← Chapters

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း ၂၈၉ - လျှပ်စီးများ အစုလိုက်အပြုံလိုက်ပစ်သွင်းခြင်း

အနာဂတ်တွင်သူသည် ဤသံမဏိရုပ်သေးများကို စစ်မြေပြင်၌ရင်ဆိုင်ရမည်ဟု ရှောင်ယုခံစားမိခဲ့သည်။

အကယ်၍ ထိုသို့ရင်ဆိုင်ရမည်ဆိုလျှင် တန်ပြန်တိုက်ခိုက်ရန်နည်းလမ်းရှာမရပါက သူသည်ဆုံးရှံးမှုကြီးကြီးမားမားခံစားရမည်ဖြစ်သည်။ ယခုအခါ ရိုင်ဖယ်တပ်သားများ၏ ထိုးဖောက်နိုင်စွမ်းအားကောင်းသောကျည်ဆန်များသည်ပင် ထိုသံမဏိရုပ်သေးများကိုမထိုးဖောက်နိုင်ကြောင်း ရှောင်ယုတွေ့ရှိရသည်။ လဓားစက်ဝိုင်းများကသာ ထိုသံမဏိရုပ်သေးများအား အနည်းငယ်ထိခိုက်ဒဏ်ရာရစေပေသည်။ ထိုအချိန်တွင် ရှောင်ယုအော်ဟစ်အမိန့်ပေးလိုက်သည်။

" ဂရစ်ဖင်တွေ ... အဲ့ဒီသောက်ရုပ်သေးတွေကို လျှပ်စီးစာကျွေးလိုက်ကြစမ်း "

ထိုသံမဏိရုပ်သေးများသည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို လုံးဝနီးပါးခုခံနိုင်သည်ကိုတွေ့ရသောကြောင့် ရှောင်ယုသည် ထိုရုပ်သေးများကို မှော်တိုက်ခိုက်မှုအသုံးပြုရန်ဆုံးဖြတ်ခဲ့သည်။

ရွှီး ... ရွှီး .... ရွှီး

အပြာရောင်လျှပ်စီးများသည် ကောင်းကင်ပေါ်၌မြွေတစ်ကောင်လို စတင်ရွေ့လျားလာခဲ့ပြီး သံမဏိရုပ်သေးများအားထိမှန်သွားခဲ့သည်။ ထိုသံမဏိရုပ်သေးများသည် လျှပ်စီးထိမှန်ချိန်၌ ခေတ္တတုံ့ဆိုင်းသွားကာ လှုပ်ရှားမှုများရပ်တန့်သွားခဲ့သည်။ ဂရစ်ဖင်များ၏ လျှပ်စီးများသည် ထိုသံမဏိရုပ်သေးများအပေါ်၌ ကောင်းမွန်သောအကျိုးသက်ရောက်မှုရှိသည်။

" အရမ်းကောင်းတယ် .... အဲရုပ်သေးတွေကိုဆက်ပစ်ကြ "

ဂရစ်ဖင်များ၏လျှပ်စီးများသည် ထိုသံမဏိရုပ်သေးများကို အကျိုးသက်ရောက်မှုရှိနေ၍ ရှောင်ယုကအမိန့်ပေးလိုက်သည်။

ရွှီး ... ရွှီး ... ရွှီး ... ရွှီး ... ရွှီး

ဂရစ်ဖင်၅၀၀လုံးသည် သူတို့၏လျှပ်စီးများကို သံမဏိရုပ်သေးများအပေါ်သို့ စုပြုံ၍ပစ်ခတ်လိုက်ကြသည်။ ထိုလျှပ်စီးကြောင်းတစ်ခုစီသည် ရန်သူ၃ဦးအပေါ်ကိုသက်ရောက်မှုရှိစေ၍ လျှပ်စီးကြောင်းတစ်ခုသည် သံမဏိရုပ်သေးတစ်ကောင်အားထိမှန်သွားပြီးနောက် ရပ်တန့်ခြင်းမရှိဘဲ အခြားသံမဏိရုပ်သေးနှစ်ကောင်သို့မဟုတ် ရန်သူနှစ်ယောက် အားဆက်လက်ထိမှန်မှာဖြစ်သည်။ ဆိုလိုသည်မှာ သံမဏိရုပ်သေးအနား၌ရှိနေသောသူရဲကောင်းများ ၊ မှော်ဆရာများသည်လည်း လျှပ်စီးဖြင့်ထိမှန်ခံရမည်ဖြစ်သည်။

ရန်သူများသည် ရှောင်ယု၏လေကြောင်းတပ်များ၏ရန်ကို ကြိုတင်မသိရှိထားပေရာ ထိုအခိုက်အတန့်တွင် ဖရိုဖရဲဖြစ်ကုန်ကြသည်။ ထိုအချိန်တွင် ရန်သူအုပ်စုအတွင်းမှ သူရဲကောင်းတစ်ယောက်သည် ကျယ်လောင်စွာဟိန်းဟောက်၍ သူ၏ဓားက်ိုဂရစ်ဖင်တစ်ကောင်ဆီ ပစ်လွှတ်လိုက်သည်။ ထိုလူသည် အလွန်အစွမ်းထက်သောသူရဲကောင်းတစ်ယောက်ဖြစ်ပြီး ဤအခိုက်အတန့်တွင် သူ၏ခွန်အားအကုန်လုံးကို ဓား၌စုစည်းကာ ဂရစ်ဖင်ထံပစ်လွှတ်လိုက်ခြင်းဖြစ်သည်။ အစောပိုင်းတွင်ရန်သူများသည် သံမဏိရုပ်သေးများ၏အကူအညီဖြင့် မြို့ပြင်သို့ထွက်ပြေးနိုင်ရန် ပြင်ဆင်ထားခဲ့သော်လည်း ရှောင်ယု၏လေကြောင်းတပ်များက လျှပ်စီးများကိုပစ်လွှတ်တိုက်ခိုက်နိုင်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

" မင်းအမေပဲပေါ့ ... ဂရစ်ဖင်တွေအကုန်လုံး အဲ့ကောင်ကိုချိန်ပြီးပစ်ကြစမ်း ... အဲ့ကောင်ကိုတစ်ခါတည်းကောင်းကင်ရောက်အောင်ပို့ပေးလိုက်ကြ "

ထိုသူရဲကောင်းပစ်လွှတ်လိုက်သည့်ဓားကြောင့် သူ၏ဂရစ်ဖင်တစ်ကောင်သေဆုံးသွားသည်ကိုမြင်သော် ရှောင်ယုသည်ဒေါသပေါက်ကွဲသွားခဲ့သည်။

ရှောင်ယုသည် သူ၏အစွမ်းထက်သူရဲကောင်းများနှင့်လေကြောင်းတပ်များအပေါ်တွင် အမြဲဂရုစိုက်ပေးခဲ့သည်။ သူတို့၏ခုခံကာကွယ်မှုသည် အဆင့်နိမ့်ပေရာ အစွမ်းထက်သောလက်နက်များကိုပိုင်ဆိုင်သည့်ရန်သူများနှင့်ရန်သူမှော်ဆရာများ၏ အလွယ်တကူသတ်ဖြတ်ခြင်းကိုခံရနိုင်သည်။ ထို့ကြောင့်ရှောင်ယုသည် လင်းနို့များကိုပင် ဗုံးကြဲလေယာဉ်များလို့အသုံးပြုနေခြင်းဖြစ်သည်။ သူတို့သည် မှော်ဆရာများနှင့်ရန်သူများလက်လှမ်းမမှီသောအကွာအဝေးမှနေ၍ ဗုံးများကိုပစ်ချပြီးနောက် ချက်ချင်းပြန်လည်ထွက်ခွာသွားရာ ရန်သူများသည်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။

နတ်မြင်းပျံစီးနင်သူများ ပစ်လွှတ်လိုက်သောမြှားတစ်စင်းသည် သူရဲကောင်းတစ်ယောက်၏ အသက်ကိုနှုတ်ယူရန်မလုံလောက်ပေ။

