အနာဂတ် လမ်းကြောင်းများ
Vol. 74 Ch. 1164
အမှောင်လ နေအိမ်တွင် ချန်လွေ့က မြေပေါ်တွင် ထိုင်လျက် ကောင်းကင်ကို ဖုံးလွှမ်းထားသော တိမ်တိုက်နက်များကို ကြည့်နေ၏။ သူက ဝိုင်တစ်ငုံသောက်ပြီး တိတ်ဆိတ်နေလေသည်။
မြေပေါ်တွင် ဝိုင်ပုလင်း အလွတ်များ လဲနေသည်။ ချန်လွေ့က အရက်သမား တစ်ယောက် မဟုတ်သော်လည်း သူသည် အရက်သမား အဖော်နှစ်ဦး၏ လွှမ်းမိုးခြင်း ခံခဲ့ရလေသည်။ ထို့ပြင် ဝိုင်သောက်ခြင်းက ထိုလောကရှိ မိတ်ဆွေများ အကြားတွင် အဖြစ်အများဆုံး ဓလေ့တစ်ခု ဖြစ်ရာ သူ၏ တကယ့် ဝိုင်ခံနိုင်ရည်က (ခွန်အားဖြင့် မလှည့်စားဘဲ) တဖြည်းဖြည်း တိုးတက် လာခဲ့သော်လည်း ထိုသို့ ရက်ပေါင်းများစွာ ဝိုင်သောက်ခြင်းမှာ ပထမဆုံးအကြိမ်ပင်။
မထဝီဘုံမှ အမှောင်လသို့ ပြန်ရောက် လာပြီးနောက်တွင် ဝိုင်သောက်ခြင်းအပြင် ချန်လွေ့က အခြား ဘာမှမစား၊ ဘာမှ မလုပ်ဘဲ နေနေပြီး တိတ်ဆိတ်နေခဲ့၏။
သူ၏ အကောင်းဆုံးမိတ်ဆွေ မိုးရီက ရုတ်တရက် သူ့ကို ထာဝရ စွန့်ခွာ သွားခဲ့သည်။ သူက ၎င်းကို လက်ခံရန် အချိန် အနည်းငယ်သာ ရှိခဲ့ပြီး သူလည်း ၎င်းကို လက်မခံနိုင်ခဲ့ပေ။
ရင်းနှီးသော လန်ဘို့စ်၊ ဆက်သ်တိုင်းနှင့် မိတ်ဆွေအဖြစ် အနည်းဆုံး ထင်ရသော ဟီဂယ် အပါအဝင် ကျန်ရှိနေသော ဒြပ်စင်ဘုရင်ငါးပါးက အမှန်တကယ်တွင် မိတ်ဆွေများ ဖြစ်ကြပေသည်။
‘ဆုံးရှုံးခြင်း’ ခံစားချက်ကို စကားလုံး၊ စာသားများဖြင့် မဖော်ပြနိုင်ပေ။
ဇိုလာက အန္တရာယ် အရှိဆုံးနှင့် အခက်ခဲဆုံးသော လမ်းကြောင်းကို ရင်ဆိုင်နေရ၏။ အကူအညီနှင့် နှစ်သိမ့်မှု အလိုအပ်ဆုံး ဖြစ်နေချိန်တွင် သူက ဘာမှ မလုပ်နိုင်ခဲ့ပေ။ သူ၏ ဘေးနားတွင်ပင် မရှိနိုင်ခဲ့။
ဒါက ကံကြမ္မာလို့ မိုးရီ ပြောပေမဲ့ တကယ်လို့ ဒြပ်စင်ဇစ်မြစ်စွမ်းအားတွေနဲ့ ဇစ်မြစ်အပိုင်းအစတွေသာ မရှိဘူးဆိုရင် အရာအားလုံးက ဒီနေ့လို ဖြစ်လာမှာ မဟုတ်ဘူး။ ရာဖယ်ရယ်၊ အက်ဘက်ဒွန်၊ မိုက်ကယ်နဲ့ စေတန်ကို ငါ အနိုင်ယူ နိုင်တော့ကော ဘာဖြစ်လဲ။ ကံကြမ္မာဆိုတဲ့ အရာကို မပြောင်းလဲနိုင်သေးဘူး။
ကံကြမ္မာ... ငါ အဲဒါကို တကယ်ပဲ ဘယ်လို ကျော်လွန်ရမလဲ။
