အခန်း (၂၉၅-၂၉၇)
Vol. 20 Ch. 295-297
အခန်း ၂၉၅ - လိုအင်ဆန္ဒ
နဂါးသည် အရှည်၇မီတာခန့်ရှိသည်။
နဂါးကြီး၏ ကြီးမားသောခန္ဓာကိုယ်မှနေ၍ ပြင်းထန်သောဖိအားနှင့်သန်မာအားကောင်းသည့် အော်ရာများကိုထုတ်လွှင့်နေခဲ့သည်။ နဂါးကြီး၏အကြေးခွံများသည် နေရောင်အောက်တွင် မီးတောက်များကဲ့သို့ တောက်ပနေခဲ့သည်။ နဂါး၏ဦးခေါင်း၌ တောက်ပြောင်သောချိုရှည်နှစ်ခုရှိနေခဲ့သည်။ ထိုနဂါးသည် နတ်ဘုရားမှသေမျိုးအပေါင်းကို ငုံ့ကြည့်နေသည့်အကြည့်ဖြင့် လူတိုင်းကိုစိုက်ကြည့်နေခဲ့သည်။ နဂါးကိုတွေ့မြင်လိုက်ကြသော အရပ်သားများသည် ကြောက်ရွံ့တုန်လှုပ်သွားကြကာ ဒူးထောက်ကိုးကွယ်မိလုမတတ်ဖြစ်သွားခဲ့သည်။
ထိုနဂါးသည် ရှောင်ယုကယ်တင်ခဲ့သော ယာလုံလေးဖြစ်သည်။ ထိုကောင်လေးသည် တစ်နှစ်ကျော်ကြာလေ့ကျင့်အားထုတ်ပြီးနောက် ဤအဆင့်ထိရောက်ရှိလာခြင်းဖြစ်သည်။ ရှောင်ယုသည် အခြားကိစ္စရပ်များနှင့်အလုပ်ရှုပ်နေသည့်အတွက်ကြောင့် နဂါးလေးကိုလေ့ကျင့်ပေးရန် သူ၏မရီးများနှင့်ချင်ချဲထံသို့ လွဲပြောင်းပေးထားခဲ့သည်။ ရှောင်ယုသည် နဂါးလေး၏အရွယ်အစားကိုမြင်သောအခါတွင် စိတ်လှုပ်ရှားသွားခဲ့သည်။
ဝေါင်း ...
နဂါးကြီးသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီးနောက်တွင် သူ၏ကြီးမားသောတောင်ပံများကို ဆက်တိုက်ခတ်လိုက်ပြီး ရှောင်ယုရှေ့သို့ဆင်းသက်လိုက်သည်။ နဂါးကြီးသည် ရှောင်ယုအားတွေ့မြင်လိုက်သည့်အခိုက်အတန့်တွင် သူ၏အမူအရာသည်၁၈၀ဒီဂရီပြောင်းလဲသွားခဲ့သည်။ သူသည်ဦးခေါင်းကိုဆန့်ထုတ်လိုက်ရာ ရှောင်ယု၏မျက်နှာအား ချစ်ခင်ကြင်နာစွာဖြင့်လျှာဖြင့်ယက်လိုက်သည်။ ရှောင်ယုသည် တံတွေးပင်လယ်ထဲကျဆင်းသွားသကဲ့သို့ သူ့မျက်နှာတစ်ခုလုံး တံတွေးများဖြင့်စိုရွဲသွားခဲ့သည်။
ရှောင်ယုသည် သူ၏ဒေါသကိုထိန်းရင်း မျက်လုံးကိုတင်းတင်းမှိတ်ထားလိုက်သည်။ သူသည် အားတင်း၍ပြုံးလိုက်ကာ သိုလှောင်လက်စွပ်အတွင်းမှ ပဝါတစ်ထည်အားထုတ်ယူ၍ သူ၏မျက်နှာကိုသန့်စင်လိုက်သည်။ ထို့နောက် သူသည်နဂါးခေါင်းကိုကြင်နာစွာပွတ်သပ်လိုက်သည်။
" မင်းတောင်တော်တော်ကြီးလာပြီပဲ ... မင်းကငါမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာတာပဲ "
ရှောင်ယု၏ချီးကျူးစကားကိုကြားသောအခါ နဂါးသည်အလွန်ပျော်ရွှင်သွားပုံရပြီး ရှောင်ယု၏မျက်နှာကို နောက်ထပ်တစ်ကြိမ်နမ်းလိုက်သည်။
" လက်စားချေတာ ... ဒါကကျိန်းသေပေါက်ကိုလက်စားချေတာပဲ ... "
ရှောင်ယုသည် ခေါင်းခါရင်းတိုးတိုးလေးရေရွတ်လိုက်မိသည်။ ရှောင်ယုသည် နဂါးလေးအား အခြားသောသားရဲများနှင့်မရေမတွက်နိုင်အောင် တိုက်ပွဲအားဆင်နွဲခိုင်းခဲ့၍ နဂါးလေးသည်ရှောင်ယုအားလက်စားချေရန် ကြိုးပမ်းနေပုံရသည်။ ရှောင်ယုသည် နဂါးလေးကိုအနားမပေးဘဲတိုက်ခိုက်ခိုင်းပြီး နဂါးလေးဒဏ်ရာရလာတိုင်း အနာကျက်ဆေးကိုအသုံးပြုကုသပေးကာ နောက်ထပ်တစ်ကြိမ်တိုက်ခိုက်ခိုင်းခဲ့သည်။ ထိုသို့မဟုတ်ပါက နဂါးလေးသည်အချိန်တိုအတွင်း တတိယအဆင့်သို့ရောက်လာမှာမဟုတ်ပေ။
နဂါးလေးသည် ရှောင်ယုအပေါ်သို့ ချစ်ခြင်းနှင့်မုန်းခြင်းတို့ဒွန်တွဲဖြစ်ပေါ်နေခဲ့သည်။ နဂါးလေးကဲ့သို့ ညဏ်ရည်ညဏ်သွေးမြင့်မားသည့်သက်ရှိတစ်ကောင်သည် ရှောင်ယုအားလက်စားမချေဘဲနေမည်မဟုတ်ပေ။
" နဂါးလေး ... "
