[စကြဝဠာပျက်သုဉ်း] နှင့် [ကြယ်စုံနတ်ဘုရားမြင်ကွင်း]
Vol. 74 Ch. 1170
ပြိုင်ဘက်က အဓိက ဒြပ်စင်သံတမန် တစ်ဦးဖြစ်ခဲ့ပါက ချန်လွေ့သည် မကြုံစဖူး ရုန်းကန်ရမည်ဖြစ်ပြီး အဓိကဒြပ်စင် သံတမန် ၂ပါး သို့မဟုတ် ဒီထက်ပို၍ ရင်ဆိုင်ခဲ့ရပါက ထွက်ပြေးရန်တစ်ခုသာ အကြံပြုကြောင်း ဖိုက်သွန် ပြောခဲ့ဖူး၏။
ယခု ချန်လွေ့က အဓိကဒြပ်စင် သံတမန် အားလုံးကို ရင်ဆိုင်နေရပြီး အဆိုးဆုံး အခြေအနေပင်။
ထို့ပြင် အဓိကဒြပ်စင်သံတမန် အားလုံး တစ်ချိန်တည်း ပေါ်လာရာ ချန်လွေ့က အဓိက ရေဒြပ်စင်သံတမန်နှင့် အဓိက လေဒြပ်စင် သံတမန်တို့၏ အငွေ့အသက် စွမ်းအားမှာ ယခင်ကထက် များစွာ ပိုမို အားကောင်းလာကြောင်း တွေ့လိုက်ရ၏။ ၎င်းမှာ ဆက်သွယ်မှု တစ်မျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော အပြန်အလှန် တိုးမြှင့်မှု ဖြစ်နိုင်ပေသည်။
ထိုအရာက စူပါစနစ်နှင့် အနည်းငယ် ဆင်တူသည်။ ကြယ်ချီးမြှင့်ခံရသူများ တစ်ချိန်တည်း ရှိနေရာတွင် သူတို့က တစ်ယောက်၏ စွမ်းအားကို တစ်ယောက် မြှင့်တင်ပေးနိုင်လေသည်။
အပြင်းထန်ဆုံးသော စမ်းသပ်ချက်ကို ရင်ဆိုင်ရာ ချန်လွေ့သည် လုံးဝ တည်ငြိမ် သွားခဲ့သည်။ “အဓိကဒြပ်စင်သံတမန် အားလုံးကို တစ်ချိန်တည်းမှာ နှိုးဆော် မိလိမ့်မယ်လို့ လုံးဝ မတွေးခဲ့ဖူးဘူး။ ဒါက ဂုဏ်ယူစရာ တစ်ခုပါပဲ။”
“ဂုဏ်ယူစရာ...” တောက်ပနေသော အဓိက အလင်းဒြပ်စင် သံတမန်က အနည်းငယ် ပို၍ စိတ်ရှုပ်ထွေးသွားသည်။ “ဒီစကားလုံး ဖြစ်နေတာပဲ။”
“‘သူ’က အဓိက မှတ်ဉာဏ်တချို့ကို ဆုံးရှုံးသွားတဲ့ပုံပဲ။” အဓိကအမှောင်ဒြပ်စင် သံတမန်လည်း ခေါင်းညိတ်လိုက်သည်။
“အရေးအကြီးဆုံးက အရေးအကြီးဆုံး စွမ်းအား ထိန်းချုပ်မှုကို ဆုံးရှုံးသွားတာပဲ။ မဟုတ်ရင် ဂုဏ်ယူခံရမယ့် သူတွေက ငါတို့ ဖြစ်နေလောက်တယ်။” ချန်လွေ့နှင့် တိုက်ခိုက်ခဲ့ဖူးသော အဓိက ရေဒြပ်စင် သံတမန်က သတိကြီးစွာ ထားနေသည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်။ “သူ့ရဲ့မှတ်ဉာဏ် ဆုံးရှုံးပြီးတော့ အရင်က တိုက်ခိုက်ရေးစွမ်းအား ဆုံးရှုံးသွားတောင် အခု အသစ်ရရှိထားတဲ့ စွမ်းအားအသစ်ကို လျှော့မတွက်သင့်ဘူး။”
“ဟမ့်! မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေလို့ ရှုံးသွားတာပါ။” အဓိက မီးဒြပ်စင် သံတမန်၏ အသံက အော့ဂ်မာတွန်ကဲ့သို့ပင် ပဲ့တင်ထပ်နေ၏။