ချန်လွေ့က အတွေးနက်နဲစွာဖြင့် တစ်ငုံ သောက်လိုက်ရာ လက်ထဲမှ ဝိုင်ပုလင်း နောက်တစ်ကြိမ် ကုန်သွားသည်ကို တွေ့ရှိ လိုက်ရသည်။ လက်ထဲတွင် နောက်ထပ် တစ်ပုလင်း ပေါ်လာခဲ့သည်။ သူက ပုလင်းအဖုံးကို မလှည့်ခင် ဝိုင်ပုလင်း ရုတ်တရက် လက်ထဲမှ ထွက်ခွာသွားပြီး သူ၏ အနောက်မှ ပုံရိပ်၏ လက်ထဲသို့ ပျံသန်းသွားခဲ့သည်။
“တစ်ယောက်တည်း ဝိုင်သောက်ရတာ ပျော်စရာ မကောင်းဘူး။” ပါ့ဂ်လီအို၏ အသံ ထွက်ပေါ်လာသည်။
“ငါ ဝိုင်နည်းနည်း သောက်ချင်ရုံပါ။” အဆိပ်နဂါးက ဘေးတွင် ထိုင်ချလိုက်ပြီး ပုလင်းအဖုံးကို သွားများဖြင့် ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။ သူက ချန်လွေ့၏ လက်ထဲတွင် ပေါ်လာသော ဝိုင်ပုလင်း အသစ်နှင့် ဖန်ခွက်ချင်း တိုက်လိုက်ပြီး ခေါင်းကို မော့ကာ ဝိုင်ကို အကုန်လုံး သောက်လိုက်သည်။
“ဟေး ဒီလိုမျိုး ဝိုင်သောက်တာက ကပ်စေးနှဲလွန်းတယ်။” ပါ့ဂ်လီအိုက တဖြည်းဖြည်း ဝိုင်ကို သောက်နေသော ချန်လွေ့ကို ကြည့်လိုက်လေသည်။ “ဝမ်းနည်းမှု ဖြေဖျောက်ဖို့ သောက်နေတဲ့ ကောင်က တစ်ခါတည်းနဲ့ အကုန်လုံး သောက်သင့်တာ မဟုတ်ဘူးလား။”
ချန်လွေ့ ခေါင်းခါလိုက်လေသည်။ “ဝမ်းနည်းမှုကို ဖြေဖျောက်ဖို့ သောက်မနေနဲ့လို့ ဖြောင်းဖျဖို့ ရောက်လာတဲ့သူက ဒီလို မပြောသင့်ဘူး မဟုတ်လား။”
“ငါ စကား အများကြီး မပြောတတ်ဘူး။ ပြီးတော့ မိန်းမတွေ အများကြီးက မင်းကို စိုးရိမ်နေကြတယ်။ ငါက ဝိုင်နည်းနည်း သောက်ချင်ရုံပါ။ ငါ့ကို ပုလင်းနည်းနည်း ထပ်ပေး။” ပါ့ဂ်လီအိုက ရှက်တတ်သူ တစ်ဦး မဟုတ်ပေ။ သူက ချန်လွေ့ ခုနက ထုတ်ယူလိုက်သော ပုလင်းအကုန်လုံးကို ယူလိုက်သည်။
“ဖြည်းဖြည်း...” ချန်လွေ့က ပါ့ဂ်လီအို ဝိုင်သောက်နေသည်ကို ကြည့်နေသည်။ “ဒါက ကတ်သရင်းက ငါ့ကို လက်ဆောင် ပေးခဲ့တဲ့ ခရမ်းဘယ်ရီဝိုင်ပဲ။ ပမာဏက ကန့်သတ်ထားတယ်။ ဒါကိုသောက်ပြီးရင် ကုန်သွားလိမ့်မယ်။”
အဆိပ်နဂါး ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ဟီးဟီး တော်ဝင်ဧကရီ အရှင်က မင်းအပိုင်ပဲ။ ဒီဝိုင်က ဘာဖြစ်လို့လဲ။ ဒါပေမဲ့ ပြန်ပြောရရင် ‘အထူးလက်ဆောင်’ ဆိုတာက တကယ်ပဲ ကွဲပြားတယ်။ ဝိုင်အနံ့က အတော်လေး ပျော့ပျောင်းပြီး သာမန် ထုတ်ကုန်တွေထက် အများကြီး သာလွန်တယ်။ ရိုမန် တံခါးပိတ် လေ့ကျင့်မှုမှာ အဆင့်တက်တော့မလို ဖြစ်နေတာ ကံဆိုးတာပဲ။ မဟုတ်ရင် သူ အနံ့ရတာနဲ့ သေချာပေါက် ရောက်လာမှာ။ ရှိတာ အကုန်ထုတ်။ ကပ်စေးနဲ မနေနဲ့။”
