အစ
Vol. 74 Ch. 1165
အနီရောင်တိမ်များ ဖုံးလွှမ်းနေသော ကောင်းကင်တွင် မိုးကြိုးသံများသည် ဆက်တိုက် ဖြစ်ပေါ်နေ၏။
အမှောင်လ နယ်မြေ၏ ခြံဝင်းထဲတွင် အထူးပြုလုပ်ထားသော စားပွဲကြီးတစ်လုံး ရှိသည်။ ချန်လွေ့က စားပွဲရှေ့ ထိုင်နေပြီး အသီနာ၊ ခီရာနှင့် အစ်ဇဘယ်လာတို့က ဝန်းရံထားကြသည်။ အစ်ဇဘယ်လာက သော်သော်ကို လက်မောင်းထဲပွေ့ထား၏။
အိုလီဖီးရက်စ်၊ ဒေလီယာ၊ မယ်ဒီလူ၊ လာလာရီယာနှင့် အခြားသူများသည် မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်။
လူတိုင်းက ကောင်းကင်မှ မိုးကြိုးသံကို လျစ်လျူရှု ထားကြပြီး စကားစမြည် ပြောရင်း ရယ်မောနေကြဆဲ ဖြစ်သည်။ အထူးသဖြင့် အသီနာနှင့် အမျိုးသမီးများ မှာမူ ချန်လွေ့ အားပါးတရ စားသောက် နေသည်ကို ပြုံးလျက် ကြည့်နေကြသည်။ သူတို့က ချန်လွေ့ကို အဆက်မပြတ် ဧည့်ခံပေးနေပြီး သူတို့ ကိုယ်တိုင်မှာမူ အနည်းငယ်သာ စားကြသည်။
“ရှင် ခုနက အသီနာဆီက ဝက်ပေါင်း စားခဲ့တယ်။ ပြီးတော့ အစ်ဇဘယ်လာ ဆီကနေ ဟင်းနုနွယ် တစ်ကိုက် စားခဲ့တယ်။ ကျွန်မဆီက အာလူးတွေကို ဘာလို့ မစားရတာလဲ။” အစေခံမလေးက နှုတ်ခမ်းများကို သနားစရာကောင်းစွာ စူလိုက်၏။
“ဘယ်လိုလုပ် အဲဒီလောက် အများကြီး မှတ်မိမှာလဲ...” ချန်လွေ့က သော်သော်၏ ပုံမှန် သနားစရာကောင်းသော အမူအရာ များမှာ မည်သူ့ထံမှ လာကြောင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်၊ “အင်းပါ။ ကိုယ် အခုစားပြီ။ ဟုတ်ပြီလား။”
မဒမ်-ဒေါ်လေးကလည်း တုံ့ပြန်၍ ပြောလိုက်သည်။ “ခဏနေဦး၊ ဒီလိုမျိုး ရေတွက်လို့မရဘူး။ ရှင် အသီနာဆီကနေ ၁၂လုပ် စားခဲ့တယ်။ ခီရာဆီက ၁၁လုပ် စားခဲ့တယ်။ ကျွန်မဆီက ဘာလို့ ၇လုပ်ပဲ စားရတာလဲ။”
“မင်းက ထောက်လှမ်း ရေးဌာန အကြီးအကဲအစား စာရင်းအင်း ပညာရှင် တစ်ယောက် ဖြစ်သင့်တယ်။ ရင်းနီ။” ချန်လွေ့က တူကို ပြောစရာစကားမဲ့လျက် ရပ်တန့်လိုက်ပြီး ပြုံးနေသော အသီနာကို ကြည့်လိုက်သည်။ “ဗိုလ်ချုပ် အသီနာ။ ခင်ဗျားမှာ ထပ်ပြောစရာ တစ်ခုခု ရှိသေးလား။ တစ်ခါတည်းနဲ့ အကုန်လုံး ရှင်းလိုက်တာပေါ့။”
အသီနာ ပြုံးပြီး ခေါင်းခါလိုက်သည်။ “ကျွန်မက စာရင်းအင်း ပညာရှင် မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရက်တွေထဲမှာ ရှင် ဘာမှမစားခဲ့ဘူး။ အဲဒါကြောင့် မင်းဒီနေ့ အစားပြန်ဖြည့်ရမယ်။”
အစားပြန်ဖြည့်ရမယ် ဟုတ်လား။ ဒါက ငါ ၁၀ပန်းကန်ထက်မနည်း စားရမယ်လို့ ပြောတာ မဟုတ်လား။ ဒီလှည့်ကွက်က ပိုပြီးတော့ ရက်စက်တယ်... ချန်လွေ့က မို့မောက်နေပြီ ဖြစ်သော ပန်းကန်များကို ကြည့်ရင်း ခါးသီးစွာဖြင့် ပြုံးနိုင်ရုံသာ တတ်နိုင်တော့သည်။
