အကျပ်ကိုင်ခြင်း
Vol. 74 Ch. 1161
စေတန်က ဖိုက်သွန်၏ စကားများကို ကြားပုံမရဘဲ သူ၏ အမြင်အာရုံထဲတွင် တောက်ပသော အမှောင်ထုသာ ရှိနေ၏။
ထိုသို့သော ‘တောက်ပမှု’သည် စေတန် အတွက် မစိမ်းတော့ပေ။ အကြောင်းမှာ ဒုတိယအကြိမ် မြင်ရခြင်း ဖြစ်၍ပင်။ ပထမ အကြိမ်မှာ ပင်လယ်သေမှ မျှော်လင့်ချက်မဲ့ခြင်း အဓိက ယဇ်ပလ္လင် တိုက်ပွဲ၌ဖြစ်ပြီး ‘ထိုသူ’က ထိုစွမ်းအားကို ဒီလော့စ်ရို၏ကိုယ်ထဲ ပေါက်ကွဲစေခဲ့ကာ ဒီလော့စ်ရို၏ ကိုယ်ပွားကို လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။ ၎င်းက စေတန်ကို နတ်ဘုရား-ယောင် အလယ်အလတ် အဆင့်သာ ရှိနေသေးသော သူ့အား ရှုံးနိမ့်စေခဲ့သည်။
စေတန်နှင့် အက်ဘက်ဒွန်တို့မှာ ယခင်က ပြိုင်ဘက်ဟောင်းများ ဟူ၍ သတ်မှတ်နိုင်ပေ၏။ သူတို့က အချင်းချင်း စွမ်းအားလက္ခဏာများကို မစိမ်းကြပေ။ မသေနိုင်သော သေခြင်းတရား တိုင်းပြည်က ကိုင်တွယ်ရန် အလွန်ပင် ခက်ခဲသည်။ အကယ်၍ စေတန် ကိုယ်တိုင် ပျက်စီးခြင်း စာအုပ်ကို အသုံးပြုရန် စွန့်စားမှုမပြုဘဲ အစွမ်းအထက်ဆုံးသော အန္တိမတိုက်ကွက်[ထာဝရည]ကိုသာ အသုံးပြုခဲ့ပါက သေခြင်းတရား တိုင်းပြည်ကို ထိုမျှလောက် စေ့စေ့စပ်စပ် မဖျက်ဆီးနိုင်မည်မှာ သေချာသည်။ ယခု ‘သူ’က အက်ဘက်ဒွန်ကို တိုတောင်းသော အချိန်ကာလအတွင်း လွှမ်းမိုးနိုင်သော အားသာချက်ဖြင့် လုံးဝ အနိုင်ယူခဲ့လေ၏။
စေတန်က ကြယ်များ၏ နက်နဲသော အဓိပ္ပာယ်တွင် ပါဝင်သော ယုံကြည်မှု စွမ်းအားနှင့် အသက်စွမ်းအားသည် သူ့ကို များစွာ ကျော်လွန်ကြောင်း အသေအချာ အာရုံခံနိုင်လေသည်။ ၎င်းကို ‘ကြီးမား ကျယ်ပြန့်ပြီး အဆုံးမဲ့’ဟု အမှန်တကယ် ဖော်ပြနိုင်ပေသည်။ အစွမ်းအထက်ဆုံး နက္ခတ်တာရာ၏ ‘ဧရိယာ’ နှစ်ခု (ဇာမဏီ နက္ခတ်တာရာနှင့် သက်တန့် နက္ခတ်တာရာ)က ယခုအခါ ဒါဇင်ပေါင်း များစွာအထိ တိုးလာခဲ့သည်။ ပေါက်ကွဲ၍ ထွက်လာသော စွမ်းအားသည် သာမန် ပေါင်းခြင်းကဲ့သို့ ရိုးရှင်းသည် မဟုတ်ပေ။