ချင်ချဲသည် သူတို့ထံသို့ပြေးလာရင်း အော်ဟစ်လိုက်သည်။ သို့သော်နဂါးလေးသည် ရှောင်ယု၏မျက်နှာကိုလျှာဖြင့်ယက်လိုက်သည်ကိုမြင်သော် ကျယ်လောင်စွာရယ်မောမိလိုက်သည်။ ချင်ချဲသည် ခြင်္သေ့မြို့သို့ရောက်ရှိသည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ချောမောသောလူကြီးလူကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။ သူသည် ရှောင်ယုထက်အရပ်မြင့်မားပြီး သိုင်းပညာပိုင်း၌ထူးချွန်ပေသည်။ ထို့ပြင် သူ၏ပုံမှန်မဟုတ်သောခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် သူ့အားအထူးဆွဲဆောင်မှုတစ်ခုကိုဖြစ်ပေါ်စေသည်။ လက်ရှိအချိန်တွင်သူသည် ခြင်္သေ့မြို့၏တပ်သား၁၀၀၀၀ကိုဦးစီးရသည့်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။ ခြင်္သေ့မြို့ရှိနည်းပါးသောတပ်မှုးများအတွင်း၌ ချင်ချဲ၏စွမ်းဆောင်ရည်သည် ထိပ်တန်းဖြစ်သည်။ မူလီနှင့်ကပ္ပတိန်ဟွေ့နှစ်ယောက်လုံးသည် သူ့အားချီးကျူးခဲ့ကြပြီး တပ်သား၁၀၀၀၀အားဦးစီးရသည့်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခံရချိန်၌လည်း မည်သူကမှကန့်ကွက်ခြင်းမရှိခဲ့ပေ။
နဂါးသည် ချင်ချဲနှင့်အချိန်တစ်နှစ်ကျော်ကြာ အတူတူကုန်ဆုံးခဲ့ပြီး ညအချိန်သို့ရောက်တိုင်း ချင်ချဲနှင့်အတူသွားအိပ်လေသည်။ ထို့ကြောင့်နဂါးလေးသည် ချင်ချဲနှင့်ပိုမိုအတွဲညီသည်ဟု ဆိုနိုင်ပေသည်။
" ဒါကအတော်လေးကြာသွားခဲ့ပြီ ... အရှင် "
ချင်ချဲသည်နဂါးခေါင်းကိုထိရင်း ပြောလိုက်သည်။
" ဟုတ်တယ် ... တော်တော်ကြာနေပြီ .... ငါသာအမှတ်မမှားရင် လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖမ်းမိထားတဲ့စတုတ္ထအဆင့်သားရဲတွေရှိတယ်မလား "
ရှောင်ယုကမေးမြန်းလိုက်သည်။
ရှောင်ယု၏စကားကိုကြားသောအခါ နဂါးလေး၏အမူအရာသည် ချက်ချင်းဆိုးရွားသွားခဲ့သည်။ ချက်ချင်းပင် သူ၏ဦးခေါင်းကိုရှောင်ယု၏ခန္ဓာကိုယ်ဘက်သို့တိုးရွေ့၍ ညဉ်းတွားလိုက်သည်။ သို့သော်လည်း ရှောင်ယုကမူလုံးဝဂရုမစိုက်ပေ။ ဤနေရာ၏သူဌေးကမည်သူဆိုသည်ကို ထိုနဂါးသိအောင်ပြရမည်ဖြစ်သည်။
" သခင်ရှောင် ... ဒါကမင်းရဲ့နဂါးလား "
ဟစ်ဂင်သည် နဂါးလေးကိုကြည့်ရင်း မေးမြန်းလိုက်သည်။
ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ် ... ငါခရီးထွက်ရင်းရခဲ့တာဆိုတော့ ငါ့ရဲ့နဂါးလို့ပြောလို့ရတယ် "
ရှောင်ယု၏အဖြေကိုကြားသောအခါ ဟစ်ဂင်သည်မျက်မှောင်ကြုတ်မိလိုက်သည်။ သူသည်ရှောင်ယု၏စကားကိုမယုံရခြင်းမှာ ဤအရာသည်နဂါးတစ်ကောင်ဖြစ်ပြီး လမ်းခရီး၌အချိန်မရွေးတွေ့နိုင်သောခွေးတစ်ကောင်မဟုတ်၍ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဟစ်ဂင်၏အကြည့်များ၌ လောဘဇောတက်နေသောအရိပ်အယောင်အချို့ဖြစ်ပေါ်လာခဲ့သည်။ နဂါးများသည် ဒဏ္ဍာရီလာရှားပါးသားရဲများဖြစ်ကြကာ သူ၏နံဘေး၌နဂါးတစ်ကောင်ရှိခြင်းက မယုံကြည်နိုင်လောက်သောစွမ်းအားနှင့်သြဇာအာဏာကိုပေးစွမ်းနိုင်သည်။
ရှောင်ယုသည် အဂ္ဂိရိတ်ပညာရှင်၏ လောဘဇောတက်နေသည့် အပြုအမူကိုမြင်သော် ပြုံးလိုက်မိသည်။
" ဆရာဟစ်ဂင်က နဂါးကိုကြိုက်လို့လား .. ဆရာဟစ်ဂင်လိုချင်ရင် လက်ဆောင်ပေးလိုက်မယ်လေ "
" ဘာ ... ဘာလက်ဆောင်လဲ "
ဤသခင်လေးသည် သူ၏စကားကိုတည်ငြိမ်မှုအပြည့်ဖြင့်ပြောလာ၍ ဟစ်ဂင်အံ့သြသွားခဲ့ရသည်။
" ဟုတ်တယ် ... ဒီကောင်လေးက်ို ဆရာဟစ်ဂင်ယူသွားနိင်တယ် ... ဆရာဟစ်ဂင်က ဒီကောင်လေးကိုတော်တော်သဘောကျနေတာဆိုတော့ လက်ဆောင်အဖြစ်ပေးဖို့ကိစ္စမရှိပါဘူး "
ရှောင်ယုက လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
ဟစ်ဂင်သည် ချက်ချင်းပင်ချောင်းနှစ်ချက်ဆိုးခဲ့သည်။
" ဒီလိုစျေးကြီးတဲ့လက်ဆောင်ကို ငါလက်မခံန်ိုင်ဘူး "