“ဟုတ်ပါပြီ။ ခင်ဗျား နိုင်ပါတယ်။” ချန်လွေ့က ခါးသက်သက် ပြုံးလိုက်ပြီး နောက်ထပ် ၅ပုလင်း ထုတ်လိုက်သည်။ “ဒါ တကယ် အကုန်ပဲ။”
သူတို့နှစ်ဦး ဝိုင်သောက်ရင်း အချင်းချင်း စကားစမြည် ပြောနေလိုက်သည်။
“အခု မင်းရဲ့ စိတ်အခြေအနေကို ငါ နားလည်တယ်။” ပါ့ဂ်လီအိုက ဝိုင်တစ်ငုံ သောက်လိုက်သည်။ “အရင်ကသာဆိုရင် ငါ ဒါကို နားလည်နိုင်မှာ မဟုတ်ဘူး။”
ချန်လွေ့က အဆိပ်နဂါး ပြောသည်ကို သဘောပေါက်သည်။ မွေးဖွားလာစဉ် ဥခွံများကိုသာ မြင်ခဲ့သော ပါ့ဂ်လီအိုက လုံးဝ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုသောသူ တစ်ယောက် ဖြစ်သည်။ သူက သူ၏ အကျိုးစီးပွားကိုသာ ဂရုစိုက်မည့် ပုံမှန် နဂါးတစ်ကောင် ဖြစ်သော်လည်း ယခုမူ မတူတော့ပေ။ သူ့တွင် မိတ်ဆွေများနှင့် ချစ်ရသူများ ရှိနေပြီဖြစ်သည်။ သူက သူတို့ကို ကာကွယ်ရန် တိုက်ပွဲတွင် သူ၏ အသက်ကို တစ်ကြိမ်မက စွန့်စားခဲ့ဖူးရာ ပါ့ဂ်လီအိုသည် ရင်းနှီးသော မိတ်ဆွေ တစ်ဦးကို ဆုံးရှုံးရခြင်း၏ ဝမ်းနည်းမှုကို နားလည်၏။
“ရှင်းပြစရာ၊ ရှောင်လွှဲစရာ မလိုဘူး။ မင်း ကိုယ်တိုင် ပြောခဲ့တာပဲ။ ဘယ်သူမှ ပြီးပြည့်စုံတာ မဟုတ်ဘူးလေ။ ပြီးတော့ ဘဝက ဘယ်တော့မှ ချောမွေ့နေတာ မဟုတ်ဘူး။ မင်း မှန်တာလုပ်ခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မှားခဲ့တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ လုပ်ပြီးရင်တော့ ပြီးသွားတာပဲ။ ဒါကို ဘာလို့ ဒီလောက် အများကြီး တွေးနေတာလဲ။ အနာဂတ်မှာ ဘာလုပ်မလဲကို ဘာလို့မစဉ်းစားတာလဲ။”
ထိုသို့ပြောပြီးနောက် ပါ့ဂ်လီအိုက ဝိုင်အနံ့များဖြင့် အသက်ရှူထုတ်လိုက်ပြီး ခါးကို ဆန့်လိုက်သည်။ “ဒါပေမဲ့ စိတ် အခြေအနေဖြစ်ဖြစ်၊ သဘောထားဖြစ်ဖြစ် လိုက်လျော ညီထွေဖြစ်အောင် ဒါမှမဟုတ် ဖြေရှင်းဖို့ လုပ်ငန်းစဉ်တစ်ခု အမြဲ ရှိတယ်။ ဒါ လူသားလောက နဂါး တောင်ကြားမှာ ရုတ်တရက် အဖေတစ်ယောက် ရှိတယ် ဆိုတာကို ငါ သိလိုက်ရတုန်းက လိုမျိုးပဲ။ ပါဂရစ်ဇ်ကိုတောင် ဒေါသထွက်ခဲ့တယ်။ ဒီစိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ငါ လွှတ်ချဖို့ အကြာကြီး အချိန်ယူခဲ့ရတယ်။”
