အခန်း (၃၂၂-၃၂၄)
Vol. 22 Ch. 322-324
အခန်း ၃၂၂ - ပုပ်ရဟန်းမင်းကြီး
" အရှင် ... သူတို့အန်ကာဂန်တောင်တန်းထဲကိုဝင်သွားတာနဲ့ ငါတို့မျက်ခြေပြတ်သွားခဲ့တယ် ... "
မသေမျိုးများကိုသွားရောက် ကင်းထောက်သူက ဟေးစ်ကိုသတင်းပို့လိုက်သည်။
ဟေးစ်သည် ထိုသတင်းကိုရရှိပြီးနောက်တွင် ခေါင်းညိတ်ပြလိုက်သည်။ အမှန်တော့သူသည် မသေမျိုးများ၏တည်နေရာကို ရှာဖွေတွေ့ရှိရန် များစွာမမျှော်လင့်ထားပေ။ ကနေဒီမိသားစုသည်ပင် မသေမျိုးများ၏တည်နေရာကို ရှာမတွေ့ခဲ့သည့်အတွက် သူ၏တပ်များသည်လည်း သူတို့အားရှာမတွေ့ခဲ့သည်မှာ အံ့သြစရာတော့မဟုတ်တော့ပေ။ ထို့ပြင်သူ၏အတွေးသည် အူသာနှင့်တွေ့ဆုံခဲ့သောအချိန်၌သာ နစ်မြောနေခဲ့ကာ သူ၏ဘဝအပေါ်ရှုမြင်ပုံသည်လည်း ကြီးကြီးမားမားအပြောင်းအလဲရှိခဲ့သည်။
မသေမျိုးနှင့်မရဏတို့၏ ပုံပန်းအသွင်သဏ္ဍာန်သည် ပရမ်းပတာဖြစ်ရပ်တစ်ခုကို အစပျိုးရန်အသင့်ဖြစ်နေပြီဖြစ်သည်။ ဘုရားကျောင်းသည် တိုက်ကြီးအားပေါင်းစည်းရန်အသင့်ဖြစ်နေသော်လည်း အူသာသည်သူတို့ဘက်၌ရှိမနေခဲ့ပေ။
ဟေးစ်သည် အလွန်စိတ်ရှုပ်နေခဲ့သည်။ လက်ရှိအချိန်၌ သူသည်အူသာနှင့်ပုပ်ရဟန်းမင်းတို့အနက် မည်သူ့အားသစ္စာစောင့်သိရမည်ကို စဥ်းစား၍မရသေးပေ။
" ပါလာဒင်ဟေးစ် ... မင်းကဘုရားကျောင်းရဲ့ ခရူးဆိတ်တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ပဲ ... ဒီကိစ္စကိုမင်းဘယ်လိုမြင်လဲ "
ဇန်းသည် ဟေးစ်၏အနားသို့ရောက်ရှိလာကာ မေးမြန်းလိုင်သည်။
ဟေးစ်သည် လေးနက်သောလေသံဖြင့် အဖြေပေးလိုက်သည်။
" ဗိုလ်ချုပ်ဇန်း ... ငါဒီကိစ္စကိုပုပ်ရဟန်းမင်းဆီ သတင်းပေးပို့ရမယ် ... ဒီကိစ္စမှာ မသေမျိုးတွေရုတ်တရက်ထွက်ပေါ်လာတာဟာ ကပ်ဘေးရဲ့နမိတ်လက္ခဏာတွေဖြစ်တယ် ... ငါတို့လာမယ့်စစ်ပွဲအတွက် အသင့်ပြင်ထားရလိမ့်မယ် "
" ဘာ ... ကပ်ဘေးကိုပြောတာလား ... ရှေးခေတ်ကတိုက်ကြီးတစ်ခုလုံးကို ဖရိုဖရဲဖြစ်သွားစေခဲ့တဲ့ကပ်ဘေးကိုပြောနေတာလား "
ဇန်းသည် အလွန်အံ့သြသွားခဲ့သည်။ သူတို့သည် မသေမျိုး၅၀၀၀နှင့်ရင်ဆိုင်ရသည်ကိုပင် အလွန်ခေါင်းကိုက်နေရပြီဖြစ်သည်။ သို့ဖြစ်ရာ ထောင်ပေါင်းများစွာသောမသေမျိုးများနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုပါက မည်မျှထိအခြေအနေဆိုးရွားလာမည်ဖြစ်ကြောင်း နားလည်ထားပေသည်။
ဟေးစ်က ခေါင်းညိတ်၍အတည်ပြုလိုက်သည်။
" ဟုတ်တယ် ... ပရောဖက်ပြုချက်ရဲ့ လျှို့ဝှက်ထားတဲ့အစိတ်အပိုင်းအချို့ကို ငါခုမင်းကိုပြောပြလိုက်မယ် ... အမှန်တော့ဘုရားကျောင်းက ကပ်ဘေးကြီးတဖန်ပြန်ဖြစ်လာမယ်လို့ကြိုတင်မျှော်လင့်ထားပြီးဖြစ်တယ် ... ဒါကငါတို့ရင်ဆိုင်ရမယ့် အပြင်းထန်ဆုံးစမ်းသပ်မှုဆိုလည်း မမှားဘူး ... ဒီတစ်ကြိမ်ဖြစ်ပေါ်လာမယ့်ကပ်ဘေးဟာ တိုက်ကြီးရဲ့အဆုံးသတ်ကိုတောင် ဦးတည်သွားစေနိုင်တယ် ... အကြီးမြတ်ဆုံးသောအရှင်သခင်ကသာလျှင် မျိုးနွယ်စုများကိုပေါင်းစည်း၍ ဤကပ်ဘေးကိုတိုက်ထုတ်န်ိုင်မှာဖြစ်တယ် ... သခင်လေးရောဘတ်က သူသာပရောဖက်ပြုချက်ရဲ့အဆိုပြုထားတဲ့သူဆိုရင် ကပ်ဘေးကိုတွန်းလှန်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်တယ် "
" ဒါက ... "
ဇန်းသည် ခဏလောက်စိတ်ရှုပ်ထွေးနေခဲ့သည်။ အမှန်တော့ သူသည်လည်း ဟေးစ်၏စကားများကို အနည်းငယ်တော့ယုံကြည်ပေသည်။ သူသည် ပရောဖက်ပြုချက်အကြောင်းကို ကြားဖူးထားသော်လည်း အသေးစိတ်အချက်အလက်များကိုမူ မသိရှိထားပေ။ အကယ်၍ ပရောဖက်ပြုချက်သည် အမှန်တကယ်ဖြစ်နေပါက ကနေဒီမိသားစု၏ပြင်ဆင်မှုများသည် လုံလောက်ခြင်းမရှိပေ။
" ဗိုလ်ချုပ်ဇန်း ... ငါကဘုရားကျောင်းကို အမြန်ပြန်သွားပြီးတော့ ... ပုပ်ရဟန်းမင်းကိုသတင်းပို့ရလိမ့်မယ် "
ဟေးစ်သည် သူ၏လက်ကိုဝှေ့ယမ်းကာ ထွက်ခွာလာခဲ့သည်။
" ပါလာဒင်ဟေးစ် ... မင်းထွက်သွားတော့မှာလား ... ဒါဆိုရင်မသေမျိုးတွေကိုဘယ်လိုလုပ်မှာလဲ ... "
ဇန်းကအလျင်စလိုပြောလာခဲ့သည်။
ပါလာဒင်များသည် မသေမျိုးများကိုကိုင်တွယ်ဖြေရှင်းရာတွင် အကောင်းဆုံးသောသူရဲကောင်းများ ဖြစ်ကြသည်။ အမှန်တော့ ပါလာဒင်များအသုံးပြုသော အလင်းနည်းစနစ်များသည် တိုက်ပွဲစွမ်းအင်နှင့်မှော်စွမ်းအင်ရောယှက်ထားသည်ဖြစ်ရာ စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။ ထိုအလင်းတိုက်ခိုက်မှုများသည် မသေမျိုးများကို သေစေနိုင်ပေသည်။ ပါလာဒင်များသည် စစ်မြေပြင်၌ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်ခြင်းမရှိသော်လည်း ပါလာဒင်၏ကောင်းချီးများသည် တပ်သားများ၏စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်သည်။ သို့ဖြစ်ရာ ဟေးစ်မရှိတော့ပါက သူတို့သည်အခက်အခဲများအားပိုမိုရင်ဆိုင်ရနိုင်ကြောင်း ဇန်းသိထားပေသည်။
ဟေးစ်ကသူ၏ခမောက်ကိုဆောင်းရင်း ပြောလိုက်သည်။
" စိတ်မပူပါနဲ့ ... ဗိုလ်ချုပ်ဇန်း ငါမကြာခင်ပြန်လာမှာပါ ... ဘုရားကျောင်းကဒီကိစ္စကို လုံးဝလျစ်လျူရှုထားမှာမဟုတ်ဘူး ... လောလောဆယ်တော့ဒီကိစ္စကို ငါအကြောင်းကြားရလိမ့်မယ် "
အမှန်တော့ဟေးစ်သည် ဤနေရာသို့မည်သည့်နည်းနှင့်မဆို ပြန်လာရမည်ဖြစ်သည်။ ပထမအကြောင်းရင်းမှာ မသေမျိုးပြဿနာကိုကိုင်တွယ်ရန်ဖြစ်ပြီး ဒုတိယအကြောင်းရင်းမှာ အူသာပြန်လည်ရောက်ရှိလာသည့် ပြဿနာဖြစ်သည်။ ဇန်းသည် ဟေးစ်၏စကားကိုကြားသောအခါတွင် စိတ်ချလက်ချဖြစ်သွားခဲ့ကာ ဟေးစ်အားသူကိုယ်တိုင်စခန်းဝထိ လိုက်လံပို့ဆောင်ခဲ့သည်။
...
