အခန်း (၃၀၁-၃၀၃)
Vol. 21 Ch. 301-303
အခန်း ၃၀၁ - စစ်ပွဲတစ်ခုစတင်ခြင်း
ရှောင်ယုသည် မြို့ရိုးထံချည်းကပ်လာသည့် ရန်သူတပ်များကိုကြည့်ရင်း အလွန်ပျော်ရွှင်နေခဲ့သည်။
သူတို့သည် ကြိုတင်ပြင်ဆင်မှုမရှိဘဲ ခြင်္သေ့မြို့အားတိုက်ခိုက်လာကြရာ သေလမ်းသို့တိုက်ရိုက်သွားနေသည်နှင့် မခြားတော့ပေ။ ထိုရှေးဟောင်းမိသားစုများ၏သခင်လေးများသည် သူတို့၏ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားကြပေသည်။ ရောဘတ်သည် ဒေါသပေါက်ကွဲနေသည့်အချိန်တွင် များလှစွာသောစစ်သည်များ၏ အသက်နှင့်သေခြင်းကိုဂရုမစိုက်တော့ပေ။
ထိုအကြောင်းကို ရှောင်ယုမသိသော်လည်း ရောဘတ်၏အမြင်တွင် ဤမျှလောက်သော လူများစွာ၏အသက်သည် သူ့အတွက်အရေးမပါလှပေ။ ရောဘတ်သည် ဤသာမန်စစ်သားများကို စစ်တုရင်အတွင်းရှိ နယ်ရုပ်တစ်ခုလိုသာသဘောထားခဲ့သည်။ ရောဘတ်သည် အဆုံးစွန်သောအောင်ပွဲကိုရရှိရန်အတွက် သူတို့၏အသက်များကိုချနင်းရမည်အား လုံးဝမစိုးရိမ်ခဲ့ပေ။ ရှောင်ယုထံတွင် သန်မာသောတပ်သားများပိုင်ဆိုင်ထားပြီး ယခုလိုမျက်စိမှိတ်တိုက်ခိုက်ခြင်းက ဝေပြည်နယ်၏စစ်တပ်ကို ကြီးကြီးမားမားဆုံးရှုံးစေမည်ဖြစ်ကြောင်း ရောဘတ်သိသော်လည်း ဂရုမစိုက်ခဲ့ပေ။ သူသည် ရှောင်ယု၏တပ်သားများအင်အားကုန်ဆုံးစေရန်အတွက် ဝေပြည်နယ်၏စစ်တပ်ကိုထိုးကျွေးပြီး အချိန်ကျရောက်လာသောအခါတွင် ကနေဒီမိသားစု၏တပ်များကို ခြင်္သေ့မြို့အားတိုက်ခိုက်စေမည်ဖြစ်သည်။
ဤသည်မှာ မတူညီသောရှုထောင့်နှစ်ခုမှနေ၍ လူသားတို့၏အသက်ကို ကွဲပြားသောရှုမြင်ပုံနှစ်ချက်ဖြစ်သည်။ ရှောင်ယုသည် ခေတ်မှီသောလောက၌မွေးဖွားခဲ့ရာ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုကို အလေးပေးပေသည်။ သူသည် လူသားများ၏အသက်ကိုလေးစားပြီး ဂရုစိုက်ပေသည်။သို့သော်လည်း ရောဘတ်သည် ရှေးဟောင်းမိသားစု၏ အမွေဆက်ခံသူဖြစ်သည်။ သူသည် မွေးဖွားလာစဉ်ကပင် သူလိုအပ်သည့်အရာမှန်သမျှကိုရရှိခဲ့ကာ မည်သူတစ်ဦးတစ်ယောက်ကမှ သူ၏သဘောထားကိုမပြောင်းလဲနိုင်စေခဲ့ပေ။ သူသာ အလိုရှိပါက လူတိုင်းကိုသတ်ဖြတ်နိင်ပေသည်။ထိုအလေ့အထသည် ရောဘတ်တစ်ယောက် သူ၏အဆင့်အတန်းကိုနားလည်ပြီးနောက် ယခုအချိန်ထိကပ်တွယ်လာသော ပုံစံဖြစ်ပေသည်။
ဘန်း ... ဘန်း ... ဘန်း
နာရီဝက်အတွင်း စစ်ပွဲစည်သံများသည် စတင်မြည်ဟိန်းလာခဲ့ပြီး ခြင်္သေ့မြို့သို့ ဝေပြည်နယ်တပ်များ ချီတက်လာခဲ့သည်။ ခြင်္သေ့မြို့၏ခုခံကာကွယ်ရေးတပ်များသည် ရှောင်ယု၏အမိန့်ကိုရရှိစဉ်ကပင် အသင့်အနေအထားပြင်ဆင်ထားကြသည်။ ဤရုတ်တရက်တိုက်ခိုက်မှုကြောင့် သူတို့သည်အလျင်စလိုပြင်ဆင်ခဲ့ရသော်လည်း သူတို့၏ခံစစ်ပြင်ဆင်မှုများက အကောင်းဆုံးအခြေအနေ၌ ရှိနေခဲ့သည်။
" ဘာလို့ ဒီငတုံးက အောစ့်တွေနဲ့သံမဏိရုပ်သေးတွေကိုမပို့ရတာလဲ "
ရှောင်ယုသည် ရန်သူစစ်သားများကိုတစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်ရှုပ်ထွေးနေခဲ့သည်။ ယခုခြင်္သေ့မြို့အား တိုက်ခိုက်သည့်စစ်သားများသည် ဝေပြည်နယ်၏တပ်များသာဖြစ်ကြောင်း သူတွေ့မြင်နေရသည်။ ယခုတိုက်ခိုက်လာသည့်အထဲတွင် ကနေဒီမိသားစု၏တပ်သားများ မပါဝင်ခဲ့ပေ။
ဘန်း...ဘန်း...
