← Chapters

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 329-331

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 329-331

အခန်း ၃၁၉ - ယုံကြည်မှုစွမ်းအား

တောက်ပသောသံချပ်ကာကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် တံခါးကိုဖြတ်၍ခန်းမအတွင်းသို့ဝင်လာခဲ့သည်။

ထိုလူသည် ခန်းမအတွင်းသို့ဝင်ရောက်လာသည့်အခါ တောက်ပသောရွှေရောင်အလင်းတစ်ခုက ထွက်ပေါ်လာခဲ့သည်။ ထိုလူသည် ထူထဲသောမျက်ခုံးများနှင့်ဖြောင့်စင်းသောနှာတံကို ပိုင်ဆိုင်ထားသည်။ သူ၏ပါးစပ်သည်အနည်းငယ်ကျယ်ပြောသော သူ၏စရိုက်နှင့်ရဲရင့်မှုကိုဖော်ပြသည့် အမူအရာကသူ၏မျက်နှာတွင်ထင်ဟပ်နေခဲ့သည်။ ပါလာဒင်၃ယောက်လုံးသည် ယခုရောက်ရှိလာသူသာ ပေါ့ပေါ့ပါးပါးအဝတ်အစားများကိုဝတ်ဆင်ထားပါက သက်ရောက်မှုများစွာခံစားရမည်မဟုတ်ပေ။ သို့သော်လည်း ထိုလူဝတ်ဆင်ထားသည့်သံချပ်ကာမှတဆင့် စွမ်းအားကြီးမားသောအလင်းအော်ရာကို ထုတ်လွှတ်နေခဲ့သည်။

ထို့ကြောင့်ပါလာဒင်၃ယောက်လုံးက ထိုလူသည်ကတိသစ္စာချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကြောင်းနားလည်လိုက်ကြသည်။ အူသာသည် ယခုအချိန်တွင်အဆင့်၃၁သို့ရောက်ရှိနေကာ အဆင့်၃ချပ်ဝတ်တန်ဆာကို ဝတ်ဆင်နိုင်ပြီဖြစ်သည်။ ကတိသစ္စာချပ်ဝတ်သည် အစိတ်အပိုင်း၈ခုဖြင့်တပ်ဆင်ထားပြီး ဝတ်ဆင်သူပါလာဒင်အား ခေါင်းအစခြေအဆုံးကာကွယ်ပေးနိုင်သည်။ အူသာ၏မူလအစွမ်းများက ထိုအစိတ်အပိုင်းများမှထုတ်လွှတ်နေသော အလင်းစွမ်းအားနှင့်အချိုးညီစွာပေါင်းစပ်နေခဲ့ကာ အူသာ၏ မြင့်မြတ်သောစိတ်နေစိတ်ထားကို ထုတ်လွှင့်နေစေခဲ့သည်။

အူသာသည် ထို၃ယောက်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ရှောင်ယု၏ရှေ့သို့တိုးသွားကာ ဦးညွတ်လိုက်သည်။

" အရှင့်ကို နှုတ်ခွန်းဆက်သပါတယ် "

ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ကာ မေးခွန်းထုတ်လိုက်သည်။

" အူသာ ... ဒီ၃ယောက်ကပါလာဒင်တွေပဲ ... သူတို့ရဲ့အခြေအနေကိုမင်းဘယ်လိုထင်လဲ "

ရှောင်ယုသည် ထိုလူ၃ယောက်အား လူသားများထက်ပို၍ ပစ္စည်းများအဖြစ်ဖော်ညွန်းကာ စကားပြောဆိုရာ၌ ထိုက်တန်မှုရှိခြင်းအစား အရည်အသွေးကိုသာဦးစားပေးပြောဆိုခဲ့သည်။ ထိုလူ၃ယောက်သည် အစောပိုင်းကပင် သူ့အားလေးစားမှုမရှိပေရာ ရှောင်ကလည်း သူတို့အားယဉ်ကျေးစွာဆက်ဆံရန် အစီအစဉ်မရှိတော့ပေ။ ထို့ပြင် စစ်မှန်သောပါလာဒင်များသည် နှစ်ပေါင်း၁၀၀၀၀ကျော်ကြာပျောက်ဆုံးနေပြီဖြစ်ရာ ရှောင်ယုကသူတို့အား ပါလာဒင်များအဖြစ်သတ်မှတ်ဆက်ဆံရန် မလိုအပ်ပေ။ ရှောင်ယုသည် တိုက်ကြီးကိုပေါင်းစည်းနိုင်ခဲ့ပြီဆိုပါက ပါလာဒင်များအားလုံးကို အူသာ၏လက်အောက်၌ထားရှိရန် စီစဉ်ထားခဲ့သည်။

အူသာသည် ဟေးစ်နှင့်အခြားနှစ်ယောက်ကိုစစ်ဆေးလိုက်ပြီး သူ၏အမြင်ကိုပြောလိုက်သည်။

" သူတို့ဆီကနေပြီး အလင်းရဲ့စွမ်းအားတွေကိုခံစားမိပေမဲ့ သူတို့ကပါလာဒင်တွေမဟုတ်ဘူး ... ပါလာဒင်တစ်ယောက်ဟာ ဂုဏ်သိက္ခာ ၊ ကျင့်ဝတ် ၊ နှိမ့်ချမှု ၊ ဇွဲလုံ့လ ၊ သစ္စာစောင့်သိမှု ၊ မာနတရား ၊ ဘာသာတရားစတဲ့အရာတွေနဲ့ အုတ်မြစ်တည်ထားတဲ့ကျမ်းကျိန်ချက်ကိုလိုက်နာရမယ် ... သူတို့ဆီမှာအဲ့အရာတွေကို ငါမမြင်ရဘူး ... သူတို့မှာပါလာဒင်တစ်ယောက်ရဲ့ခန္ဓာကိုယ်ရှိပေမဲ့ ပါလာဒင်တစ်ယောက်ရဲ့စိတ်ဝိညာဉ်မရှိဘူး ... ငါ့ရဲ့အမြင်အရဆိုရင် သူတို့ကကျရှုံးတယ် "

ရှောင်ယုသည်ခေါင်းညိတ်လိုက်ကာ ဟေးစ်ကိုစိုက်ကြည့်လိုက်သည်။

" အူသာပြောတဲ့စကားတွေကို မင်းတို့ကြားကြတယ်မလား ... မင်းတို့ကိုယ်မင်းတို့ ပါလာဒင်တွေလို့မခေါ်ကြနဲ့တော့ ... ခုမင်းတို့ကအူသာကိုစစ်ဆေးဖို့ရောက်လာကြတာမလား ... မင်းတို့ကျေနပ်ကြပြီလား "

" မင်း ... မင်း .... မြို့စားရှောင် ... မင်းပါးစပ်ကနေထွက်လာတဲ့စကားလုံးတွေရဲ့အဓိပ္ပါယ်ကို မင်းနားလည်လို့လား ... မင်းကပါလာဒင်တွေရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးဖို့ကြိုးစားနေတာလား ... မင်းကဘုရားကျောင်းရဲ့ဂုဏ်သိက္ခာကိုနှိမ့်ချနေတာလား...လူတိုင်းကအလင်းနတ်ဘုရားကို ယုံကြည်ကိုးကွယ်ကြတယ် ... မင်းကငါတို့ကိုကဲ့ရဲ့စော်ကားနေတာလား "

ဟေးစ်သည် ဒေါသပေါက်ကွဲသွားခဲ့ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

" ငါက ပါလာဒင်တွေအားလုံးရဲ့ ပင်က်ိုယ်စရိုက်ကိုမစော်ကားဘူး ... မင်းတို့ကိုပဲငါစော်ကားလိုက်တာပဲ ...အဆုံးသတ်မှာ ငါကလည်းပါလာဒင်တစ်ယောက်ပဲ..."

