ဒြပ်စင်လောက
Vol. 74 Ch. 1166
သြဇာယွမ်မြေပေါ်မှ အက်ကြောင်းများ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ‘ခွက်’ခနဲ လုံးဝ ကြေမွသွားခဲ့သည်။
ကြေမွသွားသည့် အခိုက်အတန့်တွင် ရွှေရောင်အလင်းက ချန်လွေ့ကို လွှမ်းခြုံ လိုက်လေသည်။ ချန်လွေ့ကျ မိုးရီ၏ စကားများကို တွေးမိလိုက်ပြီး ရွှေရောင် အလင်းကို ရှောင်တိမ်းခြင်း မရှိဘဲ ကိုယ်ထဲသို့ ဝင်စေလိုက်သည်။
သြဇာယွမ်မြေ ကြေမွသွားသော်လည်း လုံးဝ ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ ထိုအပိုင်းအစများက မြေဆီလွှာများကို ချက်ချင်း စုပ်ယူလိုက်ပြီး လေထဲတွင် တံခါးတစ်ခုကို ဖွဲ့စည်းလိုက်လေသည်။ အခြား သူများ၏ မျက်လုံးများတွင် ထိုတံခါးက ဖောက်ထွင်းမြင်နိုင်ပြီး တံခါးဘောင် တစ်ခုမှလွဲ၍ ဘာမှမရှိပေ။ ချန်လွေ့ တစ်ဦးတည်းသာ တံခါး နောက်ကွယ်တွင် ပါဝင်သော အဆုံးမဲ့ အထူး အငွေ့အသက်ကို ခံစားနိုင်သည်။ သူ့ဝိညာဉ်က တံခါးနောက် နေရာလွတ်၏ ဆင့်ခေါ်ခြင်းကို ခံရသကဲ့သို့ ထင်ရသည်။ ပို၍ တိတိကျကျဆိုရလျှင် ၎င်းသည် သူ၏ ကိုယ်ထဲမှ ရွှေရောင် အလင်းကို ခေါ်ဆိုနေခြင်း ဖြစ်ပြီး ၎င်းမှာ မိုးရီမှ ချန်ထားခဲ့သော နောက်ဆုံး အသက်နှင့် ဝိညာဉ်စွမ်းအား အစအန ဖြစ်၏။ သို့သော် ထိုစွမ်းအားက ကန့်သတ်ချက် ရှိသည်။ သူ အမြန်ဆုံး ဝင်ရောက်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက အကျိုး သက်ရောက်မှု ဆုံးရှုံးသွားပေလိမ့်မည်။
“ချန်လွေ့!” အသီနာ၏ အသံက သူ၏ အနောက်မှ ထွက်ပေါ်လာသည်။
ချန်လွေ့ လှည့်လိုက်သည်နှင့် သူသည် အသီနာ၏ အကြည့်ကို တွေ့လိုက်ရသည်။ စကားလုံး ထောင်ပေါင်းများစွာသည် ရိုးရှင်းသော စိုးရိမ်မှု တစ်ခုထဲတွင် စုစည်းနေ၏။
“ဇိုလာနဲ့အတူ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့။” အသီနာက သူ၏ဝမ်းဗိုက်ကို ညင်သာစွာ ထိလိုက်ပြီး ပတ်ဝန်းကျင်မှ လူများကို ကြည့်လိုက်သည်။ “ကျွန်မတို့ ရှင့်ကို စောင့်နေမယ်။”
“အင်း...” ချန်လွေ့ ခေါင်းညိတ် လိုက်သည်။ ရွှေရောင် အလင်းက သူ၏ ကိုယ်ပေါ်တွင် လင်းလက်သွားပြီး သူက ‘တံခါး’ထဲ ပျံသန်းဝင်ရောက်သွားသည်။ သူ၏ ခန္ဓာကိုယ်လည်း ဝေဝါးသွားပြီး မကြာမီ ပျောက်ကွယ်သွားခဲ့သည်။
ချန်လွေ့ ဝင်ရောက်ပြီးနောက် တံခါးက အလျင်အမြန်ပင် စတင်ပြိုကျလာသည်။
