← Chapters

အပြောင်းအလဲ

Vol. 74 Ch. 1162

အပြောင်းအလဲ

Vol. 74 Ch. 1162

ချန်လွေ့က ပုံရိပ်ထဲမှ ပို၍ပို၍ နာကျင်လာသော ဇိုလာကို ကြည့်လိုက်ပြီး တိတ်တဆိတ် လက်သီးဆုပ်လိုက်သည်။ သူက လှုပ်ရှားမှုတော့မည့် စေတန်၏ အရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။

“မင်းမှာ စာချုပ်ကို ပယ်ဖျက်နိုင်တဲ့ အထူးစွမ်းရည် တကယ်ပဲ ရှိရင်ရှိမယ်။ ဒါပေမဲ့ သေချာ စဉ်းစားပါ။ မင်း အခု ဖောက်မှာက စာချုပ် တစ်ခုတည်း မဟုတ်ဘူး၊ ကတိစကားလည်း ပါတယ်။” စေတန်၏ မျက်လုံးများ အလွန်အမင်း စူးရှလာသည်။ “ငါ မေးချင်တာ တစ်ခုပဲ ရှိတယ်။ မင်းက ငါ အမြဲစောင့်ထိန်းခဲ့တဲ့ ကတိကို ချိုးဖောက်ပြီးတော့ အခု ငါနဲ့ တိုက်ခိုက်မှာလား။”

ချန်လွေ့က တိတ်ဆိတ် နေခဲ့သည်။ အက်ဘက်ဒွန်က သူ၏ စိတ်ထဲမှ တွန့်ဆုတ်မှုကို ခံစားမိလိုက်ပြီး သူတို့ နှစ်ဦးကို အချင်းချင်း တိုက်ခိုက်ရန် ဖြားယောင်းပြီး ဖရိုဖရဲ ကြားထဲမှ ထွက်ပြေးရန် ရည်ရွယ်ခဲ့သည်။ သူက ထိုအခိုက်တွင် များများစားစား မပြောဘဲ ဝိညာဉ်ရုပ်သေးစေ့ စွမ်းအားကို ထပ်မံ အသက်သွင်းလိုက်သည်။

ရုန်းကန်နေသော ဇိုလာက မြေပေါ်သို့ ပြုတ်ကျသွားပြီး မခံမရပ်နိုင်သော နာကျင်မှုကို ခံစားနေရပုံရသည်။

ချန်လွေ့ ဒေါသထွက်သွားပြီး တည်ငြိမ် မနေနိုင်တော့ပေ။ သူ၏ မျက်လုံးများက မီးတောက်များ ပေါက်ကွဲလုမတတ် ဖြစ်နေသည်။ ထိုအခိုက်တွင် ပုံရိပ်က မမျှော်လင့်ဘဲ ရုတ်တရက် ပြောင်းသွား၏။ ဇိုလာ၏ ခန္ဓာကိုယ်က အမှန်တကယ်ပင် ပေါက်ကွဲထွက်သွားလေသည်။

ထိုမြင်ကွင်းက ချန်လွေ့ကို ဒေါသများ ဆူပွက်သွားစေသည်။ “ဇိုလာ!”

ချက်ချင်း ဆိုသလိုပင် ချန်လွေ့က ခန္ဓာကိုယ် တလျှောက်မှ သွေးများမှာ ခေါင်းပေါ်သို့ စုစည်းသွားကြောင်းကို ခံစားလိုက်ရသည်။ သူ၏ တကိုယ်လုံးက ဒေါသများဖြင့် လုံးဝ လောင်ကျွမ်းသွား၏။

သေရမယ်!

အက်ဘက်ဒွန် သေရမယ်!