“ဒါက များလွန်းတယ်။” ခီရာ မျက်လုံး တစ်ဖက် မှိတ်ပြလိုက်သည်။ “အသားကင် အချောင်း၅၀၊ အာလူးပြား၅၀၊ ဟင်းနုနွယ် အရွက်၅၀စားတာက ပိုကောင်းတယ်။”
အစ်ဇဘယ်လာ၏ လှုံ့ဆော်မှု အောက်တွင် မီးလျှံငယ်လေး တစ်ခု သော်သော်၏ လက်ထဲတွင် ပေါ်လာ၏။ “ဖေဖေ မစားရင် အားမရှိတော့ဘူး။ သမီး အဲဒီ အသားကင်တွေကို နွေးပေးမယ်။”
ကလေးမလေး၏ အပြစ်ကင်းပြီး လေးနက်သော အသွင်ကို မြင်သောအခါ ချန်လွေ့က နှလုံးသားထဲတွင် နွေးထွေးမှု အစအနတစ်ခုကို ခံစားလိုက်ရလေသည်။ သူက လက်ကို အရှုံးပေးသည့်အနေဖြင့် မြှောက်လိုက်သည်။ “ကောင်းပါပြီ။ မင်းတို့ ကြိုက်သလိုသာ လုပ်ကြတော့။”
သူက အသီနာနှင့် အခြားသူများမှာ သူ၏ စိတ်အခြေအနေကို ဖြေလျှော့ရန် တမင်တကာ နောက်ပြောင်နေကြောင်းကို ကောင်းကောင်း သိသည်။ ပါ့ဂ်လီအို၏ ယခင်က ‘သူနှင့်အတူ ဝိုင်သောက်ခြင်း’ မှာလည်း သူ့ကို စိတ်ခွန်အားပေးရန် ဖြစ်သည်။ ငါ့ကို ဂရုစိုက်တဲ့သူ ဒီလောက် များတာပဲ။ ချက်ချင်း စိတ်ခွန်အားရအောင် ကြိုးစားရမယ်။
အဆိပ်နဂါး ပြောသည့်အတိုင်း ဘဝက ချောမွေ့နေနိုင်သည် မဟုတ်ပေ။ မှန်သည် ဖြစ်စေ၊ မှားသည်ဖြစ်စေ အချို့အရာများ ဖြစ်ပျက်ပြီးဖြစ်ရာ ၎င်းတို့ကို ခံယူပြီး ဆက်လျှောက်ရပေမည်။
ခဏလေး အတွင်းမှာပင် လူတိုင်းက ချန်လွေ့၏ စိတ်ခံစားမှု အပြောင်းအလဲကို အာရုံခံမိပြီး အချင်းချင်း ပြုံးပြလိုက်သည်။
ချန်လွေ့ စကားပြောတော့မည့် အချိန် သူ လန့်သွားခဲ့သည်။ ကျောက်တုံးတစ်တုံး သူ၏ လက်ထဲတွင် ပေါ်လာသည်။ အလွန် ပြင်းထန်သော အရောင်စုံ အလင်းတန်း တစ်ခု ထိုကျောက်တုံးပေါ် တောက်နေ၏။
သြဇာယွမ်မြေ၏ အလင်းရောင်ခြည်က အိမ်ထဲမှ လူတိုင်း၏ အမြင်အာရုံကို ဆွဲဆောင်လိုက်လေသည်။ အထူးသဖြင့် အတွင်းသိ အသီနာနှင့် အခြားသူများမှာမူ အားလုံး စိုးရိမ်သောက ရောက်နေသော အမူအရာများ ပြသခဲ့ကြသည်။
ချန်လွေ့ လက်သီး ဆုပ်လိုက်သည်။ မြေဒြပ်စင်ဘုရင် မိုးရီ မသေဆုံးသေးခင် ပြောခဲ့တဲ့ စကားတွေအရ ဆိုရင်တော့ ဒါက ဇိုလာ နောက်ဆုံး စမ်းသပ်မှုထဲကို ဝင်သွားတဲ့ အခိုက်အတန့် ဖြစ်မယ်။
“ကျွန်မရဲ့ စွမ်းအား...” ခီရာက ရုတ်တရက် အော်ပြောလိုက်သည်။ “နည်းနည်း ထိန်းချုပ်လို့ မရတော့ သလိုမျိုးပဲ။”
“ငါရောပဲ။” ခရိုဘဲလက်စ်နှင့် ဒေလီယာ တစ်ချိန်တည်း ပြောလိုက်ကြသည်။
“ငါရောပဲ။” အစ်ဇဘယ်လာက သူ၏ လက်ထဲမှ ဖရိုဖရဲ ဖြစ်နေသော ရေဒြပ်စင် စွမ်းအားကို ကြည့်ပြီးနောက် ရုပ်တည်နှင့် ဖြစ်နေသော လာလာရီယာနှင့် အခြား သူများကို ကြည့်လိုက်သည်။ သူက ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ “ဖရိုဖရဲဖြစ်နေတာ... ဒြပ်စင်စွမ်းအားပဲ!”
