပေ။
ယခု သူ စိုးရိမ်သည်မှာ မိမိဇနီးသည် ကျိုးလောင်စန်းနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းပင် ဖြစ်သည်။
ကျိုးလောင်စန်းသည် ယခု ငရုတ်သီးလုပ်ငန်းကို အပေါ်သို့ သတင်းမပို့ခြင်းမှာ လာမည့်နှစ်တွင် ငရုတ်သီးထုတ်ကုန်များ ထွက်ပေါ်လာပြီး အောင်မြင်မှုရရှိမှ အဓိကမျိုးဆက်ထံ ဂုဏ်ယူဝံ့ကြွားရန် စောင့်ဆိုင်းနေခြင်းကြောင့် ဖြစ်သည်။
သို့သော် ချီဝူတပ် ပြန်ရောက်လာသောအခါ ကျိုးလောင်စန်းသည် သူတို့၏ မျက်စိရှေ့တွင် ရှိနေသဖြင့် မကြာမီ ပုံမှန်မဟုတ်သောအခြေအနေကို သတိပြုမိပေလိမ့်မည်။
ထိုအခါကျလျှင် ဘေးအန္တရာယ်ပင် ဖြစ်ပေလိမ့်မည်။
"စစ်သူကြီးငယ် အလျင်မလိုပါနဲ့၊ ကျိုးကုန်သွယ်ရေးလုပ်ငန်းရဲ့ လမ်းကြောင်းကို ကျွန်တော်တို့ လုံးဝ စွန့်လွှတ်စရာမလိုပါဘူး" လျန်ယွီသည် ပြောလိုက်သည်။
လီရှောင် ကြောင်အသွား၏။
လျန်ယွီသည် ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။ "ကျွန်တော်တို့ မြို့တော်ကနေ မထွက်ခွာခင် ရရှိတဲ့သတင်းအရ ကျိုးကျိမျိုးဆက်က နောက်တစ်ကြိမ် ဖယ်ကျဉ်ခြင်းခံရတယ်၊ ကျွန်တော်တို့ မထွက်ခွာခင်မှာ ကျိုးကျိက မိသားစုဝင်အားလုံးကို ခေါ်ဆောင်ပြီး မြို့တော်ကနေ ထွက်ခွာသွားပြီ"
"ဦးတည်ရာက အန်းယန်ခရိုင်ပဲ"
လင်းရှောင်ယွဲ့၏ စိတ်ထဲတွင် လှုပ်ရှားသွား၏။
"အန်းယန်ခရိုင်က ကျွန်ရောင်းဝယ်ရေးလုပ်ငန်းကို အရင်က ကျိုးကျိမျိုးဆက်ကပဲ စီမံခန့်ခွဲခဲ့တာ၊ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တယ်၊ ကျိုးမိသားစုရဲ့ အဓိကမျိုးဆက်ဘက်က လုယူချင်ရင်တောင် လုယူဖို့ အရမ်းခက်တယ်။ ပြီးတော့ ကျိုးကျိက ကျိုးမိသားစုရဲ့ အိမ်တော်သခင် ကျိုးရွှမ်ရဲ့ ညီအရင်းပဲ၊ ကျိုးရွှမ်က ကျိုးကျိကို လက်လွန်ရင်တောင် အရမ်းပြင်းပြင်းထန်ထန် လုပ်မှာမဟုတ်ဘူး၊ ကျိုးမျိုးဆက်ဝင်တွေရဲ့ စိတ်ကို အေးစက်သွားမှာကို စိုးရိမ်လို့ပဲ၊ ဒါကြောင့် အဓိကမျိုးဆက်ဘက်က အန်းယန်ခရိုင်က ကျိုးကျိရဲ့ အင်အားကို ထိပါးနိုင်ခြေမများဘူး။ ဒီလိုဆိုရင် ကျွန်တော်တို့က ကျိုးကျိကို ဆွဲဆောင်ပြီး ကျွန်တော်တို့အတွက် အသုံးချလို့ရတယ်၊ မဖြစ်နိုင်တာ မဟုတ်ဘူး"
လင်းရှောင်ယွဲ့ ကြောင်အသွား၏။
တတိယသခင်လေးကျိုးက သူမနှင့် ဤမျှများပြားသော ဆိုင်ခွဲများကို လုပ်ငန်းတွဲဖက်လုပ်ကိုင်သည်မှာ အံ့ဩစရာမရှိပေ။ အမှန်တော့၊ သူတို့မိသားစု မြို့တော်မှ နှင်ထုတ်ခံရပြီး အန်းယန်ခရိုင်သို့ အခြေချရန် လာရောက်ခြင်းဖြစ်သည်။
ကျိုးမိသားစု၏ ကျွန်လုပ်ငန်းမှာ ဧကရာဇ်ယန်ပိုင်ဆိုင်သည်ဖြစ်ရာ ရှာဖွေရရှိသောငွေအများစုမှာ သဘာဝအတိုင်း ထုတ်ယူခြင်းခံရပေလိမ့်မည်။