တကယ်လို့ ဒီတိုက်ကွက်ကို ရင်ဆိုင် ရတဲ့သူက အက်ဘက်ဒွန် မဟုတ်ဘဲ ငါသာ ဆိုရင်... ပျက်စီးခြင်း စာအုပ်နဲ့ အတူ ခံနိုင်ပါ့မလား။ စေတန် ခဏတာ တိတ်ဆိတ်သွားခဲ့လေသည်။ သူသည် တည်ငြိမ်သော ဖိုက်သွန်ကို ကြည့်လိုက်ပြီး တိတ်တဆိတ် သက်ပြင်းချကာ နောက်ဆုံး အတွေးတစ်ခုကို စွန့်လွှတ်လိုက်ပြီး ပျက်စီးခြင်း စာအုပ်၏ စွမ်းအားကို သိမ်းဆည်းလိုက်တော့သည်။
သေခြင်းတရား တိုင်းပြည် လုံးဝကို ပျက်စီးသွားပြီးနောက် ကြယ်အလင်းများ တဖြည်းဖြည်းနှင့် မှေးမှိန်သွားခဲ့သည်။ မြေပြင်ပေါ်မှ ပုံရိပ်နှစ်ခုက ပေါ်လာ၏။
ချန်လွေ့ တိတ်ဆိတ်စွာ ရပ်နေ၏။ သူ၏ ခန္ဓာပေါ်မှ ကြယ်ချပ်ကာသည် အက်ကွဲကြောင်းများသာ ပြသနေခဲ့ပြီး မည်သည့်အရာကမျှ သူ၏ စိတ်ဆန္ဒနှင့် ဝိညာဉ်ကို မလှုပ်ခတ်နိုင်သည့် ခိုင်မာမှုမျိုး ပေးနေ၏။
၎င်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်မှာ မျက်နှာချင်းဆိုင်မှ အက်ဘက်ဒွန်ပင်။ ယခင်က မောက်မာခဲ့သော အမှောင် သေခြင်းတရား တမန်တော်က ထရပ်ရန် အင်အားပင် မရှိတော့ပေ။ သူက မြေပေါ် ဒူးထောက်ရုံသာ မနည်း တတ်နိုင်သည်။ သူ၏ [ယုံကြည်မှုချပ်ကာ] ကလည်း စုတ်ပြဲနေပြီး ထိတ်လန့်ဖွယ်ကောင်းသော ဒဏ်ရာများကို နေရာတိုင်း မြင်နိုင်သည်။ ချွန်ထက်သော လက်သည်း ၁၀ချောင်းလုံး ကျိုးပဲ့သွားပြီဖြစ်သည်။ သူ အသက်ကို မနည်းရှူနေရ၏။ သူ၏ အငွေ့အသက်က ပြင်းထန်စွာ ကျဆင်းသွားခဲ့လေသည်။
ဖိုက်သွန် စေတန်ကို နောက်တစ်ကြိမ် မကြည့်တော့ဘဲ ချန်လွေ့ထံသို့ တန်းတန်း မတ်မတ် သွားခဲ့သည်။ စေတန်လည်း သူ၏ နောက်ကွယ်မှ လှုပ်ရှားခြင်း မပြုခဲ့။ အက်ဘက်ဒွန် ရှုံးနိမ့်သွားလျှင် တိုက်ပွဲကို ဆက်၍ တိုက်ခိုက်နေခြင်းမှာ အဓိပ္ပာယ် မရှိတော့ပေ။
“အက်ဘက်ဒွန်။ ရှင် ရှုံးသွားတာက တကယ် အချိန်ကိုက်ပဲ။” ဖိုက်သွန်က ဖုံးကွယ်မထားသော လှောင်ပြောင်သံဖြင့် ရယ်လိုက်သည်။ “စေတန်နဲ့ ကျွန်မတို့ နှစ်ယောက် ရှင့်ကို ကျေးဇူးတင်ရမယ်။”