အက်ဘက်ဒွန် ထိတ်လန့်သွားသည်။ ဒီမိန်းမက ငါ့အသက်ကို ကယ်တင်ဖို့ အကြီးမားဆုံး ဝှက်ဖဲပဲ။ ငါ အသေအချာကို သူ့ရဲ့ နာကျင်မှုကို ပြင်းထန်စေဖို့ ဝိညာဉ် ရုပ်သေးစေ့ကို လှုံ့ဆော်ခဲ့တာပါ။ ဘာလို့ ပေါက်ကွဲထွက်သွားရတာလဲ။

“ခဏနေဦး။ ဇိုလာကို ကြည့်လိုက်!” ဖိုက်သွန်၏ အသံက ချန်လွေ့၏ စိတ်ထဲ ထွက်ပေါ်လာသည်။

ချန်လွေ့ ရုတ်တရက် နိုးလာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက ဇိုလာ၏ ကွင်းဆက် မပျောက်ကွယ်သေးကြောင်း ခံစားမိလိုက်သဖြင့် ပုံရိပ်ကို လျင်မြန်စွာ ကြည့်လိုက်သည်။ ဇိုလာ၏ ခန္ဓာကိုယ် မပျောက်သွားဘဲ အရောင်စုံ ‘တိမ်တိုက်’ အစုအဝေးတစ်ခုအဖြစ်သို့ ပြန့်ကျဲသွားပြီး ရေတွက်၍ မရနိုင်သော နူးညံ့သည့် အမှုန်များဖြင့် ဖွဲ့စည်းထားပုံရကာ လူသားပုံစံ အဖြစ်သို့ ဖျော့တော့တော့ စုစည်းနေ၏။

ဟုတ်တယ်။ စူပါစနစ်ထဲက ဇိုလာရဲ့ စိတ်ဝိညာဉ်ကွင်းဆက် မပျောက်သေးဘူး။ သူအသက်ရှင်နေတုန်းပဲ!

“ဒါက...” စေတန်ပင် အံ့ဩသော အမူအရာကို ပြသခဲ့သည်။

ထိုပုံစံက ဘာကို ကိုယ်စားပြုတာလဲ။ ချန်လွေ့ ထိတ်လန့်နေစဉ်မှာပင် သူက အက်ဘက်ဒွန် ရုတ်တရက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခေါင်းကို နာကျင်စွာ ဖုံးအုပ်ကာ အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။

“မဖြစ်နိုင်ဘူး! ငါ့ဝိညာဉ်... မဟုတ်ဘူး!”

“ဇိုလာ ဘာဖြစ်တာလဲ။” ချန်လွေ့က စိတ်ထဲတွင် ဖိုက်သွန်အား အမြန်ပင် မေးလိုက်သည်။

“ကျွန်မ သိပ် မသေချာဘူး။ ဒါပေမဲ့ သေချာတာကတော့ အက်ဘက်ဒွန်ရဲ့ ဝိညာဉ်ရုပ်သေးစေ့ကို ဇိုလာက ပြန်ပြီး ဝါးမျိုလိုက်တာပဲ။ သူ့ရဲ့ ဝိညာဉ်က ကြောက်မက်ဖွယ် တန်ပြန်သက်ရောက်မှု ခံစားနေရတာ။ အဲဒါကြောင့် အတော်လေး နာကျင်နေတယ်။”

အခု ဇိုလာ ထိန်းချုပ်မှုက လွတ်သွားပြီ ဆိုတော့ ခုန မြင်ကွင်းမျိုး နောက်တစ်ခါ ထပ်ဖြစ်ခွင့်ပေးလို့မဖြစ်ဘူး!

အက်ဘက်ဒွန် သေရမယ်!

အေးစက်သော အလင်းတန်း တစ်ခုက ချန်လွေ့၏ မျက်လုံးတွင် လက်သွားပြီး သေခြင်းနက္ခတ်တာရာ ကြယ်စွမ်းအားက သူ၏ လက်ထဲတွင် ချက်ချင်းဆိုသလို စုစည်းသွားသည်။ သူ အက်ဘက်ဒွန်ကို တိုက်ခိုက်လိုက်၏။

စေတန်က ချန်လွေ့ထက် ပိုမြန်မြန် တိုက်ခိုက်လိုက်သည်။ အက်ဘက်ဒွန်ကို အမှောင်စွမ်းအား လွှမ်းခြုံသွားပြီ ဖြစ်သည်။ အက်ဘက်ဒွန်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ကြီးမားသော ဧရိယာ တစ်ခုတွင် စုတ်ပြဲမှုများ ချက်ချင်းဆိုသလို ပေါ်ပေါက်လာခဲ့သည်။ အငွေ့နက်များစွာ ဒဏ်ရာမှ ထွက်ပေါ်လာပြီး ဒဏ်ရာကို သူ အသည်းအသန် ကုသနေ၏။