လက်ရှိအချိန်၌မူ အခြေအနေများက ကွာခြားနေခဲ့သည်။ အကယ်၍ ဂရစ်ဖင်နှစ်ကောင်ခန့်က ရန်သူ၏မှော်ဆရာသို့မဟုတ် သူရဲကောင်းတစ်ယောက်ကိုတိုက်ခိုက်ပါက ရန်သူသည်အေးဆေးခုခံနိုင်သော်လည်း ဂရစ်ဖင်၅၀၀ခန့်က လူတစ်ယောက်တည်းကိုဦးတည်တိုက်ခိုက်ခဲ့လျှင် အကျိုးဆက်ကိုခန့်မှန်းမရပေ။

တိုက်ခိုက်မှုအရေအတွက်ပြောင်းလဲမှုသည် အရည်အသွေးကိုပါလိုက်ပါပြောင်းလဲစေမည်ဖြစ်သည်။ ရှောင်ယု၏အမိန့်ကိုရရှိချိန်တွင် ဂရစ်ဖင်များအားလုံးသည် သူတို့၏ရဲဘော်ကိုသတ်ဖြတ်ခဲ့သူအား ဦးတည်၍လျှပ်စီးကြောင်းများကို ပစ်လွှတ်လိုက်ကြသည်။

ရွှီး ... ရွှီး ... ရွှီး ... ရွှီး

လျှပ်စီးကြောင်းများအားလုံးသည် လေထုထဲ၌ပေါင်းစည်းသွားခဲ့ပြီး လူကြီးတစ်ယောက်၏ခါးအရွယ်ပမာဏရှိသော လျှပ်စီးအဖြစ်ပြောင်းလဲသွားခဲ့သည်။ ထိုလျှပ်စီးသည် ခုနကဓားဖြင့်ပစ်လိုက်သောလူထံသို့ ကျရောက်ထိမှန်ခဲ့သည်။

ရှောင်ယုသည် မီတာ၁၀၀အကွာမှနေ၍ ထိုမြင်ကွင်းအားဂရုတစိုက်စောင့်ကြည့်နေခဲ့သည်။ ဂရစ်ဖင်များ၏စုပေါင်းတိုက်ခိုက်မှုသည် မည်သည့်အဖျက်စွမ်းအားကိုဖြစ်ပေါ်စေမည်ကို ရှောင်ယုသိရှိချင်ခဲ့သည်။

ဗုံး ...

ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီးနောက် လျှပ်စီးကြောင်းများက ထိုနေရာတဝိုက်ကိုဖုံးလွှမ်းသွားခဲ့သည်။ ပေါက်ကွဲမှုကြောင့် ဖုန်မှုန့်များနှင့်အပျက်အစီးများ လွှင့်ပျံထွက်လာခဲ့သည်။ ထိုပေါက်ကွဲမှုမှထွက်ပေါ်လာသည့်လှိုင်းများသည် မီတာ၁၀၀အကွာ၌ရှိနေသော ရှောင်ယုကိုပင် လာရောက်ရိုက်ခတ်ခဲ့သည်။

ရှောင်ယုသည် သူ့ထံလွှင့်ပျံလာသည့် ဖုန်မှုန့်များကြောင့်ချောင်းဆိုးလိုက်မိသည်။ သို့သော်လည်း သူသည်အားတင်း၍မျက်လုံးဖွင့်ကာ ပေါက်ကွဲမှုဖြစ်ပွားရာနေရာဆီသို့ ဦးတည်လျှောက်လမ်းလာခဲ့သည်။

ထိုနေရာတွင် အချင်းရမီတာခန့်ရှိသော တွင်းပေါက်ကြီးတစ်ခုဖြစ်ပေါ်နေခဲ့ကာ တိုက်ခိုက်ခံရသောသူရဲကောင်းကို အစအနပင်ရှာမတွေ့ခဲ့ပေ။ ထိုသူရဲကောင်းသည် မည်သည့်အခါမှမတည်ရှိခဲ့ဖူးသည့်ပုံစံဖြင့် သေဆုံးပျောက်ကွယ်သွားရသည်။ အနီးအနားတွင်ရှိနေသောအခြားသူရဲကောင်းများနှင့်မှော်ဆရာများသည်လည်း ပေါက်ကွဲမှုဒဏ်ကိုခံစားခဲ့ရသည်။

မှော်ဆရာနှစ်ဦးကသာ ကံကောင်းစွာဖြင့် တည်နေရာရွေ့ပြောင်းမှော်ကို အချိန်မှီထုတ်သုံးကာ ပေါက်ကွဲမှုမှလွတ်မြောက်ခဲ့သော်လည်း တစ်ယောက်သည်ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်ခံရသည့်သူရဲကောင်း၏အနားတွင်ရှိနေသော ရန်သူများသည်လည်း ဂရစ်ဖင်များ၏တိုက်ခိုက်မှုက ဤမျှအားကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ ထို့ပြင် ဂရစ်ဖင်များ၏လျှပ်စီးကြောင်းသည် ပစ်မှတ်ကိုထိမှန်ပြီးနောက်တွင် အနီးအနားရှိအရာများကိုပါ ကွင်းဆက်လျှပ်စီးအဖြစ်သွားရောက်ထိမှန်တတ်သည်။

ထိုသူရဲကောင်းများနှင့်မှော်ဆရာများအားလုံးသည် အနိမ့်ဆုံးစတုတ္ထအဆင့်မှော်ဆရာများဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ မှော်ဆရာများသည် သူတို့ကိုယ်သူတို့ကာကွယ်ရန်အတွက် မှော်ဒိုင်းများကိုအသုံးပြုခဲ့ကြပြီး အချို့သောသူများ၌ သူတို့၏ခန္ဓာကိုယ်အား မှော်နှင့်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများမှ ကာကွယ်ပေးနိုင်သောပစ္စည်းများကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း ဂရစ်ဖင်၅၀၀မှစုပေါင်းတိုက်ခိုက်လိုက်သော လျှပ်စီးကြောင်း၏စွမ်းအားသည် သူတို့၏အကာအကွယ်မှန်သမျှကိုထိုးဖောက်ကာ သတ်ဖြတ်နိုင်ခဲ့သည်။

ထိုအရာသည် တားမြစ်မှော်ပညာသို့မဟုတ် ဧရိယာကျယ်တိုက်ခိုက်မှုမှော်ပညာမဟုတ်ပေ။ သို့သော်လည်း လူတစ်ဦး၏ခန္ဓာကိုယ်ပေါ်သို့ လျှပ်စီးကြောင်းများစုပြုံကျဆင်းလာသောအခါတွင် ထွက်ပေါ်လာသည့်အဖျက်စွမ်းအားသည် ပဥ္စမအဆင့်မှော်မန္တန်ထက်သာလွန်သွားခဲ့သည်။ ဆရာကြီးအယ်လ်မာ၏ အစွမ်းအထက်ဆုံးသောမီးလုံးသည်ပင် ဤတိုက်ခိုက်မှုနှင့်ယှဉ်ပါကအားနည်းနေလိမ့်မည်ဟု ရှောင်ယုယုံကြည်ပေသည်။ ယခုအခါ ဂရစ်ဖင်များသည် အဆင့်၁၌သာရှိနေကြသေးသည်။ သူတို့သာအဆင့်၁၀သို့ရောက်ရှိသွားပါက ဤတိုက်ခိုက်မှု၏အဖျက်စွမ်းအားသည် မည်မျှထိကြီးမားနိုင်ကြောင်း ရှောင်ယုတွေးကြည့်၍ပင်မရပေ။

" မင်းအမေပဲပေါ့ ... ဒီစွမ်းအားက ကျိန်းသေပေါက်ပဥ္စမအဆင့်မှော်တိုက်ခိုက်မှုထက် ပိုပြီးအားကောင်းတယ် ... ပဥ္စမအဆင့်မှော်ဆရာတစ်ယောက်က ဒီလိုအားကောင်းတဲ့တိုက်ခိုက်မှုကိုပြုလုပ်ချင်ရင် နာရီပေါင်းများစွာမန္တန်ရွတ်ရလိမ့်မယ် ... ဒါပေမဲ့ဂရစ်ဖင်တွေကတော့ ဒီလ်ိုတိုက်ခိုက်မှုကိုစက္ကန့်ပိုင်းအတွင်း ထုတ်ဖော်နိုင်တယ် "