ချန်လွေ့က အံ့အားသင့်စွာ စေတန်ကို ကြည့်နေသော်လည်း စေတန်က အေးစက်စက် မျက်နှာထားဖြင့် ရှိနေပြီး ရှင်းပြခြင်းမရှိခဲ့ပေ။ အက်ဘက်ဒွန်လည်း စေတန်ကို ကြည့်လိုက်လေသည်။ သူက လက်ရှိတွင် ပြင်းထန်စွာ ဒဏ်ရာရထားပြီး စွမ်းအား ကြီးကြီးမားမား ဆုံးရှုံးသွားခဲ့ရာ ‘အဖော်’ကိုသာ အားကိုးနိုင်တော့သည်။
အက်ဘက်ဒွန်က မည်သည်ကို စဉ်းစားနေကြောင်း ဖိုက်သွန် မည်သို့ မသိဘဲ နေမည်နည်း။ ထို့ကြောင့် သူက ပြုံးဖြီးဖြီးနှင့် နောက်ထပ်စကား တစ်ခွန်း ထပ်ပြောလိုက်သည်။ “စေတန်။ ရှင်က ‘သူ’နဲ့ ၁၀နှစ် စာချုပ်ကို လိုက်နာတယ် ဆိုတော့ ရှင်နဲ့ကျွန်မကြားက ရန်ငြိုးတွေ ယာယီ ဘေးဖယ် ထားလိုက်ပါ။ ဒီနေ့ ဖြစ်ခဲ့တာ အပါအဝင်ပေါ့။ ၇နှစ်ကြာရင် ရှင်နဲ့သူ့ကြားက စာချုပ် ပြီးသွားပြီးတော့ အသက်ရှင်နေသေးရင် ကျွန်မ ရှင့်ကို ကိုယ်တိုင် အဆုံးသတ်ပေးမယ်။ ကျွန်မ ‘သူ့’ရဲ့နာမည်နဲ့ ကျိန်ဆိုတယ်။ ဒီကာလ အတွင်းမှာ ကျွန်မ ရှင့်ကို နှောင့်ယှက်ဖို့ ကိုင်တွယ်ဖို့ ဘယ်နည်းလမ်းမှ မသုံးဘူး... ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်။”
“အခြေအနေ ဟုတ်လား။” စေတန်က ဖိုက်သွန်၏ အကြည့်နောက်သို့ လိုက်၍ အက်ဘက်ဒွန်ကို ကြည့်လိုက်ရာ သူ နားလည်သွားခဲ့သည်။ အကျိုးအပြစ်များ အလျင်အမြန် ချိန်ဆလိုက်ပြီးနောက် သူ နောက်ဆုံး ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီလေ။”
ထိုမြင်ကွင်းကြောင့် အက်ဘက်ဒွန်၏ နှလုံးသား လုံးဝ နစ်မွန်းသွားခဲ့လေသည်။ အမှန်မှာ သူနှင့် စေတန် အကြားတွင် ခင်မင်ရင်းနှီးမှု မရှိဘဲ အပြန်အလှန် အကျိုးစီးပွား ဆက်ဆံရေး တစ်ခုသာ ဖြစ်သည်။ ယခု ‘ရစ်ချက်’ ကဲ့သို့သော အစွမ်းထက် ရန်သူမျိုးကို ရင်ဆိုင်ရာတွင် တိုက်ခိုက်ရေး စွမ်းအား အများအပြား မဆုံးရှုံးပုံရသော ဖိုက်သွန်နှင့် ပေါင်းလျှင် စေတန်က ‘မဟာမိတ်’ကို ကိုယ်ပိုင် အကျိုးအတွက် စွန့်လွှတ်လိုက်သည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။
“အက်ဘက်ဒွန် ရှင် ကံကောင်းတယ်။ တော်ဝင်စိတ်ဝိညာဉ်လက်သည်းက ရှင့်အတွက် သေစေနိုင်တဲ့ တိုက်ကွက်ကို ခံပေးလိုက်တဲ့ပုံပဲ။ ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့ အသက်က ချမ်းသာရာ ရသွားတယ်။ ကျွန်မသာဆိုရင် အဲဒီတိုက်ကွက်ကနေ လွတ်မြောက်နိုင်မနိုင် မသေချာဘူး။”
