← Chapters

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း ၃၁၀ - မသေမျိုးများ၏ပထမဆုံးတိုက်ပွဲ

ကောင်းကင်၏မြင်ကွင်းအများစုကို တိမ်များကဖုံးလွှမ်းထားပြီး ကြယ်များက ဟိုတစ်စု သည်တစ်စုတောက်ပနေခဲ့သည်။

ဤသို့သောညမျိုးသည် မသေမျိုးများလှုပ်ရှားရန်အတွက် အကောင်းဆုံးသောမြင်ကွင်းလည်းဖြစ်သည်။ ရှောင်ယုကိုယ်တိုင်ကမူ သူ၏ခန္ဓာကိုယ်အား အနက်ရောင်ဝတ်ရုံတစ်ထည်ဖြင့် ဖုံးအုပ်ထားခဲ့သည်။ ထို့ကြောင့်သူသည် ညအမှောင်ထုနှင့်ပေါင်းစည်းနေခဲ့ပုံရသည်။ မည်သို့ပင်ဆိုစေ သူသည်မသေမျိုးများစွာဖြင့်အတူတကွ ချီတက်လာရသည့်အတွက် အနည်းငယ်စိတ်မသက်မသာဖြစ်နေခဲ့သည်။ သူသည် မသေမျိုးတပ်သားထောင်ချီမှ ထွက်ပေါ်လာသည့်ပုပ်အက်နေသော အနံ့ဆိုးများကိုသည်းခံနေသော်လည်း အန်ချင်စိတ်ကိုမနည်းထိန်းချုပ်ထားရသည်။

ရှောင်ယုသည် စတင်တိုက်ခိုက်မယ့်အချိန်ကို ကြိုတင်တွက်ချက်လိုက်သည်။ သူသည်မနက်တစ်နာရီဝန်းကျင်တွင် ကနေဒီမိသားစုစခန်းကို ဝင်ရောက်တိုက်ခိုက်မှာဖြစ်ပြီး ၃နာရီခန့်သတ်ဖြတ်ပြီးနောက် မနက်၄နာရီ၌ပြန်လည်ဆုတ်ခွာမည်ဖြစ်သည်။ သူသည်နေ့ခင်းဘက်တွင်လည်း မသေမျိုးများကိုအသုံးပြုတိုက်ခိုက်နိုင်သည်။ သို့သော်နေအလင်းရောင်ကြောင့် မသေမျိုးများသည် အတိုင်းအတာတစ်ခုထိအားနည်းနေမည်ဖြစ်သည်။ ထို့ပြင် ညအချိန်၌ အမှောင်ထု၏အကာအကွယ်ဖြင့် တပ်သားများကိုရွေ့ပြောင်းရသည်မှာလွယ်ကူသလို လွတ်မြောက်ရန်လည်းအခွင့်အရေးပိုများပေသည်။

သူတို့သည် ကနေဒီမိသားစု၏စခန်းသို့ရောက်ရန် အချိန်များစွာမယူလိုက်ရပေ။ အမှန်တော့ စခန်းသည်တောက်ပလင်းလက်နေကာ နေရာအနှံ့မီးရှူးများထွန်းညှိထား၍ အဝေးမှပင်တွေ့မြင်နိုင်သည်။ ဇန်းသည် စခန်းတဝိုက်၌ ကင်းထောက်များစွာကိုချထားခဲ့ပြီး ညအချိန်၌စခန်းအား ရန်သူဝင်ရောက်တိုက်ခိုက်ခြင်းမှ ကာကွယ်ထားခဲ့သည်။ ထို့ကြောင့်ကင်းထောက်များသည် စခန်းနှင့်ကီလိုမီတာ၂၀ခန့်အကွာသို့ရောက်နေသော မသေမျိုးများကိုစတင်တွေ့ရှိသွားကြပြီဖြစ်သည်။ ကင်းထောက်များသည် ထူးဆန်းသောတပ်ဖွဲ့များကိုမြင်တွေ့ချိန်၌ ထိတ်လန့်သွားခဲ့ကြသည်။

ဒီကောင်တွေက ဘာတွေလဲ ...

ဤကင်းထောက်များသည် အောစ့်သောင်းချီပါဝင်သည့်စစ်တပ်တစ်ခုကို တွေ့ရှိလိုက်ရလျှင်ပင် ဤမျှအံ့သြနေမည်မဟုတ်ပေ။ သို့သော်လည်း မသေမျိုးများသည် နေ့စဉ်မြင်တွေ့နိုင်သောအရာများမဟုတ်ကြပေ။ သူတို့အားလုံးသည် တိုက်ကြီးအတွင်း၌ မသေမျိုးများရှိနေသည်ကို သိရှိထားကြပေသည်။ တိုက်ကြီးအတွင်း၌ လူအချို့သည် မသေမျိုးအနည်းငယ်ကို တစ်ကြိမ်စနှစ်ကြိမ်စတွေ့မြင်ဖူးသည်။ သို့သော်လည်း မသေမျိုးထောင်ချီပါဝင်သည့် စစ်တပ်တစ်ခုက်ိုမူ မည်သူကမှမတွေ့မြင်ဖူးပေ။ဤမြင်ကွင်းသည် အလွန်ပင်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှပေသည်။

" သတင်းပို့ ... သတင်းပို့ ... ရန်သူတွေကတိုက်ခိုက်နေပြီ "

ကင်းထောက်တစ်ယောက်သည် အလျင်အမြန်အော်ဟစ်သတင်းပို့လိုက်သော်လည်း သူခံစားနေရသည့်ထိတ်လန့်မှုကြောင့် သတင်းပို့မှုကို အပြည့်အစုံမတင်ပြနိုင်သေးပေ။

" မင်းဘာတွေကြောက်နေတာလဲ ... စိတ်ကိုငြိမ်ငြိမ်ထား "

ကင်းထောက်ခေါင်းဆောင်ဖြစ်သူသည် ထိုကင်းထောက်အား ဒေါသတကြီးကန်ကျောက်လိုက်သည်။ ထိုကင်းထောက်သည် ခေါင်းဆောင်၏ကန်ကျောက်မှုကြောင့် မြေပေါ်သို့ လဲကျသွားခဲ့သည်။

" ဆ ... ဆရာ ... တပ်မှူး ... စစ်တပ်တစ်ခု ... မသေမျိုးစစ်တပ်တစ်ခု "

ကင်းထောက်သည် အထစ်ထစ်အငေါ့ငေါ့လေသံဖြင့်ပြောလိုက်သည်။

"ဘာမသေမျိုးလဲ...မင်းရူးနေတာလား..."