ရန်သူစစ်သားများသည် ခြင်္သေ့မြို့သို့ချီတက်လာစဉ်တွင် စစ်ပွဲစည်သံက ကျယ်လောင်စွာထွက်ပေါ်နေခဲ့သည်။ သူတို့ချီတက်လာစဉ်အတွင်း မြေပြင်သည်အဆက်မပြတ်တုန်ခါနေခဲ့ပြီး ဤဖြစ်ရပ်သည် ငလျင်လှုပ်နေသည်နှင့်ပင် ဆင်တူနေခဲ့သည်။
" ဝေပြည်နယ်ရဲ့တပ်သားတွေက မဆိုးဘူး ... သူတို့ကစုဘာရူရဲ့ဓားပြတွေနဲ့ဆိုလိုမွန်းရဲ့တပ်သားတွေနဲ့ယှည်လိုက်ရင် မတူကွဲပြားတဲ့အဆင့်တစ်ခုမှာ ရောက်နေခဲ့တယ် ... သူတို့ကိုအထင်သေးလို့မရဘူး ... "
ရှောင်ယုသည် ထိုသာမန်စစ်သားများကို အံ့သြနေခဲ့သည်။ မူလီသည် ထိုစစ်သားများကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေခဲ့သည်။ သူသည် တစ်ချိန်ကထိုစစ်သားများကို ပြုစုပျိုးထောင်ပေးခဲ့ပြီး ယခုအခါသူတို့အား ပြန်လည်သတ်ဖြတ်ရတော့မည်ဖြစ်၍ ရက်စက်သောခံစားချက်တစ်ခုဖြစ်သည်။
" သခင်လေး ... ငါတို့ကဝေပြည်နယ်ရဲ့တပ်သားတွေကိုပဲ အသုံးပြုသွားမှာလား ... ခြင်္သေ့နယ်မြေက အရမ်းကိုစွမ်းအားကြီးလွန်းတယ် ... ငါတို့ကဒီသာမန်တပ်သား၁၀၀၀၀၀ကိုမှီခိုအားထားရုံနဲ့ ခြင်္သေ့မြို့ကိုတိုက်ခိုက်သိမ်းပိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး "
ကနေဒီမိသားစု၏တပ်မှူးဖြစ်သော ဇန်းက ရောဘတ်၏အနားသို့ကပ်၍ တိုးတိုးလေးပြောလိုက်သည်။ ရောဘတ်တစ်ယောက် ဒေါသတကြီးဖြစ်နေချိန်တွင် ဇန်းကတိတ်တိတ်လေးရပ်နေခဲ့သည်။ ထိုအချိန်တွင် သူသာဤသခင်လေးကို ဝင်ရောက်စွက်ဖက်၍ အကြံပေးလိုက်ပါက ချက်ချင်းသတ်ဖြတ်ခံရမည်ဖြစ်ကြောင်း သိနေခဲ့သည်။ သို့သော်လည်း ယခုအချိန်၌ ယခုထိုးစစ်တွင်ကနေဒီမိသားစု၏ ဝှက်ဖဲအချို့အားထည့်သွင်းတိုက်ခိုက်စေရန်အတွက် ရောဘတ်ကိုအကြံပေးရန် နောက်မကျသေးပေ။ ဇန်းသည် အရည်အချင်းပြည့်ဝသောတပ်မှူးတစ်ယောက်ဖြစ်ကာ စစ်ပွဲ၏နည်းလမ်းများနှင့်ရင်းနှီးကျွမ်းဝင်ပေသည်။
ဇန်းသည် ခြင်္သေ့မြို့၏အင်အားကို အချိန်ကြာမြင့်စွာကတည်းက နားလည်ထားခဲ့ပြီး သူ၏လက်အောက်၌လည်း အောစ့်တပ်ဖွဲ့များကိုအမိန့်ပေးနိုင်စွမ်းရှိသည်။ လက်ရှိအချိန်တွင် သာမန်စစ်သားများကိုသာစေလွှတ်ခြင်းက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလမ်းစဉ်ကို ကျရောက်စေကြောင်း ဇန်းသိရှိထားပေသည်။ သူတို့သည် အောင်မြင်မှုတစ်စုံတစ်ရာကို ရယူလိုပါက အားကောင်းသောစစ်သည်များကိုစေလွှတ်၍ ရှောင်ယု၏အောစ့်များနှင့်အခြားတပ်သားများကို ဖိနှိပ်ရမည်ဖြစ်သည်။ ဤအခိုက်အတန့်တွင် ဝေပြည်နယ်၏တပ်များကိုသာတိုက်ခိုက်ရန်စေလွှတ်ခြင်းသည် ၎င်းတို့အားအမြှောက်စာအဖြစ် ထိုးကျွေးရုံမှလွဲ၍ ရန်သူအားဒုက္ခမပေးနိုင်ဟု ဇန်းအပြည့်အဝယုံကြည်ထားသည်။
မည်သို့ပင်ဆိုစေ ရန်သူ၏အင်အားကိုစမ်းသပ်ရန်အတွက် တပ်ဖွဲ့အချို့ကိုထိုးကျွေးရမည်ဖြစ်ကြောင်းကို ဇန်းနားလည်ထားသည်။ သူတို့သည် ရန်သူ၏အင်အားကိုရှင်းရှင်းလင်းလင်းနားလည်ချိန်မှသာ အားကောင်းသောတပ်သားများကိုစေလွှတ်၍ ရန်သူကိုခေါင်းမဖော်နိုင်အောင် ဖိအားပေးတိုက်ခိုက်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ သူတို့သည်ခြင်္သေ့မြို့၏အင်အားကြီးတပ်ဖွဲ့များကို ထိခိုက်နာကျင်စေမှာဖြစ်သည်။ ထိုသို့မဟုတ်ပါက ရန်သူသည်ကုစားချိန်ရရှိသွားပြီး သူတို့အားတန်ပြန်တိုက်ခိုက်လာမည်ဖြစ်သည်။
" မင်းကငါ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေတာလား ... "
ရောဘတ်သည် မျက်ခုံးပင့်လိုက်ပြီး ဇန်းကိုမေးမြန်းလိုက်သည်။
" မဟုတ်ဘူး ... အဲလိုသဘောမျိုးမဟုတ်ပါဘူး .... သခင်လေးကညဏ်ပညာရှိပါတယ် ... ဒီလက်အောက်ငယ်သားကရူးနေလို့ အဲလိုပြောမိတာပါ "
ဇန်းက အလျင်စလိုဖြေကြားလိုက်သော်လည်း စိတ်ထဲတွင်သက်ပြင်းချမိလိုက်သည်။ အကယ်၍ ရောဘတ်သာဤအတိုင်းဆက်လက်ပြုမူနေပါက ကနေဒီမိသားစုကိုဦးဆောင်ရသည့်အချိန်တွင် ကနေဒီမိသားစုသည် ရောဘတ်၏လက်ထဲ၌ပျက်စီးရမည်ဖြစ်သည်။ ကနေဒီမိသားစုသည် စွမ်းအားကြီးမားသည့်ရှေးဟောင်းမိသားစုဖြစ်သော်လည်း သူတို့၏အမွေဆက်ခံသူက သူတို့အားဖျက်ဆီးရန်လုံလောက်ပေသည်။
...
...