...
ရောဘတ်သည် သူ၏ထိုင်ခုံမှချက်ချင်းခုန်ထလိုက်သည်။
" ဘာ .. မင်းဘာပြောလိုက်တာလဲ "
" ပါလာဒင်ဟေးစ်က ပုပ်ရဟန်းမင်းကိုအစီရင်ခံဖို့ ဘုရားကျောင်းကိုပြန်သွားခဲ့တယ် ... ဟေးစ်ကသာငါတို့ကိုခြောက်လန့်ဖို့အစီအစဉ်မရှိဘူးဆိုရင် ဒီကိစ္စတွေကတော်တော်လေးနက်နေတာပဲ ... ဒီလိုမျိုးဖြစ်လာခဲ့ပြီဆိုတော့ ရေရှည်မှာကြိုတင်ပြင်ဆင်ထားဖို့အတွက် မိသားစုကိုအကြောင်းကြားရတော့မှာပဲ "
ဇန်းသည် ကပ်ဘေးပြဿနာကိုအလွန်ပင် စိုးရိမ်ပူပန်နေခဲ့သည်။သူတို့သည် တိုက်ကြီးတစ်ခုလုံးအားပေါင်းစည်းလိုသည်ဆိုပါက ယခုလ်ိုအခြေအနေမျိုးတွင် မသေမျိုးတပ်များအား ရင်ဆိုင်တိုက်ခိုက်ရမည်ဖြစ်သည်။
ခြင်္သေ့မြို့အားသိမ်းပိုက်ရန် အခက်အခဲသည် ပိုမိုကြီးထွားလာပြီဖြစ်သည့်အတွက် ရောဘတ်သည်လည်းစိတ်မသက်မသာဖြစ်လာခဲ့သည်။
...
...
ဟေးစ်သည် နေ့ရောညပါအနားမယူခဲ့ပေ။ သူသည် ဘုရားကျောင်း၏ဌာနချုပ်သို့သွားရောက်နေစဉ် ၁၀ရက်တာအတွင်း မြင်းများကိုဆက်တိုက်လဲလှယ်ခဲ့သည်။ ဘုရားကျောင်း၏ဌာနချုပ်သည် မြင့်မြတ်သောယီရှာမြို့၌တည်ရှိပေသည်။ ကောင်းကင်ခြင်္သေ့မင်းဆက်သည် ယီရှာမြို့နှင့်အနီးပတ်ဝန်းကျင်တဝိုက်ကို အုပ်ချုပ်နိုင်ခြင်းမရှိဘဲ ဘုရားကျောင်းကသာအရာရာကိုစီမံခန့်ခွဲထားပေသည်။ အမှန်တော့ ယီရှာမြို့၏အခြေအနေသည် အင်ပါယာအတွင်းမှ အခြားအင်ပါယာတစ်ခုဖြစ်နေခဲ့သည်။ ဤနေရာရှိလူတိုင်းသည် ပုပ်ရဟန်းမင်းအားအုပ်စိုးရှင်အဖြစ် မှတ်ယူထားကြသည်။
ယခုအချိန်တွင် ရွှေရောင်ဝတ်ရံကိုဝတ်ဆင်ထားကာ အမည်မသိပစ္စည်းဖြင့်ပြုလုပ်ထားသော ကြိမ်တုတ်တစ်ချောင်းကိုက်ိုင်ဆောင်ထားသည့် အဘိုးအိုတစ်ဦးသည် ယီရှာမြို့၏အမြင့်မြတ်ဆုံးသောဘုရားကျောင်းအတွင်း၌ ထိုင်နေခဲ့သည်။ ဤနေရာတွင်သူသည် အုပ်စိုးရှင်ဖြစ်သည်။ သူသည် တိုက်ကြီးပေါ်ရှိ အလင်းနတ်ဘုရား၏တမန်တော်လည်းဖြစ်သည်။ သူ၏စကားများသည် အလင်းနတ်ဘုရား၏ညွန်ကြားချက်များဖြစ်ပြီး သူ၏စကားကိုဆန့်ကျင်သူများသည် ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမည်ဖြစ်သည်။
" ကြီးမြတ်သောအူသာကို ချီးမွမ်းပါ ... ပုပ်ရဟန်းမင်းကိုချီးမွမ်းပါ ... ပါလာဒင်ဟေးစ်ကပြန်လည်ရောက်ရှိလာပါပြီ "
ပါလာဒင်တစ်ယောက်သည် ခန်းမအတွင်းသို့ဝင်၍ သတင်းပို့လာခဲ့သည်။
" အိုး ... သူ့ကိုဝင်ခွင့်ပြုလိုက် "
ပုပ်ရဟန်းမင်း၏မျက်လုံးများ၍ အလင်းတန်းတစ်ခုဖြတ်သန်းသွားခဲ့သည်။
ပါလာဒင်သည် ခေါင်းညိတ်ပြလိုက်ကာ ခန်းမအတွင်းမှထွက်ခွာသွားခဲ့သည်။
ပုပ်ရဟန်းမင်းသည် ဘုရားကျောင်း၏နံရံပေါ်၌ရေးဆွဲထားသော နံရံဆေးရေးပန်းချီများကိုကြည့်ရင်း ရေရွတ်လိုက်သည်။
" ဘာလို့စိတ်မသက်မသာဖြစ်နေရတာလဲ ... အဲ့အချိန်ကရောက်လာခဲ့ပြီလား "
အခန်း ၃၂၃ - ဆုံးဖြတ်ချက်ချခြင်း
ပုပ်ရဟန်းမင်းသည် ပုလ္လင်ပေါ်၌ထိုင်နေစဉ်တွင် ဟေးစ်သည်ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ဟေးစ်သည် သူလမ်းလျှောက်နေစဉ်အတွင်း ပုပ်ရဟန်းမင်းကိုမသိမသာခိုးကြည့်နေခဲ့သည်။ ထိုပလ္လင်တော်သည် တစ်နေ့တစ်ချိန်တွင် သူထိုင်ခွင့်ရရှိရန်အိပ်မက်မြင်မက်နေသော နေရာဖြစ်သော်လည်း ချက်ချင်းပင်ပလ္လင်တော်သည် နေရာကောင်းတစ်ခုမဟုတ်ကြောင်း ခံစားမိလာခဲ့သည်။ ထို့ပလ္လင်တော်၏နောက်ကွယ်တွင် အူသာ၏ရုပ်ထုကြီးတစ်ခုရှိနေပေသည်။ ထိုပလ္လင်ပေါ်၍ထိုင်မည့်သူသည် သူ၏နောက်၌ရှိနေသောရုပ်ထုကို အကြွင်းမဲ့သစ္စာစောင့်သိရမည်ဖြစ်ကာ ခိုင်မာသောစိတ်ဓာတ်နှင့်ဆုံးဖြတ်ချက်ပြတ်သားရန်လိုအပ်ပေသည်။
ဟေးစ်၏အမြင်တွင် သူတို့သည်အူသာအပေါ်၌ ဆက်လက်ယုံကြည်ကိုးကွယ်ခြင်းမရှိတော့သော်လည်း လက်ရှိမျိူးဆက်၏ပုပ်ရဟန်းမင်းသည် ထိုပုလ္လင်တော်ပေါ်၌ ထိုင်နေခဲ့ပေသည်။ လက်ရှိမျိုးဆက်၌ ထိုပုလ္လင်ပေါ်ရှိသူသည် သူတို့၏အုပ်စိုးရှင်နတ်ဘုရားပင်ဖြစ်သည်။
" ကြီးမြတ်သောအူသာကိုချီးမွမ်းပါ ... ပုပ်ရဟန်းမင်းကိုချီးမွမ်းပါ "
ဟေးစ်သည် ပုပ်ရဟန်းမင်းနှင့် ၁၀မီတာခန့်အကွာ၌ရပ်တန့်လ်ိုက်သည်။