ထိုသို့ပြောပြီး အစ်ဇဘယ်လာက ရုတ်တရက် မီးတောက် တောက်လောင် လာခဲ့သည်။ ၎င်းမှာ သော်သော်က ရုတ်တရက် အနှောင့်အယှက်များကြောင့် ကြောက်လန့်သွားပြီး လက်ထဲမှ မီးလျှံ ငယ်လေးများ ထိန်းချုပ်မှု လွတ်သွားကာ ပေါက်ကွဲထွက်သွားခြင်းပင်။
ထိုအရာမှာ ဇာမဏီ၏ မီးဇစ်မြစ်ဖြစ်ပြီး ၎င်း၏ အနှစ်သာရမှာ ပြိုင်စံရှား ဖြစ်၏။ ကံကောင်းစွာဖြင့် အစ်ဇဘယ်လာက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်ပြီး သူက မီးတောက်များကို တားရန် အချိန်မီ တုံ့ပြန်လိုက်သည်။ သို့မဟုတ် အစ်ဇဘယ်လာ သာမက သူ၏ဘေးမှ ခီရာနှင့် အသီနာတို့လည်း ထိခိုက်သွား ပေလိမ့်မည်။
“ဒေါ်လေးရင်းနီ! တောင်းပန်ပါတယ်...” သော်သော်က ငိုပြီး ပြောလိုက်သည်။
“ဘာမှ မဖြစ်ဘူး။ သော်သော်။ မငိုပါနဲ့။ စိတ်လျှော့ပြီး စွမ်းအား တည်ငြိမ်အောင် ထိန်းလိုက်။” အစ်ဇဘယ်လာက ကလေးမလေး၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီး အသီနာကို ကြည့်ကာ စကားစလိုက်သည်။ “အိုလီဖီးရက်စ်။ သော်သော်ကို ပွေ့ပြီးတော့ အဲဒီမှာ ခဏထိုင်နေလိုက်။”
အသီနာက ယခု ကိုယ်ဝန်ဆောင်နေရာ သောကြောင့် သူ့ကို သေသေချာချာ ကာကွယ်ပေးရမည် ဖြစ်သည်။
“ဟုတ်ကဲ့ပါ။ အစ်မ!” မစ်-နဂါးနက် ချက်ချင်း ပြေးဝင်လာပြီး သော်သော်ကို ပွေ့လိုက်၏။ မစ်-နဂါးနက်က မည်သည့် ဒြပ်စင်အမျိုးအစားကိုမဆို ခုခံနိုင်စွမ်း မြင့်မားသော နဂါးနက်တစ်ကောင် ဖြစ်၏။ ထို့ပြင် ထိုနေရာတွင် နောက်ထပ်နဂါးနက် တစ်ကောင်ဖြစ်သော လာလာရီယာလည်း ရှိနေသေးသည်။ သော်သော် တစ်ခုခု ဖြစ်ခဲ့လျှင်ပင် ၎င်းက အခြားသူများကို မထိခိုက်နိုင်ပေ။
ကောင်းကင်မှ မိုးကြိုးသံများသည် ပို၍ပို၍ပင် ကျယ်လောင်လာခဲ့သည်။ လျှပ်စီးများက ခဏခဏ တိမ်များကို ထိုးဖောက် ဝင်ရောက်လာခဲ့သည်။ လျှပ်စီး အရောင်က အဆက်မပြတ် ပြောင်းနေပြီး ဒြပ်စင် စွမ်းအားများ ပို၍ပို၍ ဖရိုဖရဲ ဖြစ်လာသည်။
“ချီးပဲ!” ပါ့ဂ်လီအို မျက်မှောင်ကြုတ် လိုက်သည်။ “ဒြပ်စင်တွေက ဘယ်လိုလုပ် ဒီလောက် ဖရိုဖရဲ ဖြစ်တာလဲ။ နတ်ဘုရား တစ်ပိုင်းအဆင့် လူတွေကိုတောင်မှ သက်ရောက်မှု ရှိနေတာလား။”