တစ်ချိန်တည်းမှာပင် ခန့်ညားချောမောသည့်လူငယ်တစ်ယောက်သည် တောင်တန်းတစ်ခုပေါ်မှနေ၍ အခြေအနေကိုစောင့်ကြည့်ရင်း ပြုံးလိုက်မိသည်။ ရှောင်ယုသာ ထိုလူငယ်အားတွေ့မြင်ပါက သွေးနတ်သူငယ်အခြေစိုက်စခန်းတွင် သူနှင့်တွေ့ဆုံခဲ့သော နီကိုးလပ်စ်အင်းစ်ဖြစ်ကြောင်း သတိပြုမိမှာဖြစ်သည်။
နီကိုးလပ်စ်သည် စစ်မြေပြင်ကိုတစ်ချက်ကြည့်ရင်း ခေါင်းခါမိလိုက်သည်။
" ငါကရောဘတ်ကို အမြင့်ကြီးတွေးထားခဲ့တာပဲ ... သူကရှောင်ယုရဲ့ရန်စမှုလေးတစ်ခုကိုတောင်မှ သည်းမခံနိုင်ဘူးလို့ ငါမထင်ထားခဲ့ဘူး ... ဒီကောင်က သာမန်စစ်သားတွေရဲ့အသက်ကိုဂရုမစိုက်ရုံတင်မကဘူး ... ရှောင်ယုရဲ့ခွန်အားကိုလည်းသတိမထားမိဘူး ... သူက ကနေဒီမိသားစုရဲ့အထူးတပ်တွေကိုအသုံးပြုလိုက်ရုံနဲ့ ခြင်္သေ့မြို့ကိုသိမ်းပိုက်နိုင်မယ်လို့ ထင်နေရင်တော်တော်တုံးအတာပဲ ... ရှောင်ယုကသက်သက်လွတ်သမားမဟုတ်ဘူး ... သူကစစ်မြေပြင်မှာရန်သူကိုတုန်လှုပ်စေနိုင်တဲ့ စစ်သူကြီးတစ်ယောက်ပဲ ... ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့အစွမ်းကုန်တိုက်ကြစမ်း ... အဆုံးသတ်မှာမင်းတို့နှစ်ယောက်ကရှံးနိမ့်ပြီး ငါကပဲအမြင့်ဆုံးမှာရယ်မောနိုင်သူဖြစ်ရမယ် ... "
နီကိုးလပ်စ်သည် စစ်မြေပြင်ကိုကြည့်ရင်း ပြုံးမိလိုက်သည်။ ရောဘတ်၏ကလေးဆန်သောစရိုက်ကြောင့် သူသည်ရှံးနိမ့်မှုနှင့်ရင်ဆိုင်ရလျှင်တောင်မှ နောက်ဆုတ်မည်မဟုတ်ကြောင်း သူနားလည်ထားသည်။ သူသည် နောက်ဆုံးအကြိမ်တိုက်ခိုက်မှုတွင် သူ့လက်အောက်တွင်ရှိနေသောတပ်အားလုံးကို ထည့်သွင်းအသုံးပြုသွားမည်ဖြစ်သည်။ ထိုသို့ရူးသွပ်သောတိုက်ခိုက်မှုတစ်ခုက ခြင်္သေ့မြို့ကိုသိမ်းပိုက်ရန် မလုံလောက်သော်လည်း ရောဘတ်သည် ရှောင်ယုအားကြီးကြီးမားမားထိခိုက်သွားအောင် လုပ်ဆောင်နိုင်ကြောင်း နီကိုးလပ်စ်နားလည်ပေသည်။ ထိုအချိန်တွင် သူ၏အခွင့်အရေးက ရောက်ရှိလာမည်ဖြစ်သည်။
ရှောင်ယုသည် မြို့ရိုးနှင့်မီတာရာအနည်းငယ်သို့ရောက်လာသည့် ရန်သူစစ်သားများကိုကြည့်ရင်း သက်ပြင်းချမိလိုက်သည်။
" မြှားတွေကိုအသင့်ပြင် ... ပစ် "
ချင်ချဲက အော်ဟစ်အမိန့်ပေးလိုက်သည်။ ရှောင်ယုသည် ခေတ်သစ်စစ်ပွဲများ၌အသုံးပြုသည့် တာဝေးစစ်ပွဲနည်းဗျူဟာများအကြောင်းကို ချင်ချဲအားသင်ကြားပေးထားပြီးဖြစ်သည်။ ထို့ကြောင့်ချင်ချဲသည် တာဝေးပစ်တိုက်ပွဲများ၏ စွမ်းအားကိုသိရှိထားပြီဖြစ်သည်။ ထို့ကြောင့်ချင်ချဲသည် ခြင်္သေ့မြို့ရှိအဆိုပါတပ်ဖွဲ့များအား စတင်ဦးဆောင်နေခဲ့ပြီဖြစ်သည်။ အတိတ်ကာလက ခြင်္သေ့မြို့တွင် တပ်အင်အားထောင်နှင့်ချီ၍ရှိခဲ့သော်လည်း ယခုအခါခြင်္သေ့နယ်မြေကြီးထွားလာသည်နှင့်အမျှ ရှောင်ယု၏လက်အောက်တွင် အင်အားသောင်းချီသောတပ်ဖွဲ့ကြီးတစ်ခုရှိလာခဲ့သည်။ သို့သော်လည်း ထိုသို့ကြီးမားလာသောစစ်တပ်တစ်ခုတွင် တပ်ဖွဲ့များစွာပါဝင်ဖွဲ့စည်းထားသည်ဖြစ်ရာ အလွန်ပင်ရှုပ်ထွေးလှသည့်အတွက် ရှောင်ယုသည် တပ်ဖွဲ့တိုင်းအားကိုယ်တိုင်အမိန့်မပေးနိုင်ခဲ့ပေ။
ရွှီး .... ရွှီး .... ရွှီး
လေးသမားများသည် ချင်ချဲ၏အမိန့်ကိုရသည်နှင့် စတင်ပစ်ခတ်လိုက်ကြသည်။ ထောင်နှင့်ချီသောမြှားတံများသည် လေးများပေါ်မှပျံသန်းထွက်ခွာလာကြသည်။ ဤအခိုက်အတန့်တွင် ခြင်္သေ့မြို့မှ လေးသမားများတွင် နတ်သူငယ်များသာမက သာမန်တပ်သားများပါ ပေါင်းစပ်ပါဝင်နေပြီဖြစ်သည်။ သူတို့သည် ဤသို့ပစ်ခတ်နိုင်ရန် အချိန်ကြာမြင့်စွာလေ့ကျင့်ခဲ့ရသည်။ ထို့ကြောင့်သူတို့သည် နတ်သူငယ်လေးသမားများနှင့်မယှဉ်နိုင်သော်လည်း လက်ရွေးစင်တပ်သားများဖြစ်နေကြပြီဖြစ်သည်။
ကောင်းကင်တစ်ခုလုံးသည် မြှားများဖြင့်ဖုံးကွယ်ခံလိုက်ရသည်။ ထို့နောက် မြှားများသည် မိုးသီးမိုးပေါက်သဖွယ် ရန်သူစစ်သားများထံသို့ စတင်ကျဆင်းလာကြသည်။
အခန်း ၃၀၂ - အခြေစိုက်စခန်းများ တိုက်ခိုက်ခံရခြင်း
ရှောင်ယု၏တပ်သားများသည် ခုခံမှုအပိုင်းတွင် များစွာသောအတွေ့အကြုံများကို ရရှိထားပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သောမြှားများသည်ကောင်းကင်ပေါ်မှနေ၍ မြို့ဆီချီတက်လာသည့်ရန်သူများဆီသို့ ဆက်တိုက်ကျဆင်းလာခဲ့သည်။ စစ်မြေပြင်၌ သေဆုံးခြင်းဟူသည် ထူးဆန်းသောအရာမဟုတ်ပေ။ ထို့ကြောင့်စစ်သားများသည် သူတို့၏ရဲဘော်များကျရှုံးနေသည်ကိုမြင်သော်လည်း နောက်ပြန်မဆုတ်ဘဲ မြို့သိမ်းလှေကားများနှင့်အတူ မြို့ရိုးဆီသို့တဟုန်ထိုးချီတက်သွားခဲ့ကြသည်။
ရှချီသည် ဤတိုက်ခိုက်မှုအား ကိုယ်တိုင်ကြီးကြပ်ခဲ့ရသည်။ သူသည် စစ်သားများနောက်ပြန့်လှည့်၍ ထွက်ပြေးခြင်းမပြုလုပ်စေရန် နောက်မှနေ၍တိုက်ပွဲကို ကြီးကြပ်နေခဲ့သည်။ ရှချီသည် ယခုအချိန်တွင် ဘေးကင်းနေသော်လည်း သူသည်ရောဘတ်ကိုစိတ်ထဲမှနေ၍ ကျိန်ဆဲနေခဲ့သည်။ သူသည်ကောင်းကင်ပေါ်မှ မိုးရွာသလိုကျဆင်းနေသော မြှားများကိုကြည့်လိုက်ပြီး သူ၏တပ်သားများဆက်တိုက်သေဆုံးနေသည်ကိုကြည့်ရင်း ကူကယ်ရာမဲ့စွာဖြင့်ရေရွတ်လိုက်သည်။
" ငါတို့ ဒီလိုအဖြစ်မျိုးကြုံတွေ့ရမယ်မှန်းသိရင် ကနေဒီမိသားစုရဲ့တောင်ပံတွေအောက်ကို ခိုမဝင်ခဲ့ပါဘူး "
သို့သော်လည်း ရှချီသည် ဤကိစ္စရပ်များအား သူကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းမရှိပေ။ လီဟဲသည်ပင် ကနေဒီမိသားစု၏အကူအညီဖြင့် ယနေ့သူရောက်ရှိနေသည့်နေရာထိ တက်လှမ်းနိုင်ခဲ့သည်ကို အခြားမည်သူထက်မဆို ရှချီကပိုမိုသိရှိပေသည်။ သူတို့သည် လှေတစ်စင်းကိုအတူတူစီးနင်းခဲ့ပြီးဖြစ်ရာ ယခုအချိန်ရောက်မှ ခုန်ဆင်းရန်မဖြစ်နိုင်တော့ပေ။
သတ်ကြ ....