ထိုအခိုက်အတန့်၌ ရှောင်ယုသည်အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် အစောပိုင်းတွင်ကနေဒီမိသားစု၏ခွန်အားကြောင့် ကြောက်ရွံ့ခဲ့ရသော်လည်း ယခုအခါ ဂရစ်ဖင်များ၏စွမ်းအားကိုတွေ့မြင်ပြီးနောက် ယုံကြည်မှုအပြည့်ရှိလာခဲ့သည်။ သူသည် ဂရစ်ဖင်များအားအစီအစဉ်တကျအသုံးပြုနိုင်ပါက ၎င်းတို့သည်အနာဂတ်တွင် သူ၏လက်ရွေးစင်တပ်များဖြစ်လာနိုင်သည်ဟု ရှောင်ယုခံစားနေမိသည်။

သံမဏိရုပ်သေးအမြောက်အများသည် လျှပ်စီးဖြင့်တိုက်ခိုက်ခံထားရ၍ လှုပ်ရှားနိုင်ခြင်းမရှိကြပေ။

" ဒီသံမဏိရုပ်သေးတွေကို ခဏလောက်စစ်ဆေးကြည့်ရအောင် ... ရိုင်ဖယ်တပ်သားတွေရဲ့ကျည်ဆန်ကတောင် ဒီကောင်တွေကိုမဖောက်ထွင်းနိုင်ဘူးဆိုတော့ တော်တော်မာမယ့်ပုံဘဲ "

ရှောင်ယုသည် သံမဏိရုပ်သေးများအနားသို့ တိုးကပ်သွားမိချိန်တွင် ကြောက်မက်ဖွယ်ခံစားချက်ကိုရရှိလိုက်သည်။ အမိန့်ပေးကွပ်ကဲသူတစ်ယောက်အနေဖြင့် ဤသံမဏိရုပ်သေးများသည် စစ်မြေပြင်၌မည်မျှထိအစွမ်းထက်သည်ကို ရှောင်ယုခံစားမိသည်။ သူတို့သည် ရိုးရိုးရှင်းရှင်းပင်ပြိုင်ဘက်ကင်းပေသည်။ အကယ်၍သင်သာ သံမဏိရုပ်သေး၁၀၀က်ိုထုတ်သုံးပါက စစ်မြေပြင်၌ထိုထက် အဆ၁၀၀များပြားသည့်ရန်သူများအားရှင်းလင်းနိင်ပေသည်။

လွန်ခဲ့သောအခိုက်အတန့်က အောစ့်များသည်ပင် ဤသံမဏိရုပ်သေးများကြောင့် ဆုံးရှုံးမှုအချို့ခံစားခဲ့ရသည်။ ယခုအခါသူတို့သည် မလှုပ်ရှားနိုင်ဖြစ်နေသော သံမဏိရုပ်သေးတစ်ခုကိုဆွဲထုတ်လာခဲ့သည်။

ရှောင်ယုသည် သံမဏိရုပ်သေးအားသေချာစစ်ဆေးကြည့်ပြီးနောက်တွင် ရုပ်သေးအားသော့ခတ်ထားသည်ကို တွေ့လိုက်ရသည်။

" ဟမ့် ... ဒါကိုဖွင့်ဖို့အဆင်မပြေဘူးလား "

ရှောင်ယုသည် သော့ခတ်ထားသည်ကိုစစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်မိလိုက်သည်။ သူသည် သော့ခတ်ထားသည်ကိုဖျက်ဆီးလိုက်ပြီးနောက်တွင် ထိုအထဲ၌နောက်ထပ်တစ်ခါသော့ခေတ်ထားသည်ကို တွေ့လိုက်ရသည်။

" ဒါကိုအထဲကနေပါသော့ခတ်ထားတာလား ... "

ရှောင်ယုသည် အနည်းငယ်အံ့သြသွားခဲ့သည်။ ထိုစက်ရုပ်များကိုအဘယ်ကြောင့် အဆင့်ဆင့်သော့ခတ်ထားရသနည်း။

" ဒီကောင်တွေကို တစ်ယောက်ယောက်ကထိန်းချုပ်နေတာဖြစ်နိုင်မလား ... "

ရှောင်ယုက တိုးတိုးလေးရေရွတ်လိုက်သည်။

အခန်း ၂၉၀ - စစ်ဆေးမေးမြန်းခြင်း

" ဒီကောင်တွေကို တစ်ယောက်ယောက်ကထိန်းချုပ်ထားတာဖြစ်ရမယ် ... မဟုတ်ရင် ဒီသံမဏိရုပ်သေးတွေက လျှပ်စီးကြောင့်ရပ်တန့်သွားမှာမဟုတ်ဘူး "

" တစ်ခုတည်းဖြစ်နိုင်တဲ့အဖြေကတော့ အထဲကိုလူတစ်ယောက်ဝင်ပြီးထိန်းကျောင်းနေတာပဲ ... ဒီလူကတော့ ဂရစ်ဖင်ရဲ့လျှပ်စီးကြောင့်သတ်ဖြတ်ခံလိုက်ရပြီထင်တယ် "

အကယ်၍ ဤသံမဏိရုပ်သေးများကိုသာ လူသားတစ်ယောက်ကမထိန်းချုပ်ထားပါက သူတို့၏လှုပ်ရှားမှုနှင့်တိုက်ခိုက်မှုများသည် အလွန်ချောမွေ့နေမှာမဟုတ်ပေ။ အထူးသဖြင့် လျှပ်စီးတိုက်ခိုက်မှုတစ်ခုက ထိုသံမဏိရုပ်သေးများအား ထိခိုက်နာကျင်စေရန်မဖြစ်နိုင်ပေ။

" မင်းတို့တွေ တစ်ယောက်ယောက်ကိုဖမ်းမိသေးလား "

ရှောင်ယုသည် ဂရင်းအားလှည့်ကြည့်လိုက်သည်။ ဂရစ်ဖင်များ၏စုပေါင်းတိုက်ခိုက်မှုမှနေ၍ သူရဲကောင်းနှင့်မှော်ဆရာအနည်းငယ်လွတ်မြောက်သွားခဲ့သည်။ ဂရင်းသည် လွတ်မြောက်သွားသူများကိုဖမ်းဆီးရန် ချက်ချင်းလှုပ်ရှားခဲ့သည်။

" ဖမ်းမိထားတယ် ... "

ဂရင်းသည် မီးခိုးရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော မှော်ဆရာတစ်ယောက်ကို ဆွဲထုတ်လိုက်သည်။ ထိုမှော်ဆရာ၏ခန္ဓာကိုယ်သည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေခဲ့သည်။

ဤရန်သူများသည် လျှပ်စီးတိုက်ခိုက်မှုနှင့်ရင်ဆိုင်ရချိန်တွင် သူတို့သည်အလွန်တုန်လှုပ်ခြောက်ခြားသွားကြသည်။ သူတို့သည် အခွင့်အရေးကိုအမိအရဖမ်းဆုပ်ကာ တိုက်ခိုက်မှုမှလွတ်မြောက်ခဲ့သော်လည်း ဂရစ်ဖင်များ၏စုပေါင်းတိုက်ခိုက်မှုကို မျက်လုံးထဲမှထုတ်မရပေ။ သူတို့သည် ထိုတိုက်ခိုက်မှုမှလွတ်မြောက်ခဲ့လျှင်ပင် ဂရစ်ဖင်များ၏လက်မှမလွတ်မြောက်နိုင်ပေ။ ဂရစ်ဖင်များသည် နောက်ထပ်လျှပ်စီးအနည်းငယ်ပစ်လွှတ်ရုံဖြင့် သူတို့၏ခန္ဓာကိုယ်အား လောင်ကျွမ်းစေရန်လုံလောက်ပေသည်။

" မင်းက ကနေဒီမိသားစုကလွတ်လိုက်တဲ့လူလား ... "