တပ်မှူးဖြစ်သူ၏အမြင်တွင် ထိုကင်းထောက်သည် တစ်စုံတစ်ရာကိုတွေ့မြင်ပြီး ကြောက်လန့်သွားသည်ဟုယူဆလိုက်သည်။ အမှန်တော့ တပ်မှူးသည်ထိုကင်းထောက်ဖြစ်သူအား အသုံးမဝင်တော့ဟုယူဆလိုက်ကာ သူ့ကိုတာဝန်မှအနားပေး၍ အခြားတစ်ယောက်ကိုအစားသွင်းရန်စဉ်းစားနေပြီဖြစ်သည်။

" မ ... မဟုတ်ဘူး .. တပ်မှူး ... ငါ့ရဲ့ကိုယ်ပိုင်မျက်လုံးတွေနဲ့တွေ့ခဲ့တာပဲ .... သူတို့ကအရေအတွက်ထောင်ချီတယ် ... အဲ့ကောင်တွေဆီကနေ ငါ့က်ိုအန်ထွက်လုမတတ် ပုပ်အက်အက်အနံ့ဆိုးတွေက်ိုပါ ရခဲ့တယ် "

တပ်မှူးဖြစ်သူသည် သူ့အားမယုံကြည်သည်ကိုမြင်သောအခါတွင် ကင်းထောက်ဖြစ်သူပအလျင်အမြန်ရှင်းပြလိုက်သည်။

" ကောင်းပြီ ... ခဏလောက်သွားပြီးအနားယူလိုက် "

ဤကင်းထောက်သည် စိတ်ဂယောင်ခြောက်ခြားဖြစ်နေသည်ဟု ယူဆသည့်အတွက် ထိုကောင်ကိုအဝေးသို့နှင်ထုတ်လိုက်ပြီး မနက်သို့ရောက်သည့်အခါမှ ဤအသုံးမကျသောကင်းထောက်ကို အပြစ်ပေးရန် ဆုံးဖြတ်ထားသည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် အခြားသောကင်းထောက်တစ်ယောက်က အပြေးအလွှားရောက်ရှိလာခဲ့သည်။

" တပ် ... တပ်မှူး ... မသေမျိုးတပ်တစ်ခုက ငါတို့စခန်းရဲ့တံခါးဝနားကို ရောက်နေပြီ "

" ဘာပြောလိုက်တယ် ... "

ယခုအကြိမ်တွင်မူ တပ်မှူးသည်မျက်မှောင်ကြုတ်မိလိုက်သည်။ ပထမကင်းထောက်ဖြစ်သူက သူ့အားလာရောက်စနောက်နေသည်ဟု ယူဆနိုင်သော်လည်း ကင်းထောက်နှစ်ဦးလုံးကတူညီသော သတင်းက်ိုတင်ပြလာရာ တစ်စုံတစ်ခုမှားယွင်းနေကြောင်းနားလည်သွားခဲ့သည်။

" ငါကိုယ်တိုင်စစ်ဆေးမယ် "

ကင်းထောက်တပ်မှူးသည် သူရဲကောင်းတစ်ယောက်ဖြစ်ကာ တိုက်ပွဲများစွာကို ဖြတ်ကျော်ဖူးပေသည်။ ထို့ကြောင့်သူသည် မသေမျိုးများအား မကြောက်ရွှံ့ပေ။ သို့သော်လည်း ယခုအခါတွင်သူသည်အမှားတစ်ခုအားပြုလုပ်မိခဲ့သည်။ သူသည် မသေမျိုးများကိုမကြောက်ရွှံသော်လည်း မသေမျိုးစစ်တပ်ကိုယခုတိုင်မတွေ့ဖူးသေးပေ။

တပ်မှူး၏သံသယစိတ်ကြောင့် မိနစ်အနည်းငယ်သာကြန့်ကြာသွားသော်လည်း ထိုအချိန်တိုလေးအတွင်း ရှောင်ယု၏မသေမျိူးတပ်သားများသည် စခန်းသို့ရောက်ရှိရန်လုံလောက်ခဲ့သည်။ ကင်းထောက်များသည် အချက်ပေးခေါင်းလောင်းများကို ချက်ချင်းတီး၍သတိပေးကြသည်။ တစ်ချိန်တည်းမှာပင် လေးသမားများသည် သူတို့၏လေးနှင့်မြှားကိုအသုံးပြုကာ မသေမျိုးများကိုပစ်ခတ်ကြသည်။

မြှားတံများသည် မသေမျိုးများ၏ခန္ဓာက်ိုယ်အား ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။ ထိုပစ်ခတ်မှုသည် ထိခိုက်မှုအချို့အားဖြစ်ပေါ်စေသော်လည်း မသေမျိုးများသည် သူတို့၏အဓိကခန္ဓာကိုယ်အစိတ်အပိုင်းများထိခိုက်မခံရမချင်း ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများ၏ သက်ရောက်မှုကိုမခံစားရပေ။ သူတို့သည် စခန်းဆီသို့ဆက်လက်ချီတက်ခဲ့ကြသည်။ ဤအရာသည် မသေမျိုးတပ်သားများ၏အကြီးမားဆုံးကောင်းကျိုးဖြစ်သည်။ ရန်သူများသည် သေဆုံးပြီးသူများကို မည်သို့ထပ်မံသတ်ဖြတ်နိုင်မည်နည်း။ မသေမျိုးများသည် နာကျင်မှု ၊ ကြောက်ရွှံမှုတို့ကို လုံးဝမခံစားရပေ။ သူတို့သည်သွေးသားကိုသာ ဆာလောင်ငတ်မွတ်နေကြသည်။

အား ... အား

ဖုတ်ကောင်၂၀၀၀ကျော်သည် သစ်သားခြံစည်းရိုးများကိုဖြတ်ကျော်ကာ ခံစစ်မျှော်စင်များအတွင်းသို့ဝင်ရောက်သွားချိန်၌ စစ်သားများ၏နာကျင်စွာအော်မြည်သံများ ထွက်ပေါ်လာခဲ့သည်။ ဤလူသားများသည် ဖုတ်ကောင်များအား တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ မည်သည့်အတွေ့အကြုံမှမရှိကြပေ။ သို့ဖြစ်ရာ သူတို့သည်ဖုတ်ကောင်များအား မည်သို့တိုက်ခိုက်ရမည်ကိုမသိကြပေ။