အဓိကလေဒြပ်စင်သံတမန် မျက်မှောင် ကြုတ်လိုက်သည်။ “ဒါပဲ မဟုတ်ဘူး။ ရေဒြပ်စင်သံတမန် ပြောတာ အမှန်ပဲ။ အကယ်လို့ တစ်ယောက်ချင်း ချမယ်ဆိုရင် ဒြပ်စင်လောက ထဲမှာတောင်မှ ငါသူ့ကို နိုင်မယ်ဆိုတာ မသေချာဘူး။”
“ဒါပေမဲ့ အခု မင်းတစ်ယောက်တည်း မဟုတ်ဘူး။” အဓိက အမှောင်ဒြပ်စင် သံတမန်က ကောက်ကျစ်စွာဖြင့် ပြောလိုက်သည်။ “‘သူ’ သေရမယ်။”
ချန်လွေ့ မျက်လုံးများ ကျုံ့သွားသည်။ “ခင်ဗျားတို့အားလုံး အတူတူ တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ပုံပဲ။”
တကယ်လို့ အဓိကဒြပ်စင်သံတမန်တွေ တပြိုင်တည်း တိုက်ခိုက်ရင် ကောင်းကင် တမန်သုံးပါး ပူးပေါင်းတောင်၊ စေတန်နဲ့ ဖိုက်သွန်နဲ့အတူ ပူးပေါင်းရင်တောင်မှ ငါတို့က သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ဒီလို အန္တိမ‘ဧည့်ခံတာမျိုး’ကို တကယ် ငါ့ကို တစ်ယောက်တည်း ပေးခဲ့တာပဲ။
“ဒီလိုပဲ လုပ်ရမယ်။” အဓိက ရေဒြပ်စင် သံတမန်က ခေါင်းညိတ်လိုက်လေသည်။ “ငါတို့ မင်းကို ဘာအခွင့်အရေးမှ ပေးမှာ မဟုတ်ဘူး။ အထူးသဖြင့် ဒီလိုနေရာမျိုးနဲ့ ဒီလိုအချိန်မျိုးမှာပေါ့။”
ဒီလိုနေရာမျိုးမှာ ဟုတ်လား။ ချန်လွေ့ ပို၍ပင် စိတ်ရှုပ်ထွေး သွားခဲ့လေသည်။ ဒီဒြပ်စင်လောကက ခင်ဗျားတို့ အိမ်ကွင်း မဟုတ်ဘူးလား။
“ဒြပ်စင်တွေက လုံးလုံး သတ်ဖြတ်တာ မကြိုက်ကြဘူး။ တခြားလောကတွေကို ဝင်စွက်ဖက်ရတာကိုလည်း မကြိုက်ဘူး။ ပြီးတော့ ငါတို့က ကျေးဇူးကန်းတဲ့သူတွေ မဟုတ်ဘူး။” တချိန်လုံး တိတ်ဆိတ် နေခဲ့သော အဓိက မြေဒြပ်စင် သံတမန်က ပြောလိုက်သည်။ “မင်းက ဇစ်မြစ် အပိုင်းအစတွေကို ရှာတွေ့ခဲ့ပြီး မြေဒြပ်စင် နှလုံးသားနဲ့ ရေဒြပ်စင် နှလုံးသားကို ပြုပြင်ပေးခဲ့တယ်။ ဒြပ်စင်စစ်ပွဲကလည်း မင်းကြောင့်ပဲ အဆုံးသတ်ဖို့ ဖြစ်နိုင်ခြေ များတယ်...။ ဒီရှုထောင့်ကနေ ကြည့်ရင် ငါတို့က မင်းရဲ့ ကျေးဇူးကို ပြန်မဆပ်ဖို့ ကြိုးစားရင်တောင်မှ သေချာပေါက် မင်းကို မသတ်ဘူး။ ကံဆိုးချင်တော့ မင်းက ‘သူ’ ဖြစ်နေတယ်။ အဓိက ရေဒြပ်စင် သံတမန်နဲ့ တွေ့တဲ့အခါမှာ ငါတို့ မင်းကို ရွေးချယ်ခွင့်တစ်ခု တကယ် ပေးခဲ့တယ်။ ရွေးချယ်မှု လုပ်ပြီးမှတော့ မင်း သိလောက်မှာပါ။ အရာအားလုံးရဲ့ ‘အစ’က မင်းကြောင့် ဖြစ်လာတာ။ မင်းရဲ့ ‘အဆုံးသတ်’က နိဂုံး ဖြစ်စေရမယ်။”