အက်ဘက်ဒွန်က စေတန်ကို သူ၏ အစွမ်းကုန် တိုက်ခိုက်ရန် ပြင်လိုက်စဉ် ချန်လွေ့၏ တိုက်ခိုက်မှု ရောက်ရှိ လာခဲ့သည်။ သေခြင်းတရား စွမ်းအား၏ အပြန်အလှန် ပယ်ဖျက်ခြင်းအောက်တွင် အက်ဘက်ဒွန်၏ ခန္ဓာကိုယ် လုံးဝကို စုတ်ပြဲသွားခဲ့သည်။

အက်ဘက်ဒွန်က နားကွဲလုမတတ် အော်လိုက်သည်။ သူ၏ ခန္ဓာကိုယ် အပိုင်းခံလိုက်ရရာ ကြောက်မက်ဖွယ် အနီရောင် အလင်းတန်းတစ်ခု အဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့လေသည်။ သူက နောက်ဆုံးတွင် နတ်ဘုရား-ယောင်ဘဝကို ဖောက်ခွဲရန် အသုံးပြုခဲ့လေသည်။

အနီရောင်အလင်းတန်း မပျံ့နှံ့မီမှာပင် အရာအားလုံးက ချက်ချင်း ဆိုသလိုပင် နှေးကွေးသွားပြီး ချန်လွေ့၏ အသံ ထွက်ပေါ်လာသည်၊ “[သစ်‌တော်လိုနှေးကွေး]။”

အချိန်အရှိန်အဝါ။

ထိုအချိန် အရှိန်အဝါကို အတော်လေး သိမ်မွေ့စွာ ထိန်းချုပ်ထား၏။ ဖိုက်သွန်နှင့် စေတန်တို့က သက်ရောက်မှု မရှိခဲ့ပေ။ အချိန် ပြန်လည် စတင်တော့မည့် အခိုက် ဖိုက်သွန်၏အသံ ဦးစွာ ထွက်ပေါ်လာ၏။ “[ပိတ်ပင်ခြင်း]! [ကြမ္မာဆိုး]!”

အရှိန်အဝါနှစ်မျိုး တစ်ချိန်တည်းနီးပါး ပေါက်ကွဲလာသည်။ [ပိတ်ပင်ခြင်း]က အနီရောင် အလင်းတန်းကို ချက်ချင်းပင် အားနည်းသွားစေပြီး နောက်ဆက်တွဲ [ကြမ္မာဆိုး]က အနီရောင်အလင်းတန်းကို နောက်တစ်ကြိမ် အားနည်းသွားစေသည်။

အချိန် ပုံမှန်အတိုင်း ပြန်ဖြစ်သွားရာ အနီရောင်အလင်းတန်း၏ စွမ်းအားက တစ်ဝက်အားနည်းသွားပြီ ဖြစ်သော်လည်း အလွန် အားကောင်းနေဆဲ ဖြစ်သည်။ သို့သော် ချန်လွေ့က ထိုမျှတိုတောင်းသော အချိန် ကာလအတွင်း [သစ်တောလို နှေးကွေး]ကို နောက်တစ်ကြိမ် အသက် မသွင်းနိုင်ခဲ့ပေ။ ထိုအချိန် စေတန်က အနီရောင် အလင်းတန်း၏ အရှေ့တွင် ချက်ချင်း ပေါ်လာပြီး သူ၏မျက်လုံးများ တောက်ပစွာ လင်းလက်နေလေသည်။ နောက်စက္ကန့်တွင် လက်တစ်ကမ်းအကွာမှ အနီရောင် အလင်းတန်း ပျောက်ကွယ် သွားခဲ့သည်။