ထို့ပြင် သူတို့မျိုးဆက်မှာ မျက်နှာသာမရသဖြင့် ထုတ်ယူခြင်းခံရသောငွေမှာ ပိုမိုများပြားပေလိမ့်မည်၊ ဤသို့ဆိုလျှင် တတိယသခင်လေးကျိုး၏ မိသားစုမှာ အများစုမှာ အပေါ်ယံတွင်သာ တောက်ပပြီး အတွင်း၌ အခေါင်းပေါက်ဖြစ်နေသော အခွံတစ်ခုသာ ဖြစ်ပေလိမ့်မည်။
"ပြီးတော့ ကျိုးကျိရှိနေရင် ကျွန်မတို့ ပိုပြီးလုံခြုံတယ်" လင်းရှောင်ယွဲ့သည် စကားတစ်ခွန်း ဝင်ပြောလိုက်သည်။
တစ်ချိန်တည်းတွင် လူတိုင်းသည် လင်းရှောင်ယွဲ့အား ကြည့်လိုက်ကြသည်။
အန်းယန်ဝမ်၏ မျက်လုံးများတွင် အနည်းငယ် စိတ်ဝင်စားဟန် ပါဝင်နေပြီး လျန်ယွီသည်လည်း ပြုံးနေကာ အပြစ်တင်ခြင်း လုံးဝမရှိပေ။
လင်းရှောင်ယွဲ့သည်လည်း ရှက်ရွံ့ခြင်းမရှိဘဲ သူတို့ကို ကြည့်ခိုင်းလိုက်သည်။
"အန်းယန်ခရိုင်မှာ ဝမ်ရယ်က အဆုံးအဖြတ်ပေးတယ်၊ အဓိကမျိုးဆက်နဲ့ ကွဲပြားမှုမရှိရင်တောင် ဝမ်ရယ်က ဆွဲဆောင်ရင် ကျိုးကျိက မမိုက်မဲရင် စဉ်းစားမှာပဲ။ ပိုဆိုးတာက အဓိကမျိုးဆက်ဘက်က ကျိုးကျိအပေါ် အမြင်မကြည်လင်ဘူး၊ ဒီအချိန်မှာ ကျွန်မသာ ကျိုးကျိဆိုရင် ဝမ်ရယ်ရဲ့ ဒီအင်အားကြီးမားတဲ့ ရွှေပေါင်ကို ဖက်ထားမှာပဲ"
ဤစကားထွက်လာသောအခါ အားလုံးသည် အန်းယန်ဝမ်၏… ပေါင်တံကို ကြည့်လိုက်ကြသည်။
အန်းယန်ဝမ်၏ မျက်နှာသည် အနည်းငယ် တောင့်တင်းသွားပြီး သူသည်လည်း မနေနိုင်ဘဲ ခေါင်းငုံ့ကြည့်လိုက်သည်။
လီရှောင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်သောအခါ လင်းရှောင်ယွဲ့သည် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး အလျင်အမြန် ရှင်းပြလိုက်သည်။
"အဟမ်း၊ ကျွန်မက ဥပမာပေးတာပါ"
"ဟားဟားဟား…" အန်းယန်ဝမ်သည် ရယ်မောလိုက်သည်။
ဤအပြုံးသည် ရှက်ရွံ့မှုကို ချက်ချင်း ဖြေလျှော့ပေးလိုက်သည်။
"သခင်မလေးလင်း ပြောတာကောင်းတယ်၊ ကျိုးကျိဆိုတဲ့လူက လုံလောက်အောင် ဉာဏ်ကောင်းရင် ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိမှာပဲ" သူသည် အနည်းငယ် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
လင်းရှောင်ယွဲ့၏ မျက်နှာတွင်လည်း အပြုံးတစ်ခု ပေါ်လာသည်။
"ဒီလိုဆိုရင် ကျိုးကုန်သွယ်ရေးလုပ်ငန်းရဲ့ ကိစ္စကို ဝမ်ရယ်ကို ဒုက္ခပေးရပါပြီ" သူမသည် အန်းယန်ဝမ်အား အရိုအသေပေးလိုက်သည်။
အန်းယန်ဝမ်သည် လင်းရှောင်ယွဲ့အား ပြုံးရင်း တစ်ချက်ကြည့်ပြီးနောက် လျန်ယွီအား ကြည့်လိုက်သည်။
ထိုအခါမှ လျန်ယွီသည် လင်းရှောင်ယွဲ့အား ပြောလိုက်သည်။ "ကျိုးကျိကို ဆွဲဆောင်ဖို့ ပြဿနာကြီးမဟုတ်ဘူး၊ ဒါပေမဲ့ ကျိုးကျိရဲ့အင်အားက အခု ကျုံ့သွားပြီ၊ အန်းယန်ခရိုင်ကို ထိန်းချုပ်တာကတော့ ရတယ်၊ တခြားနေရာတွေအတွက်တော့ လုပ်နိုင်တာက ကန့်သတ်နိုင်တယ်"