စစ်သားများသည် သူတို့၏ဓားများကို ပြတ်ပြတ်သားသားဝှေ့ယမ်း၍ တိုက်ခိုက်နေကြသော်လည်း ဖုတ်ကောင်များသည်သူတို့အပေါ်သို့ ခုန်အုပ်လိုက်ကြကာ သူတို့၏အသားများကိုကိုက်ဖဲ့စားသောက်ခဲ့ကြသည်။ဖုတ်ကောင်များသည် သားရဲများ၏တိုက်ခိုက်မှုနှင့်ဆင်တူသော်လည်း ဖုတ်ကောင်များနှင့်သားရဲများနှင့်မတူသောအချက်တစ်ခုရှိသည်။ ဖုတ်ကောင်များ၏ခန္ဓာကိုယ်မှထွက်ပေါ်လာသော ပုပ်အက်အက်အနံ့ဆိုးသည် ရန်သူများ၏စိတ်ဓာတ်ကိုဖိအားပေးနိုင်စွမ်းရှိသည်။

အကိုက်ခံလိုက်ရသောစစ်သားများ နာကျည်းစွာအော်ဟစ်လိုက်ချိန်တွင် စခန်းတစ်ခုလုံးဗရမ်းဗတာစဖြစ်ခဲ့သည်။ ဖုတ်ကောင်များသည် အရပ်တိုသော်လည်းလျင်မြန်စွာ လှုပ်ရှားသွားလာနိုင်ကြသည်။ သို့သော်လည်း ဖုတ်ကောင်အနည်းငယ်သည် ပုန်းရှောင်နေသောလူတစ်ယောက်ကို မတိုက်ခိုက်နိုင်ပေ။

စခန်းပတ်လည်တွင် လှည့်ကင်းအမြောက်အများမရှိသည့်အတွက် ဖုတ်ကောင်၂၀၀၀သည် စခန်းအတွင်းသို့အလျင်အမြန်ဝင်ရောက်လာခဲ့ကြသည်။

" ဘာတွေဖြစ်နေတာလဲ .... ဘာတွေဖြစ်ကုန်တာလဲ ... ရန်သူတွေလာတိုက်နေတာလား "

အခြားသောစစ်သားများသည် သတိပေးသံကြောင့်အိပ်ပျော်နေရာမှ နိုးထလာခဲ့ကြသည်။သူတို့သည်တိုက်ပွဲအတွင်းသို့ တဟုန်ထိုးပြေးဝင်သွားကြသော်လည်း သူတို့၏ရန်သူများသည် မည်သူမည်ဝါဖြစ်ကြောင်းတွေ့မြင်လိုက်ချိန်တွင် ထိတ်လန့်သွားခဲ့ကြသည်။

" ဒါ .. . ဒါတွေကဘာတွေလဲ "

စစ်သားများသည် မသေမျိုးများအားတွေ့မြင်ချိန်၌ လွန်စွာအံ့သြသွားကြသည်။ အမှန်တော့ သာမန်လူတစ်ယောက်သည် ဤမျှများပြားလှသည့်မသေမျိူးများကိုတွေ့မြင်ပါက ယခုလိုထိတ်လန့်နေကြမှာဖြစ်သည်။

ဝှစ်ရှ် ... ဝှစ်ရှ် ... ဝှစ်ရှ်

ထိုအချိန်တွင် စစ်သားများသည် ထူးဆန်းသောအသံများကိုကြားလိုက်ရသည်။ ရုတ်တရက်သူတို့၏ခန္ဓာကိုယ်များသည် ယားယံလာပြီး မူးဝေနေသလိုခံစားလိုက်ရသည်။ သူတို့သည် အသံလာရာခြံစည်းရိုးဘက်သို့လှည့်ကြည့်လိုက်ချိန်တွင် ကျားများတွားသွားလာသကဲ့သို့ ပင့်ကူများကိုတွေ့လိုက်ရသည်။

ပင့်ကူမကောင်းဆိုးဝါးများသည် ရန်သူများကိုစတင်တိုက်ခိုက်လိုက်ရာ စစ်သားများသည်တစ်ယောက်ပြီးတစ်ယောက် မြေပေါ်လဲကျသွားကြသည်။ ပင့်ကူမကောင်းဆိုးဝါးများသည် အဆိပ်များရောယှက်ပါဝင်နေသည့် ပင့်ကူမျှင်များအားပစ်လွှတ်ခဲ့ကြသည်။

သူတို့၏ပင့်ကူမျှင်ဖြင့် ထိမှန်ခံရသူသည် ချက်ချင်းသေဆုံးခြင်းမရှိသော်လည်း အာရုံကြောများနှင့်အကြောများကို ခေတ္တသေဆုံးစေပြီး ထိုအတောအတွင်း၌ ရန်သူသည် ခဏတာထုံကျင်မူးဝေသောဝေဒနာကိုခံစားနေရမည်ဖြစ်သည်။ ထိုသို့အချိန်တိုလေးအတွင်း၌ ဖုတ်ကောင်များသည် လဲကျနေသည့်စစ်သားများကို ကိုက်ဖြတ်စားသောက်လိုက်ကြသည်။ ထိုသို့သတ်ဖြတ်စားသောက်ပြီးမှသာ ဖုတ်ကောင်များသည် သူတို့ကုန်ဆုံးထားသောသက်လုံကို ပြန်လည်ဖြည့်တင်းနိုင်မှာဖြစ်သည်။

အခန်း ၃၁၁ - အသားကြိတ်စက်များ

မသေမျိုးများဝင်ရောက်တိုက်ခိုက်မှုကြောင့် စခန်းတစ်ခုလုံး ဖရိုဖရဲဖြစ်နေခဲ့သည်။

မရေမတွက်နိုင်သောစစ်သားများသည် သူတို့စခန်းကျူးကျော်ခံနေရကြောင်း သတင်းရရှိချိန်တွင် ချက်ချင်းပြေးထွက်လာကာ ရန်သူကိုတွန်းလှန်ခဲ့ကြသည်။ သို့သော်လည်း သူတို့အားလုံးသည် ကျူးကျော်သူများက မသေမျိုးများဖြစ်နေကြောင်း တွေ့မြင်လိုက်ချိန်၌ ထိတ်လန့်သွားကြသည်။ မသေမျိုးများစွာသည် အဘယ်ကြောင့် သူတို့စခန်းကိုကျူးကျော်လာရသနည်း။

စစ်သားများသည် မသေမျိုးများကိုမြင်တွေ့တွေ့ချင်း ဖရိုဖရဲဖြစ်ကုန်ကြသည်။ သို့သော်လည်း အဆင့်နိမ့်တပ်မှူးများရောက်ရှိလာကာ တပ်သားများကိုစတင်ထိန်းချုပ်ခဲ့ကြသည်။ ထို့ပြင် မှော်ဆရာများကလည်း ခံစစ်၌ပါဝင်ကူညီလာကြသည်။ မှော်တိုက်ခိုက်မှုများသည် မသေမျိုးများအပေါ်သို့ ပြင်းထန်စွာကျရောက်လာခဲ့ကာ မီးလုံးတစ်လုံးစီက ဖုတ်ကောင်အနည်းငယ်ကိုချက်ချင်းသုတ်သင်နိုင်ခဲ့သည်။