“နတ်ဘုရား တစ်ပိုင်း အဆင့်တင် မကဘူး၊ နတ်ဘုရား-ယောင် အဆင့်နဲ့ အားလုံးပါပဲ။” အနည်းငယ် နက်ရှိုင်းသော အသံတစ်ခု တံခါးဝမှ ထွက်ပေါ်လာသည်။ “ဒါက ဒြပ်စင်လောကကနေ လာတဲ့ တုန်ခါမှုပဲ။ အဓိကကုန်းမြေ တစ်ခုလုံးကို သက်ရောက်နေတာ။”
ထိုအသံက သော်သော်ကို ချက်ချင်းပင် သတိကြီးစွာ ထားသည့် အမူအရာမျိုး ဖြစ်သွားစေသည်။ အသံမပြုဘဲ တံခါး အစီအရင်ကို ဖြတ်နိုင်ပြီး သော်သော်ကို ထိုသို့သော အမူအရာမျိး ဖြစ်စေသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ ဖိုက်သွန် ဖြစ်လေသည်။
“ခင်ဗျား ရောက်လာပြီပဲ။” ချန်လွေ့က ဖိုက်သွန်ကို ခေါင်းညိတ်ပြလိုက်သည်။
“အင်း အခုအပြင်မှာ ဖရိုဖရဲ ဖြစ်နေပြီ။ ဒြပ်စင် စွမ်းအားတွေ အကုန်လုံးကလည်း အထိန်းအချုပ် လွတ်နေပြီ။ မိုက်ကယ်နဲ့ တခြားသူတွေက ခေါင်းအကိုက်ဆုံး ဖြစ်နေမယ်လို့ ကျွန်မ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ အလင်းဒြပ်စင်လည်း ပါဝင်နေလို့ပဲ။ ဒါပေမဲ့ ဖန်တီးခြင်း စာအုပ်နဲ့ဆိုရင် ဒုက္ခတော့ အရမ်းများမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီဗိုလ်ကျတဲ့ကောင် သုံးယောက် နည်းနည်းတော့ ခံရမှာပဲ။”
ဖိုက်သွန် ခန့်မှန်းချက်မှာ မှန်ကန်၏။ ထိုအချိန် သိဒ္ဓိအလင်းတောင်တွင် ဖရိုဖရဲ ဖြစ်နေသည်များက သာမန်မြို့များထက် ပိုမိုမြင့်မားသည်။ အလင်းဒြပ်စင်များက အထိန်းအချုပ်လွတ် လျှောက်သွားနေပြီး တစ်ခါတရံ လုံးဝဆန့်ကျင်ဘက်ဖြစ်သော အမှောင်ဒြပ်စင်များ အဖြစ်သို့ပင် မျိုးဗီဇ ပြောင်းလဲသွားသည်။ ယုံကြည်သူများ၏ ပြင်းထန်သော ထိတ်လန့်မှုကို ရင်ဆိုင်ရာ ကောင်းကင်တမန် သုံးပါးက အလင်း နတ်ဘုရားကျောင်းမှ ဖန်တီးခြင်း စာအုပ်ကို ပူးပေါင်း အသက်သွင်းပြီး ကမ်းပါးဖြူမှ ဒြပ်စင် စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်ခဲ့ရသည်။
ဖိုက်သွန်၏ မျက်လုံးများက ပို၍ပို၍ အရောင်စုံလာသော သြဇာယွမ်မြေပေါ် စူးစိုက်ကြည့်နေသည်။ “ဒါက မြေဒြပ်စင် ရတနာ၊ သြဇာယွမ်မြေလား။ သူ့ရဲ့ စွမ်းအားက နည်းနည်း ထူးဆန်းသလိုပဲ... ဒီပြောင်းလဲမှုက ဘာကို ဆိုလိုတာလဲ။ ပျောက်နေတဲ့ ဇိုလာနဲ့ ပတသ်က် နေတာလား။”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်၊ “ခင်ဗျားတစ်ခုခု သိထားတာလား။”