"ကိစ္စမရှိဘူး၊ အန်းယန်ခရိုင်ကို ထိန်းချုပ်နိုင်ရင် ကျွန်မတို့အတွက် ကြီးမားတဲ့အကူအညီဖြစ်နေပြီ။ အန်းယန်ခရိုင်ရဲ့ အစည်ကားဆုံးခရိုင်က နန်အန်းခရိုင်ပဲ၊ ဒါက နန်အန်းခရိုင်က မြစ်ရှည်ဘေးမှာ ရှိနေပြီး အန်းယန်ခရိုင်ရဲ့ တောင်မြောက်ဆက်သွယ်ရေးဗဟိုချက်ဖြစ်လို့ပဲ။ ကျွန်မ ရရှိတဲ့သတင်းအရ ကျိုးကုန်သွယ်ရေးလုပ်ငန်းက အန်းယန်ခရိုင်နဲ့ ပတ်ဝန်းကျင်ခရိုင်တွေမှာ အချိန်မီမရောင်းချနိုင်တဲ့ ကျွန်တွေကို နန်အန်းခရိုင်မှာ စုစည်းပို့ဆောင်တယ်၊ ရောင်းချတာဖြစ်ဖြစ်၊ လွှဲပြောင်းတာဖြစ်ဖြစ်။ အဲ့ထဲမှာ ရေလမ်းနဲ့ပတ်သက်ရင် နန်အန်းခရိုင်က မြစ်ရှည်ရဲ့ အောက်ပိုင်းမှာ ရှိနေတဲ့အတွက် အပေါ်ပိုင်းမြို့တွေက ကျွန်တွေအတွက် အကောင်းဆုံးရောင်းချရာနေရာဖြစ်တယ်။
ဒါကြောင့် ကျွန်မ စဉ်းစားနေတာက ချီဝူတပ်က ကျိုးကုန်သွယ်ရေးလုပ်ငန်းရဲ့ မြစ်ရှည်အပေါ်ပိုင်းက ကျွန်အဖွဲ့ထဲကို ရောနှောဝင်ရောက်နိုင်ရင် အဲ့လမ်းကြောင်းအတိုင်း မြစ်အောက်ကို စုန်ဆင်းလာရင် နန်အန်းခရိုင်ကို ရောက်ရှိနိုင်ခြေ အရမ်းများတယ်"
လမ်းခရီးတွင် ရောင်းချခြင်းမခံရအောင် ရှောင်ရှားရန် နည်းလမ်းများမှာ အမှန်တကယ်တွင် များပြားလှသည်။
ဥပမာအားဖြင့် လီရှောင်သည် အလွန်အတွေ့အကြုံရှိသည်။
လင်းရှောင်ယွဲ့သည် တွေးရင်း လီရှောင်အား ကြည့်လိုက်သည်။
လီရှောင်သည် ဇနီးအား အကြည့်တစ်ချက် ပြန်ပေးပြီး အန်းယန်ဝမ်အား လက်နှစ်ဖက်ယှက်လိုက်သည်။
ထို့နောက် သူသည် ယခင်က သူနှင့် ရှောင်ချင်တို့ ကျိုးကုန်သွယ်ရေးလုပ်ငန်း၏ ကျွန်အဖွဲ့ထဲသို့ ရောနှောဝင်ရောက်ခဲ့သည့်ကိစ္စကို ပြောပြလိုက်သည်။
ကျိုးကုန်သွယ်ရေးလုပ်ငန်းသည် ကျွန်များကို လက်ခံရာတွင် ကိုယ်ရေးအချက်အလက်စာချုပ်သာ ချုပ်ဆိုပြီး အစိုးရရုံးသို့ မှတ်ပုံတင်ရန် မပို့ဆောင်ပေ။
ကိုယ်ရေးအချက်အလက်စာချုပ်သည် လူနှင့်အတူ လိုက်ပါသွားမည်ဖြစ်ပြီး နေရာသို့ရောက်သောအခါ ဝယ်သူရှိပါက လူနှင့်ကိုယ်ရေးအချက်အလက်စာချုပ်ကို ဝယ်သူထံ အတူတကွ ပေးအပ်မည်ဖြစ်သည်။ ဝယ်သူသည် ကိုယ်ရေးအချက်အလက်စာချုပ်ကို ရရှိပြီးနောက် အစိုးရရုံးသို့ မိမိဘာသာ မှတ်ပုံတင်နိုင်သည်။
ဤသို့ဆိုလျှင် လူသည် အမှန်တကယ် ကျွန်ဘဝသို့ ဝင်ရောက်မည်လားဆိုသည်မှာ ဝယ်သူကပင် ဆုံးဖြတ်သည်။
ဆိုလိုသည်မှာ ချီဝူတပ်သည် ကျိုးကုန်သွယ်ရေးလုပ်ငန်း၏ ကျွန်များသယ်ယူပို့ဆောင်သည့်လမ်းကြောင်းကို အသုံးပြု၍ နန်အန်းခရိုင်သို့ ရောက်ရှိလျှင် လုံးဝနီးပါး မည်သူမျှ မသိရှိအောင် လုပ်ဆောင်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် အမည်တုကို အသုံးပြုနိုင်သဖြင့် ထိုအခါ ကျိုးကုန်သွယ်ရေးလုပ်ငန်း၏ စာရင်းစာအုပ်များတွင် ထင်ဟပ်လာမည်မှာ များပြားလှသော အရွယ်ရောက်ပြီးသူကျွန်များ နန်အန်းခရိုင်သို့ ရောက်ရှိလာသည်ဟုသာ ဖြစ်သည်။
သို့သော် ချီဝူတပ်ကို အသုတ်လိုက်စီစဉ်ပြီး ရောက်ရှိမည့်အချိန်ကို ဆွဲဆန့်လိုက်လျှင်....