“ကျုပ် ခင်ဗျားလို ရှုပ်ထွေးမနေပါဘူး။” ချန်လွေ့က လက်ထဲရှိ ဝိုင်ပုလင်းမှ နောက်ဆုံး ဝိုင်တစ်ငုံ သောက်လိုက်ပြီး လက်ထဲတွင် ဝိုင်ပုလင်း အသစ် မရှိတော့ပေ။ “တကယ်တော့ ကျုပ်က ဒါမျိုး မစဉ်းစားနိုင်တာ မဟုတ်ဘူး။ မေးခွန်းတချို့ကို စဉ်းစားနေရုံပါ။”
“ဒီလောက် ခံစားချက် မလွန်ကဲပါနဲ့။ မင်း သေသေရှင်ရှင် ငါ ဂရုမစိုက်ဘူး။ ငါက အခွင့်အရေးယူပြီး ငါ့ရဲ့ ဝိုင်စွဲလမ်းမှုကို ဖြည့်ဆည်းချင်ရုံပဲ။” ပါ့ဂ်လီအို တင်ပါးကို ပုတ်ပြီး ထရပ်လိုက်၏၊ “ဘက်တီလေးက ဒီရက်တွေမှာ ပြောတယ်။ သူ ကလေးရဖို့ အဲဒီလျှို့ဝှက်ချက်ပြုတ်နည်း စမ်းကြည့်ဖို့ ငါ့ကို ပြောတယ်။ ဒါပေမဲ့ ငါ ခဏလောက် ဝိုင်ဖြတ်ရမယ်။ တကယ် ဝမ်းနည်းစရာပဲ။ သူ အနီးကပ် စောင့်ကြည့်နေသေးတယ်။ ဒါပေမဲ့ သော်သော်လို လိမ္မာတဲ့ သမီး တစ်ယောက်ရတာလည်း ကောင်းမှာပဲ... ကြည့်ဦး။ ပြောရင်းဆိုရင်း သော်သော် ရောက်လာပြီ။ ဝိုင်အနံ့ကို ရှင်းလင်းဖို့ နေရာတစ်ခု ရှာလိုက်ဦးမယ်။ မဟုတ်ရင် ကလေးမလေး အနံ့ရပြီး ဘက်တီလေးကို တိုင်မှာ။”
အဆိပ်နဂါး စကားဆုံးပြီးနောက် သူက ရှောင်သွားပြီး နေရာတွင်ပင် ပျောက်ကွယ် သွားခဲ့သည်။ ချန်လွေ့က သူ၏ခေါင်းကို လှည့်လိုက်ရာ အနောက်မှ နံရံတွင် ခေါင်းငယ်လေး တစ်လုံး ထိုးထွက် နေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ သူ၏ အဖိုးတန်သမီးပင်။
“သော်သော်...”
ကလေးများက အမှန်တကယ်တွင် အတော်လေး အာရုံခံစားလွယ်ပေသည်။ သော်သော်က ဖေဖေ စိတ်ဓာတ်ကျ နေကြောင်းကို သတိပြုမိရာ ထိုရက်များ အတွင်း ချန်လွေ့ကို မနှောင့်ယှက်မိအောင် သတိထားနေခဲ့သည်။
ဖေဖေ့၏ ခေါ်သံကို ကြားရာတွင် ကလေးမလေး ချက်ချင်းထွက်လာခဲ့သည်။ သူက ချန်လွေ့ထံသို့ တစ်လှမ်းချင်းစီ လျှောက်လာပြီး လည်ပင်းကို ပွေ့ဖက်ပြီး သူ၏ မျက်နှာကို ချန်လွေ့၏ မျက်နှာနှင့် ညင်သာစွာ ဖိကပ်လိုက်၏။
“ဖေဖေ...”
ချန်လွေ့က သူ၏သမီးကို မြန်နိုးစွာ ပွေ့ဖက်လိုက်သည်။ “ဘာဖြစ်လို့လဲ။”
“ဒေါ်လေးခီရာက ဖေဖေ့ကို ညစာစားဖို့ ခေါ်ခိုင်းလိုက်တယ်။”
“အင်း...”
“ဖေဖေ။ အခု သွားစားကြမလား။ သော်သော် ဖေဖေနဲ့ ထမင်းမစားရတာ သုံးလေးရက်ရှိပြီ...”