" ဟမ့် ... ဒီမှော်ဆရာတွေက မင်းတို့ကိုကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား ... လင်းနို့မကောင်းဆိုးဝါးတွေ ရှေ့တက် "

ရှောင်ယုသည် လင်းနို့မကောင်းဆိုးဝါးများကို စတင်တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ လင်းနို့မကောင်းဆိုးဝါးများသည် မှော်တိုက်ခိုက်မှုများကို အတိုင်းအတာတစ်ခုထိ တောင့်ခံနိုင်၍ မှော်ဆရာများကသူတို့အားသတ်ဖြတ်ရန် မလွယ်ကူလှပေ။ ထို့ပြင် လင်းနို့မကောင်းဆိုးဝါးများသည် တစ်ချိန်တည်း၌စုပြုံတိုက်ခိုက်လာရာ မှော်ဆရာများသည် သူတို့ကိုယ်သူတို့ကာကွယ်ရန်ပင် အခက်တွေ့နေခဲ့သည်။

လင်းနို့မကောင်းဆိုးဝါးအုပ်စုသည် ပထမဆုံးမှော်ဆရာတစ်ယောက်ထံ ပျံသန်းသွားခဲ့သည်။ လင်းနို့မကောင်းဆိုးဝါးများသည် အရေအတွက်၅၀၀ခန့်ရှိရာ မှော်ဆရာတစ်ယောက်အားသတ်ဖြတ်ရန်လွယ်ကူပေသည်။ ထို့နောက်သူတို့သည် အခြားမှော်ဆရာတစ်ယောက်ထံ ပျံသန်းတိုက်ခိုက်ခဲ့သည်။

" ဒါတွေကဘာတွေလဲ ... "

မှော်ဆရာများသည် လင်းနို့မကောင်းဆိုးဝါးများကိုတွေ့မြင်ချိန်၌ ထိတ်လန့်ကြောက်ရွံ့သွားကြသည်။ မှော်ဆရာများ၏မှော်တိုက်ခိုက်မှုများသည် လင်းနို့မကောင်းဆိုးဝါးများအပေါ် များစွာသက်ရောက်မှုမရှိပေ။ ထို့ပြင်လင်းနို့မကောင်းဆိုးဝါးများသည် သူတို့၏လက်သည်းများနှင့်အစွယ်များကိုအသုံးပြုကာ ကုတ်ခြစ်ကိုက်စားနိုင်သည်။ ဤနေရာတွင် မှော်ဆရာများကိုကာကွယ်နေသော သန်မာသည့်စစ်သည်တော်များရှိနေသော်လည်း သူတို့သည် လင်းနို့မကောင်းဆိုးဝါး၅၀၀ကို မဟန့်တားနိုင်ကြပေ။

သို့သော်လည်း ထိုအစောင့်အကြပ်များသည် အလွန်သစ္စာရှိကြောင်း တွေ့မြင်ရသည်။ သူတ်ို့သည် သူတို့၏ကိုယ်ပိုင်ခန္ဓာကိုယ်အားအသုံးပြုကာ မှော်ဆရာများအား လင်းနို့မကောင်းဆိုးဝါးများမတိုက်ခိုက်ရအောင် ကာကွယ်ပေးကြသည်။ မည်သို့ပင်ဆိုစေ လင်းနို့မကောင်းဆိုးဝါးများသည် ထိုအစောင့်အကြပ်များကိုဖယ်ရှားရန် အချိန်အနည်းငယ်သာလိုအပ်ပေသည်။ မှော်ဆရာများသည် လင်းနို့မကောင်းဆိုးဝါးများမှ ဘက်ပေါင်းစုံမှဝိုင်းရံထား၍ တည်နေရာရွေ့ပြောင်းခြင်း ၊ မှော်မန္တန်အသုံးပြုခြင်းတို့အား လုပ်ဆောင်ရန်အလွန်ခက်ခဲပေသည်။

သို့သော်လည်း လင်းနို့မကောင်းဆိုးဝါးများသည် မှော်ဆရာများက်ိုသတ်ဖြတ်ရုံသာသတ်ဖြတ်၍ သူတို့၏ခန္ဓာကိုယ်အား မဖျက်ဆီးခဲ့ပေ။ ရှောင်ယုသည် မှော်ဆရာများ၏အလောင်းကိုပြန်လည်ယူဆောင်ကာ အရိုးစုမှော်ဆရာများအဖြစ်ပြောင်းလဲပစ်ရန် စီစဉ်နေခဲ့သည်။

" ကာကွယ်ကြ ... ကာကွယ်ကြ "

အချို့တပ်မှူးများသည် လက်ရှိအခြေအနေအား လျင်မြန်စွာတုံ့ပြန်ကြသည်။ သူတို့သည် မသေမျိုးများအားသူတို့အလိုရှိသလို လုပ်ဆောင်ခွင့်မပေးနိုင်ကြောင်း နားလည်ထားကြသည်။ ထို့ကြောင့်သူတို့သည် မသေမျိုးများအားခုခံကာကွယ်ရန်အတွက် စစ်သားများအား ဖွဲ့စည်းပုံများစတင်ပြင်ဆင်ခိုင်းကြသည်။

ဝှစ်ရှ် ... ဝှစ်ရှ်

ခြေလျင်တပ်သားများသည် လျင်မြန်စွာဖြင့် ဖွဲ့စည်းပုံများကိုပြင်ဆင်လိုက်ကြသည်။ ရှောင်ယုသည် ထိုစစ်သားများ၏လျင်မြန်သောလုပ်ဆောင်ပုံကိုကြည့်ပြီး အနည်းငယ်မနာလိုဖြစ်နေခဲ့သည်။ ခြင်္သေ့မြို့ရှိသူ၏တပ်သားသစ်များသည် ထိုကဲ့သိုမြန်မြန်ဆန်ဆန်မလုပ်ဆောင်နိုင်ပေ။

ဒိုင်းများကိုအသုံးပြု၍ ဖွဲ့စည်းထားသည့် ခံစစ်ဖွဲ့စည်းပုံများသည် စစ်သားများအား ဖုတ်ကောင်များနှင့်လင်းနို့မကောင်းဆိုးဝါးများ၏ တိုက်ခိုက်မှုဒဏ်မှ ကာကွယ်ပေးနိုင်ခဲ့သည်။ လင်းနို့မကောင်းဆိုးဝါးများသည် ဒိုင်းများဖြင့်ပိတ်ဆို့ခံလိုက်ရသလို ဖုတ်ကောင်များသည်လည်း ဒိုင်းများကိုကုတ်ခြစ်နိုင်ခြင်းမရှိကြပေ။