ချန်လွေ့ နားလည်သွားသည်။ ဒါက နားလည်မှု လွဲနေတာပဲ။ ငါ့ကို တစ်စုံ တစ်ယောက်နဲ့ အထင်မှားနေတာ။ ဒါက ရန်သူကို ဟန့်တားတဲ့ ‘အံ့ဩစရာ’ နားလည်မှု လွဲမှားတာမျိုး မဟုတ်တော့ဘဲ ‘သောက်ကျိုးနည်း’ သေလောက်တဲ့ နားလည်မှု လွဲမှားတာပဲ။
နောက်ဆုံးစကားက အထူးသဖြင့် သူ့ကို စိတ်ရှုပ်ထွေး သွားစေခဲ့သည်။ ငါ့ကြောင့် ဟုတ်လား။
ဒြပ်စင်လောက ဒါမှမဟုတ် တစ်ခုခုရဲ့ ဇစ်မြစ်က... ‘အဲဒီလူ’ ကြောင့်လား။
“တကယ်လို့ ကျုပ်က အဲဒီလူ မဟုတ်ခဲ့ရင်ရော။” ချန်လွေ့ အော်ပြော လိုက်သည်။
“ငြင်းတာက ‘မင်း’ပုံစံ မဟုတ်ဘူး။” အဓိက လေဒြပ်စင် သံတမန် ခနဲ့လိုက်၏။ “ဒါပေမဲ့ မှတ်ဉာဏ် ဆုံးရှုံးခြင်းက ခွင့်လွှတ်လို့ ရနိုင်တဲ့ အကြောင်းပြချက် တစ်ခုပဲ။ ပြီးတော့... မင်းက ဘယ်သူပဲ ဖြစ်ဖြစ် ဒြပ်စင်နတ်ဘုရားမ ပြန်လည် ရှင်သန်ခြင်းကို တားဆီးဖို့ ကြိုးစားတဲ့ အတွက် ဒုတိယရလဒ် မရှိဘူး။”
“ကောင်းပြီ။ ပြောသင့်တာတွေအကုန် ပြောပြီးပြီ!” အဓိက မီးဒြပ်စင် သံတမန် ဟိန်းဟောက်လိုက်သည်။ “အခု သေပေတော့!”
အမှန်မှာ အဓိက ဒြပ်စင် သံတမန်များ စကားပြော နေစဉ်မှာပင် သက်ဆိုင်ရာ နေရာများသို့ တိတ်တဆိတ် ရွှေ့ပြောင်း သွားပြီးဖြစ်၏။ သူတို့၏ အငွေ့အသက်က လျှို့ဝှက် ဆန်းကြယ် နည်းလမ်းတစ်ခုနှင့် ချိတ်ဆက်သွားပြီး ခြောက်ထောင့်ကြယ် အခင်းအကျင်း တစ်ခုကို ဖွဲ့စည်းကာ ချန်လွေ့ကို အလယ်တွင်ထားကာ ဝိုင်းရံ ထားလိုက်သည်။
ခြောက်ထောင့်ကြယ်အခင်းအကျင်းက နတ်ဆိုးဘုံတွင် အသုံး အများဆုံးသော အစီအရင်နှင့် မှော်စက်ဝိုင်း ဖြစ်သည်။ ၎င်းက အဆုံးမဲ့ ပြောင်းလဲမှုများနှင့် လျို့ဝှက်နက်နဲမှုများကို ထုတ်လုပ်နိုင်၏။ ထိုခြောက်ထောင့်ကြယ်အခင်းအကျင်းက အလွန်ရိုးရှင်းသော်လည်း ၎င်းမှာ ချန်လွေ့ မြင်ဖူးသမျှ ကြောက်စရာ အကောင်းဆုံး ခြောက်ထောင့်ကြယ်အခင်းအကျင်းပင်။
ထိုအခိုက်အတန့်တွင် ချန်လွေ့က အာရုံခံစားမှု အကုန် ပျောက်ကွယ်သွား သကဲ့သို့ ခံစားလိုက်ရသည်။ လောကတွင် ထိုခြောက်ထောင့်ကြယ် အခင်းအကျင်း တစ်ခုတည်းသာ ကျန်ရစ်နေတော့သည်။ အမှန်မှာ သူက သူတို့၏ ဝိုင်းရံ တိုက်ခိုက်ခြင်းမှ ကြိုတင်လွတ်မြောက်ရန် မစဉ်းစားခဲ့ခြင်း မဟုတ်ဘဲ မလုပ်နိုင်ခြင်း ဖြစ်သည်။ အကြောင်းမှာ အာရုံခံစားမှုများ သာမက သူ၏ လှုပ်ရှားမှုများကလည်း ချိပ်ပိတ်ခြင်း ခံထားရ၍ပင်။