ထိုသို့ ပြောပြီးနောက် ဖိုက်သွန်က ဆံပင်ကို အေးအေး သပ်လိုက်သည်။ “ဒါပေမဲ့ ရှင့်ရဲ့ တိုင်းပြည်က လုံးဝ ပြိုလဲသွားပြီ။ ပြီးတော့ ဒဏ်ရာတွေလည်း အတော်လေး ပြင်းထန်တယ်။ အလွန်ဆုံး ရှင် အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုပဲ ရှိတော့တယ်။ ရှင့်ကို သတိပေးလိုက်မယ်။ ဒါကို သိပ်ပြီးတော့ မျှော်လင့်မနေနဲ့။ ရှင့်ရဲ့ နတ်ဘုရား-ယောင်ဘဝကို ဖောက်ခွဲလိုက် ရင်တောင်မှ ဝိညာဉ် အပိုင်းအစတွေကို နောက်ဆုံး အခိုက်အတန့်မှာ ဝါးမျိုဖို့ အခွင့်အရေးကောင်းတစ်ခု ရှိသေးတယ်။ အဲဒီအချိန် ရှင် တကယ်ပဲ ရှင်လျက်နဲ့ ငရဲကျလိမ့်မယ်။ ကျွန်မတို့ရဲ့ ပါရမီတွေက အချင်းချင်း ထိန်းချုပ်နိုင်ကြဖို့အတွက်ကို ဘယ်သူက တောင်းဆိုခဲ့လို့လဲ။”
ဖိုက်သွန်၏ နောက်ဆုံးစကားများမှာ အက်ဘက်ဒွန်က သူ့ကို ပြောခဲ့သည်နှင့် လုံးဝနီးပါးတူညီသည်။ အက်ဘက်ဒွန်က စိတ်ထဲတွင် ကြီးကြီးမားမား ကူကယ်ရာ ကင်းမဲ့ခြင်း ခံစားလိုက်ရ၏။ ‘သမိုင်း’က ထိုမျှလျင်မြန်စွာ ပြန်ဖြစ်လာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ရုတ်တရက် သူက တစ်ခုခုကို တွေးမိသွားပြီး ချန်လွေ့ အပေါ်သို့ အံ့ဩသော အကြည့်တစ်ခုဖြင့် ကြည့်လိုက်သည်။ “ဖိုက်သွန်က မင်းကို ‘ဆာ’လို့ တကယ်ခေါ်တာလား။ ပြီးတော့ မင်း သုံးခဲ့တဲ့ ဒိုင်းက ရေတံဆိပ်ပဲ။ ပြီးတော့... မင်းက မြေတံဆိပ်ကိုလည်း သုံးခဲ့တယ်။”
“နည်းနည်း နှေးပေမယ့် အခုတော့ သိသွားပြီပဲ။” ဖိုက်သွန်၏ အပြုံးက အနည်းငယ် ပို၍ပင် နက်နဲသွားသည်။ “တစ်ယောက်ယောက်ကို တွေးမိလား။”
“လက်စသတ်တော့...” အက်ဘက်ဒွန် တုန်လှုပ်သွား၏။ သူက ချန်လွေ့ကို မျက်လုံးများထဲတွင် ပြင်းထန်လှသော ကြောက်ရွံ့မှုနှင့် တစ္ဆေ တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင် ကြည့်လိုက်သည်။ “မင်းက ‘သူ’ ပဲ။ မင်းက တကယ် ‘သူ’ ပဲ!”