ဟစ်ဂင်သည် ရှောင်ယုအား အပေါ်စီးမှဆက်ဆံနေဆဲဖြစ်သည်။ ရှောင်ယုသည် တုံးအသောလူချမ်းသားတစ်ယောက်ဖြစ်မည်ဟု ဟစ်ဂင်ယူဆလိုက်သော်လည်း မြို့တွင်းသို့ဝင်ရောက်လာပြီးနောက်တွင် သူ၏အတွေးအမြင်များကပြောင်းလဲသွားခဲ့သည်။ ဤသခင်လေးသည် သူ့အားရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဖိအားအချို့ပေးနိုင်ခဲ့သည်။ ရှောင်ယုသည် အဖိုးမဖြတ်နိုင်သောနဂါးကိုပင် သူ့အားလက်ဆောင်အဖြစ်ပေးဝံ့ပေသည်။ ဆရာဟစ်ဂင်သည် တိုက်ကြီး၏တောင်နှင့်မြောက်နှစ်ဘက်လုံးအား ခရီးထွက်ဖူးသည်အထိအသက်ကြီးသူဖြစ်သော်လည်း ယခုလိုအဖိုးမဖြတ်နိုင်သောအရာတစ်ခုအား လက်ဆောင်ပေးဝံ့သူနှင့်မကြုံတွေ့ဖူးပေ။ ဤကမ္ဘာကြီးပေါ်၌ အလကားရသောနေ့လည်စာဟူ၍မရှိပေ။ ဟစ်ဂင်သာ ထိုနဂါးကိုလက်ခံယူလိုက်ပါက သူသည်မည်သည့်အခြေအနေသို့ရောက်ရှိသွားနိုင်မည်နည်း။
ဆရာကြီးဟစ်ဂင်သည် အသက်ကြီးပြီဖြစ်ရာ ယခုလိုအချိန်မျိုး၌လက်ခံရမည့်အရာနှင့် ငြင်းပယ်ရမည့်အရာတို့ကို နားလည်သဘောပေါက်ပေသည်။
ရှောင်ယုသည် သူ၏မျက်လုံးများကိုမှေးစင်းထားလိုက်သည်။
" ဆရာကြီးဟစ်ဂင်က ယဉ်ကျေးလွန်းနေပါပြီ .. ငါကအခြားနဂါးတွေကိုလည်း ဖမ်းနိုင်ပါသေးတယ် "
ဟစ်ဂင်သည် သူ့စိတ်ထဲတွင် တိတ်တဆိတ်ညဉ်းညူလိုက်သည်။
" နဂါးဆိုတာဘယ်လိုကောင်လဲ ... သူကလမ်းဘေးမှာတွေ့ရတတ်တဲ့ဂေါ်ဖီထုပ်လို့ထင်နေတာလား "
ဟစ်ဂင်သည် စိတ်ထဲ၌ညဉ်းညူနေသော်လည်း သူ၏မျက်နှာ၌မည်သည့်အမူအရာကိုမှ မဖြစ်ပေါ်စေခဲ့ပေ။ ဟစ်ဂင်သည် ရှောင်ယုအားကြည့်ကာ ပြုံးပြလိုက်သည်။
" ဟိုးရှေးရှေးတုံးကနေခုထိ အဖိုးမဖြတ်နိုင်တဲ့နဂါးတစ်ကောင်က ငါ့အတွက်တော်တော်ဒုက္ခများလွန်းတယ် ... သူ့ရဲ့သခင်အစစ်ကပဲ သူ့ကိုဆက်လက်ထိန်းသိမ်းထားသင့်ပါတယ် ... ငါကဒီကိုရောက်လာတာ ပစ္စည်းအချို့ကိုလိုချင်လို့ပဲ ... နဂါးတစ်ကောင်မဟုတ်ဘူး "
ရှောင်ယုကရယ်မောလိုက်သည်။
" ဆရာကြီးဟစ်ဂင်က ဆရာကြီးအယ်လ်မာရဲ့သူငယ်ချင်းပဲ ... ဒီမှာအဲလောက်ထိယဉ်ကျေးနေစရာမလိုပါဘူး ... လိုချင်တာပစ္စည်းနည်းနည်းပဲမလား ... ဆရာကြီးကိုဂိုထောင်ဆီခေါ်သွားပေးမယ် ... အဲ့ထဲကနေ ဆရာကြီးလိုအပ်တာမှန်သမျှယူသွားလိုက် "
အခန်း ၂၉၆ - ဟစ်ဂင်အားသိမ်းသွင်းခြင်း
ဆရာဟစ်ဂင်သည် ရှောင်ယု၏မာနကြီးသောအပြုအမူကို စိတ်တဲတွင်ရှုတ်ချလိုက်သည်။
အယ်လ်မာသည် သူ့ကိုဤနယ်မြေသခင်လေးနှင့် မိတ်ဆက်ပေးခဲ့ရုံသာဖြစ်သည်။ ထို့ပြင် ရှောင်ယုသည် သူ့အပေါ်အကြွေးတင်နေခြင်းတစ်စုံတစ်ရာမရှိပေရာ အဘယ်ကြောင့်ဤမျှသဘောကောင်းနေရသည်ကို ဟစ်ဂင်မစဉ်းစားတတ်ပေ။
မည်သို့ပင်ဆိုစေ ဟစ်ဂင်သည်အပိုစကားမပြောတော့ပေ။ သူသည် ခေါင်းမာပြီးဒေါသကြီးသောစရိုက်ရှိ၍ တစ်ဖက်သားသည်မည်သည့်အဆင့်အတန်း၌ရှိနေပါစေ တစ်ဖက်လူကိုဒေါသတကြီးစိန်ခေါ်တတ်သည်။ ထို့ကြောင့် သူသည်လူများစွာကိုစော်ကားမိခဲ့သည်။ ဤနယ်မြေသခင်လေးသည်ကား ယဉ်ကျေးသိမ်မွေ့သလို တစ်ချိန်တည်းမှာပင် ကြီးစိုးလွှမ်းမိုးနိုင်သည့်ခံစားချက်ကိုပေးစွမ်းနေခဲ့သည်။
ဤသခင်လေး၏အပြုအမူသည် ယဉ်ကျေးသိမ်မွေ့နေသော်လည်း သူ၏ပင်ကိုယ်အသိစိတ်အရ ထိုကောင်လေးသည်မရိုးရှင်းကြောင်း ဟစ်ဂင်သတိပြုမိသည်။ ယခုအချိန်တွင် ခြင်္သေ့မြို့အနီးသို့ရန်သူစစ်တပ်ကြီးတစ်ခုချဉ်းကပ်လာနေသော်လည်း ရှောင်ယုသည်ထိုကိစ္စကိုလုံးဝလျစ်လျူရှုထားကာ ဟစ်ဂင်လိုအပ်သောအရာများကို ကိုယ်တိုင်ယူဆောင်ပေးရန်ပြင်ဆင်နေခဲ့သည်။
အကယ်၍ ဟစ်ဂင်ကိုသာသူကိုယ်တိုင်သွားရောက် မကြိုဆိုပါက တစ်စုံတစ်ခုအမှားအယွင်းဖြစ်လာလျှင် ဟစ်ဂင်ချက်ချင်းထွက်သွားနိုင်ကြောင်း ရှောင်ယုသတိပြုမိသည်။ ဟစ်ဂင်သည် ခြင်္သေ့မြို့သို့ရောက်ရှိလာခြင်းမှာ တစ်သက်သာတစ်ကြိမ်ရသည့်အခွင့်အရေးလည်းဖြစ်သည်။ ထို့ပြင် နဂါးလေး၏တိုက်ခိုက်ရေးစွမ်းအားများသည် တတိယအဆင့်သို့ရောက်ရှိသွားသည်နှင့် တိုးမြင့်လာခဲ့သည်။ ရန်သူထံတွင် အစွမ်းထက်မှော်ဆရာများစွာရှိနေသော်လည်း ရှောင်ယုထံ၌လည်းဝှက်ဖဲများစွာရှိနေပေသည်။ ပြင်ဆင်မှုများအပြီးသတ်ချိန်တွင် ရန်သူသည်ခြင်္သေ့မြို့ကိုသိမ်းပိုက်၍ သူ၏အုပ်စိုးမှုအား အဆုံးသတ်နိုင်မည်ဟု ရှောင်ယုမထင်ထားပေ။
...
...
