← Chapters

ပျက်စီးခြင်း

Vol. 160 Ch. 2272

ပျက်စီးခြင်း

Vol. 160 Ch. 2272

ဆေးအင်ပါယာအနီးတွင် မဟာလမ်းစဉ်နယ်ပယ်တစ်ခု ဖြစ်လာသည်။ ၎င်းသည် ရှေးဟောင်းဂိတ်တစ်ခုဖြစ်ပြီး အောက်ကို ထိုးဆင်းသွား၏။

ဝမ်ရှန့်မျှော်စင်သည် ဧရာမကြီးမားလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာကျကာ အရာအားလုံးကို ဖိနှိပ်သည်။

မြေပြင်မှ ထွက်ပေါ်လာသော နတ်မီးတောက်များသည် လောကဂိတ်တံခါးကို လောင်ကျွမ်းစေနိုင်ခြင်း မရှိရာ မြေအောက်မီးတောက်မှာ ချက်ချင်း ဖြတ်တောက်ခံလိုက်ရတော့သည်။ နေမင်းတောင်ကုန်းမှ တန်ခိုးရှင်သည် မြန်ဆန်စွာပင် အရေးနိမ့်လာ၏။ မြေအောက်မှ မီးတောက်ကို သုံးစွဲနိုင်ခြင်းမရှိရာ သူသည် ယခင်လို မသန်မာတော့သည်မှာ ထင်ရှား၏။ ထို့ကြောင့် သည်မတိုင်ခင်က အရေးနိမ့်နေသော ရန်ဟောင်ချန်းမှာလည်း ချက်ချင်း ပြန်၍ အရေးသာလာတော့သည်။

ဝုန်း…

ဝုန်း…

ကြောက်မက်ဖွယ်နတ်စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာကာ နေမင်းနတ်နန်းတော်၏အတွင်းမှ နတ်မီးတောက်များအား ရိုက်ခတ်လာသည်။ ထိုမျက်လုံးများက ဆေးအင်ပါယာထံသို့ ရောက်လာကာ ထိုသူသည်သာ မြေအောက်စွမ်းအားများကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း နားလည်ဟန်ရသည်။ ယခု သူ၏စွမ်းအားအရင်းအမြစ်မှာ ဖြတ်တောက်ခံရရာ သူသည် အရေးနိမ့်လာရ၏။

တစ်ဦးတစ်ယောက်တည်းအားဖြင့် အများကို ရင်ဆိုင်ရန်က ထင်သလောက်မလွယ်ကြောင်း ထင်ရှားသည်။ ကြည့်ရသည်မှာ သည်ကိစ္စက ကျရှုံးရန် သေချာသလောက် ရှိ၏။

ကြောက်မက်ဖွယ်ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ကာ သူ့အနီးမှ လေဟာနယ်သည် ကြယ်တာရာလောကအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည် ကြယ်တာရာလောက၏လမ်းစဉ်ကမ္ဘာထဲသို့ ရောက်နေသည့်အလား ထင်မှတ်ရ၏။ ကြယ်ကောင်းကင်သည် ရောင်စုံကြယ်ပွင့်များဖြင့် လင်းလက်နေကာ မရေမတွက်နိုင်သော ကြယ်များသည် ဧရာမကောင်းကင်ဝင်္ကပါတစ်ခုအလား ဖွဲ့စည်းဖြစ်ပေါ်နေသည်။

ရန်ဟောင်ချန်းသည် လေထဲတွင် လွင့်မြောနေကာ ကြယ်ကောင်းကင်နှင့် တသားတည်း ဖြစ်နေဟန်ရ၏။ သူသည် ကြယ်ကောင်းကင်၏အရှင်သခင်ဖြစ်၏။ သူသည် လက်ထဲတွင် နှင်တံကို ကိုင်ထားကာ ထူးခြားသော အရှိန်အဝါသည် သူ့အား ထည်ဝါခန့်ညားသော ဖြစ်တည်မှုတစ်ခုအထား ထင်မှတ်ရစေ၏။

နေမင်းတောင်ကုန်းမှ တန်ခိုးရှင်သည် တစ်ဘက်လူက သူ့အား သည်နေရာတွင် ပိတ်ဆို့ကာ သတ်ဖြတ်လိုကြောင်း သိ၏။