သမီးဖြစ်သူ၏ တောက်ပနေသော မျက်လုံးဝိုင်းဝိုင်းတွင် မျှော်လင့်ချက်များ လက်ခနဲ ဖြစ်နေသည်ကို မြင်သောအခါ ချန်လွေ့၏ နှလုံးသားက ရုတ်တရက် ပျော့ပျောင်းသွားသည်။ သူက အသက်ကို ပြင်းပြင်းရှူပြီး ထရပ်ကာ မျက်နှာပေါ်တွင် အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော အပြုံးတစ်ခုကို ပြသလိုက်သည်။ “သွားတာပေါ့။”
ဒေါ်လေးခီရာမှ အပ်နှင်းလိုက်သော ခက်ခဲသော တာဝန်ကို ပြီးမြောက်ခဲ့သော ကလေးမလေးက ပျော်ရွှင်စွာ ပျံတက်ပြီး ဖေဖေ့ကို နမ်းလိုက်ကာ ချန်လွေ့ကို ခြံဝင်းဘက်သို့ ဆွဲခေါ်သွားခဲ့လေသည်။
ထိုကောင်းကင်၏ အုံ့ဆိုင်းနေခြင်းနှင့် နှိုင်းယှဉ်လျှင် အခြားကောင်းကင်တစ်ခုမှာ တောက်ပပြီး တလက်လက် ဖြစ်နေ၏။
နေရောင်ခြည်က ထူထပ်ပြီး စိမ်းလန်း စိုပြည်သော သစ်တောပင်လယ်ပေါ်တွင် ပြန့်ကျဲနေသည်။ မရေမတွက်နိုင်သော အလင်းတန်းများက သစ်ပင်ထိပ်များတွင် ရောင်ပြန်ဟပ်နေခဲ့ပြီး အနည်းငယ် အေးစက်သော သစ်တောကို ပို၍ပင် နွေးထွေးနေစေသည်။
ထူထပ်သော သစ်တောအလယ်တွင် တဲငယ်တစ်လုံးရှိသည်။ တဲ၏ တံခါးဝတွင် အရပ်ရှည်ရှည် သွယ်လျသော အမျိုးသမီး ပုံရိပ်တစ်ခု ရှိပြီး အေးမြသော ဝတ်ရုံတိုကို ဝတ်ဆင်ထား၏။ သူ့တွင် လှပသော မျက်နှာ၊ တောက်ပနေသော ငွေရောင် မျက်လုံးတစ်စုံ၊ အစိမ်းရင့်ရောင်ဆံပင် ခပ်ရှည်ရှည် ခပ်ကောက်ကောက်နှင့် ဘေးနှစ်ဖက် ခပ်ရေးရေးပေါ်လွင်နေသော ချွန်ထက်သော နားရွက်နှစ်ဖက် ရှိသည်။
“ခီလန်ယာ...”
ဘေးဖက်မှ ရှတတနှင့် ခက်ထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။ နတ်သူငယ် အမျိုးသမီးဘေးတွင် အစိမ်းရင့်ရောင် ဝတ်ရုံဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ရှိနေခဲ့သည်။ နတ်သူငယ်၏ မျက်စိကျစရာ စိတ်နေသဘောထားနှင့် နှိုင်းယှဉ်လျှင် ထိုပုံရိပ်က အမှောင်ထဲမှ မီးခိုးနှင့် ပိုတူနေသည်။ အကယ်၍ တစ်ယောက်ယောက် သေသေချာချာ မကြည့်ပါက သစ်ပင်အရိပ် တစ်ခုဟု ထင်မိနိုင်ပေသည်။
“အဖေ...” ခီလန်ယာ၏ အခေါ်ဝေါ်အရ ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားမှာ နတ်သူငယ်မျိုးနွယ်စု၏ အကျော်ကြားဆုံး ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော အလူစီယာ ဖြစ်ကြောင်း မြင်တွေ့နိုင်သည်။
“မင်းရဲ့ စိတ်အခြေအနေက အခုထိ မကောင်းသေးဘူးထင်တယ်။”