ပုပ်ရဟန်းမင်းသည် လူများကသူ့အနားသို့ နီးကပ်စွာရောက်ရှိလာသည်ကို မကြိုက်နှစ်သက်ပေ။ ပုပ်ရဟန်းမင်းသည် တစ်စုံတစ်ခုအားဖုံးကွယ်ထားခြင်း ကာကွယ်ထားခြင်းဖြစ်နေသလားဟုပင် ထင်မှတ်ရပေသည်။ ထိုသို့မဟုတ် ပုပ်ရဟန်းမင်းထံ၌စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုရှိနေသည်လား ... သူ၏ပုလ္လင်တော်အနားသို့ချည်းကပ်လာသူတိုင်းသည် သူ၏အုပ်စိုးမှုကိုခြိမ်းခြောက်နိုင်သည်ဟု ပုပ်ရဟန်းမင်းကယူဆနေသည်လား ....
ဟေးစ်သည် သူ၏နှလုံးသထဲ၌ တိတ်တဆိတ်ညည်းညူလိုက်ပြီး ပုလ္လင်တော်၏နောက်ဘက်ရှိ ဧရာမရုပ်တုကြီးကိုစိုက်ကြည့်လိုက်သည်။
" ကြီးမြတ်သောအူသာ ... "
အူသာသည် အခြားနေရာတစ်ခု၌ သူစိမ်းတစ်ယောက်အတွက် တိုက်ပွဲဝင်နေစဉ်တွင် ဘုရားကျောင်းအတွင်းရှိပါလာဒင်များသည် အူသာအတွက်နေ့ရောညပါချီးမွမ်းတောင်းဆုပြုနေခဲ့သည်။
" ဟေးစ် .... "
ပုပ်ရဟန်းမင်း၏အသံသည် ထာဝရတည်မြဲနေသကဲ့သို့ နေရာအနှံ့သို့ပဲ့တင်ထပ်နေပုံရပေသည်။
" အမိန့်ရှိပါ ပုပ်ရဟန်းမင်း "
ဟေးစ်သည် အရိုအသေပေးကာ ခေါင်းညိတ်ပြလိုက်သည်။ ယခုအချိန်တွင် အကြောင်းတစ်ခုခုကြောင့် သူသည်အရာအားလုံးကို အတုအယောင်ဟုထင်မှတ်နေခဲ့သည်။ နောက်ဆုံးသောတွေ့ဆုံမှုအပြီးတွင် သူသည်အလင်းရောင်၏ပြသမှုအောက်၌ အရာအားလုံးက်ိုတွေ့မြင်နေရသည်ဟု ယူဆမိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ပုပ်ရဟန်းမင်းအပေါ်၌ မကောင်းသောစိတ်အနည်းငယ်ထားမိပါက ခဏအကြာတွင် သူ၏ခန္ဓာကိုယ်သည်ပြာအဖြစ်ပြောင်းလဲ၍ လေထဲလွှင့်နေမည်ဖြစ်ကြောင်း သိထားပေသည်။
ထို့ပြင်သူသည် အရာအားလုံးကိုမတူညီသောရှုထောင့်မှ ရှုမြင်ပေသည်။ သို့ဖြစ်ရာ ဘုရားကျောင်းရှိအရာအားလုံးကို သူရှင်းရှင်းလင်းလင်းတွေ့မြင်နေရသည်။ ဘုရားကျောင်းသည် သန့်ရှင်းစင်ကြယ်ခြင်းမရှိတော့ဘဲ ညစ်ပတ်ခြင်း ၊ လျှို့ဝှက်ဆန်းကြယ်ခြင်း ၊ အပြစ်များနှင့်ထိန်းချုပ်လိုသူများ၏ အကျိုးစီးပွားများနှင့်ပြည့်နှက်နေခဲ့သည်။
" ဘာတွေသိခဲ့ရလဲ ... "
ပုပ်ရဟန်းမင်းကမေးမြန်းလိုက်သည်။ ပုပ်ရဟန်းမင်းသည် အဓိပ္ပါယ်မရှိသော စကားများကိုနားထောင်ရသည်ကို မနှစ်သက်ကြောင်းလူတိုင်းသိထားကြသည်။ သူသည်တိုက်ရိုက်မေးခွန်းများနှင့် ရှင်းလင်းသောအဖြေများကိုသာနှစ်သက်ပေသည်။ ပုပ်ရဟန်းမင်းသည် မည်သို့မည်ပုံလုပ်ဆောင်သည်ကိုစိတ်မဝင်စားဘဲ ရလဒ်က်ိုသာအမြဲစိတ်ဝင်စားပေသည်။
ထို့ပြင် ပုပ်ရဟန်းမင်းတိုင်းသည် ကြီးမြတ်သောပရောဖက်ပြုချက်ဟုအမည်ရသော သီးခြားမှော်မန္တန်ကိုအသုံးပြုနိုင်ကြသည်။ ထိုမှော်မန္တန်သည် တိုက်စစ်ဆင်ရာ၌အသုံးမပြုနိုင်သော်လည်း ၎င်း၏အစွမ်းကိုမည်သူကမှသံသယမရှိကြပေ။ ထို့ကြောင့် ပုပ်ရဟန်းမင်းကိုလိမ်လည်ရန် အရူးများကသာကြိုးစားမည်ဖြစ်သည်။
" ဒါက မြို့စားရှောင်ပေးလိုက်တဲ့ ကတိသစ္စာချပ်ဝတ်တန်ဆာပဲ "
ဟေးစ်သည် သေတ္တာကိုရှေ့သို့တွန်းပို့လိုက်ကာ သေတ္တာအဖုံးကိုဖွင့်လိုက်သည်။
ထိုအခါ မြင့်မြတ်သောအလင်းရောင်သည် သေတ္တာအတွင်းမှထွက်ပေါ်လာကာ ခန်းမကိုလွှမ်းခြုံသွားခဲ့သည်။ ခန်းမကိုယ်တိုင်က မြင့်မြတ်သန့်စင်သော အလင်းစွမ်းအားများနှင့်ပြည့်နှက်နေသော်လည်း ကတိသစ္စာချပ်ဝတ်မှထွက်ပေါ်လာသည့် အလင်းစွမ်းအားကိုအပြည့်အဝခံစားမိပေသည်။
ပုပ်ရဟန်းမင်း၏မျက်နှာအမူအရာသည် ပြောင်းလဲခြင်းမရှိသော်လည်း သူ၏ညာလက်ညိုးကိုမြှောက်ကာ ပုလ္လင်တော်ကိုပွတ်သပ်နေလိုက်သည်။ ထိုအပြုအမူသည် ပုပ်ရဟန်းမင်းကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းမရှိသော အခြေအနေကိုလိုက်၍တုံ့ပြန်မှုတစ်ခုဖြစ်သည်။ ယင်းသည် ပုပ်ရဟန်းမင်း၏စိတ်ထဲ၌ဖြစ်ပေါ်နေသော မငြိမ်မသက်ဖြစ်နေမူ၏လက္ခဏာကို တိုက်ရိုက်ဖော်ပြခြင်းဖြစ်သည်။