ခြင်္သေ့မြို့၏သိုလှောင်ဂိုထောင်အသစ်ကို ရှောင်ယုကိုယ်တိုင်တည်ဆောက်ထားခဲ့သည်။ မကြာသေးမှီက သူသည်ပစ္စည်းကောင်းများစွာကိုလက်ဝယ်ပိုင်ဆိုင်ခဲ့ပေရာ ဂိုထောင်အဟောင်းများ၌ ထည့်၍မဆံ့တော့ပေ။ ထို့ပြင် ဤရတနာအသစ်များက အဖိုးမဖြတ်နိုင်ပေ။
ရှောင်ယုနှင့်အခြားသူများရောက်ရှိလာသည်ကိုမြင်သော် ဂိုထောင်အစောင့်များက တလေးတစားနှုတ်ဆက်ကြသည်။ ဂိုထောင်၏သော့ကိုအိမ်တော်ထိန်းဟောင်ကိုယ်တိုင် သိမ်းဆည်းထားသည်ဖြစ်ရာ အစောင့်ကအိမ်တော်ထိန်းဟောင်အား သွားရောက်ရှာဖွေခဲ့ရသည်။
အိမ်တော်ထိန်းဟောင်သည် ရှောင်ယုနှင့်နှိုင်းယှဉ်ပါက ဤရတနာများနှင့်ပတ်သက်လာလျှင် အလွန်လုံ့လရှိပြီး အလုပ်ကိုဇောက်ချလုပ်ကိုင်လေ့ရှိသည်။ ထို့ပြင် အိမ်တော်ထိန်းဟောင်သည် ထိုရတနာများအပေါ် အလွန်တွန့်တိုလေ့ရှိရာ ရှောင်ယုသည်ပင်အကြောင်းပြချက်မရှိဘဲ ဂိုထောင်အတွင်းမှပစ္စည်းတစ်ခုကိုပင် ယူဆောင်ခွင့်မရှိပေ။
အချိန်ခဏကြာပြီးနောက် အိမ်တော်ထိန်းဟောင်ရောက်ရှိလာခဲ့သည်။
" သခင်လေး ... သူတို့ကဘယ်သူတွေလဲ "
ရှောင်ယု၏နံဘေးတွင် သူစိမ်းအချို့အားတွေ့လိုက်ရသောအခါ အိမ်တော်ထိန်းဟောင်က သတိထားနေသောလေသံဖြင့်မေးလိုက်သည်။အိမ်တော်ထိန်းဟောင်သည် ဂိုထောင်အတွင်းရှိ အရာအားလုံးကို သူ၏ကလေးငယ်များသဖွယ်စောင့်ရှောက်လေ့ရှိပြီး ရှောင်ယုကိုပင်အကြောင်းမဲ့ယူဆောင်ခွင့်မပြုပေ။
ရှောင်ယုသည် ကူကယ်ရာမဲ့စွာပြုံးပြလိုက်သည်။
" ဦးလေးဟောင် ... သူတို့ကအပြင်လူတွေမဟုတ်ဘူး ... ဆရာကြီးအယ်လ်မာရဲ့သူငယ်ချင်းဖြစ်တဲ့ အဂ္ဂိရိတ်ပညာရှင်ဟစ်ဂင်ပဲ ... "
အိမ်တော်ထိန်းဟောင်သည် ခေါင်းညိတ်ပြလိုက်ကာ သော့တွဲအားထုတ်ယူလိုက်သည်။ ထို့နောက် သူသည်မှန်ကန်သောသော့ကိုရှာဖွေကာ ဂိုထောင်ကိုဖွင့်ရန် အချိန်အတော်ကြာကြိုးစားခဲ့ရသည်။ ထို့နောက် ဂိုထောင်တံခါးများဖွင့်ဟလာပြီး အထဲတွင်သပ်ရပ်စွာတန်းစီထားသည့် စင်အမြောက်အများကိုတွေ့လိုက်ရသည်။ အဖိုးတန်ရတနာများအားလုံးကို စင်များပေါ်၌ အိမ်တော်ထိန်းဟောင်ကိုယ်တိုင် သပ်ရပ်စွာနေရာချထားခဲ့သည်။ ပုံမှန်အားဖြင့်ရှောင်ယုသည် ဂိုဒေါင်အတွင်းသို့ပစ္စည်းများကိုပစ်ချလေ့ရှိသော်လည်း အိမ်တော်ထိန်းဟောင်က ထိုပစ္စည်းများအားလုံးက်ို စနစ်တကျသိမ်းဆည်းရန်အတွက် အလုပ်သမားများကိုပြင်ဆင်ထားခဲ့သည်။ ထိုသို့မဟုတ်ပါက ဂိုထောင်အတွင်း၌ ဧရာမပစ္စည်းတောင်ကုန်းကြီးဖြစ်နေမှာဖြစ်သည်။
ဆရာဟစ်ဂင်သည် အိမ်တော်ထိန်းဟောင်၏ မျက်နှာအမူအရာကိုတွေ့တွေ့ချင်း အတော်ပင်စိတ်မကျေမနပ်ဖြစ်သွားခဲ့သည်။ ထိုအိမ်တော်ထိန်းဟောင်သည် သူတို့အားသူခိုးများလိုစိုက်ကြည့်နေခဲ့သည်။ သို့သော်လည်း ဂိုထောင်တံခါးပွင့်သွားချိန်တွင် သူသည်အရာအားလုံးကိုနားလည်သွားခဲ့သည်။ အကယ်၍သူ့ထံ၌လည်း ထိုကဲ့သို့ဂိုထောင်တစ်ခုရှိပါက သူသည်လာသမျှလူတိုင်းကို သူခိုးတစ်ယောက်လိုစောင့်ကြည့်နေမည်ဖြစ်သည်။
ဆရာဂစ်ဟင်သည် တွေဝေမှိန်းမောစွာဖြင့် ရှေ့သို့လျှောက်သွားခဲ့သည်။ သူ၏ခြေထောက်များသည် ဦးနှောက်၏အမိန့်ကိုမနာခံတော့ပေ။ အဂ္ဂိရိတ်ပညာရှင်တစ်ယောက်အနေဖြင့် သူသည်ပစ္စည်းများစွာကိုတွေ့မြင်ဖူးသော်လည်း ယခုအခါသူသည်ခြားနားသည့်ကမ္ဘာတစ်ခုအား မြင်တွေ့လိုက်ရသည်။ ဂိုထောင်အတွင်းရှိပစ္စည်းအချို့သည် တိုက်ကြီး၏မည်သည့်နေရာတွင်မှ ထပ်မံရှာဖွေ၍မရတော့သော်လည်း ဤနေရာ၌ရှိနေခဲ့သည်။ ရှောင်ယုသည် မြေအောက်မြို့တော်မှနေ၍ ပစ္စည်းအမြောက်အများကိုသယ်ဆောင်လာခဲ့သည်။
ဤပစ္စည်းများသည် မြေအောက်မြို့တော်ရှိမသေမျိုးများမှ ကျဆင်းလာခြင်းဖြစ်သော်လည်း အရည်အသွေးမြင့်ပစ္စည်းများဖြစ်ကြသည်။ ထို့ပြင်ရှောင်ယုသည် ထို့ပါကွေ့တစ်ယောက်နှစ်ချီစုဆောင်းခဲ့သည့် အဖိုးတန်ပစ္စည်းများကိုလည်း မုတ်ဆိဆ်နီစခန်းမှခိုးယူလာခဲ့သည်။ ထို့ကြောင့် ဤတိုက်ကြီးတခွင်၌ ရှောင်ယု၏ဂိုထောင်လောက် အဆင့်မြင့်ပစ္စည်းများပေါကြွယ်ဝသည့်နေရာမျိုး ထပ်မံတွေ့မြင်နိုင်ရန် အလွန်ပင်ခက်ခဲမှာဖြစ်သည်။ တိုက်ကြီး၏အကြီးဆုံးလေလံအိမ်သည်ပင် ရှောင်ယု၏ဂိုထောင်လောက် ပစ္စည်းမစုံနိုင်ပေ။