ထို့ပြင် နန်အန်းခရိုင်သည် မူလကတည်းက လွှဲပြောင်းရေးစခန်းကြီးတစ်ခုဖြစ်ပြီး ကျိုးကျိက ထပ်မံစီစဉ်လိုက်လျှင် ဤပုံမှန်မဟုတ်သောအခြေအနေများအားလုံးကို သန့်ရှင်းစွာ ဖုံးကွယ်နိုင်ပေသည်။
လီရှောင် ပြောပြီးနောက် လင်းရှောင်ယွဲ့သည် သူမ၏စိတ်ကူးများကို ပြောပြလိုက်သည်။
အားလုံးသည် နားထောင်ပြီးနောက် အလွန်အမင်း အံ့ဩသွားကြသည်။
အန်းယန်ဝမ်သည် လင်းရှောင်ယွဲ့အား ကြည့်သောအကြည့်များတွင် လေးစားမှုအချို့ ပါဝင်လာသည်။
"ဒီလိုဆိုရင် ချီဝူတပ်ကို ပြန်လည်ဆုတ်ခွာတဲ့အစီအစဉ်က ပြီးပြည့်စုံသွားပြီ" လျန်ယွီသည် အံ့ဩစွာ ပြောလိုက်သည်။
"မပြီးပြည့်စုံသေးဘူး" လင်းရှောင်ယွဲ့သည် ရုတ်တရက် ပြောလိုက်သည်။
အားလုံးသည် လင်းရှောင်ယွဲ့အား ကြည့်လိုက်ကြသည်။
လင်းရှောင်ယွဲ့သည် အန်းယန်ဝမ်အား လက်နှစ်ဖက်ယှက်လိုက်သည်ကို တွေ့ရှိလိုက်ရသည်။
"ကျိုးမိသားစုရဲ့ ကျွန်လုပ်ငန်းက ဧကရာဇ်ပိုင်ဆိုင်တာဆိုတော့ ကျွန်၆၀၀၀ရဲ့ ရွေးနုတ်ကြေးကတော့ ချွေတာလို့မရဘူး"
ကျိုးကျိကို အဓိကထားပြီး ဤလူ၆၀၀၀ကို သူတို့အား ပေးအပ်ရန် မခက်ခဲပေ၊ ခက်ခဲသည်မှာ ကျွန်များကို ဝယ်ယူသည့်ဤငွေကို သူတို့ ဖြည့်ဆည်းပေးရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤငွေများအများစုမှာ ဧကရာဇ်ယန်က သိမ်းယူသွားမည်ဖြစ်သောကြောင့် ဖြစ်သည်။ ဤဆုံးရှုံးမှုများကို ကျိုးကျိက မတတ်နိုင် သို့မဟုတ် တတ်နိုင်လိုမည်မဟုတ်ပေ။
ငွေတောင်းသည်ကို ကြားသောအခါ အန်းယန်ဝမ်၏ အမူအရာသည် ချက်ချင်းပင် ရှောင်တိမ်းသွားသည်။
အရွယ်ရောက်ပြီးသူကျွန်များမှာ ဈေးမပေါလှပေ၊ ၆၀၀၀ ဆိုလျှင် သူ တွက်ချက်ရန်ပင် စိတ်မရှည်တော့ပေ။
လျန်ယွီ၏မျက်နှာမှာလည်း အနည်းငယ် မကောင်းမွန်ပေ။
"အရွယ်ရောက်ပြီးသူကျွန်တစ်ယောက်ကို ငွေစ ၂၀ကနေ ၃၀လောက် ပေးရတယ်၊ ၆၀၀၀ကို တွက်လိုက်ရင်…" ဟု နောက်ဆက်တွဲစကားများကို လျန်ယွီ မပြောတော့ပေ။
ဝမ်ရယ်သည် အန်းယန်ခရိုင်သို့ ရောက်ခါစဖြစ်ပြီး နောက်ပိုင်းတွင် နေရာတိုင်းတွင် ငွေသုံးစွဲရမည်ဖြစ်သည်။
တစ်သိန်းကျော်သောငွေကို ဤနေရာတွင် သုံးစွဲလိုက်လျှင် သူတို့၏လက်ထဲမှ သုံးစရာကြပ်သွားပေလိမ့်မည်။
ထို့ပြင် လူများပြန်ရောက်လာလျှင် မွေးမြူရဦးမည်၊ အသုံးစရိတ်မှာလည်း မနည်းလှပေ…
"ငွေစ ၂၀၊ ၃၀ မလိုပါဘူး" လင်းရှောင်ယွဲ့သည် လျန်ယွီအား ကြည့်လိုက်သည်။
လျန်ယွီ နားမလည်သည်ကို မြင်သောအခါ သူမသည် ရှင်းပြလိုက်သည်။ "လျန်ကုန်သွယ်ရေးလုပ်ငန်းက လူတွေကို စီစဉ်ပြီး ချီဝူတပ်ကို ရောင်းချခိုင်းပါ၊ ဒီလိုဆိုရင် အရင်းအနှီးအနည်းငယ် ပြန်ရနိုင်တယ်"
လျန်ယွီသည် ကြောင်အသွားပြီး ရယ်မောမိတော့မလို ဖြစ်သွားသည်။
"ဟုတ်တယ်၊ တစ်ယောက်ကို ငွေ၄၊ ၅စလောက် ရောင်းလို့ရတယ်"
မူလက မျှော်လင့်ချက်ပေါ်လာသော အန်းယန်ဝမ်၏ မျက်လုံးများမှာ နောက်တစ်ကြိမ် စိတ်ပျက်အားငယ်သွားသည်။