တခြားတစ်ဘက်တွင် ဆေးအင်ပါယာသည် ဝမ်ရှန့်မျှော်စင်အား ထမ်းလျှက် သူ့ထံသို့ လျှောက်လာနေသည်။ သူ့အနေဖြင့် မြေအောက်မှ စွမ်းအားမပါဘဲ တိုက်ခိုက်ရန် အလွန်ခက်ခဲ၏။ ယခု ရင်းမြစ်စွမ်းအားက ဖြတ်တောက်ခံရပြီဖြစ်ရာ ဆေးအင်ပါယာသည် ဤတိုက်ပွဲ၌ ပါဝင်ရန် သေချာပေါက် အဆင့်မှီသည်။ ထို့အပြင် တစ်ဘက်တွင် ရန်ဟောင်ချန်းလည်း ရှိသည်။

နေမင်းတောင်ကုန်းက ရန်သူများသည် သူ့အား သေချာပေါက် သတ်ဖြတ်လိုကြောင်း ခံစားမိ၏။ မူလဘုံတွင် သူ အမှန်တကယ် သေဆုံးရတော့မည်လား။

တခြားတစ်ဘက်တွင် ရီဖူရှင်းနှင့် တခြားလူများဘက်၌ နေမင်းနတ်နန်းတော်ကား ဆိုးဝါးစွာ အဆုံးသတ်ကြရသည်။ အများအပြားမှာ နတ်မီးတောက်အောက်၌ လောင်ကျွမ်းပြာကျသွားကြရ၏။

ရန်ဟောင်အဆင့်များမှာ အသက်ရှင်နိုင်ကြသော်လည်း လက်ရှိတွင် သူတို့အားလုံး မျှော်လင့်ချက်ကင်းမဲ့သော ခံစားချက်ကို ရနေကြသည်။

“နေမင်းနတ်နန်းတော်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို အညံ့ခံလိုပါတယ်” အောက်မှ အသံတစ်သံကို ကြားရသည်။ နေမင်းနတ်နန်းတော်မှ တစ်ယောက်က ပြောလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက သူတို့အား ထူးမခြားနားစွာ တစ်ချက်ကြည့်သည်။ ယခု သူတို့က အညံ့ခံလိုသည်လား။

သူက ဤမတိုင်ခင် အခွင့်အရေးပေးခဲ့ပြီးဖြစ်ကာ ထိုလူများက လက်မခံခဲ့ကြပေ။ ယခု အဆုံးသတ်ခါနီးမှ သူတို့က အညံ့ခံလိုသည်။ ကံမကောင်းသည်ကား သူတို့က ရီဖူရှင်း၏ရက်ရောမှုကို အထင်သေးလွန်းသည်။

“ကောင်းကင်အာဏာစက်ကျောင်းတော်က အခု လူသစ်လက်မခံဘူး” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။

ဝုန်း…

ရီဖူရှင်းဘေးမှ တန်ခိုးရှင်အများအပြားက ကြီးမားသော အရှိန်အဝါများကို ထုတ်လွှတ်ကာ ရှေ့ကို တက်လာကြ၏။ သူတို့ထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။

ထိုအခိုက်တွင် နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်များမှာ သူတို့အဆုံးသတ်ပြီဖြစ်ကြောင်း သိလိုက်ကြ၏။

တိုက်ပွဲကား တစ်ဘက်သတ်ဖြစ်သည်။ နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်များမှာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရ၏။ ဤသို့သော အခြေအနေတွင် သူတို့မှာ မည်သို့မှ တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့။ ယနေ့တွင် နေမင်းဘုံမှ နေမင်းနတ်နန်းတော်မှာ ရှင်းလင်းသုတ်သင်ခံရပေတော့မည်။

အမှန်တရားကား နေမင်းနတ်နန်းတော်သည် တခြားသော အဖွဲ့စည်းများကဲ့သို့ သူတို့ကိုယ် သူတို့ ကယ်တင်ရန် အခွင့်အရေး ရှိခဲ့သည်။ အနည်းဆုံး ယနေ့လို အခြေအနေမျိုး ကျရောက်မည် မဟုတ်သော်လည်း သူတို့မှာ သူတို့၏မိုက်မဲသော ဆုံးဖြတ်ချက်ကြောင့် စတေးခံလိုက်ရ၏။