ချက်ချင်းပင် အဝေး နေရာလွတ်မှ ကြောက်မက်ဖွယ်ရာ ငလျင်တစ်ခုက ရောက်လာခဲ့သည်။ မရေမတွက်နိုင်သော နေရာလွတ်အက်ကြောင်းများက ပိတ်လှောင်ထားသော နေရာလွတ် တစ်ခုခုတွင် ကြောက်မက်ဖွယ် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည့်အလား လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

နေရာလွတ် အက်ကြောင်းများ သူတို့ အနီးအထိ ပျံ့နှံ့လာ၏။ လမ်းတလျှောက် အရာအားလုံးက ပြာမှုန့် အဖြစ်သို့ ပြောင်းလဲသွားသော်လည်း သူတို့သုံးဦး၏ ပတ်လည် မီတာအနည်းငယ် အတွင်း၌မူ မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ပေ။

ထိုအရာမှာ သိဒ္ဓိအလင်း ဝတ်ရုံ၏ အထူးစွမ်းရည် [အကြွင်းမဲ့ အတားအဆီး] ဖြစ်သည်။ ၅မီတာ အချင်းရှိသော အကာအကွယ် စွမ်းအားစက်ကွင်းတစ်ခု ဖန်တီးပြီး မည်သည့် ပုံစံ၊ မည်သည့် ပြင်းအား မဆိုရှိသော တိုက်ခိုက်မှုများကို မလှုပ်ရှားဘဲ ကာကွယ်နိုင်၏။ ကြာချိန်မှာ ၁၀စက္ကန့် ဖြစ်သည်။ ၎င်းကို ၂၄နာရီလျှင် တစ်ကြိမ် အသုံးပြုနိုင်၏။

၁၀စက္ကန့် ကြာမြင့်ချိန် အပြီးတွင် ပေါက်ကွဲခြင်းစွမ်းအားက အတော်လေး အားနည်းသွားပြီ ဖြစ်သည်။ ချန်လွေ့က [တောင်လိုမတုန်လှုပ်] အရှိန်အဝါကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ရာ ရွှေရောင်အလင်း ထွက်ပေါ်လာပြီး ပေါက်ကွဲခြင်း၏ အဓိက စွမ်းအား စက်ကွင်းကို ရစ်ပတ်လိုက်၏။ ရွှေရောင် အလင်းက အဆက်မပြတ် တုန်ခါနေပြီး အက်ကွဲကြောင်းများမှာ ပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်တွင် ဆက်ဖြစ်နေသည့်တိုင် နောက်ဆုံးတွင် ရွှေရောင် အလင်းကို မချေဖျက်နိုင်ခဲ့ဘဲ တဖြည်းဖြည်း ငြိမ်းသွားတော့သည်။

ခုနကက အရေးအကြီးဆုံး အခိုက်တွင် ချန်လွေ့၊ ဖိုက်သွန်နှင့် စေတန်တို့က တစ်ချိန်တည်းတွင် လှုပ်ရှားခဲ့ကြသည်။ ချန်လွေ့က အချိန်ကို နှေးကွေးစေပြီး နတ်ဘုရား-ယောင်ဘဝ၏ ပေါက်ကွဲမှုကို နှောင့်နှေးစေခဲ့သည်။ ဖိုက်သွန်က [ပိတ်ပင်ခြင်း] နှင့် [ကြမ္မာဆိုး] အရှိန်အဝါဖြင့် ပေါက်ကွဲမှု စွမ်းအားကို အားနည်းစေခဲ့ပြီး စေတန်က အချိန် အရှိန်မြှင့်တင်ခြင်းအရှိန်အဝါကို အသက်သွင်းခဲ့သည်။ ပေါက်ကွဲမှုကြီး၏ စွမ်းအား အပြည့်အဝ မပေါက်ကွဲမီမှာပင် သူက ၎င်းကို တိုင်းပြည်၏ ပိတ်လှောင် ထားသော နေရာလွတ်ထဲ လွှဲပြောင်းခဲ့၏။ ထို့နောက် ချန်လွေ့က နောက်ဆုံး ပေါက်ကွဲခြင်း၏ ဖျက်ဆီးမှုကို တားဆီးရန် အကာအကွယ်စွမ်းအားကို အသက်သွင်းခဲ့လေသည်။