အလင်းရောင် လက်သွားသည်နှင့် ဖိုက်သွန်၏ ပုံရိပ်က မျက်နှာချင်းဆိုင်တွင် ပေါ်လာခဲ့သည်။ သူက တံခါးကို အရှိန်မြန် ဖြတ်သန်းသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် သူက ‘ဖြတ်သန်း’ရုံ ဖြတ်သန်းနိုင်ခဲ့ပြီး ‘ဝင်ရောက်’နိုင်ခြင်း မရှိခဲ့ပေ။
အသေအချာပင် ယခင် ထင်ထားသည့် အတိုင်း ဒြပ်စင်လောကမှာ ဒြပ်စင်များမှ လွဲ၍ အခြားစွမ်းအား အကုန်လုံးကို တွန်းလှန်ခဲ့ပြီး သြဇာယွမ်မြေ စွမ်းအင်က ချန်လွေ့ တစ်ယောက်တည်းကိုသာ တယ်လီပို့ရန် လုံလောက်၏။
နောက်စက္ကန့်တွင် သြဇာယွမ်မြေ၏ အပိုင်းအစများ လုံးဝ ပျက်စီးသွားပြီး မြေတံခါးလည်း အရိပ်အယောင် မကျန် ပျောက်ကွယ်သွားခဲ့၏။ ကောင်းကင်တွင် ကခုန်နေသော လျှပ်စီးများသာ မြင်တွေ့ နိုင်နေသည်။
ချန်လွေ့ မြေတံခါးကို ဖြတ်သန်းသည့် အခိုက် မည်သည့် အန္တရာယ်ကိုမဆို ပြင်ဆင်ရန် ကြယ်စွမ်းအားကို စီးဆင်း စေလိုက်သည်။ သို့သော် အံ့ဩစွာပင် မည်သည့် တွန်းလှန်မှုကိုမျှ မခံစားရပေ။ ထိုအစား သူက ငါးတစ်ကောင် ရေထဲ ရောက်သွားသကဲ့သို့ အသက်သာဆုံးသော ပတ်ဝန်းကျင်သို့ ပြန်ရောက်သွားသလိုမျိုး ခံစားလိုက်ရသည်။
ထိုတံခါး ပျောက်ကွယ်သွားပြီး သူ၏ အရှေ့တွင် ကမ္ဘာသစ်တစ်ခု ရှိနေ၏။
ကောင်းကင်မှ တိမ်များက အရောင် အမျိုးမျိုးဖြင့် ခမ်းနားထည်ဝါပြီး စူးရှသော အလင်းရောင်များဖြင့် လင်းလက်နေကာ အဆက်မပြတ် ပြောင်းလဲနေလေသည်။ သူ၏ ခြေဖဝါးအောက်တွင် မြေကြီးမရှိဘဲ လေထဲ လွင့်မျောနေသော ကျွန်းများသာ ရှိနေသည်။ ထိုပထဝီဝင်အခြေအနေက ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေနှင့် အနည်းငယ် ဆင်တူသော်လည်း ထိုသို့ ကျွန်းအမျိုးအစားက မြေဆီလွှာ သို့မဟုတ် ကျောက်တုံးများချည်း မဟုတ်ပေ။ ဥပမာ ပြောရလျှင် အနီးဆုံးသော တစ်ခုမှာ လုံးဝရေခဲကျွန်း ဖြစ်နေသည်။
ကောင်းကင်က လေစီးကြောင်းများဖြင့် ပြည့်နှက်နေပြီး အားကောင်းသော အင်အား တစ်ခုကို ဖျော့တော့စွာ ထုတ်ဖော် ပြသနေသည်။ အဝေးတွင် မုန်တိုးင်း အစုအဝေးများကို မြင်နိုင်ပြီး ထိုထဲတွင် လျှပ်စီးများ လက်နေသည်။
ချန်လွေ့လို မှော်ပညာ မကျွမ်းကျင်သူ ပင်လျှင် ထိုလောကတွင် ပါဝင်သော မနှိုင်းယှဉ်နိုင်သော ဒြပ်စင်စွမ်းအင်ကို အာရုံခံနိုင်လေသည်။ ဒြပ်စင် အမျိုးမျိုး၊ သဟဇာတမဖြစ်သော ဒြပ်စင်များပင်လျှင် သဟဇာတဖြစ်သော တစ်ခုတည်းသော အရာတစ်ခု အဖြစ်သို့ သဘာဝကျကျ ပေါင်းစပ်နေကြ၏။