ရှောင်ယုသည် သိုလှောင်လက်စွပ်အတွင်းမှနေ၍ ထိုင်ခုံတစ်ခုအားထုတ်ယူလိုက်သည်။ ထို့နောက် ဖန်ခွက်တစ်ခုကိုထုတ်ယူကာ ဝိုင်လောင်းထည့်ပြီး ထိုဝိုင်ကိုအရသာခံသောက်သုံးနေရင်း အကျဉ်းသားကိုစစ်ဆေးမေးမြန်းလိုက်သည်။

သံမဏိရုပ်သေးများအား ဖယ်ရှားအပြီးတွင် ပလီဒက်စ်မြို့ရှိစစ်သားများသည် ရှောင်ယုတို့အားထပ်မံခြိမ်းခြောက်ခြင်းမပြုလုပ်နိုင်ကြတော့ပေ။ ထို့ကြောင့် မြို့အားရှင်းလင်းရေးလုပ်ဆောင်နေသည်ကို သူကိုယ်တိုင်ဦးဆောင်နေစရာမလိုတော့ပေ။

ထိုမှော်ဆရာသည် ရှောင်ယုအားကြည့်ကာ တုန်တုန်ယင်ယင်ဖြင့်အဖြေပေးလိုက်သည်။

" ဟုတ်တယ် ... ငါက ကနေဒီမိသားစုကလူတစ်ယောက်ပဲ ... မင်း ... မင်းကဘာလို့ကနေဒီမိသားစုရဲ့နယ်မြေကို လာပြီးတိုက်ခိုက်ရတာလဲ "

" မင်းအမေပဲပေါ့ ... ဘာကနေဒီမိသားစုရဲ့နယ်မြေလဲ ... အသုံးအနှုန်းကတော့ မဆိုးပါဘူး ... ဒါပေမဲ့ဒီနယ်မြေက ကနေဒီမိသားစုရဲ့အပိုင်ဟုတ်လို့လား ... မင်းတို့ကောင်တွေကသူများတွေဆီကလုယူပြီးတော့ မင်းတို့အပိုင်လုပ်နေတာပဲ ... မင်းကငတုံးလား ... ဘာလို့ငါကဘယ်သူလဲဆိုတာမေးနေသေးတာလဲ ... ငါဘယ်သူလို့မင်းထင်လဲ "

ရှောင်ယုသည် ဝိုင်များကိုမှော်ဆရာ၏ခေါင်းပေါ်သွန်ချရင်း ပြောလိုက်သည်။

မှော်ဆရာသည် သူ၏မျက်နှာပေါ်စီးကျလာသည့် ဝိုင်များကိုမသုတ်ဝံ့ဘဲ ဖြေလိုက်သည်။

" မင်းကရှောင်ယုမလား ... ရှောင်ကျန်းထျန်ရဲ့သား .. ခြင်္သေ့နယ်မြေရဲ့မဟာမြို့စားကြီးပဲ "

ရှောင်ယုသည် ထိုမှော်ဆရာ၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

" မင်းကငတုံးလား ... ဒီလိုအားကောင်းတဲ့တပ်တွေကို ပိုင်ဆိုင်ထားတာ ငါအပြင် အခြားဘယ်သူတွေရှိဦမှာလဲ "

ရှောင်ယုသည် သူ၏ကိုယ်ပိုင်အင်အားနှင့်ပတ်သက်၍ အလွန်ဂုဏ်ယူနေခဲ့သည်။ ယနေ့တွင် ဂရစ်ဖင်များ၏စွမ်းအားက သူ့အားမျက်နှာရစေခဲ့သည်။

" သူတို့ကဘယ်လိုသားရဲတွေလဲ ... သူတို့ကပျံသန်းနိုင်သလို မှော်ပညာကိုလည်းအသုံးပြုနိုင်တယ် ... သူတို့ကဘယ်လိုအထူးအမျိုးအစားသားရဲတွေလဲ "

မှော်ဆရာက စိတ်ရှုပ်ထွေးနေသည့်လေသံဖြင့်မေးလိုက်သည်။ သူသည်ယခုအချိန်ထိတိုင်အောင် ဂရစ်ဖင်ကဲ့သို့မှော်ဆန်သောသားရဲများရှိနေသည်ကို မယုံကြည်နိုင်သေးပေ။

ရှောင်ယုက ပြုံးမိလိုက်သည်။

" မင်းကအဲ့အကြောင်းကိုသိနေစရာမလိုဘူး ... ခုငါမေးတာကိုပဲဖြေ .. မင်းတို့ကခြင်္သေ့နယ်မြေကိုဘယ်ချိန်စပြီး တိုက်ခိုက်မှာလဲ "

မှော်ဆရာသည် ချက်ချင်းခေါင်းခါပြလိုက်သည်။

" ငါအဲ့အကြောင်းအသေးစိတ်ကိုမသိဘူး ... ငါသိတာဆိုလို့ လာမယ့်ရက်အနည်းငယ်အတွင်း တိုက်ခိုက်ကြမယ်ဆိုတာပဲ ... အသေးစိတ်အကြောင်းအရာတွေကိုတော့ ဗိုလ်ချုပ်ကပ်ချ်ကပဲသိလိမ့်မယ် "

မှော်ဆရာသည် အမှန်အတိုင်းပြောနေကြောင်း ရှောင်ယုသဘောပေါက်ပေသည်။ မှော်ဆရာတစ်ယောက်သည် စစ်တပ်၏အသေးစိတ်အချက်အလက်များကို နားလည်ထားရန်မဖြစ်နိုင်ပေ။

" အဲဒါဆိုရင် ဗိုလ်ချုပ်ကဘယ်မှာလဲ ... "

ရှောင်ယုသည် သူဖမ်းမိထားသော သူရဲကောင်းနှစ်ဦးကိုစိုက်ကြည့်လိုက်သည်။ သူတို့ထဲမှတစ်ယောက်ကို ဂရင်းကဖမ်းဆီးထားပြီး ကျန်တစ်ယောက်အားခိုင်ရင်းကဖမ်းဆီးထားခဲ့သည်။

မှော်ဆရာသည် ကူကယ်ရာမဲ့စွာပြုံးပြလိုက်သည်။

" သူကဓားနဲ့ပစ်လိုက်တဲ့တစ်ယောက်လေ ... ခုနကမှော်တိုက်ခိုက်မှုကြောင့် အစအနတောင်မကျန်တော့ဘူး "

" သေစမ်း ... "

ဗိုလ်ချုပ်ဖြစ်သူသေဆုံးသွားပြီးနောက်တွင် တိုက်ပွဲ၏အသေးစိတ်အကြောင်းအရာများနှင့်ပတ်သက်၍ ထပ်မံရှာဖွေရန်ခက်ခဲသွားပြီဖြစ်ကြောင်း ရှောင်ယုသိရှိလိုက်သည်။

" သူတို့ကိုငါ့ဆီခေါ်လာခဲ့ "

ရှောင်ယုက ဂရင်းအားစိုက်ကြည့်လိုက်သည်။

ဂရင်းသည် သူဖမ်းမိထားသောသူရဲကောင်းကို ဂုတ်မှဆွဲမလာခဲ့သည်။ ထိုလူသည် စတုတ္ထအဆင့်သူရဲကောင်းဖြစ်သော်လည်း ယခုအချိန်တွင် သူ၏လက်နှင့်ခြေထောက်နှစ်ခုလုံးအား ချည်နှောင်ထားခဲ့သည်။

" မင်းကိုဘယ်လိုခေါ်ရမလဲ ... "

ရှောင်ယုကသူ၏မေးစေ့ကိုပင့်မြောက်၍ ဂုဏ်ယူနေသည့်လေသံဖြင့်မေးမြန်းလိုက်သည်။

" ထွီ ... "

ထိုလူသည် သူ၏လက်နှင့်ခြေထောက်များအား ချည်နှောင်ထားခြင်းခံရသော်လည်း ရှောင်ယု၏အမေးကိုကြားချိန်တွင် သူ၏ဦးခေါင်းကိုရှောင်ယုဘက်သိုလှည့်ကာ တံတွေးလှမ်းထွေးလိုက်သည်။