ရှောင်ယုသည် စစ်မြေပြင်ကိုတစ်ချက်ကြည့်လိုက်ပြီး ရန်သူစစ်သားများ၏ ကျယ်လောင်စွာမာန်သွင်းအော်ဟစ်သံကို ကြားလိုက်ရသည်။ သူသည် ဤသို့သောမြင်ကွင်းများကိုအကြိမ်ပေါင်းများစွာတွေ့မြင်ဖူးသော်လည်း ဂရုမစိုက်ဘဲမနေဝံ့ပေ။ ကနေဒီမိသားစုသည် ယခုအချိန်ထိသူရင်ဆိုင်ခဲ့ဖူးသော ရန်သူများအနက် အသန်မာဆုံးဖြစ်သည်။ သို့သော်လည်း သူသည်ယခင်စစ်ပွဲများလောက် စိတ်လှုပ်ရှားနေမှုအရိပ်အယောင်ကိုမခံစားရပေ။
တစ်ခါတရံတွင် အခက်အခဲနှင့်ဖိအားများသည် လူတစ်ဦးချင်းစီ၏ လျှို့ဝှက်ထားသောအရည်အသွေးများကို ထုတ်ဖော်ရန်လှုံဆော်ပေးနိုင်သည်။ လူတစ်ယောက်သည် သူ၏ကိုယ်ပိုင်အရေပြားကိုဂရုစိုက်တတ်သော်လည်း အသုံးမကျသည့်သခင်လေးရောဘတ်ကမူ သူ့တပ်သားများ၏အသက်ကိုပင်ဂရုမစိုက်ဘဲ သေခြင်းတရားဆီသို့ အရောက်တွန်းပို့ပေးနေခဲ့သည်။ ရှောင်ယုသည် သန်မာသောစစ်သူကြီးများနှင့် ရင်ဆိုင်ရပါကစိတ်လှုပ်ရှားတတ်သော်လည်း ရောဘတ်သည်ထိုသို့သောလူမျိူးမဟုတ်ပေ။
စစ်သူကြီးကောင်းတစ်ယောက်သည် စစ်သားအနည်းငယ်ကိုဦးဆောင်ကာ အောင်ပွဲကိုအရယူနိင်သော်လည်း အရည်အချင်းမပြည့်ဝသည့်စစ်သူကြီးသည် တပ်သားထောင်ချီကိုသေတွင်းထဲသို့ တွန်းပို့နိုင်သည်။ ထို့ကြောင့်ရှောင်ယုသည် ပြင်းထန်နေသောတိုက်ပွဲကိုကြည့်ရင်း မည်သည့်စိတ်လှုပ်ရှားမှမဖြစ်ပေါ်ဘဲ ထိုင်ခုံပေါ်ပြန်ထိုင်လိုက်ကာ ဝိုင်၏အရသာကိုခံစားနေခဲ့သည်။ မူလက ရှောင်ယုသည် သူ၏စစ်သားများကိုစိတ်ဓာတ်တက်ကြွစေရန် ထိုသို့လုပ်ဆောင်ခဲ့သော်လည်း ယခုပုံစံအရထိုသို့လုပ်ဆောင်ရန်ပင် လိုအပ်မည့်ပုံမပေါ်ပေ။
ချင်ချဲ ၊ မူလီနှင့်ကပ္ပတိန်ဟွေ့တို့သည် အရည်အချင်းပြည့်ဝသည့် စစ်သူကြီးများဖြစ်ကြသည်။ သူတို့သည် စစ်ပွဲအတွင်းသူတို့ပုခုံးပေါ်ကျရောက်လာသည့် ဖိအားများကိုသူတို့ကိုယ်တိုင်တောင့်ခံနိုင်ကြသည်။ အထူးသဖြင့် သရောလ် ၊ အူသာ ၊ တိုင်ရန်ဒီနှင့်ခိုင်ရင်းတို့သည် သူတို့၏ကိုယ်ပိုင်တပ်သားများကို ဦးဆောင်နိုင်ကြသည်။
...
...