ဒြပ်စင်လောက-
မိုးရီ၊ လန်ဘို့စ်၊ ဆက်သ်တိုင်းနဲ့ တခြား သူတွေရဲ့ ‘မွေးရပ်မြေ’။
ဇိုလာ ကိုယ် လာပြီ... ချန်လွေ့က စိတ်ထဲတွင် တိတ်တဆိတ် ပြောလိုက်ပြီး ရှေ့သို့ ပျံသန်းသွားခဲ့သည်။
ထိုအခိုက်တွင် ချန်လွေ့က သူ့ကို တုန်လှုပ် သွားစေသည့် အရာတစ်ခုကို တွေ့ရှိလိုက်သည်။ သူ၏ ခြေအောက်မှ အရိပ်လေပြေဖိနပ်မှာ အရှိန်မြှင့်တင်မှု အာနိသင် ဆုံးရှုံးသွားခြင်းပင်။
အရိပ်လေပြေဖိနပ်တွင် [လေလွင့်ပြေး] စွမ်းရည်ရှိပြီး ၎င်းကို ဝတ်ဆင်ထားသရွေ့ အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်သော်လည်း ယခု ချန်လွေ့က [လေလွင့်ပြေး] စွမ်းရည် ပျောက်ကွယ်သွားကြောင်း ခံစားလိုက် ရလေသည်။ သူ အမြန်နှုန်း သုံးဆမြှင့်ရန် အရိပ်လေပြေဖိနပ်၏ [မီးပွား] စွမ်းရည်ကို အသက်သွင်းရန် ကြိုးစားလိုက်သည်။ အသေအချာပင် မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ နတ်ဘုရားဝါးမျိုမျက်နှာဖုံးက သူ၏ မျက်နှာပေါ်တွင် ပေါ်လာသော်လည်း သူ [နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း] နှင့် [ဝါးမျိုခြင်း] ကိုလည်း အသက် မသွင်းနိုင်ခဲ့ပေ။
‘အဆောင်ပစ္စည်း၇ခု’ ထဲမှ ၆ခုလုံးကို စမ်းသပ်ပြီးနောက်တွင် ချန်လွေ့သည် အဆောင်ပစ္စည်း ၇ခုစလုံးသည် ဒြပ်စင် လောကတွင် သုံးမရကြောင်း နောက်ဆုံး အတည်ပြုလိုက်သည်။
ချန်လွေ့ အလွန် တုန်လှုပ်သွားခဲ့၏။ နတ်ဘုရားဝါးမျို မျက်နှာဖုံးမှ စတင်၍ ထိုအဆောင်ပစ္စည်းများက ကြီးသည် ဖြစ်စေ၊ ငယ်သည် ဖြစ်စေ ရေတွက်၍ မရနိုင်သော တိုက်ပွဲများတလျှောက် သူ့ကို အဖော်ပြုခဲ့၏။ ၎င်းတို့က အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်ခဲ့ပြီး သူ၏ အသက်ကိုပင် တစ်ကြိမ်မက ကယ်တင် ခဲ့ဖူးသည်။ သို့သော်လည်း ထိုလောကတွင် ၎င်းတို့ကို အသုံးမပြုနိုင်တော့ပေ။
ချန်လွေ့ အလျင်အမြန် တည်ငြိမ်မှုကို ပြန်လည် ရရှိလာသည်။ အဆောင်ပစ္စည်း ၇ခုသည် အကူအညီများစွာ ယူဆောင်လာ ပေးနိုင်သော်လည်း ပြင်ပအရာများသာ ဖြစ်ပြီး လုံးဝအားကိုး၍ မရပေ။ ထို့နောက် သူက အရေးအကြီးဆုံး [ကြယ်ဂိတ်] ကို စမ်းသပ်လိုက်ရာတွင် ကြယ်အမှတ်ကို ထိုနေရာ၌ သတ်မှတ်၍ မရနိုင်ကြောင်း တွေ့လိုက်ရသော်လည်း ကံကောင်းစွာပင် မူလ [ကြယ်ဂိတ်]ကို အသက်သွင်းရန်မှာမူ ဖြစ်နိုင်သေးသည်။