အက်ဘက်ဒွန်နှင့် စေတန်၏ အဖြစ်အပျက်ကို ဖြေရှင်းပြီးနောက်တွင် ဖိုက်သွန် ယခုမှ ပြန်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူက သွေးရောင်အင်ပါယာ၌ နာလန်ထူရန် နေထိုင်ခဲ့သောကြောင့် ရှီလန်တောင်တွင် ဖြစ်ပျက်ခဲ့သည်များကို မသိခဲ့ပေ။ သို့တိုင် သူ၏ အမူအရာအရ လျှို့ဝှက်ချက် အချို့ကို နားလည်သွားပုံ ရသည်။
ဖိုက်သွန်က ပြောသည်။ “ကျွန်မ အရင်တစ်ခေါက် ပြောခဲ့သလိုပဲ။ ကျွန်မက ခန့်မှန်းရုံပါ။ ပြီးတော့ အခု... ရှင်လည်း အမှန်တရားရဲ့ တစ်စိတ်တစ်ပိုင်းကို သိနှင့်ပြီးသား ဖြစ်လောက်တယ်။”
“ဒါဆိုရင် ခင်ဗျားရဲ့ ခန့်မှန်းချက်က တကယ်တမ်း ဘာလဲ။”
“ဒါက ခန့်မှန်းချက်ပါ။ အမှန်တရား မဟုတ်ဘူး။ လူတွေက အမြဲတမ်း မသိရသေးတဲ့ အမှန်တရားကို ရှာဖွေ နေကြတယ်။ ဒါပေမဲ့ အမှန်တရားက မကြာခဏ ဆိုသလို ရက်စက်တတ်တယ်။ ဒါက ပေါ်လာတဲ့အခါ ရှင် တွေ့လိမ့်မယ်။ ‘ဆုံးရှုံး’တာက ‘ရရှိ’တာထက် အများကြီး သာလွန်တယ် ဆိုတာကိုပေါ့။” ဖိုက်သွန် ခေါင်းခါလိုက်သည်။ “တကယ်တော့ ဇိုလာ အက်ဘက်ဒွန်ရဲ့ ဝိညာဉ်စွမ်းအားကို ဝါးမျိုတုန်းက ‘ဒြပ်စင်အဖြစ်ပြောင်းလဲ’ သွားတာကို မြင်ခဲ့ရတယ်။ ပြီးတော့ သူ့ရဲ့ ဒြပ်စင် စစ်လက်နက် နှစ်ခုကို ကျွန်မ မြင်ဖူးတယ်။ ဒီကိစ္စက ဒြပ်စင်လောကနဲ့ မကင်းကွာလောက်ဘူး။”
ချန်လွေ့က ထိုသို့သော အဖြေကို မကျေနပ်ပေ။ ယခင်က မြင်ကွင်းကို ပြန်လည်သတိရရင်း သူ နောက်တစ်ကြိမ် မေးလိုက်သည်။ “စေတန်က ဒါကိုလည်း ခန့်မှန်းမိခဲ့တာလား။ ဘာလို့ သူက ‘ရယ်စရာကောင်းတဲ့ကံကြမ္မာ’လို့ ပြောခဲ့တာလဲ။ အရင်တစ်ခေါက် သိဒ္ဓိ အလင်းတောင်မှာ ဒီလိုပဲ ဖြစ်ခဲ့တယ်။ မိုက်ကယ်ကလည်း ကျုပ် ရေဒြပ်စင် ဘုရင်ကို ဒြပ်စင်နှလုံးသား ပြုပြင်ပေးဖို့ ကူညီပေးဖို့အတွက် တစ္ဆေရေခဲစမ်းကို ရယူခဲ့တယ် ဆိုတာကို ကြားတော့ ဒီလိုပဲ ပြောခဲ့တယ်။ ဒီမှာ တူညီတဲ့အရာ တစ်ခု ရှိတယ်။ အဲဒါကတော့ တစ်ဖက်က ‘ကျုပ်’ ဖြစ်နေပြီးတော့ အခြား တစ်ဖက်က ဒြပ်စင်လောက လူတွေနဲ့ ဆက်စပ် နေတာပဲ။ ဒါဆို ‘ကျုပ်’ ဒြပ်စင်လောကနဲ့ ဘယ်လိုမျိုး ပတ်သက်နေရတာလဲ။”