" ဒီလိုအခြေအနေကိုမသိတဲ့ ငတုံးကောင်တွေရှိနေသေးတာပဲ ... မင်းကိုကြည့်ရတာဘယ်လိုလူနဲ့စကားပြောနေတယ်ဆိုတာ မသိသေးဘူးထင်တယ် "

ရှောင်ယုသည် ထိုလူ၏အပြုအမူကြောင့် အနည်းငယ်ဒေါသထွက်သွားခဲ့သည်။

" သူ့ကိုသတ်ပြီးတော့ အခြားတစ်ယောက်ကိုခေါ်လာခဲ့ "

ရှောင်ယုသည် ထိုသူရဲကောင်းအားချက်ချင်းသတ်ဖြတ်ရန် အမိန့်ပေးလိုက်သည်။ အကယ်၍ ထိုလူသာနာခံမှုမရှိပါက သူသည်အသက်ရှင်လျက်ဆက်ထားရန် အကြောင်းမရှိတော့ပေ။

" အိုး ... ခဏနေဦး ... ငါတို့ကစတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်ကို အလဟဿသေခိုင်းလို့မရဘူး ... မှော်ကဝေတစ်ယောက်ကိုခေါ်ပြီးတော့ သူ့က်ိုဖြေးဖြေးချင်းသတ်ခိုင်းလိုက် ... အနည်းဆုံးတော့ဒီလိုအသုံးမဝင်တဲ့အမှိုက်ကြောင့် သူမရဲ့အဆင့်က၂ကိုရောက်သွားတာပေါ့ "

မှော်ကဝေ၏စွမ်းအားသည် စတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်ကို ချက်ချင်းသတ်ဖြတ်ရန်မလုံလောက်ကြောင်း ရှောင်ယုနားလည်ပေသည်။ သို့သော်လည်း ထိုသူရဲကောင်းသည်ဆိုးဆိုးရွားရွားသေကြေရမည်ဖြစ်သည်။ ဂရင်းသည် ထိုသူရဲကောင်းကိုကောက်မလိုက်ကာ မှော်ကဝေတစ်ယောက်ကို သွားရောက်ရှာဖွေခဲ့သည်။

မှော်ကဝေများသည် သူတို့၏အဆင့်က်ိုတိုးမြင့်နိုင်ရန်အတွက် မြို့ထဲ၌သွားလာတိုက်ခိုက်နေကြသည်။ ထို့ကြောင့်သူတို့နှင့်အနီးတွင် တစ်ယောက်မှမရှိခဲ့ပေ။ မြို့တစ်ခုလုံးသည် ပရမ်းပတာဖြစ်နေခဲ့ကာ သာမန်စစ်သားများစွာသည် အစွမ်းကုန်ခုခံတိုက်ခိုက်နေခဲ့သည်။ ဤအချိန်သည် သူ၏တပ်သားများကိုအဆင့်မြင့်တင်ရန် အကောင်းဆုံးအချိန်ပင်ဖြစ်သည်။

" မင်းနာမည်ပြော ... ငါ့ရဲ့သည်းခံနိုင်စွမ်းကိုလာမစမ်းနဲ့ "

ရှောင်ယုသည် ခိုင်ရင်းခေါ်ဆောင်လာသည့် သူရဲကောင်းကိုမေးမြန်းလိုက်သည်။

ထိုသူရဲကောင်းသည် ယခင်သူရဲကောင်းထွက်သွားရာအရပ်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။ သူသာ ထိုကောင်လိုလုပ်ဆောင်ပါက အဆုံးသတ်မကောင်းနိုင်ကြောင်း သူနားလည်လိုက်သောကြောင့် ရှောင်ယု၏မေးခွန်းများကို စတင်ဖြေကြားခဲ့သည်။

"ငါ့ကို ဒွန်လို့ ခေါ်နိုင်တယ် "

ထိုလူကပြန်ဖြေလိုက်သည်။

" ကနေဒီမိသားစုမှာ မင်းရဲ့အဆင့်ကဘာလဲ "

ဤသူရဲကောင်းသည် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိ၍ ရှောင်ယုစိတ်ကျေနပ်သွားသည်။

ဒွန်ကကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်။

" ငါကစတုတ္ထအဆင့်သူရဲကောင်းဆိုပေမဲ့ သာမန်အစောင့်တစ်ယောက်ပါဘဲ ... ငါ့မှာဘာအဆင့်အတန်းမှမရှိဘူး "

" မင်းအမေပဲပေါ့ စတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်က သာမန်အစောင့်ပဲလား ... "

ရှောင်ယုက ကျယ်လောင်စွာကျိန်ဆဲမိလိုက်သည်။လက်ရှိအချိန်တွင် သူ၏သူရဲကောင်းများ၌ မည်သူကမှစတုတ္ထအဆင့်သူရဲကောင်းမဟုတ်ကြသေးပေ။

ဒွန်ကခေါင်းညိတ်ပြလိုက်သည်။

" ငါတို့ဟာစတုတ္ထအဆင့်သူရဲကောင်းဖြစ်လာတာနဲ့ ကနေဒီမိသားစုရဲ့အစောင့်အဖြစ်ကိုရရှိလိမ့်မယ် ... တတိယအဆင့်သူရဲကောင်းတွေကတော့ သာမန်အစောင့်တွေပဲ ... ဒါပေမဲ့မှော်ဆရာတွေကတော့ တတိယအဆင့်ကိုရောက်တာနဲ့ မိသားစုအစောင့်တွေဖြစ်လာလိမ့်မယ် "

ရှောင်ယုသည် သူရရှိလိုက်သောအချက်အလက်များကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။ အကယ်၍ ကနေဒီမိသားစုကသာ သူတို့၏သာမန်အစောင့်များကို ပို့ဆောင်လိုက်ပါကခြင်္သေ့နယ်မြေသည် ပြီးဆုံးသွားမည်ဖြစ်သည်။ ကနေဒီမိသားစု၏သခင်လေးသည် ဤမျှထိမာနကြီးနေခြင်းမှာ အံ့သြစရာမဟုတ်ပေ။ သူတို့၏မြို့တော်သည် ကောင်းကင်ခြင်္သေ့မင်းဆက်၏ တော်ဝင်မြို့တော်ထက်ပိုမိုကြီးမားလောက်ပေသည်။

" ဒီသံမဏိရုပ်သေးတွေကကော ဘာတွေလဲ "

ရှောင်ယုကထပ်မံမေးမြန်းလိုက်သည်။ ထိုအခိုက်အတန့်တွင် ဤသံမဏိရုပ်သေးများသည် စတုတ္ထအဆင့်သူရဲကောင်းများထက် များစွာကြောက်မက်ဖွယ်ကောင်းကြောင်း ရှောင်ယုသိရှိလိုက်သည်။ အကယ်၍ သူတို့ကိုသံမဏိနှင့်စတီးလ်တို့ဖြင့်မပြုလုပ်ထားပါက ဂရစ်ဖင်များသည် သူတို့်အားကြီးမားသည့်ဆုံးရှံးမှုကိုခံစားနိုင်စေမည်မဟုတ်ပေ။

သံမဏိရုပ်သေးများတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ခုခံနိုင်စွမ်းရှိပြီး လမင်းပစ်ခတ်သူများကပင် ၎င်းတို့အားမပိုင်းဖြတ်နိုင်ပေ။ ဆရာကြီးအယ်လ်မာ၏ အစွမ်းအထက်ဆုံးမီးတောက်ဘောလုံးသည်ပင် ဤသံမဏိရုပ်သေးတစ်ကောင်ကိုသာ သတ်ဖြတ်နိုင်မည်ဟု ရှောင်ယုယုံကြည်ခဲ့သည်။ သို့သော်လည်း သူသည်ဆရာကြီးအယ်လ်မာအဆင့် မှော်ဆရာများစွာကို မစုဆောင်းနိုင်ပေ။ ဤသံမဏိရုပ်သေးများကို ယှည်ပြိုင်တိုက်ခိုက်နိုင်ရန်အတွက် ရှောင်ယု၏သူရဲကောင်းများဖြစ်သည့် ခိုင်ရင်းနှင့်ဂရင်းတို့ကသာလုပ်ဆောင်နိုင်လောက်သည်။ သာမန်စစ်သားများဆိုလျှင် အမြှောက်စာတစ်ခုထက် မပိုလောက်ပေ။