အနည်းဆုံးတော့ ငါ ဇိုလာနဲ့အတူ ဒီကနေ ထွက်ပြေးနိုင်တယ်။
ခဏအကြာ၌ ဒြပ်စင်လောကတွင် အိမ်ကဲ့သို့ ခံစားရသည့် ခံစားချက်က မှေးမှိန်သွားသည်။ အထိုက်အလျောက်ပင် ပတ်ဝန်းကျင်မှ ဖိအားက ပို၍ပို၍သာ တိုးလာသည်။ အကြောင်းရင်းမှာ အလွန် ရိုးရှင်း၏။ သူ့ကိုယ်ထဲမှ သြဇာယွမ်မြေ၏ ရွှေရောင်အလင်း စွမ်းအင်က အကြာကြီး မခံနိုင်ဘဲ အလျင်အမြန် ပျောက်ကွယ် သွား၍ပင်။
ချန်လွေ့က ပင့်သက်ရှိုက်လိုက်ပြီး နူးညံ့၊ နွေးထွေးသော ဝိညာဉ်စွမ်းအားကို ခံစားလိုက်၏။ ၎င်းမှာ လုံးဝ ပျောက်ကွယ် သွားတော့မည် ဖြစ်သော်လည်း ထိုသို့ ထိုခံစားချက်က သူ၏ မှတ်ဉာဏ်ထဲတွင် ထွင်းထုထားပြီး အနာဂတ် တိုက်ပွဲများကို ရင်ဆိုင်ရာတွင် သူ့ကို အဖော်ပြုပေးမည့် ထာဝရ မိတ်ဆွေတစ်ဦး ကဲ့သို့ပင်။
မိုးရီ၏ ဝိညာဉ်စွမ်းအား နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ ချန်လွေ့က သူ၏ စိတ်နှင့်ကိုယ် တစ်ချိန်တည်းတွင် နစ်မွန်းသလို ရုတ်တရက် ခံစားလိုက်ရ၏။ စုစည်းနေသော ကြယ်စွမ်းအားများက လျင်မြန်စွာ ပြိုကွဲပျောက်ကွယ်သွားသည်။ သူက ပျံသန်းနိုင်စွမ်းပင် ဆုံးရှုံးသွားပြီး လေစီးကြောင်းဖြင့် လွင့်နေခဲ့သည်။
ချန်လွေ့ အစွမ်းကုန် ကြိုးစားခဲ့ သော်လည်း သူ့ပုံရိပ်ကို တည်ငြိမ်အောင် မလုပ်နိုင်ခဲ့ပေ။ သူက တိတ်တဆိတ် အံ့ဩသွား၏။ အမှန်မှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း စိတ်ကူး ထားသည်ထက် ပိုမို၍ ခက်ခဲမည်ဟု သူ မထင်ထားခဲ့ပေ။ [ဓူဝံကြယ် အသွင်ပြောင်းခြင်း] အသက်မသွင်းလျှင် သူ၏ စွမ်းအားက သာမန် နတ်ဘုရား တစ်ပိုင်းအဆင့် အထွတ်အထိပ်ကို ကျော်လွန်သွားပြီ ဖြစ်သည်။ အမှန်မှာ သူက နတ်ဘုရား-ယောင် ကနဦးပိုင်းနှင့် အဆင့်ကျော်၍ တိုက်ခိုက်နိုင်သော်လည်း ထိုနေရာတွင်မူ လွတ်လပ်စွာ ပျံ၍ပင် မပျံသန်းနိုင်ပေ။
ထိုအရာမှာ ချန်လွေ့ ယခင်က အသူရာချောက်နက် တိုင်းပြည်အပါအဝင် တိုင်းပြည်များစွာတွင် ကြုံတွေ့ခဲ့ဖူးသော ရိုးရှင်းသော စွမ်းအားဖိနှိပ်မှု မဟုတ်ဘဲ အကြွင်းမဲ့ တွန်းလှန်မှုတစ်မျိုး ဖြစ်သည်။ ထိုကုန်းမြေနှင့် သဟဇာတ မဖြစ်သော မည်သည့် အရာ၊စွမ်းအားမဆို တားမြစ် ခံရမည် ဖြစ်သည်။
