အခန်း (၃၁၆-၃၁၈)
Vol. 22 Ch. 326-328
အခန်း ၃၁၆ - ဟေးစ်၏သိလိုစိတ်
" အဲတော့ ဆရာဟေးစ်က မသေမျိုးတွေနဲ့ပတ်သက်ပြီး ဘာတွေသိချင်တာလဲ "
ရောဘတ်သည် အဓိကအကြောင်းရင်းဆီ တိုက်ရိုက်သွားခဲ့သည်။
" ငါသတင်းအချို့တော့ရထားတယ် ... မကြာသေးခင်ကမသေမျိုးတွေ ရုတ်တရက်ပေါ်ထွက်လာပြီးတော့ မင်းရဲ့စခန်းကိုတိုက်ခိုက်ခဲ့ကြတယ်မလား ... ပုပ်ရဟန်းမင်းက မကြာခင်ဒီတိုက်ကြီးပေါ်မှာ ကြီးမားတဲ့အပြောင်းအလဲကြီးတစ်ခုဖြစ်ပေါ်လာမယ်လို့ ပြောခဲ့တယ် ... အဲ့ဒါကြောင့် မသေမျိုးတွေထွက်ပေါ်လာတာ အံ့သြစရာတော့မဟုတ်ဘူး ... မင်းမေ့နေတာလား လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀၀ကဖြစ်ပွားခဲ့တဲ့ ကပ်ဆိုးကြီးဟာမသေမျိုးတွေနဲ့ ဆက်စပ်နေတယ် ... ခုလည်းဒီလိုအဖြစ်ဆိုးမျိုး နောက်တစ်ကြိမ်ဖြစ်လာနိုင်တဲ့အတွက် ငါဒီကိုစုံစမ်းဖို့ရောက်လာတာပဲ "
ဟေးစ်က တည်ငြိမ်စွာရှင်းပြလ်ိုက်သည်။
ရောဘတ်သည် ထိုစကားကိုကြားပြီးနောက် မျက်မှောင်ကြုတ်မိလိုက်သည်။
" မင်းပြောချင်တာက မသေမျိုးတွေရဲ့သောင်းကျန်းမှုဟာ တိုက်ကြီးတစ်ခုလုံးအနှံ့ ထပ်ပြီးဖြစ်ပေါ်လာမယ်လို့ဆိုလိုတာလား "
ဟေးစ်က ခေါင်းညိတ်ပြလိုက်သည်။
" ပုပ်ရဟန်းမင်းကြီးရဲ့အဆိုအရ အရမ်းကိုကြီးမားတဲ့ဘေးဒုက္ခတစ်ခုဖြစ်ပွားလာန်ိုင်တယ် ... အဲ့ဒီကပ်ဘေးအတွင်းငါတို့သိထားတဲ့ အရာမှန်သမျှပျက်စီးသွားန်ိုင်တယ် ... အဲ့ဒီကပ်ဘေးကဘယ်လိုဖြစ်လာမလဲဆိုတာ ငါသေချာမပြောနိုင်ပေမဲ့ အဲ့အကြောင်းတွေးပူနေတာထက် ကြိုတင်စုံစမ်းထားတာပိုကောင်းတဲ့အစီအစဉ်ပဲ "
ရောဘတ်သည် ဟေးစ်၏စကားများကိုနားထောင်ပြီးနောက်တွင် စိတ်မသက်မသာခံစားလိုက်ရသည်။ သူ၏တပ်များသည် မသေမျိုးထောင်ချီကိုသာ ရင်ဆိုင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။ တိုက်ကြီးတစ်ခုလုံးကို မငြိမ်မသက်ဖြစ်စေလိုပါက အနည်းဆုံးသောင်းချီသောမသေမျိုးများ ထွက်ပေါ်လာရန်လိုအပ်ပေသည်။ သူသည် မသေမျိုးထောင်ချီကိုပင် အလွယ်တကူမရင်ဆိုင်နိုင်ပေရာ မသေမျိုးသောင်းချီကိုဆိုလျှင် ပြောနေစရာမလိုတော့ပေ။
ရောဘတ်သည် ဟေးစ်ပြောသည့်စကားများကိုစဉ်းစားကြည့်ရင်း သူ၏မျက်နှာအမူအရာသည် ဖျော့တော့လာခဲ့သည်။ မသေမျိုးများ၏တိုက်ခိုက်မှုသည် ရောဘတ်က်ိုအမြဲတစေဖိအားပေးနေခဲ့သည်။သူသည်လွန်ခဲ့သောတစ်လလုံး ကောင်းစွာအိပ်မပျော်နိုင်ခဲ့ပေ။ ရောဘတ်သည် ရန်သူများမည်မျှပင်အစွမ်းထက်ပါစေ ဂရုစိုက်နေမည့်သူမဟုတ်ပေ။ သူသည် ရန်သူထက်အစွမ်းထက်သောတပ်ဖွဲ့များအား သူ၏မိသားစုထံမှတောင်းခံနိုင်သည်။ သို့သော်လည်း မသေမျိုးများကိုမူ သာမန်အမြင်ဖြင့်ကြည့်ရှုဆုံးဖြတ်၍မရပေ။
ရောဘတ်သည် သူကြုံတွေ့ခဲ့ရသော မသေမျိုးတိုက်ခိုက်မှုများအကြောင်းကို ပြန်လည်ပြောပြချိန်၌ ဟေးစ်၏အမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ အစောပိုင်းတွင် ရောဘတ်သည် အရိုးစုများနှင့်ဖုတ်ကောင်အနည်းငယ်၏တိုက်ခိုက်မှုကိုသာ ခံခဲ့ရကြောင်း ဟေးစ်ယူဆထားသော်လည်း ဤတိုက်ခိုက်မှုတွင် အရိုးစုများ ၊ ဖုတ်ကောင်များ ၊ ရွှံရှာဖွယ်ဧရာမအသားကောင်များ ၊ ပင့်ကူများနှင့်လင်းနို့မကောင်းဆိုးဝါးများပင် ပါဝင်လာမည်ဟု မထင်မှတ်ထားပေ။ ဤအရာနှစ်ခုသည် လုံးဝကွဲပြားသောအခြေအနေနှစ်ခုဖြစ်သည်။
ဘုရားကျောင်း၏မော်ကွန်းတိုက်အတွင်း မသေမျိုးများ၏အသေးစိတ်အချက်အလက်များကို မှတ်တမ်းတင်ထားပေသည်။ ထို့ကြောင့်ဟေးစ်သည် မသေမျိုးများ၏ပုံပန်းသွင်ပြင်နှင့်၎င်းတို့၏အစွမ်းများကိုသိရှိထားသည်။ ထိုမသေမျိုးများသည် တဖြည်းဖြည်းဆင့်ကဲပြောင်းလဲလာသည်နှင့် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကပ်ဆိုးကြီးကိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း သူနားလည်ထားပေသည်။ သို့သော်လည်း ရှောင်ယုထံ၌ မသေမျိုး၅၀၀၀သာရှိကြောင်း သူတို့မသိခဲ့ကြပေ။ ဟေးစ်၏အမြင်တွင် မသေမျိုးများသည် လူသေများကိုဝါးမြိုခြင်းဖြင့် အလွန်လျင်မြန်စွာဆင့်ကဲပြောင်းလဲနိုင်ပေသည်။ ထိုအတိုင်းသာဆက်ဖြစ်နေည်ဆိုပါက လအနည်းငယ်အတွင်းမှာပင် မသေမျိုးများသည် တိုက်ကြီးတစ်ခုလုံးကို ဖြတ်ကျော်သွားနိုင်သည့်အတွက် ဟေးစ်သည်အလွန်ပင်ထိတ်လန့်သွားခဲ့သည်။
