← Chapters

အမှန်ပဲ ၊ ငါက အဲဒီလိုလူစားမျိုးပဲ

Vol. 88 Ch. 1226

အမှန်ပဲ ၊ ငါက အဲဒီလိုလူစားမျိုးပဲ

Vol. 88 Ch. 1226

အန်လင်းသည် တပိုင်၏ နောက်ကျောကို စီးနင်းကာ သူ့မျက်စိရှေ့တွင် ပေါ်လာသည့် အခြေအနေကို တိတ်တဆိတ် စူးစမ်းလေ့လာနေသည်။

အခြား ဂိုဏ်သားအားလုံးက အပြည့်အဝ အင်အားထုတ်ပြီး တိုက်ခိုက်နေကြသည်။

တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ရန်ကြိုးပမ်းလျှင် ပိုမိုပြင်းထန်သည့် တိုက်ခိုက်မှုကို ကြုံတွေ့ခံစားရမည်ဖြစ်သည်။

“အန်လင်းဆိုတဲ့ကောင်က တကယ်အရှက်မရှိဘူး ၊ သူရဲဘောကြောင်သလို ငါတို့နောက်မှာပုန်းနေပြီး လုံးဝ ဝင်မတိုက်ဘူး”

ရွှယ်ရှန်းက ဒေါသတကြီး မျက်နှာထားဖြင့် ဓားကိုကိုင်ထားသည်။

အခြားဂိုဏ်းသားများလည်း အနည်းငယ် ဒေါသထွက်လာသည့်တိုင် အန်လင်းကို ဝင်ရောက်တိုက်ခိုက်ရန် မပြောဝံ့ကြလေရာ စွန်းယွီလော့ကိုသာ မျက်နှာပျက်စွာဖြင့် စူးစိုက်ကြည်နေမိကြသည်။

စွန်းယွီလော့မှာ တိုက်ပွဲတွင်ပါဝင်ကူညီရန် အတတ်နိုင်ဆုံးကြိုးစားနေသည့်တိုင် ပစ်မှတ်ထားခံနေရသဖြင့် အတော်ပင် စိတ်ဓာတ်ကျနေမိသည်။

သို့သော် သူက ပတ်ဝန်းကျင်ရှိ အနီရောင်လူသားများကို ဆက်လက်တိုက်ခိုက်ရန် အားစိုက်ထုတ်နေရသဖြင့် ဘာမှပြန်မပြောခဲ့ပေ။

အန်လင်း၏အကူအညီကို တောင်းဆိုပိုင်ခွင့်မရှိဟု သိသောကြောင့် အန်လင်း၏အကူအညီကိုလည်း မတောင်းခဲ့ပေ။

ကျောက်စစ်မင်က ရုတ်တရက် အော်လိုက်သည်။

“သူတို့ရဲ့အားနည်းချက်ကို ငါရှာတွေ့သွားပြီ”

သူက လေထုထဲကို ခြေတစ်လှမ်းလှမ်းလိုက်ပြီး အကွာအဝေးတစ်ခုဆီသို့ ရောက်ရှိသွားသည်။

မရေမတွက်နိုင်သော အနီရောင်ပွင့်ချပ်များသည် ပျံသန်းနေသော ဓားသွားများကဲ့သို့ သူ့ဆီသို့ ဦးတည်လာသော်လည်း သူ့အမူအရာမှာ တည်ငြိမ်နေခဲ့သည်။

သူက ဓားရှည်ကိုလှည့်ပတ်ဝှေ့ယမ်းရင်း လေထဲတွင် လွင့်မျောနေသည့်အနီရောင်ပန်းပွင့်များကို ဖြတ်တောက်ကာ အကွာအဝေးရှည်လျားသော ပန်းပွင့်ပင်လယ်ကြီးတစ်လျှောက် ခုတ်ပိုင်းပစ်လိုက်သည်။

" ဝုန်း !!!! "

သူ၏ တိုက်ခိုက်မှုကြောင့် မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။

တိုက်ပွဲက ရုတ်တရက် တိတ်ဆိတ်သွားပြီး အနီရောင်လီလီပန်းများတွင် အနီရောင်လူသားများ ထပ်မံပေါ်ပေါက်လာခြင်းမရှိတော့ပေ။