နောက်ထပ်အထင်မှားပြန်ပြီ။ ချန်လွေ့က စေတန်နှင့် ဖိုက်သွန်တို့၏ မျက်နှာပေါ်မှ အမူအရာများကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူက ရိုးရှင်းစွာ မရှင်းပြတော့ဘဲ ခေါင်းခါလိုက်လေသည်။ “ကျုပ် ဘယ်သူဖြစ်ဖြစ် အရေးမကြီးဘူး။ ခင်ဗျားရဲ့ လက်ရှိအခြေအနေကို ပိုပြီး စဉ်းစားသင့်တယ်။”
“မဟုတ်ဘူး။ မင်း ငါ့ကို သတ်မှာ မဟုတ်ဘူး။” ချန်လွေ့၏ ‘သရုပ်မှန်’ကို နားလည်ပြီးနောက် အက်ဘက်ဒွန်က တိုက်ခိုက်ချင်စိတ်ကို လုံးဝ ဆုံးရှုံးသွားပုံ ရသည်။ သူ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး အော်ဟစ်လိုက်သည်။ “မမေ့နဲ့ဦး။ မင်းရဲ့မိန်းမက ငါ့ထိန်းချုပ်မှု အောက်မှာ ရှိနေတုန်းပဲ။”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် စေတန်သည်ပင် တိတ်တဆိတ် ခေါင်းခါ လိုက်သည်။ အသက် မသေချင်သည်ကို နားလည်နိုင်သော်လည်း သူက နောက်ဆုံး တစ်ကြိမ် တိုက်ခိုက်ရန် သတ္တိပင် မရှိတော့ပေ။ အမျိုးသမီး တစ်ဦးကို ခြိမ်းခြောက်၍ ထွက်ပြေးခြင်းဆိုသည်က အမှန်တကယ် အရှက်ရစရာပင်။
ထိန်းချုပ်မှု....ဇိုလာ လား။ ဖိုက်သွန်က ထိုသို့ ကြားရာ မျက်မှောင်ကြုတ်လိုက်ပြီး သူသည် စိတ်ခေါ်ဆိုမှုဖြင့် ချန်လွေ့အား မေးလိုက်သည်။ “ရှင် ဒီတစ်ခေါက် ပါ့ဂ်လီအိုကို ခေါ်လာခဲ့လား။”
ချန်လွေ့ကလည်း သူ၏ စိတ်ထဲတွင် ပြန်ဖြေလိုက်သည်။ “သူ့ကို ခေါ်ခဲ့တယ်။ ဒီကိုမလာခင်မှာ ပါ့ဂ်လီအိုက ဇိုလာနဲ့ ခင်ဗျားရဲ့ တိုင်းပြည်ငယ် ပတ်လည်မှာ ပျံ့နှံ့နေတဲ့ ကပ်ရောဂါ စွမ်းအားကို ကပ်ရောဂါနတ်ဘုရားရဲ့ စွမ်းအားနဲ့ ပယ်ဖျက်ပြီးပြီ။ ဒါပေမဲ့ မင်းရဲ့ [ကြမ္မာဆိုး ကပ်ဘေးတိုင်းပြည်]ထဲမှာရှိတဲ့ အသက်တွေက...”