ပြိုလဲသွားသည်မှာ သူ၏ စွမ်းအား သာမက သူ၏ ခန္ဓာကိုယ်လည်း ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့် အထွတ်အထိပ် အဆင့်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားပင်လျှင် ထိုကြောက်မက်ဖွယ်ရာ တွန်းလှန်မှုကို မခုခံနိုင်ခဲ့ပေ။ ချန်လွေ့က မီးဖိုတစ်ခုထဲ ရှိနေသလို ခံစားလိုက်ရလေသည်။ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ် ကုန်ဆုံးသွားသည် အထိ အဆက်မပြတ် လောင်ကျွမ်းနေ၏။
ဒီအတိုင်း ဆက်သွားရင် မကြာခင် ငါ သေရမှာပဲ။ ပြီးတော့ အခုက ဘာရန်သူမှ မရှိသေးဘူး။
[ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို ချန်လွေ့ အသက်သွင်းတော့မည့်အချိန် စူပါစနစ်ထံမှ အချိန်မီ သတိပေးသံ တစ်ခု ပေးပို့လာသည်။ “အမည်မသိ ဥပဒေသ စွမ်းအင်၏ အဆက်မပြတ် တိုက်စားမှုကို တွေ့ရှိ။ [အရှိန်အဝါအကာအကွယ်]ကို အသက်သွင်းလိုပါသလား။ အကာအကွယ် ကာလအတွင်း တစ်မိနစ်လျှင် အရှိန်အဝါ တစ်သိန်း နှင့် ယုံကြည်မှုသလင်းကျောက် တစ်ထောင် ကုန်ကျပါမည်။”
“အသက်သွင်းလိုက်!” ချန်လွေ့ ၎င်းကို အသက်သွင်းရန် ချက်ချင်း အတည်ပြု လိုက်သည်။ ထိုသို့သော [အရှိန်အဝါ အကာအကွယ်] သတိပေးချက်က အလိုလို သဘာဝ ရှိသည်။ ၎င်းက အချို့သော အထူး သဘာဝကြောင့် ပြင်းထန်စွာ ခြိမ်းခြောက်ခံရချိန်တွင် အလိုအလျောက် သတိပေးလေသည်။ ၎င်းမှာ ထိုစဉ်က သူ အစ်ဇ်ရိုယူး၏ အစစ်အမှန် မီးတောက် အချုပ်အနှောင်နဲ့ ချုပ်နှောင်ခံရစဉ်က ဖြစ်ပွားခဲ့လေသည်။
[အရှိန်အဝါအကာအကွယ်]၏ ကုန်ကျစရိတ်မှာ အံ့သြစရာပင် ဖြစ်သည်။ တစ်မိနစ်လျှင် အရှိန်အဝါ တစ်သိန်းနှင့် ယုံကြည်မှုသလင်းကျောက် တစ်ထောင် ကုန်ကျသည်။ ထို့ကြောင့် တစ်နာရီလျှင် အရှိန်အဝါ သိန်း၆၀နှင့် ယုံကြည်မှု သလင်းကျောက် ၆သောင်း ကုန်ကျမည် ဖြစ်သော်လည်း ယနေ့ စူပါစနစ်မှ ကြီးမားသော အရှိန်အဝါနှင့် ယုံကြည်မှု သလင်းကျောက်များအတွက်မူ ၎င်းမှာ ပြဿနာ မဟုတ်တော့ပေ။
[အရှိန်အဝါအကာအကွယ်]ကို အသက်သွင်းပြီးနောက်တွင် ဝိညာဉ်ဖိနှိပ်မှု ခံစားချက်သည် ရှိနေဆဲ ဖြစ်သော်လည်း အဆက်မပြတ် ‘အသက်လျော့နေခြင်း’ အခြေအနေ နောက်ဆုံးတွင် ပျောက်ကွယ် သွားခဲ့သည်။ သူ စွမ်းအားကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း စွမ်းအား သုံးစွဲမှုမှာ အသေအချာပင် ပုံမှန်ထက် များစွာ ပိုမိုမြင့်မားနေခဲ့သည်။