တခြားသော တိုက်ပွဲနေရာ၌ ကြယ်တရာများသည် နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်များထံသို့ ရုတ်တရက် တိုးဝင်သွားကြသည်။ ကြယ်တာရာများသည် နတ်အလင်းများအသွင်ဖြင့် ပျံသန်းသွားကြကာ လေဟာနယ်ကို ဖျက်ဆီးရန် ကြိုးစားကြ၏။ သူတို့သည် တစ်ဘက်လူ၏ပြေးပေါက်များအားလုံးကို ပိတ်ဆို့ထားကြ၏။ ၎င်းအလင်းတန်းများဖြင့်သာ ထိမိပါက မည်သည့်အရာမှ မကျန်တော့အောင် ဖျက်ဆီးခံလိုက်ရပေမည်။

တိုက်ခိုက်မှုများက ရုတ်တရက်ဖြစ်လာခြင်း ဖြစ်ကာ နေမင်းတောင်ကုန်းမှ တန်ခိုးရှင်က ထိုမြင်ကွင်းကို မြင်သည်နှင့် သူ့ခန္ဓာကိုယ်သည် စတင်၍ လောင်ကျွမ်းလာသည်။ သူ့ခန္ဓာကိုယ်အား ဗဟိုပြု၍ ကြောက်မက်ဖွယ် နေမင်းသူရိန်မုန်တိုင်းတစ်ခုသည် စတင်ဖွဲ့စည်းလာပြီး အရာအားလုံးကို ဖျက်ဆီးသည်။

နေမင်းနတ်အလင်းများ ဖျာထွက်လာသည်တွင် လေဟာနယ်သည် လောင်ကျွမ်းလာ၏။ ကြယ်အလင်းများ သူ့ရှေ့သို့ ရောက်လာသောအခါ ၎င်းသည် စက်ကွင်းအသွင်သို့ ပြောင်းလဲသွားကြ၏။ ထိုအလင်းတန်းများသည် နီရဲလာကာ စတင်၍ အရည်ပျော်လာကြ၏။ ထိုအလင်းများ သူ့အနီးသို့ ရောက်သည်နှင့် လုံးဝ ပျောက်ကွယ်သွားကြတော့သည်။

နတ်ဘုရားကဒ်ဘေးကို ဖြတ်ကျော်ပြီးသော ပုဂ္ဂိုလ်တစ်ဦးမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး သူတို့သည် မူလလမ်းစဉ်နှင့် အလွန်နီးကပ်သော တည်ရှိမှုလည်း ဖြစ်သည်။ သူတို့အား သတ်ဖြတ်ရန်မှာ ထင်သလောက် မလွယ်ကူပေ။

ထိုအချိန်တွင် ဧရာမကြယ်တာရာဝင်္ကပါသည် တစ်နေရာတည်းတွင် စုစည်းလာကာ ရန်ဟောင်ချန်း ပေါ်လာသည်။ သူက လက်ထဲမှ နှင်တံကို ဆန့်တန်းလိုက်သည်နှင့် ကြောက်မက်ဖွယ် ပေါက်ကွဲသံများ ကြားရ၏။ ရုတ်တရက် ကြယ်အလင်းသည် ကောင်းကင်အပြင်ဘက်မှ ကျဆင်းလာခဲ့၏။

ထိုအခိုက်တွင် အဆုံးအစမဲ့သော နေမင်းဘုံကောင်းကင်သည် ကြယ်တာရာကောင်းကင်သို့ ပြောင်းလဲဿွား၏။ သန်းပေါင်းများစွာသော ကြယ်အလင်းများသည် ရန်ဟောင်ချန်းထံသို့ စုစည်းလာပြီး သူကိုင်ဆောင်ထားသော နှင်တံ၌ လှည့်ပတ်ကြ၏။ ၎င်းတို့သည် ကောင်းကင်ဘုံကိုးခုမှ စွမ်းအားများကို ဆွဲငင်ကာ မဟာလမ်းစဉ်စွမ်းအားများအဖြစ် ပြောင်းလဲသွားကြ၏။

ထိုအချိန်တွင် နေမင်းတောင်ကုန်းမှ လာသော ထိပ်သီးတန်ခိုးရှင်သည်ပင် အန္တရာယ်၏အငွေ့အသက်များကို ခံစားလာရသည်။