“သိပါတယ်။ ဒီအက်ဘက်ဒွန်က ရက်စက်ပြီးတော့ ကောက်ကျစ်တယ်။ ဝိညာဉ်လျှို့ဝှက်ပညာရပ်ကို ကောင်းကောင်း ကျွမ်းကျင်တယ်။ သူက ကျွန်မရဲ့ အထက်မှာတောင် ရှိနေတယ်။ သာမန် စာချုပ်တွေက သူ့ကို လုံးဝ မထိန်းချုပ်နိုင်ဘူး။ အညံ့ခံမယ်ဆိုတဲ့ သူ့ရဲ့ ပေါက်ကရ စကားတွေကို မယုံနဲ့။ ခဏနေရင် သူ့ရဲ့ ဝိညာဉ်မျက်လုံးကို ချုပ်ကိုင်ဖို့ ဆာ့ရဲ့ မိစ္ဆာမျက်ဆံ စွမ်းအားကို တိုက်ရိုက် အသုံးပြုလိုက်ပါ။ ကျွန်မ သူ့ရဲ့ နတ်ဘုရား-ယောင်ဘဝကို ဖောက်ခွဲတာ တားဆီးနိုင်ဖို့ ၉၀% သေချာတယ်။ သူ့ရဲ့ နတ်ဘုရား-ယောင်ဘဝကို ချိပ်ပိတ်နိုင်ရင် သတ်ဖို့ပဲ ဖြစ်ဖြစ် အညံ့ခံခိုင်းဖို့ပဲ ဖြစ်ဖြစ် ဆာ့ သဘော အတိုင်းပါပဲ။”
ချန်လွေ့ ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် အက်ဘက်ဒွန်၏ ခေါင်းပေါ်မှ နေရာလွတ်တွင် ပုံရိပ်တစ်ခု မြင်လိုက်ရာ ထိတ်လန့်သွားခဲ့သည်။ အတွင်းမှ ပုံရိပ်မှာ မျက်လုံးများကို မှိတ်ထားလျက် နာလန်ထူ နေသော ဇိုလာပင်။
“မင်းရဲ့ မိန်းမကို အသက်ရှင်စေချင်ရင် ငါ့ကို လွှတ်ပေး။” အက်ဘက်ဒွန်၏ မျက်လုံးများ လင်းလက်သွားပြီး ပုံရိပ်ထဲမှ ဇိုလာက နာကျင်သော အမူအရာဖြင့် ခေါင်းကို ရုတ်တရက် အုပ်လိုက်သည်။
ချန်လွေ့နှင့် ဖိုက်သွန်တို့ ထိတ်လန့် သွားကြသည်။ ပါ့ဂ်လီအိုက ဇိုလာ ကူးစက်ခံရတဲ့ ကပ်ရောဂါကို မဖြေဖျောက် နိုင်သေးဘူးလား။
“သူက ကပ်ရောဂါ အရှိန်အဝါကြောင့်ပဲ သက်ရောက်ခံရတယ် ထင်နေတာလား။” အက်ဘက်ဒွန်က ချန်လွေ့၏ အံ့ဩသော အမူအရာကို သတိပြုမိလိုက်လေသည်။ “မင်း ဒီမိန်းမရဲ့ အပေါ်က ကပ်ရောဂါ အရှိန်အဝါကို ဘယ်လိုမျိုး နည်းလမ်းနဲ့ ဖြေဖျောက်ခဲ့လဲဆိုတာ ငါ မသိပေမယ့် မင်း ပယ်ဖျက်ခဲ့တာက ကပ်ရောဂါ စွမ်းအား သက်သက်ပဲ ဆိုတာကိုတော့ သေချာတယ်။”
“ဝိညာဉ်မျက်လုံး!” ဖိုက်သွန် ၎င်းကို နားလည်သွားပြီ ဖြစ်သည်။ “ရှင် သူရဲ့ ကိုယ်ပေါ်မှာ ဝိညာဉ်ရုပ်သေးစေ့ တစ်ခုကို စွမ်းအား စတေးပြီး တကယ် ပျိုးခဲ့တာပဲ!”