အဓိကဒြပ်စင်သံတမန်များ ပေါင်းစပ် အခင်းအကျင်းက အဓိကဒြပ်စင်သံတမန် တစ်ဦး၏ စွမ်းအား နှစ်ဆတိုးခြင်းကဲ့သို့ ရိုးရှင်းသည် မဟုတ်ဘဲ ထိုအခြေခံအပေါ် အကြိမ်ကြိမ် ထပ်တိုးသွားခြင်း ဖြစ်သည်။
ထိုအခင်းအကျင်း၏ အရှိန်အဟုန်မှပင် ချန်လွေ့သည် လွှမ်းမိုးခြင်းခံနေရသည်ဟု စတင်၍ ခံစားလာရလေသည်။ သူ၏ ကိုယ်ပေါ်မှ ကြယ်ချပ်ကာတွင် ရေတွက်၍ မရနိုင်သော အက်ကွဲကြောင်းလေးများ ရှိနေသည်။ ကြောက်မက်ဖွယ် ဖိနှိပ်မှု ခံစားချက်ကို မည်သည့် စကားလုံးဖြင့်မျှ မဖော်ပြနိုင်လောက်တော့ပေ။ ထိုအတိုင်း ဆက်သွားပါက ခန္ဓာနှင့်စိတ် နှစ်ခုလုံး ပြိုလဲသွားပေလိမ့်မည်။
ခြောက်ထောင့်ကြယ်အခင်းအကျင်း၏ အငွေ့အသက်သည် တိုး၍ လာနေသည်။ ထိုကဲ့သို့ အားကောင်းသော ဖိအားက အလွန် ကြောက်မက်ဖွယ် ကောင်းသည်။ ချန်လွေ့ ထိုအထဲတွင် ချုပ်နှောင်ခြင်း ခံထားရသည်။ သူ၏ အနောက်ဘက်မှ ကြယ်တောင်ပံများ ကြေမွပျက်စီးသွားပြီး သူ၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ အဆက်မပြတ် စီးကျလာနေခဲ့သည်။ အဓိက ဒြပ်စင် သံတမန်များ လှုပ်ရှားမှု မပြုလျှင်ပင် ချန်လွေ့ လုံးဝ ပြိုလဲမည် ဖြစ်သည်။
ချန်လွေ့၏ ခန္ဓာက တစ်ခုတည်းသော ထိရောက်သည့် စွမ်းရည် [ကြေးမုံခန္ဓာ] အသက်ဝင်သွားသည်နှင့် ရုတ်တရက် ဖောက်ထွင်းမြင်နိုင် ဖြစ်သွားလေသည်။ [ကြေးမုံခန္ဓာ]က ရန်သူ၏ တိုက်ခိုက်မှု အားလုံးကို တန်ပြန်စေနိုင်သည် သို့မဟုတ် ယိုင်သွားစေနိုင်သည်။ ထိုသို့သန့်စင်သော အရှိန်အဟုန် ဖိနှိပ်မှု ပတ်ဝန်းကျင်တွင် ‘တန်ပြန်ခြင်း’က ထိုက်တန်သော အခန်း ကဏ္ဍ၌ ဝင်မပါနိုင်ပေ။ တစ်ခုတည်းသော လုပ်ဆောင်ချက်မှာ ချန်လွေ့အတွက် ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုကို ဖြေလျှော့ပေးရန်သာ ဖြစ်သည်။
[ကြေးမုံခန္ဓာ] အသက်သွင်းလိုက်သော ချန်လွေ့က ဖိအား များစွာကျဆင်း၍ သွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး လုံးဝနီးပါး ရပ်တန့်နေခဲ့သော သွေးများ ပြန်လည်၍ စီးဆင်းလာခဲ့လေသည်။ တစ်ချိန်တည်းပင် သူ၏အာရုံခံစားမှုများ၊ ဝိညာဉ်စွမ်းအား ပြန်လည်၍ ကောင်းမွန် လာခဲ့သည်။