နှစ်ပေါင်းများစွာကြာအောင် အတွေ့အကြုံများစွာကိုရရှိလာခဲ့သော ပုပ်ရဟန်းမင်းသည် သူ၏စိတ်အပြောင်းအလဲကို မျက်နှာအမူအရာမပေါ်လွှင်အောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ပုပ်ရဟန်းမင်းသည် ကမ္ဘာပေါ်ရှိ ထိတ်လန့်စရာအကောင်းဆုံးသောဖြစ်ရပ်ကို ကြားသိခြင်း ၊ မြင်တွေ့ခြင်းတို့ဖြစ်လာလျှင်တောင်မှ သူ၏မျက်နှာအမူအရာသည်ပြောင်းလဲသွားမည်မဟုတ်ပေ။ သို့သော်လည်း သူ၏လက်ညိုးဖြင့် ပလ္လင်တော်အားပွတ်သပ်လိုက်မှုသည် သတိမမူဘဲပြုလုပ်မိလိုက်သည့် တုံ့ပြန်မှုတစ်ခုဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ပုပ်ရဟန်းမင်း၏ပြောင်းလဲမှုကို မည်သူမှမသိလိုက်ကြပေ။
" အူသာလို့ခေါ်တဲ့သူကိုငါတွေ့ခဲ့တယ် ... သူ့ရဲ့ခန္ဓာကိုယ်ထဲကနေပြီးတော့ သန့်စင်တဲ့အလင်းစွမ်းအားတွေဖြာထွက်နေတာကို ငါခံစားမိတယ် ... တစ်ချိန်တည်းမှာပဲ သူကရှေးခေတ်ရဲ့စစ်မှန်တဲ့ ပါလာဒင်တွေရဲ့ကျွမ်းကျင်မှုတွေကိုပြသခဲ့တယ် ... သူ့ရဲ့ခန္ဓာကိုယ်ထဲကသန့်စင်တဲ့အလင်းစွမ်းအားကို ငါခံစားနိုင်ခဲ့တဲ့အတွက်ကြောင့် သူလိမ်လည်နေတာမဟုတ်ဘူးလို့ ငါအာမခံနိုင်တယ် ... "
ဟေးစ်ကဆက်ပြောလိုက်သည်။ သူ၏အသံသည် တည်ငြိမ်နေသော်လည်း ကျယ်လောင်ခြင်းမရှိပေ။ ဟေးစ်သည် အသေးအမွှားကိစ္စတစ်ခုကို ပြောနေသလိုမျိုးဤကိစ္စကိုပြောနေခြင်းဖြစ်သည်။
" သူကတကယ့်အူသာလို့ ပြောချင်တာလား "
ပုပ်ရဟန်းမင်း၏လေသံသည် ချက်ချင်းတည်ငြိမ်သွားခဲ့သည်။ သူ၏လေသံတွင် ဒေါသနှင့်ထိတ်လန့်မှုတို့ကိုမခံစားရသော်လည်း သူ၏ညာဘက်လက်ညိုးကမှု ပုလ္လင်တော်အားနှစ်ကြိမ်တိုင်တိုင်ထပ်မံပွတ်သပ်လိုက်သည်။
ဟေးစ်က သူ့ခေါင်းကိုခါပြလိုက်သည်။
" ငါသေချာမသိဘူး ... ရှေးခေတ်အပျက်အစီးတွေမှာလဲ ရှေးခေတ်ကပါလာဒင်ကျွမ်းကျင်မှုတွေကို ရှာတွေ့နိုင်တာပဲ ... ရှေးခေတ်မှော်အစွမ်းကိုအသုံးပြုနိုင်ရုံနဲ့ အူသာဖြစ်တယ်လ်ို့ချက်ချင်းမသတ်မှတ်နိုင်ဘူး ... ဘာပဲဖြစ်ဖြစ် မြို့စားရှောင်ကအူသာရဲ့သတင်းကို အကျယ်တဝင့်ဖြန့်ကျက်ဖို့အစီအစဉ်မရှိဘူး ... သူကသူ့ရဲ့အတိုင်းအတာကိုသိထားပုံရတယ် ... ဒီလိုပဲသူ့ဘေးမှာအန်တိုနီဒက်စ်လို့ခေါ်တဲ့ မှော်ဆရာတွေလည်းရှိနေတယ် "
" သူအဲလိုလုပ်မှာမဟုတ်ဘူး ... "
ပုပ်ရဟန်းမင်းက စတင်တုံ့ပြန်လ်ိုက်သည်။
" သူတို့သူတို့ရဲ့နယ်မြေထဲမှာပဲ အဲ့သတင်းကိုဖြန့်ကျက်ပြီးတော့ လူထုရဲ့ထောက်ခံချက်ကိုအရယူလိမ့်မယ် ... သူသာဒီသတင်းကိုကျယ်ကျယ်ပြန့်ပြန့်ဖြန့်လိုက်ရင် အင်အားစုတော်တော်များများကသူ့ကိုအာရုံစ်ိုက်လာလိမ့်မယ် ... ဒီမြို့စားကအကြံကြီးတယ် ... သူခွန်အားတောင့်တင်းလာတဲ့အချိန်ကျ သူကဘယ်သူ့ကိုမှဂရုစိုက်မှာမဟုတ်တော့ဘူး "
ပုပ်ရဟန်းမင်းသည် နံရံဆေးရေးပန်းချီများကိုကြည့်ရင်း ညည်းညူလိုက်မိသည်။ ယခုအခါတွင်သူသည် အဘယ်ကြောင့်ကြီးမြတ်သောပရောဖက်ပြုချက်ကို သူဆန္ဒရှိသလိုမသုံးစွဲနိုင်ကြောင်း နားလည်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စစ်မှန်သောအူသာသည်ပြန်လည်ရောက်ရှိလာပြီး သူ၏ခွန်အားများကိုတဖြည်းဖြည်းပြန်လည်ရရှိလာ၍ဖြစ်သည်။
သို့ဖြစ်ရာ ပုပ်ရဟန်းမင်းချေးယူနိုင်သော ယုံကြည်မှုစွမ်းအားတို့သည်လည်း တဖြည်းဖြည်းအားနည်းလာခဲ့သည်။ ယုံကြည်မှုစွမ်းအားသည် ထူးဆန်းသောစွမ်းအားဖြစ်သည်။ ဤတိုက်ကြီးအတွင်း၌ လူအနည်းငယ်ကသာ ဤစွမ်းအား၏အလုပ်လုပ်ပုံကို အတွင်းကျကျသိရှိထားကြသည်။ ပုပ်ရဟန်းမင်းကိုယ်တိုင်က မည်သည့်နတ်ဘုရားများနှင့်နတ်ဆိုးတို့ကိုမယုံကြည်ပေ။ သို့သော်ယုံကြည်မှုစွမ်းအားအပေါ်၌ သူ၏ထိန်းချုပ်နိုင်စွမ်းသည် အူသာအပေါ်၌သက်ဆိုင်နေကြောင်း ပုပ်ရဟန်းမင်းနားလည်ထားသည်။ လူအများသည် သူတို့သက်ဝင်ယုံကြည်ရာကိုကိုးကွယ်ယုံကြည်ရပြီး ထိုလူများထံမှရရှိလာသောယုံကြည်မှုစွမ်းအားကို သူကအသုံးပြုခြင်းဖြစ်ပေသည်။
ပုပ်ရဟန်းမင်းက ယုံကြည်မှုစွမ်းအားသည် ဤတိုက်ကြီးမှမဟုတ်ဘဲ အခြားနေရာတစ်ခုမှဖြစ်သည်ဟုယုံကြည်ထားသည်။ ဤလောကထဲတွင် အေဇာရောဂ့်တိုက်ကြီးကဲ့သို့ တိုက်ကြီးများမရေမတွက်နိုင်အောင်ရှိနေသည်ဟု ဘုရားကျောင်းရှိ ရှေးဟောင်းစာအုပ်အချို့၌ဖော်ပြထားပေသည်။ ထိုသို့သောရှေးဟောင်းတိုက်ကြီးများပေါ်၌ နတ်ဘုရားများဟုသတ်မှတ်ခံထားရသော အစွမ်းထက်သည့်သတ္တဝါများနေထိုင်ကြသည်။ ဘုရားကျောင်းကိုစတင်တည်ထောင်သူများသည် ထိုကဲ့သို့သောသတ္တဝါများကို နတ်ဘုရားအဖြစ်သတ်မှတ်ကာ လူအများကိုစုစည်းခဲ့ကြသည်။ ထိုလူများထံမှရရှိလာသောစွမ်းအားသည် ယုံကြည်မှုစွမ်းအားတစ်ဖြစ်လဲ သူတို့အသုံးပြုနိုင်သည့်စွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့သည်။