ရှောင်ယုက ပြန်လည်တုံ့ပြန်လိုက်သည်။

" မင်း ... ငါခုပုပ်ရဟန်းမင်းဆီကို အရာအားလုံးပြန်လည်တင်ပြရလိမ့်မယ် ... တစ်ကမ္ဘာလုံးက မင်းရဲ့နတ်ဆိုးအယူဝါဒနဲ့နည်းလမ်းတွေကို သိသွားအောင်လို့ ငါတို့လုပ်ဆောင်ပြမယ် .... ငါတို့မင်းကိုဖျက်ဆီးဖို့ပြန်လာခဲ့မယ် "

ဟေးစ်သည် ဒေါသတကြီးဖြင့် ရှောင်ယုကိုလက်ညိုးထိုး၍ ခြိမ်းခြောက်လိုက်သည်။

အမှန်တော့ ဟေးစ်သည် ဒေါသပေါက်ကွဲနေခြင်းမရှိပေ။ ရှောင်ယုသည် သူ့အားစော်ကားခဲ့သော်လည်း စတုတ္ထအဆင့်ပါလာဒင်တစ်ယောက်အနေဖြင့် သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းရှိသည်။ သူယခုလိုအထိန်းအကွပ်မဲ့ တုံ့ပြန်နေရခြင်းမှာ သူ၏နှလုံးသားထဲ၌ခံစားနေရသော ထိတ်လန့်တုန်လှုပ်မှုကြောင့်ဖြစ်သည်။

အူသာသည် ခန်းမအတွင်းသို့ဝင်ရောက်လာစဉ်ကပင် အူသာ အစစ်အမှန်ဖြစ်ကြောင်း ဟေးစ်သိရှိလိုက်သည်။ အူသာ၏ခန္ဓာကိုယ်မှ ဖြာထွက်နေသောအလင်းအော်ရာများသည် အတုလုပ်ယူ၍မရသည့်အတွက် အူသာသည်အစစ်အမှန်ဖြစ်ကြောင်း ဟေးစ်နားလည်လိုက်ခြင်းဖြစ်သည်။ သူသည် အလားတူသန့်စင်သောအလင်းအော်ရာများကို ပုပ်ရဟန်းမင်းထံမှပင် မခံစားဖူးပေ။

သို့သော်လည်း သူသည်နောက်ဆက်တွဲဖြစ်ရပ်များကို တွေးမိချိန်၌ ထိတ်လန့်သွားခဲ့ရသည်။ ယခုအချိန်တွင် ဘုရားကျောင်းမှလူတိုင်းသည် အူသာပြန်လည်ရောက်ရှိလာမည်ကို မျှော်လင့်နေကြသည်။ ဘုရားကျောင်းသည် တိုက်ကြီးတစ်ခုလုံးကိုပေါင်းစည်းစေကာ တိုက်ကြီး၏နိုင်ငံရေးအာဏာများကို ဘုရားကျောင်း၏လက်အောက်၌ချုပ်ကိုင်ထားရန် ကြံစည်နေခဲ့သည်။ ဘုရားကျောင်းသည် ဤအစီအစဉ်အား နှစ်ပေါင်းထောင်ချီအချိန်ယူ၍စီစဉ်ခဲ့ပြီး သူတို့၏တစ်ခုတည်းသောလိုအပ်ချက်မှာ ခေါင်းဆောင်အူသာပြန်လာရန်ဖြစ်သည်။ သို့သော်လည်း ယခုအချိန်၌ အူသာသည်ဘုရားကျောင်းသို့ပြန်မလာတော့ဘဲ ရှောင်ယုအားသစ္စာခံနေလေသည်။

ဤသို့ကြီးမားသောပြဿနာအား သူတို့မည်သို့ခံနိုင်ရည်ရှိမည်နည်း။

ရှောင်ယုသည် အူသာ၏အရှင်သခင်ဖြစ်နေခြင်းသည် မည်သည်ကိုဆိုလိုသနည်း။ ထိုအရာသည် ယနေ့မှစ၍ပါလာဒင်အားလုံးသည် ရှောင်ယုနောက်သို့လိုက်ရမည်ဟု ဆိုလိုပေသည်။ အကယ်၍ အူသာသည်သာအစစ်အမှန်ဖြစ်နေပါက ဘုရားကျောင်းတစ်ခုလုံး၏စွမ်းအားသည် ရှောင်ယု၏လက်ထဲသို့ရောက်ရှိသွားမည်ဖြစ်သည်။ ထိုကိစ္စအား ခွင့်ပြုပေး၍မရပေ။

အလင်းဘုရားကျောင်းကို ဘုရားကျောင်းတစ်ခုအဖြစ်သာ သတ်မှတ်ထားသော်လည်း အမှန်တကယ်တွင် တိုက်ကြီးအားပင့်ကူအိမ်တစ်ခုကဲ့သို့လွှမ်းခြုံထားသော အစွမ်းထက်သည့်အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။ ဘုရားကျောင်းသည် ထောင်စုနှစ်နှင့်ချီ၍စည်းစိမ်ဥစ္စာနှင့် ခွန်အားများကိုစုဆောင်းလာခဲ့သော ရှေးဟောင်းမိသားစုများကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်သည်။ ဘုရားကျောင်းသည် လူအများ၏ထင်မြင်ချက်ကို လွယ်ကူစွာလှည့်စားနိုင်သည်။ တိုက်ကြီးသည်လက်ရှိအချိန်၌ ပရမ်းပတာဖြစ်နေပေရာ လက်ရှိအခြေအနေသည် ဝင်ရောက်လှုပ်ရှားရန်အသင့်တော်ဆုံးအချိန်ကာလဖြစ်သည်။

ဘုရားကျောင်းသည် အလင်းနတ်ဘုရား၏နာမတော်ကိုအသုံးပြုကာ ယုံကြည်သူများကိုစုစည်း၍ တိုက်ကြီးတစ်ခုလုံးအားထိန်းချုပ်နိုင်ပေသည်။ သို့သော်လည်း သူတို့၏ခေါင်းဆောင်အူသာသည် အဘယ်ကြောင့်ရှောင်ယုနောက်သို့လိုက်ခဲ့ရသနည်း။

" အူသာက အသက်မရှိတော့ဘူး "

ဟေးစ်သည် သူငယ်စဉ်ကပင် ရိုက်သွင်းခံထားရသည့် ကိုယ်ပိုင်အတွေးအမြင်ကြောင့် တုန်ုလှုပ်သွားခဲ့သည်။ သူသည်ငယ်စဉ်ကပင် အူသာကိုကိုးကွယ်နေခဲ့သော်လည်း ယခုအချိန်၌ကွဲပြားစွာ တွေးတောနေခဲ့သည်။ သူသည်ငယ်စဉ်အခါက အူသာ၏လမ်းစဉ်အတိုင်း လျှောက်လမ်းရန်ကျိန်ဆိုခဲ့သော်လည်း ယခုအခါတွင် အူသာအားသတ်ဖြတ်ရန်ကြံစည်နေပေသည်။