ထိုအချိန်၌ ရှောင်ယုကအော်ဟစ်လိုက်သည်။

" အသားကြိတ်စက်တွေ .... "

ရှောင်ယုသည် မသေမျိုးအခြေစိုက်စခန်းကို အဆင့်၂သို့မြင့်တင်ပြီးနောက် အသားကြိတ်စက်များကိုထုတ်လုပ်နိုင်ခဲ့သည်။ အသားကြိတ်စက်များ ၊ ဖြိုဖျက်သူများ ၊ လမင်းပစ်ခတ်သူများသည် ခွဲတမ်းနေရာလွတ်များ၌ ထည့်မတွက်ပေ။ ထိုကြောင့်ရှောင်ယုသည် သူ၏နေရာလွတ်များကုန်ဆုံးသွားလျှင်တောင်မှ အသားကြိတ်စက်၁၀၀ကိုထုတ်လုပ်နိုင်ပေသည်။ ရှောင်ယုသည် အသားကြိတ်စက်များကို ထုတ်လုပ်နိုင်ကြောင်းသိရှိသွားချိန်၌ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

ဖုတ်ကောင်ရာချီသည် အသားကြိတ်စက်များကို တွန်းလာခဲ့ပြီးနောက်တွင် ၎င်းတို့သည်ဆူညံသောအသံများကိုထုတ်လွှင့်၍ စစ်မြေပြင်အတွင်းသို့ဝင်ရောက်လာခဲ့သည်။

" အဲ့ဒါတွေကဘာတွေလဲဟ ... "

စစ်သားများသည် အသားကြိတ်စက်များကိုတွေ့မြင်ချိန်၌ ကြောင်အသွားခဲ့ကြသည်။ သူတို့ဘဝတလျှောက်၌ ထိုကဲ့သို့ ထူးဆန်းသောလက်နက်များကို မမြင်တွေ့ဖူးပေ။ ထိုအရာသည် တစ်မီတာခန့်ရှည်ပြီး ဧရာမဘီးလုံးကြီးနှစ်ခုကိုတပ်ဆင်ထားသည်။ ထိုဘီးလုံးများကိုပြုလုပ်ရန် မည်သည့်ပစ္စည်းများကိုအသုံးပြုထားကြောင်း သူတို့မသိသော်လည်း ထိုဘီးလုံးများသည်အလွန်အလေးချိန်စီးနိုင်ကြောင်း သူတို့နားလည်ကြသည်။ ထိုဘီးလုံးနှစ်ခုကြားတွင် လည်ပတ်နေသောဘီးလုံးကြီးတစ်ခုပါကြောင်း သူတို့တွေ့လိုက်ရသည်။ ထိုဘီးလုံးကြီးသည် အသားကြိတ်စက်များရှေ့သို့ရောက်လာသည့် အရာအားလုံးကိုဝါးမြိုကာအသားပြားများအဖြစ် ဖိနင်းပစ်လိုက်မည်ဖြစ်သည်။

အသားကြိတ်စက်၏ရှေ့တွင် ကလေးလက်မောင်းအရွယ်ရှိသော တစ်မီတာခန့်ရှည်သည့် ဆူးချွန်များတပ်ဆင်ထားကာ အသားကြိတ်စက်ကိုလာရောက်တားဆီးသူများကို တိုက်ခိုက်မှာဖြစ်သည်။ အသားကြိတ်စက်၏အပေါ်၌ အဆက်မပြတ်ရွေ့လျားနေသော မြက်ရိတ်ဓားပုံစံအရာများရှိနေပြီး အသားကြိတ်စက်ရှေ့၌ ပိတ်ဆို့နေသည့်အရာအားလုံးကိုဖြတ်တောက်နိုင်စွမ်းရှိသည်။

ပုံမှန်ဆိုလျှင် အသားကြိတ်စက်များသည် ဘက်ပေါင်းစုံမှပြိုင်ဘက်ကင်းနေဟန်ရှိသော်လည်း အပေါ်စီးမှတိုက်ခိုက်မှုများကို ခုခံရာတွင်အားအနည်းဆုံးဖြစ်သည်။ အဆုံးသတ်တွင် ထိုစက်သည်တစ်မီတာအမြင့်သာရှိပြီး သာမန်သူရဲကောင်းတစ်ယောက်ပင် ၎င်းကိုခုန်ကျော်သွားန်ိုင်သည်။ သို့သော်လည်း ထိုသို့ကြိုးစားသူတိုင်း အမှားတစ်ခုပြုလုပ်မိသည်နှင့် သေဆုံးသွားမှာဖြစ်သည်။ အသားကြိတ်စက်ပေါ်၌ တပ်ဆင်ထားသည့် အဆက်မပြတ်ရွေ့လျားနိုင်သော မြက်ရိတ်ဓားများက ခုန်ကျော်ရန်ကြိုးပမ်းသူများအား အစိတ်စိတ်အမွှာမွှာပိုင်းဖြတ်ပစ်မှာဖြစ်သည်။ အထူးသဖြင့် အသားကြိတ်စက်၏ထိပ်၌တပ်ဆင်ထားသည့် ဧရာမဒူးလေးကြီးက မည်သည့်ရန်သူကိုမဆိုပစ်ခွင်းနိုင်စွမ်းရှိသည်။

အသားကြိတ်စက် လက်နက်များဖြင့်ပေါင်းစပ်ထားသည့် ကိရိယာတစ်ခုသာဖြစ်သည်။ သို့သော်လည်း အသားကြိတ်စက်များသည် လမင်းပစ်ခတ်သူများနှင့်ဖြိုဖျက်သူများနှင့်ယှဉ်ပါက ရန်သူများအပေါ်ကြီးမားသည့်စိတ်ပိုင်းဆိုင်ရာဖိအားကို ပေးစွမ်းနိုင်သည့်အတွက် ပိုမိုစွမ်းအားကြီးကာ လွှမ်းမိုးနိုင်စွမ်းရှိပေသည်။ ရှောင်ယု၏အမြင်တွင် ရေနွေးငွေ့တိုက်စက်များကသာ စစ်မြေပြင်၌ အသားကြိတ်စက်များကိုယှည်ပြိုင်နိုင်မည်ဖြစ်သည်။