သူက ဤနေရာမှ ထွက်သွားလိုသည်။

ဝုန်း…

ကောင်းကင်ထက်မှ နတ်မီးတောက်အလင်းများ ကျဆင်းလာခဲ့ကာ ကြယ်တာရာလောကအား ဖောက်ထွင်း၍ ထွက်ပြေးရန် ကြိုးစား၏။ ရုတ်တရက် ကောင်းကင်ထက်မှ ကြယ်တာရာများသည် မီးများ လောင်ကျွမ်းလာခဲ့သည်။ သို့သော်လည်း ရန်ဟောင်ချန်းသည် ကောင်းကင်ထက်တွင် မားမားမတ်မတ် ရပ်နေဆဲဖြစ်သည်။ သူက ၎င်းကို အရေးပင်မစိုက်ဘဲ စွမ်းအားများကို ဆက်လက်ဆင့်ခေါ်နေသည်။ သူက တစ်ဘက်ရန်သူအား တစ်ခါတည်း အဆုံးသတ်လိုဟန်ရှိသည်။

ဆေးအင်ပါယာသည်လည်း ဝင်ရောက်တိုက်ခိုက်လိုသော်လည်း ရန်ဟောင်ချန်း ထုတ်လွှတ်သော စွမ်းအားကိုကြည့်ကာ အံ့အားသင့်ရသည်။ သူကိုယ်တိုင် ဝမ်ရှန့်မျှော်စင်အကူအညီဖြင့်ပင် ထိုသို့သော စွမ်းအားမျိုး မထုတ်လွှတ်နိုင်ပေ။

မည်သို့ဆိုစေ ရန်ဟောင်ချန်းကိုယ်တိုင်က နတ်ဘုရားကဒ်ဘေးကို ကျော်ဖြတ်ပြီးသောသူဖြစ်သည်။ သူ၏လက်နက်မှာ မဟာအင်ပါယာကိုယ်တိုင် ချန်ထားခဲ့သော ရတနာနှင်တံဖြစ်ပြီး စီဝေ့နတ်နန်းတော်သခင်များသည်သာ ကိုင်တွယ်ခွင့်ရှိသည်။ ရီဖူရှင်းက ၎င်းနှင်တံကို ရန်ဟောင်ချန်းအား ပေးအပ်ခဲ့၏။ ထို့ကြောင့် ရန်ဟောင်ချန်းသည် ရီဖူရှင်းအပေါ် ကောင်းမွန်သော သဘောထားများ ရှိသည်။

ကောင်းကင်အပြင်မှ စူးရှသော ကြယ်အလင်းများသည် နှင်တံထံသို့ ကျဆင်းစုစည်းလာနေကြ၏။ ရန်ဟောင်ချန်းက လက်ဆန့်တန်းလိုက်သည်တွင် နှင်တံသည် အလိုအလျောက် ပျံသန်းသွားကာ ၎င်းသည် တဖြေးဖြေးဖြင့် ဓားတစ်လက်အသွင်သို့ ပြောင်းလဲသွား၏။

ကြီးမားသော ကြယ်တာရာလောက၌ ဧရာမကြယ်အလင်းများသည် ဓားတစ်လက်အဖြစ် အသွင်ပြောင်းကာ ကျဆင်းလာခဲ့သည်။

ဓားအသိသည် တစ်ခုပြီးတစ်ခု စီးဆင်းလာခဲ့ကာ အရာအားလုံးမှာ ဖိနှိပ်ခံရ၏။ နောက်ဆုံးတွင် နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်သည် သူ့အပေါ်ကျဆင်းလာသော ဓားမှ သေခြင်းတရား၏အငွေ့အသက်များကို ခံစားလာရသည်။ သူက ရန်ဟောင်ချန်းကို ကြည့်ကာ ပြောသည် “တကယ်လို့ ကျုပ်သာ ဒီနေရာမှာ သေဆုံးသွားမယ်ဆိုရင် နေမင်းတောင်ကုန်းက လူတွေ အောက်ဘုံကိုလာပြီးတော့ အမှန်တရား ရှာဖွေမှာပဲ။ ဒါက ကောင်းကင်အာဏာစက်ကျောင်းတော် လိုချင်တာလား”

“ကြည့်ရတာ ခင်ဗျားက နောက်ဆုံးတိုက်ပွဲကို မြန်မြန်ဆန်ဆန် မေ့သွားပုံပဲ” ရန်ဟောင်ချန်းက သူ့အား ထူးမခြားနားစွာ ကြည့်ကာ ပြောသည် “ခင်ဗျားကပဲ ဒီစစ်ပွဲကို စခဲ့တာဖြစ်တဲ့အတွက် ခင်ဗျားက တာဝန်ကို မပြီးမြောက်နိုင်မှတော့ ဒီမှာပဲ သေဆုံးသင့်တာပဲမလား။ ဒါကို အဆုံးသတ်ရအောင်”