ဝေပြည်နယ်၏တပ်သားများသည် သူတို့၏ကိုယ်ပိုင်အသက်ကိုလျစ်လျူရှုကာ မြို့ရိုးဆီရောက်အောင် တဟုန်ထိုးပြေးဝင်လာကြသည်။ ထိုသို့လုပ်ဆောင်မှုသည် ရူးမိုက်ပုံရသော်လည်း ရန်သူအရေအတွက်များပြားမှုကြောင့် ရှောင်ယု၏စစ်သားများသည်လည်း ထိခိုက်မှုအချို့ရှိခဲ့သည်။ သို့သော်လည်း ခြင်္သေ့မြို့၏ခံစစ်သည် ဆက်လက်တောင့်ခံနိုင်ဆဲဖြစ်သည်။ သာမန်စစ်သားများသည် ဝေပြည်နယ်၏လက်ရွေးစင်တပ်သားများလောက် မသန်မာသော်လည်း အူသာမှအလင်း၏ကောင်းချီးကိုထုတ်ဖော်ပြီးနောက် သူတို့၏ခွန်အားများသည် ယခင်ထက်နှစ်ဆပိုမိုသန်မာလာခဲ့သည်။
စစ်ပွဲသည်ဆက်လက်ဖြစ်ပွားနေခဲ့ကာ သွေးများကမြို့ရိုးနံရံတလျှောက်စီးကျလာခဲ့သည်။ ရံဖန်ရံခါ၌ ဒဏ်ရာရရှိနေသောစစ်သားများ၏ နာကျဉ်းစွာအော်ဟစ်သံများ ထွက်ပေါ်လာတတ်သည်။ ရှချီသည် တပ်သားများကိုဦးဆောင်ကာ ဆက်တိုက်ဆိုသလို တိုက်ခိုက်နေခဲ့သည်။ နေ့အလင်းရောင်ပျောက်ကွယ်လာချိန်တွင် မြေကြီးသည်ပင် အနီရောင်ပြောင်းသွားခဲ့ရသည်။
ညရောက်လာသောအခါမှ ကနေဒီမိသားစု၏ထိုးစစ်သည် ရပ်တန့်သွားခဲ့ရသည်။ ထိုနေ့တစ်နေ့တည်းတွင် ဝေပြည်နယ်မှတပ်သား ၁၀၀၀၀ထက်မနည်းသေဆုံးခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူများသည် မောဟိုက်နွမ်းနယ်စွာဖြင့် စခန်းသို့ပြန်ရောက်လာကြသည်။
အလားတူပင် ခြင်္သေ့မြို့ဘက်၌လည်း ကြီးမားသောဆုံးရှုံးမှုအချို့ရှိခဲ့သည်။ အဆုံးသတ်တွင် သာမန်တပ်သားများသည် ဝေပြည်နယ်၏ လက်ရွေးစင်တပ်သားများကိုမယှဉ်နိုင်ပေ။ ကနေဒီမိသားစုသည် အကောင်းဆုံးလက်နက်နှင့်ချပ်ဝတ်များကို ဝေပြည်နယ်၏စစ်တပ်အား ပံ့ပိုးပေးထားခဲ့သည်။
ရှောင်ယုသည် မူလီနှင့်ကပ္ပတိန်ဟွေ့အား စစ်မြေပြင်ကိုသန့်ရှင်းရေးလုပ်ရန်နှင့်လှည့်ကင်းများထားရှိရန် အမိန့်ပေးခဲ့ပြီး အနားယူရန်ထွက်သွားခဲ့သည်။ ရှောင်ယုသည် ကနေဒီမိသားစု၏ပင်မတပ်များကို မည်သို့ဖျက်ဆီးရမည်ကိုတွေးတောရင်း စိတ်များနောက်ကျိနေခဲ့သည်။ အပေါ်ယံ၌ ရောဘတ်သည်သူ၏အင်အားအကုန်လုံးကို ထုတ်ဖော်အသုံးပြုနေပုံရသော်လည်း ကနေဒီမိသားစုထံတွင် အခြေအနေကိုလိုက်၍ထုတ်ဖော်ရန်လျှို့ဝှက်ထားသော ဝှက်ဖဲအချို့ရှိနေကြောင်း ရှောင်ယုကောင်းကောင်းသိထားပေသည်။
ရှောင်ယုသည် မြေအောက်မြို့တော်၌ရှိစဉ်က ကနေဒီမိသားစု၏ အဆင့်မြင့်သူရဲကောင်းများနှင့်မှော်ဆရာများ၏အစွမ်းကို ကိုယ်တိုင်ကြုံတွေ့ဖူးပေသည်။ ယခုအခါ ရှောင်ယုထံ၌အဆင့်မြင့်အင်အားစုများ အလွန်ပင်ရှားပါးနေခဲ့သည်။ ထို့ကြောင့် ရှောင်ယုသည် သူ့ပုခုံးပေါ်ရှိဖိအားများကိုဖယ်ရှားရန် ဆရာဟစ်ဂင်၏အကူအညီကို လိုအပ်နေခဲ့သည်။ ဆရာဟစ်ဂင်မှ ထုတ်လုပ်ပေးမည့် မှော်ပေါက်ကွဲရေးမြှားများသည် စတုတ္ထအဆင့်မှော်ဆရာတစ်ဒါဇင်ကျော်ရှိသည်နှင့် ညီမျှပေသည်။
သို့သော်လည်း ရှောင်ယု၏ပြဿနာများသည် ကနေဒီမိသားစုနှင့်ပင် မပြီးသေးပေ။ နီကိုးလပ်စ်အင်းသည် ဤတိုက်ပွဲကို ထောင့်တစ်နေရာမှ စောင့်ကြည့်နေမည်ဖြစ်ကြောင်း ရှောင်ယုနားလည်ထားသည်။ ထို့ကြောင့် ရှောင်ယုသည်စစ်ပွဲကိုအနိုင်ရရှိရုံမှလွဲ၍ အခြားသောရွေးချယ်စရာမရှိခဲ့ပေ။ သူသည် အရှုံးကိုလုံးဝလက်မခံနိုင်ပေ။
ရှောင်ယုသည် သူ၏မရီးများနှင့်အတူ ညစာစားနေခဲ့သည်။ ရှောင်ယုသည် ညစာစားပွဲအတွင်း ရယ်မောပျော်ရွှင်နေကာ စစ်ပွဲအားဂရုမစိုက်သလို ပြုမူနေခဲ့သည်။ မရီးများသည် ရှောင်ယု၏ဟာသညဏ်ရွှင်သော စကားလုံးများကိုသဘောကျကြသည်။ သို့သော်လည်း ရှောင်ယုသည်ယခုအချိန်၌ အင်အားကြီးမားသည့်ရန်သူစစ်တပ်တစ်ခုနှင့်ရင်ဆိုင်နေရသည့်အတွက် သူမတို့အတန်ငယ်စိုးရိမ်နေမိသည်။ သူမတို့ထဲတွင် ဆုရှာတစ်ယောက်တည်းသာ စစ်ပွဲ၌ဝင်ရောက်တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် အခြားသောမရီးများသည် ထောက်ပို့ရေးအပိုင်း၌ကူညီပေးကြသည်။