အားလုံးကို အန္တရာယ်ရှိသော အခြေအနေမှ ကယ်တင်နိုင်ခဲ့သည်။

"စွန်းယွီလော့က အသုံးမကျပါဘူး၊ သူက ငါတို့ကို ဒေါသထွက်အောင်ပဲလုပ်နိုင်တာ”

“နောက်ပြီး သူရောက်လာတာတင်မဟုတ်ဘဲ အန်လင်းကိုပါဒီကိုခေါ်လာတော့ သူတို့ကိုအရေးစိုက်ပြီး အာရုံများရတာပဲရှိတယ်”

“အခု သူက အန်လင်းနဲ့အတူရှိနေတာဆိုတော့ ငါတို့ဂိုဏ်းကို သစ္စာဖောက်လိုက်ပြီပေါ့”

“သူ အခု အန်လင်းရဲ့ ဂိုဏ်းမှာရှိနေတာ ကောင်းပါတယ် ၊ နောက်ဆုံးတော့ ငါတို့ ကောင်းကင်ဓားဂိုဏ်းကနေ သူ့ကို ဖယ်ရှားနိုင်ပြီပေါ့”

ကောင်းကင်ဓားဂိုဏ်းသားများက ရွှင်မြူးသောအမူအရာဖြင့် ထိုသို့ပြောဆိုနေကြသည်။

အန်လင်းမှာ သူ့ကိုမကြောက်ရွံ့ဘဲ ပြောဆိုနေကြသော ဂိုဏ်းသားများကိုပင် ချီးမွမ်းရမလို ဖြစ်နေသည်။

စွန်းယွီလော့ကတော့ အံ့သြခြင်းလည်းမရှိသလို ပြောဆိုနေကြသူများထဲတွင် ပါဝင်ပတ်သက်ခြင်းလည်း မရှိပေ။

တပိုင်က အံ့သြစွာဖြင့်...

“စွန်းလေး... မင်းက သဘောကောင်းလှချည်လား ၊ မင်းကို မကောင်းပြောနေကြတာတောင် စိတ်မဆိုးဘူးလား”

စွန်းယွီလော့က မှင်သေသေဖြင့် ပြုံးလိုက်ရင်း...

“သူများတွေ ဘယ်လောက်အထင်သေးပါစေ မစားနိုင် မအိပ်နိုင် မကျင့်ကြံနိုင် ဖြစ်စရာမလိုဘူး ၊ ဒါတွေအတွက် အချိန်နဲ့စွမ်းအားကို ဘာလို့ သုံးရမှာလဲ”

အန်လင်းနဲ့ တပိုင်တို့ နှစ်ဦးလုံး သူ့ကို ပိုပြီး ချီးကျူး လေးစားလာကြသည်။

စွန်းယွီလော့ဟာ ဇွဲကြီးပြီး အေးဆေးကြင်နာတတ်ကာ ခွင့်လွှတ်တတ်သူတစ်ဦးပင်။

သူက သူ၏အရည်အချင်းများကို အလဟသဖြုန်းတီးနေခြင်းသာ ဖြစ်၏။

“တိုက်ပွဲပြီးပြီဆိုတော့ ဒီနေရာက အမြန်သွားကြရအောင်”

ကျောက်စစ်မင်က ဂိုဏ်းသားငါးယောက်ကိုပြောရင်း စွန်းယွီလော့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။

ကျန်တပည့်ငါးယောက်က တညီတညွတ်တည်းခေါင်းညိတ်ရင်း...

"ဟုတ်ကဲ့ အစ်ကိုကြီး"

အန်လင်းက မထိန်းနိုင်ဘဲ ရယ်မောလိုက်ရင်း...