သူတို့ သုံးဦးသည် ထိုပူးပေါင်းမှုတွင် အံ့ဩဖွယ်ရာကောင်းသော နားလည်မှု ရှိခဲ့ကြသည်။ သူတို့က ကြောက်မက်ဖွယ် ပေါက်ကွဲမှုကို နောက်ဆုံး ဖယ်ရှားနိုင် ခဲ့ကြသည်။

ချန်လွေ့က အကာအကွယ် စွမ်းအားကို ဖယ်ရှားလိုက်တော့သည်။ ဖိုက်သွန်က သက်ပြင်း ချလိုက်ပြီးနောက် မျက်မှောင် ကြုတ်လိုက်၏။ “ကံကောင်းတဲ့ကောင်။ လွတ်သွားသေးတယ်။ အက်ဘက်ဒွန်ရဲ့ ဝိညာဉ် ထွက်ပြေး နည်းပညာရပ်က တကယ်ပဲ ဆန်းကြယ်တယ်။”

“အားနည်းတဲ့ လက်ကျန်ဝိညာဉ် တစ်ခုပါပဲ။” စေတန်က အေးစက်စွာ ပြောလိုက်သည်။ “သူက နတ်ဘုရား-ယောင်ဘဝကို ဆုံးရှုံးသွားပြီ။ ဒါကြောင့် ဘာမှ ကြောက်စရာမရှိဘူး။ တကယ်လို့ မင်း အဲဒီတုန်းက ဒီလိုဖြစ်ခဲ့ရင် မင်း ဒီနေ့ ငါ့အတွက် ဒီလိုဒုက္ခများမှာ မဟုတ်ဘူး။”

ဖိုက်သွန် ညင်သာစွာ ပြုံးလိုက်၏။ “ခုနက တိုက်ပွဲကို စိတ်ထဲမှာ ထားနေတုန်းပဲလား။ ကျွန်မက တခြား ရွေးချယ်စရာ မရှိလို့ပါ။”

“ဟမ့်!” စေတန်က သူသည် ထိုသို့သော ရူးသွပ်သူတစ်ယောက်နှင့် အထူးသဖြင့် အရူးမတစ်ယောက်နှင့် မငြင်းခုံနိုင်ဟု သူ့ကိုယ်သူ တွေးလိုက်သည်။ သူက ချန်လွေ့ဘက်သို့ လှည့်လိုက်သည်။ “ဒီတိုင်းပြည်ငယ်က ငါ့ရဲ့ အစီအစဉ်ထဲက အမှောင်နတ်ဘုရားကျောင်းရဲ့ အရေးအကြီးဆုံး အခြေခံ အုတ်မြစ်ပဲ။ အခုတော့ ဒါက လုံးဝနီးပါး ပြိုလဲသွားပြီ။ ဒီစာရင်းကို စိတ်ထဲမှာ မှတ်ထားမယ်။”

ချန်လွေ့ စကား မပြောနိုင်ခင်မှာပင် ဖိုက်သွန် ပြန်ဖြေ၏။ “သူ့အကာအကွယ် မရှိခဲ့ရင် ခုနက နည်းနည်း ခံလိုက်ရမှာပဲ။”

အမှန်မှာ ချန်လွေ့က စေတန်ကို တမင်တကာ ကူညီခဲ့ခြင်း မဟုတ်ပေ။ သူက [အကြွင်းမဲ့အတားအဆီး]ကို ပင်ကိုအသိစိတ်ဖြင့် အသက်သွင်းခဲ့ခြင်း ဖြစ်သည်။ [အကြွင်းမဲ့အတားအဆီး]က ၅မီတာအတွင်း မည်သည့် ခွဲခြားမှုမှမရှိဘဲ အကာအကွယ်ပေးသည်။ စေတန်က တိုက်ဆိုင်စွာဖြင့် အတိုင်းအတာအတွင်း၌ ရှိနေခဲ့သည်။ [တောင်လိုမတုန်လှုပ်]မှာမူ ပေါက်ကွဲခြင်းစွမ်းအား ပျံ့နှံ့ပြီး သွေးရောင် အင်ပါယာမှ အပြစ်မဲ့ ပြည်သူများကို အန္တရာယ်မဖြစ်ရန် ပို၍ဖြစ်သည်။