အသားကြိတ်စက်များ ခုတ်ထစ်ထားသည့်ရန်သူများသည် အလဟဿမဖြစ်သွားပေ။ ထိုအစိတ်အပိုင်းများကို ဖုတ်ကောင်များကစားသုံးကာ သူတို့၏ဒဏ်ရာများကိုကုသနိုင်သလို အသားကြိတ်စက်များသည် အနီးအနားရှိရန်သူများကို အသားတုံးများအဖြစ် ပြောင်းလဲစေနိုင်သည့်ပလိပ်အငွေ့များကိုထုတ်ပေးနိုင်သော စက်များအဖြစ်အသွင်ပြောင်းလဲသွားနိုင်သည်။

ရှောင်ယုသည် စနစ်ကိုရရှိချိန်ကပင် မသေမျိုးတပ်စခန်းကိုရွေးချယ်ခဲ့ပါက သူသည်တိုက်ကြီးအားအကြောက်တရားဖြင့် စိုးမိုးခြယ်လှယ်နိင်မည်ဖြစ်သည်။ မသေမျိုးတပ်သားများသည် ကြောက်ရွံ့မှုနှင့်နာကျင်မှုကို မခံစားတတ်ပေ။ သို့သော်ထိုသို့ရွေးချယ်လိုက်ပါက သူ၏ဖြစ်တည်မှုသည် အားသက်စ်နှင့်ကွာခြားတော့မည်မဟုတ်ပေ။ သူသည် အကြီးမြတ်ဆုံးအရှင်သခင်ဖြစ်လာတော့မည်မဟုတ်ပဲ မသေမျိုးအရှင်သခင်သာဖြစ်လာမည်ဖြစ်သည်။

လူသားတစ်ယောက်အတွက် မသေမျိုးအရှင်သခင်ဖြစ်လာရန်သာ သေဆုံးမှုကိုသာပိုမိုရွေးချယ်သွားမည်ဖြစ်သည်။

ခရက် ... ခရက်

အသားကြိတ်စက်များသည် ရန်သူများ၏ဒိုင်းဖွဲ့စည်းပုံကို စတင်ထိုးဖောက်ခဲ့ကြသည်။အသားကြိတ်စက်တွင် တပ်ဆင်ထားသောဆူးချွန်များသည် ဒိုင်းများကိုထိုးဖောက်ကာ ရန်သူများကိုအသားကြိတ်စက်ထဲ ပစ်သွင်းကြသည်။ အသားကြိတ်စက်များသည် ရှေ့သို့အတားအဆီးမရှိတိုးလာကာ ရန်သူစစ်သားများအား ခုတ်ထစ်ဖြတ်တောက်၍အသားစများအဖြစ်ပြောင်းလဲပစ်ကြသည်။

အား...အား

အသားကြိတ်စက်များသည် ဒိုင်းဖွဲ့စည်းပုံကိုဖျက်ဆီးလိုက်သည်နှင့် စစ်မြေပြင်တစ်ခုလုံး၌ စစ်သားများ၏နာကျင်စွာအော်ငြီးသံများထွက်ပေါ်လာခဲ့သည်။

အခန်း ၃၁၂ - မင်းတို့အဆင်သင့်ဖြစ်ရင် ထပ်တွေ့ကြတာပေါ့

" ဘုရားရေ ဒါကတော်တော်ရွံစရာကောင်းတာပဲ "

ရှောင်ယုသည် ဤကဲ့သို့စက်ဆုပ်ဖွယ်မြင်ကွင်းအတွက် ကြိုတင်ပြင်ဆင်ထားသော်လည်း ယခုလိုမြင်တွေ့လိုက်ရချိန်တွင် စိတ်မထိန်းနိုင်ဘဲ အန်ချမိလိုက်သည်။ သူသည် စစ်ပွဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ဖူးပြီး လူပေါင်းများစွာကနည်းလမ်းမျိုးစုံဖြင့် သေဆုံးသည်ကိုမြင်တွေ့ဖူးပေသည်။ သို့သော်လည်း ဤအသားကြိတ်စက်များက အလွန်ပင်သွေးထွက်သံယိုဖြစ်လွန်းပေသည်။

" မှော်ဆရာတွေ .... မှော်ဆရာတွေ အဲ့ဒါတွေကိုရှေ့မတိုးလာအောင်တားကြစမ်း "

စစ်သားများသည် သူတို့၏ရဲဘော်ရဲဘက်များ အပိုင်းပိုင်းဖြတ်တောက်ခံလိုက်ရသည်ကိုကြည့်ပြီး အလွန်ပင်ထိတ်လန့်ကြောက်ရွံ့နေကြသည်။ ဤသို့ကြောက်ရွံ့မှုမျိုးများသည် စစ်မြေပြင်၌ရန်သူတစ်ဦးက သူတို့၏ရဲဘော်တစ်ယောက်အား ခေါင်းဖြတ်လိုက်သည်ကို မြင်ရသည်နှင့်ကွာခြားပေသည်။ ရှောင်ယုမျှော်မှန်းထားသည့်အတိုင်း စစ်မြေပြင်တွင် မသေမျိုးတပ်သားများပေါ်ထွက်လာသည်ကိုမြင်သောအခါ ရန်သူများ၏စိတ်သည်လွန်စွာထိတ်လန့်ကြောက်ရွံ့သွားကြသည်။

ဘန်း ... ဘန်း

မှော်ဆရာအနည်းငယ်သည် အသားကြိတ်စက်များကိုတိုက်ခိုက်ရန် မီးလုံးများကိုပစ်လွှတ်လိုက်ကြသည်။ ထို့နောက် အသားကြိတ်စက်လေးခုသည် မှော်ဆရာများစွာ၏အဆက်မပြတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည်။ အဆင့်မြင့်မှော်ဆရာများသည် အသားကြိတ်စက်များကို ကြီးကြီးမားမားထိခိုက်မှုဖြစ်ပေါ်စေသည်။ ထို့ပြင် အသားကြိတ်စက်များသည် သံမဏိဖြင့်ပြုလုပ်ထားခြင်းမဟုတ်ပေ။