" ဒါက တကယ့်ကိုအရေးပေါ်ဖြစ်နေတဲ့အခြေအနေပဲ ... ငါအမြန်ဆုံးဘုရားကျောင်းကိုပြန်ပြီး ပုပ်ရဟန်းမင်းကိုအစီရင်ခံစာတင်ရမယ် "
လက်ရှိဖြစ်ပျက်နေသောအခြေအနေသည် သူလုပ်ဆောင်နိုင်စွမ်းထက်ကျော်လွန်နေကြောင်း ဟေးစ်နားလည်လိုက်သည်။
" ဘာ ... ဆရာဟေးစ် ... မင်းဘာလို့ထွက်သွားမှာလဲ "
ရောဘတ်သည် စိတ်ရှုပ်ထွေးသွားခဲ့သည်။ အဆုံးသတ်တွင် သူသည် သူနှင့်သူ့တပ်ဖွဲ့များအားကယ်တင်နိုင်မယ့် တစ်စုံတစ်ယောက်ကိုရှာတွေ့ခဲ့သော်လည်း ထိုလူကပြန်လည်ထွက်ခွာရန်ပြင်ဆင်နေခဲ့သည်။ ထို့ပြင်ဟေးစ်၏ ပြင်းထန်သောတုံ့ပြန်မှုက လက်ရှိမသေမျိုးပြဿနာသည် အလွန်အရေးကြီးကြောင်း ရောဘတ်နားလည်ခဲ့သည်။ အကယ်၍ အလင်းဘုရားကျောင်းကသာ လက်ရှိပြဿနာကိုကိုင်တွယ်မဖြေရှင်းနိုင်ပါက မသေမျိုးများသည် လျင်မြန်စွာဆင့်ကဲပြောင်းလဲလာကာ သူ၏တပ်များကိုအမြစ်ဖြုတ်စားသောက်လိမ့်မည်ဟု ရောဘတ်ကယူဆထားခဲ့သည်။
ဟေးစ်သည် အပြုံးမပျက်ဘဲ ရောဘတ်အားနှစ်သိမ့်ပေးလိုက်သည်။
" သခင်လေးရောဘတ် စိတ်ကိုအေးအေးထားပါ ... ငါဒီနေ့ထွက်သွားမှာမဟုတ်သေးဘူး ... ငါကဒီမသေမျိုးတွေကို ငါကိုယ်တိုင်ကြည့်ရှုစစ်ဆေးအုံးမှာပါ ... ဒါပြီးမှငါကဘုရားကျောင်းကိုပြန်ပြီး ဒီကိစ္စကိုတင်ပြရမယ် ... ဖြစ်နိုင်တာက ငါမင်းကိုခြင်္သေ့နယ်မြေကိုသိမ်းပိုက်နိုင်အောင် တစ်ချိန်တည်းမှာကူညီပေးနိုင်တာပဲ "
ရောဘတ်သည် သူ့အားလှည့်ကြည့်လိုက်သည်။
" အိုးမင်းက ငါ့ကိုခြင်္သေ့နယ်မြေကိုရအောင် ကူညီပေးမယ်ပေါ့ ... မင်းမှာဘယ်လိုအကြံအစည်တွေရှိနေတာလဲ "
ရောဘတ်သည် ဖြုန်းတီးတတ်သောသခင်လေးဖြစ်သော်လည်း အရူးမဟုတ်ပေ။ ဟေးစ်သည် သူ့အားအကြောင်းမဲ့သက်သက် ကူညီမည်မဟုတ်ကြောင်း သူသိရှိထားသည်။
ဟေးစ်က ပြုံး၍ပြောလိုက်သည်။
" သခင်လေးရောဘတ်နဲ့စကားပြောရတာ တကယ်တဲ့တိုးဆန်တာပဲ ငါကကွေ့ပတ်ပြီးပြောနေစရာမလိုတော့ဘူး ... ခြင်္သေ့နယ်မြေမှာ အောစ့်နဲ့နတ်သူငယ်တွေရှိတာ ငါတို့အားလုံးသိနေတာပဲ ... ခြင်္သေ့နယ်မြေကသူတို့ကိုပိုင်ဆိုင်ဖို့အတွက် တော်တော်ဝန်ထုပ်ဝန်ပိုးဖြစ်လွန်းတယ် ... ခြင်္သေ့မြို့ကိုမင်းရသွားပြီးရင် သူတို့ကို၅၀/၅၀စီခွဲယူကြတာပေါ့ "
ရောဘတ်က ကျယ်လောင်စွာရယ်မောလိုက်သည်။
" မင်းရဲ့အစာစားချင်စိတ်က တော်တော်ကြီးမားတာပဲ ... ဒီတိုက်ပွဲမှာငါလူတွေဘယ်လောက်ထိဆုံးရှံးခဲ့ပြီလဲဆိုတာ မင်းသိလား ... အဲ့ဒါတောင်မှမင်းကတစ်ဝက်လိုချင်နေတယ်ပေါ့ "
ဟေးစ်က အပြုံးမပျက်ပြန်ပြောလိုက်သည်။
" သခင်လေးရောဘတ် ... ဘာမှမရတာထက်စာရင် တစ်ဝက်ပဲရတာပိုမကောင်းဘူးလား ... ခြင်္သေ့မြို့ရဲ့မြို့ရိုးတွေဟာ အရမ်းကိုကျစ်လစ်ပြီးတော့ မင်းရဲ့တပ်သားတွေကမသေမျိုးတွေရဲ့ တိုက်ခိုက်တာကိုခံနေရတယ် ... တကယ်ပဲခြင်္သေ့မြို့ကိုသိမ်းပိုက်န်ိုင်မယ်လို့ထင်နေတာလား သခင်လေးရောဘတ် "
ရောဘတ်က မကျေမနပ်မြည်တမ်းလိုက်သည်။
" ဘုရားကျောင်းရဲ့ခရူးဆိတ်တပ်သားတွေက အမြဲအောင်နိုင်နေတယ်လို့ မင်းထင်နေတာလား ... ဘုရားကျောင်းက ခြင်္သေ့မြို့နဲ့နဂါးကိုကိုယ်တိုင်ရင်ဆိုင်နိုင်ရင် ငါထွက်သွားဖို့ဆန္ဒရှိတယ် "
ဟေးစ်သည် ဒေါသအနည်းငယ်ပင်မထွက်ဘဲ တုံ့ပြန်ပြောဆိုလိုက်သည်။
" သခင်လေးရောဘတ် .... ငါတို့ကပူးပေါင်းဆောင်ရွက်မှုအကြောင်းကိုပြောနေတာလေ ... ပါလာဒင်တွေနဲ့ခရူးဆိတ်တွေက မသေမျိုးတွေကိုခုခံပေးနေတဲ့အချိန်မှာ သင်ကခြင်္သေ့မြို့ကိုအာရုံစိုက်ပြီးတိုက်ခိုက်နေလို့ရတယ် ... ဒါက်ိုတာဝန်နဲ့ပူးပေါင်းဆောင်ရွက်ခွဲခြားတာလို့ခေါ်တယ် "