လက်ရှိအချိန်၌ သူ၏ခန္ဓာကိုယ်အား မတူညီသောလူနှစ်မျိုးက ထိန်းချုပ်ရန်ကြိုးပမ်းနေသည်ဟု ဟေးစ်ခံစားနေမိသည်။ ယခုအချိန်တွင် သူသည်လူအများကလေးစားအားကျရသည့် မြင့်မြတ်သောပါလာဒင်တစ်ယောက်မဟုတ်တော့ဘဲ ကျေးဇူးရှင်ကိုအာခံရန်ကြိုးပမ်းနေသော လူမိုက်တစ်ယောက်ဖြစ်နေခဲ့သည်။ သူ၏လောဘစိတ်သည် သူ၏ခံယူချက်ကိုကျော်လွန်သွားသည့်အခါတွင် သူကိုယ်တ်ိုင်မယုံကြည်နိုင်လောက်အောင် နာကျင်ခံစားနေရသည်။

ဟေးစ်၏အစောင့်များဖြစ်ကြသော ပါလာဒင်နှစ်ယောက်သည်ကား ထိုကဲ့သို့အတွေးမျိုးမရှိကြပေ။ သူတို့၏မျက်နှာများသည် အဖြူထည်ကဲ့သို့သန့်ရှင်းနေခဲ့သည်။ သူတို့သည် အူသာကိုမြင်မြင်ချင်း အူသာအစစ်အမှန်ဖြစ်ကြောင်းလက်ခံထားကြသည်။ အဘယ်ကြောင့်ဆိုသော် အူသာ၏အသွင်အပြင်သည် ဘုရားကျောင်း၌သူတို့ကိုးကွယ်နေကြသော ရုပ်တုများနှင့်တစ်ပုံစံတည်းဖြစ်နေ၍ဖြစ်သည်။ ထိုမျှသာမက အူသာ၏ခန္ဓာကိုယ်မှဖြာထွက်နေသော အလင်းစွမ်းအားများသည်လည်း အတုခိုးယူ၍မရပေ။

သူတို့သည်ငယ်ရွယ်သော ပါလာဒင်များသာဖြစ်ကြပေရာ ဟေးစ်ကဲ့သို့ ရှုပ်ထွေးသောအတွေးအခေါ်များကို မပိုင်ဆိုင်ကြပေ။ သူတို့၏အမြင်တွင် အူသာသည်စစ်မှန်သော်လည်း ဟေးစ်ကမူအကြောက်အကန်ငြင်းဆိုနေခဲ့သည်။ သို့သော်အူသာ၏အထောက်အထားသည် စစ်မှန်နေ၍ သူတို့ကိုယ်တိုင်လည်းဝေခွဲမရဖြစ်သွားခဲ့သည်။ ဖြစ်နိုင်သည်မှာ တစ်ဖက်လူသည် သူတို့၏အမြင်အာရုံကိုလှည့်စားရန်အတွက် အထူးမှော်မန္တန်တစ်ခုအား ထုတ်သုံးထားခြင်းဖြစ်သည်။

အမှန်တော့ အခြားတစ်ယောက်ကသာ အူသာအားမျက်နှာချင်းဆိုင်နေရပါက သူတို့သည်ဟေးစ်ထက်များစွာသန်မာနေလျှင်တောင်မှ ဟေးစ်ကဲ့သို့အတွေးမျိုးတွေးမိကြမည်မဟုတ်ပေ။ ဤကိစ္စသည် ခွန်အားနှင့်မသက်ဆိုင်ဘဲ အလင်းပေါ်ကိုးကွယ်ယုံကြည်မှုဖြစ်သည်။ အလင်း၏စွမ်းအားကိုမယုံကြည်သူကသာ ဟေးစ်၏အပြုအမူအား ထိခိုက်စေမည်ဖြစ်သည်။ လက်ရှိအချိန်တွင် အူသာသည်အဆင့်၃၁၌ရှိနေပြီး ဟေးစ်ထက်များစွာသန်မာခြင်းမရှိပေ။ သို့သော်လည်း ဟေးစ်သည်ဓားကိုဆွဲထုတ်ကာ အူသာအားချိန်ရွယ်ရန်အတွက် လုံးဝသတ္တိမရှိပေ။

" ပြောစရာရှိတာလည်း အကုန်ပြောပြီးပြီဆိုတော့ မင်းကိုငါလက်ဆောင်တစ်ခုပေးလိုက်မယ် ...ဟေးစ် "

ရှောင်ယုသည် လက်ကိုဝှေ့ယမ်းကာ အစေခံများကိုအမိန့်ပေးလိုက်သည်။

အစေခံဖြစ်သူသည် ကြီးမားသောသေတ္တာတစ်ခုအား ယူဆောင်လာခဲ့သည်။

ရှောင်ယုက သေတ္တာကိုညွန်ပြ၍ပြောလိုက်သည်။

" ဒီထဲမှာ ကတိသစ္စာချပ်ဝတ်တစ်ခုပါတယ် ... ဒီဟာကပါလာဒင်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ တတိယမျိုးဆက်ချပ်ဝတ်တစ်ခုပဲ ... မင်းနဲ့ငါတွေ့ဆုံခဲ့တာက ကံကြမ္မာရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်လို့ ဒီကတိသစ္စာချပ်ဝတ်ကို လက်ဆောင်ပေးလိုက်မယ် "

အစေခံသည် သေတ္တာကိုတွန်းလာပြီး ဟေးစ်၏ရှေ့တွင်ချထားလိုက်သည်။

ရှောင်ယုသည် အလွန်စေတနာကောင်းနေ၍ ဤချပ်ဝတ်ကိုပေးလိုက်ခြင်းမဟုတ်ပေ။ ပါလာဒင်တိုင်းသည် ဤချပ်ဝတ်ကိုတစ်ချက်ကြည့်လိုက်ရုံဖြင့် ချပ်ဝတ်သည်အစစ်အမှန်ဖြစ်ကြောင်း သိရှိကြမည်ဖြစ်သည်။ ထိုအရာသည် အလင်းသယ်ဆောင်သူအူသာက သူ၏နံဘေး၌ရှိနေကြောင်း ဖော်ပြလိုက်ခြင်းလည်းဖြစ်သည်။ ဟေးစ်သည် ဤချပ်ဝတ်ကိုဝတ်ဆင်ဝံ့ခြင်းမရှိလျှင်တောင်မှ သူသည်ဤချပ်ဝတ်ကို အလင်းဘုရားကျောင်းသို့ယူဆောင်သွားမည်ဖြစ်ကြောင်း ရှောင်ယုသိထားပေသည်။ ပုပ်ရဟန်းမင်းသည် ဤချပ်ဝတ်ကိုမြင်သည်နှင့် အခြေအနေမှန်ကိုသတိပြုမိမည်ဖြစ်သည်။

အဓိကပြဿနာမှာ ပုပ်ရဟန်းမင်း၏တုံ့ပြန်ချက်ဖြစ်သည်။ ပုပ်ရဟန်းမင်းသည် အူသာကိုလုပ်ကြံရန်ကြိုးစားမည်လား ... အကယ်၍ထိုသို့ဖြစ်လာလျှင် ရှောင်ယုသည် ဘုရားကျောင်းအားရန်သူအဖြစ် ရှုမြင်ရမည်ဖြစ်သည်။ ထိုသို့ဖြစ်လာခဲ့ပါက ရှောင်ယုသည်ဘုရားကျောင်းအား ရင်ဆိုင်ရန်အတွက် ကြိုတင်၍ပြင်ဆင်ရတော့မည်ဖြစ်သည်။ ဘုရားကျောင်းသည် ဤကိစ္စအတွက်သူနှင့်ညှိနှိုင်းရန် မည်သည့်အခါမှကြိုးပမ်းကြမည်မဟုတ်ပေ။

