အခန်း (၃၀၇-၃၀၉)
Vol. 21 Ch. 307-309
အခန်း ၃၀၇ - မသေမျိုးစစ်တပ်
အားသက်စ်သည် အဆင့်၁၉၏ အထွတ်အထိပ်သို့ရောက်နေကာ အဆင့်၂၀သို့အချိန်မရွေးတက်ရောက်သွားနိုင်သည်။
ရှောင်ယုသည် အားသက်စ်၏တိုးတက်မှုကို မမြင်တွေ့ရသည်မှာကြာပြီဖြစ်သည်။ အားသက်စ်သည် ထူးချွန်သောစစ်သူကြီးတစ်ယောက်ဖြစ်ကာ ယခုထက်ပိုမိုစွမ်းဆောင်နိုင်သော်လည်း ယခုအချိန်၌ သူသည်ဖုတ်ကောင်၁၀၀ခန့်ကိုသာဦးဆောင်နေရသည်။ ရှောင်ယုသည် မသေမျိုးအခြေစိုက်စခန်းရှိရာ လှိုဏ်ဂူအတွင်းသို့ဝင်ရောက်လာစဉ် သူ၏ခန္ဓာကိုယ်အားလေအေးတစ်ခု ဖြတ်တိုက်သွားသလိုခံစားလိုက်ရသည်။ ဤနေရာသည် သက်ရှိငရဲနှင့်မခြားပေ။ အကယ်၍ မသေမျိုးအခြေစိုက်စခန်းကသာ သူ၏နောက်ဆုံးအားကိုးရာမဟုတ်ပါက ရှောင်ယုသည်ဤနေရာသို့ရောက်လာမည်မဟုတ်ပေ။
" အားသက်စ် အခြေအနေဘယ်လိုလဲ ... မင်းဘာတွေလုပ်နေတာလဲ "
အားသက်စ်သည် မြင်းစီးရင်း သူ့ရှေ့သို့ရောက်ရှိလာသည်ကိုမြင်သော် မေးမြန်းလိုက်သည်။
အားသက်စ်သည် မြင်းပေါ်မှခုန်ဆင်းကာ ရှောင်ယုအားဦးညွတ်လိုက်သည်။
" အရှင့်ကိုနှုတ်ဆက်ပါတယ် ... "
ရှောင်ယုသည် သူ၏လက်ကိုဝှေ့ယမ်း၍ပြောလိုက်သည်။
" အဲ့လောက်ထိ လုပ်နေစရာမလိုဘူး ... ငါကခုတလော အခြားအခြေစိုက်စခန်း၃ခုကိုပဲ အာရုံစိုက်နေတာကြောင့် မင်းတို့အတွက်ဘာမှမလုပ်ဆောင်နိုင်ခဲ့ဘူး ... ဒါကြောင့်ငါစိတ်မကောင်းဖြစ်မိတယ် "
အားသက်စ်က ချက်ချင်းပြန်ပြောလိုက်သည်။
" အရှင့်မှာ အခြားနည်းဗျူဟာတွေရှိနေတယ်ဆိုတာ နားလည်ပါတယ် ... ဒီလက်အောက်ငယ်သားနဲ့အခြားသူတွေက ဒီနေရာမှာအဆင်ပြေကြပါတယ် "
အားသက်စ်၏ချိမြိန်သော စကားများကြောင့် ရှောင်ယု၏ခံစားချက်သည် ပိုမိုကောင်းမွန်လာခဲ့သည်။ ထို့ပြင်သူသည် စစ်ကမ္ဘာဂိမ်းကြောင့် အားသက်စ်၏ကြေကွဲဖွယ်အတိတ်အကြောင်းကို နားလည်ထား၍ သူ့အပေါ်အနည်းငယ်စာနာမိပေသည်။
" ဒါကပြဿနာမဟုတ်ဘူး ... ခုချိန်ကစပြီးတော့ ငါကမသေမျိုးအခြေစိုက်စခန်းကိုအဆင့်မြင့်တော့မယ် ... မင်းကတကယ့်စစ်တပ်တစ်ခုကိုဦးဆောင်ရလိမ့်မယ် "
ရှောင်ယုသည် အားသက်စ်ကိုကြည့်၍ ပြောလိုက်သည်။
ရှောင်ယု၏စကားကိုကြားချိန်တွင် အားသက်စ်၏မျက်လုံးများသည် အရောင်တောက်လာခဲ့သည်။
" တကယ်လားအရှင် ... "
ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။
" သေချာတာပေါ့ ... မင်းကမကြာခင်စစ်တပ်တစ်ခုကို ဦးဆောင်ရလိမ့်မယ် ... ငါဒီကမ္ဘာကြီးကိုအုပ်စိုးမယ့်ခရီးစဉ်မှာ မင်းကငါ့က်ိုကူညီခရီးဆက်ပေးရလိမ့်မယ် "
အားသက်စ်က ဒူးထောက်၍ပြောလိုက်သည်။
" ဒီလက်အောက်ငယ်သားက အရှင့်ရဲ့အကျိုးအတွက်ဆိုရင် အသက်ကိုတောင်စွန့်ဝံ့ပါတယ် "
ရှောင်ယုသည် အားသက်စ်၏တုံ့ပြန်မှုကြောင့် ကျေနပ်သွားခဲ့သည်။ ထို့နောက်သူသည် မသေမျိုးအခြေစိုက်စခန်းကိုအဆင့်မြင့်ခဲ့ကာ အခြားအဆောက်အဦးအသစ်များကို ဆောက်လုပ်ခဲ့သည်။ အထူးသဖြင့် သတ်ဖြတ်ခြင်းအိမ်တော် ၊ ပျက်စီးနေသောဘုရားကျောင်း အစရှိသည့်အဆောက်အဦးများကို နေမထွက်မှီအပြီးတည်ဆောက်ခဲ့သည်။ ရှောင်ယုသည် အဆောက်အဦးသစ်များကိုကြည့်ရင်း ကျေနပ်အားရနေခဲ့သည်။ တစ်ချိန်တည်းမှာပင် မသေမျိုးအခြေစိုက်စခန်းကို အဆင့်၂သို့မြင့်တင်လိုက်၍ ဒုတိယမြောက်မသေမျိုးသူရဲကောင်းတစ်ယောက်ကို ဆင့်ခေါ်နိုင်ပြီဖြစ်သည်။ ထို့ကြောင့်ရှောင်ယုသည် ဒုတိယမြောက်မသေမျိုးသူရဲကောင်းအဖြစ် အနူဘားရက်ကိုရွေးချယ်ခဲ့သည်။
သူသည် အနူးဘားရက်ကိုရွေးချယ်ခဲ့ရသည့် အဓိကအကြောင်းရင်းမှာ အနူဘားရက်သည် ထိတ်လန့်မှု၏အရှင်သခင်ဖြစ်ကာ ရန်သူများကိုတိုက်ခိုက်ရန်အတွက် လင်းနို့များ ၊ ပျားများနှင့်ကျိူင်းကောင်များကို ဆင့်ခေါ်နိုင်၍ဖြစ်သည်။ ရန်သူများသည် အင်းဆက်များဒဏ်မှသူတို့ကိုယ်သူတို့မကာကွယ်နိုင်ပေ။ ထိုအင်းဆက်များသည် ရန်သူများ၏ခန္ဓာကိုယ်ကိုဖောက်ထွင်းဝင်ရောက်ကာ အထဲမှလှိုက်စားလေ့ရှိသည်။ ထို့ပြင် အင်းဆက်များ၏တိုက်ခိုက်မှုသည် အလွန်ပင်ရက်စက်ကြမ်းကြုတ်၍ ရန်သူများအားစိတ်ပိုင်းဆိုင်ရာထိခိုက်စေနိုင်သည်။ ရှောင်ယုသည် ထိုသို့သောတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရမည့်ရန်သူများကိုတွေးမိချိန်၌ အမှန်ပင်မအီမသာဖြစ်ခဲ့ရသည်။
ဒင် ...