ပုပ်ရဟန်းမင်းကိုယ်တိုင်က ထိုသို့ညည်းညူနေသည်ကိုကြားလိုက်ရချိန်တွင် အူသာသည်အစစ်အမှန်ဖြစ်ကြောင်း ဟေးစ်နားလည်လိုက်တော့သည်။
အလင်းကိုယုံကြည်သူများသည် သူတို့၏နှလုံးသားအတွင်း၌ အူသာကိုနတ်ဘုရားအဖြစ်သတ်မှတ်ကာ ဆုတောင်းခဲ့ကြခြင်းဖြစ်ကြောင်းကို ဟေးစ်တစ်ယောက်မသိထားပေ။ ထိုအရာသည် ယုံကြည်မှုစွမ်းအားအဖြစ်သို့ပြောင်းလဲသွားခဲ့ကာ ပါလာဒင်တစ်ယောက်၏ခွန်အားကိုဖြစ်ပေါ်စေသည်။ ထိုစွမ်းအင်သည် မှော်စွမ်းအင်သို့မဟုတ်တိုက်ပွဲစွမ်းအင်နှင့် လုံးဝမသက်ဆိုင်ပေ။ ယုံကြည်မှု၏စွမ်းအားသည် သာမန်မှော်စွမ်းအင်နှင့်တိုက်ပွဲစွမ်းအင်တို့ထက် ပိုမိုသန်မာပေသည်။
" မင်းကိုကြည့်ရတာ အံ့သြတဲ့ပုံမပေါ်ဘူး ... မင်းစိတ်ထဲမှာဆုံးဖြတ်ချက်ချပြီးသွားပြီထင်တယ် ... "
ပုပ်ရဟန်းမင်းသည် ဟေးစ်ကိုစိုက်ကြည့်လိုက်ရာ ဟေးစ်သည်ကြီးမားသောစွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။
သို့သော်လည်း ဟေးစ်ကခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ် ... သူ့ဆီကနေပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတွေ့ဖူးခဲ့တဲ့လူတွေလိုမျိုး ရင်းနှီးတဲ့ခံစားချက်ကိုရနေတယ် "
" ကောင်းတယ် ... ကောင်းတယ် .... အရမ်းကောင်းတယ် ... နောက်ဆုံးတော့သူပြန်ရောက်လာပြီဘဲ "
ပုပ်ရဟန်းမင်းသည် ပုလ္လင်တော်ပေါ်မှ မတ်တပ်ထရပ်လိုက်ပြီး ပလ္လင်တော်၏နောက်ဘက်ရှိ အူသာ၏ရုပ်တုထံသို့ဖြေးညင်းစွာမော့ကြည့်လိုက်သည်။ လက်ရှိအချိန်၌ ပုပ်ရဟန်းမင်းသည် သာမန်လူအိုကြီးတစ်ယောက်နှင့်တူနေခဲ့သည်။
အခန်း ၃၂၄ - သွေးနီရောင်ခရူးဆိတ်
ရက်အနည်းငယ်အကြာတွင် ပုပ်ရဟန်းမင်းသည် အူသာကိုပြန်လည်ဆင့်ခေါ်နိုင်ခဲ့သည်ဟု ဘုရားကျောင်း၌ကြေငြာခဲ့သည်။
ပုပ်ရဟန်းမင်းသည် ရှေးခေတ်ဆင့်ခေါ်ခြင်းနည်းလမ်းအချို့အား အသုံးပြုကာ အူသာကိုဆင့်ခေါ်ခဲ့သည်ဟု သတင်းထုတ်လွှတ်၍ ယီရှာမြို့သည် ပျော်ရွှင်ဝမ်းမြောက်စေခဲ့သည်။ မရေမတွက်နိုင်သော ယုံကြည်သက်ဝင်သူများသည် ဘုရားကျောင်းသို့စတင်ချီတက်လာကြပြီး ရွေးချယ်ခံထားရသူ ပြန်လည်ရောက်ရှိလာမှုကို ဒူးထောက်ကိုးကွယ်ကြသည်။ မြို့တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်နေပြီး စိတ်လှုပ်ရှားနေကြသည်။ သို့သော်လည်း လူနှစ်ယောက်ကမူ ထိုပျော်ရွှင်မှုကိုမခံစားန်ိုင်ခဲ့ကြပေ။
ပထမဆုံးတစ်ယောက်မှာ အူသာရုပ်တု၏နောက်ကွယ်၌ရပ်နေသော ပုပ်ရဟန်းမင်းဖြစ်သည်။ ဒုတိယတစ်ယောက်မှာ သူတို့နှစ်ယောက်၏နောက်ခပ်လှမ်းလှမ်း၌ ရပ်နေခဲ့သောဟေးစ်ဖြစ်သည်။ သို့သော်လည်း ဟေးစ်သည်ယခင်နှင့်မတူသောချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားခဲ့သည်။ ယခုအချိန်၌ ဟေးစ်ဝတ်ဆင်ထားသောချပ်ဝတ်၏ ပုခုံးတစ်ဖက်တွင် ရွှေရောင်ကြယ်လေးလုံးကိုတပ်ဆင်ထားခဲ့သည်။ ဟေးစ်သည် ယခုအခါတွင် ခရူးဆိတ်တပ်မှူးတစ်ယောက်မဟုတ်တော့ဘဲ ခရူးဆိတ်အစောင့်တပ်၏ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဟေးစ်သည်အူသာကိုပြန်လည်ဆင့်ခေါ်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ခဲ့၍ဖြစ်သည်။
ဟေးစ်သည် သူ၏ချပ်ဝတ်ကိုငုံ့ကြည့်လိုက်သော်လည်း သူ၏မျက်နှာ၌ ပျော်ရွှင်မှုအရိပ်အယောင်ကိုရှာမတွေ့ခဲ့ပေ။ သူသည် အူသာအတုကိုပျော်ရွှင်စွာ လှမ်းကြည့်နေကြသော အခြားပါလာဒင်များကိုကြည့်နေခဲ့သည်။အစောပိုင်းတွင် ပုပ်ရဟန်းမင်းကသူ့အားသတ်ပစ်တော့မည်ဟု ဟေးစ်ကယုံကြည်နေခဲ့သည်။ သို့သော်လည်း ပုပ်ရဟန်းမင်းကသူ့အားအသက်ချမ်းသာပေးကာ အဘယ်ကြောင့်ရာထူးတိုးပေးခဲ့ရသည်က်ို သူယခုထိတိုင်နားမလည်သေးပေ။ သူသည် ဘုရားကျောင်း၏လျှို့ဝှက်ချက်အများစုကိုသိရှိထားသူများအား သတ်ဖြတ်ခဲ့သည်။ ထိုအတွက်ကြောင့် သူသည်လည်း ဘုရားကျောင်း၏နှုတ်ပိတ်ခြင်းကိုခံရသင့်ရသော်လည်း ယခုလိုရာထူးတိုးလာမည်ဟု မမျှော်လင့်ထားပေ။