အခန်း ၃၂၀ - တစ်ချိန်မှယုံကြည်ချက်တစ်ခု

ဟေးစ်သည် ခြင်္သေ့မြို့မှမည်သို့မည်ပုံထွက်ခွာသွားသည်ကို မည်သူမှ မသိလိုက်ကြပေ။

ဟေးစ်၏မျက်နှာအမူအရာသည် လမ်းတလျှောက်တည်ငြိမ်နေသော်လည်း သူ၏နှလုံးသားအတွင်းပိုင်း၌ ရုန်းကန်မှုကြီးတစ်ခုဖြစ်ပျက်နေခဲ့သည်။ သူ့နှလုံးသားအတွင်းရှိ ရုန်းကန်မှုသည်မည်မျှထိပြင်းထန်နေသည်က်ို သူကိုယ်တ်ိုင်သာသိရှိပေသည်။သူသည် အူသာနှင့်ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်သည် အလွန်ပင်ပန်းနွမ်းနယ်နေခဲ့သည်။ လက်ရှိအချိန်တွင်သူသည် သူတိုက်ခိုက်ခဲ့သောမည်သည့်စစ်ပွဲထက်မဆို ခက်ခဲသောတိုက်ပွဲကိုရင်ဆိုင်နေရ၍ အလွန်ပင်ပန်းနွမ်းနယ်နေခဲ့သည်။

သူသည် ယုံကြည်မှုနှင့်လောဘအကြားတို့၌ ရွေးချယ်ရခက်နေကာဗျာများနေခဲ့သည်။ အမှန်တော့ ရှေးယခင်ကပင် အူသာပြန်လာသည့်ကိစ္စသည် ဘုရားကျောင်းအတွင်း၌ပင်ကြီးမားသည့်ပြဿနာဖြစ်ခဲ့သည်။ သူတို့သည် အူသာပြန်လည်ရောက်ရှိလာန်ိုင်ခြေနှင့်ပတ်သက်၍ တွေးတောခဲ့ကြသော်လည်း ဘုရားကျောင်း၏လက်ရှိအုပ်ချုပ်သူများက လက်မခံကြတော့ပေ။ မည်သို့ပင်ဆိုစေ အူသာပြန်လည်ရောက်ရှိလာမည်ကိုစောင့်ဆိုင်းနေသော အဓိကအဖွဲ့ခွဲအချို့သည် ဤအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

ဘုရားကျောင်း၏ ထိပ်ပိုင်းခေါင်းဆောင်များအနက် အူသာပြန်လည်ရောက်ရှိလာမည်ဟု ယုံကြည်နေသည့် လူနည်းစုရှိနေလေသည်။ သို့သော်လည်း အူသာပြန်လည်ရောက်ရှိလာလိမ့်မည်ဟူသော သတင်းကိုသူတို့မည်သည့်အခါကမှ မဖုံးကွယ်ထားကြပေ။ အဘယ်ကြောင့်ဆိုသော် အချို့သောအဖွဲ့ခွဲများက အူသာအတုကိုခေါ်ယူကာ သူတို့၏ရုပ်သေးရုပ်များအဖြစ်သို့ ပြောင်းလဲအသုံးပြုရန် မျှော်လင့်ထားကြသောကြောင့်ဖြစ်သည်။ သို့သော်လည်း အူသာသည်အမှန်တကယ်ပြန်လည်ရောက်ရှိလာကာ ထိုကိစ္စသည်ဟေးစ်မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။

ဤအဖြစ်အပျက်သည် အလွန်လေးနက်သောကိစ္စဖြစ်သည်။ ထို့ကြောင့်ဟေးစ်သည် ဘုရားကျောင်းသို့အမြန်ဆုံးပြန်သွားကာ ပုပ်ရဟန်းမင်းအား အစီရင်ခံရမည်ဖြစ်သည်။ သူသည်လက်ရှိအဖြစ်အပျက်ကို မည်သူ့ကိုမှမပြောပြနိုင်ပေ။ ဤကိစ္စ၏အနာဂတ်ကို ပုပ်ရဟန်းမင်းတစ်ဦးတည်းကသာ ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။

" ဒါအမှန်ပဲ ... ငါကဘာလို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိုးရိမ်နေရတာလဲ ... ပုပ်ရဟန်းမင်းကိုပဲ စိတ်ပူခိုင်းလိုက်ရအောင် "

ဟေးစ်က တိတ်တဆိတ်ညဉ်းညူလိုက်သည်။

မည်သို့ပင်ဆိုစေ ဤကိစ္စ၌ ဖယ်ရှား၍မရနိုင်သော သဘောထားကွဲလွဲမှုများရှိလာနိုင်ကြောင်း ဟေးစ်တစ်ယောက်ခန့်မှန်းမိခဲ့သည်။

" ဒါပေမဲ့...တကယ်လို့သာ ပုပ်ရဟန်းမင်းက အူသာကိုလုပ်ကြံဖို့အမိန့်ပေးလာရင် ငါဘာဆက်လုပ်ရမှာလဲ "

ဟေးစ်သည် ဤကိစ္စ၏နောက်ဆက်တွဲများကိုတွေးမိချိန်တွင် စိတ်မထိန်းနိုင်ဘဲ သက်ပြင်းအခါခါချမိလိုက်သည်။

သူသည် ငယ်စဉ်အခါကတည်းကပင် ပါလာဒင်တစ်ယောက်အဖြစ်ရွေးချယ်ခံခဲ့ရသည်။ ထိုအချိန်က ပါလာဒင်များသည် ဤတိုက်ကြီးပေါ်၌ဂုဏ်သရေအရှိဆုံးအလုပ်အကိုင်ဖြစ်ရာ သူ၏သက်တူရွယ်တူများက မနာလိုဖြစ်ခဲ့ကြသည်။ ပါလာဒင်တစ်ယောက်ဖြစ်ရခြင်း၏ ဂုဏ်ကျက်သရေသည် မှော်ဆရာတစ်ယောက်ဖြစ်ရခြင်းထက် ပိုမိုမြင့်မားပေသည်။ ထိုစဉ်အခါက သူသည် မသိနားမလည်သော လူငယ်တစ်ယောက်ဖြစ်သည်။သူနှင့်သူ၏အပေါင်းအဖော်ပါလာဒင်များသည် ကြီးမြတ်သောအူသာပြန်လာမည့်အကြောင်းက်ို အကျယ်တဝင့်ပြောဆိုခဲ့ကြသည်။ သူသည် ပါလာဒင်တစ်ယောက်ဖြစ်လာစဉ်က အူသာ၏မြင့်မြတ်သောရုပ်တုအောက်တွင် စိတ်ရှင်းရှင်းဖြင့် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်ကို သတိရနေသေးသည်။

" အူသာ ... ကျေးဇူးပြုပြီးပြန်လာခဲ့ပါ ... မင်းရဲ့အစောင့်အကြပ်အဖြစ်ခစားဖို့ ငါ့ရဲ့အသက်ကိုစတေးဖို့ ဆန္ဒရှိပါတယ် "

သူသည် သူနှင့်အတူပါလာဒင်များအဖြစ် ရွေးချယ်ခံထားရသောလူငယ်လေးများကို ပြန်လည်မြင်ယောင်လာမိသည်။ ထိုစဉ်က အိပ်မက်အပြည့်ဖြင့်လူငယ်များသည် အူသာ၏ဧရာမရုပ်တုပ်ကြီးကို ကိုးကွယ်ယုံကြည်မှုအပြည့်ဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