မည်သို့ပင်ဆိုစေ မှော်ဆရာများ၏တိုက်ခိုက်မှုများသည် အသားကြိတ်စက်များကိုမရပ်တန့်နိုင်ခဲ့ပေ။ အဆုံးသတ်တွင် မှော်ဆရာများ၏မှော်စွမ်းအင်သည် အကန့်အသတ်မရှိခြင်း မဟုတ်ပေ။ ထို့ပြင် လင်းနို့မကောင်းဆိုးဝါးများကလည်း မှော်ဆရာများကို ဦးတည်တိုက်ခိုက်နေခဲ့သည်။ ရှောင်ယုသည် မသေမျိုးရုပ်တုများကို ဖျက်ဆီးသူများအဖြစ်အသွင်ပြောင်းခိုင်းကာ မှော်ဆရာများကိုတိုက်ခိုက်နေသော လင်းနို့မကောင်းဆိုးဝါးများနှင့် ပူးပေါင်းစေခဲ့သည်။ ညအမှောင်ထုတွင် လေကြောင်းတပ်များကိုထိခိုက်စေရန် အလွန်ခက်ခဲပေသည်။ရန်သူများသည် ဒူးလေးများကိုအသုံးပြုခဲ့သော်လည်း ပစ်မှတ်ကိုမထိမှန်ခဲ့ပေ။

အထူးသဖြင့် ရှောင်ယုသည် ဖျက်ဆီးသူများနှင့်လင်းနို့မကောင်းဆိုးဝါးများ ကျရှုံးမည်ကိုစိုးရိမ်နေခြင်းမရှိပေ။ စစ်မြေပြင်၌ ရန်သူ၏အဓိကကျောရိုးဖြစ်သော မှော်ဆရာတစ်ဦးသေဆုံးသွားစေရန်အတွက် လင်းနို့မကောင်းဆိုးဝါးများ အသေခံတိုက်ခိုက်န်ိုင်ပါက ထိုက်တန်သည်ဟုဆိုနိုင်ပေသည်။ ရှောင်ယုအတွက် စစ်မြေပြင်တွင်ရန်သူများ ထိတ်လန့်တုန်လှုပ်လေလေ လင်းနို့မကောင်းဆိုးဝါးများက ရန်သူမှော်ဆရာများအား ပိုမိုသုတ်သင်နိုင်လေလေ ခြင်္သေ့မြို့၏သာမန်စစ်သားများအတွက် ခုခံရသည်ပိုမိုလွယ်ကူလေလေဖြစ်သည်။

ခြင်္သေ့မြို့၏မြို့ရိုးနံရံများသည် အဆင့်မြင့်မှော်ဆရာများ၏လက်ချက်ကြောင့် ကြီးကြီးမားမားပျက်စီးခဲ့ရသည်။ ထိုသို့သောတိုက်ခိုက်မှုများသာ နေ့စဉ်ဖြစ်ပေါ်နေပါက ခြင်္သေ့မြို့၌မြို့ရိုးရှိတော့မည်မဟုတ်ပေ။ ရှောင်ယုသည် ဖော်ရာကိုခေါင်းဆောင်အဖြစ်ခန့်အပ်ကာ မှင်စာတစ်ဖွဲ့အားဦးဆောင်စေ၍ ပြိုကျနေသောနံရံအစိတ်အပိုင်းများအား ပြုပြင်ခိုင်းထားသော်လည်း ထိုသို့လုပ်ဆောင်ခြင်းက အကန့်အသတ်ရှိပေသည်။

အသားကြိတ်စက်များသည် အုပ်စုလေးများအဖြစ်ဖြန့်ခွဲလိုက်ကာ သူတို့လမ်းတလျှောက် မြင်မြင်သမျှအရာတိုင်းကို ကြိတ်ခြေလိုက်ကြသည်။ ရန်သူများနေထိုင်ရာ ရွက်ဖျင်တဲများကိုတောင်ကြိတ်ခြေသွားကြပြီး သူတို့ကိုမည်သူမှ မတားဆီးနိုင်ခဲ့ပေ။

" ပုဆိန်တွေကိုသုံး ... ပုဆိန်တွေကိုသုံးပြီး အဲ့ဒါတွေကိုမရွေ့နိုင်အောင်လုပ်ကြ "

ကနေဒီမိသားစုမှ အစွမ်းထက်သူရဲကောင်းများသည် စစ်မြေပြင်သို့ရောက်ရှိလာခဲ့ကြသည်။သူတို့သည် ဓားများကိုလွှင့်ပစ်လိုက်ကြပြီးနောက် ပုဆိန်များနှင့်အခြားလေးခံသောလက်နက်များကိုကောက်ယူကာ အသားကြိတ်စက်များကို တိုက်ခိုက်လိုက်ကြသည်။ အရောင်စုံလင်သော တိုက်ပွဲစွမ်းအင်များသည် သူတို့၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ ရန်သူများအသုံးပြုသည့် နည်းလမ်းသည် အမှန်ပင်ထိရောက်မှုရှိလှသည်။သူရဲကောင်းအများစုသည် စတုတ္ထအဆင့်သို့ရောက်ရှိနေကြပြီး သံမဏိနှင့်သစ်သားများဖြင့်ရောယှက်ထားသည့်နံရံကိုမဆိုနှင့် ကျောက်နံရံများကိုပါဖြိုခွဲနိုင်စွမ်းရှိကြသည်။

ယခုအချိန်၌ အသားကြိတ်စက်များ၏ လုပ်ဆောင်နိုင်စွမ်းကုန်ဆုံးသွားသည်ကို နားလည်လိုက်၍ ရှောင်ယုသည်လက်ကိုဝှေ့ယမ်းလိုက်ကာ ဧရာမအသားကောင်များကို ဝင်ရောက်တိုက်ခိုက်ခိုင်းလိုက်သည်။ ဧရာမအသားကောင်များသည် အရန်တပ်များအဖြစ် ရှောင်ယုချန်ထားခဲ့သည့်တပ်များဖြစ်သည်။

ဧရာမအသားကောင်တစ်ကောင်စီသည် နေရာလွတ်၂ခုကိုယူဆောင်ထားသည့်အတွက် သူတို့၏ခွန်အားသည် ဒုတိယအဆင့်အထွတ်အထိပ်သူရဲကောင်းနှင့် ညီမျှပေသည်။ ထို့ပြင်သူတို့၏တိုက်ခိုက်မှုများကလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့၏ခန္ဓာကိုယ်အား ကပ်ရောဂါအငွေ့အသက်များနှင့်လွှမ်းခြုံထားသည့်အတွက် သူတို့အနားကိုတိုးကပ်လာသူတိုင်း ကူးစက်ခံရမည်ဖြစ်သည်။

အားဂီး ...