ရှောင်ယုသည် မသေမျိုးအခြေစိုက်စခန်းကိုအဆင့်မြင့်တင်ပြီးနောက် ဒုတိယမြောက်မသေမျိုးသူရဲကောင်းအား ဆင့်ခေါ်နေချိန်၌ သူ၏ဂိမ်းစနစ်မှအချက်ပေးသံထွက်ပေါ်လာခဲ့သည်။
စနစ်မှအသိပေးချက် - ဂုဏ်ပြုပါတယ် ... အခြေစိုက်စခန်း၄ခုလုံးကို အဆင့်၂ကိုမြင့်တင်လိုက်တာကြောင့် သူရဲကောင်း၂ဦးကိုအခမဲ့ဆင့်ခေါ်ခွင့်ရရှိပါတယ် ... နတ်သူငယ်နဲ့မသေမျိုးသူရဲကောင်းတွေကိုပဲဆင့်ခေါ်နိင်ပါတယ် ...
ရှောင်ယုသည် စနစ်၏ဆုလာဘ်ကိုရရှိချိန်တွင် အံ့သြပျော်ရွှင်သွားခဲ့သည်။ ဂိမ်းစနစ်သည် သူကအခြေစိုက်စခန်း၄ခုလုံးအား တည်ဆောက်ပြီးချိန်၌ အခမဲ့သူရဲကောင်းဆင့်ခေါ်ခွင့်၂ခုအား ပေးအပ်ခဲ့သည်။ ယခုလည်း သူသည်အခြေစိုက်စခန်း၄ခုအား အဆင့်မြင့်လိုက်ချိန်တွင် နောက်ထပ်သူရဲကောင်း၂ယောက်အားဆင့်ခေါ်ခွင့်ပေးခဲ့သည်။ ရှောင်ယုသည် ပထမဆုံးဆုလာဘ်အား သရောလ်နှင့်အူသာကိုဆင့်ခေါ်ရန် အသုံးပြုခဲ့သည်။ ယခုမူသူသည် နတ်သူငယ်နှင့်မသေမျိုးသူရဲကောင်းများကိုသာ ဆင့်ခေါ်နိုင်ပုံရသည်။
ရှောင်ယုသည် သူထပ်မံဆင့်ခေါ်မည့် နတ်သူငယ်သူရဲကောင်းအား အချိန်အတော်ကြာအောင့်စဉ်းစားပြီးနောက် အီလီဒမ်(ဒေါသမုန်တိုင်း)အားဆင့်ခေါ်ရန်ဆုံးဖြတ်ခဲ့သည်။ ယခုအချိန်၌သူသည် တိုက်ပွဲ၌အသုံးဝင်မယ့်သူရဲကောင်းကိုလိုအပ်နေကာ အီလီဒမ်သည် မဲလ်ဖြူရီယန်ထက် ပိုမိုအသုံးဝင်ပေသည်။ တိုင်ရန်ဒီ ၊ မိုင်ယဗ်နှင့်အီလီဒမ်တို့အကြား၌ အချို့သောဆက်ဆံရေးပြဿနာများရှိနေသော်လည်း သူတို့သည်သူတို့၏ကိုယ်ပိုင်အတွင်းရေးပြဿနာက်ိုဖြေရှင်းနိုင်စွမ်းရှိသည်ဟု ရှောင်ယုယုံကြည်ထားခဲ့သည်။ ထို့နောက်ရှောင်ယုသည် သူ၏ဒုတိယမြောက်မသေမျိုးသူရဲကောင်းအဖြစ် ကဲလ်သဇက်အား ဆင့်ခေါ်ခဲ့သည်။
ကဲလ်သဇက်သည် အန်တိုနီဒက်စ်၏တပည့်ဖြစ်ကာ အန်တိုနီဒက်စ်ထံမှ စွမ်းအားကြီးမားသည့်နှင်းမန္တန်များစွာကို သင်ယူနိုင်ခဲ့သည်။ အထူးသဖြင့် သူမသေမျိုးဖြစ်လာပြီးနောက်တွင် သူ၏မှော်ပညာသည်များစွာတိုးတက်လာခဲ့ကာ သူ၏မှော်တိုက်ခိုက်မှုများ၌ နတ်ဆိုးအငွေ့အသက်များပါဝင်လာခဲ့သည်။ မည်သို့ပင်ဆိုစေ မသေမျိုးမှော်ပညာရှင်တစ်ယောက်အနေဖြင့် သူသည်တိုက်ပွဲပြီးများ၌ အလွန်ပင်အသုံးဝင်ပေသည်။ ရှောင်ယုသည် သူဆင့်ခေါ်ရမည့်သူရဲကောင်းများ၏ပြဿနာကိုဖြေရှင်းပြီးနောက် မသေမျိုးတပ်သား၅၀၀၀ကိုစတင်ခေါ်ယူခဲ့သည်။
အစောဆုံးအနေဖြင့် သူသည်ဖုတ်ကောင်၂၀၀၀ကို ဆင့်ခေါ်ခဲ့သည်။ ဖုတ်ကောင်တစ်ကောင်သည် သာမန်တပ်သားတစ်ဝက်ခန့်သာနေရာယူ၍ သူတို့သည်နေရာလွတ်၁၀၀၀သာယူခဲ့သည်။ ဖုတ်ကောင်များသည် အကြမ်းခံသောတပ်သားများဖြစ်ကြကာ ပိုမ်ိုမြင့်မားသောအဆင့်သို့ရောက်ရှိလာသည်နှင့် ကြောက်မက်ဖွယ်လူသတ်စက်များဖြစ်လာမည်ဖြစ်သည်။ အထူးသဖြင့် သူတို့ဒဏ်ရာရရှိနေချိန်တွင် ရန်သူများ၏ခန္ဓာကိုယ်က်ိုစားသောက်၍ ဒဏ်ရာများအားပြန်လည်ကုသနိုင်သည်။ ထို့ကြောင့်သူတို့အားတားဆီးရန်မှာ အလွန်ခက်ခဲပေသည်။ ထို့ကြောင့်ရှောင်ယုသည် သူတို့ထိခိုက်ဒဏ်ရာရရှိသွားမည်ကို စိုးရိမ်နေစရာမလိုပေ။ သူတို့သည် သူတို့ကိုယ်သူတို့ကုသနိုင်ကာ တိုက်ပွဲအတွင်းပြန်လည်ဝင်ရောက်နိုင်ကြသည်။