" ကောင်းပြီလေ ... ငါကဒီရုပ်သေးတွေကိုဖော်ရာဆီပေးပြီး လေ့လာခိုင်းလိုက်မယ် ... စစ်မြေပြင်မှာတကယ့်စက်ရုပ်တွေကို ဒီဖေဖေကထုတ်ပြရတာပေါ့ "

ရှောင်ယုသည် ဤရုပ်သေးများကိုလေ့လာရန်အတွက် သူ၏ကိုယ်ပိုင်အချိန်ထဲ အနည်းငယ်ကိုထုတ်ယူ အသုံးပြုရမည်ဖြစ်ကြောင်း ကောင်းစွာနားလည်ထားပေသည်။ အကယ်၍ ရန်သူများကစစ်မြေပြင်၌ ဤသံမဏိရုပ်သေးများကိုအသုံးပြုလာပါက ပြဿနာတက်သွားနိုင်သည်။

ဒွန်၏အကြည့်သည် မြေပြင်ပေါ်၌လဲလျောင်းနေသော သံမဏိရုပ်သေးများထံရောက်ရှိသွားကာ သူ၏မျက်လုံးများအရောင်လက်လာခဲ့သည်။

" ဒီရုပ်သေးတွေကို ကနေဒီမိသားစုရဲ့အထူးနည်းစနစ်တွေကိုအသုံးပြုပြီးတော့ ထုလုပ်ထားတာပဲ ... ဒါတွေကိုစတီးလ်တွေနဲ့အခြားဆန်းကြယ်သတ္တုတွေပေါင်းစပ်ပြီးတော့ ထုလုပ်ထားတာဖြစ်လို့အရမ်းကို သန်မာကြတယ် ... ငါ့လိုစတုတ္ထအဆင့်သူရဲကောင်းတောင်မှ ဒီသံမဏိရုပ်သေးတွေကိုတစ်ကိုယ်တည်း မတိုက်ခိုက်နိုင်ဘူး ... ဒီသံမဏိရုပ်သေး၁၀၀လောက်က စစ်မြေပြင်မှာရန်သူထောင်သောင်းချီကိုသတ်ဖြတ်နိုင်တယ် ... သူတို့ကိုဘယ်အရာကမှမတားဆီးနိုင်ဘူး ... ဒါပေမဲ့မင်းရဲ့လျှပ်စီးသားရဲတွေကတော့ ခြွင်းချက်ပဲ ... ငါခုထိဘယ်လိုဖြစ်သွားတာလဲဆိုတာ နားမလည်နိုင်သေးဘူး "

ဒွန်သည် ဂရစ်ဖင်များ၏တိုက်ခိုက်မှုကိုတွေးမိတိုင်း အလွန်ပင်စိတ်ရှုပ်ထွေးနေခဲ့သည်။

ရှောင်ယုက ပြုံးရင်းမေးလိုက်သည်။

" ဓာတ်ကူးနိုင်စွမ်းက ဘာလဲဆိုတာမင်းသိလား "

" ဓာတ်ကူးနိုင်စွမ်း ... အဲ့ဒါကဘာလဲ "

ဒွန်ကဇဝေဇဝါဖြင့်မေးမြန်းလိုက်သည်။

ရှောင်ယုသည် သူ၏လက်များကိုဝှေ့ယမ်းလိုက်သည်။

" ငါပြောရင်တောင်မှ မင်းကနားလည်ဦးမှာမဟုတ်ဘူး ... ကနေဒီမိသားစုမှာ ခုလိုသံမဏိရုပ်သေးတွေဘယ်လောက်တောင်ရှိနေတာလဲ ... မင်းတို့ကခြင်္သေ့နယ်မြေကိုတိုက်ဖို့ သံမဏိရုပ်သေးဘယ်လောက်ယူလာတာလဲ "

ဒွန်သည် ခဏလောက်စဉ်းစားနေလိုက်သည်။

" ငါအတိအကျတော့မသိပေမဲ့ ကနေဒီမိသားစုက ခြင်္သေ့နယ်မြေကိုတိုက်ခိုက်ဖို့အတွက် သံမဏိရုပ်သေး ၃၀၀ကိုယူလာတယ်ဆိုတာငါသိထားတယ် ... ၁၀၀ကဒီမှာဖြစ်ပြီးတော့ ကျန်တဲ့၁၀၀ကဝေပြည်နယ်မှာပဲ "

" ၃၀၀တောင်ယူလာတာလား ... "

ကနေဒီမိသားစုထံတွင် ခြင်္သေ့နယ်မြေအားတိုက်ခိုက်ရန်အတွက် နောက်ထပ်သံမဏိရုပ်သေး ၂၀၀ရှိနေဦးမည်ဟု ရှောင်ယုမမျှော်လင့်ထားပေ။ ကံကောင်းထောက်မစွာဖြင့် ရှောင်ယု၏ဂရစ်ဖင်များသည် ထိုသံမဏိရုပ်သေးများအားလုံးကို ငရဲသို့ပို့ဆောင်ပေးနိုင်စွမ်းရှိသည်။

ရှောင်ယုသည် ပြဿနာကိုစတင်စဉ်းစားရင်း မျက်မှောင်ကြုတ်မိလိုက်သည်။ ကနေဒီမိသားစုသည် အဆိုပါအံ့သြဖွယ်ကောင်းသည့် သံမဏိရုပ်သေးများအား လိုအပ်နေရမည်နည်း ... ထိုရုပ်သေးများအားလုံးကို သူလက်ထဲရောက်အောင်တစ်ခုခုကြံစည်ရမည်ဖြစ်သည်။

အခန်း ၂၉၁ - သံမဏိဘီလူးကြီး

ရှောင်ယုသည် ဒွန်နှင့်အခြားဖမ်းဆီးရမိသော မှော်ဆရာနှစ်ယောက်ကိုစစ်ဆေးမေးမြန်းခဲ့သည်။

ရှောင်ယုသည် ကနေဒီမိသားစု၏အခြေခံအချက်အလက်များကို ရရှိခဲ့သော်လည်း ထိုအကျဉ်းသားများသည် စစ်ဆင်ရေး၏အသေးစိတ်အချက်အလက်များကို မသိခဲ့ကြပေ။ တစ်ချိန်တည်းမှာပင် နောက်ထပ်တစ်မြို့သို့ချီတက်တိုက်ခိုက်စေနိုင်ရန်အတွက် ရှောင်ယုသည်သူ၏တပ်သားများကို တတ်နိုင်သမျှအမြန်ဆုံးမြို့ကိုရှင်းလင်းရန်အမိန့်ပေးခဲ့သည်။

ဒူပြည်နယ်တွင် အဓိကမြို့ကြီးနှစ်ခုရှိပေသည်။ ထိုထဲမှတစ်ခုသည် ယခုရှောင်ယုသိမ်းပိုက်ထားသော ပလီဒက်စ်မြို့ဖြစ်ပြီး နောက်ထပ်တစ်မြို့၌လည်း ရန်သူစစ်သားများရှိနေနိုင်၍ သွားရောက်သိမ်းပိုက်ရမည်ဖြစ်သည်။ ပလီဒက်စ်မြို့မှလွတ်မြောက်သွားသည့် မှော်ဆရာနှင့်သူရဲကောင်းများဖြစ်စေ သာမန်စစ်သားများပင်ဖြစ်စေ ပလီဒက်စ်မြို့တိုက်ခိုက်ခံရသည့်သတင်းကို အခြားမြို့သို့မဟုတ် ဝေပြည်နယ်သို့ပင် သတင်းသွားပို့နိုင်ကြောင်း ရှောင်ယုနားလည်ထားသည်။ သို့ဖြစ်ရာ ရန်သူများကြိုတင်ပြင်ဆင်မှုမလုပ်ဆောင်မှီ နောက်တစ်မြို့အားတိုက်ခိုက်ရမည်ဖြစ်သည်။