ချန်လွေ့ပ [ကြေးမုံခန္ဓာ] သည် ၁၀စက္ကန့်သာ အသုံးပြု၍ ရနိုင်ကြောင်း သေသေချာချာ သိသည်။ ဆိုလိုသည်မှာ ထို၁၀စက္ကန့် အပြီးတွင် ယခင်ကဲ့သို့ပင် သေရေးရှင်ရေး အခိုက်အတန့်သို့ ပြန်၍ ရောက်ရှိသွားပေလိမ့်မည်။
ချန်လွေ့ ဖောက်ထွင်းမြင်နိုင်သွားရာ ခြောက်ထောင့်ကြယ် အခင်းအကျင်း၏ အငွေ့အသက်က အလွန် မြင့်မားသော အဆင့်သို့ ဆက်လက် ခုန်တက်လာသည်။ အဓိကဒြပ်စင်သံတမန်များ မတိုက်ခိုက်ဘဲ [ကြေးမုံခန္ဓာ] ကုန်ဆုံးသွားမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။ နတ်ဆိုးဘုံတွင် ချန်လွေ့က ဒီလော့စ်ရိုနှင့် တိုက်ပွဲတွင် [ကြေးမုံခန္ဓာ]ကို အသုံးပြုခဲ့ပြီး သူသည် ယခင်တိုက်ပွဲတွင် အဓိက ရေဒြပ်စင် သံတမန်နှင့်အတူ ထိုစွမ်းရည်ကိုလည်း အသက်သွင်းခဲ့သည်။ အဓိက ဒြပ်စင် သံတမန်နှင့် ချန်လွေ့တို့က အတိုင်းအတာ တစ်ခုအထိ အချင်းချင်း သိသည်ဟုလည်း သတ်မှတ်၍ ရနိုင်သည်။ ယခုတွင် ထိုသို့ ‘လျှို့ဝှက်ပညာ’ကို ခြောက်ထောင့်ကြယ် အခင်းအကျင်းတွင် လွတ်လွတ်လပ်လပ် အသက်သွင်းနိုင်သည်မှာ အံ့ဩစရာပင်။ သို့သော်လည်း ထိုလျှို့ဝှက်ပညာရပ်က သေချာပေါက် အကြာကြီး မခံနိုင်ရာ အဓိက ဒြပ်စင် သံတမန်များက လှုပ်ရှားမှု ပြုလုပ်ရန် အလျင်မလိုနေခဲ့ပေ။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...
၎င်းမှာ သေရေးရှင်ရေး၏ စစ်မှန်သော အမြန်နှုန်းပင်။
နှစ်ဖက်လုံး စောင့်ဆိုင်းနေကြ၏။
ချန်လွေ့၏ ပုံရိပ်က ဖောက်ထွင်း မြင်နိုင်သော အခြေအနေမှ အစိုင်အခဲ အခြေအနေသို့ ပြောင်းလဲသွားသည့် အခိုက်အတန့်တွင် ခြောက်ထောင့်ကြယ် အခင်းအကျင်းထိပ်များက မတူညီသော အရောင်များဖြင့် ထွန်းလင်းလာခဲ့သည်။ မရေမတွက်နိုင်သော ကြက်ခြေခတ် ကြောက်စရာ အရှိန်အဝါက နေရာလွတ် တစ်ခုလုံးကို ပြည့်နှက်သွားခဲ့လေသည်။ ထိုအချိန်အတွင်းတွင် အမျိုးမျိုးသော အရည်အချင်းများနှင့် သဟဇာတ မဖြစ်သော အင်အားများက မယုံနိုင် လောက်သော အထူးတည်ဆောက်ပုံ တစ်ခုအဖြစ်သို့ ရောယှက်သွားခဲ့သည်။ ဓာတ်ကူပစ္စည်း တစ်မျိုးမျိုး ဖြစ်ပေါ်ခဲ့ပြီး အငွေ့အသက်နှင့် အလင်းကို ပိုမို၍ ပြင်းထန်စေကာ ချန်လွေ့ထံသို့ ပေါက်ကွဲ ထွက်သွားတော့သည်။