အချိန်များတဖြည်းဖြည်းကုန်ဆုံးလာကာ သူတို့လည်းအရွယ်ရောက်လာကြသည်။ သူတို့သည် အူသာပြန်လာမည်ဟူသောပုံပြင်များအား ယုံကြည်နေမှုကိုရပ်တန့်လိုက်ကြပြီး ထိုအရာများသည်ကလေးများအတွက် ဒဏ္ဍာရီပုံပြင်များဟုသတ်မှတ်လိုက်ကြသည်။

ဟေးစ်သည် ရောဘတ်၏စခန်းသို့ ပြန်လည်ရောက်ရှိလာချိန်၌ လမ်းစပျောက်ဆုံးနေခဲ့ကာ ဖုတ်ကောင်တစ်ကောင်လိုဖြစ်နေခဲ့သည်။ သူ၏ခန္ဓာက်ိုယ်သည် အကောင်းတိုင်းရှိနေသော်လည်း သူ၏စိတ်ဝိဉာဉ်က ပျောက်ဆုံးနေခဲ့လေပြီ။

" ဟေးစ် ... မင်းဘာလို့အမြန်ပြန်လာရတာလဲ ... မင်းရဲ့ဘုရားကျောင်းကယုံကြည်ကိုးကွယ်နေတဲ့ အူသာက်ိုတွေ့ခဲ့ရလား ... "

ရောဘတ်သည် ဟေးစ်တစ်ယောက် အချိန်တိုအတွင်းပြန်ရောက်လာသည်ကိုမြင်သော် အံ့သြသွားခဲ့သည်။ သူ၏အမြင်တွင် ဟေးစ်သည် အချိန်အတော်ကြာမှ ပြန်ရောက်လာမည်ဖြစ်သည်။

ဟေးစ်က မျက်မှောင်ကြုတ်၍ပြောလိုက်သည်။

" သူကအတုအယောင်ပဲ ... အူသာကဒီကိုပြန်ရောက်လာမယ်ဆိုရင်တောင်မှ အလင်းဘုရားကျောင်းအစား နတ်ဘုရားတွေစွန့်ပစ်ထားတဲ့နေရာကိုရောက်လာတယ်လို့တွေးနေတာ တော်တော်ရိုင်းစိုင်းတဲ့အတွေးပဲ "

ရောဘတ်သည် ဟေးစ်၏တုံ့ပြန်မှုကိုကြားချိန်တွင် ရယ်မောလှောင်ပြောင်လိုက်သည်။

" ဒါကပုံမှန်ပါဘဲ ... အမှန်တော့ငါ့ရဲ့အမြင်မှာ ရှောင်ယုရဲ့ရှေးခေတ်အောစ့်သူရဲကောင်းတွေကလည်း အတုအယောင်တွေပဲ ... ဒီငတုံးကောင်က ရိုးရှင်းတဲ့လှည့်ကွက်တွေနဲ့ လူတွေကိုလှည့်စားနိုင်မယ်လို့ထင်နေတာလား ... အခြားငတုံးတွေကတော့ သူတို့ရဲ့သူရဲကောင်းတွေကို ခုချိန်ထိယုံကြည်နေကြတုံးပဲ ... သူတို့ရဲ့သူရဲကောင်းတွေကိုနည်းနည်းလေးတောင် အဆိုးပြောခွင့်မပေးကြဘူး ... ဒီလိုငတုံးတွေကပဲ နတ်ဘုရားတွေစွန့်ပစ်ခံနေရတာအံ့သြစရာမရှိတော့ဘူး ... သူတို့က်ိုဘယ်သူကဂရုစိုက်နေလို့လဲ ... ခုချိန်မှာအရေးကြီးတာကစွမ်းအားပဲ...မင်းမှာသာစွမ်းအားရှိရင်မင်းကနတ်ဘုရားဖြစ်နိုင်တယ် "

ဟေးစ်ကအေးစက်စက်လေသံဖြင့် တုံ့ပြန်လိုက်သည်။

" မင်းက ယုံကြည်မှုရဲ့စွမ်းအားအကြောင်းကို မသိသေးပါဘူး "

" ယုံကြည်မှု ... ယုံကြည်မှုကိုမင်းစားလို့ရလား ... ယုံကြည်မှုကမင်းရဲ့ဗိုက်ကိုဖြည့်တင်းနိုင်လား ... ယုံကြည်မှုကိုရွှေပြားတွေနဲ့လဲလှယ်လို့ရလား ... စွမ်းအားကမှ အကြွင်းမဲ့အာဏာကိုပိုင်ဆိုင်စေတယ် ... မင်းရဲ့ဘုရားကျောင်းအသိုင်းအဝိုင်းထဲက အဲ့ဒီမသက်ဆိုင်တာတွေကို ဒီကိုယူမလာခဲ့နဲ့ ... ငါကအလင်းဘုရားကျောင်းရဲ့အခြေအနေကို လူတိုင်းထက်ပိုပြီးတော့ရှင်းရှင်းလင်းလင်းသိတယ် ... မင်းတို့အားလုံးက အူသာရဲ့နာမည်ကိုသုံးပြီး လူတိုင်းကိုလှည့်စားနေကြတာပဲ ... အလင်းကိုယုံကြည်သက်ဝင်မှုနဲ့သူရဲကောင်းတွေရဲ့စိတ်ဝိညာဉ် ... ငါကအဲ့ဒါတွေကိုတံတွေးတောင်ထွေးချင်သေးတယ် .... အူသာကခုချိန်မှာ ငါတို့ရှေ့ရုတ်တရက်ပေါ်လာရင် ဘာဖြစ်သွားမှာလဲ ... ငါကသူ့ကိုပါးရိုက်ပြီးတော့ ကျိန်ဆဲပစ်လို့ရတယ် "

ရောဘတ်က အထင်အမြင်သေးသောလေသံဖြင့်ပြောလ်ိုက်သည်။

ထိုအချိန်တွင် ဟေးစ်သည်ထိုင်ခုံပေါ်မှထလာကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။

" ရောဘတ် ... မင်းကဘုရားကျောင်းကိုစော်ကားနိုင်ပေမဲ့ အူသာကိုတော့စော်ကားလို့မရဘူး ... မင်းသာအူသာကိုထပ်ပြီးစော်ကားရဲရင် ဒီတဲတစ်ခုလုံးကိုသွေးနီရောင်လွှမ်းစေရမယ် ... မင်းမယုံရင်စမ်းကြည့်လို့ရတယ် "

ရောဘတ်၏စော်ကားမှုကြောင့် ဟေးစ်သည် သူ၏ဒေါသတကြီးတုံ့ပြန်မှုအပေါ် သူကိုယ်တိုင်အံ့သြသွားခဲ့ရသည်။ ရောဘတ်သည် အူသာကိုစော်ကားချိန်၌ သူ၏စိတ်ကိုထိန်းချုပ်၍မရခဲ့ပေ။

မကြာမှီအချိန်အတွင်း အူသာကိုလူထုကြားသို့ပြန်လည်ခေါ်ဆောင်သွားမယ့် လျှို့ဝှက်အစီအစဉ်တစ်ခုရှိနေနိုင်ကြောင်း ဟေးစ်နားလည်ထားသည်။

ငါဘာဖြစ်သွားတာလဲ....