ထို့နောက်ရှောင်ယုသည် ပင့်ကူအကောင်၁၀၀၀နှင့်လင်းနို့မကောင်းဆိုးရွား အကောင်၅၀၀ကိုဆင့်ခေါ်လိုက်သည်။ ပင့်ကူများသည် ကျွမ်းကျင်မှု၃ခုအားအသုံးပြုနိုင်ပေသည်။ သူတို့၏ပထမဆုံးကျွမ်းကျင်မှုသည် လေကြောင်းနှင့်မြေပြင်တပ်များကိုချည်နှောင်ရန်အတွက် သူတို့၏ပင့်ကူမျှင်များကို ထုတ်ဖော်နိုင်ခြင်းဖြစ်သည်။ ဒုတိယကျွမ်းကျင်မှုသည် မြေတွင်းတူးကာထိုမြေတွင်း၌ ပုန်းအောင်းနေစေနိုင်သည်။ တတိယကျွမ်းကျင်မှုသည် သေးငယ်သောပင့်ကူများကိုဆင့်ခေါ်ကာ ရန်သူများကိုတိုက်ခိုက်ရန်စေလွှတ်ခြင်းဖြစ်သည်။
လင်းနို့မကောင်းဆိုးဝါး များသည် မြန်ဆန်သွက်လက်သော လေကြောင်းတပ်သားများဖြစ်သည်။ ထို့ပြင်သူတို့သည် ကြမ်းတမ်းခက်ထန်သောတပ်သားများဖြစ်ကြပြီး ကျောက်ရုပ်တုများအဖြစ်ပြောင်းလဲ၍ သူတို့ကိုယ်သူတို့ကာကွယ်ဖုံးကွယ်န်ိုင်သည်။ အထူးသဖြင့် သူတို့၏အရေပြားသည် အလွန်ထူထဲကာ သာမန်မှော်မန္တန်များက မထိခိုက်စေနိုင်ပေ။ သူတို့သည် ရန်သူမှော်ဆရာများကို တန်ပြန်တိုက်ခိုက်နိုင်ပေသည်။
ရှောင်ယုသည် ညအမှောင်ထု၏ ကြောက်လန့်ဖွယ်များဖြစ်သော ရွှံရှာဖွယ်အသားကောင်ကြီးများကိုလည်း အရေအတွက်၅၀၀ထိ ဆင့်ခေါ်ခဲ့သည်။ ထိုကောင်များသည် မြင်သူတိုင်းကိုရွံရှာစက်ဆုပ်စေမည့်သွင်ပြင်ရှိသည်။ ရန်သူများသည် လူသားနှင့်သားရဲတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပေါင်းစပ်ဖွဲ့စည်းထားသည့်ဤကောင်များကိုမြင်တွေ့ပါက လွန်စွာထိတ်လန့်သွားကြမည်ဖြစ်သည်။
ရွှံရှာဖွယ်အသားကောင်များ၌ ကျွမ်းကျင်မှု၃ခုရှိပေသည်။ ပထမဆုံတစ်ခုမှာ သူတို့၏သက်လုံကိုပြန်လည်ရရှိစေရန်အတွက် လူသားများကိုစားသုံးခြင်းဖြစ်သည်။ ဒုတိယမြောက်ကျွမ်းကျင်မှုမှာ အရာအားလုံးက်ိုတိုက်စားစေမယ့် ပလိပ်အခိုးအငွေ့များကို ထုတ်လွှတ်ခြင်းဖြစ်သည်။ တတိယမြောက်ကျွမ်းကျင်မှုမှာ သူတို့၏လက်ဖြစ်သော ချိတ်ကိုအသုံးပြုကာ ရန်သူများကိုသူတို့ရှေ့ရောက်အောင်ဆွဲခေါ်၍ ထုသတ်ဖြင်းဖြစ်သည်။ ရှောင်ယုသည် ရွှံရှာဖွယ်အသားကောင်များ၏ ကျွမ်းကျင်မှုများကိုစစ်ဆေးပြီးသည်နှင့် ရုတ်တရက်ထ်ိုးအန်မိလိုက်သည်။
" မင်းအမေပဲ ... ဒါကနတ်ဆိုးဆန်လိုက်တာ ... "
ရွှံရှာဖွယ်အသားကောင် ၁ ကောင်စီတိုင်းသည် နေရာလွတ် ၂ခုကိုရယူ၍ ၎င်းတို့ကိုအရေအတွက်၅၀၀ထိဆင့်ခေါ်ပြီးနောက် နေရာလွတ်၁၀၀၀ထိယူလာခဲ့သည်။
ထို့နောက်ရှောင်ယုသည် အောက်လမ်းမှော်ကဝေ ၂၅၀ ၊ စုန်းမ ၂၅၀နှင့် မသေမျိုးရုပ်တု၂၅၀က်ိုဆင့်ခေါ်ခဲ့သည်။ ထိုတပ်သား၁ကောင်စီသည် နေရာလွတ်၂နေရာစီရယူ၍ ရှောင်ယု၏ခွဲတမ်းသည်ကုန်ဆုံးသွားခဲ့သည်။ မသေမျိုးရုပ်တုများသည် အလွန်အသုံးဝင်ပေသည်။ ထိုရုပ်တုများသည် မသေမျိုးများ၏သက်လုံကိုစုဆောင်းပေးထားနိုင်သလို မသေမျိုးများအား ဖျက်ဆီးမှုပုံစံသို့ပြောင်းလဲပေးကာ အလွန်အားကောင်းသောလေကြောင်းတပ်များဖြစ်လာစေသည်။ ဖျက်ဆီးသူများသည် မှော်ပညာအပေါ်ကောင်းစွာတုံ့ပြန်နိုင်သည်ဖြစ်ကာ ရှောင်ယုသည်ဖျက်ဆီးသူများနှင့်လင်းနို့မကောင်းဆိုးဝါးများကိုအသုံးပြုကာ ရန်သူများကိုကြီးကြီးမားမားထိခိုက်စေနိုင်သည်။
ဤအစီအစဉ်၏ အရေးအကြီးဆုံးသောအပိုင်းမှာ ရှောင်ယုသည်တပ်သားများဆုံးရှုံးမည်ကို စိုးရိမ်နေစရာမလိုခြင်းဖြစ်သည်။ သူသည် ကနေဒီမိသားစု၏အဆင့်မြင့်မှော်ဆရာများကို သတ်ဖြတ်ရန်အတွက် မသေမျိုးတပ်သားများအားအသေခံတိုက်ခိုက်မှုပြုလုပ်ခိုင်းနိုင်သည်။