ချန်လွေ့ ထိုတိုက်ကွက်ကို မှတ်မိသည်။ [စကြဝဠာပျက်သုဉ်း]ပင်။
ထိုတိုက်ကွက်သည် ဇိုလာ၏ [ဒြပ်စင်အမျက်] ဥပဒေသနှင့် ဆင်တူပြီး ၎င်းက ဒြပ်စင်များအကြား ပဋိပက္ခနှင့် ပေါင်းစပ်မှုကို အသုံးပြု၍ အဆပေါင်း များစွာသော ဖျက်ဆီးခြင်း အင်အားကို ထုတ်ဖော်သော်လည်း တည်ဆောက်ပုံနှင့် စွမ်းအားအရ [ဒြပ်စင်အမျက်]ထက် ပိုမို၍ အစွမ်းထက်ပေသည်။
ချန်လွေ့သည် တစ်ချိန်က ဒြပ်စင် ဘုရင်များ၏ ဒြပ်စင်ဇစ်မြစ် စွမ်းအားကို အသုံးပြု၍ ရာဖယ်ရယ်၏ မိုးကြိုးအလင်း တောက်ပအပေါ် [စကြဝဠာပျက်သုဉ်း] တိုးမြှင့်မှုပုံစံတစ်ခုကို ဖန်တီးခဲ့ပြီး ၎င်းမှာ ကြောက်မက်ဖွယ် ကောင်းသော ‘ဗုံး’ တစ်လုံး ဖြစ်လာခဲ့သည်။ ထို ‘ဗုံး’ ကြောင့် အသူရာချောက်နက် အရှင်သခင် ၃ပါး၏ ခေါင်းဆောင် အမုန်းတရား အရှင်သခင် ခီလီယာနာ၏ ကိုယ်ပွားနှင့် ထို့အပြင် အမုန်းတရား အဓိက ယဇ်ပလ္လင်အားလုံး ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် ပျောက်ကွယ်သွားခဲ့လေသည်။
ယခု ချန်လွေ့ ရင်ဆိုင်နေရသည်မှာ အဓိက ဒြပ်စင် သံတမန် ၆ပါး အသက် သွင်းလိုက်သော အစစ်အမှန် မူရင်း [စကြဝဠာပျက်သုဉ်း]ပင်။
သူတို့ ၆ယောက်လုံး အတူတူ လှုပ်ရှားမှု ပြုလုပ်ပါက နတ်ဘုရား တစ်ပါးပင်လျှင် ကြောက်ရွံ့ရလိမ့်မည်ဟု ဖိုက်သွန် တစ်ခါ ပြောခဲ့ဖူးလေသည်။
ထိုအတွေးက ချန်လွေ့၏ ဦးနှောက်ထဲ လက်ခနဲ ဖြစ်သွားရုံသာ ဖြစ်သည်။ ယခု သေရေးရှင်ရေး အရေးကြီး အခိုက်တွင် အရာများစွာကို စဉ်းစားရန် အချိန်မရှိဘဲ သွားစရာ နေရာလည်း မရှိပေ။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ အကြီးမားဆုံး ဝှက်ဖဲကို သုံးရန်ပင်။
ဒီတိုက်ကွက် အပေါ်မှာပဲ လောင်းကြေး ထပ်ရတော့မယ်။
ရောယှက်နေသော ခမ်းနားထည်ဝါ နေသည့် အရောင်များက ရုတ်တရက် နှေးသွားသော်လည်း တစ်ခဏမျှသာ ဖြစ်သည်။ သို့တိုင် ထိုအခိုက်အတန့်တွင် ချန်လွေ့၏ အနီးအနားက တောက်ပသော အလင်းဖြင့် ထွန်းလင်းနေပြီ ဖြစ်သည်။