ရှောင်ယုသည် ထိုဧရာမအသားကောင်များကိုလည်း ဂရုစိုက်ခြင်းမရှိပေ။ ထို့ကြောင့်သူသည် ၎င်းတို့အားအသေခံတိုက်ခ်ိုက်မှုများကို ဆက်လက်လုပ်ဆောင်စေခဲ့သည်။ ထိုကောင်များသည် အရပ်၃မီတာမြင့်ပြီး ကြီးမားသောချိတ်များ ၊ ချိန်းကြိုးများနှင့်ပုဆိန်များကိုအသုံးပြုကြသည်။ ရန်သူများသည် ထိုကဲ့သို့တိုက်ခိုက်မှုမျိုးကို တစ်ခါမှ မတွေ့မြင်ဖူးပေ။ သူရဲကောင်းများသည် စွမ်းအားကြီးမားသော်လည်း အချိန်တစ်ခုအတွင်း ရွှံရှာဖွယ်ဧရာမအသားကောင်များကို အနိုင်ပိုင်းရန်ခက်ခဲပေသည်။

ထို့ပြင် ဧရာမအသားကောင်များ၏တိုက်ခိုက်မှုသည်လည်း သာမန်လူများနှင့်ကွဲပြားပေသည်။ ရံဖန်ရံခါတွင် သူတို့သည် ရန်သူအား ပုဆိန်နှင့်ခုတ်ဓားတို့ဖြင့်တိုက်ခိုက်နေစဉ် သူတို့၏အချိုးအစားမညီညွတ်သောလက်များက ချိတ်များ ၊ ချိန်းကြိုးများကို အသုံးပြု၍တိုက်ခိုက်တတ်ကြသည်။

" သတ် ... သတ်ကြ "

ရန်သူစစ်သားများသည် စတင်အော်ဟစ်လိုက်ကြသည်။ထိုအချိန်တွင် စခန်းတစ်ခုလုံးသည် စစ်သားများနှင့်စတင်ပြည့်နှက်လာပြီဖြစ်သည်။

ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်ရင်း ပြုံးလိုက်မိသည်။

" ဟမ့် အရေအတွက်ကိုအားကိုးပြီးတော့ ငါတို့ကိုတွန်းလှန်ချင်နေတာလား ... မင်းတို့ကမသေမျိုးတွေရဲ့လုပ်နိုင်စွမ်းကို နားမလည်ကြသေးဘူးပဲ "

ရှောင်ယုသည် သူ၏လက်ကိုထပ်မံဝှေ့ယမ်းလိုက်ရာ အောက်လမ်းမှော်ကဝေများနှင့် စုန်းမများက တိုက်ပွဲထဲပါဝင်လာကြသည်။ အောက်လမ်းမှော်ကဝေများသည် သူတို့၏မန္တန်များကိုရွတ်ဖတ်လိုက်ရာ သေဆုံးနေသောရန်သူစစ်သားများသည် ဖြေးညင်းစွာမတ်တပ်ရပ်လာကြသည်။ အသစ်ထွက်ပေါ်လာသည့် မသေမျိုးတပ်သားများသည် သူတို့၏မျက်လုံးများမှ အဝါရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့သည်မြေပေါ်ကျနေသောလက်နက်များကိုကောက်ယူကာ တိုက်ပွဲတွင်းပြန်လည်ဝင်ရောက်လာကြသည်။

ရန်သူစစ်သားများသည် သူတို့၏သေဆုံးပြီးသော ရဲဘော်ရဲဘက်များက မသေမျိုးအဖြစ်သို့ပြောင်းလဲသွားကာ သူတို့ကိုတိုက်ခိုက်လာ၍ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ ချက်ချင်းပင် စစ်မြေပြင်တစ်ခုလုံး အထိတ်တလန့်ဖြစ်သွားခဲ့ပြီး ရန်သူများဖရိုဖရဲထပ်မံဖြစ်သွားခဲ့သည်။ ထိုလူများသည် မသေမျိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သော်လည်း ရန်သူစစ်သားများက ၎င်းတို့ကိုတိုက်ခိုက်နေချိန်၌ သူတို့၏နှလုံးထားထဲ၌ ဝမ်းနည်းကြေကွဲဖွယ်ခံစားချက်များဖြစ်ပေါ်လာခဲ့သည်။ဤအရာသည် လူ့သဘာဝ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အဆုံးသတ်တွင် မရေမတွက်န်ိုင်သေည့်လူသေများသည် မသေမျိုးတပ်သားများအဖြစ်ပြောင်းလဲကာ ရှောင်ယု၏တပ်ထဲပူးပေါင်းလာကြသည်။

စခန်း၏အနောက်ဘက်တစ်ခုလုံးသည် ရှုပ်ပွနေခဲ့ပြီး မရေမတွက်နိုင်သောရန်သူများ သတ်ဖြတ်ခံခဲ့ရသည်။ မသေမျိုးများသည်လည်း အမြောက်အများကျရှုံးခဲ့သော်လည်း ကနေဒီမိသားစု၏ဆုံးရှံးမှုက ပိုမိုကြီးမားခဲ့သည်။ ရှောင်ယုသည် မသေမျိုးတပ်သားများကိုအသုံးပြုကာ သူတို့၏စခန်းများကို ရုတ်တရက်ဝင်တိုက်ခဲ့သည်။ ထို့ပြင် ရန်သူများသည် မသေမျိုးများအားမည်သို့ တုံ့ပြန်တိုက်ခိုက်ရမည်ကို မသိရှိကြသေးပေ။

အထူးသဖြင့်ရှောင်ယုသည် စခန်းအားတိုက်ခိုက်ချိန်၌ စက်ရုပ်များမရှိနိုင်သည့် စခန်း၏အနောက်ဘက်က်ိုရွေးချယ်တိုက်ခိုက်ခဲ့သည်။အကယ်၍ သူတိုက်ခိုက်လိုက်သောဘက်၌ စက်ရုပ်များရှိနေပါက သူ့ဘက်မှကြီးမားသောအထိအခိုက် အကျအရှုံးများကို ရင်ဆိုင်ရမည်ဖြစ်သည်။

ရှောင်ယုသည် မသေမျိုးတပ်သားများအား နောက်ထပ်နာရီဝက်ကြာ တိုက်ခ်ိုက်ခိုင်းခဲ့သည်။ထို့ကြီးမားသောစစ်တန်းလျားကြီး နှစ်ခုကိုထိုးဖောက်ဝင်ရောက်ခဲ့ကာ ရန်သူစစ်သားထောင်ချီကိုသတ်ဖြတ်နိုင်ခဲ့သည်။ သူတို့သည် မှော်ဆရာများနှင့်သူရဲကောင်းများစွာကိုလည်းသတ်ဖြတ်နိုင်ခဲ့သည်။

ယနေ့ညတိုက်ခိုက်မှုသည် လုံလောက်နေပြီဖြစ်ရာ ရှောင်ယု၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ပြီး မသေမျိုးတပ်သားများအား ဆုတ်ခွာရန်အမိန့်ပေးလိုက်သည်။

All Chapters