အောက်လမ်းမှော်ကဝေများသည် သူတို့၏ကိုယ်ပိုင်အဆင့်ပေါ်မူတည်၍ ရိုးရှင်းသောအရိုးစုတစ်ကောင်ကိုဆင့်ခေါ်နိုင်သည်။ သူတို့သည် အဆင့်၁၀သို့ရောက်ရှိပါက အရိုးစု၁၀ကောင်ကိုဆင့်ခေါ်နိုင်မည်ဖြစ်ရာ အောက်လမ်းမှော်ကဝေ၂၅၀သည် အရိုးစု၂၅၀၀ပါဝင်သည့်စစ်တပ်ကိုဆင့်ခေါ်နိုင်မည်ဖြစ်သည်။ စုန်းမများ၏ အစွမ်းအထက်ဆုံးကျွမ်းကျင်မှုမှာ လုယူခြင်းဖြစ်သည်။ သူတို့သည် ရန်သူများ၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်၍ သူတို့ကိုထိန်းချုပ်နိုင်သည်။ စုန်းမများသည် ရန်သူများ၏အဆင့်နိမ့်တပ်သားများကို ကောင်းစွာထိန်းချုပ်နိုင်သော်လည်း အဆင့်မြင့်တပ်သားများကိုမူထိုသို့မရပေ။ ထို့ကြောင့် ယခုအချိန်၌စုန်းမ၂၅၀သည် လုံလောက်နေပြီဖြစ်သည်။
ရှောင်ယုသည် မသေမျိုးတပ်သားများကို တစ်ယောက်ပြီးတစ်ယောက်ထုတ်လုပ်နေသောမြင်ကွင်းကိုကြည့်ပြီး သူ၏မျက်နှာပေါ်၌ နတ်ဆိုးဆန်သောအပြုံးတစ်ခုဖြစ်လာခဲ့သည်။
အခန်း ၃၀၈ - နဂါးလေး၏ပွဲဦးထွက်
ရှောင်ယုသည် အီလီဒမ်နှင့်အတူ ခြင်္သေ့မြို့သို့ပြန်လာခဲ့သည်။
မိုင်ယဗ်သည် အီလီဒမ်ကိုတွေ့တွေ့ချင်း ရန်သူတစ်ယောက်လိုစိုက်ကြည့်နေခဲ့သည်။ သူတို့နှစ်ဦးသည် အချင်းချင်းအချိန်အတော်ကြာအောင်တိုက်ခိုက်ခဲ့ကြရာ သူတို့နစ်ယောက်ကြားရန်ငြိုးကိုချေဖျက်ရန် ခက်ခဲမည်ဖြစ်သည်။ ရှောင်ယုသည် သူတို့နှစ်ယောက်တိုက်ခိုက်ရသည့် အဓိကအကြောင်းရင်းကိုမသိသော်လည်း ထိုပြဿနာ၏အကြောင်းရင်းကိုစဉ်းစားရန် စိတ်ကူးမရှိပေ။
မည်သို့ပင်ဆိုစေ သူ၏နံဘေး၌သူရဲကောင်းတစ်ယောက်ထက်ပို၍ ပိုင်ဆိုင်လာခဲ့သည်မှာ ကောင်းသောကိစ္စဖြစ်သည်။ အီလီဒမ်၏အသွင်အပြင်သည် လူသားနှင့်အလွန်ဆင်တူသည့်အတွက်ကြောင့် ရှောင်ယုကသူ၏ထိန်းချုပ်မှုအောက်တွင် နတ်ဆိုးကျွန်တစ်ယောက်ကို ဆင့်ခေါ်ခဲ့ကြောင်းဖော်ပြထား၍ အမှားအယွင်းမရှိခဲ့ပေ။
ရှောင်ယု၏နံဘေးတွင် နတ်ဆိုးကဲ့သို့ သူရဲကောင်းနှစ်ယောက်ရှိနေခြင်းသည် ပြဿနာများစွာမတက်ပေ။ သို့သော်လည်း ရှောင်ယုထံ၌ မသေမျိုးစစ်တပ်တစ်ခုရှိနေကြောင်းသိသွားပါက အခြေအနေများက ထိန်းချုပ်၍မရနိုင်အောင် ဆိုးရွားသွားမည်ဖြစ်သည်။
အီလီဒမ်သည် ကျွမ်းကျင်မှု၄ခုအား သင်ယူနိုင်မည်ဖြစ်သည်။ ၎င်းတို့မှာ
မှော်လောင်ကျွမ်းခြင်း - (အဆင့်၃ထိမြင့်တင်နိုင်သည်)
- နတ်ဆိုးသတ်ဖြတ်သူသည် အနုတ်သဘောဆောင်သောစွမ်းအင်တစ်ခုအား ထုတ်လွှတ်မည်ဖြစ်ကာ ရန်သူ၏မှော်စွမ်းအင်များကို လောင်ကျွမ်းပစ်မည်ဖြစ်သည်။
စတေးခြင်း (အဆင့်၅ထိမြင့်တင်နိုင်သည်)
- နတ်ဆိုးသတ်ဖြတ်သူသည် သူ့ကိုယ်သူမီးလျှံများဖြင့် ဖုံးလွှမ်းလိုက်မည်ဖြစ်ကာ အနီးအနားရှိရန်သူများအားလောင်ကျွမ်းစေမည်ဖြစ်သည်။
ရှောင်တိမ်းခြင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)
- နတ်ဆိုးသတ်ဖြတ်သူသည် ရန်သူ၏တိုက်ခိုက်မှုများကို အောင်မြင်စွာရှောင်တိမ်းရန် အခွင့်အရေးတိုးလာမည်ဖြစ်သည်။
ဆက်တိုက်ဖြတ်တောက်ခြင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)
- နတ်ဆိုးသတ်ဖြတ်သူသည် သူ၏အသွားနှစ်ဖက်ဓားကို လျင်မြန်စွာဝှေ့ယမ်းကာ ရန်သူများကိုတိုက်ခိုက်မည်ဖြစ်သည်။
...