ဤသို့စီစဉ်လျှင် အမှန်တကယ်ပင် ငွေစ ၂၀၀၀၀ ချွေတာနိုင်သည်၊ သို့သော် စုစုပေါင်းအသုံးစရိတ်မှာ တစ်သိန်းကျော်နေသေးသည်။
"တခြားဖြစ်နိုင်တဲ့နည်းလမ်း ရှိသေးလား" အန်းယန်ဝမ်သည် အခက်တွေ့ဟန်ဖြင့် မေးလိုက်သည်။
အားလုံးသည် တိတ်ဆိတ်နေကြသည်။
"ရှိတယ်" ရုတ်တရက် လင်းရှောင်ယွဲ့သည် အန်းယန်ဝမ်အား လက်နှစ်ဖက်ယှက်လိုက်သည်။
"သခင်မလေးလင်း၊ အမြန်ပြောပါ" အန်းယန်ဝမ်၏ မျက်နှာသည် ဝင်းပသွားပြီး အလျင်အမြန် ပြောလိုက်သည်။
ဘေးမှ လီရှောင်သည်လည်း လင်းရှောင်ယွဲ့အား အံ့ဩစွာ ကြည့်လိုက်သည်။
သို့သော် လင်းရှောင်ယွဲ့သည် ခါးသီးစွာ ပြုံးလိုက်သည်ကို တွေ့ရှိလိုက်ရသည်။
"ငွေမသုံးချင်ရင်တော့ ချီဝူတပ်ကို ကိုယ့်ဘာသာကိုယ် နည်းလမ်းရှာပြီး စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းပြီး အန်းယန်ခရိုင်ကို ကိုယ့်ဘာသာကိုယ် ပြန်လာခိုင်းရုံပဲ"
လင်းရှောင်ယွဲ့သည် အန်းယန်ဝမ်အား ကြည့်လိုက်ပြီး "ဒါပေမဲ့ ဒီလိုဆိုရင် သူတို့ရဲ့ သွားလာလှုပ်ရှားမှုကို ဖော်ထုတ်ခံရနိုင်ခြေရှိတယ်၊ အဲ့ဒီအခါကျရင် ချီဝူတပ်ရဲ့ ဦးတည်ရာက အန်းယန်ခရိုင်ဖြစ်တယ်ဆိုတာကို တွေ့ရှိသွားရင် စိုးရိမ်ရတယ်…" နောက်ဆက်တွဲစကားများကို လင်းရှောင်ယွဲ့ မပြောတော့ပေ။
အန်းယန်ဝမ်၏မျက်နှာသည် ပြောင်းလဲသွားပြီး လင်းရှောင်ယွဲ့အား ကြည့်သောအကြည့်များမှာ ချက်ချင်းပင် မကျေမနပ်ဖြစ်သွားသည်။
လင်းရှောင်ယွဲ့သည် အလျင်အမြန် ခေါင်းငုံ့လိုက်သည်။ ထိုစကားမှာ အန်းယန်ဝမ်ကို ထမင်နှိုးစွရန်ဖြစ်သည်။
စွန့်စားမှုနည်းနည်းဖြင့် ကိစ္စကို ပြီးမြောက်လိုပြီး ငွေလည်း မသုံးချင်၊ ထိုမျှ ကောင်းမွန်သောကိစ္စ ဘယ်မှာများရှိမှာလဲ။
ချီဝူတပ်ကို သင့်အတွက် အသက်စွန့်ခိုင်းလိုလျှင် ပေးသင့်သည့်အရင်းအနှီးကို ချွေတာရန် မစဉ်းစားနေနဲ့။
ဧကရာဇ်ယန်က လူပို့ဆောင်ပေးနေပြီလေ၊ ဒါကို ရှင်က ငွေနည်းနည်းတောင် မစိုက်ချင်ဘူးလား။
လီရှောင်သည် အခြေအနေကို မြင်သောအခါ ရှေ့သို့တစ်လှမ်းတိုးပြီး လင်းရှောင်ယွဲ့ကို နောက်ကွယ်တွင် ကာကွယ်လိုက်သည်။
"ဝမ်ရယ် ခွင့်လွှတ်တော်မူပါ…"
သူသည် လင်းရှောင်ယွဲ့အတွက် စကားပြောမည်ကြံရွယ်စဉ်မှာပင် အန်းယန်ဝမ်က လက်ထောင်ပြီး သူ့ကို ဆက်မပြောရန် တားဆီးလိုက်သည်။
"သခင်မလေးလင်း ပြောတာ အကျိုးအကြောင်းဆီလျော်တယ်၊ ဒီငွေကို ချွေတာလို့မဖြစ်ဘူး"
လီရှောင်၏မျက်လုံးများ လှုပ်ရှားသွား၏။
"ဒီအရပ်သားက ချီဝူတပ်ကိုယ်စား ဝမ်ရယ်ကို ကျေးဇူးတင်ပါတယ်" ဒူးတစ်ဖက်ထောက်၍ အန်းယန်ဝမ်ကို အရိုအသေပေးလိုက်သည်။
အန်းယန်ဝမ်၏ မျက်နှာသည် ပြောင်းလဲသွားပြီး အလျင်အမြန် ထရပ်ကာ လူကို ထူမလိုက်သည်။
"ညီလေးလီရှောင် အားနာစရာမလိုပါဘူး၊ ဒါတွေအားလုံးက ငါလုပ်သင့်တဲ့ကိစ္စတွေပါ" သူသည် လီရှောင်အား ကြည်နူးစွာ ပြောလိုက်သည်။