“အင်း...” ကီလန်ယာ သက်ပြင်းချ လိုက်သည်။ “ဘယ်နတ်သူငယ်ပဲ ဖြစ်ဖြစ် သဘာဝသစ်ပင်ကို သစ္စာဖောက်ကောင် တစ်ယောက်က ယူသွားပြီး ဘယ်တော့မှ ပြန်မလာမှာသိရင် စိတ်အခြေအနေ ကောင်းမှာ မဟုတ်ဘူး။ ဒီအဖြစ်အပျက်ရဲ့ ‘နောက်ကွယ်ကကြိုးကိုင်သူ’ က တကယ် ကျွန်မရဲ့ အဖေဖြစ်နေတာက ကျွန်မကို ပိုပြီးတော့ စိတ်ဓာတ်ကျစေတယ်။”
“ဟုတ်တယ်။ ငါက အဲဒီ မင်းသား ‘အာသာ’ကို ကတိအတိုင်း သဘာဝ သစ်ပင်ကို သစ်တောပင်လယ်ဆီ မပေးဖို့ ဖီနိုအီရာကို ပြောခိုင်းခဲ့တယ်။” အလူစီယာက သူ၏ လက်ထဲမှ သစ်သားတုတ်ကို ရပ်တန့်လိုက်ပြီး ယိမ်းထိုးသော ခြေလှမ်း အနည်းငယ်ကို လှမ်းလိုက်သည်။
“ဘာလို့ ဒီလိုလုပ်ခဲ့လဲ ဆိုတာကို ကျွန်မ မသိဘူး။ မျိုးနွယ်စုရဲ့ မကျေနပ်မှုကို အဖေ ကြားမှာပဲ။ လူတိုင်းက အဖေ အဲဒီလူကို သဘာဝသစ်ပင်ကို ယူသွားခွင့် ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေတယ်။ အဖေက နတ်သူငယ် မျိုးနွယ်စုရဲ့ အမြင့်ဆုံး နည်းပြပဲ။ နှစ်တွေတလျှောက် နတ်သူငယ်တွေက အဖေ့ကို အမြဲတမ်း ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ သဘာဝ သစ်ပင်က အက်လ်ဖ်မျိုးနွယ်စုရဲ့ အရေး အကြီးဆုံး သိဒ္ဓိသစ်ပင် ဖြစ်ပြီးတော့ သေခြင်းရှင်ခြင်းနဲ့ ဆက်စပ်နေတဲ့ အသက် သစ်ပင်လည်း ဟုတ်တယ်။ အဖေက အပြင်လူကို သိဒ္ဓိသစ်ပင် ထိန်းချုပ်ခွင့် ပေးခဲ့တာက မယုံနိုင်စရာ ကောင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုပဲ။ အခု အဲဒီလူက အချိန်မီ ပြန်မလာခဲ့တော့ အနည်းဆုံး အပေါ်ယံမှာ ဒါက အတော် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေခဲ့တယ်။ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟော ဖြစ်တဲ့ အဖေ တင်မကဘူး။ ဧကရီ လစ်ဗ်တောင်မှ အပြစ်မလွတ်ခဲ့ဘူး။”
“ဒီလိုနဲ့လား။” အလူစီယာ ပြုံးလိုက်၏။ သူ၏ မျက်နှာတစ်ခြမ်းက ကြမ်းတမ်းပြီး ဖောင်းကားနေသော်လည်း မျက်နှာ၏ အခြား တစ်ဖက်ခြမ်းမှာ ကြင်နာမှုများဖြင့် ပြည့်နှက်နေလေသည်။ “တကယ်တော့ မင်း ဒေါသအထွက်ဆုံးက မင်းကို အခုမှ အမှန်တရား ပြောပြနေလို့ မဟုတ်လား။”
ခီလန်ယာ နှုတ်ခမ်းများ တွန့်လိုက်၏။ “ဟွန့်။ ဖခမည်းတော်မှာ တပည့်တွေ အများကြီး ရှိပေမယ့် သမီးတစ်ယောက်ပဲ ရှိတယ်။ အထူးသဖြင့် သူက အစစ်မှန်ဆုံး အမွေဆက်ခံမှုကို ရရှိခဲ့တဲ့ တပည့်လည်း ဟုတ်တယ်။ ဘာလို့ အဖေက ကျွန်မကို အချိန်အကြာကြီး လျှို့ဝှက်ထားရတာလဲ။ ကျွန်မမှာလည်း မဟာရှေ့ဖြစ်ဟောပါရမီ ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား။”