ကနေဒီမိသားစု၏တပ်များသည် ခြင်္သေ့မြို့အားတိုက်ခိုက်ရန် နောက်ထပ်တစ်ကြိမ်ရောက်ရှိလာကြသည်။ မနေ့ကတိုက်ပွဲကြောင့် ရှောင်ယု၏လက်ထဲတွင် အကျအရှုံးများစွာရှိသော်လည်း ဘုန်းတော်ကြီး၄၀၀၏ကုသမှုကြောင့် ဒဏ်ရာရစစ်သားများစွာသည် အသက်ရှင်နိုင်ခဲ့ကြသည်။ အနည်းငယ်ဒဏ်ရာရရှိထားသူများသည် တိုက်ပွဲ၌ပြန်လည်ပါဝင်နိုင်ပြီဖြစ်သည်။ ဤခေတ်တွင် ဘုန်းတော်ကြီးများသည်ရှားပါးသောကုသသူများဖြစ်ကြသည်။ အပြင်လောကတွင် ဒဏ်ရာများကိုကုသနိုင်သည့်ဘုန်းတော်ကြီးအနည်းငယ်ရှိသော်လည်း သူတို့သည်အလင်းဘုရားကျောင်း၏လက်အောက်၌သာရှိနေကြသည်။ ထို့ကြောင့်သာမန်စစ်တပ်များ၌ ထိုကဲ့သို့ ကုသမှုကို ရရှိမည်မဟုတ်ပေ။
ပုံမှန်အားဖြင့်ဆိုလျှင် ဘုန်းတော်ကြီးများသည် အခြေခံစစ်သားများလောက်ပင် တိုက်ခိုက်နိုင်စွမ်းမရှိသော်လည်း သူတို့၏အစွမ်းများကိုမူ အစားထိုး၍မရနိုင်ပေ။ ဘုန်းတော်ကြီးများ၏ကုသပေးမှုကြောင့် စစ်သားများသည်ပိုမိုတည်ငြိမ်လာကာ ရန်သူများကိုရဲဝံ့စွာတိုက်ခိုက်နိုင်ခဲ့ကြသည်။ စစ်သားများသည် သူတို့သာသေစေနိုင်သည့်ဒဏ်ရာများမရရှိသရွေ့ ဘုန်းတော်ကြီးများကြောင့် သူတို့အဆင်ပြေသွားမည်ကိုသိရှိနေကြသည်။ ထိုသို့ အကျိုးခံစားခွင့်သည် ကနေဒီမိသားစုမရရှိနိုင်သောအရာဖြစ်သည်။ မည်သို့ပင်ဆိုစေ ရှောင်ယုသည်သာမန်စစ်သား၁၀၀၀၀ခန့်ကိုဆုံးရှုံးခဲ့ရာ မနေ့ကတိုက်ပွဲမည်မျှပြင်းထန်ကြောင်း တွေ့မြင်နိုင်သည်။
ခြင်္သေ့မြို့သည် ဤမျှကြီးမားသည့်ဆုံးရှုံးမှုများအား ခံစားရခြင်းမှာ ရန်သူများ၏အဆင့်မြင့်မှော်ဆရာများကြောင့်ဖြစ်သည်။ သူတို့သည် အမြှောက်များကဲ့သို့ တစ်ယောက်ပြီးတစ်ယောက်ဆက်တိုက်တိုက်ခိုက်ကြသည်။ အကယ်၍ ရှောင်ယု၏ဆင့်ခေါ်တပ်သားများကြောင့်သာမဟုတ်ပါက ကနေဒီမိသားစုသည် အဆင့်မြင့်မှော်ဆရာများ၏စွမ်းအားကိုအမှီပြုကာ ခြင်္သေ့မြို့၏အကာအကွယ်များကိုချိုးဖျက်၍ ခြင်္သေ့မြို့အားသိမ်းပိုက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
ရှောင်ယု၏အောစ့်များ ၊ နတ်သူငယ်များနှင့် အခြားသောဆင့်ခေါ်တပ်သားများသည် ခွန်အားကြီးမားသော်လည်း ကနေဒီမိသားစုသည်လည်း ဝေပြည်နယ်စစ်တပ်အားသေချာလေ့ကျင့်ပေးထားကာ ကောင်းမွန်သောချပ်ဝတ်များ ၊ စွမ်းအားကြီးဒူးလေးများနှင့် အလွန်ခိုင်မာသောဒိုင်းများတပ်ဆင်ပေးထားခဲ့သည်။ ရှောင်ယု၏သာမန်တပ်သားများသည် ဝေပြည်နယ်၏လေ့ကျင့်ရည်ပြည့်ဝနေသည့်စစ်တပ်ကို မယှဉ်နိုင်ပေ။ လက်ရွေးစင်စစ်သားတစ်ယောက်ဖြစ်လာရန်မှာ တစ်နေ့တစ်ရက်ဖြင့်မဖြစ်နိုင်ပေ။
သတ်ကြ ...
စစ်ပွဲသည် တဖန်ပြန်လည်စတင်ခဲ့ပြီး ကမ္ဘာမြေကြီးသည်ပင် အနီရောင်သွေးများဖြင့် စွန်းထင်းသွားခဲ့ရသည်။ ဝေပြည်နယ်၏တပ်သားများသည် ခြင်္သေ့မြို့သို့မကြောက်မရွံ့ချီတက်လာကြကာ သူတို့၏သတ္တိကိုပြသခဲ့သည်။ ခြင်္သေ့မြို့၏တပ်သားများသည်လည်း နောက်သို့ခြေတစ်လှမ်းတောင်မဆုတ်ပေးခဲ့ကြပေ။ ရှောင်ယုသည် ကျရှုံးစစ်သားများအတွက် အာဇာနည်အထိမ်းအမှတ်များ ၊ ကျန်ရစ်သူမိသားစုအတွက် အကျိုးခံစားခွင့်များပေးအပ်ထားပေရာ စစ်သားများသည်သူတို့၏ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံးသွေးတစ်စက်ကျန်သည်ထိ ခုခံတိုက်ခိုက်နေခဲ့ကြသည်။ စစ်သားများသည် ခြင်္သေ့မြို့ထံသို့ကျရောက်နေသည့် မီးလုံးများကိုကြည့်ရင်း သူတို့၏မျက်နှာပေါ်၌ပြတ်သားသောဆုံးဖြတ်ချက်များကို ဖော်ပြထားကြသည်။
စစ်မြေပြင်သည် ခမ်းနားသည့်အောင်မြင်မှုများကို ရရှိနိုင်မယ့် ကြီးကျယ်သောနေရာတစ်ခုဟု ထင်မှတ်ရသည်။ သို့သော်လည်း လူတိုင်းသည်ထိုခမ်းနားသည့်အောင်မြင်မှုကိုရယူလိုပါက စစ်မြေပြင်၌ သွေးချွေးတို့ဖြင့်ရေချိုးကာ ဖြတ်ကျော်ရမည်ဖြစ်သည်။
ခြင်္သေ့မြို့၏သာမန်စစ်သားများသည် မနေ့တိုက်ပွဲအတွေ့အကြုံများကြောင့် ဝါရင့်စစ်သားများဖြစ်လာကြပြီး သူတို့၏အပြုအမူများသည် တဖြည်းဖြည်းရင့်ကျက်လာကြသည်။
အားဂီး ...