ယခုအချိန်တွင် ဟေးစ်သည်အမှန်တရားကို သိရှိထားသူနှစ်ဦးအနက်မှတစ်ဦးဖြစ်သည်။ ထို့ကြောင့် ပုပ်ရဟန်းမင်းကသူ့အား အသက်ချမ်းသာပေးကာ သူ့အားရာထူးတိုးပေးခဲ့ရသနည်း။ မည်သို့ပင်ဆိုစေ ဟေးစ်သည်မပျော်ရွှင်ခဲ့ပေ။ အမှန်တော့သူသည် ပုပ်ရဟန်းမင်း၏အမိန့်ကြောင့် သတ်ဖြတ်ခံရမည်ဆိုလျှင်ပင် စိတ်သက်သာရာရသွားမည်ဖြစ်သည်။ အကယ်၍ ဘုရားကျောင်းကသာသူ့အားယခုလိုပြုမူခိုင်းနေပါက အူသာနှင့်ရင်ဆိုင်ရပါက မည်သို့မျက်နှာထားရမည်ကို ဟေးစ်မသိတော့ပေ။
မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်၌ အချိန်များပိုနေပေရာ သူခံစားနေရသည့် သစ္စာစောင့်သိမှုပြဿနာကိုသူကိုယ်တိုင်ဖြေရှင်းရန် နည်းလမ်းရှာသင့်ပေသည်။ ဟေးစ်သည် အူသာအတုကိုကြည့်၍ပျော်ရွှင်နေကြသော လူအုပ်ကိုလှည့်ကြည့်လိုက်သည်။ သူ၏အမြင်တွင် ထိုလူများသည်ဖုတ်ကောင်များနှင့်ရုပ်သေးရုပ်များနှင့်မခြားပေ။
ပုပ်ရဟန်းမင်းထွက်ခွာသွားချိန်၌ ဟေးစ်သည်သူဆုံးဖြတ်ချက်ချရမည့်အချိန်သို့ရောက်လာကြောင်း သိရှိလိုက်သည်။ ယခုအချိန်တွင် ပုပ်ရဟန်းမင်းသည် လောဘနှင့်ယုံကြည်မှုတို့အကြားမှ တစ်ခုအားရွေးချယ်ရတော့မည်ဖြစ်သည်။ သို့သော် ပုပ်ရဟန်းမင်းကလောဘက်ိုရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း ဟေးစ်သိရှိထားပြီးပြီဖြစ်သည်။
လူထုသည် အဘယ်ကြောင့် အူသာကိုနတ်ဘုရားအဖြစ် ကိုးကွယ်ကြသနည်း။ သူသည် ရှေးခေတ်၏သူရဲကောင်းတစ်ယောက်ဖြစ်နေ၍လား ... အဆုံးသတ်တွင် အူသာသည်သန်မာသောစစ်သည်တော်တစ်ယောက်မှလွဲ၍ အခြားမဟုတ်ပေ။ လက်ရှိအချိန်တွင် ပုပ်ရဟန်းမင်းသည် အူသာထက်ပိုမိုသန်မာပြီး နတ်ဘုရားများနှင့်တာဝန်ဝတ္ထရားများကိုဂရုမစိုက်ပေ။ ထို့ကြောင့်အူသာကဲ့သို့ သန်မာသောစစ်သည်တော်တစ်ယောက်သည် နတ်ဘုရားဖြစ်လာနိုင်ပါက အဘယ်ကြောင့် ပုပ်ရဟန်းမင်းသည်လည်း နတ်ဘုရားမဖြစ်ရမည်နည်း။ ထိုသို့သောမေးခွန်းမျိုးကို အဆင့်တစ်ခုထိရောက်ရှိနေပြီဖြစ်သော သူရဲကောင်းတိုင်းကမေးမြန်းခဲ့ဖူးကြပြီး ယခုအချိန်၌ ပုပ်ရဟန်းမင်းသည်နတ်ဘုရားဖြစ်လာရန်ရွေးချယ်ခဲ့သည်။
ပထမအဆင့်အဖြစ် ပုပ်ရဟန်းမင်းသည် အူသာအတုကိုယူဆောင်လာကာ အလင်းနတ်ဘုရားအားယုံကြည်သူအားလုံးကို စုစည်းခဲ့သည်။ ထို့နောက်တွင် ပုပ်ရဟန်းမင်း၏အကြံအစည်ကို အကောင်အထည်ဖော်ပေးသွားမည့် ခရူးဆိတ်တပ်ဖွဲ့တစ်ခုကိုဖွဲ့စည်းသွားမည်ဖြစ်သည်။ မူလက ပုပ်ရဟန်းမင်းသည် ထိုကိစ္စကို နှစ်နှစ်အကြာတွင် စတင်ပြုလုပ်ရန်ကြံစည်ခဲ့သည်။ သူသည် ထိုအစီအစဉ်အားမစတင်မှီ တိုက်ကြီးတစ်ခုလုံးပရမ်းပတာဖြစ်သွားမည်ကို စောင့်ဆိုင်းနေပေသည်။ သို့သော်လည်း ယခုအချိန်၌ အူသာသည်ခြင်္သေ့နယ်မြေ၌ အမှန်တကယ်ရှိနေသည့်အတွက်ကြောင့် အလျင်စလိုဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။
" ရှောင်ယု ... သူကဘယ်လိုဖြစ်ပြီး အူသာကိုပြန်လည်ဆင့်ခေါ်နိုင်ရတာလဲ ... အူသာကသာအစစ်အမှန်ဆိုရင် အန်တိုနီဒက်စ် ၊ ကဲလ်သက်နဲ့အခြားသူတွေကလည်း အစစ်အမှန်လို့အဓိပ္ပါယ်ရတယ်ပေါ့ ... ဒါပေမဲ့ ခုချိန်မှာ သူတို့ရဲ့အစွမ်းက သိပ်ပြီးမကြီးသေးဘူး ... သူတို့ပုခက်ထဲရှိနေချိန်မှာ လည်ပင်းညစ်သက်ရတော့မှာပဲ "
ပုပ်ရဟန်းမင်းသည် လူအများ၏အမြင်တွင် သန့်ရှင်းမြင့်မြတ်သူဖြစ်သော်လည်း သူ၏အတွင်းစိတ်ထဲ၌မူ သူသည်တိုက်ကြီးတစ်ခုလုံးအားစိုးမ်ိုးနိုင်စေရန်အတွက် အူသာအစစ်ကိုသတ်ဖြတ်ရန် နည်းလမ်းများကိုတွေးတောနေခဲ့သည်။