"တိုက်ပွဲက ပြီးပြီထင်လား"

အားလုံးက အန်လင်းကို အရေးမစိုက်ကြပေ။

ကျောက်စစ်မင်၏ စကားကိုသာ မလွတ်တမ်း အာရုံစိုက်ခဲ့ကြသည်။

ကျောက်စစ်မင်က အန်လင်းကိုတစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်တစ်ချက်ကျုံ့ရင်း မြောက်ဘက်သို့ ညွှန်ပြလိုက်သည်။

“အဲဒီနေရာမှာ ယင်စွမ်းအားတွေ အရမ်းကြီးမားနေတယ် ၊ ဒါကြောင့် ရှေးဟောင်းသမိုင်းဝင်ဓားက အဲဒီဘက်မှာရှိဖို့ အခွင့်အလမ်းများတယ်”

အားလုံး ချက်ချင်းပင် မြောက်ဘက်သို့ ထွက်ခွာသွားကြသည်။

ထိုအချိန် ပန်းပင်လယ်ကြီးတစ်ခုလုံး ရုတ်တရက် တုန်လှုပ်လာသည်။

မရေမတွက်နိုင်သော အနီရောင်လီလီပန်းများသည် တညီတညွတ်တည်း ဝှေ့ယမ်းလာနေကြသည်။

ထူးခြားသည့်တေးသံကြောင့် အနီရောင်ပန်းပွင့်များသည် ပို၍ တောက်ပလာခဲ့သည်။

ဤသည်မှာ ယုတ်ညံ့ခြင်းနှင့် ရူးသွပ်ခြင်း၏ စည်းချက်ဖြစ်သည်...။

"အား..."

ဂိုဏ်းသားတစ်ဦးက သူ၏နားရွက်များကို လက်ဖြင့်အုပ်ပြီး နာကျင်သည့်ဒဏ်ကို ခံစားရသလိုဖြစ်ကာ မျက်လုံးများက တဖြည်းဖြည်း အနီရောင်ပြောင်းလာသည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

ရွှယ်ရှန်း၏ လှပသောရုပ်သွင်သည်ပင် သူမတကိုယ်လုံးဖုံးလွှမ်းသွားသောအန္တရယ်ကြောင့် မှုန်ဝါးသွားရသည်။

အန်လင်းက ပျော်ရွှင်စွာဖြင့် ပြုံးရယ်လိုက်ရင်း...

“မင်းတို့ရဲ့ ကြီးမြတ်တဲ့အစ်ကိုကြီး ဖော်ထုတ်ခဲ့တဲ့ အနီရောင်ပန်းပွင့်တွေရဲ့ အားနည်းချက်ဆိုတာက တကယ်က အားနည်းချက်မဟုတ်ဘူး ၊ အချိန်နဲ့ညှိထားတဲ့ စွမ်းအားတစ်ခုပဲ ဖြစ်တယ် ၊ ဒါကြောင့် အခု သူလုပ်လိုက်လို့ အနီရောင်လီလီပန်းတွေကို အသက်သွင်းလိုက်သလို ဖြစ်သွားတယ် ၊ အခု ဘယ်လိုအခြေအနေလဲဆိုတာ မင်းတို့နားလည်ပြီလား”

ထိုစကားကြားသည်နှင့် ဂိုဏ်းသားများအားလုံး လေသံပြောင်းသွားကြသည်။

ကျောက်စစ်မင်၏ အမူအရာက အလွန်ဆိုးရွားသွားခဲ့သည်။

ထိုအချိန် အနီရောင်ပန်းပွင့်များမှ အနီရောင်လူသားများ ပြန်လည်ထွက်ပေါ်လာလေသည်။

အနီရောင်လူသားအားလုံးသည် ယခင်ကထက် ပို၍ကြောက်စရာကောင်းသော အစွမ်းများ ပိုင်ဆိုင်ထားသည်။ ထိုမျှမက ပန်းပင်လယ်ကြီးတစ်ခုလုံးလည်း လှုပ်ရှားလျှက် ရှိသည်။

အနီရောင်လူသားများ ထောင်နှင့် သောင်းနှင့်ချီ၍ ရှိနေကြသည်။

မရေမတွက်နိုင်သော အနီရောင်လူသားများသည် လေထဲသို့ ပျံဝဲကာ ဂိုဏ်းသားများကို ဝိုင်းရံထားကြသည်။

မိန်းကလေးတစ်ယောက်က ပတ်ဝန်းကျင်မှ အနီရောင်လူသားများကိုကြည့်ပြီး မျက်ရည်များစီးကျလာကာ လက်ထဲမှဓားလည်း လွတ်ကျသွားသည်။

“ကျွန်မတို့အားလုံး သေရတော့မယ်”

“ကျွန်မတို့ ဒီကိုမလာခင် သူတို့ရဲ့ အားနည်းချက်တွေကို ပိုသိခဲ့ရမှာ"