ဆရာဟစ်ဂင်သည် တုန်လှုပ်မှုကြောင့် သူ၏လက်များပင် တဆတ်ဆတ်တုန်ခါနေခဲ့သည်။ သူသည် ပစ္စည်းများကို တစ်ခုပြီးတစ်ခုကောက်ယူစစ်ဆေးနေခဲ့ပြီး ၎င်းတို့၏အမည်ကိုတိုးတိုးလေးရေရွတ်နေခဲ့သည်။ သူသည် ထိုပစ္စည်းများကိုစင်ပေါ်သို့ပင် ပြန်မတင်တော့ပေ။ အကယ်၍ သူသာထိုသို့ပြုလုပ်လိုက်ပါက ထိုပစ္စည်းများသည်သူ့လက်ထဲမှ ပျောက်ကွယ်သွားတော့မလိုပြုမူနေခဲ့သည်။
အိမ်တော်ထိန်းဟောင်၏အမြင်တွင် ထိုအဘိုးကြီးသည်လူကောင်းမဟုတ်ဟု ပိုမိုထင်မြင်လာခဲ့သည်။ သူသည် ထိုအဘိုးကြီးအား ကြိမ်းမောင်းရန်ပြင်ဆင်လိုက်ချိန်တွင် ရှောင်ယုကသူ့အားခေါင်းခါပြလိုက်သည်။ ထို့နောက်ရှောင်ယုသည် သူ့နှလုံးသားထဲ၌ တိုးတိုးလေးရေရွတ်လိုက်သည်။
" တကယ်လို့ ဆရာဟစ်ဂင်ကထွက်မသွားချင်ရင် ငါကသူ့ကိုဆွဲထားရမှာပေါ့ ... "
ဆရာဟစ်ဂင်သည် လက်တစ်ဖက်မှပစ္စည်းများကိုယူဆောင်နေပြီး ကျန်လက်တစ်ဖက်ကထိုပစ္စည်းများအား ပွေ့ပိုက်ထားသည်ကိုမြင်သော်အခါ ရှောင်ယုသည်ပိုမိုယုံကြည်မှုရှိလာခဲ့သည်။
ဆရာဟစ်ဂင်သည် ပစ္စည်းများကိုထပ်မံမပွေ့ပိုက်နိုင်တော့ပေ။
" ဒါ ... ဒါကဆန်းကြယ်အမှုန်တွေ ... ရှေးအက္ခရာတွေ ... မီးတောက်အဆီအနှစ်တွေ "
ရှောင်ယုသည် နာရီဝက်ကြာအောင် ပစ္စည်းများကိုစစ်ဆေးနေသော ဆရာဟစ်ဂင်အားပြုံးပြလိုက်သည်။
" ဒီပစ္စည်းတွေကလုံလောက်တယ်မလား ... ဆရာဟစ်ဂင် "
" ဒါပေါ့ ... ဒါကလုံလောက်တယ်ဆိုတာထက်ပိုတယ် ... ငါကဒီကိုဆန်းကြယ်အမှုန်အချို့ဝယ်ယူဖို့လာခဲ့တယ်ဆိုပေမဲ့ ... ဒီမှာအခြားပစ္စည်းတွေအများကြီးရှိနေတာပဲ "
ဆရာဟစ်ဂင်သည် မျက်ရည်ကျလုမတတ်ဖြစ်နေခဲ့သည်။ အဂ္ဂိရိတ်ပညာရှင်တစ်ယောက်အတွက် ပါဝင်ပစ္စည်းများကအရေးအပါဆုံးဖြစ်သည်။ ပါဝင်ပစ္စည်းများကိုအလုံအလောက်မရရှိပါက အဂ္ဂိရိတ်ပညာရှင်များသည် အဆင့်တက်နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့်မှော်ဆရာများထက်စာလျင် အဆင့်မြင့်အဂ္ဂိရိတ်ပညာရှင်များက ရှားပါးနေခြင်းဖြစ်သည်။
ဆရာဟစ်ဂင်၏အောင်မြင်မှုများသည် အကန့်အသတ်နှင့်သာရှိခဲ့သည်။ သူသည် သုတေသနများကိုဆက်လက်လုပ်ကိုင်ရန်အတွက် လိုအပ်သောပစ္စည်းများစွာကို ငွေကြေးအကုန်ကျခံ၌ဝယ်ယူခဲ့ရသည်။ ထို့ကြောင့်သူသည် လက်တွေ့စမ်းသပ်မှုပြုလုပ်ရသည်ထက် ပါဝင်ပစ္စည်းများကိုရှာဖွေရသည်တွင် အချိန်များစွာသုံးစွဲရသည်။
" ဆရာဟစ်ဂင် ... တအားကြီးအားမနာပါနဲ့ ... ဆရာဟစ်ဂင်က ဆရာအယ်လ်မာလွှတ်လိုက်တာဆိုတော့ ငါရဲ့သူငယ်ချင်းဆိုလည်းမမှားဘူး ... ဒါတွေအကုန်လုံးကို ဆရာဟစ်ဂင်စိတ်ကြိုက်သုံးလို့ရတယ် "
ရှောင်ယုက သူ၏လက်များကိုဝှေ့ယမ်းရင်းပြောလိုက်သည်။
" တကယ်လား .. .ဒါတွေအကုန်လုံးကအရမ်းတန်ဖိုးကြီးလွန်းတယ် ... ငါ့ဆီမှာဒါတွေကိုဝယ်ဖို့ ငွေကြေးမလုံလောက်ဘူး ... ဒါပေမဲ့ငါသာနောက်ထပ်တစ်နှစ်လောက် သုတေသနလုပ်လိုက်ရင် ပဥ္စမအဆင့်ကိုတက်လှမ်းနိုင်လိမ့်မယ် ... "
ဆရာဟစ်ဂင်သည် ဂိုထောင်အတွင်းပြည့်နှက်နေသော အဖိုးတန်ပစ္စည်းများကိုကြည့်ရင်း သူ၏အကြည့်များတောက်ပလာခဲ့သည်။
" အဲ့ဒါက ပြဿနာမဟုတ်ပါဘူး ... ဆရာဟစ်ဂင်သာ စမ်းသပ်မှုတွေကိုလုပ်ချင်ရင် ငါထောက်ပံ့ပေးမယ် .. .ဆရာဟစ်ဂင်အတွက် အဂ္ဂိရိတ်ခန်းတစ်ခုတည်ဆောက်ပေးမယ် ... စမ်းသပ်မှုအတွက် လိုအပ်တဲ့အရာအားလုံးကို ဒီကနေပြီးတော့ယူနိုင်တယ် ... ဆရာဟစ်ဂင်ဘာလိုချင်လဲပြော ... အဲ့ဒါတွေအကုန်လုံးကိုပြင်ဆင်ပေးမယ် "
ရှောင်ယုသည် ဆရာဟစ်ဂင်အားဆွဲဆောင်လိုက်သည်။ထိုလူသည် အဂ္ဂိရိတ်ပြုလုပ်ရခြင်းကို စွဲလမ်းနေသူဖြစ်သည်။
" မင်းကငါစမ်းသပ်မှုပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းအားလုံးက်ို ထောက်ပံ့ပေးမယ်လို့ပြောချင်တာလား "
ဆရာဟစ်ဂင်သည် ထိုစကားကိုကြားချိန်၌ သူ့စိတ်ကိုဆက်မထိန်းထားနိုင်တော့ပေ။
ရှောင်ယုက သူ၏မေးစေ့ကိုမြှောက်ထားလိုက်သည်။
" ဆရာဟစ်ဂင်ကိုတွေ့တွေ့ချင်း မပြောခဲ့ဘူးလား ... ဆရာဟစ်ဂင်အလိုရှိတာကိုယူပါ "
" မဟုတ်ဘူး .... ဒါတွေကအရမ်းကိုတန်ဖိုးရှိလွန်းတယ် "