ရောဘတ်သည် စားပွဲခုံအား သူ၏လက်ချောင်းများဖြင့်ခေါက်ရင်းပြောလ်ိုက်သည်။
" ဆရာဟေးစ်ရဲ့ပြောပုံအရဆိုရင် ဘုရားကျောင်းက တရားမျှတမှုကိုကိုယ်စားပြုနေသလ်ိုပဲ ... တကယ်ဆိုရင်မသေမျိုးတွေကိုတိုက်ခိုက်ဖို့က မင်းရဲ့တာဝန်လို့မပြောခဲ့ဘူးလား ... မင်းကသူတော်ကောင်းတစ်ယောက်ပါလို့ ငါ့ကို့ယုံကြည်လာအောင် အတင်းအကျပ်လုပ်ဆောင်ခိုင်းစေချင်တာလား "
ဟေးစ်သည် ထိုင်ခုံပေါ်သို့ထိုင်ချရင်းပြောလိုက်သည်။
" သခင်ရောဘတ် ... ခရုးဆိတ်တွေရောပါလာဒင်တွေရော အရင်းအမြစ်တွေမရှိဘဲ မတိုက်ခိုက်နိုင်ဘူး ... ငါတို့ကတိုက်ပွဲတိုင်းကို မျက်စိစုံမှိတ်တိုက်ခိုက်နေရင် ဘုရားကျောင်းကခုချိန်ထိရှင်သန်နေနိုင်မယ်လို့ သခင်လေးရောဘတ်ကထင်နေသေးတာလား "
ရောဘတ်သည် ဟေးစ်၏မျက်လုံးများကိုစိုက်ကြည့်လိုက်သည်။
" ခြင်္သေ့မြို့ကိုသိမ်းပိုက်ပြီးသွားတဲ့အခါကျရင် မင်းလိုချင်သမျှပိုက်ဆံနဲ့ရတနာတွေကိုပေးဖို့ ပြဿနာလုံးဝမရှိဘူး ဒါပေမဲ့အောစ့်တွေနဲ့နတ်သူငယ်တွေကတော့ ငါ့ရဲ့အပိုင်ဘဲ "
ဟေးစ်က ချက်ချင်းပင်ခေါင်းခါပြလိုက်သည်။
" ငါစိတ်ပျက်မိတယ် ... သခင်လေးရောဘတ် ငါတကယ်စိတ်ပျက်မိတယ် ... ငါဒီနေ့မသေမျိုးတွေရဲ့တိုက်ခိုက်မှုကိုစောင့်ကြည့်မယ် ... ဒါပြီးရင်တော့ခြင်္သေ့မြို့ကိုသွားရောက်ပြီး ပူးပေါင်းဆောင်ရွက်မှုအကြောင်းက်ိုဆွေးနွေးဖို့ စီစဉ်ထားတယ် ... ငါ့အမြင်အရတော့သူက ငါနဲ့အလုပ်တွဲလုပ်ဖို့သဘောတူမယ်ထင်တာပဲ "
" အိုးတကယ်ပဲလား ... ဆရာဟေးစ်သိလား ... ခြင်္သေ့မြို့မှာအူသာလို့ခေါ်တဲ့ ပါလာဒင်တစ်ယောက်ရှိနေတယ်လို့ ငါသတင်းရထားတယ် ... သူတို့ကမင်းတို့ရဲ့အလင်းနတ်ဘုရားများဖြစ်နေမလား "
ရောဘတ်သည် အလွန်ပင်ပါးနပ်ပြီး ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို နောက်တစ်ကြိမ်မပြောတော့ဘဲ ရှောင်ယုဆီသို့စကားလမ်းကြောင်းပြောင်းလိုက်သည်။ သူသည် ပူးပေါင်းဆောင်ရွက်မှုအားအလိုရှိသည်ထက် သူကိုယ်တိုင်မသေမျိုးများအား ရင်ဆိုင်တိုက်ခိုက်လိုသည်။
" ဟမ့် ... တစ်စုံတစ်ယောက်က ကြီးမြတ်တဲ့အူသာရဲ့အမည်ကိုယူသုံးရဲတယ်ဆိုတော့ တော်တော်ဒေါသထွက်စရာကောင်းတာပဲ ... ဒါကလည်းငါ့ရဲ့တာဝန်တစ်ခုပဲ အဲ့ကိစ္စကိုငါစုံစမ်းသွားမယ် "
ဟေးစ်သည် မျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။
ရှောင်ယုသည် သူ၏ဂုဏ်သတင်းကိုတိုးလာစေရန်အတွက် သူသည်ရှေးခေတ်သူရဲကောင်းများကို ပြန်လည်ဆင့်ခေါ်န်ိုင်ကြောင်း သတင်းအချက်အလက်များကို ဖြန့်ဝေခဲ့သည်။ သို့သော်လည်း အင်အားစုကြီးများက သူ၏လုပ်ရပ်ကိုရှုံ့ချလှောင်ပြောင်ခဲ့ကြသည်။
သူတို့၏အမြင်တွင် ရှောင်ယုသည်လူအများကို လှည့်စားရန်ကြိုးပမ်းနေသည်သာဖြစ်ပြီး ရှောင်ယုကလည်းထိုလူများ၏ သဘောထားနှင့်ပတ်သက်၍ တိတ်တဆိတ်ပျော်ရွှင်နေခဲ့သည်။ဤနည်းဖြင့် သူသည်ရှေးခေတ်သူရဲကောင်းများအား မည်သို့ဆင့်ခေါ်နိုင်သည်ကို ရှင်းပြနေစရာမလ်ိုတော့ပေ။ ထိုအင်အားစုကြီးများက သူ့အားလူလိမ်တစ်ယောက်ဟု ထင်မြင်နေခြင်းသည် ပို၍အန္တာရယ်ကင်းပေသည်။
အခန်း ၃၁၇ - ဆိုးရွားသောအကြံအစည်
ရှောင်ယုသည် နဂါးလေးကိုစစ်ဆေးကြည့်ပြီးနောက် နဂါးလေးသည် စတုတ္ထအဆင့်သားရဲကိုပင် ရင်ဆိုင်နိုင်ကြောင်းသိလိုက်ရသည်။
ထိုအချိန်တွင် စစ်သားတစ်ယောက်က အလျင်အမြန်ပြေးဝင်လာခဲ့သည်။
" အရှင် ... ပါလာဒင်တစ်ယောက်ကမြို့ပြင်ဂိတ်ကိုရောက်နေပါတယ်...သူကအရှင့်ကိုတွေ့ချင်တယ်လို့ဆိုပါတယ် "
" ပါလာဒင် ...သူကဘာလာလုပ်တာလဲ "
ရှောင်ယုသည် ပါလာဒင်နှင့်ဘုရားကျောင်းအကြောင်းကို လုံးဝစိတ်မဝင်စားပေ။ သူ့ထံတွင်အူသာရှိနေရုံဖြင့် လုံလောက်သည်။
" သူကသန့်ရှင်းတဲ့အလင်းကိုကိုယ်စားပြုတဲ့ အလင်းဘုရားကျောင်းကလာတာပါ "