ထို့နေ့နှောင်းပိုင်းတွင် ခြင်္သေ့နယ်မြေ၏မြို့စားရှောင်ယုသည် အူသာကိုဆင့်ခေါ်နိုင်ခဲ့သည်ဟုဆိုကာ ကမ္ဘာတစ်ခုလုံးအားလှည့်စားနေကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ဘုရားကျောင်း၏ ခရူးဆိတ်စစ်သည်များသည် မယုံကြည်သူအားဒဏ်ခတ်ကြမည်ဖြစ်သည်။ အူသာအစစ်သည် အသတ်ခံရချိန်မှသာ ပုပ်ရဟန်းမင်း၏နှလုံးသားသည် တည်ငြိမ်သွားမှာဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဘုရားကျောင်းသည် ရှေးခေတ်ခရူးဆိတ်တပ်မဟာများနှင့်တန်းတူဖြစ်စေမယ့် သွေးနီရောင်ခရူးဆိတ်ဟုခေါ်သော တပ်ဖွဲ့တစ်ခုအား လူအများရှေ့သို့ထုတ်ပြရန်အတွက် အူသာအတု၏အထောက်အထားကိုအသုံးချခဲ့သည်။ ယခင်ကဆိုလျှင် ဘုရားကျောင်းသည် ဘာသာရေးအဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး ကောင်းကင်ခြင်္သေ့မင်းဆက်ကသာ နယ်မြေကိုပိုင်စ်ိုးအုပ်ချုပ်သူများဖြစ်ကြသည်။ ထို့ကြောင့်ဘုရားကျောင်းသည် ပါလာဒင်များကိုသာဖွဲ့စည်းခဲ့ပြီး တပ်ဖွဲ့များအားမထားရှိခဲ့ပေ။
သို့သော်လည်း ပုပ်ရဟန်မင်းကဤအခြေအနေအား ပြောင်းလဲရန်စီစဉ်နေခဲ့သည်။ သူသည် ဤအစီအစဉ်ကိုနောက်မှလုပ်ဆောင်ရန် စီစဉ်ထားခဲ့သော်လည်း ရှောင်ယုနှင့်အူသာအစစ်တို့ပေါ်ပေါက်လာမှုက သူ၏အကြံအစည်ကိုအနှောင့်အယှက်ဖြစ်စေသည့်အတွက်ကြောင့် သူတို့အားမြန်မြန်ဆန်ဆန်ဖယ်ရှားရမည်ဖြစ်သည်။
...
...
ရှောင်ယုသည် ခြင်္သေ့မြို့၌ အေးအေးဆေးဆေးဝိုင်သောက်နေခဲ့သည်။ ကနေဒီမိသားစုသည် သူတို့အားလာရောက်မတိုက်ခိုက်သည့်အတွက် ရှောင်ယုသည်နေ့ဘက်အချိန်များ၌ သူတို့၏တပ်များကိုတိုက်ခိုက်ရန်အတွက် တစ်ခါတစ်ရံတွင်လေတပ်များကို စေလွှတ်လေ့ရှိသည်။ သူအသစ်ဆင့်ခေါ်ထားသောတပ်သားအများစုသည် အဆင့်၁၀သို့ရောက်ရှိနေပြီဖြစ်သည်။ ကနေဒီမိသားစု၏တပ်များသည် စိတ်ဓာတ်ကျနေကြသည်။ သူတို့သည်ညအချိန်၌ မသေမျိုးတို့၏တိုက်ခိုက်မှုကိုခံရသည့်အပြင် နေ့ခင်းအချိန်၌လည်း ခြင်္သေ့မြို့အားဝိုင်းရံတိုက်ခ်ိုက်ခြင်းမပြုနိုင်ပေ။ နေ့အချိန်တွင် ခြင်္သေ့မြို့အားဝိုင်းရံတိုက်ခိုက်ရန်အတွက် စစ်သားများအားအသုံးပြုခဲ့မည်ဆိုပါက သူတို့သည်ညအချိန်၌ မသေမျိုးများအားမရင်ဆိုင်နိုင်လောက်အောင် ပင်ပန်းနေကြမည်ဖြစ်သည်။
...
...
နီကိုးလပ်စ်သည် ခပ်လှမ်းလှမ်းတောင်ကုန်းတစ်ခုပေါ်၌ ကုလားထိုင်တစ်ခုပေါ်တွင်ထိုင်၍ အနှိပ်ခံနေကာ ဝိုင်ကိုအရသာခံ၍သောက်သုံးနေခဲ့သည်။
" မသေမျိုးတွေရဲ့တည်နေရာကို မင်းရှာတွေ့ပြီလား "
ကင်းထောက်သည်သူ၏နောက်တွက်ရပ်နေသော်လည်း နီကိုးလပ်စ်က လှည့်၍ပင်မကြည့်ပေ။
" အန်ကာဂန်တောင်တန်းတွေထဲ ဝင်ရောက်သွားပြီးတဲ့နောက်မှာ မသေမျိုးတွေကရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ် ... အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ခြေရာကိုရှာတွေ့ဖို့မဖြစ်နိုင်တော့ဘူး ... သူတို့ကအဆင့်မြင့်ကိုယ်ယောင်ဖျောက်အစွမ်းကို အသုံးပြုထားပုံရတယ် "
ကင်းထောက်ကတင်ပြလိုက်သည်။
" အဲ့ဒါက ခြင်္သေ့နယ်မြေနဲ့ဆက်စပ်မှုရှိနေလား "
ထိုမသေမျိုးများသည် ရှောင်ယုနှင့်အနည်းငယ်လေးပင် ဆက်စပ်မှုမရှိဟု နီကိုးလပ်စ်လုံးဝမယုံကြည်ပေ။ သို့သော်လည်း သူသည်ထိုမသေမျိုးများအား ရှောင်ယုနှင့်ချိတ်ဆက်မိစေသည့် အထောက်အထားအနည်းငယ်ကိုတောင်မှ ရှာမတွေ့ခဲ့ပေ။
" ငါတို့မတွေ့ခဲ့ပါဘူး ... မကြာသေးခင်ကတော့ ဘုရားကျောင်းကနေပြီးရောက်လာတဲ့ ပါလာဒင်ဟေးစ်က ရှောင်ယုရဲ့ဘေးနားမှာရှိနေတဲ့ အူသာကိုစစ်ဆေးဖို့ ခြင်္သေ့မြို့ကိုရောက်လာခဲ့တယ် ... နောက်တော့ဟေးစ်က ခြင်္သေ့မြို့ကနေစိတ်မသက်သာဖြစ်ပြီး အလျင်စလိုထွက်သွားတာကိုတွေ့လိုက်ရတယ် ... ကြည့်ရတာကတော့ ရှောင်ယုမှာနောက်ထပ်ရန်သူတစ်ယောက်ရှိလာနိင်တယ် "
ကင်းထောက်က တင်ပြလိုက်သည်။
" အိုး .. သူကမကြာခင်မှာပဲ ဘုရားကျောင်းနဲ့ရန်သူတွေဖြစ်လာတော့မှာပဲ ... ငါက်ိုယ်တိုင်တောင် အူသာကိုအတုမလုပ်ရဲဘူး ... အန်တိုနီဒက်စ်နဲ့အခြားသူတွေကိုငါဂရုမစိုက်ပေမဲ့ ဘုရားကျောင်းနဲ့ပါလာဒင်တို့က ငါနဲ့မတူဘူး "