ထိုအခါမှ လီရှောင်သည် ထရပ်လိုက်သည်။
"ဝမ်ရယ်ရဲ့ ကြီးမားတဲ့ကျေးဇူးကို ချီဝူတပ်တစ်တပ်လုံးက တစ်သက်မမေ့နိုင်ပါဘူး"
အန်းယန်ဝမ်လည်း ပြုံးလိုက်သည်။ ထို့နောက် သူသည် လျန်ယွီအား ကြည့်လိုက်သည်။
"ညီလေးယွီ" ဟု သူသည် စကားစလိုက်သည်။
"ပြောပါ ဝမ်ရယ်" လျန်ယွီသည် လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်သည်။
"ဒီကိစ္စကို မင်းကို အပ်တယ်" ဟု အန်းယန်ဝမ်သည် လေးနက်စွာ ပြောလိုက်သည်။
လျန်ယွီ၏ ခေါင်းငုံ့ထားသောမျက်နှာတွင် ခါးသီးမှုတစ်ချက် ဖြတ်ပြေးသွားပြီး "ဟုတ်ကဲ့" ဟု အဖြေပေးလိုက်သည်။
ယခုအချိန်တွင် အခြေအနေအရပ်ရပ်အတွက်ဖြစ်စေ၊ ဝမ်ရယ်၏မျက်နှာအတွက်ဖြစ်စေ ဤတစ်သိန်းကျော်သောငွေကို သူ ထုတ်ပေးရပေမည်။
လီရှောင်သည် လျန်ယွီအား အလျင်အမြန် ထပ်မံကျေးဇူးတင်စကား ဆိုလိုက်သည်။
လျန်ယွီ၏ စိတ်ထဲတွင် ခါးသီးနေသော်လည်း မျက်နှာတွင်မူ လီရှောင်အား အားမနာရန် ပြုံးရင်း ပြောဆိုရသည်။
လင်းရှောင်ယွဲ့သည်လည်း အလွန်ပျော်ရွှင်သည်။
"ဒီလိုဆိုရင် ချီဝူတပ် ပြန်လာနိုင်ပြီ။ ဝမ်ရယ်ကို ဂုဏ်ပြုပါတယ်၊ ထူးချွန်တဲ့စစ်သည်တွေနဲ့ စစ်သူကြီးတွေကို ရရှိတော့မှာပါ" လင်းရှောင်ယွဲ့သည် ပြုံးရင်း အန်းယန်ဝမ်အား ဂုဏ်ပြုလိုက်သည်။
အန်းယန်ဝမ် ကြောင်အသွား၏။ ထို့နောက် သူက"ဟားဟားဟား…" ဟု ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ငွေသုံးစွဲရသည်မှာ စိတ်မကောင်းဖြစ်သော်လည်း ဤတစ်ကြိမ်တွင် ချီဝူတပ်အပေါ် ကျေးဇူးပြုခြင်းဖြင့် ဤလူ၆၀၀၀၏ စိတ်ကို ဆွဲဆောင်နိုင်ခြင်းမှာလည်း ကောင်းမွန်သောကိစ္စတစ်ခုပင် ဖြစ်သည်။
လင်းရှောင်ယွဲ့သည် သတိဖြင့် မော့ကြည့်ပြီး ပျော်ရွှင်စွာ ရယ်မောနေသော အန်းယန်ဝမ်ကို ကြည့်လိုက်သည်။
အန်းယန်ဝမ် အမှန်တကယ်ပင် ဒေါသမထွက်တော့သည်ကို မြင်သောအခါ သူမသည် ဆက်လက်စကားစလိုက်သည်။
"လူတွေ ပြန်ရောက်လာရင် နောက်ပိုင်းမှာ နေရာချထားရေးပြဿနာ ရှိသေးတယ်"
ဤစကားထွက်လာသောအခါ အန်းယန်ဝမ်၏ မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်းပင် တောင့်တင်းသွားပြီးနောက် ပျောက်ကွယ်သွားသည်။
လျန်ယွီသည်လည်း လင်းရှောင်ယွဲ့အား တင်းမာစွာ ကြည့်လိုက်သည်။
သူ သိသည်၊ သခင်မလေးလင်း၏ ခုနကကောင်းမွန်သောစကားများမှာ မပြည့်စုံသေးဘဲ နောက်ကွယ်တွင် အကွက်ဆင်ထားသည်ကို သိရှိသည်။
တကယ့်အစစ်အမှန်က အခုမှလာတာပဲ။
အန်းယန်ဝမ်၏ မကျေမနပ်အကြည့်ကို ရင်ဆိုင်ရင်း လင်းရှောင်ယွဲ့၏ မျက်နှာသည် လျင်မြန်စွာ ခါးသီးသွားသည်။
"ဝမ်ရယ်၊ ဒီမောင်းမတော်တို့က ချီဝူတပ်ကို မမွေးမြူချင်တာ မဟုတ်ပါဘူး၊ တကယ်တော့…