“အစပိုင်းမှာ ငါက ဖြစ်နိုင်ခြေရှိတဲ့ နတ်ဘုရား-ယောင်တစ်ယောက်ကို လုံးဝ ထိန်းချုပ်ချင်ခဲ့ရုံပါ။ အခုတော့ ဒီခြေလှမ်း မှန်တဲ့ပုံပဲ။” အက်ဘက်ဒွန် တဖြည်းဖြည်း ထရပ်လိုက်သည်။ “ဝိညာဉ်ရုပ်သေးစေ့ ဆိုတာ ဘာဆိုလိုလဲဆိုတာကို မင်းတို့ သေချာ သိမှာပါ။ အဲဒီနဂါးမရဲ့ စွမ်းအားက နတ်ဘုရား-ယောင် အလယ်အလတ်မှာပဲ ရှိသေးတယ်။ ဒါကြောင့် သူက နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့်က ဝိညာဉ် ရုပ်သေးစေ့နဲ့ မယှဉ်နိုင်ဘူး။ အချိန်မရွေး ငါ ဝိညာဉ်မျက်လုံးကို အသက်သွင်းပြီး ဝိညာဉ်ရုပ်သေးစေ့ အသက်သွင်းပြီးတော့ သူ့ရဲ့ဝိညာဉ်ကိုတောင် ဝါးမျိုနိုင်တယ်။ သူ မသေရင်တောင်မှ အသိစိတ်မရှိတဲ့ အရူး တစ်ယောက် ဖြစ်သွားမှာပဲ။”
ဝိညာဉ်ရုပ်သေးစေ့က ဝိညာဉ်မျက်လုံး၏ သန္ဓေပြောင်းစွမ်းအား တစ်ခုဖြစ်ပြီး ဝိညာဉ်အစအန တစ်ခုကို ခွဲထုတ်ကာ ပစ်မှတ်၏ ကိုယ်ထဲသို့ ခိုးဝင်နိုင်သည်။ ၎င်းက မျိုးစေ့တစ်ခုကဲ့သို့ အမြစ်တွယ်ပြီး အညှောင့်ပေါက်လိမ့်မည်။ အချိန် ကြာလာသည်နှင့်အမျှ ၎င်းက ပြိုင်ဘက်ကို တစ်ဆင့်ချင်း ထိန်းချုပ်ပြီး လုံးဝနာခံတတ်သော အစေခံတစ်ယောက် ဖြစ်သွားစေလိမ့်မည်။ သို့သော် ဝိညာဉ် ရုပ်သေးစေ့က အက်ဘက်ဒွန်၏ ဇစ်မြစ် အကျဆုံး ဝိညာဉ်စွမ်းအားကို သုံးစွဲရန် လိုအပ်ပြီး အထူးဆက်သွယ်မှု တစ်ခုကို ဖွဲ့စည်းပေးလိမ့်မည်။
ဝိညာဉ်ရုပ်သေးစေ့ ပျက်စီးသည်နှင့် အက်ဘက်ဒွန်၏ ဝိညာဉ်သည်လည်း ပျက်စီးသွားမည်ဖြစ်ပြီး ပြင်းထန်သော တန်ပြန်သက်ရောက်မှုကိုပင် ခံစားနိုင်ရာ ပုံမှန်အားဖြင့် ၎င်းကို ပေါ့ပေါ့တန်တန် အသုံးမပြုပေ။
ချန်လွေ့သည် စိတ်ခေါ်ဆိုမှုမှတစ်ဆင့် ဝိညာဉ်ရုပ်သေးစေ့ အကြောင်း ဖိုက်သွန် ရှင်းပြသည်ကို နားထောင်ရင်း အလွန် စိတ်ပူသွားခဲ့လေသည်။ အက်ဘက်ဒွန်က ဒီလိုမထင်ထားတဲ့ လျှို့ဝှက်လှည့်ကွက်မျိုး လုပ်ထားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
ဖိုက်သွန်၏ စကားအရ ချန်လွေ့က ဝိညာဉ် ရုပ်သေးစေ့ကို ပယ်ဖျက်ရန် မိစ္ဆာမျက်ဆံ၏ စွမ်းအားကို အသုံးပြုပြီး ကြိုးစားနိုင်သော်လည်း ထိရောက်မည်ဟု အာမ မခံနိုင်ပေ။ ထို့အပြင် ဇိုလာက ထိုနေရာတွင် မရှိသောကြောင့် သူက အဝေးမှ မကယ်နိုင်ပေ။
“ငါ့ကို အန္တရာယ် ကင်းကင်းနဲ့ ထွက်သွားခွင့်ပေး။ မဟုတ်ရင် ငါ ဝိညာဉ် ရုပ်သေးစေ့ကို အသက်သွင်းလိုက်မယ်!”