ဆရာဟစ်ဂင်သည် ဂိုထောင်အတွင်းရှိပစ္စည်းများ၏တန်ဖိုးကို မည်သူထက်မဆို ပိုမိုသိရှိပေသည်။ အမှန်တော့ သူသည်တစ်ဘဝလုံးစုဆောင်းခဲ့လျှင်တောင်မှ ဤမျှများပြားသောအဖိုးတန်ပစ္စည်းများကိုမရရှိနိုင်ဟု ဆရာဟစ်ဂင်ခံစားမိပေသည်။
ရှောင်ယုက သက်ပြင်းချရင်းပြောလိုက်သည်။
" ဆရာဟစ်ဂင်က ဒီကိစ္စအတွက်စိတ်မပူပါနဲ့ ... ငါသာခြင်္သေ့နယ်မြေရဲ့အရှင်သခင်ဖြစ်နေသရွေ့ ဒါတွေအကုန်လုံးကမင်းအတွက်ပဲ ... လောလောဆယ်တစ်ရက်လောက်တော့ အနားယူလိုက်ပါ ... ငါ့ရဲ့နယ်မြေကိုတိုက်ခိုက်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေတဲ့ရန်သူတွေရှိနေတာမလို့ ငါကအခုပဲမြို့ရဲ့ကာကွယ်ရေးကိုပြင်ဆင်ရတော့မယ် "
" ဘာလဲ ... မင်းကိုဘယ်သူကတိုက်ခိုက်ရဲတာလဲ ... ဘယ်သူလဲ "
ဆရာဟစ်ဂင်သည် ချက်ချင်းဒေါသထွက်သွားပေသည်။ ရှောင်ယုသည် ယခုအချိန်၌ အရာအားလုံးကိုသူ့အားပေးအပ်ရန် ကတိပေးထားခဲ့သည်။ အကယ်၍ နယ်မြေသခင်အပြောင်းအလဲဖြစ်သွားပါက ရှောင်ယုကဲ့သို့ရက်ရောမယ့်သူရှိပါမလား မသေချာပေ။ ထို့ကြောင့် လက်ရှိအချိန်၌ သူနှင့်ရှောင်ယု၏ကံကြမ္မာသည်ဆက်စပ်နေခဲ့သည်။
ရှောင်ယုက ကူကယ်ရာမဲ့စွာ ခေါင်းခါပြလိုက်သည်။
" အရင်ကတော့ငါကရန်သူကြီးတစ်ယောက်ကို စော်ကားမ်ိခဲ့တယ် ... သူတို့ကအရမ်းကိုအစွမ်းထက်ပြီး အဆင့်မြင့်မှော်ဆရာတွေအများကြီးပိုင်ဆိုင်ကြတယ် ... သူတို့မှာသံမဏိရုပ်သေးတွေလည်း အများကြီးပါလာတယ် ... ငါကသူတို့ရဲ့တိုက်ခိုက်မှုကိုမတားဆီးန်ိုင်ရင် အရာအားလုံးသိမ်းယူခံရလိမ့်မယ် ... ဘာပဲဖြစ်ဖြစ် ငါနယ်မြေသခင်ဖြစ်နေသရွေ့ ဒါတွေအကုန်လုံးက ဆရာဟစ်ဂင်အပိုင်ပဲ "
ဆရာဟစ်ဂင်က မျက်ခုံးပင့်လိုက်သည်။
“ မာနကြီးလိုက်တဲ့ကောင်တွေ ... ဘယ်သူကများမင်းကိုလာတိုက်ဝံ့တာလဲ ... သံမဏိရုပ်သေးတွေဟုတ်လား ... ထွီ ... ငါကသူတို့ကိုမျက်လုံးထဲတောင်မထည့်ဘူး ... အဂ္ဂိရိတ်ပညာရှင်တစ်ယောက်က အဆင့်တူမှော်ပညာရှင်အယောက်၁၀၀နဲ့ညီမျှတယ် .... ခုတော့ငါ့ဆီမှာ အကန့်အသတ်မဲ့ထောက်ပံ့ပစ္စည်းတွေရှိနေပြီ ... သူတို့ကိုကြောက်စရာမလိုဘူး "
ရှောင်ယုသည် ဆရာကြီးအယ်လ်မာထံမှ ဆရာဟစ်ဂင်အကြောင်းကိုသိထား၍ ဆရာဟစ်ဂင်၏စိတ်နေသဘောထားနှင့် အပြုအမူတို့ကိုသိရှိထားခဲ့သည်။ သူသည် ဆရာဟစ်ဂင်၏မောက်မာသော သဘောထားကို တမင်တကာနိုးဆွရန်ကြိုးပမ်းခဲ့ရာ အောင်မြင်ခဲ့သည်။
အဆင့်တူအဂ္ဂိရိတ်ပညာရှင်တစ်ယောက်သည် အဆင့်တူမှော်ပညာရှင် အယောက်၁၀၀ထက်သာလွန်သည်ဆိုသည်မှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ ထောက်ပံ့မှုအပြည့်အဝရထားသရွေ့ အဂ္ဂိရိတ်ပညာရှင်များသည် ပစ္စည်းများစွာကိုဖန်တီးနိုင်သည်။ ထိုအချိန်မျိုးတွင် မည်သည့်ရန်သူကမှသူတို့၏ပြိုင်ဘက်မဖြစ်ခဲ့ပေ။
အခန်း ၂၉၇ - စီနီယာနည်းပညာရှင်
" ဆရာဟစ်ဂင် ... မင်းငါ့ကိုကူညီဖိုဆန္ဒရှိလား ... "
ရှောင်ယုကမေးမြန်းလ်ိုက်သည်။
" ဒီမှာကပစ္စည်းတွေ အများကြီးရှိနေတာဆိုတော့ ငါ့အတွက်အဆင်ပြေတယ် ... အဲ့ဒီမောက်မာတဲ့ကောင်တွေကို ကိုင်တွယ်ပေးဖို့ကပြသနာမရှိဘူး ... ဒါပေမဲ့ ငါ့ဆီမှာအလုပ်သင်နှစ်ယောက်ပဲပါလာတဲ့အတွက် မင်းအတွက်အသုံးဝင်မယ့်လက်နက်တွေထုတ်လုပ်ပေးဖို့က အချိန်တစ်ချို့တော့ကြာလိမ့်မယ် ... ဒါပေမဲ့ အဲ့လက်နက်တွေက မင်းဘေးမှာစတုတ္ထအဆင့်မှော်ဆရာ၁၀ယောက်ရှိတာနဲ့ ညီမျှလိမ့်မယ် ... တကယ်လို့ငါသာမလုပ်နိုင်ရင် ငါ့ရဲ့နာမည်က ဟစ်ဂင်မဟုတ်တော့ဘူး "
ဆရာဟစ်ဂင်သည် ခြင်္သေ့မြို့၌ ရှောင်ယု၏ပစ္စည်များကိုအသုံးပြုကာ စမ်းသပ်မှုများအား လှုပ်ဆောင်လိုခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ တစ်ချိန်တည်းမှာပင် ရှောင်ယုအတွက်အသုံးဝင်မယ့်လက်နက်များကို စေတနာဝန်ထမ်းပြုလုပ်၍သန့်စင်ပေးမည်လည်းဖြစ်သည်။
" အရမ်းကောင်းတယ် ... ငါခုချက်ချင်း ဆရာဟစ်ဂင်နဲ့အလုပ်သင်တွေအတွက် အခန်းတစ်ခုကိုစီစဉ်လိုက်မယ် ... ဆရာဟစ်ဂင်က နောက်ထပ်အကူအညီလေးတွေလိုချင်လား ... ငါ့ဆီမှာယုံကြည်စိတ်ချရမယ့်သူ အနည်းငယ်တော့ရှိမှာပါ "
ရှောင်ယုသည် ကျေနပ်စွာပြုံး၍ပြောလိုက်သည်။