“အဲဒီလို ပေါက်ကွဲခြင်း စွမ်းအားက ငါ့ကို မထိခိုက်နိုင်ဘူး!” စေတန်က ‘ကျေးဇူးမတင်’ဘဲ ချန်လွေ့ကို တည့်တည့် ကြည့်လိုက်သည်။ “မင်းမှာ ပျက်စီးခြင်း စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာ ရှိတာကို သိတယ်။ အဲဒါကို ငါ သေချာပေါက် အရယူမယ်။”

ချန်လွေ့က ဇိုလာ၏ လုံခြုံရေးအတွက် စိုးရိမ်နေပြီး စေတန်နှင့် များများစားစား မပတ်သက် ချင်တော့သည့် အတွက် ခေါင်းညိတ်လိုက်သည်။ “ဒါဆိုရင်တော့ နောက်ထပ် ၇နှစ်နေရင် တိုက်ပွဲပေါ်မှာပဲ လောင်းကြတာပေါ့။ ခင်ဗျား ကျုပ်ကို အနိုင်ယူနိုင်ရင် ပျက်စီးခြင်း စာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာက ခင်ဗျားအပိုင်ပဲ။ တကယ်လို့ ခင်ဗျား ရှုံးခဲ့ရင် အမှောင် နတ်ဘုရားကျောင်း အစီအစဉ်ကို လုံးဝ စွန့်လွှတ်ရမယ်။”

“သဘောတူတယ်!” စေတန်က ချန်လွေ့ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ “ဒီတော့ အမှောင်နတ်ဘုရားကျောင်း ကိစ္စကို ၇နှစ် ယာယီ ရပ်တန့်ထားမယ်။ ဖိုက်သွန်က ငါ ပျက်စီးခြင်း ဇစ်မြစ်နဲ့ ပေါင်းစပ်ခဲ့တဲ့လျှို့ဝှက်ချက်ကို သေချာပေါက် ပြောပြလိမ့်မယ်။ ဒီပေါင်းစပ်ခြင်းက အစပဲ ရှိသေးတယ်။ နောက်၇နှစ်ကြာရင် လာမယ့် တိုက်ပွဲက ပိုပြီးစိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်။”

အက်ဘက်ဒွန်ကို အနိုင်ယူခဲ့ခြင်းက ချန်လွေ့၏ စွမ်းအားကို သက်သေပြခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ထိုစဉ်က သူ၏ အကောင်းဆုံး အခြေအနေထက်ပင် ပိုမို၍ ကောင်းမွန်သော စွမ်းအားမျိုး ရှိနေသည့် ဖိုက်သွန်နှင့် ပေါင်းလိုက်လျှင် စေတန်က အက်ဘက်ဒွန်နှင့် အဆင့်တူ နောက်ထပ် မဟာမိတ်တစ်ဦးကို ရှာတွေ့နိုင်လျှင်ပင် အမှောင်နတ်ဘုရားကျောင်းအတွက် အစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရင်း ချန်လွေ့နှင့် ဖိုက်သွန်ကို ဖိနှိပ်ရန် ခက်ခဲလိမ့်မည်။

ထို့အပြင် ချန်လွေ့ ယခုပြသခဲ့သော စွမ်းအားက စေတန်ကို တိတ်တဆိတ် ထိတ်လန့်သွားစေသည်။ သူ၏စွမ်းအင် အကုန်လုံးကို စုစည်းပြီး ပျက်စီးခြင်း ဇစ်မြစ်နှင့် ပေါင်းစပ်၍ သူ၏စွမ်းအားကို တိုးမြှင့်မှသာ ၇နှစ် အကြာတွင် သူ၏ ပြိုင်ဘက်ကို အနိုင်ယူနိုင်ပေလိမ့်မည်။ ထိုကာလအတွင်း အာရုံ ပျံ့လွင့်မှုများ မရှိသင့်ပေ။ ထို့ကြောင့် အမှောင် နတ်ဘုရားကျောင်း အစီအစဉ်ကို ဆိုင်းငံ့ ထားခြင်းက အသင့်တော်ဆုံးသော ရွေးချယ်မှုပင်။