ကျောက်တုံးနက်မျိုးနွယ်အောစ့်များသည် ခြင်္သေ့မြို့ထံသို့တဟုန်ထိုးချီတက်လာခဲ့ကြသည်။ ထိုအောစ့်များအနက် အနည်းငယ်သောစစ်ပွဲမှော်ဆရာများပါဝင်လာပြီး သူတို့၏အောစ့်များကိုကူညီရန် နတ်ဆိုးမှော်မန္တန်များကို ထုတ်ဖော်လိုက်ကြသည်။ ကျောက်တုံးနက်မျိုးနွယ်သည် စစ်ပွဲတေးသံနှင့်ရေခဲဝံပုလွေမျိုးနွယ်စုများနှင့် အတန်ငယ်ကွာခြားပေသည်။ သူတို့သည် အယူသီးသောယုံကြည်ကိုးကွယ်မှုကိုပိုင်ဆိုင်ကာ သန်မာသူများသာ အုပ်စိုးနိုင်မည်ဟူသောခံယူချက်ကို စွဲကိုင်ထားကြသည်။
ရှောင်ယုသည် အနည်းဆုံးအရေအတွက် ၅၀၀၀ခန့်ရှိသော ကျောက်တုံးနက်အောစ့်များက ခြင်္သေ့မြို့ထံဦးတည်ချီတက်လာကြောင်း တွေ့မြင်လိုက်ရသည်။ ကျောက်တုံးနက်အောစ့်များသည် ရက်စက်ကြမ်းကြုတ်သည့်အတွက် ခြင်္သေ့မြို့အားထ်ိုးဖောက်ဝင်ရောက်နိုင်စေရန်အတွက် ဇန်းကသူတို့အားလုံးက်ို စေလွှတ်လိုက်ခြင်းဖြစ်သည်။ ဇန်းသည် မနေ့ကတိုက်ပွဲအတွင်း ခြင်္သေ့မြို့၏ခံစစ်အင်အားကိုဆုံးဖြတ်နိုင်ပြီဖြစ်ကာ ယနေ့တိုက်ပွဲ၌ထိုးဖောက်ဝင်ရောက်ရန် ကြံစည်ထားခြင်းဖြစ်သည်။
ကျောက်တုံးနက်မျိုးနွယ်မှ အောစ့်အမြောက်အများသည် ခြင်္သေ့မြို့အားဦးတည်တိုက်ခိုက်လာ၍ ဤအရာသည်ကြီးမားသောစမ်းသပ်မှုဖြစ်ကြောင်း ရှောင်ယုနားလည်ထားသည်။ သူတို့သည်ဤတိုက်ခိုက်မှုအား လုံးဝတောင့်ခံရမည်ဖြစ်ပြီး ထိုသို့မတောင့်ခံနိုင်ပါက သူတို့ရှုံးနိမ့်ရမည်ဖြစ်သည်။ ရှောင်ယု၏အုပ်ချုပ်မှုအောက်တွင်လည်း အောစ့်များစွာရှိနေသည့်အပြင် ၎င်းတို့အားထောက်ပံ့ရန်အတွက် နတ်ဆရာများ ၊ ကိုဒိုသားရဲများနှင့်သရောလ်၏တိုတမ်များရှိနေပေသည်။
သို့သော်လည်း သူတို့အားလုံးကိုအခြေစိုက်စခန်းမှ ဆင့်ခေါ်ရန်အတွက် အချိန်အတော်ကြာယူရမည်ဖြစ်သည်။ ထို့ကြောင့်ဇန်းသည် ထိုအားနည်းချက်ကိုအမိအရဖမ်းယူခဲ့ခြင်းဖြစ်သည်။ ဇန်းသည် ရှောင်ယု၏အစီအမံ၌ရှိနေခဲ့သော အားနည်းချက်များကိုဖောက်ထွင်းမြင်တွေ့နိုင်ခဲ့သည်။
ရှောင်ယုသည် လေတပ်များကိုရွေ့ပြောင်းနိုင်သော်လည်း ရန်သူများထံ၌ ဒူးလေးများနှင့်အရိပ်မြှားများရှိနေခဲ့သည်။
" မင်းအမေပဲပေါ့ .. .နဂါးလေးသူတို့ကိုရိုက်စမ်း... "
ရှောင်ယုသည် နဂါးလေးကိုပွဲထုတ်ရန်ဆုံးဖြတ်လိုက်သည်။ သူသည်ရန်သူများအား စိတ်ပိုင်းဆိုင်ရာဖိအားပေးရန်အတွက် နဂါးလေးကိုလိုအပ်နေခဲ့သည်။
ဂရား ...
အနီရောင်နဂါးသည် ကျယ်လောင်စွာဟိန်းဟောက်ကာ ကောင်းကင်ပေါ်ပျံတက်သွားခဲ့သည်။ ထို့နောက် ကောင်းကင်ပေါ်၌ လှပစွာပျံဝဲနေခဲ့ကာ ကျောက်တုံးနက်မျိုးနွယ်အောစ့်များထံသို့ ထိုးဆင်းသွားခဲ့ပြီး အသက်ပြင်းပြင်းရှုကာ မီးတောက်များကိုမှုတ်ထုတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် အောစ့်များသည် မိုးကြိုးကဲ့သို့အရှိန်အဟုန်ပြင်းထန်သော မီးတောက်များဖြင့် လွှမ်းခြုံခံလိုက်ရသည်။ ကျောက်တုံးနက်အောစ့်များသည် ခေါင်းမာပြီးသတ္တိကောင်းသော်လည်း နဂါးတစ်ကောင်ကိုမရင်ဆိုင်ဝံ့ကြပေ။
နဂါးလေးသည် စတင်မီးမှုတ်လိုက်ချိန်တွင် ရှောင်ယုသည်ထောင့်တစ်နေရာ၌ ပုန်းအောင်းနေခဲ့သည်။ ထို့နောက်ရှောင်ယုသည် နဂါးလေးအား အော်ဟစ်အမိန့်ပေးလိုက်သည်။
" မင်းကအနီရောင်နဂါးပဲ ... အဲ့ကောင်တွေကိုပြာဖြစ်အောင် မီးမှုတ်ပစ်လိုက် "
အခန်း ၃၀၉ - မသေမျိုးများဖြင့် စတင်သရုပ်ဆောင်ခြင်း
" နဂါး ... အဲ့ဒါကနဂါးတစ်ကောင်လား ... "
ရန်သူများသည် နဂါးတစ်ကောင်ကို မြင်တွေ့လိုက်သည့်အခိုက်အတန့်၌ ကြောက်လန့်သွားကြသော်လည်း ခြင်္သေ့မြို့ရှိစစ်သားများကမူ စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြသည်။ စစ်မြေပြင်၌ ရုတ်တရက်ထွက်ပေါ်လာသောနဂါးသည် ရန်သူများအားစိတ်ခြောက်ခြားစေခဲ့သည်။ ဤတိုက်ကြီးပေါ်၌ နဂါးသည် စွမ်းအားပိရမစ်၏ထိပ်ဆုံး၌ရှိနေသော သက်ရှိတစ်ကောင်ဖြစ်ပေသည်။ မည်သူမဆို နဂါးတစ်ကောင်အား ရိုသေလေးစားမှု၊ကြောက်ရွံ့မှုတို့ဖြင့် ကြည့်ရှုရမည်ဖြစ်သည်။ နဂါးများသည် မွေးဖွားလာစဉ်ကတည်းက ခွန်အားကြီးမားသောခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့ပြီး မှော်ပညာအပေါ်သဘာဝကျကျ ကျွမ်းကျင်ကြသည်။ သူတို့၏တိုကခိုက်မှုစွမ်းအားသည် မျိုးနွယ်အားလုံးအနက်အကောင်းဆုံးဖြစ်ကာ အထွတ်အထိပ်သို့ရောက်ရှိရန် အလားအလာအရှိဆုံးသက်ရှိများဖြစ်သည်။
ရှောင်ယု၏နဂါးလေးသည် တတိယအဆင့်သာရှိသေးသော်လည်း ပဥ္စမအဆင့်မှော်ဆရာတစ်ယောက်နှင့် နှိုင်းယှဉ်မည်ဆိုပါက လုံးဝနိမ့်ကျနေခြင်းမရှိပေ။ သီအိုဒိုးကဲ့သို့မှော်သခင်များကသာ နဂါးတစ်ကောင်ကိုတိုက်ခိုက်ဝံ့မည်ဖြစ်သည်။ အဆုံးသတ်တွင် ဆဌမအဆင့်မှော်သခင်တစ်ပါးသည် ပဥ္စမအဆင့်မှော်ဆရာတစ်ယောက်ထက် အဆဒါဇင်ချီပိုမ်ိုစွမ်းအားကြီးပေသည်။
အတိုချုပ်ပြောရလျှင် နဂါးများသည် ကြောက်စရာအကောင်းဆုံး သက်ရှိများဖြစ်ကြသည်။ နဂါးလေး၏ရိုးရှင်းသော မီးမှုတ်ချက်က ကျောက်တုံးနက်အောစ့်မျိုးနွယ်များကို ချက်ချင်းသတ်ဖြတ်လိုက်နိုင်ခဲ့သည်။ မှော်စုန်းဆရာများသည် ထိုအခွင့်အရေးအား လက်လွတ်မခံခဲ့ကြပေ။ သူတို့သည် မုန်တိုင်းကျီးကန်းများအဖြစ်ပြောင်းလဲကာ နေရာအနှံ့ခွဲထွက်လိုက်ကြပြီး ဟာရီကိန်းများကိုထုတ်ဖော်ကာ အောစ့်များကိုလွှင့်ထွက်စေလိုက်ကြသည်။
ဂရား ...