ယခု အခြေခံအကျဆုံး ပြဿနာကို ဖြေရှင်းပြီးပြီ ဖြစ်ရာ ချန်လွေ့သည် [ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို ထပ်မံ အသက်သွင်းရန် မလိုတော့ပေ။ သူ၏ လက်ရှိ ကြယ်ခြောက်ပွင့် အဆင့် တိုးမြှင့်မှုနှင့် ယုံကြည်မှုအတွက် နားလည် သဘောပေါက်မှု အဆင့်ဖြင့် [ဓူဝံကြယ် အသွင်ပြောင်းခြင်း]သည် မည်သည့် ကန့်သတ်ချက် သို့မဟုတ် ‘ဘေးထွက် ဆိုးကျိုးများ’ကိုမျှ ယူဆောင်လာမည် မဟုတ်သောကြောင့် ၎င်းကို အကြိမ်ကြိမ် အသက်သွင်းနိုင်သည်။ သို့သော်လည်း [ဓူဝံကြယ်အသွင်ပြောင်းခြင်း]က အလွန် စွမ်းအားသုံးစွဲသော တိုက်ခိုက်ရေး ပုံစံ တစ်ခု ဖြစ်ပေသည်။ သူက စစ်မှန်သော ရန်သူနှင့် မကြုံရသေးပေ။ အထူးသဖြင့် စွမ်းအားသုံးစွဲမှု နှစ်ဆဖြစ်သော ထိုသို့ ပတ်ဝန်းကျင်မျိုး၌ ဖြစ်သည်။
ချန်လွေ့ အခြေအနေကို ညှိနှိုင်းပြီး နောက်တွင် ရှေ့သို့ ပျံသန်းသွားခဲ့သည်။
မိနစ် အနည်းငယ်မျှသာ ပျံသန်းပြီး နောက်တွင် ချန်လွေ့၏ ပုံရိပ် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူက လေထဲတွင် ဧရာမမြွေကြီးနှင့် တူသော ဖောက်ထွင်း မြင်နိုင်သည့် သတ္တဝါ တစ်ကောင် ပေါ်လာပြီး မိမိထံသို့ ပြေးဝင်လာကြောင်း တွေ့လိုက်ရသည်။ သူ၏ နောက်တွင် မရေမတွက်နိုင်သော လူးလွန့်နေသည့် ပုံရိပ်များရှိနေ၏။
မျိုးနွယ် - ဒြပ်စင်သက်ရှိ (လေ)
စွမ်းအားကဲဖြတ်မှု - SS-
ခန္ဓာအမျိုးအစား - SS-
ခွန်အား - SS-
စိတ်ဝိညာဉ် - SS-
အမြန်နှုန်း- SS
[စိစစ်ချက်] - လေဂုဏ်သတ္တိ၊ လျှပ်စီးအရည်အချင်း။
အန္တရာယ်အဆင့် - နိမ့်
တိုင်းပြည် အဆင့်သည် ချန်လွေ့၏ လက်ရှိ စွမ်းအားနှင့် နှိုင်းယှဉ်လျှင် အင်အားမကြီးကြောင်း သတ်မှတ်နိုင် သော်လည်း သူ့ကို အံ့ဩသွားစေသည်မှာ ထိုဒြပ်စင်သက်ရှိများ ထိုမျှ ရုတ်တရက် ပေါ်လာခြင်းပင်။ သူ၏ ကိုယ်ပိုင်အာရုံ ခံစားမှုဖြစ်စေ၊ [သရုပ်ခွဲမျက်လုံး] ဖြစ်စေ ကြိုတင် သတိမထားမိခဲ့ပေ။
ချန်လွေ့ လက်တစ်ချက် ဝှေ့ယမ်း လိုက်သည်နှင့် ဧရာမမြွေက ချက်ချင်း အပိုင်းပိုင်းအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ နောက်မှ ဧရာမမြွေများက မတွန့်ဆုတ်၊ မဆင်မခြင်မတိုက်ခိုက်ဘဲ လျှပ်စီးများကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်သည်။