ချန်လွေ့က စိတ်လော၍ မရကြောင်း သိသည်။ သူ၏ အမူအရာက ယခင် အံ့ဩမှုမှ တဖြည်းဖြည်း ‘ပြန်ကောင်းမွန်’ လာခဲ့သည်။ “အရင်ဆုံး ဝိညာဉ် ရုပ်သေးစေ့ကို ပယ်ဖျက်လိုက်။ ကျုပ် ခင်ဗျားကို အသက်ရှင်ခွင့် ပေးနိုင်တယ်။”
“ဒါက ငါ့ကို လမ်းဆုံးပဲ ရောက်စေမှာ။” အက်ဘက်ဒွန် လှောင်ရယ်လိုက်သည်။ သူက စေတန်ကို မကျေနပ်ချက်များဖြင့် ကြည့်လိုက်သည်။ သူ စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။ ငါ ဒီတစ်ခေါက် လွတ်သွားရင် နှစ်ဆတိုးပြီးတော့ လက်စားချေမယ်။ အထူးသဖြင့် ဖိုက်သွန်နဲ့ စေတန်ကိုပဲ!
စေတန် အက်ဘက်ဒွန်၏ မုန်းတီးမှုကို ပါးနပ်စွာ ဆုပ်ကိုင်လိုက်ပြီး မမြင်နိုင်သော အင်အား တစ်ခုက အက်ဘက်ဒွန်ကို တိတ်တဆိတ် အသေမှတ်ထားခဲ့သည်။
ဒဏ်ရာ အပြင်းအထန်ရနေသော်လည်း အက်ဘက်ဒွန်၏ ဝိညာဉ် အာရုံခံစားမှုမှာ ထက်မြက်နေဆဲဖြစ်ရာ သူက စေတန်၏ လုပ်ဆောင်ချက်များကိုလည်း သတိပြုမိ လိုက်သည်။ သူက ချန်လွေ့အပေါ်သို့ အကြည့်လွှဲလိုက်သည်။ “ငါတို့အားလုံးက ပါးနပ်တဲ့သူတွေပဲ။ အချိန်မဆွဲချင်ဘူး။ အခု ငါ ဒီက ထွက်သွားမယ်။ တကယ်လို့ တိုက်ခိုက်မှု တစ်ခုခု ခံရရင် ဘယ်သူပဲ ဖြစ်ဖြစ် ချက်ချင်း ဝိညာဉ်ရုပ်သေးစေ့ကို အသက်သွင်းပစ်မယ်!”
အက်ဘက်ဒွန် ရည်ညွှန်းနေသော တိုက်ခိုက်သူမှာ ဖိုက်သွန် သာမက စေတန်လည်း ဖြစ်ပေသည်။
အက်ဘက်ဒွန် စကားဆုံးပြီးနောက် သူ၏ပုံရိပ်က ဖြည်းဖြည်းချင်း နောက်သို့ ပျံသန်းသွားခဲ့သည်။ စေတန်က သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး လှုပ်ရှားမှုတစ်ခုပြုရန် ပြင်လိုက်သည်။ အက်ဘက်ဒွန် မျက်လုံးများ လက်သွားပြီး ပုံရိပ်ထဲမှ ဇိုလာက နာကျင်စွာဖြင့် ခေါင်းကို နောက်တစ်ကြိမ် အုပ်လိုက်၏။ ချန်လွေ့က အော်ပြောလိုက်လေသည်။ “တော်တော့...”
အက်ဘက်ဒွန် ရပ်တန့်လိုက်ပြီးနောက် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေသော စေတန်ကို ကြည့်လိုက်လေသည်။ “ငါ ထပ်ပြီး မပြောတော့ဘူး။ ငါ့ကိုသတ်ဖို့ ဒါမှမဟုတ် ဖမ်းဖို့ တစ်ယောက်ယောက် မကြိုးစားခင် ဝိညာဉ်ရုပ်သေးစေ့ လုံးဝ ပေါက်ကွဲသွားအောင် လုပ်ပစ်မယ်။ မင်းရဲ့ မိန်းမကို ငါနဲ့အတူ သေစေချင်တယ်ဆိုရင် စမ်းကြည့်လိုက်လေ။”