စေတန်က ထပ်မံ မနှောင့်ယှက်တော့။ သူ၏ ပုံရိပ်က တဖြည်းဖြည်း မှေးမှိန် သွားခဲ့သည်။ ရုတ်တရက် သူက အဆုံးတွင် တစ်ခုခုကို တွေးမိပြီး ရယ်လိုက်သည်။ “မင်းရဲ့ အဲဒီမိန်းမက တကယ်တော့... ဟမ့်! ရယ်စရာကောင်းတဲ့ ကံကြမ္မာပဲ...”

ရယ်စရာကောင်းတဲ့ ကံကြမ္မာလား။ ချန်လွေ့သည် ထိုကဲ့သို့ ရင်းနှီးသော စကားကြောင့် မျက်မှောင်ကြုတ်သွား၏။ သူ မေးရန် ပြင်လိုက်စဉ် စေတန်က ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဖိုက်သွန်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ “ဇိုလာဆီ သွားကြမယ်။”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ သူက ဖိုက်သွန်ကို ကျက်သရေမျှော်စင်တွင် ထားရှိလိုက်ပြီး [ကြယ်ဂိတ်] ဖွင့်ကာ သွေးရောင်အင်ပါယာ၏ နန်းတော်သို့ ပြန်သွားခဲ့သည်။

သူ ပြန်ရောက်သည်နှင့် ချိတ်ဆက်ထား သူများ၏ တည်ရှိမှုကို ချက်ချင်းပင် အာရုံခံလိုက်သည်။ အာရုံခံစားမှုနောက်သို့ လိုက်၍ ချန်လွေ့က ဘေးခန်းမတစ်ခုသို့ ရောက်လာပြီး ထိုနေရာတွင် တစ်ဖနီနှင့် ပါ့ဂ်လီအိုကို တွေ့လိုက်ရ၏။

“ချန်လွေ့!” တစ်ဖနီက အရှေ့သို့ ပြေးဝင်လာသည်။ “ခုနက မြို့တော်မှာ ငလျင်တစ်ခု ဖြစ်သွားတယ်။ အဲဒါက အမှောင်မီးဖို...”

“အခု အဆင်ပြေသွားပါပြီ။ ဒါပေမဲ့ အမှောင်မီးဖိုကတော့ အပျက်အစီးတွေ ဖြစ်သွားပြီ။” ချန်လွေ့က ဖိုက်သွန်ကို ထုတ်ပြီး ပတ်လည်ကို ကြည့်လိုက်ရာ သူ အစိုးရိမ်ဆုံးသော နတ်မိမယ် နဂါးကို မတွေ့ခဲ့ပေ။ “ဇိုလာ ဘယ်မှာလဲ။”

“ဇိုလာက ခုနက စွမ်းအားတစ်ခုခုရဲ့ တိုက်ခိုက်တာ ခံလိုက်ရတဲ့ပုံပဲ။ ပြီးတော့... ထူးဆန်းတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်သွားခဲ့တယ်။”

ချန်လွေ့က အက်ဘက်ဒွန်၏ ပုံရိပ်တွင် ဇိုလာ၏ ထူးဆန်းသော အသွင်အပြင်ကို မြင်တွေ့ခဲ့သည့်အတွက် မေးလိုက်သည်။ “သူ အခု ဘယ်မှာလဲ။”

တစ်ဖနီ ခေါင်းခါလိုက်ပြီး ပါ့ဂ်လီအိုကို ကြည့်လိုက်သည်။ “အဲဒီအချိန်တုန်းက ကျွန်မရဲ့ အာရုံတွေ ပျောက်သွားခဲ့တယ်။ အဲဒါကြောင့် ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရ၊ မကြားခဲ့ရဘူး။ ပါ့ဂ်လီအို တစ်ယောက်ပဲ သေချာ မြင်ခဲ့တာ။”