ထိုအချိန်၌ အူသာ၏စကားများကို သူ့နားထဲ၌တဖန်ပြန်လည်ကြားယောင်လာခဲ့သည်။

" သူတို့ဆီကနေပြီး အလင်းရဲ့စွမ်းအားတွေကိုခံစားမိပေမဲ့ သူတို့ကပါလာဒင်တွေမဟုတ်ဘူး ... ပါလာဒင်တစ်ယောက်ဟာ ဂုဏ်သိက္ခာ ၊ ကျင့်ဝတ် ၊ နှိမ့်ချမှု ၊ ဇွဲလုံ့လ ၊ သစ္စာစောင့်သိမှု ၊ မာနတရား ၊ ဘာသာတရားစတဲ့အရာတွေနဲ့ အုတ်မြစ်တည်ထားတဲ့ကျမ်းကျိန်ချက်ကိုလိုက်နာရမယ် ... သူတို့ဆီမှာအဲ့အရာတွေကို ငါမမြင်ရဘူး ... သူတို့မှာပါလာဒင်တစ်ယောက်ရဲ့ခန္ဓာကိုယ်ရှိပေမဲ့ ပါလာဒင်တစ်ယောက်ရဲ့စိတ်ဝိညာဉ်မရှိဘူး ... ငါ့ရဲ့အမြင်အရဆိုရင် သူတို့ကကျရှုံးတယ်"

သူတို့ငယ်စဉ်က ဂုဏ်သိက္ခာ ၊ ကျင့်ဝတ် ၊ နှိမ့်ချမှု ၊ ဇွဲလုံ့လ ၊ သစ္စာစောင့်သိမှု ၊ မာနတရား ၊ ဘာသာတရားစသည့်အရာများကို စောင့်ထိန်းရန်သင်ကြားပေးခြင်းခံရသော်လည်း သူတို့ကြီးပြင်းလာသည်နှင့်အမျှ ဘုရားကျောင်း၏အတွင်းရေးကိစ္စများကို ပိုမိုသိမြင်လာကာ သူတို့၏ခံယူချက်များပြောင်းလဲလာခဲ့သည်။ ဤသို့ဖြင့် သူတို့သည် သူတို့စောင့်ထိန်းရမည့်ကျင့်ဝတ်များနှင့် တစ်စတစ်စပိုမိုဝေးကွာလာခဲ့ရသည်။

သို့သော်လည်း အူသာ၏စကားများကိုကြားသောအခါတွင် ထိုခံယူချက်နှင့်ကျင့်ဝတ်များသည် သူတို့၏အတွေးနှင့်စိတ်ဝိညာဉ်ဆီသို့ပြန်လည်ရောက်ရှိသွားပုံရသည်။

ဟေးစ်၏ပြင်းထန်သော တုံ့ပြန်မှုအားမြင်တွေ့ရချိန်တွင် ရောဘတ်သည်လည်း အံ့သြသွားခဲ့သည်။ ဤအရာသည် သူမျှော်လင့်ထားသောအရာမဟုတ်ပေ။ ဘုရားကျောင်းသည် အခြားသောအဖွဲ့အစည်းများထက် ပိုမိုဆိုးယုတ်ကာကောက်ကျစ်ကြောင်းသိထား၍ ကနေဒီမိသားစုသည် သူတို့နှင့်များစွာမဆက်ဆံခဲ့ပေ။ သူတို့ပြောသောစကားမှန်သမျှသည် အတုအယောင်များဖြစ်ကြသည်။

အမှန်တော့ ဟေးစ်သည်အရာရာတိုင်းကို စနစ်တကျတွက်ချက်ချည်းကပ်တတ်၍ ဟေးစ်သည်လည်း အခြားလောဘကြီးသောပါလာဒင်များနှင့်မခြားဟု ရောဘတ်ယုံကြည်ထားခဲ့သည်။ ထို့ကြောင့် ဟေးစ်သည်ယခုလ်ိုဒေါသတကြီး ပြင်းပြင်းထန်ထန်တုံ့ပြန်လာချိန်တွင် ရောဘတ်အံ့သြသွားရခြင်းဖြစ်သည်။

သို့သော်ဤအရာသည် လှည့်ကွက်တစ်ခုသာဖြစ်သည်ဟု ရောဘတ်ကယုံကြည်နေဆဲဖြစ်သည်။ ထိုသို့မဟုတ်ပါက ပါလာဒင်များသည် အခြားသူများရှေ့၌ သူတို့ကိုယုံကြည်ကိုးကွယ်သူများအား နှိမ့်ချဆက်ဆံကြသနည်း။ ထိုသို့လုပ်ဆောင်မှသာ သူတို့သည်မျက်နှာသာရရှိမှာဖြစ်ပြီး အူသာ၏မြင့်မြတ်မှုကိုထိန်းသိမ်းနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူသည်ဤအကြောင်းကိုဆက်လက်ပြောဆိုရန် အစီအစဉ်မရှိတော့ပေ။ ဘုရားကျောင်းသည် သူအလွယ်တကူရန်စ၍မရနိုင်သော အဖွဲ့အစည်းဖြစ်ကြောင်း ရောဘတ်နားလည်ထားပေသည်။ သူသည် ဘုရားကျောင်းကိုကြောက်ရွံ့ခြင်းမရှိသော်လည်း ဖြစ်နိုင်ပါကရန်သူတိုးပွားအောင် မလုပ်ဆောင်လိုပေ။ အထူးသဖြင့် လက်ရှိအချိန်တွင် ရောဘတ်သည်မသေမျိုးများကိုရင်ဆိုင်ရန် သူတို့၏အကူအညီအားလိုအပ်နေခဲ့သည်။

အခန်း ၃၂၁ - မသေမျိုးများနှင့်ပတ်သက်သော ပရောဖက်ပြုချက်

ဟေးစ်သည် ယခုအချိန်၌ ငှက်တစ်ကောင်လိုဖြစ်ချင်နေခဲ့သည်။

သူသည် အတောင်ပံများကိုတပ်ဆင်ကာ ဘုရားကျောင်းသို့ချက်ချင်းပျံသန်းသွားပြီး ပုပ်ရဟန်းမင်းထံ သတင်းပို့လိုခဲ့သည်။ သ်ို့သော်လည်း ယခုအချိန်၌သူသည် ရူးသွပ်စွာမလုပ်ဆောင်နိုင်ပေ။ ရောဘတ်သည် အလွန်မာနကြီးကာ စိတ်ကူးယဉ်ဆန်ပြီး ဖြုန်းတီးတတ်သူတစ်ဦးဖြစ်သော်လည်း အရူးတစ်ယောက်တော့မဟုတ်ပေ။ ဟေးစ်သည် ယခုအချိန်၌ ဘုရားကျောင်းသို့ချက်ချင်းပြန်လိုက်ပါက ရောဘတ်သံသယဝင်လာမှာဖြစ်သည်။

ရှောင်ယု၏နံဘေးရှိအူသာသည် အစစ်အမှန်ဖြစ်ကြောင်း ဟေးစ်မည်သူ့ကိုမှ မပြောပြနိုင်ပေ။ ဟေးစ်သည် ထိုအကြောင်းကိုတွေးနေချိန်၌ အခြားဖြစ်နိုင်ဖွယ်ရှိသော ထိတ်လန့်ဖွယ်အတွေးတစ်ခုကိုတွေ့မိလိုက်သည်။ အကယ်၍ အူသာသည်အစစ်အမှန်ဖြစ်နေလျှင် ရှောင်ယု၏ဘေးနားတွင်ရှိသော ရှေးခေတ်သူရဲကောင်းများသည်လည်း အစစ်အမှန်ဖြစ်နေပါသလား ...

သရောလ် ၊ ဂရင်း ၊ တိုင်ရန်ဒီနှင့် မှော်ကဝေအန်တိုနီဒက်စ် ...