စစ်သားကပြန်ဖြေလိုက်သည်။
" အိုး...အဲလိုလား "
ရှောင်ယုသည် ထိုပါလာဒင်လာရောက်လည်ပတ်ရသည့် နောက်ကွယ်မှအကြောင်းရင်းကို နားလည်သွားခဲ့သည်။ အူသာ၏ဂုဏ်တင်းသည် သူထင်ထားသည်ထက်ပိုမိုပျံ့နှံ့သွားပုံရပြီး ယခုအခါတွင် ဘုရားကျောင်းသည် အူသာ၏အထောက်အထားကိုစစ်ဆေးရန်အတွက် တစ်စုံတစ်ယောက်အားစေလွှတ်လိုက်ပုံရသည်။
" သူ့ကိုခန်းမဆီခေါ်လာခဲ့လိုက် .. .ပြီးတော့သူ့ကိုအဲမှာခဏလောက်စောင့်ခိုင်းထားလိုက် "
ထို့နောက်ရှောင်ယုသည် ပြိုင်ကွင်းအတွင်း၌ရှိနေသော နဂါးလေးကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
" အပျင်းမထူနဲ့ ... မြန်မြန်အဲ့ကောင်တွေကိုသတ်လိုက်စမ်း ... မင်းမလုပ်နိုင်ဘူးဆိုရင် ဒီနေ့အတွက်မင်းဘာမှမစားရဘူးမှတ် ... တကယ်လို့မင်းသာမြန်မြန်လုပ်နိုင်ခဲ့ရင် သိုးကောင်လုံးကြော်စားရမယ် "
နဂါးသည် ရှောင်ယုအားသနားစဖွယ်အကြည့်များဖြင့် လှမ်းကြည့်လိုက်သော်လည်း သူသည်ရှောင်ယု၏အမိန့်ကို မလွန်ဆန်နိုင်ကြောင်း နားလည်လိုက်သည်။ ထို့နောက်သူ၏သနားစဖွယ်အကြည့်များသည် ချက်ချင်းပင်နာကျဉ်းမှုများနှင့် ပြည့်နှက်သွားခဲ့ကာ စတုတ္ထအဆင့်သားရဲ၃ကောင်အား ပြေးဝင်တိုက်ခ်ိုက်လိုက်သည်။
ဘန်း ... ဘန်း
နဂါးလေးသည် သူ၏ခြေသည်းများကိုဝှေ့ယမ်းကာ သားရဲများကိုပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။
" အဲ့ဒါကအမှန်ပဲ ... ဒါကမှနည်းလမ်းအမှန်ပဲ ... မင်းကကြောက်စရာကောင်းတဲ့နဂါးတစ်ကောင်ပဲ ... နဂါးတွေကဘယ်လောက်သန်မာတယ်လို့မင်းထင်လဲ ... မင်းကနဂါးတစ်ကောင်ဖြစ်ပြီး တိုက်ကြီးမှာရှိတဲ့အစွမ်းအထက်ဆုံးသော ဖြစ်တည်မှုတစ်ခုပဲ ... မင်းကငါ့ရဲ့ညီအစ်ကိုဖြစ်ပြီးတော့ မင်းကသေမင်းတောင်ပံနဲ့ အဲလက်စထရာဇာတို့ထက်ပိုပြီးသန်မာတဲ့ အသန်မာဆုံးနဂါးတစ်ကောင်ဖြစ်လာရမယ် "
ရှောင်ယုသည် နဂါးလေး၏စွမ်းဆောင်မှုအပေါ် ကျေနပ်အားရနေခဲ့ပြီး လက်ခုပ်တီးအားပေးလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည်နဂါးလေးအတွက်ပိုမိုအားကောင်းသည့် ပြိုင်ဘက်များအားစတင်ရှာဖွေပေးလာရသည်။
နှစ်ပေါင်းများစွာကြာမြင့်ချိန်တွင် တစ်စုံတစ်ယောက်သည်ဤတိုက်ကြီး၌ အသန်မာဆုံးနဂါးဖြစ်သော ခရက်စ်အား သူမည်သို့သန်မာလာသည်ကိုမေးမြန်းချိန်၌ နဂါးကြီး၏မျက်လုံးမှ မျက်ရည်များစီးကျလာခဲ့သည်။
...
...
ရှောင်ယုသည် ခန်းမအတွင်းသို့ရောက်ရှိလာချိန်တွင် ဟေးစ်သည်ရောက်နှင့်နေပြီဖြစ်သည်။ ရှောင်ယုသည် ကောင်းကင်ခြင်္သေ့မင်းဆက်၏ မြို့စားကြီးတစ်ဦးဖြစ်သော်လည်း ဟေးစ်၏အမြင်တွင်မူ ထိုအရာသည်အင်ပါယာမှပေးအပ်သော ဘွဲ့တစ်ခုမှလွဲ၍ ဘာမှမဟုတ်ပေ။ ဟေးစ်ထံတွင် မာနနှင့်ဂုဏ်သိက္ခာအပြည့်ရှိပေသည်။ သူသည် ထိုသို့ဖြစ်နေရသည့်အဓိကအကြောင်းရင်းမှာ ဘုရားကျောင်း၏ပါလာဒင်များသည် သူတို့ကိုယ်သူတို့ နတ်ဘုရားများ၏တမန်တော်များဟုယုံကြည်ကြကာ မည်သည့်မင်းမျိုးမင်းနွယ်ကိုမှ ဦးညွတ်စရာမလိုဟုခံယူထား၍ဖြစ်သည်။
ကနေဒီမိသားစု၏စွမ်းအားကြောင့်သာမဟုတ်ပါက ဟေးစ်သည်ရောဘတ်ကို ယဉ်ကျေးစွာဆက်ဆံမည်မဟုတ်ဘဲ ဂရုစ်ိုက်မှာမဟုတ်ပေ။ သို့သော်လည်း ထိုသို့မာနကြီးသောဟေးစ်သည် ရှောင်ယု၏ရှေ့တွင်ဘာမှမဟုတ်ခဲ့ပေ။ သို့သော်လည်း သူသည်ရှောင်ယု၏ဒေါသကိုမသိရှိခဲ့ချေ။ အကယ်၍ ရှောင်ယုအပေါ်တစ်စုံတစ်ယောက်က ခြေတစ်လှမ်းကျောသွားပါက ရှောင်ယုကထိုလူအပေါ်ခြေ၁၀လှမ်းပြန်၍ ကျောသွားမှာဖြစ်သည်။ အကယ်၍ ရှောင်ယုအားသူတို့မလေးမစားပြုမူဝံ့ပါက ရှောင်ယုကထိုလူများကိုရိုက်နှက်ရန် စိတ်မရှိပေ။
ဤတိုက်ကြီးပေါ်၌ ရှောင်ယုသည်မည်သူ့ကိုမှမကြောက်ရွံ့ပေ။
ယခုလည်းဟေးစ်သည် သူ့အားအနည်းငယ်မျှတောင် ဂရုမစိုက်သည်ကိုတွေ့မြင်ပြီးနောက် သူသည်ထိုင်ခုံဆီသို့ဦးတည်သွားကာ ထိုင်ချလိုက်တော့သည်။
"ငါ့ကို Duffတစ်ခွက်လောက်ပေး..."