ရှောင်ယုသည် ညစာစားပြီးနောက်တွင် လကိုကြည့်ရန်ထွက်လာခဲ့သည်။ သူသည် အကြောင်းရင်းမယ်မယ်ရရမရှိသော်လည်း အပြာရောင်ကမ္ဘာကြီးကို တွေးကာ ပြန်လည်သတိရနေခဲ့သည်။ ထိုကမ္ဘာကြီးပေါ်တွင် သူ၏သူငယ်ချင်းများနှင့်အတူ ဂိမ်းကစားခဲ့ရသည့်နေ့ရက်များကို ပြန်လည်သတိရနေမိသည်။
ရှောင်ယုသည် သူ၏အခန်းတွင်းသို့ အနားယူရန်အတွက်ဝင်ရောက်လာချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေသလိုခံစားမိလိုက်သည်။ သူသည် တစ်စုံတစ်ခုသောအန္တာရယ်အငွေ့အသက်ကို ရရှိနေခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ကျယ်လောင်သောပေါက်ကွဲသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
" ဘာဖြစ်တာလဲ ... "
ရှောင်ယုသည် မျက်မှောင်ကြုတ်မိလိုက်ကာ ပေါက်ကွဲသံထွက်ပေါ်လာရာဆီသို့ လှည့်ကြည့်လိုက်သည်။
" သေစမ်း ... ဒီရောဘတ်ကတော်တော်လေး ပါးနပ်တာပဲ ... သူကငါ့ရဲ့အခြေစိုက်စခန်းတွေကိုတိုက်ခိုက်တယ်ပေါ့ ... သေစမ်း အခြေစိုက်စခန်းတွေကိုကာကွယ်ကြ "
ရှောင်ယုသည် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ရောဘတ်သည် ညအမှောင်ကို အခွင့်အရေးယူကာ သူ၏အခြေစိုက်စခန်းကိုတိုက်ခိုက်ခြင်းဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ထိုအခြေစိုက်စခန်းများသည် သူ၏တပ်သားများကိုဆင့်ခေါ်ရာနေရာဖြစ်ကာ ရှောင်ယုသည်အလွန်ဒေါသထွက်သွားခဲ့သည်။ သူသည် ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း အခြေစိုက်စခန်းများနှင့်ဆက်သွယ်ထားသည့် လှိုဏ်ခေါင်းဆီသို့ပြေးဝင်သွားခဲ့သည်။
" ငါတို့ရဲ့အိမ်တွေကိုတိုက်ခိုက်ဝံ့တဲ့လူတိုင်းကို သတ်ဖြတ်ကြ "
ဆင့်ခေါ်တပ်သားများသည် ကျူးကျော်သူများကသူတို့၏အိမ်ကိုတိုက်ခိုက်လာ၍ ဒေါသတကြီးဖြင့်ခုခံတိုက်ခိုက်လိုက်ကြသည်။
အခန်း ၃၀၃ - ငါ့မှာလည်းအောစ့်တွေရှိတယ်
ရှောင်ယုသည် အခြေစိုက်စခန်းများနှင့်ပတ်သက်၍ များစွာစိတ်မပူခဲ့ပေ။
သူသည် ယခုလိုတိုက်ခိုက်ခံရမည်ကို ကြိုတင်မျှော်လင့်ထားသည့်အတွက်ကြောင့် လုံလောက်သောပြင်ဆင်မှုများပြုလုပ်ထားခဲ့ပြီးဖြစ်သည်။ ကနေဒီမိသားစုသည် အချိန်တိုအတွင်း ရှောင်ယုပြင်ဆင်ထားသည့် ခံစစ်အစီအမံများကိုချိုးဖောက်ရန် လုံးဝမဖြစ်နိုင်ပေ။ အထူးသဖြင့် အချို့သောဆင့်ခေါ်တပ်သားများသည် အခြေစိုက်စခန်းများ၌ အနားယူနေကြရာ အခြေစိုက်စခန်းများ၏ခုခံနိုင်စွမ်း ပိုတိုးလာခဲ့သည်။
ရှောင်ယုသည် လယ်သမားများနှင့်အလုပ်သမားများကို အခြေစိုက်စခန်းများရှိ ခုခံရေးမျှော်စင်များ၌စောင့်ခိုင်းထားကာ ညအချိန်၌ကင်းလှည့်နေစေခဲ့သည်။ ရှောင်ယုသည် အခြေစိုက်စခန်းအနီးတဝိုက်တွင် ထောင်ချီသောခုခံမှုမျှော်စင်များကို တည်ဆောက်ထားခဲ့သည်။ ထို့ပြင် ထိုခုခံမှုမျှော်စင်များသည် အောစ့်နှင့်လူသားအခြေစိုက်စခန်းတို့အဆင့်တက်ချိန်၌ အဆင့်၂သို့တက်လှမ်းသွားခဲ့သည်။ ထို့ပြင် မျှော်စင်များကိုစနစ်တကျနေရာချထားပေရာ မြို့ရိုးတစ်ခုထက်မနိမ့်ကျခဲ့ပေ။
ရှောင်ယုသည် အခြေစိုက်စခန်းသို့ရောက်ရှိချိန်တွင် တိုက်ပွဲကစတင်နေပြီဖြစ်သည်။ ရှောင်ယုမျှော်လင့်ထားသည့်အတိုင်း ကနေဒီမိသားစုသည် ခံစစ်လိုင်း၏အပြင်ဘက်အကျဆုံးနေရာကိုပင် ထိုးဖောက်နိုင်ခြင်းမရှိသေးပေ။ အောစ့်နှင့်လူသားအခြေစိုက်စခန်းများ၏ အဆင့်၂ခုခံမှုမျှော်စင့်များသည် အလွန်အားကောင်းလှသည်။ ထိုမျှော်စင်များ၌ အကြီးစားဒူးလေးများကိုတပ်ဆင်ထားခဲ့ပြီး ထောင်ချီသောဒူးလေးများတစ်ချိန်တည်းပစ်ခတ်လိုက်ပါက ကောင်းကင်တခွင်ကိုမြှားများနှင့် ဖုံးလွှမ်းစေမှာဖြစ်သည်။
ကနေဒီမိသားစု၏ အဆင့်မြင့်လုပ်ကြံသူများသည် အခြေစိုက်စခန်းများသို့လာရောက်၍ ကြိုတင်စုံစမ်းခဲ့ကြသည်။ သို့သော်လည်း နတ်သူငယ်များသည် ခုခံမှုမျှော်စင်များကိုဖုံးကလွယ်ထားခဲ့၍ ပဥ္စမအဆင့်လုပ်ကြံသူများသည်ပင် ထိုမျှော်စင်များကိုမတွေ့ခဲ့ကြပေ။ ထို့ပြင် ပဥ္စမအဆင့်လုပ်ကြံသူများသည် အခြေစိုက်စခန်းများ၏အစွန်အဖျား၌သာ စူးစမ်းနိုင်ခဲ့ကြပြီး မည်သူကမှအတွင်းပိုင်းထိ မဝင်ရောက်နိုင်ခဲ့ကြပေ။ သူတို့သည် ခုခံမှုမျှော်စင်အချို့ကိုရှာတွေ့ခဲ့သော်လည်း အလေးထားမစူးစမ်းခဲ့၍ ၎င်းတို့၏ပစ်ခတ်နိုင်စွမ်းအပေါ် ကြီးမားသောအမှားများပြုလုပ်ခဲ့မိသည်။