စစ်သူကြီးအိမ်တော် ဒုက္ခရောက်ပြီးနောက် နန်ကုန်းမိသားစုရဲ့ လုပ်ငန်းတွေအားလုံး သိမ်းဆည်းခံရတယ်။ ဒီမောင်းမတော်က အမျိုးသမီးငယ်တစ်ယောက်၊ ခင်ပွန်းတစ်ယောက်ကို အိမ်ခေါ်လာတာက အိမ်နီးချင်းတွေရဲ့ အနိုင်ကျင့်မှုကို မခံရဖို့အတွက်ပဲ၊ သူ့မှာ ဒီလောက်ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုး ရှိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး…" ဟု ပြောရင်း လင်းရှောင်ယွဲ့သည် လီရှောင်အား ဝမ်းနည်းစွာ ကြည့်လိုက်သည်။
"ဟားဟား…" ဟု ဤစကားထွက်လာသောအခါ အန်းယန်ဝမ်သည် တိုက်ရိုက် ရယ်မောထွက်သွားသည်။
လျန်ယွီနှင့် ကြီးကြပ်သူလျန်တို့သည် အလွန်ကြိုးစားအားထုတ်ပြီးမှ လိုက်ပြီး မရယ်မိစေရန် အောင့်အီးထားနိုင်ခဲ့သည်။
စစ်သူကြီးငယ်မှာ မနှစ်မြို့ခြင်းခံနေရလေပြီ…
လီရှောင် မိမိအား ဝမ်းနည်းစွာ ကြည့်နေသည်ကို မြင်သောအခါ အန်းယန်ဝမ်သည် အမူအရာကို အလျင်အမြန် ပြင်ဆင်ပြီး လီရှောင်အတွက် စကားပြောရန် ဆုံးဖြတ်လိုက်သည်။
"အဟမ်း၊ လီကတော်က စနေတာပဲ၊ ညီလေးလီရှောင်က ရုပ်ရည်ချောမော…" ဟု စကားသည် အလိုအလျောက် ထွက်သွားပြီးနောက် အန်းယန်ဝမ်သည် အနည်းငယ် မမှန်ကန်သည်ကို ခံစားလိုက်ရသည်။
အားလုံးက မိမိဘက်သို့ ကြည့်လာသည်ကို မြင်သောအခါ သူသည် အံ့ဩနေသော လီရှောင်၏ အမူအရာ၊ အထူးသဖြင့် သူ၏မျက်နှာပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်ကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။
သူသည် နောက်တစ်ကြိမ် ချောင်းဆိုးလိုက်သည်။
"အဟမ်း၊ ရဲရင့်ပြီး တိုက်ခိုက်ရေးကျွမ်းကျင်တယ်၊ လီကတော်နဲ့ တကယ်ကို လိုက်ဖက်တဲ့စုံတွဲပါ။ ချီဝူတပ်နဲ့ပတ်သက်ရင်တော့ အဟမ်း၊ ဒါက နန်ကုန်းမိသားစုရဲ့ ကိုယ်ပိုင်စစ်တပ်ပဲ၊ တစ်ယောက်ချင်းစီတိုင်းက ရဲရင့်ပြီး တိုက်ခိုက်ရေးကျွမ်းကျင်တယ်၊ ဝန်ထုပ်ဝန်ပိုးမဟုတ်ပါဘူး"
သူသည် ယခု နားလည်သွားပြီ၊ အစကတည်းက လီရှောင်က ချီဝူတပ်ကို နန်းတော်ကို ပြန်လည်အပ်နှံရန် အဘယ်ကြောင့် အဆိုပြုခဲ့သည်ကို နားလည်သွားပြီ။
အဓိကအကြောင်းရင်းမှာ ဤနေရာတွင် ရှိနေလေသည်…
ခမည်းတော်ဧကရာဇ်နှင့် မင်းသားများအားလုံးက ရတနာကဲ့သို့ တန်ဖိုးထားသော ချီဝူတပ်သည် ဤအမျိုးသမီးထံတွင် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်။
ထိုအချိန်တွင် အန်းယန်ဝမ်သည် လင်းရှောင်ယွဲ့၏ ခုနက မရိုမသေပြုမူမှုကို လုံးဝ စိတ်မဆိုးတော့ပေ။ သူမ၏ ဤစရိုက်ကိုပင် ကြိုက်နှစ်သက်သွားသည်။
မိမိ ဘာကို လိုချင်သည်ကို သိရှိပြီး ဝန်ထုပ်ဝန်ပိုးကို မဆိုင်းမတွ စွန့်လွှတ်နိုင်သည်၊ ဤဝန်ထုပ်ဝန်ပိုးသည် အခြားသူများ၏ မျက်စိတွင် တန်ဖိုးမဖြတ်နိုင်သောတန်ဖိုး ရှိနေပေမယ့်ပေါ့။
ဤသည်မှာ မည်သူမဆို လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။
"ဝမ်ရယ် ကျွန်မကို မနှစ်သိမ့်ပါနဲ့တော့၊ ဝမ်ရယ် ကြိုက်ရင် ယူသွားပါ" လင်းရှောင်ယွဲ့သည် မကျေမနပ် ပြောလိုက်သည်။