Duffသည်ဘီယာဖြစ်ပြီး ရှောင်ယုသည်၎င်းအားသောက်သုံးရသည်ကို ကြိုက်နှစ်သက်ပေသည်။ချက်ချင်းပင် အနား၌ရှိနေသောစားပွဲထိုးက ဘီယာတစ်ခွက်အားယူဆောင်လာခဲ့သည်။
ရှောင်ယုသည် ထိုင်ခုံပေါ်နောက်ပြန်မှီချလိုက်ကာ သူ၏ခြေထောက်များကိုရှေ့စားပွဲပေါ်၌တင်ထားလိုက်ပြီး ဟေးစ်က်ိုစိုက်ကြည့်ကာ စကားတစ်ခွန်းမှမပြောခဲ့ပေ။ ရှောင်ယု၏အပြုအမူကြောင့် ဟေးစ်သည်အလွန်ဒေါသထွက်သွားခဲ့သည်။ ဤတိုက်ကြီးပေါ်၌ မည်သည့်အရှင်သခင်ကမှ သူ့အားဤသို့မဆက်ဆံဖူးပေ။ သူသည်ရောဘတ်က်ိုတွေ့ဆုံစဉ်ကလည်း ရောဘတ်အားနှုတ်မဆက်ခဲ့သည်တောင်မှ ရောဘတ်ကထိုကိစ္စကိုလျစ်လျူရှုခဲ့သည်။ ထို့ပြင် ရှောင်ယုသည်အစမှအဆုံးတိုင်အောင် သူ့အားလျစ်လျူရှုထားခဲ့ကာ သူ့အားခွေးတစ်ကောင်လိုစိုက်ကြည့်နေခဲ့သည်။ အလင်းဘုရားကျောင်း၏ မည်သည့်ပါလာဒင်မဆို ဤသို့သောအခြေအနေနှင့်ရင်ဆိုင်ရမည်ဆိုပါက ဒေါသပေါက်ကွဲသွားမှာဖြစ်သည်။
မည်သို့ပင်ဆိုစေ ဟေးစ်သည် ဘဝ၏အနိမ့်အမြင့်အတက်အကျများစွာကို ရင်ဆိုင်ဖူးသည်ဖြစ်ရာ သူ၏ဒေါသကိုထုတ်ဖော်မပြသခဲ့ပေ။ သူသည်ဤနေရာသို့ ရှောင်ယုနှင့်တွေ့ဆုံညှိနှိုင်းရန်ရောက်ရှိလာခြင်းဖြစ်၍ သူ့ဘက်မှနေ၍အနည်းငယ် အလျော့ပေးရမည်ဖြစ်သည်။ စေ့စပ်ညှိနှိုင်းမှုအား ပြုလုပ်လိုသူများသည် အစောပိုင်းတွင်သူတို့၏ဝှက်ဖဲများအား မပြသသင့်ကြောင်း နားလည်ထားကြသည်။ ထို့ကြောင့်ဟေးစ်သည် ထိုင်ခုံလက်ကိုင်ကို ဒေါသဖြင့်တင်းကြပ်စွာဆုပ်ကိုင်ကာ ရှောင်ယုအားပြန်လည်စိုက်ကြည့်လိုက်သည်။
ရှောင်ယုသည် ထိုလူအားလျစ်လျူရှူလိုက်ပြီး ဟေးစ်နှင့်အတူ သူ့နောက်ဘက်တွင်ပါလာသော သက်တော်စောင့်နှစ်ယောက်အား အပေါ်အောက်စစ်ဆေးလိုက်သည်။
ရှောင်ယုသည် ဘီယာတစ်ငုံကိုညင်သာစွာမော့ချလိုက်ကာ ဟေးစ်အား ရန်စလိုက်သည်။
" မင်းက ဆွံ့အနေတာလား "
" မြို့စားရှောင် ... ဒါကမင်းရဲ့ဧည့်သည်တွေအပေါ်ဆက်ဆံတဲ့ပုံစံလား ... "
ဟေးစ်က ပထမဆုံးတုံ့ပြန်လိုက်သည်။ ရှောင်ယုပထမဆုံးမေးမြန်းလိုက်သောမေးခွန်းက ပါလာဒင်များ၏ဂုဏ်သိက္ခာကို မြေကြီးပေါ်ရိုက်ချလိုက်သည်နှင့် တူနေခဲ့သည်။ ဟေးစ်သည် အတော်လေးထက်မြက်သူတစ်ယောက်ဖြစ်သည်။ သူ့နေရာတွင်အခြားသူတစ်ယောက်ဆိုပါက ဤနေရာတွင်ဓားက်ိုဆွဲထုတ်ကာ ရှောင်ယုအားချိန်ရွယ်ထားပြီဖြစ်သည်။
ရှောင်ယုက ပြန်လည်တုံ့ပြန်လိုက်သည်။
" မင်းကလူမိုက်တစ်ယောက်မဟုတ်ဘူးဆိုရင် ဘာလို့စကားတစ်ခွန်းမှမပြောတာလဲ ... မင်းကဘာလို့ဒီနေရာကိုရောက်လာတာလဲ "
" မင်း ... "
လက်ရှိအချိန်၌ အခြေအနေများပြောင်းလဲသွားပြီဖြစ်ကြောင်း ဟေးစ်နားလည်လိုက်သည်။ ရှောင်ယု၏စကားကြောင့် ဟေးစ်ကိုယ်တိုင်ကပြဿနာအားလုံး၏ အရင်းခံဖြစ်သွားပုံရသည်။ သူသည်ဧည့်သည်တစ်ယောက်ဖြစ်သော်လည်း ဤနေရာ၏အိမ်ရှင်ကို အခြေခံနှုတ်ဆက်မှုလေးပင်မပြုလုပ်ခဲ့ပေ။ ထို့ကြောင့်ရှောင်ယုက ယခုလိုပြုမူခဲ့ခြင်းဖြစ်သည်။ သို့သော်သာမန်ဧည့်သည်များအား ထိုသို့ပြုမူသည်မှာ ကိစ္စမရှိသော်လည်း ယခုသူ၏ဧည့်သည်မှာ ဟေးစ်ဖြစ်နေခဲ့သည်။ ဟေးစ်သည် အလင်းဘုရားကျောင်း၏ စတုတ္ထအဆင့်ပါလာဒင်တစ်ယောက်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူသည် ပါလာဒင်များ၏ခေါင်းဆောင်တစ်ယောက်လည်းဖြစ်သည်။ သူ၏အထောက်အထားသည် သူ့အားတွေ့မြင်သူတိုင်းကိုလေးစားစေကာ ရှောင်ယုကဲ့သို့မြို့စားကြီးများသည်တောင်မှ သူ့အားစကားပြောဆိုရန် အရည်အချင်းမရှိပေ။
သို့သော်လည်း သူသာအသေးစိတ်အချက်အလက်များကို သိရှိသွားခဲ့ပါက ဟေးစ်သည် ရှောင်ယု၏ရှေ့တွင်ထိုင်ခွင့်ရရန် အရည်အချင်းမပြည့်မှီတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ဟေးစ်သည် ဘုရားကျောင်း၏ပါလာဒင်တစ်ယောက်ဖြစ်ကာ လူတိုင်းကသူ့အားဦးညွတ်ဂါဝရပြုရမည်ဖြစ်သည်။