ရှောင်ယု၏အမိန့်ကိုရသည်နှင့် တပ်သားများသည်ရန်သူများကို အလွန်လျင်မြန်စွာဖြင့် အမြစ်ဖြုတ်သုတ်သင်ခဲ့ကြသည်။ လေကြောင်းတပ်များသည် မြေပြင်တပ်နှင့်ယှည်ပါက ရန်သူအားသတ်ဖြတ်ရာတွင်ပိုမိုမြန်ဆန်ပေသည်။ ထို့ကြောင့် ဤတိုက်ပွဲအပြီးတွင် အသစ်ဆင့်ခေါ်ထားသည့်တပ်သားများသည် အဆင့်၃သို့လျင်မြန်စွာရောက်ရှိသွားကြသည်။ ထိုသို့အဆင့်တက်သွားရခြင်းမှာ သူတို့သည်ဦးစွာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပလီဒက်စ်မြို့အတွင်း၌ သာမန်စစ်သား၃၀၀၀၀ခန့်တပ်စွဲထား၍ဖြစ်သည်။

ရှောင်ယုသည် အောစ့်များကိုခေါ်ဆောင်ကာ အဆင့်မြင့်တင်ရန်အတွက် ဓားပြရာချီအားသုတ်သင်ခဲ့ရသော နေ့ရက်များကိုပြန်လည်တမ်းတမိသွားခဲ့သည်။ ရှောင်ယုသည် သူ၏စစ်သားများကိုစစ်ဆေးကြည့်ပြီးနောက် ကျေနပ်အားရသွားခဲ့သည်။ သူဆင့်ခေါ်ထားသောစစ်သားများသည် ယခုထက်ပိုမိုမြင့်မားသည့်အဆင့်သို့ရောက်ရှိလာချိန်၌ သူတို့၏ခွန်အားကိုထုတ်ဖော်ပြသနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြို့အားသိမ်းပိုက်ရာ၌ ထိခိုက်ကျရှုံးမှုအချို့ရှိနေဆဲဖြစ်သည်။ အဓိကအကြောင်းရင်းမှာ သံမဏိရုပ်သေးများနှင့် အမှောင်ထဲတွင်ပုန်းအောင်းနေပြီး ခြုံခိုတိုက်ခိုက်သည့်ရန်သူများကြောင့်ဖြစ်သည်။ သို့သော်လည်း သူတို့ရရှိခဲ့သောအောင်ပွဲနှင့်နှိုင်းယှဉ်ပါက ထိုဆုံးရှုံးမှုများသည် အရေးမပါတော့ပေ။

ရှောင်ယုသည် ပလီဒက်စ်မြို့၏စည်းစိမ်များကို လက်လွတ်ရန်အစီအစဉ်မရှိပေ။ သူသည် မြို့ဝန်ဖြစ်သူ၏ရတနာဂိုထောင်ကိုရှာဖွေရန် ဖော်ရာကိုပင်တမင်တကာခေါ်ဆောင်လာခဲ့သည်။ ပလီဒက်စ်မြို့၏ရတနာများသည် ဆိုလိုမွန်း၏နယ်မြေနှင့်ယှဉ်ပါကလွန်စွာနည်းပါးနိုင်သော်လည်း ရှောင်ယုသည်ရွှေပြားတစ်ပြားကိုတောင် လက်လွတ်ခံမည်မဟုတ်ပေ။

ရှောင်ယုသည် ရတနာများကိုရှာဖွေရင်း ပလီဒက်စ်မြို့၏မြို့ဝန်ကို မထင်မှတ်ဘဲရှာတွေ့ခဲ့သည်။ ဤမြို့ဝန်သည် ကနေဒီမိသားစုနှင့်လုံးဝမသက်ဆိုင်သော်လည်း သူတို့အပေါ်သစ္စာခံခဲ့ခြင်းဖြစ်သည်။ ရှောင်ယုသည် ထိုလူကိုကြာပွတ်ဖြင့်အနည်းငယ်ရိုက်နှက်ပြီးနောက် ဆက်လက်နှိပ်စက်နေရန်ပင်မလိုခဲ့ပေ။ ကနေဒီမိသားစုသည် ထိုလူကိုအကျိုးအမြတ်အနည်းငယ်ပေးကာ မြို့ကိုထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။ ထိုလူ၏အမြင်တွင် သူသည်ကနေဒီမိသားစုနှင့်ပူးပေါင်းလိုက်ပါက အနာဂတ်တွင်နယ်မြေအရှင်သခင်ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

သို့သော်လည်း သူ၏ချိုမြိန်သောအိပ်မက်များသည် ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် အိပ်မက်ဆိုးများဖြစ်လာခဲ့သည်။ မည်သို့ပင်ဆိုစေ ရှောင်ယုသည်ထိုလူထံမှနေ၍ စစ်မြေပြင်၌ကနေဒီမိသားစုမှထုတ်သုံးသွားမည့် တပ်ဖွဲ့များနှင့်နည်းဗျူဟာများအကြောင်းကို မသိခဲ့ရပေ။ ထို့နောက် နေ့အလင်းရောင်မထွက်ပေါ်မှီ ရှောင်ယုသည်နောက်ထပ်မြို့သို့ချီတက်ရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ရတနာများနှင့်သံမဏိရုပ်သေးများကို နောက်သို့ပြန်ပို့ခဲ့ကာ သူ၏တပ်များကိုဦးဆောင်၍ နောက်တစ်မြို့သို့ချီတက်ခဲ့သည်။

ဤနေရာမှနေ၍ ဝေပြည်နယ်သို့နေ့တစ်ဝက်ခန့် ခရီးအကွာအဝေးရှိပေသည်။ ထို့ကြောင့် ကနေဒီမိသားစုသည် သူ၏တိုက်ခိုက်မှုသတင်းကိုရရှိရန် အနည်းဆုံးတစ်နေ့ခန့်ကြာလိမ့်မည်ဟု ရှောင်ယုကယုံကြည်ခဲ့သည်။ သတင်းရရှိချိန်မှစ၍ ဝေပြည်နယ်မှတပ်များစတင်ချီတက်လာပါက ခြင်္သေ့နယ်မြေသို့ရောက်ရန် အနည်းဆုံးအချိန်၂ရက်ကြာမည်ဖြစ်သည်။ ထို၂ရက်အတွင်းရှောင်ယုသည် ခြင်္သေ့မြို့ကိုပြန်သွားကာ ခုခံနိုင်မည်ဖြစ်သည်။

ရှောင်ယုသည် နေမွန်းမတည့်မှီတွင် နောက်ထပ်မြို့တစ်ခုသို့ရောက်ရှိလာခဲ့သည်။ သို့သော်လည်း သူရောက်ရှိလာချိန်တွင် ရန်သူစစ်သားများသည်မြို့ရိုးပေါ်၌ အသင့်စောင့်နေကြကြောင်းတွေ့မြင်လိုက်ရသည်။ ကြည့်ရသည်မှာ သူပလီဒက်စ်မြို့အားတိုက်ခိုက်သည့်သတင်းသည် လက်ချီမြို့သို့ရောက်ရှိသွားပုံရသည်။ ရှောင်ယုသည် သူ၏မျက်လုံးများကိုမှေးစင်းလိုက်ကာ လက်ချီမြို့အားလှမ်းကြည့်လိုက်သည်။အကယ်၍ လက်ချီမြို့အားသာမန်စစ်တပ်တစ်ခုနှင့် တိုက်ခိုက်ရမည်ဆိုပါက ပြဿနာကြုံတွေ့ရနိုင်သော်လည်း ရှောင်ယုကမူမကြောက်ရွံ့ပေ။ သူသည် အစီအစဉ်များကိုကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

" တောင်ဘီလူးတွေကို ချပ်ဝတ်တွေဝတ်ဆင်ပေးလိုက် ... ဒီမြို့ကိုရအောင်ယူရမယ် "