ကနေဒီမိသားစုသည် စက်ရုပ်(သံမဏိရုပ်သေး)များကိုအဓိကထားအသုံးပြုကာ မျှော်စင်များ၏ခုခံမှုကိုဖြတ်ကျော်ခဲ့ကြသည်။ ထိုစက်ရုပ်များသည် သူတို့၏ဧရာမဓားကြီးများကိုအသုံးပြုကာ မျှော်စင်များကိုခုတ်ဖြတ်ခဲ့သော်လည်း ၎င်းတို့အားလွယ်လွယ်ကူကူဖြတ်တောက်၍မရပေ။ စက်ရုပ်များသည် အလွန်အားကောင်းသော်လည်း မျှော်စင်ထောင်ချီဖြင့်ဖွဲ့စည်းထားသော ခံစစ်လိုင်းတစ်ခုအား ဖြတ်ကျော်ရန်အလွန်ခက်ခဲပေသည်။ စက်ရုပ်များသည် သူတို့၏ဧရာမဓားများဖြင့် ခုခံမှုမျှော်စင်များကိုပိုင်းဖြတ်နိုင်သော်လည်း ထိုသို့ပြုလုပ်မည်ဆိုပါက နာရီအနည်းငယ်ကြာမြင့်မည်ဖြစ်သည်။
" ဟမ့် ... ငါကမင်းလိုငတုံးတစ်ကောင်လို့ထင်နေတာလား .... ငါကဒီလိုတိုက်ပွဲမျိုးအတွက် ပေါ့ပေါ့တန်တန်ပြင်ဆင်ထားမယ်လို့ထင်လား ... ဒါကစိတ်ပိုင်းဆိုင်ရာဗျူဟာတစ်ခုပဲ .... မင်းအမြင်မှာ ငါတို့က နေ့ဘက်ပြင်းပြင်းထန်ထန်တိုက်ခ်ိုက်ခဲ့လို့ ညဘက်မှာမတိုက်ဘူးလို့ ထင်နေတာလား ... ဒီအခြေစိုက်စခန်းတွေက သူ့အပေါ်သစ္စာခံတဲ့တပ်သားတွေ အဓိကရှိနေတဲ့နေရာပဲ ... ငါကဒီနေရာကိုသိမ်းပိုက်ပြီးတော့ သူ့ရဲ့အဓိကအမြစ်တွေကိုဆွဲထုတ်ပစ်မယ် ... မြို့ကိုသိမ်းပိုက်တာက အဓိကဆိုပေမဲ့ မင်းရဲ့အခြေစိုက်စခန်းတွေကို ငါမျက်ကွယ်ပြုထားမယ်လို့ထင်နေတာလား "
ရောဘတ်သည် အခြေစိုက်စခန်းများဆီသို့ လှမ်းကြည့်နေရင်း သူ၏မျက်နှာပေါ်၌ မာနကြီးသောအမူအရာများဖြစ်ပေါ်နေခဲ့သည်။
သူ့ဘေးနားတွင်ရပ်နေသော ဇန်းကလည်းချီးကျူးလိုက်သည်။
" သခင်လေးက တကယ်ညဏ်ရှိပါပေတယ် ... နည်းဗျူဟာတွေနဲ့ပတ်သက်လာရင် ငါကညဏ်တိမ်ပေမဲ့ သခင်လေးကတော့အရာရာကိုကြိုတွေးထားတာပဲ ... သခင်လေးရဲ့ခေါင်းဆောင်မှုနဲ့သာဆိုရင် ငါတို့ကတစ်နေ့မှာတိုက်ကြီးတစ်ခုလုံးကို အုပ်စိုးနိုင်လိမ့်မယ် ... သခင်လေးကမျိုးနွယ်စုအားလုံးရဲ့အကြီးမြတ်ဆုံး အရှင်သခင်ဖြစ်လာမယ့်နေ့ကို ငါစောင့်မျှော်နေမိပြီ "
ရောဘတ်သည် ဇန်း၏ဖိနပ်လျှက်သောစကားကို ပြုံးရွှင်စွာဖြင့်နားထောင်နေခဲ့သည်။
ရွှီး ... ရွှီး ... ရွှီး
ထိုအချိန်တွင် ဂရစ်ဖင်များသည် တိုက်ပွဲအတွင်းသို့ဝင်ရောက်လာကာ စက်ရုပ်များကိုလျှပ်စီးဖြင့် စတင်ပစ်ခတ်ခဲ့သည်။
" ဂရစ်ဖင်တွေကို မြန်မြန်သတ်ကြ "
ရောဘတ်သည် တိုက်ပွဲအတွင်းသို့ဝင်ရောက်လာသည့် ဂရစ်ဖင်များကိုမြင်သောအခါတွင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူသည် စက်ရုပ်ရာနှင့်ချီ၍ ဂရစ်ဖင်များ၏လက်ချက်ကြောင့် ပျက်စီးသွားသည်ကို သတင်းရရှိထားခဲ့သည်။ သို့သော်လည်း ဂရစ်ဖင်များသည် အဘယ်ကြောင့်စက်ရုပ်များကိုပင် အကြီးအကျယ်ဒုက္ခပေးနိုင်ရသည်ကို သူယခုတိုင်နားမလည်သေးပေ။
မှော်ဆရာများသည် ရောဘတ်၏အမိန့်ကိုရရှိသည်နှင့် မှော်မန္တန်များအား အမြန်ဆုံးထုတ်ဖော်လိုက်ကြသည်။ ဂရစ်ဖင်များသည် မှော်ဆရာများက သူတို့အားတိုက်ခိုက်ရန်ပြင်ဆင်နေသည်ကို မြင်သောအခါ ထိုနေရာမှချက်ချင်းထွက်ခွာ၍ လေထုထဲတိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ အဆင့်မြင့်မှော်ဆရာများသည် သူတို့အားအကြီးအကျယ်ထိခိုက်မှုပေးနိုင်ကြောင်း သူတို့နားလည်ထားကြပေသည်။
နောက်ဆုံးအကြိမ်တိုက်ခိုက်မှုတွင် ဂရစ်ဖင်များသည် ကွင်းဆက်လျှပ်စီးကြောင်းကိုထုတ်ဖော်၍ အဆင့်မြင့်သူရဲကောင်းများနှင့်မှော်ဆရာများကို သတ်ဖြတ်နိုင်ခဲ့သော်လည်း လက်ချီမြို့တိုက်ပွဲတွင် အဆင့်မြင့်မှော်ဆရာများ၏ ထွက်ပြေးမှုအားမတားဆီးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အဆင့်မြင့်မှော်ဆရာများသည် ဂရစ်ဖင်များ၏တိုက်ခိုက်မှုဒဏ်မှ သူတို့ကိုယ်သူတို့ကာကွယ်နိုင်ကာ ပြန်လည်တိုက်ခိုက်န်ိုင်၍ဖြစ်သည်။
ဗုံး ... ဗုံး ...