သို့သော်လည်း သူသည်ရှောင်ယု၏စိတ်နေစိတ်ထားနှင့် စရိုက်တို့ကိုနားမလည်ခဲ့ပေ။ ရှောင်ယုသည် သူ့ကိုယ်သူပင်မြို့စားတစ်ယောက်ဟုမယူဆဘဲ အရူးတစ်ယောက်လ်ိုပြုမူတတ်သည်။ အရူးနှင့်လူဆိုးတစ်ယောက်အတွေ့တွင် အရူးကကြောက်ရွံ့နေမည်မဟုတ်ပေ။ ဤနေရာတွင် ပိုမိုအားကောင်းသောလက်သီးသည်သာ ဘုရင်ဖြစ်လာနိုင်သည်။ သို့ဖြစ်ရာ သူကမည်သူ့ကိုကြောက်ရွံ့နေရမည်နည်း။ သူ့အားမည်သူ့က လာရောက်တားဆီးနိုင်မည်နည်း။
သူသည်အရူးတစ်ယောက်ဆိုလျှင်တောင် အစွမ်းအစရှိသောအရူးဖြစ်သည်။ သူသည် ကနေဒီမိသားစုကိုပင် လုံးဝဂရုမစိုက်ခဲ့ရာ အဘယ်ကြောင့်ပါလာဒင်တစ်ယောက်ကိုဂရုစိုက်နေရမည်နည်း။ ရှောင်ယုသည် ဟေးစ်အားအစကတည်းက တန်းတူရည်တူမဆက်ဆံခဲ့သလို ဟေးစ်သည်ဤနေရာသို့ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်းမဟုတ်ကြောင်း ရှောင်ယုနားလည်ထားသည်။
အလင်းဘုရားကျောင်းသည် အူသာ၏အထောက်အထားကို လုံးဝလက်ခံလိမ့်မည်မဟုတ်ကြောင်း ရှောင်ယုသိရှိထားသည်။ အူသာသည်အလင်းဘုရားကျောင်းသို့ပြန်လာပါက အလင်းဘုရားကျောင်း၏အာဏာသည် အူသာ၏လက်ထဲသို့ရောက်ရှိသွားမည်ဖြစ်သည်။ ထိုအခြင်းအရာကို အလင်းဘုရားကျောင်း၏ အထက်လူကြီးများက လက်ခံမှာမဟုတ်ပေ။
သူတို့သည် အူသာတစ်ယောက်အစစ်အမှန်ဖြစ်ကြောင်း သိရှိထားလျှင်တောင်မှ မရမကငြင်းဆန်ကြမည်ဖြစ်သည်။သူတို့သည် သြဇာအာဏာကိုရူးသွပ်နေသူများဖြစ်ရာ အူသာထွက်ပေါ်လာမှုကိုခွင့်ပြုမှာမဟုတ်ပေ။
အခန်း ၃၁၈ - စစ်မှန်သောအလင်း၏ကောင်းချီး
" မြို့စားရှောင်က ငယ်ရွယ်ပြီးမာနကြီးတယ်လို့ ကောလဟာလတွေထွက်ပေါ်နေတယ် "
" ဒီနေ့တော့ ငါကိုယ်တိုင်ကိုယ်ကျလေ့လာခဲ့ပြီးနောက်မှာ ကောလဟာလတွေကအမှန်ပဲဆိုတာ ယုံကြည်လိုက်ရပြီ "
ဟေးစ်သည် ရှောင်ယုကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။ သူသည်ရှောင်ယုနှင့်အတူ စကားလုံးတိုက်ပွဲဆင်နွဲရန် ကြံစည်ထားခဲ့သည်။
ရှောင်ယုက အလေးမထားဟန်ဖြင့် ပြုံးလိုက်မိသည်။
" ဒါကချဲ့ကားနေတာပဲ ... ကောလဟာလတွေက အမှန်ပဲဆိုရင်တောင် ငါကအဲ့လောက်ထိမာနမကြီးသေးပါဘူး ... ဒါပေမဲ့ငါသာအဲလိုမလုပ်ရင် တခြားသူတွေကငါ့ရဲ့မျက်နှာပေါ်ထိ လာပြီးတက်ထိုင်ကြလိမ့်မယ် ... ဒါကြောင့်ကောလဟာလတွေကို ငါမဖြေရှင်းခဲ့တာပဲ "
ဟေးစ်သည် ရှောင်ယု၏စကားကိုကြားပြီးနောက်တွင် သွေးအန်လုနီးပါးဖြစ်သွားခဲ့သည်။ ထိုအရှက်မရှိသောမြို့စားသည် သူ၏ကျိန်ဆဲကြိမ်းမောင်းမှုကိုပင် လက်ခံခဲ့သည်။ သို့သော်လည်း ရှောင်ယု၏အရည်ထူသော မျက်နှာကြောင့် သူ၏ကျိန်ဆိုကြိမ်းမောင်းမှုများက အလုပ်လုံးဝမဖြစ်ကြောင်း ဟေးစ်တစ်ယောက်မသိခဲ့ပေ။
" မြို့စားရှောင်က အလင်းသယ်ဆောင်သူအူသာက်ို မင်းရဲ့ဘေးနားမှာ ဆင့်ခေါ်ထားနိုင်တယ်လို့ ငါသတင်းကြားထားတယ် "
ဟေးစ်ကသူသည် ရှောင်ယု၏ပြိုင်ဘက်မဟုတ်ကြောင်းသိလိုက်ရ၍ စကားလုံးတိုက်ပွဲကိုထပ်မံမဆင်နွဲတော့ပေ။ ထို့အစားသူသည် အဓိကအကြောင်းရင်းဆီသို့ ချက်ချင်းစကားလမ်းကြောင်းပြောင်းလိုက်သည်။ သူသည်စကားလုံးတိုက်ပွဲ၌ ရှုံးနိမ့်ခဲ့သော်လည်း သူ၏အဓိကရည်ရွယ်ချက်ကို လုံးဝမမေ့ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည်ရှောင်ယုအပေါ်အခဲမကျေသေး၍ နောင်အခွင့်အရေးကြုံပါက ရှောင်ယုအားဖယ်ရှားပစ်ရန် ကြံစည်ထားသည်။
ထိုပါလာဒင်သည် အဓိကအကြောင်းရင်းအား တိုက်ရိုက်မေးမြန်းလာ၍ ရှောင်ယုပြုံးလ်ိုက်မိပေသည်။
" အလင်းဘုရားကျောင်းမှာ မင်းကဘယ်အဆင့်မှာရှိနေလဲ "
ဟေးစ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြန်ဖြေလိုက်သည်။
" ငါ့နာမည်က ဟေးစ့် ... ငါကအလင်းဘုရားကျောင်းရဲ့စတုတ္ထအဆင့်ပါလာဒင်တစ်ယောက်ဖြစ်ပြီးတော့ ခရူးဆိတ်တပ်ဖွဲ့ရဲ့ဗိုလ်မှူးတစ်ယောက်လည်းဖြစ်တယ် "
ရှောင်ယုက ခေါင်းညိတ်ကာမေးမြန်းလိုက်သည်။
" မင်းကအလင်းရဲ့ကောင်းချီးကို အသုံးပြုနိုင်လား "