“အမှန်တရားကို... ရှင် ဒြပ်စင်လောက အထဲမှာ ရှာဖွေသင့်တယ်။” ဖိုက်သွန်က စကားလမ်းကြောင်း ပြောလိုက်သည်။ “ဒါပေမဲ့လည်း ဒြပ်စင်လောကက အထူး တည်ရှိမှု တစ်ခုပဲ။ လေ့ကျင့်သူတွေက သာမန် အခြေအနေအောက်မှာ ဒြပ်စင် လောကထဲ မဝင်နိုင်ဘူး၊ နတ်ဘုရား-ယောင် ဖြစ်နေရင်တောင်မှပဲ။”
“သြဇာယွမ်မြေက အချိန်တစ်ခုမှာ ဒြပ်စင်လောကရဲ့ တံခါးကို ဖွင့်နိုင်တယ်။”
“ဒါကြောင့်ကိုး။” ဖိုက်သွန်က သူ၏ အကြည့်ကို သြဇာယွမ်မြေမှ ရုပ်သိမ်း လိုက်သည်။ “သူ့ရဲ့ဖွဲ့စည်းပုံက အသက်နဲ့ ဝိညာဉ် အနှစ်သာရကို တံတားတစ်ခု အနေနဲ့ သုံးထားပြီးတော့ အသန့်စင်ဆုံး မြေဒြပ်စင် စွမ်းအားကို ထုတ်လွှတ်ပြီး တံခါးပေါက် ဖွင့်တာ ဖြစ်မယ်။ ဒါက ရှင့်မိတ်ဆွေ ဒြပ်စင်ဘုရင် ကနေရတဲ့ လက်ဆောင်ပဲ ဟုတ်တယ်မလား။”
“နောက်ဆုံးလက်ဆောင်။” ဖိုက်သွန်က “အသက်နဲ့ ဝိညာဉ် အနှစ်သာရကို တံတား တစ်ခုအဖြစ် သုံးခြင်း” ဟူ၍ ပြောသည်ကို ကြားသောအခါ ချန်လွေ့၏ အကြည့်က မှေးမှိန်သွားခဲ့သည်။
“ကျွန်မ ခန့်မှန်းတာ မှန်တယ်ဆိုရင် ဒီအရာက လူတစ်ယောက်ကိုပဲ တယ်လီပို့ နိုင်တယ်။” ဖိုက်သွန်ကလည်း ဝိညာဉ် စွမ်းအား ဆရာတစ်ပါး ဖြစ်သည်။ သူက သြဇာယွမ်မြေ၏ ဝိညာဉ် ဖွဲ့စည်းပုံကို သိမြင်ခဲ့သည်။ “ဒါက ရှင် ဒြပ်စင် လောကထဲကို တစ်ယောက်တည်း ဝင်ရမယ်လို့ ဆိုလိုတာပဲ။”
ချန်လွေ့က မျက်ခုံးကို ပင့်လိုက်သည်။ “ခင်ဗျားက ကျုပ်သွားတာကို သဘောတူ နေတဲ့ပုံပဲ။”
“သဘောမတူရင်တောင် ရှင် သွားမှာပဲ။ ကန့်ကွက်ရတာ အသုံးမဝင်မှတော့ ရှင် ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာကို မျှော်လင့်ပြီးတော့ စောင့်ကြည့်ရတာက ပိုကောင်းတယ်။” ဖိုက်သွန် အနည်းငယ် ပြုံးလိုက်သည်။ “ဒါပေမဲ့ ဒီခရီးစဉ်ကို ပေါ့ပေါ့တန်တန် တွေးလို့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ရှင် ရင်ဆိုင်ရမယ့် ရန်သူတွေဟာ အရင်က ကြုံတွေ့ခဲ့ဖူးတဲ့ ဘယ်ပြိုင်ဘက်ထက်မဆိုကို အစွမ်းထက် နေလို့ပဲ။”
ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ “ဒြပ်စင်လောကအကြောင်း ကျုပ် ပိုပြီး သိချင်တယ်။”