မရေမတွက်နိုင်သော ကြယ်များက သူ၏ အနောက်တွင် ပေါ်လာခဲ့သည်။ ထိုအရာမှာ နှိုင်းယှဉ်မရနိုင်လောက်သော တောက်ပမှုဖြင့် စီးဆင်းနေသော အဆုံးမဲ့ ကြယ်စင်စုတစ်ခု ဖြစ်လေသည်။ ထင်းခနဲ အဖြစ်ဆုံးမှာ ကြယ်စင်စု၏ ဒါဇင်ပေါင်း များစွာ တောက်ပသည့် နက္ခတ်တာရာများ ဖြစ်သည်။ တစ်ခုချင်းစီက ထူးခြားနေပြီး ကြီးမား ကျယ်ပြန့်လှသော အသက်နှင့် ယုံကြည်မှု အငွေ့အသက်ကို ထုတ်လွှတ် နေလေသည်။ ထိုနက္ခတ်တာရာများသည် ကြယ်စင်စုတွင် စွမ်းအားကြီးသောအရာ တစ်ခုတည်းသော အဖြစ် သဘာဝကျကျ ပေါင်းစပ်နေသည်။ [စကြဝဠာပျက်သုဉ်း] တောက်ပမှုသည်ပင် ထိုကဲ့သို့သော အရှိန်အဟုန်ကို မဖုံးကွယ်နိုင်ခဲ့ပေ။
ချန်လွေ့၏ ခန္ဓာက မီးတောက်များဖြင့် လွှမ်းခြုံနေသည်။ သူ၏ ခန္ဓာကိုယ်က ဖောက်ထွင်းမြင်နိုင်ဖြစ်သွားပြီး မျက်နှာ၊ သံချပ်ကာနှင့် အခြားသောအရာများသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူက ကြယ်တစ်လုံးအဖြစ် ပြောင်းလဲသွားပုံရပြီး အတွင်းတွင် ရေတွက်၍ မရနိုင်သော ကြယ်စက်များကိုသာ မြင်နိုင်တော့သည်။
[ကြယ်စုံနတ်ဘုရားမြင်ကွင်း]!
ထို့အပြင် ၎င်းမှာ ချန်လွေ့က အသက် စွမ်းအား လောင်ကျွမ်းပြီး အသုံးပြုသည့် အစွမ်းအထက်ဆုံးသော [ကြယ်စုံနတ်ဘုရားမြင်ကွင်း] ပင်။
အဓိက ဒြပ်စင် သံတမန် ၆ပါးသည် ကြီးမားသော အဆုံးမဲ့ ကြယ်စွမ်းအားကို တစ်ချိန်တည်းတွင် ခံစားမိရာ တုန်လှုပ် သွားကြသည်။ ခဏလေး အတွင်းမှာပင် အပြင်မှအတွင်းသို့ ပေါက်ထွက်လာသော ‘စကြဝဠာပျက်သုဉ်း’စွမ်းအားက အတွင်းမှ အပြင်သို့ ပေါက်ကွဲ ထွက်သွားသော [ကြယ်စုံနတ်ဘုရားမြင်ကွင်း]နှင့် ရောယှက်သွားခဲ့သည်။
ပေါက်ကွဲသံ မထွက်ပေါ်လာပေ။
အလင်းကိုသာ မြင်တွေ့နိုင်၏။
အလင်းက စူးရှလွန်းနေပြီး ၎င်းမှာ ကြယ်အလင်းလား၊ ရောင်စုံအလင်းလား ဆိုသည်ကို မခွဲနိုင်တော့ဘဲ နှိုင်းယှဉ်၍ မရသော လောင်ကျွမ်းမှုနှင့် တောက်ပမှု တို့သာ ကျန်ရစ်နေတော့သည်။
ပြင်းထန်သော တုန်ခါမှုလည်း မရှိပေ။
သို့သော် ဒြပ်စင်သက်ရှိများ၊ ကျွန်းများ ... ကီလိုမီတာ ထောင်ပေါင်းများစွာသော အချင်းဝက်အတွင်းမှ အရာအားလုံးမှာ ချက်ချင်းဆိုသလို ဗလာနတ္ထိ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အချိန် အတော်လေး ကြာပြီးနောက်-
အလင်းက နောက်ဆုံးတွင် မှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။
ပတ်ဝန်းကျင်မှ ပျက်စီးသွားခဲ့သော အရာအားလုံးနှင့် ယှဉ်လျှင် ပျက်စီးခြင်း အဓိကဗဟိုမှ ပုံရိပ်က အသက်ရှင် ကျန်ရစ်နေဆဲ ဖြစ်သည်။