ရှောင်ယု၏မေးခွန်းကိုကြားချိန်တွင် ဟေးစ်သည်ဒေါသတကြီးဖြစ်သွားခဲ့သည်။
" အလင်းရဲ့ကောင်းချီး ... မြို့စားရှောင်က ငါ့ရဲ့အထောက်အထားကိုသံသယဝင်နေတာလား ... "
ဟေးစ်သည် ရှောင်ယုမေးခွန်းမေးရခြင်း၏ အစစ်အမှန်ရည်ရွယ်ချက်ကိုနားမလည်၍ ဒေါသထွက်သွားခဲ့သည်။
ထို့ကြောင့် ရှောင်ယုကဆက်၍မေးမြန်းလိုက်သည်။
" ဆရာဟေးစ်က ငါ့ကိုအလင်းရဲ့ကောင်းချီးဘယ်လိုအသုံးပြုရလဲဆိုတာ ပြသပေးနိုင်မလား...ငါတကယ်အဲ့ဒီအစွမ်းကိုမြင်တွေ့ချင်တယ်...ငါကပါလာဒင်တွေကို ငယ်ငယ်လေးကတည်းကအားကျခဲ့ပေမဲ့ သူတို့ရဲ့အစွမ်းကိုတော့မမြင်တွေ့ဖူးဘူး ... ငါအဲ့ဒါကိုလက်တွေ့မြင်ချင်တယ် "
ဟေးစ်သည် ရှောင်ယု၏အဓိကရည်ရွယ်ချက်ကို နားမလည်သော်လည်း သူ၏လက်ကိုမူဝှေ့ယမ်းလိုက်ဆဲဖြစ်သည်။ ထိုအခါ ရွှေရောင်အလင်းတန်းတစ်ခုသည် သူ့နံဘေးရှိအစောင့်တစ်ယောက်ထံ ကျရောက်သွားခဲ့သည်။ ထိုအခါ အလင်းတန်းကျရောက်သွားသည့် အစောင့်ဖြစ်သူပေါ်၌ လက်သီးသဏ္ဍာန်ကြီးမားသော သင်္ကေတတစ်ခုဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ထိုလူ၏ခန္ဓာကိုယ်အားရွှေရောင်အလင်းများ ဖုံးလွှမ်းလာသည်နှင့်အမျှ ကြွက်သားများဖောင်းကားလာခဲ့သည်။
" ဒါပဲလား ... "
ရှောင်ယုသည် ထိုမြင်ကွင်းကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။
ဟေးစ်သည် ရှောင်ယုကိုကြည့်ရင်းပြုံးလိုက်မိသည်။
" သူ့ရဲ့ခွန်အားတွေက အရင်ကထက်အများကြီးတိုးလာတယ် ... မြို့စားရှောင်မယုံကြည်ရင် ကိုယ်တိုင်စစ်ဆေးကြည့်လို့ရတယ် "
ရှောင်ယုကပြန်လည်တုံ့ပြန်လိုက်သည်။
" ငါလည်း အလင်းရဲ့ကောင်းချီးကိုသင်ယူဖူးတယ် ... ဆရာဟေးစ်က ငါသင်ယူထားတဲ့အလင်းရဲ့ကောင်းချီးကို စမ်းသပ်ကြည့်ချင်လား "
ဟေးစ်သည် ရှောင်ယု၏စကားကိုကြားသောအခါတွင် မျက်ခုံးပင့်လိုက်မိသည်။ ဟေးစ်သည် ငတုံးတစ်ယောက်မဟုတ်ပေရာ ရှောင်ယုပြောလိုက်သောစကားများကြား၌ သူနားမလည်န်ိုင်သည့်အရာအချို့ရှိနေကြောင်း သူခံစားမိလိုက်သည်။ မည်သို့ပင်ဆိုစေ ရှောင်ယုသည်ထိုကျွမ်းကျင်မှုအား အသုံးပြုနိုင်လိမ့်မည်ဟု ဟေးစ်မယုံကြည်ခဲ့ပေ။ အဆုံးသတ်တွင် စစ်မှန်သောအလင်းရဲ့ကောင်းချီးသည် အချိန်အတော်ကြာအောင်ပျောက်ကွယ်နေခဲ့သည်။ ယခုသူအသုံးပြုလိုက်သည်မှာလည်း လွန်ခဲ့သောနှစ်များအတွင်း ပါလာဒင်များအသုံးပြုနိုင်ရန်အတွက် ဘုရားကျောင်းမှတီထွင်ထားသည့် အခြေခံအလင်းဒြပ်စင်မန္တန်တစ်ခုဖြစ်သည်။ အမှန်တော့ ယနေ့သူတို့အသုံးပြုနေသောကောင်းချီးများသည် ရှေးခေတ်ပါလာဒင်များအသုံးပြုခဲ့သည့်ကောင်းချီးများနှင့် ကွာခြားချက်များရှိသည်။
" မြို့စားရှောင်ကလည်း ပါလာဒင်တစ်ယောက်ဖြစ်နေတာလား ... ဒါဆိုရင်လည်းမင်းရဲ့ကျွမ်းကျင်မှုတွေကို ငါမြင်အောင်ပြသပေးပါ "
ဟေးစ်သည် လှောင်ပြောင်ပြောဆိုလိုက်ပြီး ရှောင်ယုကမည်သည့်လှည့်ကွက်များအသုံးပြုလာမည်ကို စောင့်ကြည့်နေခဲ့သည်။
ဟေးစ်သည် သူ၏အဆိုပြုချက်ကို သဘောတူလိုက်သည်ကိုမြင်သောအခါ ရှောင်ယုပြုံးလိုက်မိသည်။ သူသည် လက်ကိုဝှေ့ယမ်းလိုက်ချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခုက ဟေးစ်နှင့်အစောင့်၂ယောက်ထံကျဆင်းသွားခဲ့သည်။ အလင်းတန်းသည် သူတို့၏ခန္ဓာကိုယ်အားကျရောက်လာချိန်တွင် ခွန်အားနှင့်စွမ်းအားများကိုတိုးတက်လာသော်လည်း သူတို့၏အပြင်ပန်းသွင်ပြင်သည် လုံးဝပြောင်းလဲမသွားပေ။ သူတို့၃ယောက်လုံးသည် သူတို့၏ခန္ဓာကိုယ်အတွင်းရှိခွန်အားများ ကြီးကြီးမားမားတိုးတက်လာကြောင်း ခံစားမိလိုက်သည်။
ထို့ပြင် ရှောင်ယု၏ကောင်းချီးကြောင့် သူတို့၏ခန္ဓာကိုယ်သည် မည်သည့်ထိခိုက်နာကျင်မှုကိုမှ မခံစားရကြောင်းနားလည်လိုက်ကြသည်။ အမှန်တော့ ဟေးစ်အသုံးပြုလိုက်သောကောင်းချီးသည် သွေးစီးဆင်းမှုကိုနိုးဆွပေးကာ လူသားတစ်ယောက်၏ခန္ဓာကိုယ်ကန့်သတ်ချက်အား ကျော်လွန်စေခြင်းဖြစ်သည်။ သို့သော်လည်း ထိုသို့မြင့်တင်ခြင်းသည် ဘေးထွက်ဆိုးကျိုးများစွာရှိကာ ရေရှည်တွင်ခန္ဓာကိုယ်အား ထိခိုက်လာစေနိုင်သည်။