“ရှေးဖြစ်ဟောက ကျေးဇူးတင်စရာ လက်ဆောင်တစ်ခု မဟုတ်ဘူး။ အနာဂတ် လမ်းကြောင်း တချို့ကို မြင်နိုင်လေလေ၊ ရုန်းကန်မှုနဲ့ ဒုက္ခကို ပိုပြီးခံစားရလေပဲ။ ပြီးတော့ ငါတို့ မြင်တဲ့ အနာဂတ်က ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်း တစ်ခုပဲ။ ကြိုတင်ခန့်မှန်းတိုင်းမှာ မတူညီနိုင်ဘူး။ မြင်လိုက်လို့ ပြောင်းလဲနေတာ ဖြစ်မယ်။”
“အနာဂတ်က ပြောင်းလဲနေမှတော့ အဖေ ဘာလို့ အဲဒီလူသားကို သဘာဝ သစ်ပင် ဆက်ပြီး ထိန်းချုပ်ခိုင်းတာလဲ။”
“ဘာလို့လဲဆိုတော့... အချို့အရာက ဘယ်နှစ်ခါပဲ ကြိုတင် ခန့်မှန်းခံရပါစေ လုံးဝ မပြောင်းလဲဘူးလေ။” အလူစီယာ သက်ပြင်းချလိုက်၏။ “ဒါက ‘ကံကြမ္မာ’ ပဲ။ ကံကြမ္မာက ခေါင်းမာပြီး လုံးဝနီးပါးကို ပြောင်းပြန်လှန်လို့မရဘူး။ ဒါပေမဲ့ ဒါက အကြွင်းမဲ့လို့ ဆိုလိုတာမဟုတ်ဘူး။ ဒါပေမဲ့ ကြိုတင်ခန့်မှန်းမှုကိုပဲ အားကိုးရုံနဲ့တော့ သေချာပေါက် ပြောင်းလဲမှာ မဟုတ်ဘူး။”
“ဒါဆိုရင် အဖေက အပြောင်းအလဲ တချို့ကနေ တစ်ဆင့် ဒါကိုပြောင်းလဲဖို့ ကြိုးစားနေတာလား။” ခီလန်ယာက စဉ်းစားနေခဲ့ပြီး ရုတ်တရက် ထိတ်လန့် သွားခဲ့သည်။ “ဒါဆို အဖေ အဲဒီလူသားကို သဘာဝသစ်ပင်ကို ယူထားခိုင်းတာ...”
အလူစီယာ၏ စစ်မှန်သော တပည့်နှင့် မဟာရှေ့ဖြစ်ဟော ပါရမီ ပိုင်ရှင်တစ်ဦး အနေဖြင့် ခီလန်ယာက တစ်စုံတစ်ခုကို တွေးမိပြီး ဖြစ်သော်လည်း သူ ရုတ်တရက် ဘာမှမပြောဘဲ သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့သော အမူအရာ တစ်ခုသာ ပြသနေခဲ့သည်။
“နောက်တစ်ခါ မင်း အဲဒီ လူသားကို တွေ့ရင် ဒါပေးလိုက်။”
ခီလန်ယာက သူ၏ လက်ထဲတွင် ပေါ်လာသော တစ်ခုခုကို ကြည့်လိုက်၏။ သူက မမျှော်လင့်ထားသော အမူအရာကို ပြသခဲ့သည်။ “ဒါက...”
အလူစီယာသည် အဖြေမပေးဘဲ ကောင်းကင်ကိုသာ မော့ကြည့်နေခဲ့သည်။ တိမ်ကင်းစင်သော ကောင်းကင်ကြီးက ရုတ်တရက် မှောင်မိုက်သွားပြီး နေကို တိမ်တိုက်ကြီးတစ်ခု ဖုံးလွှမ်းသွားကာ မြူခိုးထဲတွင် တဂျိန်းဂျိန်း မိုးကြိုးသံများ ထွက်ပေါ်လာခဲ့သည်။ မိုးရွာတော့မည် ထင်ရသည်။
ဝတ်ရုံနောက်မှ အလွန် ကွဲပြားသော မျက်လုံးနှစ်လုံးက တစ်ချိန်တည်းမှာပင် နက်ရှိုင်းသွားပြီး တိမ်တိုက်နက်များနှင့် အချိန်နှင့် နေရာလွတ်ကို ထိုးဖောက် ဝင်ရောက် သွားသည့်အလား ထင်ရ၏။ အချိန်အတော် ကြာပြီးနောက် သူက တိုးတိုးလေး ရေရွတ်လိုက်လေသည်။ “ကောင်းကင်က ပြောင်းလဲတော့မယ်။”