ဆရာဟစ်ဂင်သည် ထိုစကားကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။
" ငါကနှိမ့်ချပြီးပြောချင်တာတော့မဟုတ်ဘူး ... ဒါပေမဲ့ အဂ္ဂရိတ်ပညာရှင်တွေအတွက် သင့်တော်တဲ့လက်ထောက်တွေကိုရှာရတာ တော်တော်ကိုခက်ခဲတယ် ... မင်းဆီမှာသင့်တော်တဲ့လူတွေရှိလို့လား "
ဆရာဟစ်ဂင်သည် အဂ္ဂရိတ်ပညာရှင်တစ်ယောက်၏တန်ဖိုးကို လူတိုင်းထက်နားလည်သဘောပေါက်ပေသည်။ ထို့ကြောင့် သူ့အတွက် သင့်တော်သောလက်ထောက်များကိုရရှိရန် အလွန်ခက်ခဲနေခဲ့သည်။ သူသည် အလုပ်သင်များစွာကိုခေါ်ယူခဲ့သော်လည်း အများစုကိုထုတ်ပယ်ခဲ့သည်။
ရှောင်ယုက ပြုံးပြလိုက်သည်။
" ငါ့ဆီမှာ အလုပ်သင်အဂ္ဂိရိတ်ပညာရှင်တော့မရှိပါဘူး ... ဒါပေမဲ့ယုံကြည်ရတဲ့ လက်ထောက်အချို့တော့ရှိတယ် ... မှင်စာတွေအကြောင်းကို ဆရာဟစ်ဂင်ကြားဖူးတယ်မလား "
" မှင်စာ ... "
ဆရာဟစ်ဂင်သည် ထိုစကားလုံးကိုကြားသောအခါ မျက်ခုံးပင့်လိုက်မိသည်။ သူသည် အချိန်အတော်ကြာအောင် အဂ္ဂိရိတ်ပညာကိုလေ့လာဆည်းပူးခဲ့၍ အဂ္ဂိရိတ်ပညာ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် သမိုင်းကြောင်းကိုနားလည်ခဲ့သည်။ အမှန်တော့ မှင်စာအင်ဂျင်နီယာပညာရပ်သည်လည်း အဂ္ဂိရိတ်ပညာ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သူသည်လည်း ထိုကာလကြာရှည်ပျောက်ဆုံးနေသော အမွေအနှစ်တစ်ခုကို သတိပြုမိပေသည်။ သို့သော်လည်း နှစ်ထောင်ချီကြာမြင့်ပြီးနောက် ကြီးကျယ်သောမှင်စာမျိုးနွယ်သည် သူခိုးငယ်များအဖြစ်နိမ့်ကျသွားခဲ့ကြသည်။
ရှောင်ယုသည် ဆရာဟစ်ဂင်၏ စိုးရိမ်မှုများအားဖောက်ထွင်းတွေ့မြင်နိုင်ခဲ့သည်။
" ဆရာဟစ်ဂင်ကိုကူညီဖို့ မှင်စာအနည်းငယ်ကိုငါစေလွှတ်လိုက်မယ် ... သူတို့က ဆရာဟစ်ဂင်အတွက်အထောက်အကူဖြစ်တယ်ဆိုရင်ကောင်းတာပေါ့ ... အဲလိုမဟုတ်ဘဲ သူတို့ရဲ့စွမ်းဆောင်ရည်ကနိမ့်ကျနေရင် ဆရာဟစ်ဂင်စိတ်ကြိုက်လုပ်ပါ ... သူတို့ကအဂ္ဂိရိတ်ပညာနှင့်ပတ်သက်ပြီးတော့ အတွေ့အကြုံမရှိပေမဲ့ သူတို့ကအရမ်းကိုစေ့စပ်တိကျပြီး အလုပ်ကြိုးစားကြတယ် ... သူတို့ဟာဆေးဝါးတွေကိုအမျိုးအစားခွဲခြားတာ ဒါမှမဟုတ် ချိန်တွယ်ခြင်းတို့မှာ ဆရာဟစ်ဂင်အတွက်အထောက်အကူဖြစ်လာပါလိမ့်မယ် "
ဆရာဟစ်ဂင်က ခဏလောက်စဉ်းစားလိုက်သည်။
" ကောင်းပြီလေ ... သူတို့ကိုပို့ပေးလိုက် ... သူတို့ကငါ့ကိုအထောက်အကူပြုနိုင်မလား .. ငါကြည့်နေမယ် ... အမှန်အတိုင်းပြောရမယ်ဆိုရင် ငါရယ်အလုပ်သင်နှစ်ယောက်ရယ်ပဲဆိုရင် မှော်လက်နက်တွေကိုထုတ်လုပ်တာက မြန်မြန်ဆန်ဆန်ပြီးစီးမှာမဟုတ်ဘူး "
ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ကာ ဖော်ရာအားရှာဖွေရန်ထွက်လာခဲ့သည်။ ဆရာဟစ်ဂင်သည်ကား ပစ္စည်းများကိုရွေးချယ်ရန်ကျန်ရစ်ခဲ့သည်။
ရှောင်ယုသည် ဖော်ရာမှ မှင်စာအင်ဂျင်နီယာပညာရပ်ကို လေ့လာပြီး စမ်းသပ်မှုအချို့ပြုလုပ်ခဲ့ကြောင်း နားလည်ထားသည်။ ထို့ကြောင့် ဖော်ရာသည်ယခုအချိန်၌ အရာများစွာကိုစူးစမ်းလေ့လာစမ်းသပ်နေခဲ့သည်။ သို့သော်လည်း သူသည်မည်သည့်အရာကိုမှမတီထွင်ရသေးပေ။ မှင်စာအင်ဂျင်နီယာပညာရပ်သည် ထိပ်တန်းအဆင့်တွင်ရှိနေသော်လည်း စာအုပ်များ၌ရေးဆွဲထားသည့်ပုံများအတိုင်း ပြန်လည်ထုတ်လုပ်ရန် အချိန်များစွာယူရမည်ဖြစ်သည်။ လတ်တလောတွင် ဖော်ရာသည် ကနဦးပစ္စည်းများဖြစ်သော မူလီများ ၊ စပရင်များနှင့်အခြားသောအစိတ်အပိုင်းများကို ထုတ်လုပ်နိုင်ပြီဖြစ်သည်။
ထို့ပြင်သူသည် ရှောင်ယုပြန်လည်သယ်ဆောင်လာသော သံမဏိရုပ်သေးများကိုလည်း စစ်ဆေးနေခဲ့သည်။ သူတို့၏လက်ထဲတွင် ရုပ်သေးနမူနာတစ်ခုရှိနေပြီး ထိုရုပ်သေးအားစူးစမ်းလေ့လာနေသလို စစ်မြေပြင်၌သူတို့ကိုယ်ပိုင်ရုပ်သေးများကို ထုတ်လုပ်နိုင်ရန်အတွက် ထိုသံမဏိရုပ်သေးများကို ပြုပြင်မွမ်းမံရန်ကြိုးပမ်းခဲ့ကြသည်။ စစ်မြေပြင်၌သွားလာလှုပ်ရှားနိုင်သော သံမဏိရုပ်သေးများသည် ပြီးပြည့်စုံသောလူသတ်လက်နက်ဖြစ်ကြောင်း ရှောင်ယုနှင့်ဖော်ရာကနားလည်ထားသည်။ ရှောင်ယုထံတွင် သံမဏိရုပ်သေး၏အဓိကအားနည်းချက်ဖြစ်သော လျှပ်စီးကူးနိုင်စွမ်းကို ဖြေရှင်းနိုင်စွမ်းရှိပေသည်။
...
...