ရှောင်ယုသည် အူသာ ၊ အန်တိုနီဒက်စ်နှင့်အခြားရှေးခေတ်သူရဲကောင်းများကိုခေါ်ဆောင်နိုင်သည်ဟု ဝါဒဖြန့်နေသော်လည်း နီကိုးလပ်စ်ကဂရုမစိုက်ပေ။ ထိုသို့သော ရှေးခေတ်သူရဲကောင်းများကို ပြန်လည်ဆင့်ခေါ်ရန်မဖြစ်နိုင်ကြောင်း သူနားလည်ထားသည်။ ထိုသို့ဆင့်ခေါ်န်ိုင်သည်ဟု တစ်စုံတစ်ယောက်ကပြောလာလျှင်လည်း အတုအယောင်သာဖြစ်ကြောင်း နီကိုးလပ်စ်ကျိန်ပြောဝံ့ပေသည်။ သူသည်လည်း ယခင်ကထိုသို့လုပ်ဆောင်ရန်အစီအစဉ်ရှိခဲ့သော်လည်း အဆုံးသတ်တွင်ချို့ယွင်းချက်များစွာရှိနေသည့်အတွက်ကြောင့် စိတ်ပြောင်းသွားခဲ့သည်။ ထို့ကြောင့်ရှောင်ယုသည် ဤကဲ့သို့မဟုတ်မမှန်ဝါဒဖြန့်ဆိုခြင်းဖြင့် မှားယွင်းသောခြေလှမ်းကိုလှမ်းခဲ့မိသည်ဟု နီကိုးလပ်စ်ယုံကြည်နေခဲ့သည်။
" သူ့ဘေးနားက ကဲလ်သက်ကကောဘယ်လိုနေလဲ "
ယခုအခါ နီကိုးလပ်စ်သည် သွေးနတ်သူငယ်များအား ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ သူသည် သွေးနတ်သူငယ်များအား နေရေတွင်းမှမှော်အရင်းအမြစ်တို့ဖြင့် ကောင်းမွန်စွာလေ့ကျင့်ပေးနေပြီး ထွက်ပေါ်လာသည့်ရလဒ်သည် အလွန်ကျေနပ်ဖွယ်ကောင်းနေခဲ့သည်။ ထို့ကြောင့်သူသည် ကဲလ်သက်အားစိတ်ပူနေခြင်းဖြစ်သည်။
" ကဲလ်သက်က သိပ်ပြီးထူးခြားတဲ့ပုံမရဘူး ... သူကအစွမ်းထက်တဲ့မှော်ဆရာတစ်ယောက်ပဲ ... ဒါပေမဲ့ခြင်္သေ့မြို့ထဲမှာ အခြားသွေးနတ်သူငယ်စစ်သားတွေရှိနေတယ် ... သူတို့ထဲမှာဒဏ္ဍာရီလာနဂါးသိမ်းငှက်တွေ ၊ မန္တန်ဖြိုခွဲသူတွေရှိနေတယ် ... သူတို့ကရှေးခေတ်တပ်ဖွဲ့တွေပဲ ... ခြင်္သေ့မြို့စားကသူတို့ကိုဘယ်လိုရခဲ့တာလဲဆိုတာ တွေးကြည့်စရာပဲ "
ကင်းထောက်ကဆက်ပြောလိုက်သည်။
" မန္တန်ဖြိုခွဲသူတွေက မှော်ဆရာတွေကိုတိုက်ခိုက်ရာမှာ ထူးချွန်ကြတယ် ... ငါ့ရဲ့လက်အောက်ကသွေးနတ်သူငယ်တွေထဲမှာ မန္တန်ဖြိုခွဲသူအချို့ရှိတယ် .... ဒါပေမဲ့သူတို့မှာရှေးခေတ်က လျှို့ဝှက်ကျွမ်းကျင်မှုတွေမရှိကြဘူး ... ဒါကြောင့်သူတို့ကိုသီးသန့်လေ့ကျင့်ပေးဖို့ငါမတတ်နိုင်ဘူး ... ဒါပေမဲ့နဂါးသိမ်းငှက်တွေက ဒီတိုက်ကြီးပေါ်မှာမရှိတော့တာအတော်ကြာနေပြီ ... သူကဘယ်လ်ိုဖြစ်ပြီး နဂါးသိမ်းငှက်တွေအများကြီးရလာတာလဲ "
နီကိုးလပ်စ်က တိတ်တဆိတ်ညည်းညူလိုက်သည်။ သူသည် တိုက်ကြီး၏အစိတ်အပိုင်းတိုင်းကိုစစ်ဆေးနေသော်လည်း သူ၏မိသားစုမှစုဆောင်းထားသည့်တပ်များသည် ရှောင်ယု၏တပ်များကိုမယှဉ်နိုင်သေးပေ။ အထူးသဖြင့် ရှောင်ယု၏လေကြောင်းတပ်များကို နီကိုးလပ်စ်ပင် မနာလိုဖြစ်ရသည်။
" အဲ့ဒီနဂါးသိမ်းငှက်တွေကိုသာ ငါတို့ရရှိခဲ့မယ်ဆိုရင် အရမ်းကောင်းမှာပဲ "
နီကိုးလပ်စ်က တိတ်တဆိတ်ရေရွတ်လိုက်သည်။
" သခင်လေး ငါတို့ယီရှာမြို့ကနေသတင်းတစ်ခုရလာတယ် ... ဘုရားကျောင်းဟာ အူသာကိုအောင်အောင်မြင်မြင်ဆင့်ခေါ်နိုင်ခဲ့ပြီးတော့ သွေးနီရောင်ခရူးဆိတ်တွေကိုစတင်ဖွဲ့စည်းနေပြီ "
နောက်ထပ်ကင်းထောက်တစ်ယောက်က တင်ပြလိုက်သည်။
" ဘာ .. .ဘာတွေဖြစ်နေတာလဲ "
ထိုသတင်းကိုကြားချိန်တွင် နီကိုးလပ်စ်သည် အလန့်တကြားထရပ်မိလိုက်သည်။ထို့ပြင်သူ၏ဖန်ခွက်အတွင်းမှ ဝိုင်အနည်းငယ်သည်လည်း ဖိတ်စင်သွားခဲ့သည်။
" ဒီအဘိုးကြီးကဘာတွေတွေးနေတာလဲ ... သူကဘာလို့ အူသာကိုမြန်မြန်ဆန်ဆန်ချပြလာရတာလဲ ... ပြီးတော့သူက သွေးနီရောင်ခရူးဆိတ်တွေကိုတောင် စပြီးဖွဲ့စည်းနေပြီ ... အခြေအနေတွေကပြောင်းလဲနေပြီလို့ ဆိုလိုချင်တာလား "
နီကိုးလပ်စ်သည် မျက်မှောင်ကြုတ်လိုက်ကာ သေချာစဉ်းစားနေခဲ့သည်။ ပုပ်ရဟန်းမင်းသည် စဉ်းလဲသောမြေခွေးတစ်ကောင်ဖြစ်ကြောင်း နီကိုးလပ်စ်ကသိရှိထားသော်လည်း ယခုအချိန်၌ဤသို့လုပ်ဆောင်ခြင်းသည် အသိညဏ်မရှိသောလုပ်ရပ်ဖြစ်ကြောင်း သူတို့သိရှိထားကြသည်။
" ဒါဖြင့် သူ့ကိုခုလ်ိုလှုပ်ရှားစေဖို့အတွက် တွန်းအားပေးနေတဲ့အရာတွေရှိတယ် ... သူအဲလိုလုပ်ဖို့တွန်းအားပေးစေတဲ့အရာက ရှောင်ယုရဲ့ဘေးနားမှာရှိနေတဲ့အူသာပဲ ... ဒါပေမဲ့အဲ့အူသာက အတုအယောင်မဟုတ်ဘူးလား ... ပုပ်ရဟန်းမင်းက ရှောင်ယုဘေးနားကအူသာက အတုအယောင်လိုပြောလိုက်ရင် ဘယ်သူမှရှောင်ယုကိုယုံကြည်တော့မှာမဟုတ်ဘူး ... "
နီကိုးလပ်စ်သည် ထိုနေရာတွင်ရပ်နေခဲ့ပြီး သူ့လက်ထဲရှိဖန်ခွက်ကို အစိတ်စိတ်အမွှာမွှာခြေမွလိုက်သည်။