သို့သော်လည်း ယခုအခါတွင်ရှောင်ယု၏ကောင်းချီးကြောင့် သူတို့၃ယောက်၏ခန္ဓာကိုယ်သည် ထိခိုက်မှုလုံးဝမရှိကြောင်း သူတို့ခံစားမိပေသည်။ ရှောင်ယု၏ကောင်းချီးသည် တိုက်ရိုက်သန့်စင်သောစွမ်းအားအဖြစ် သူတို့၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်လာကာ သူတို့၏ကြွက်သားနှင့်သွေးများကိုလုံးဝမနာကျင်စေခဲ့ပေ။ ထို့ပြင် ရှောင်ယုအသုံးပြုလိုက်သော အလင်းရဲ့ကောင်းချီးသည် လူ၃ယောက်ကိုတပြိုင်တည်းအသုံးပြုနိုင်သည်။ ဟေးစ်သည်ကား လူ၁ယောက်တည်းကိုသာကောင်းချီးပေးနိုင်သည်။ အလင်းဘုရားကျောင်း၌ ပုပ်ရဟန်းမင်းတစ်ဦးသာ လူပေါင်းများစွာကိုတစ်ချိန်တည်း၌ တပြိုင်နက်ကောင်းချီးပေးနိုင်ပေသည်။
“ ဒီမြို့စားကဘယ်သူလဲ ... ဘာလို့သူအသုံးပြုတဲ့ အလင်းရဲ့ကောင်းချီးက ရှေးခေတ်ကစစ်မှန်တဲ့ကောင်းချီးနဲ့တူနေရတာလဲ ... “
သူတို့၃ယောက်လုံးသည် ချက်ချင်းထိတ်လန့်သွားကြသည်။ ခုနက ဟေးစ်၏ကောင်းချီးကိုရရှိထားသော အစောင့်သည်သူ၏ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကိုမည်သူထက်မဆို ပိုမိုသိရှိပေသည်။ သူသည် ဟေးစ်၏ကောင်းချီးကိုရရှိချိန်က သူ၏ခန္ဓာကိုယ်အတွင်းလည်ပတ်နေသော သွေးများနိုးဆွခံရ၍ ကြီးမားသောဝန်ထုပ်ဝန်ပိုးကိုခံစားခဲ့ရသည်။ ယခုမူ သူခံစားနေရသောဝန်ထုပ်ဝန်ပိုးသည် ပျောက်ကွယ်သွားခဲ့ကာ နွေးထွေးသောစွမ်းအင်စီးကြောင်းတစ်ခုက သူ၏ခန္ဓာကိုယ်အားဖြတ်သန်းစီးဆင်းနေသည်ကို ခံစားလိုက်ရသည်။
ရှောင်ယု၏ကောင်းချီးသည် သူ၏ခွန်အားကိုသိသိသာသာတိုးတက်စေသလို ဟေးစ်၏ကောင်းချီးကြောင့်ခံစားနေရသော ဆိုးကျိုးများကိုလည်းပျောက်ကွယ်စေခဲ့သည်။ ထိုလူသည် ပါလာဒင်တစ်ယောက်ဖြစ်သလို အသေးစားတိုက်ပွဲနည်းစနစ်များကိုလေ့ကျင့်ထားပေရာ မည်သို့ဖြစ်ပျက်နေသည်များကို ချက်ချင်းနားလည်သဘောပေါက်သွားခဲ့သည်။
" ဒါ .. ဒါကစစ်မှန်တဲ့ အလင်းရဲ့ကောင်းချီးလား "
ပါလာဒင်၃ယောက်လုံး၏ အတွေးထဲတွင်တူညီသောအတွေးများဖြစ်ပေါ်လာကြသည်။ ပါလာဒင်တစ်ယောက်အနေဖြင့် သူတို့သည် အလင်း၏စွမ်းအားကို မည်သူထက်မဆိုပိုမိုနားလည်ပေသည်။ သူတို့ခံစားနေရသော အလင်းရဲ့ကောင်းချီးသည် အလွန်စစ်မှန်ပေသည်။ ထို့ကြောင့် သူတို့သုံးယောက်လုံးသည် စကားတစ်ခွန်းမှမပြောနိုင်ဘဲ တိတ်ဆိတ်သွားခဲ့ကြသည်။ ပုပ်ရဟန်းမင်းသည်တောင်မှ မြို့စားရှောင်ကဲ့သို့ မလုပ်ဆောင်နိုင်လောက်ပေ။
သို့ဖြစ်ရာ မြို့စားရှောင်၏နံဘေး၌ရှိနေသော အူသာသည်လည်း အစစ်အမှန်ဖြစ်ပါသလား ... ထိုလူသည် သူရဲကောင်းများ၏ငွေရောင်လက်ကိုတည်ထောင်ခဲ့သူ ဖြစ်နေသလား
ရှောင်ယုသည် ဘီယာကိုတစ်ကျိုက်တည်းဖြင့် မော့ချလိုက်ကာ မေးမြန်းလိုက်သည်။
" ဆရာဟေးစ်က ငါ့ရဲ့ကောင်းချီးကိုဘယ်လ်ိုမြင်လဲ "
ဟေးစ်သည် ရှောင်ယုအားစိုက်ကြည့်နေသော်လည်း ခဏမျှစကားမပြောနိုင်ဖြစ်သွားရသည်။ အချိန်အတော်ကြာပြီးမှ သူကလေသံတိုးတိုးဖြင့်ပြောလိုက်သည်။
" မင်းကဘယ်လိုလှည့်ကွက်တွေ သုံးနေတာလဲဆိုတာ ငါမသိဘူး ... ဒါပေမဲ့မင်းသုံးလိုက်တာက စစ်မှန်တဲ့အလင်းရဲ့ကောင်းချီးမဖြစ်နိုင်ဘူး ... မင်းရဲ့နံဘေးမှာရှိနေတဲ့အူသာက အစစ်အမှန်ဆိုတာငါတို့ယုံလာအောင် မင်းကြံစည်နေတာလား "
" မင်းမေးတဲ့မေးခွန်းရဲ့အဖြေက မင်းရဲ့နှလုံးသားထဲမှာရှိနေပြီဘဲ "
ရှောင်ယုက တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
" သူ့ကိုငါတို့နဲ့တွေ့ခွင့်ပေးနိုင်မလား ... "
ဟေးစ်က မေးမြန်းလိုက်သည်။
ရှောင်ယုသည် တံခါးဝဆီသို့လက်ညိုးထိုးပြလိုက်သည်။
" သူရောက်လာပြီ ... "
ဟေးစ်နှင့်ပါလာဒင်နှစ်ယောက်သည် ချက်ချင်းပင်ရှောင်ယုညွန်ပြရာဆီသို့ လှည့်ကြည့်မိလိုက်ကြသည်။