သို့သော်လည်း အဆင့်မြင့်မှော်ဆရာများသည် ဂရစ်ဖင်အကောင်တစ်ဒါဇင်ခန့်ကို သတ်ဖြတ်လိုက်နိုင်ဆဲပင်ဖြစ်သည်။ စတုတ္ထအဆင့်နှင့်ပဥ္စမအဆင့်မှော်ဆရာများသည် ကြောက်မက်ဖွယ်ရာလက်နက်များဖြစ်သည်။ သို့သော်လည်း ဂရစ်ဖင်များထွက်ခွာသွားသည်နှင့်တပြိုင်နက် လင်းနို့တစ်ဖွဲ့သည်ကနေဒီမိသားစု၏တပ်များအပေါ်သို့ ပျံသန်းရောက်ရှိလာကြသည်။ ထို့နောက်လင်းနို့များသည် မီးတောက်ဆီဗုံးများကို ရန်သူများအပေါ်သို့ပစ်ချလိုက်ပြီး ပျံသန်းထွက်ခွာသွားခဲ့သည်။ အခြေစိုက်စခန်းသို့ တပ်ကူများရောက်ရှိလာမှုက ကနေဒီမိသားစု၏တိုက်ခိုက်မှုများကို အတိုင်းအတာတစ်ခုထိဟန့်တားနိုင်ခဲ့သည်။
" ဘာလို့ ဒီခံစစ်လိုင်းတွေကိုဖြတ်ကျော်ဖို့ အချိန်တွေအကြာကြီးယူနေရတာလဲ "
ရောဘတ်သည် ကြန့်ကြာနေသောတိုက်စစ်ကြောင့် မကျေမနက်ရေရွတ်လိုက်သည်။ လေကြောင်းတပ်များသည် ခြင်္သေ့မြို့၌သာစခန်းချခဲ့ကြပြီး သူတို့သည်အခြေစိုက်စခန်းများသို့ လတ်တလောမဝင်ရောက်နိုင်သေးပေ။
ဇန်းသည် အကူအညီမဲ့စွာဖြင့်တင်ပြလိုက်သည်။
" သခင်လေး ... ဒီကမျှော်စင်တွေမှာ အကြီးစားဒူးလေးတွေတပ်ဆင်ထားပါတယ် ... မှော်ဆရာတွေကသာ သတိလက်လွတ်ချည်းကပ်မိသွားရင် သူတို့ရဲ့အသက်ကိုတောင်ပေးဆပ်ရနိုင်ပါတယ် "
ဇန်း၏တင်ပြချက်များသည် လုံးဝမှန်ကန်ပေသည်။ မှော်ဆရာများသည် ဒူးလေးပစ်ခတ်မှုများမှ သူတို့ကိုယ်သူတို့ကာကွယ်ရန်အတွက် မှော်ဒိုင်းနှင့်အခြားမှော်ပစ္စည်းများကို အသုံးပြုနိုင်ကြသည်။ သို့သော်လည်း အကြီးစားဒူးလေးများသည် အခြားသောအဆင့်တစ်ခု၌ရှိကြသည်။ အကြီးစားဒူးလေးတစ်ဒါဇင်ခန့်က မှော်ဆရာတစ်ယောက်ကိုချိန်ရွယ်ပစ်ခတ်လိုက်ပါက ထိုမှော်ဆရာသည်ကျိန်းသေသေဆုံးရမည်ဖြစ်သည်။ မှော်ဆရာများသည် တိုက်စစ်စွမ်းအားကောင်းမွန်သော်လည်း ခံစစ်အရာတွင်အလွန်အားနည်းပေသည်။
အထူးသဖြင့် ခံစစ်လိုင်းကို မျှော်စင်ထောင်ချီဖြင့် ဖွဲ့စည်းထားပေရာ မည်သူတစ်ဦးတစ်ယောက်ကမှ လက်လွတ်စပယ်မတိုက်ခိုက်ဝံ့ကြပေ။
" ဘယ်လိုဖြစ်ပြီး မျှော်စင်တွေအများကြီးရှိနေရတာလဲ ... ဘာလို့အဲ့ဒါတွေကအစွမ်းထက်နေရတာလဲ ... "
ရောဘတ်သည် တိုက်ပွဲအခြေအနေကိုကြည့်ရင်း ဒေါသထွက်နေသလို တစ်ချိန်တည်းမှာပင်အံ့သြနေခဲ့သည်။ ရှောင်ယုသည် အခြေစိုက်စခန်းများ၌ ခံစစ်နံရံတစ်ခုအစား အဘယ်ကြောင့်မျှော်စင်များစွာကိုတည်ဆောက်ခဲ့ကြောင်း နားမလည်နိုင်ခဲ့ပေ။ အကယ်၍ ဤနေရာ၌ခံစစ်နံရံတစ်ခုရှိနေပါက ရောဘတ်သည်သူ့တပ်များကို ဤနေရာသိုခေါ်လာမည်မဟုတ်ပေ။ သို့သော်လည်း ဤခုခံမှုမျှော်စင်များ၏စွမ်းအားသည် သူထင်ထားသည်ထက် များစွာပိုမိုကြီးမားနေခဲ့သည်။
" သခင်လေး ... ငါတို့ကလမ်းကြောင်းတစ်ခုဖောက်လုပ်ဖို့ မှော်စာလိပ်တွေကိုသုံးလို့ရတယ် ... ဒါပေမဲ့ခြေလျင်တပ်သားတစ်ဖွဲ့က မြန်မြန်ဆန်ဆန်ဝင်ရောက်ပြီးတော့ အခြေစိုက်စခန်းကိုတစ်ချက်တည်းနဲ့သိမ်းပိုက်ဖို့လိုတယ် ... အခြေစိုက်စခန်းကို ခြေလျင်တပ်ကသိမ်းပိုက်နိုင်ရင် ငါတို့အောင်မြင်လိမ့်မယ် "
ထိုအချိန်တွင် မှော်ဆရာတစ်ဦးက သူ၏အစီအစဉ်ကိုတင်ပြလိုက်သည်။
ရောဘတ်သည် ခေါင်းညိတ်၍ ခွင့်ပြုပေးလိုက်သည်။
" လုပ်လိုက် ... ငါတို့ကသူတို့အားလုံးက်ို တစ်ချိန်တည်းမှာသတ်ဖြတ်ရမယ် "
ထို့နောက် ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာရန်အတွက် အချိန်များစွာမလိုအပ်လ်ိုက်ပေ။ ထိုပေါက်ကွဲမှုကြောင့် မျှော်စင်အမြောက်အများပြိုလဲသွားခဲ့ရသည်။ အမှန်တော့ မှော်ဆရာများအသုံးပြုလိုက်သည့် မှော်စာလိပ်များသည်အလွန်အစွမ်းထက်သော်လည်း အသုံးပြုရန်ခက်ခဲသောကြောင့် နောက်ဆုံးသောဝှက်ဖဲအနေဖြင့် ချန်ထားခြင်းဖြစ်သည်။
" သူတို့ကိုလွှတ်လိုက်တော့ "
ရောဘတ်သည် မှော်ဆရာများက အခြေစိုက်စခန်းဆီသို့ လမ်းကြောင်းတစ်ခုဖောက်လုပ်လိုက်သည်ကိုမြင်သော် လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
ထိုအခိုက်အတန့်တွင် ရောဘတ်သည်အနည်းငယ်ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။
" အရူးကောင် ... မင်းကငါနဲ့တိုက်ခိုက်ချင်တာလား ... ငါ့ရဲ့မှော်ဆရာတွေက မင်းကိုမြေထဲမြုပ်ပေးလိုက်လိမ့်မယ် "
အားဂီး ....
ထိုအချိန်တွင် ရောဘတ်၏နောက်မှနေ၍ အောစ့်များကထွက်ပေါ်လာပြီး အခြေစိုက်စခန်းထံသိုတဟုန်ထိုးပြေးဝင်သွားခဲ့သည်။
" မင်းတစ်ယောက်တည်းကပဲ အောစ့်တွေပိုင်တယ်လို့ထင်နေတာလား "
ရောဘတ်သည် ရှောင်ယု၏ အခြေစိုက်စခန်းထံပြေးဝင်သွားသည့် စွမ်းအားကြီးမားသော အောစ့်စစ်သည်များကိုကြည့်ရင်း လှောင်ပြောင်ရယ်မောလိုက်သည်။