ချန်လွေ့က မှော်ပညာ၌ အတွေ့အကြုံ မရှိသော်လည်း သူတွင် နတ်မိမယ်နဂါး ဇနီးတစ်ယောက် ရှိသည်။ သူက ဇိုလာ၏ ‘ပညာပေးခြင်း’အောက်တွင် ယခုလက်ရှိ အဆင့်သို့ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက် လာခဲ့ရာ လျှပ်စီးနှင့် အတော်အတန် ရင်းနှီးနေသည်။ ထိုဧရာမမြွေများက လျှပ်တပြက် လျှပ်စီးကို ထုတ်လွှတ်သည်။ ၎င်းမှာ မှော်မန္တာန်များဖြင့် စုစည်းသော ဒြပ်စင်စွမ်းအား မဟုတ်ဘဲ ဒြပ်စင် သက်ရှိများ၏ ပင်ကိုအသိစိတ် ဖြစ်သည်။ အမြန်နှုန်းဖြစ်စေ၊ စွမ်းအားဖြစ်စေ ၎င်းက အဆင့်တူ သာမန် မှော်ပညာရှင်များထက် များစွာသာလွန်သည်။
ချန်လွေ့က နောက်သို့ မဆုတ်ခွာဘဲ ရှေ့သို့တိုးကာ လျှပ်စီးကို ရင်ဆိုင်လိုက်၏။ သူက ဧရာမမြွေအုပ်စုထဲ ပြေးသွားသည်။ မျက်စိတစ်မှိတ် အတွင်း ဧရာမမြွေများ ဗလာနတ္ထိ အဖြစ်သို့ ပြိုကွဲသွားခဲ့သည်။
ခဏတာ ရှေ့သို့ တက်ပြီးနောက်တွင် သူ၏ အရှေ့မှ နေရာလွတ်က ရုတ်တရက် မီးတောက်များ ထွက်လောင်လာခဲ့သည်။ မီးတောက်များ ဖုံးလွှမ်းနေသော မြင်းများ ကောင်းကင်ထံသို့ ပြေးသွားခဲ့သည်။
မီးဒြပ်စင် သက်ရှိများ ရုတ်တရက် ပေါ်လာခဲ့သော်လည်း ချန်လွေ့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီး ဖြစ်သည်။ မရေမတွက်နိုင်သော ချွန်ထက်သည့် ချီစွမ်းအင်များက သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။ ထိုမီးမြင်းများ ရှင်းပစ်ရန် သူ အချိန်အကြာကြီး မယူခဲ့ရပေ။
ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ရ ခဲ့သော ချန်လွေ့က စိတ်အခြေအနေ အေးအေးဆေးဆေး မရှိခဲ့ပေ။ ထိုဒြပ်စင် သက်ရှိများက အသေအချာပင် ဉာဏ်ရည် ရှိသော်လည်း [သရုပ်ခွဲမျက်လုံး] ဖြင့် လုံးဝ ဆက်သွယ်၍ မရခဲ့ပေ။ ပြင်းထန်သော ရန်လိုမှုကိုသာ ခံစားမိသည်။ အထူးသဖြင့် ခုနက မီးဒြပ်စင် သက်ရှိများပင်။ ချန်လွေ့တွင် မီးဇာမဏီ သမီးငယ်လေးမှ ပေးသော ‘မီးဇာမဏီအမာရွတ်’ ရှိနေပြီး မီးဒြပ်စင် စွမ်းအား၏ တိုက်ခိုက်မှုကို အားနည်းသွားစေရုံသာမက မီးသက်ရှိများ ခင်မင်ရင်းနှီးမှုကိုလည်း တိုးပေးသည်။ သို့သော် မီးမြင်းများ၏ ရန်လိုမှုက အနည်းငယ်မျှ အားနည်းသွားခြင်း မရှိပေ။ ထိုအစား ပို၍ပင် ပြင်းထန်လာခဲ့သည်။