ထိုခဏအတွင်းတွင် ဟေးစ်၏အမြင်၌ ရှောင်ယုသည်ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဒဏ္ဍာရီလာပရောဖက်ပြုချက်အရ တိုက်ကြီး၏အကြီးမြတ်ဆုံးသောအရှင်သခင်သည် မျိုးနွယ်စုအားလုံးကိုစုစည်းကာ တိုက်ကြီးကိုအုပ်စိုးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းမိသားစုများအားလုံးသည် သူတို့၏လက်အောက်တွင် မျိုးနွယ်စုအမျိုးမျိုးအား သိမ်းသွင်းရန်ကြိုးစားနေကြခြင်းဖြစ်သည်။ သို့သော်လည်း ထိုမျိုးနွယ်စုများအား သိမ်းသွင်းနိုင်သည်က တစ်ကဏ္ဍ ရှေးခေတ်သူရဲကောင်းများအားပြန်လည်ခေါ်ဆောင်နိုင်သည်က တစ်ကဏ္ဍဖြစ်သည်။ ဒဏ္ဍာရီလာပရောဖက်ပြုချက်၏ ဖော်ပြချက်အရသာဆိုလျှင် ရှောင်ယုသည်တိုက်ကြီး၏အကြီးမြတ်ဆုံးအရှင်သခင်ဖြစ်လာမည်ဟု ညွန်ပြနေခြင်းဖြစ်သည်။

" ဒါအမှန်ပဲလား ... "

ဟေးစ်သည် တိတ်တဆိတ်ညည်းညူနေသော်လည်း သူ၏စိတ်ထဲတွင် ကမောက်ကမဖြစ်နေခဲ့သည်။ သူသည် သူ့ရှေ့ရှိသေတ္တာအတွင်းထည့်ထားသော ကတိသစ္စာချပ်ဝတ်ကိုကြည့်ရင်း လက်များတုန်ရီနေခဲ့သည်။ ရှောင်ယုသည် သူ့အားဤကဲ့သို့ပါလာဒင်ချပ်ဝတ်အစုံကို ရက်ရက်ရောရောလက်ဆောင်ပေးခဲ့သည်။ ဘူရားကျောင်းသည်ပင် ရှေးဟောင်းအပျက်အစီးများမှ ချပ်ဝတ်အစိတ်အပိုင်းများအား စုဆောင်းရန်အတွက်နည်းလမ်းများစွာကို အသုံးပြုခဲ့ရသည်။ ထိုသို့တိုင်အောင် သူတို့သည်ချပ်ဝတ်အပြည့်အစုံကိုမစုဆောင်းနိုင်သေးပေ။

ထိုချပ်ဝတ်များသည် ရှေးခေတ်ပါလာဒင်များ၏ အမှတ်သင်္ကေတလည်းဖြစ်ပေသည်။ ဘုရားကျောင်းသည် ထိုကဲ့သို့သောချပ်ဝတ်မျိုးအား ဘုရားကျောင်းအတွက်ကြီးကြီမားမား အကျိုးဆောင်ပေးခဲ့သော ပါလာဒင်များကိုသာဆုချီးမြင့်မည်ဖြစ်သည်။ သို့သော်လည်း ဘုရားကျောင်း၏လက်ထဲ၌ ကိုင်ဆောင်ထားသောချပ်ဝတ်များသည် အဆင့်၁ ၊ အဆင့်၂ချပ်ဝတ်များသာဖြစ်ကာ အဆင့်၃ချပ်ဝတ်အရေအတွက် အလွန်နည်းပါးပေသည်။

ထိုအချိန်တွင် အပြင်မှပဲ့တင်ထပ်လာသည့်အသံများက ဟေးစ်၏အတွေးစများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

" မသေမျိုးတွေ ... မသေမျိုးတွေက စခန်းကိုနောက်ထပ်တစ်ကြိမ်တိုက်ခိုက်နေကြပြန်ပြီ "

ထိုအော်ဟစ်သံကြောင့် ဟေးစ်သည်အတွေးစများဖြင့်နစ်မွန်းနေရာမှ နိုးထလာခဲ့ကာ အမြန်ဆုံးထရပ်လိုက်ပြီး အပြင်သို့ထွက်ခွာလာခဲ့သည်။

ထိုအချိန်၌ စခန်း၏တစ်ဖက်ခြမ်းတွင် ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်ပွားနေခဲ့သည်။ ကနေဒီမိသားစု၏ တပ်ဖွဲ့များသည် မသေမျိုးများ၏တိုက်ခိုက်မှုများနှင့် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သော်လည်း မသေမျိုးများ၏အသွင်အပြင်ကြောင့် သူတို့နှင့်ရင်ဆိုင်ရသည့်အခါတိုင်း သာမန်စစ်သားများတုန်လှုပ်ခြောက်ခြားခဲ့ရသည်။ မသေမျိုးများအား တိုက်ခိုက်ရန်အတွက် အသက်ရှင်သန်ရခြင်းသည် နှိပ်စက်ညဉ်းပန်းခြင်းတစ်မျိုးဖြစ်သည်။ သာမန်စစ်သားတစ်ဦးသည် မသေမျိုးတစ်ဦးထက် လက်ရွေးစင်ရန်သူတပ်သားများကိုသာ တိုက်ခိုက်လိုခဲ့သည်။

ထို့ပြင် ဤဖုတ်ကောင်များသည် အလွန်လျှို့ဝှက်စွာ လှုပ်ရှားသွားလာကြသည်။ မသေမျိုးများသည် ဆုတ်ခွာသွားချိန်၌ပင် ဖုတ်ကောင်အချို့သည် နောက်၌ကျန်ရစ်နေခဲ့သေးပြီး အမှောင်ရိပ်ထဲ၌ခိုအောင်းကာ စစ်တန်းလျားတွင်းသို့ခိုးဝင်၍ စစ်သားများအားသတ်ဖြတ်လေ့ရှိကြသည်။ သို့သော် ဤအရာသည်အဆိုးရွားဆုံးကိစ္စမဟုတ်သေးပေ။ အဆိုးဆုံးကိစ္စမှာ သာမန်စစ်သားများသည် မသေမျိုးများအားကြောက်ရွံ့နေသည့်အတွက် ညဘက်၌ကောင်းကောင်းအိပ်မပျော်ကြခြင်းဖြစ်သည်။

အိပ်စက်နေသူများကလည်း အိပ်မက်ဆိုးများမက်ကာ နိုးထလာလေ့ရှိကြသည်။ ထို့ကြောင့်စစ်သားများသည် နေ့ခင်းအချိန်၌သာအိပ်စက်ရလေ့ရှိသည်။ ယင်းအတွက်ကြောင့် အချိန်ကြာလာသည်နှင့်အမျှ စစ်သားများအားလုံးစိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံး ပင်ပန်းနွမ်းနယ်လာခဲ့ကြပြီး ဇန်းသည်ပင်ခြင်္သေ့မြို့အား ဝိုင်းရံတိုက်ခ်ိုက်မှုကိုခေတ္တနောက်ဆုတ်ထားရသည်။