သူမ၏ ကိုယ်ပိုင်အမည်ကို "မောင်းမတော်" မှ "ကျွန်မ" သို့ ပြန်လည်ပြောင်းလဲလိုက်သည်။
အန်းယန်ဝမ်၏ မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်းပင် ရုပ်သိမ်းသွားသည်။
"ဒါ ဘာစကားပြောတာလဲ၊ ချီဝူတပ်က ပစ္စည်းလား၊ ပေးချင်ရင် ပေးလို့ရသလား" သူသည် ဆူပူကြိမ်းမောင်းလိုက်သည်။
စကားပြောနေစဉ်တွင် သူသည် လီရှောင်အား ကြည့်လိုက်သည်။
သို့သော် မျက်စိရှိသူတိုင်း သိရှိနိုင်သည်၊ ဝမ်ရယ်သည် ဒေါသထွက်နေခြင်းမဟုတ်ပေ။
အပေါ်ယံတွင် သခင်မလေးလင်းကို အပြစ်တင်နေသော်လည်း စိတ်ထဲတွင်မူ မည်သို့ ပျော်ရွှင်နေသည်ကို မသိနိုင်ပေ။
ယခု လီရှောင်ကို ကြည့်ခြင်းမှာလည်း လီရှောင်၏ သဘောထားကို ကြည့်ရှုလိုခြင်းသာ ဖြစ်သည်။
လီရှောင်သည် လင်းရှောင်ယွဲ့အား ကြည့်ပြီး မျက်နှာတွင် အကူအညီမဲ့ဟန် ရှိနေသော်လည်း ဒေါသထွက်သည့်အမူအရာ လုံးဝမရှိပေ။
အခြေအနေကို မြင်သောအခါ အန်းယန်ဝမ်၏ စိတ်ထဲတွင် ပိုမိုကျေနပ်သွားသည်။
"ဘယ်လိုပဲဖြစ်ဖြစ်၊ ချီဝူတပ်ရဲ့ နေရာချထားရေးပြဿနာ၊ ဆောင်းတွင်းဝတ်စုံ၊ အိပ်ရာခင်း၊ စားသောက်နေထိုင်မှု စတာတွေကို ကျွန်မ မတတ်နိုင်ဘူး" လင်းရှောင်ယွဲ့သည် လီရှောင်ကို လျစ်လျူရှုပြီး ပြောလိုက်ပြီး မျက်နှာကို တိုက်ရိုက် လွှဲဖယ်လိုက်သည်။
အားလုံးသည် လီရှောင်အား ကြည့်ပြီး မျက်လုံးများတွင် သနားကရုဏာအချို့ ပေါ်လာသည်။
အန်းယန်ဝမ်သည် သနားကရုဏာသက်သောအကြည့်ကို လီရှောင်ထံမှ အရင်ဆုံး ရုပ်သိမ်းလိုက်ပြီး "ညီလေးလီရှောင်က ငါ့ဆီ ခိုလှုံတယ်၊ နောက်ဆိုရင် ချီဝူတပ်က ငါ့အတွက် အမှုထမ်းရမှာ။ လီကတော်တစ်ယောက်တည်းက ချီဝူတပ်ရဲ့ ကုန်ကျစရိတ်တွေကို တာဝန်ယူရတာက တကယ်တော့ မသင့်တော်ဘူး"
လင်းရှောင်ယွဲ့သည် ချက်ချင်းပင် လှည့်ပြီး အန်းယန်ဝမ်အား ကြည့်လိုက်ပြီး သူမ၏မျက်လုံးများတွင် အလင်းရောင်များ တောက်ပနေသကဲ့သို့ ဖြစ်နေသည်။
အန်းယန်ဝမ်သည် မျက်စိကျိန်းလုနီးပါး ဖြစ်သွားသည်။
"အဟမ်း၊ ဆောင်းတွင်းဝတ်စုံနဲ့ အိပ်ရာခင်းတွေကို ငါ ထုတ်ပေးမယ်၊ ပြီးတော့ စစ်စရိတ်ငွေစ ၂၀၀၀၀ ထပ်ပြီးခွဲဝေပေးမယ်" ဟု အန်းယန်ဝမ်က ပြောလိုက်သည်။
လျန်ယွီသည် ကြားသောအခါ စိတ်ထဲတွင် ချက်ချင်း နာကျင်သွားသည်။ သူ၏ဝမ်ရယ်ယောက်ဖကြီး၊ ဘယ်အချိန်ကစလို့ ဒီလောက်စကားပြောရဆိုရ လွယ်ကူသွားတာလဲ။ ဤသည်မှာ ငွေသောင်းပေါင်းများစွာကို ထပ်မံပေးအပ်လိုက်ခြင်း ဖြစ်သည်။
လင်းရှောင်ယွဲ့၏ မျက်နှာသည် ဝင်းပသွား၏။
"ကျွန်မက ချီဝူတပ်ကိုယ်စား ဝမ်ရယ်ကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဝမ်ရယ်၊ ဒီလောက်များတဲ့လူတွေကို နေရာချထားဖို့ နေရာလိုပါတယ်။ ကျွန်မ မရိုမသေနဲ့ပဲ ဝမ်ရယ်ကို နောက်ထပ် ခြံ၁၂ခြံ တောင်းချင်ပါတယ်၊ အင်း… ချင်းရှီမြို့က ခြံတွေဆို ပိုကောင်းပါတယ်"