နဂါးလေးသည် သူ၏ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် ဖြစ်ပေါ်လာသည့်မြင်ကွင်းကိုကြည့်ပြီး ကျေနပ်အားရသွားခဲ့သည်။ ထို့နောက်သူသည် သူ၏ခြေသည်းများဖြင့် ရန်သူစစ်သားအချို့ကိုဖမ်းယူကာ အဝေးသို့လွှင့်ထုတ်ပစ်ခဲ့သည်။
" သူ့ဆီမှာဘယ်လ်ိုဖြစ်ပြီးတော့ နဂါးတစ်ကောင်ရှိနေတာလဲ "
မြို့ရိုးပေါ်သို့ ခြေကုပ်မယူန်ိုင်သေးသည့်အတွက် ဇန်း၏မျက်နှာအမူအရာသည် ဆိုးရွားနေခဲ့သည်။ ထိုအခိုက်အတန့်တွင် နဂါးလေး၏ပေါ်ထွက်လာမှုက သူ့အားထိတ်လန့်ခြောက်ခြားစေခဲ့သည်။ နဂါးစီးနင်းသူများ ထွက်ပေါ်မလာခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်နေခဲ့ပြီဖြစ်သည်။ ဤထောင်စုနှစ်များအတွင်း မည်သူကမှနဂါးတစ်ကောင်ကို မထိန်းချုပ်နိုင်ခဲ့ပေ။
ကနေဒီမိသားစုသည်ပင် နဂါးများကိုထိန်းချုပ်ရန် နှစ်ပေါင်းထောင်ချီကြိုးစားခဲ့သည်။ သူတို့သည် နဂါးအချို့ကိုပင် သတ်ဖြတ်နိုင်ခဲ့သော်လည်း မည်သည့်နဂါးကိုမှမထိန်းချုပ်နိုင်ခဲ့ပေ။ သို့သော်ယခုမူ တိုက်ကြီး၏အစွမ်းအထက်ဆုံးသောသက်ရှိသည် ရှောင်ယုထံ၌လက်အောက်ခံနေခဲ့သည်။ နဂါးတစ်ကောင်သည် ရှောင်ယုထံအဘယ်ကြောင့် လက်အောက်ခံခဲ့သည်ကို သူတို့နားမလည်န်ိုင်ပေ။ နဂါးဟူသည် အလွန်မာနကြီးပြီး တစ်စုံတစ်ယောက်၏စီးနင်းကောင်အဖြစ် လက်မခံတတ်ကြပေ။
တစ်ချိန်တည်းမှာပင် နီကိုးလပ်စ်သည် သူ၏ထိုင်ခုံပေါ်မှထခုန်လိုက်ကာ အဝေးရှိတိုက်ပွဲမြင်ကွင်းကိုကြည့်ရင်း ညဉ်းညူမိလိုက်သည်။
" သူ့မှာနဂါးတစ်ကောင်ရှိတယ် ... သူ့မှာအနီရောင်မီးနဂါးတစ်ကောင်ရှိနေတယ် ... နဂါးစီးနင်းသူတွေပျောက်ကွယ်သွားတာ အတော်လေးကြာနေခဲ့ပြီ ... ဒီသတင်းသာပေါက်ကြားသွားခဲ့ရင် ဒီတိုက်ကြီးပေါ်မှာ သူ့ရဲ့ဂုဏ်သတင်းကခုထက်ပိုပြီး ကြီးထွားလာလိမ့်မယ် ... မဖြစ်ဘူး ... ဒီသတင်းတွေကိုကန့်သတ်ထားရမယ် ... အပြင်ကိုပျံ့နှံ့စေလို့မဖြစ်ဘူး "
နဂါးထွက်ပေါ်လာပြီးနောက် စစ်ပွဲအခြေအနေသည် စတင်တည်ငြိမ်လာခဲ့သည်။ နဂါးသည် စစ်မြေပြင်တခွင် လွတ်လွတ်လပ်လပ်သွားလာနေသော်လည်း ကနေဒီမိသားစုက တားဆီးနိုင်စွမ်းမရှိပေ။ သူတို့သည် နဂါးတစ်ကောင်ကိုမည်သည့်အခါကမှ တိုက်ခိုက်ဖူးခြင်းမရှိပေရာ ယခုဖြစ်ရပ်ကိုကိုင်တွယ်ရန် မတတ်စွမ်းနိုင်ခဲ့ကြပေ။ နဂါးလေး၏လုပ်ရပ်ကြောင့် ရန်သူများ၏ဖွဲ့စည်းပုံများသည် ရှုပ်ထွေးသွားခဲ့ကြသည်။ ဤအခြေအနေအတိုင်းသာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ယခုထက်ပိုမို၍ အကျအရှုံးများပြားလာမည်ဖြစ်သောကြောင့် ဇန်းသည်သူ၏တပ်များကိုနောက်ဆုတ်ခိုင်းလိုက်သည်။ သူသည် နောက်သို့ခြေတစ်လှမ်းဆုတ်ကာ တိုက်ပွဲအစီအစဉ်ကိုပြန်လည်ရေးဆွဲရမည်ဖြစ်သည်။
...
...