‘အသက်ရှင်ကျန်ရစ်နေဆဲ’ဟူ၍ ပြောရခြင်းမှာ ချပ်ကာသည် ကျိုးပဲ့နေပြီး တကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေ၍ ဖြစ်သည်။ အဆိုးဆုံး အစိတ်အပိုင်းမှာ ပခုံးအောက်မှ ဘယ်လက်မောင်းသည် ပျောက်ကွယ်သွားခြင်းပင်။
ချန်လွေ့က အပြင်းအထန် မောဟိုက် နေခဲ့သည်။ အကယ်၍ သူ ခုနက ခန္ဓာကိုယ်ကို ကာကွယ်ရန် [ကြယ်စုံ နတ်ဘုရားမြင်ကွင်း]မှ ‘မြေနက္ခတ်တာရာ’ ကို အသုံးမပြုခဲ့ပါက ပျက်စီးသွားမည်မှာ ဘယ်လက်မောင်းသာ မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဖြစ်ပေလိမ့်မည်။
ဘယ်လက်အတွက်မူ [အသစ်ပြန်ဖြစ်ခြင်း]နှင့် ပြန်လည်၍ ကောင်းလာရန် အလွန်ကြာမြင့်လိမ့်မည် မဟုတ်ပေ။ သလင်းကျောက်တောင်ကြား တိုက်ပွဲအပြီးတွင် သူ၏ နှလုံးသားကို ဖောက်ထုတ်ပြီးနောက်ပင် အပြည့်အဝ ပြန်လည် ကောင်းမွန်လာခဲ့သည်။ သို့သော် [အသစ်ပြန်ဖြစ်ခြင်း]ကို အသုံးပြုနိုင်ရန် အချိန် ရှိရဦးမည် ဖြစ်သည်။
ချန်လွေ့၏ အကြည့် အနည်းငယ်မျှပင် မလျော့ကျခဲ့ပေ။ အကြောင်းမှာ အဓိက ဒြပ်စင်သံတမန် ၆ပါးထဲမှ တစ်ယောက်မျှ ပျောက်ကွယ်သွားခြင်း မရှိနေ၍ပင်။ သူ့ လိုမျိုးပင် သူတို့၏ ခန္ဓာကိုယ်များက ပျက်စီးနေသည်။ အဓိက အလင်းဒြပ်စင် သံတမန်က ခေါင်းပင် ဆုံးရှုံးသွားခဲ့သည်။
“သူက ငါတို့ပူးပေါင်းပြီး ထုတ်ဖော်ခဲ့တဲ့ [စကြဝဠာပျက်သုဉ်း]ကို အမှန်တကယ် ခုခံနိုင်ခဲ့တယ်။ ပြီးတော့ သူက ငါတို့ကို ဒီလို အဆင့်အထိ ပျက်စီးမှုကိုတောင် ဖြစ်စေခဲ့တယ်။” ပထမဆုံးသော အသံ ထွက်လာသူမှာ အဓိက အလင်းဒြပ်စင် သံတမန်ပင် ဖြစ်သည်။ သူ၏ခန္ဓာကိုယ် လျင်မြန်စွာ တောက်ပလာပြီးနောက်တွင် ဆုံးရှုံးသွားသော ခေါင်းက အမှန်ပင် ပြန်လည်၍ စုစည်းသွားသည်။ ၎င်းက မျက်စိတစ်မှိတ် အတွင်းတွင် ခပ်ရေးရေး ပုံပေါ်လာပြီး အခြားသော အဓိက ဒြပ်စင် သံတမန် ၅ပါးသည်လည်း လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာကြသည်။
“‘အဲဒီလူ’ဆိုတဲ့ အတိုင်းပဲ...”
“ကံဆိုးချင်တော့ ဒါက ဒြပ်စင်လောက ဖြစ်နေတယ်။”
“မင်းရဲ့ စွမ်းအားက သိသိသာသာ ကျဆင်းသွားခဲ့တယ်။ ဒါပေမဲ့ ငါတို့ အတွက်က အခုမှ တိုက်ပွဲစတာ။”
အဓိက ဒြပ်စင် သံတမန်များ၏ အသံများက ချန်လွေ့၏ နားထဲတွင် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ် လာသည်။ သူ၏နှလုံးသား ရုတ်တရက် နစ်မွန်းသွားတော့သည်။