စစ်တပ်ထဲတွင် တပ်ပြေးကာနေရပ်သို့ပြန်ချင်သော စစ်သားများလည်းရှိလာခဲ့သည်။ စစ်သားအများစုသည် ဝေပြည်နယ်မှဖြစ်ကြပြီး သူတို့သည်ရောဘတ်၏ရက်စက်ကြမ်းကြုတ်မှုနှင့်ပတ်သက်၍ ကောလဟာလများစွာကြားနေခဲ့ရသည်။ သူတို့သည်ဝေပြည်နယ်မှဖြစ်ရာ အဘယ်ကြောင့်ကနေဒီမိသားစုအတွက် တိုက်ပွဲဝင်ပေးနေရသနည်း။ အကယ်၍ ကနေဒီမိသားစုသည် ဝေပြည်နယ်အား သူတို့၏တပ်များကိုစေလွှတ်၍တိုက်ခိုက်မည်ကို မကြောက်ရွံ့ပါက ဝေပြည်နယ်၏တပ်သားများသည် ဤနေရာမှထွက်ပြေးနေသည်မှာကြာမြင့်ပြီဖြစ်သည်။ ထိုအချက်ကြောင့်လည်း တပ်သားများ၏တိုက်ခိုက်နိုင်စွမ်းသည် သိသိသာသာကိုကျဆင်းနေခဲ့သည်။

ဟေးစ်သည် တိုက်ပွဲဖြစ်ပွားရာနေရာသို့ရောက်လာချိန်တွင် ရှောင်ယုသည် မသေမျိုးတပ်များနှင့်အတူ စတင်ဆုတ်ခွာနေပြီဖြစ်သည်။

ရန်သူသည် ဤသို့တိုက်ခိုက်လာမှုအတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့သည်ကို ရှောင်ယုသတိပြုမိသည့်အတွက် တိုက်ခိုက်မှုပြုလုပ်ရန် ပိုမိခက်ခဲလာခဲ့သည်။ ရှောင်ယုသည် မသေမျိုးတပ်သားများသေဆုံးသည်က်ို သိပ်ပြီးခံစားရခြင်းမရှိသော်လည်း စနစ်မှသူသိရှိလာသည့်အချို့အချက်များကြောင့် သူသည်၎င်းတို့အား တိုက်ပွဲတွင်းသို့မျက်စိစုံမှတ်၍ မစေလွှတ်တော့ပေ။ ရှောင်ယုသည် မသေမျိုးတပ်သားအမြောက်အများကို ဆုံးရှုံးပြီးနောက်တွင် သူသည်တပ်သားသစ်များကိုထပ်မံဆင့်ခေါ်ရန်အတွက် ကုန်ကျစရိတ်ပိုမိုကြီးမားလာကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့်ရှောင်ယုသည် မသေမျိုးတပ်သားအားလုံးကို လက်လွတ်စပယ်အသေခံတိုက်ခိုက်မှု မပြုလုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။ သူသာ အသေခံတိုက်ခိုက်မှုများကို အကြိမ်အနည်းငယ်ပြုလုပ်ပြီးသည့်နောက်တွင် မသေမျိုးတပ်သားများ၏စျေးနှုန်းသည် သူမဝယ်ယူနိုင်သောအဆင့်တစ်ခုအထိ မြင့်တက်သွားမည်ဖြစ်သည်။ သူသည် ငွေကြေးဆင်းရဲနေခြင်းမဟုတ်သော်လည်း ငွေကြေးများသည်မကုန်ဆုံးနိုင်ဟု ဆိုလိုခြင်းမဟုတ်ပေ။

" မင်းအမေလိုပဲ ... စနစ်က ကန့်သတ်ချက်တွေအရမ်းများလိုက်တာ "

ရှောင်ယုသည် စိတ်ပျက်သွားသော်လည်း စနစ်၏လုပ်ဆောင်ချက်များသည် လမ်းကြောင်းမှန်ပေါ်၌ရှိနေကြောင်း သူနားလည်ထားသည်။ အကယ်၍ ထိုသို့မပြုလုပ်ပါက သူသည်မသေမျိုးတပ်သားများအား ထပ်ခါထပ်ခါဆင့်ခေါ်ကာ ရန်သူများအားအသေခံတိုက်ခိုက်မှုပြုလုပ်ခိုင်းမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် စနစ်သည်ချို့ယွင်းချက်များဖြင့် ပြည့်နှက်သွားနိုင်ပေသည်။

ဟေးစ်သည် မသေမျိုးများအားမတိုက်ခိုက်လိုက်ရသော်လည်း သူတို့ဆုတ်ခွာသွားသည့်အချိန်၌ မသေမျိူးများကိုတစ်ချက်စစ်ဆေးကြည့်လိုက်သည်။

" ဒါက ဒဏ္ဍာရီတွေမှာပဲဖော်ပြထားတဲ့ ရွံရှာဖွယ်အသားကောင်တွေလား ... ပြီးတော့ပင့်ကူတွေ ၊ လင်းနို့မကောင်းဆိုးဝါးတွေ ... ဖုတ်ကောင်တွေ ... ဒါ ... ဒါကသာမန်မသေမျိုးတပ်မဟုတ်ဘူး "

ဟေးစ်သည် သူတို့အားကြည့်ပြီးလွန်စွာထိတ်လန့်သွားခဲ့သည်။

သူသည်ပရောဖက်ပြုချက်အကြောင်းကို သိရှိထားပြီးနောက်တွင် လတ်တလောအခြေအနေများကို ရှင်းရှင်းလင်းလင်းနားလည်နေခဲ့သည်။ ဤအချိန်သည် အပြောင်းအလဲကာလသို့ရောက်ရှိလာပြီဟု ဆိုလိုခြင်းဖြစ်သည်။ ဘုရားကျောင်း၏ပရောဖက်ပြုချက်အရဆိုလျှင် အူသာပြန်လည်ရောက်ရှိလာပြီးနောက် မသေမျိုးများလည်း ပြန်လည်ထွက်ပေါ်လာကာ အခြေအနေများစတင်ပြိုလဲလာမည်ဖြစ်သည်။ ထို့နောက်မသေမျိုးများသည် တိုက်ကြီးတစ်ခုလုံးကိုဖျက်ဆီးမယ့် ပရမ်းပတာဖြစ်ရပ်ကြီးအားအစပြုမှာဖြစ်သည်။ ထိုအချိန်သို့ရောက်ရှိလာပါက တိုက်ကြီး၏အကြီးမြတ်ဆုံးသောအရှင်သခင်သည် မျိုးနွယ်အားလုံးကိုစုစည်းကာ တိုက်ကြီးကိုကယ်တင်မှာဖြစ်သည်။

" သူတို့ကဘယ်ကရောက်လာတာလဲ ... သူတို့ရဲ့အရင်းအမြစ်ကိုရှာကြ "

အနာဂတ်တွင် မသေမျိုးများနှင့်ရင်ဆိုင်ရပါက အခက်အခဲများစွာ မတွေ့ကြုံရစေရန်အတွက် အဓိကအရင်းအမြစ်ကိုရှာဖွေရမည်ဖြစ်ကြောင်း ဟေးစ်နားလည်ထားပေသည်။ အမှန်တော့ သူတစ်ယောက်တည်းသာမက စခန်းရှိလူတိုင်းသည်လည်း မသေမျိုးများမည်သည့်နေရာမှရောက်လာသည်ကို သိရှိလိုနေကြသည်။

ရောဘတ်သည် မသေမျိုးများ၏တည်နေရာကိုသိရှိရန်အတွက် ကင်းထောက်များစွာကို စေလွှတ်ထောက်လှမ်းခဲ့သော်လည်း မသေမျိုးများသည် အန်ကာဂန်တောင်တန်းအတွင်းသို့ ဝင်ရောက်ပြီးနောက်ထူးဆန်းစွာပျောက်ကွယ်သွားခဲ့သည်။ ရှောင်ယုသည် သူတို့၏ထောက်လှမ်းမှုများအား ကာကွယ်ရန်အတွက် မြူခိုးများအားအသုံးပြုနေသည်ကို မည်သူမှမသိခဲ့ကြပေ။

All Chapters