အပြင်လူတွေကို ‘တွန်းကန်ခြင်း’က ဒြပ်စင်လောကရဲ့ ပတ်ဝန်းကျင်ကြောင့်ပဲ မဟုတ်ဘူး။ ရှိနေသော သက်ရှိတွေ အားလုံးကြောင့်လည်း ဖြစ်တဲ့ပုံပဲ။
ချန်လွေ့ စဉ်းစားရင်း ပျံသန်းနေသည်။ ရုတ်တရက် သူက သတိပေးချက်တစ်ခု ခံစားလာရသည်။ သူက ကောင်းကင်မှ ထူထပ်သော အနက်ရောင်တိမ်များမှ ရေတွက်၍ မရနိုင်သော မိုးစက်များ ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။
အနက်ရောင်တိမ်တိုက်များနှင့် မိုးက သဘာဝ ဖြစ်စဉ်များ ဖြစ်သော်လည်း ထိုမိုးစက်များက ချန်လွေ့အား သေစေနိုင် လောက်သော အန္တရာယ် အာရုံကို ပေးနေ၏။ မျက်စိတစ်မှိတ် အတွင်းတွင် ခရမ်းရောင်ကြယ်အလင်း တိုးလာခဲ့သည်။ သူက စဉ်းစားမနေဘဲ အစွမ်းအထက်ဆုံး [ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို အသက် သွင်းလိုက်သည်။
ဖောက်ထွင်းမြင်နိုင်သော အလင်းဒိုင်း တစ်ခုက ခရမ်းရောင်ကြယ် အလင်းရောင် ပုံရိပ်၏ ပတ်ပတ်လည်တွင် ချက်ချင်း ပေါ်လာခဲ့သည်။ နူးညံ့ပုံရသော မိုးက အားကောင်းလှသော အကာအကွယ် အလင်းဒိုင်းပေါ်သို့ ကျသွားရာ ၎င်းက ကြောက်မက်ဖွယ် အက်ကွဲကြောင်းများ ဖြစ်စေခဲ့လေသည်။
‘မိုး’ ဆက်လက်၍ ရွာသွန်းသည်နှင့် ကာကွယ်ရေးဒိုင်းက စက္ကန့် အနည်းငယ် အတွင်းမှာပင် ပြိုလဲသွားသည်။ ထိုအချိန် အနက်ရောင် မီးတောက်တစ်ခု ချန်လွေ့၏ ကိုယ်ပေါ်တွင် လောင်ကျွမ်းလာခဲ့သည်။ ထိုမီးတောက်တွင် အားကောင်းသော အသက်စွမ်းအား ပါဝင်ပြီး မိုးကို အငွေ့ပျံ စေခဲ့သည်။
သို့သော် ‘ရေငွေ့’ မပျောက်ကွယ်ဘဲ အလျင်အမြန်ပင် အေးခဲသွားခဲ့သည်။ ချန်လွေ့က [နိဗ္ဗာန်မီးလျှံ] ကို အကြိမ်ကြိမ် အသက်သွင်းခဲ့သော်လည်း အေးခဲခြင်းကို မဖြေဖျောက်နိုင်၊ မနှောင့်နှေးနိုင်ခဲ့ပေ။ သူက ခန္ဓာကိုယ် အလျင်အမြန်ပင် အေးခဲသွားသည်ကို အကူအညီမဲ့စွာဖြင့် ကြည့်နေရုံသာ ကြည့်နေနိုင်ခဲ့သည်။
ထိုအချိန် ကောင်းကင်မှ အနက်ရောင် တိမ်တိုက်များသည် အဖြူရောင်ရေငွေ့ အဖြစ်သို့ ပြိုကွဲသွားပြီး ဝေဝါးနေသော မျက်နှာသွင်ပြင်နှင့်အတူ လူပုံသဏ္ဌာန် မျက်နှာတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။ အတော်အတန် ထင်ရှားသော အပြာနက် မျက်လုံးများသာ အောက်မှ ရေခဲရုပ်ထုကို စိုက်ကြည့်နေ၏။