ရှောင်ယုက အမိန့်ထုတ်ပြန်လိုက်သည်။ သူသည် ဤမြို့အားအမြန်ဆုံး သိမ်းပိုက်ရမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ထားသည်။ ရှောင်ယု၏အမိန့်ကိုရသည်နှင့် သံနက်မျိုးနွယ်စုမှ ကျွန်များသည် ဧရာမသံမဏိချပ်ဝတ်များကို သယ်ဆောင်၍ရှေ့တိုးလာခဲ့ကာ တောင်ဘီလူးများအပေါ်၌ ဝတ်ဆင်ပေးလိုက်သည်။ ထိုသံမဏ်ချပ်ဝတ်များသည် အထူ၆စင်တီမီတာခန့်ရှိပြီး အစွန်းများ၌ချိတ်များပါရှိပေသည်။ ထိုအစွန်းနှစ်ဖက်အား အတူတကွချိတ်ဆက်ထား၍ရပေသည်။ သံနက်မျိုးနွယ်စုမှကျွန်များသည် အလုပ်လုပ်ရာတွင်ထူးချွန်ကြပြီး အချိန်တိုအတွင်းလုပ်ဆောင်ပြီးစီးခဲ့ကြသည်။ အချိန်တိုအတွင်းမှာပင် တောင်ဘီလူးများသည် သံမဏိချပ်ဝတ်များကို ဝတ်ဆင်ပြီးဖြစ်သွားခဲ့သည်။ ယခုအခါ အကြီးစားလှံပစ်စက်များသည်တောင်မှ တောင်ဘီလူးများ၏ခုခံမှုအားဖောက်ထွင်းဝင်ရောက်နိုင်မည်မဟုတ်ပေ။

တောင်ဘီလူးများသည် ယခင်တိုက်ပွဲတွင် ကြီးကြီးမားမားဒဏ်ရာမရခဲ့ပေ။ သို့သော်လည်း အတိတ်ကတိုက်ပွဲများတွင် အကြီးစားလှံပစ်စက်များကြောင့် ဒဏ်ရာအချို့ရရှိခဲ့သည်။ အကယ်၍ သူ့ထံတွက်လရောင်ရေတွင်း၏ကုစားမှုကိုမရရှိပါက တောင်ဘီလူးများကိုဆုံးရှံးရမည်ဖြစ်သည်။ ထို့ကြောင့်သူသည် တောင်ဘီလူးများအတွက် ရိုးရှင်းသည့်ချပ်ဝတ်များကိုပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း တောင်ဘီလူးများသည်ကြီးမားသည့် တည်ရှိမှုများဖြစ်ကြသည့်အတွက် ၎င်းတို့ဝတ်ဆင်မယ့်ချပ်ဝတ်များကို လက်လွတ်စပယ်ပြုလုပ်၍မရပေ။

အနည်းဆုံးထိုသံချပ်ကာများကို ထူထူထဲထဲပြုလုပ်ရမည်ဖြစ်သည်။ သို့မှသာ တောင်ဘီလူးများသည် အကြီးစားလှံပစ်စက်များကြောင့် ထိခိုက်ဒဏ်ရာရရှိမည်မဟုတ်ပေ။ ယနေ့လက်ချီမြို့အားစတင်တိုက်ခိုက်သည့်အခါတွင် တောင်ဘီလူးများသည် သံချပ်ဝတ်များ၏အထောက်အပံဖြင့် စစ်မြေပြင်၌ပြိုင်ဘက်ကင်းသော သံဘီလူးများအဖြစ်ပြောင်းလဲသွားခဲ့သည်။

ရှောင်ယုသည် တောင်ဘီလူးများဝတ်ဆင်နိုင်သည့် ချပ်ဝတ်များကိုဒီဇိုင်းဆွဲပေးရန်အတွက် ဖော်ရာအားမေးမြန်းခဲ့သည်။ ထို့ကြောင့် ဖော်ရာသည်ရိုးရှင်းသည့်ချပ်ဝတ်ပုံစံအချို့အား ရေးဆွဲခဲ့သည်။ ယခုအသုံးပြုနေသော ချပ်ဝတ်သည်အရိုးရှင်းဆုံးပုံစံဖြစ်ကာ အစွန်းနှစ်ဖက်ရှိသံချိတ်များကို အချင်းချင်းချိတ်ဆက်နိုင်သည့်ပုံစံဖြင့် ထုလုပ်ထားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ထိုကဲ့သို့ချပ်ဝတ်မျိုး ၉ခုက်ိုသာထုလုပ်ထားနိုင်ခဲ့သည်။

ချပ်ဝတ်၉ခုသာရှိသော်လည်း ၎င်းတို့သည် ချပ်ဝတ်တပ်ဆင်ထားသည့်တောင်ဘီလူးများကို ပြိုင်ဘက်ကင်းစေပေသည်။

" ငါသူတို့ကို သံဘီလူးတွေလို့ နာမည်ပြန်ပေးသင့်လား ... ပြောရမယ်ဆိုရင် ပဥ္စမအဆင့်မှော်ဆရာတွေတောင် သူတို့ကိုနာကျင်စေမှာမဟုတ်ဘူး ... ဟားဟား "

အချိန်အကန့်အသတ်ရှိသောကြောင့် သူတို့သည်ရိုးရှင်းသောချပ်ဝတ်များကိုသာ ဝတ်ဆင်နိုင်ခဲ့ကြောင်း ရှောင်ယုသိရှိပေသည်။ အနာဂတ်တွင် သူတို့သည်ယခုထက်ပိုမိုထူထဲသောချပ်ဝတ်များနှင့် ဦးခေါင်းကိုပါကာကွယ်ပေးနိုင်သောခေါင်းဆောင်းများကိုပါ တောင်ဘီလူးများအားတပ်ဆင်ပေးနိုင်မည်ဖြစ်သည်။ ထိုအချိန်သို့ရောက်ရှိချိန်တွင် တောင်ဘီလူးများသည် သံမဏိရုပ်သေးများထက် အဆများစွာသာလွန်သည့်သံဘီလူးများဖြစ်လာမည်ဖြစ်သည်။

မြို့ရိုးစောင့်စစ်သားများသည် သံမဏိချပ်ဝတ်ကိုဝတ်ဆင်ထားသော တောင်ဘီလူးများကိုတွေ့မြင်လိုက်ချိန်၌ ကျယ်လောင်စွာအော်ဟစ်မိလိုက်ကြသည်။ ဤဘီလူးကြီးများသည် တစ်ကောင်တည်းဖြင့်ပင် လက်ချီမြို့အားသိမ်းပိုက်နိုင်လောက်ကြောင်း သူတို့ခံစားမိပေသည်။

ရန်သူစစ်သားများသည် လက်ချီမြို့သို့ချည်းကပ်လာသည့် သံဘီလူးကြီး၉ကောင်ကိုမြင်တွေ့ချိန်၌ ထိတ်လန့်ကြောက်ရွံ့သွားကြပြီး သူတို့၏မျက်လုံးများကျွတ်ကျမတတ် ပြူးထွက်လာကြသည်။ ရန်သူစစ်သားများသည် ကြောင်အစွာဖြင့်သူတို့၏လက်နက်များကိုကြည့်လိုက် သံဘီလူးများကိုကြည့်လိုက်ဖြစ်နေကြသည်။ သူတို့သည် ဆင်တစ်ကောင်ကိုတိုက်ခိုက်ရန်ပြင်ဆင်နေသည့် ပုရွက်ဆိတ်များနှင့်ဆင်တူနေခဲ့သည်။

သူတို့၏ အကြီးစားလှံပစ်စက်များက ထိုသံဘီလူးများအား ထိခိုက်စေနိုင်မည်လား..

...

...

ဘန်း...ဘန်း

သံဘီလူးကြီး၉ကောင်သည် လက်ချီမြို့သို့ချီတက်လာကြချိန်တွက် ကမ္ဘာမြေပြင်သည်ပင် တုန်ခါနေခဲ့ရသည်။ အခြားသောတောင်ဘီလူးများသည် သံဘီလူးများနောက်မှလိုက်ပါလာကြသည်။

All Chapters