ပါ့ဂ်လီအိုက ပြောသည်။ “ခုနက ငါ ဇိုလာရဲ့ ကပ်ရောဂါ စွမ်းအားကို ပယ်ဖျက်ပြီးတော့ တစ်ခုခု မှားနေတယ်လို့ အာရုံခံမိခဲ့တယ်။ တစ်ဖနီက သူ့ကို နာလန်ထူဖို့ ဒီဘေးခန်းမကို လာခိုင်းခဲ့ပြီး တစ်ဖနီနဲ့ ငါ ကပ်ရောဂါကို ဆက်ပြီး ကိုင်တွယ်ခဲ့တယ်။ ငါတို့ ဘေးခန်းမကို ပြန်ရောက်တော့ အထဲကနေ ထူးဆန်းတဲ့ အသံတွေ ကြားခဲ့ရတယ်။ ဇိုလာက အ‌တော်လေး နာကျင်နေပြီးတော့ လဲကျ နေတာကို ငါ တွေ့လိုက်တယ်။ သူက စွမ်းအား တစ်ခုခုကို အသည်းအသန် ခုခံနေသလိုပဲ။ ပြီးတော့ ဇိုလာရဲ့ ခန္ဓာ ပေါက်ကွဲထွက်သွားပြီးတော့ ရေတွက်လို့ မရနိုင်တဲ့ အရောင်စုံ အလင်းစက်တွေ အဖြစ်ကို ပြောင်းသွားခဲ့တယ်။ အဲဒါတွေ ထုတ်လွှတ်တဲ့ အငွေ့အသက်က လူကို တုန်လှုပ်သွားစေတယ်။ တစ်ဖနီနဲ့ ငါက လှုပ်တောင် မလှုပ်နိုင်ဘူး။ ငါတို့ရဲ့ အာရုံခံတောင် ပြိုလဲတော့မလိုပဲ။ ဒီလိုမျိုး အပြောင်းအလဲ ဖြစ်ပြီး‌တော့ ဇိုလာက ခန္ဓာကိုယ်ထဲက မူမမှန်တဲ့ စွမ်းအားကို ချက်ချင်း ဖြေရှင်းလိုက်တယ်။ ပြီးတော့ သူ့အပေါ်က နေရာလွတ်မှာ ဝင်ပေါက် တစ်ခု ပေါ်လာတယ်။ အလင်းစက်တွေ အကုန် စုပ်ယူခံလိုက်ရပြီးတော့ ဇိုလာက အဲဒါနဲ့အတူ ပျောက်သွားခဲ့တယ်။”

“နေရာလွတ်... ပျောက်သွားတယ် ဟုတ်လား။” ချန်လွေ့ ခေါင်းကိုလှည့်ပြီး စဉ်းစားခန်း ဝင်နေသော ဖိုက်သွန်ကို ကြည့်လိုက်သည်။ “ခင်ဗျား တစ်ခုခု သိလို့လား။”

“ခန့်မှန်းတာပါ။ ဒါပေမဲ့ ကျွန်မထက် ပိုသိပြီး ပိုမှန်နိုင်တဲ့ သူမျိုးရှိတယ်။”

“ဒြပ်စင်ဘုရင်လား။” ချန်လွေ့က ပြန်မေးလိုက်ရာ ဖိုက်သွန် ခေါင်းညိတ် လိုက်သည်။

ချန်လွေ့ ပင့်သက် ရှိုက်လိုက်သည်။ ဇိုလာက ဒီတစ်ခေါက် အက်ဘက်ဒွန်ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်နိုင်ခဲ့တာ အံ့ဖွယ်တစ်ခုလို့ သတ်မှတ်လို့ ရတယ်။ ဒါပေမဲ့ ဒီလိုအပြောင်းအလဲ နောက်မှာ လျို့ဝှက်ချက်ကြီး တစ်ခုခု ရှိနေရမယ်။

ထိုလျှို့ဝှက်ချက်တွင် ဇိုလာ ပါနေရာ ချန်လွေ့က မည်သို့ ပေးဆပ်ရစေကာမူ ၎င်းကို အဖြေရှာရပေမည်။

All Chapters