ရန်သူများသည် နောက်သို့ပြန်လည်ဆုတ်ခွာသွားသည်ကို မြင်သောအခါတွင် ရှောင်ယုသည်နဂါးလေးကို ပြန်လည်ဆုတ်ခွာလိုက်သည်။ ထို့နောက်သူသည် စစ်မြေပြင်ကိုရှင်းလင်းရန် သူ၏လူများကို အမိန့်ပေးလိုက်သည်။ သို့သော်လည်း ကျောက်တုံးနက်အောစ့်များ၏တိုက်ခိုက်မှုသည် ခြင်္သေ့မြို့ကိုအကြီးအကျယ်ထိခိုက်ကျရှုံးစေခဲ့သည်။ အထူးသဖြင့် ရန်သူများသည် အလွန်ကောင်းမွန်သည့်လက်နက်များနှင့် အစွမ်းထက်သောမှော်ဆရာများကိုပိုင်ဆိုင်ထားကြသည်။ သူတို့သည် လေမှော်သင်္ကေတများကို ရေးထိုးထားသော အရိပ်မြှားများကိုပင်အသုံးပြုထားခဲ့သည်။ ထိုအရိပ်မြှားများသည် ရှောင်ယု၏လေတပ်များကို သေစေနိုင်လောက်သောထိခိုက်မှုကိုပေးစွမ်းနိုင်၍ ရှောင်ယုသည် သူ၏လေတပ်များကို အများအပြား ထုတ်ဖော်အသုံးပြုရန် ဆန္ဒမရှိခဲ့ပေ။
" မင်းအမေပဲပေါ့ ... သူတို့ကဘာလို့အဲ့လောက်ချမ်းသာပြီး အစွမ်းထက်နေကြတာလဲ ... သူတို့ကသာမန်တိုက်ခိုက်မှုတွေမှာတောင် အရိပ်မြှားတွေကိုအသုံးပြုနေကြတာလား ... ဒါပေမဲ့ ဆရာဟစ်ဂင်ကသာ မှော်ပေါက်ကွဲရေးမြှားတွေကို အချိန်မှီပေးအပ်နိုင်ရင် အဲ့ကိစ္စအတွက်စိုးရိမ်နေစရာမလ်ိုတော့ဘူး ... "
ရှောင်ယုက သူ၏တပ်သားများသည် အစွမ်းထက်ကြောင်းသိရှိထားသော်လည်း အကြွင်းမဲ့စွမ်းအားနှင့်ရင်ဆိုင်ရချိန်တွင် အနည်းငယ်အားနည်းနေခဲ့သည်။ ဤတိုက်ပွဲတလျှောက်၌သူသည် တောင်ဘီလူး၄ကောင်ကိုပင် ဆုံးရှုံးခဲ့ရပေသည်။သူသည် ဆုံးရှုံးမှုများအားဖာထေးရန်အတွက် အခြေစိုက်စခန်းများမှ ပြန်လည်ဆင့်ခေါ်န်ိုင်သော်လည်း သူ၏ချစ်လှစွာသောစစ်သားများကို ဆုံးရှုံးရတိုင်း ခံစားချက်ကောင်းမွန်နေခြင်းမရှိပေ။
စစ်ပွဲကာလအတွင်း သံထည်ထုတ်လုပ်မှုကို ကန့်သတ်ထားသည့်အတွက်ကြောင့် ရှောင်ယုသည် တောင်ဘီလူးတိုင်းကို သံချပ်ကာများမတပ်ဆင်ပေးနိုင်ပေ။ တောင်ဘီလူးသည် ကြီးမားပြီးစွမ်းအားကြီးမားသော်လည်း သူတို့သည်ရန်သူများ၏ ပထမဆုံးပစ်မှတ်များဖြစ်လာကြသည်။ တောင်ဘီလူးများသည် မည်သည့်သူရဲကောင်းကိုမှ ကြောက်ရွံ့ခြင်းမရှိသော်လည်း အဆင့်မြင့်မှော်ဆရာများ၏အုပ်စုဖွဲ့တိုက်ခိုက်မှုများက သူတို့ကိုသေဆုံးစေနိုင်ကာ ကျောက်တုံးများအဖြစ် ပြောင်းလဲစေနိုင်ပေသည်။ အထူးသဖြင့် သူတို့၏ကြီးမားသောခန္ဓာကိုယ်ကြောင့် နှေးကွေးစွာသာရွေ့လျားနိုင်သည်။ ထို့ကြောင့်ရှောင်ယုသည် ၎င်းတို့ကိုရှေ့တန်းသို့မစေလွှတ်ခဲ့ပေ။
" နေ့အချိန်ကတော့ မင်းတို့အလှည့်ပေါ့ ... ဒါပေမဲ့ညရောက်လာတဲ့အခါကျ ဘာတွေဖြစ်လာမလဲဆိုတာ မင်းတို့စောင့်ကြည့်နေလိုက် "
ရှောင်ယုသည် ရန်သူများ၏စခန်းများကိုလှမ်းကြည့်ရင်း မျက်လုံးပင့်မိလိုက်သည်။ နေ့ရက်အချို့ကုန်လွန်ပြီးနောက်တွင် မသေမျိုးတပ်သားများအားထုတ်လုပ်နေမှုပြီးဆုံးသွားပြီဖြစ်ရာ ယနေ့ညတွင်စတင်တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားပြီဖြစ်သည်။
...
...
ညအချိန်တွင် ရှောင်ယုသည် ခြင်္သေ့မြို့မှခိုးထွက်လာကာ မသေမျိုးအခြေစိုက်စခန်းသို့သွားရောက်ခဲ့သည်။ သူသည် အမှောင်အော်ရာများဖြင့် ဝန်းရံခံထားရသည့်မသေမျိုးတပ်သားများအား တွေ့မြင်ချိန်၌ အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။
" ဒီချိန်က မင်းတို့လှုပ်ရှားရမယ့်အချိန်ပဲ ... မင်းတို့ဘာတွေလုပ်နိုင်လဲဆိုတာ ကမ္ဘာကြီးကိုပြသလိုက်ကြ ... မင်းတို့ကိုလူသားစားဖို့အတွက် အပြင်လောကကိုခေါ်ထုတ်သွားမယ် "
ရှောင်ယုသည် မသေမျိုးတပ်သားများကိုကြည့်၍ အော်ဟစ်ပြောဆိုလိုက်သည်။
အားဂီးးး ...
မသေမျိုးတပ်သားများသည် ရှောင်ယု၏စကားကိုကြားသည်နှင့်ကျယ်လောင်စွာအော်ဟစ် မြည်ကြွေးလိုက်ကြသည်။ ရှောင်ယုသည် မသေမျိုးများအား ကနေဒီမိသားစု၏စခန်းများဆီသို့ ချက်ချင်းခေါ်မသွားသေးဘဲ သူ၏ပိုင်နက်အတွင်းရှိ ရွာများဆီသို့စတင်ခေါ်ဆောင်သွားခဲ့သည်။ သူယခုပြုလုပ်လိုက်သောတိုက်ခိုက်မှုကြောင့် အနာဂတ်တွင်သံသယမဝင်စေရန် ရှောင်ယုကယခုကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူသည် အခြားလူများ၏အာရုံစိုက်မှုကိုမရရှိစေရန်အတွက် မသေမျိုးများထွက်ခွာသည့် လမ်းကြောင်းများကိုပင် အသေးစိတ်တွက်ချက်ပြုလုပ်ခဲ့သည်။
ရှောင်ယုသည် မသေမျိုးများကို ရွာသူရွာသားများအားသတ်ဖြတ်ခွင့် လုံးဝမပြုခဲ့သော်လည်း ရွာ၏အနားတွင်ဝိုင်းရံကာ အော်ဟစ်စေခဲ့သည်။ မသေမျိုးများ၏အော်ဟစ်သံကြောင့် ရွာသားများနိုးလာပြီး ထကြည့်ချိန်တွင် မသေမျိုးများကိုတွေ့မြင်လိုက်ရ၍ ထိတ်လန့်ကြောက်ရွံ့သွားကြသည်။ သို့သော်လည်း ထိုအချိန်၌ ရှောင်ယုယူဆောင်လာသည့် ရွှေရောင်အဆောင်လက်ဖွဲ့များက တောက်ပသောအလင်းရောင်များကိုထုတ်လွှတ်လာခဲ့သည်။ မသေမျိုးများသည် ထိုရွှေရောင်အလင်းများကို ကြောက်ရွံ့ဟန်ပြုကာ ရွာများအနီးမှထွက်ခွာသွားကြသည်။
ရှောင်ယုသည် ဤမသေမျိုးများ၏သရုပ်ဆောင်စွမ်းရည်နှင့်ပတ်သက်၍ အတန်ငယ်ကျေနပ်သွားခဲ့သည်။ ထို့နောက်သူသည် မသေမျိုးထောင်ချီကိုဦးဆောင်ကာ ကနေဒီမိသားစုစခန်း၏ အနောက်ဘက်သို့ခေါ်ဆောင်လာခဲ့သည်။