ဆရာဟစ်ဂင်သည် ရှောင်ယုအားသူ့ကိုအလုပ်ရုံသို့ ခေါ်သွားသည့်အချိန်တွင် မှင်စာများအား အထင်သေးသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။ ဤမှင်စာများသည် သူ့အမြင်၌သာမန်ကျွန်များနှင့်မခြားပေ။ သို့သော်လည်း သူတို့သည် အဂ္ဂိရိတ်ပညာရှင်တိုင်းအတွက် အလွန်ကောင်းမွန်စွာစွမ်းဆောင်နိုင်သည့် လက်ထောက်များဖြစ်ကြောင်း တွေ့ရှိလိုက်ရ၍ ဆရာဟစ်ဂင်အံ့သြသွားရသည်။
မှင်စာများ၏ ပထမနှင့်အရေးအကြီးဆုံးမှာ သူတို့၏အလုပ်ကြိုးစားလိုစိတ်ဖြစ်သည်။ သူတို့သည် ယခင်ကကျွန်များဖြစ်ခဲ့ကြပြီး သူတို့၏အဆင့်အတန်းသည် ဤတိုက်ကြီးပေါ်၌ အလွန်ပင်နိမ့်ကျနေခဲ့သည်။ ထို့ကြောင့်သူတို့သည် ဟစ်ဂင်အပေါ် ညည်းညူခြင်းသို့မဟုတ် မနာခံခြင်းစသည်တို့မရှိကြဘဲ ကြိုးစားလုပ်ကိုင်ခဲ့ကြသည်။ ဆရာဟစ်ဂင်သည် သူတို့အားခဏခဏအော်ငေါက်နေသော်လည်း သူတို့သည်ဟစ်ဂင်အား သခင်တစ်ဦးကဲ့သို့မှတ်ယူကာ လုံးဝမခုခံခဲ့ကြပေ။
ဒုတိယအနေဖြင့် ဖော်ရာသည် မှင်စာအချို့အားရွေးချယ်ကာ သူတို့နှင့်သက်ဆိုင်သော အသိပညာများကိုသင်ကြားပေးခဲ့သည်။ ထို့ကြောင့်သူတို့သည် အခြေခံစက်ပစ္စည်းများနှင့်ရင်းနှီးကျွမ်းဝင်ခဲ့ကြကာ ငတုံးများကဲ့သို့မလုပ်ဆောင်ခဲ့ကြပေ။ တတိယအချက်အနေဖြင့် ရှောင်ယုပြောခဲ့သည့်အတိုင်း မှင်စာများသည် လိမ္မာပါးနပ်ကာ သွက်လက်ပြီး ဆရာဟစ်ဂင်၏အလုပ်သင်များထက်ပင် များစွာထက်မြက်ကာတိကျစွာအလုပ်လုပ်နိုင်ကြသည်။ သို့ဖြစ်ရာ မှင်စာများသည် သူတို့၏အလုပ်၌အမှားအယွင်းဟူ၍ မရှိခဲ့ကြပေ။ ဆရာဟစ်ဂင်သည် သူ၏အမြင်၌ ရွံ့ရှာစက်ဆုပ်ဖွယ်ကောင်းပြီး အဆင့်နိမ့်သောမျိုးနွယ်ဝင်များဟု သတ်မှတ်ထားသောမှင်စာများအား အချိန်ကြာကြာပင်မအော်ငေါက်လိုက်ရပေ။
မှော်ဆေးရည်များနှင့်အဂ္ဂိရိတ်ပစ္စည်းများကို လုပ်ဆောင်ရာတွင် အလွန်မြင့်မားသည့်လိုအပ်ချက်ရှိပေသည်။ အနည်းငယ်သော အမှားတစ်ခုကပင် ကြီးမားသောအမှားတစ်ခုကိုဖြစ်ပေါ်စေကာ အလုံးစုံကျရှုံးစေနိုင်ပေသည်။ သို့သော်လည်း မှင်စာများသည် ဆရာဟစ်ဂင်ပြောသည့်အတိုင်း အတိမ်းအစောင်းမရှိလုပ်ဆောင်နိုင်ကြသည်။ သူတို့သည် အမှားတစ်ခုကြောင့် ဟစ်ဂင်မှကြိမ်းမောင်းအပြီးတွင် တူညီသောအမှားကိုထပ်မံ၍မလုပ်ဆောင်ကြတော့ပေ။ ထို့ကြောင့် မှင်စာများသည် ပြီးပြည့်စုံသောအဂ္ဂိရိတ်ပညာရှင်များ၏လက်ထောက်အဖြစ် မွေးဖွားလာသည်ဟုဆိုလိုခြင်းဖြစ်သည်။ အဂ္ဂိရိတ်ခန်းမအတွင်း၌ အချိန်နှစ်ရက်တာကုန်ဆုံးပြီးနောက်တွင် ဆရာဟစ်ဂင်နှင့်မှင်စာများအကြား နားလည်မှုသည်ပိုမိုခိုင်မာလာခဲ့သည်။
ဆရာဟစ်ဂင်သည် သူ့ဘေးနားတွင်စုပုံနေသော ပစ္စည်းများကိုကြည့်လိုက်ပြီးနောက် မှင်စာများကိုတစ်ချက်ကြည့်လိုက်သည်။ သူသည် ဤမှင်စာများ၏အကူအညီဖြင့်ဆိုပါက မှော်လက်နက်အချို့ကို အချိန်တိုအတွင်းလုပ်ဆောင်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။ အမှန်တော့ မှော်လက်နက်များကို အများအပြားထုတ်လုပ်ရန် မခက်ခဲပေ။ အဓိကပြသနာမှာ သူ၏နံဘေးတွင်ကူညီရန်အတွက် ကျွမ်းကျင်သော အစုအဖွဲ့ကြီးတစ်ခုမရှိခြင်းဖြစ်သည်။ သ်ို့သော်လည်း ယခုအခါသူသည် မှင်စာများကိုအရန်အလုပ်အချို့ကိုလုပ်ဆောင်ခိုင်းနိုင်ပြီဖြစ်ကာ သူသည်ကား မှော်လက်နက်များကိုထုတ်လုပ်ရန် အဓိကကျသောနေရာအချို့၌ ကိုယ်တိုင်လုပ်ဆောင်ရန်သာ လိုအပ်တော့သည်။
" အခုငါတို့က မှော်ပေါက်ကွဲရေးမြှားတွေကို ထုတ်လုပ်ရတော့မယ် ... ငါတို့မှာအောက်လမ်းမှော်ကဝေအနှစ်သာရတွေနဲ့ သားရဲအရိုးတွေလုံလုံလောက်လောက်ရှိနေတာဆိုတော့ အရေအတွက်၁၀၀၀လောက်ထုတ်လုပ်လိုက်ရင် ရန်သူဘက်ကမှော်ဆရာတွေကို ဖိနှိပ်နိုင်မှာပဲ "
ဆရာဟစ်ဂင်သည် စစ်ပွဲအတွင်း၌ ရှောင်ယုအားကူညီရန်အတွက် လက်ရှိအချိန်တွင် မှော်ပေါက်ကွဲရေးမြှားများကို ထုတ်လုပ်ရန်ပြင်ဆင်နေခဲ့သည်။ ကနေဒီမိသားစု၏စစ်တပ်သည် ခြင်္သေ့မြို့နှင့်မိုင်၂၀ခန့်အကွာ၌ စခန်းချနေပြီး ခြင်္သေ့မြို့သို့ရှောင်ယုပြန်မလာနိုင်သေးကြောင်းယုံကြည်၍ တိုက်ခိုက်မှုကိုအလျင်စလို ပြုလုပ်မည့်ပုံမပေါ်ပေ။ သူတို့သည် ရှောင်ယုအားခြုံခိုတိုက်ခိုက်မှုပြုလုပ်ရန်ပင် စီစဉ်ထားခဲ့ကြသည်။
သို့သော်လည်း ရှောင်ယုသည်ခြင်္သေ့မြို့သို့ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရလိုက်ချိန်တွင် သူတို့၏ခြုံခိုတိုက်ခိုက်မည့်အစီအစဉ်အား ဖျက်သိမ်းလိုက်ရသည်။
သူတို့သည် သူတို့၏မြို့သိမ်းလက်နက်များနှင့် တပ်သားများအားလုံး အဆင့်သင့်ဖြစ်မည့်အချိန်ကိုစောင့်ဆိုင်းနေခဲ့ကာ ခြင်္သေ့မြို့အား တစ်ချက်တည်းဖြင့်သိမ်းယူရန် ပြင်ဆင်နေခဲ့သည်။