သူ၏အသံနှင့်အတူ ရန်ဟောင်ချန်းက လက်ညိုးညွန်လိုက်သည်တွင် ကြယ်တာရာနတ်ဓားသည် ကျယ်လော်သော လေခွင်းသံနှင့်အတူ ကျဆင်းလာခဲ့၏။

ဘုန်း…

နေမင်းတောင်ကုန်းမှ တန်ခိုးရှင်သည် အပြင်းအထန် ခုခံပါသော်လည်း ကြီးမားသော ဖျက်ဆီးအားအောက်တွင် မည်သို့မှ မတတ်နိုင်ပေ။ သူ၏မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေသည်။ သူက ဤသို့သော နေရာတွင် မည်သို့ အဆုံးသတ်ရသနည်း။

ဓားသည် ကောင်းကင်နှင့်မြေပြင်၏စွမ်းအားကို သယ်ဆောင်လျှက် သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ဓားချက်အောက်တွင် အပိုင်းအစများအဖြစ်သို့ ပြောင်းလဲလျှက် လေထဲလွင့်စင်ပျောက်ကွယ်သွားကြတော့သည်။

ပတ်ဝန်းကျင်မှ လူများအားလုံး အံ့အားသင့် ထိတ်လန့်သွားကြသည်။ စီဝေ့သီးခြားဘုံမှ ရန်ဟောင်ချန်းသည် ထိုမျှ ကြောက်စရာကောင်းသော ခွန်အားကို ပိုင်ဆိုင်မည်ဟု မထင်ထားကြပေ။ သူသည် နေမင်းတောင်ကုန်းမှ ထိပ်သီးတန်ခိုးရှင်တစ်ဦးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။

သည်တိုက်ပွဲတွင် နေမင်းနန်းတော်တစ်ခုလုံး ဖျက်ဆီးသုတ်သင်ခံလိုက်ရ၏။ ယနေ့မှစ၍ နေမင်းနန်းတော်သည် သမိုင်းထဲမှ ပျောက်ကွယ်သွားကာ နေမင်းဘုံသည်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်၏ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပြီဖြစ်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်သည် မူလဘုံတစ်ခုလုံးကို အုပ်စိုးနိုင်ပြီဟုပင် ပြောနိုင်သည်။

ရီဖူရှင်းသည် ဖြစ်ပျက်သမျှအား တွေ့မြင်သည်။ သူက ရန်ဟောင်ချန်းထံသို့ လျှောက်သွားကာ ပြောသည် “ကျေးဇူးပါ အကြီးအကဲ”

“ဒါက ကျုပ်လုပ်သင့်တာပါပဲ။ ဆေးအင်ပါယာက မြေအောက်က စွမ်းအားကိုသာ မတားနိုင်ဘူးဆိုရင် ကျုပ်လည်း ဘာမှ တတ်နိုင်မယ် မထင်ဘူး။ ပြီးတော့ အဲဒီမြေအောက်မှ ဘာတွေ ရှိသလဲ မသိဘူး” ရန်ဟောင်ချန်းက ဆေးအင်ပါယာကို ကြည့်လျှက်ပြောလျှင် ဆေးအင်ပါယာက ကောင်းကင်သို့ လက်ဆန့်တန်းလိုက်သည်။ ချက်ချင်းပင် တစ်ဝုန်းဝုန်း မြည်သံများကြားကာ မြေအောက်ကို ဖိနှိပ်ထားသော စွမ်းအားများ ပျောက်ကွယ်သွားသည်။

ရုတ်တရက် အားလုံးက မြေအောက်မှ ကြီးမားသော အရှိန်အဟုန်တစ်ခုကို ခံစားမိကြသည်။ လေလှိုင်းများသည် ပြင်းထန်စွာ ရိုက်ခတ်ကာ လေထုအပူရှိန်သည် ချက်ချင်း ကြီးစွာ မြင့်တက်လာ၏။

နေမင်းဘုံသည် ဤသို့သော အခြေအနေသို့ မရောက်လာသည်မှာ အလွန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဆိုလိုသည်က ထိုစွမ်းအားသည် မြေကမ္ဘာ၏ဗဟိုချက်မမှ လာခြင်းဖြစ်သည်။

All Chapters