“ကျွန်မက ဒြပ်စင်လောကအကြောင်း နည်းနည်းပဲသိတယ်။ ဒါပေမဲ့ အဲဒါက ဒြပ်စင်ကောင်ကလွဲပြီး တခြားသတ္တဝါ အားလုံးကို တွန်းလှန်တယ် ဆိုတာတော့ သိတယ်။ ပြီးတော့ ရှင့်ရဲ့ စွမ်းအားက အဲဒီမှာ သေချာပေါက် ဖိနှိပ်ခံရမှာပဲ။ တကယ်၍ ရှင့်ရဲ့ ပြိုင်ဘက်က အဓိက ဒြပ်စင်သံတမန် ဆိုရင် မကြုံစဖူးသော ခက်ခဲတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်ရမှာ။ တကယ်လို့ အဓိက ဒြပ်စင်သံတမန် နှစ်ယောက် ဒါမှမဟုတ် ဒီထက်ပိုပြီး ရင်ဆိုင်ရရင်တော့ ကျွန်မမှာ အကြံဉာဏ် တစ်ခုပဲရှိတယ်။ ပြေးသာပြေး။”
“အဓိက ဒြပ်စင်သံတမန်က ဒီလောက် အစွမ်းထက်တာလား။” ပါ့ဂ်လီအိုက အနည်းငယ် မကျေမနပ် မေးလိုက်သည်။ “သူက ချန်လွေ့နဲ့ မစ်-ဖိုက်သွန်ထက် ပိုပြီး အစွမ်းထက်တာလား။ ခင်ဗျားက စေတန်နဲ့ မိုက်ကယ်ကို ယှဉ်ပြိုင်နိုင်တဲ့ အစွမ်းအထက်ဆုံးလူပဲ!”
“အဓိကဒြပ်စင်သံတမန်က ဒြပ်စင် နတ်ဘုရားမ ပြီးရင် ဒုတိယအဆင့်ရှိတဲ့ တည်ရှိမှုဖြစ်တယ်။ ချန်လွေ့ရဲ့ ‘လောက’ ထဲက ဗာရိုနီကာရဲ့အဆင့်နဲ့ အကြမ်းဖျင်း ညီမျှတယ်။ သူတို့က အစွမ်းထက်ရုံတင် မကဘူး။ သူတို့မှာ မရေမတွက်နိုင်တဲ့ နှစ်တွေရဲ့ အတွေ့အကြုံနဲ့ ဉာဏ်ပညာကို စုဆောင်းထားကြတယ်။ ကျွန်မရဲ့ လက်ရှိ စွမ်းအားကို အခြေခံပြီး ပြောရရင် သာမန်ကုန်းမြေမှာတောင် မသေချာဘူး၊ ဒြပ်စင်ကမ္ဘာမှာဆို ပိုပြီးဆိုးသေးတယ်။ နတ်ဘုရားတစ်ပါး ဒါမှမဟုတ် အထူး စွမ်းရည်ရှိတဲ့ လူတစ်ယောက် မဟုတ်ခဲ့ရင် အဓိက ဒြပ်စင်သံတမန်က ဒြပ်စင် လောကမှာ လုံးဝနီးပါး မရှုံးနိုင်ဘူး။”
ပါ့ဂ်လီအို ပင့်သက်ရှိုက်လိုက်သည်။ အစ်ဇဘယ်လာ ဖြတ်ပြောလိုက်သည်။ “ဘယ်လို အထူးစွမ်းရည်တွေလဲ။”
“ဒြပ်စင်နတ်ဘုရားမက အသိအမှတ် ပြုထားတဲ့ လူတစ်ယောက်။” ဖိုက်သွန်၏ အဖြေက လူတိုင်းကို ချက်ချင်းပင် နားလည်သွားစေပြီး တိတ်ဆိတ်သွား၏။
သြဇာယွမ်မြေက ရုတ်တရက် အလိုလို တုန်ခါသွားပြီး အရောင်စုံအလင်းများက တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့သည်။
ထိုအခိုက် ချန်လွေ့၏ အာရုံအားလုံး ရွှေရောင် သြဇာယွမ်မြေ အပေါ်တွင် စူးစိုက်နေ၏။
ထိုရွှေရောင်အလင်း ပိုတောက်ပလာပြီး သြဇာယွမ်မြေပေါ်တွင် အက်ကွဲကြောင်း တစ်ခု ပေါ်လာခဲ့တော့သည်။