“မစိုးရိမ်ပါနဲ့၊ အစ်ကိုကျောက်စစ်မင်က အနီရောင်လူဆိုးတွေကို ထိန်းထားနိုင်မှာပါ…”

ဂိုဏ်းသားတစ်ဦးက အားပေးစကား ပြောလိုက်သည်။

သို့သော် အားလုံးက ကျောက်စစ်မင်ကို လှည့်ကြည့်လိုက်သောအခါ သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်ကို တွေ့လိုက်ရပြီး သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်တုန်ယင်ယင် ဖြစ်နေသည်။

အေးဆေးတည်ငြိမ်အောင် အစွမ်းကုန်ကြိုးစားနေကြောင်းထင်ရှားသော်လည်း သူ့မျက်လုံးထဲမှ အံ့အားသင့်မှုနှင့် စိတ်ပျက်လက်ပျက်ဖြစ်မှုက ဖုံးကွယ်မထားနိုင်ခဲ့ပေ။

"အစ်ကို ကျောက်စစ်မင် "

“နားလည်ဖို့အချိန်တန်ပြီ ၊ ဒီနေရာမှာ အနီရောင်လူတွေ အရမ်းများလာလို့ အစ်ကိုကျောက်စစ်မင် (၁၀)ယောက်နဲ့ တိုက်ခိုက်ရင်တောင် မရနိုင်တော့ဘူး ၊ အဲဒီ... အဲဒီအန်လင်းလည်း ဘာမှမလုပ်နိုင်လောက်ဘူး”

ရွှယ်ရှန်းက သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး အေးစက်သော အသံဖြင့် ပြောကာ အန်လင်းကို စိုက်ကြည့်လိုက်သည်။

ဂိုဏ်းသားအားလုံးက ရှုပ်ထွေးသောအမူအရာများဖြင့် အန်လင်းကို လှမ်းကြည့်လိုက်ကြသည်။ သူတို့မျက်နှာထက် ရှက်ရွံ့သောအမူအရာများရှိနေကြေသော်လည်း အန်လင်းကို မျှော်လင့်ချက် ထားနေကြသည်။

“ဘာလို့ ငါ့ကို ဝိုင်းကြည့်နေတာလဲ ၊ ငါက မင်းတို့ကိုကယ်မယ်လို့ ထင်နေတာလား”

“မင်းတို့ပဲ ပြောခဲ့တာလေ ၊ ငါက အရှက်မရှိတဲ့ ရိုင်းစိုင်းတဲ့သူဆို ၊ မင်းတို့မှန်တယ်... ငါက အဲဒီလိုလူပဲ”

အန်လင်းက တစ်ချက်ပြုံးလိုက်ပြီး စိတ်ဓာတ်မြှင့်တင်ဟန် လက်သီးတစ်ဖက်ဆုပ်လိုက်သည်။

“ဒီတော့ အားလုံးပဲ ကံကောင်းကြပါစေ”

ဂိုဏ်းသားများ တုန်လှုပ်သွားသည်အထိ ဒေါသထွက်ခဲ့ကြသော်လည်း ဘာမှမတတ်နိုင်ကြပေ။

ဓားသူရဲကောင်းအားလုံးက သူတို့၏ မာနနှင့် ဂုဏ်သိက္ခာကို တန်ဖိုးထားကြသည်။ အထူးသဖြင့် အန်လင်းနှင့် သူတို့ဂိုဏ်းချုပ် လျိုမင်ရွှမ်ကြား သဘောထားကွဲလွဲမှုများ ရှိနေသဖြင့် သူတို့အနေဖြင့် အန်လင်း၏အကူအညီတောင်းရန် မလွယ်ကူခဲ့ကြပေ။

“ငါတို့တွေ ကိုယ့်လူတွေအပေါ်မှာပဲ မျှော်လင့်ချက်ထားကြရအောင် ၊ အန်လင်းက သူ့အတွက်ပဲသူကြည့်တာ ၊ ဒီလိုအချိန်မှာ ငါတို့တွေ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးနိုင်မယ်”

"ဟုတ်တယ်၊ ငါတို့ နည်းလမ်းရှာမယ်။ တခြားနည်းလမ်းရှိရမယ်"

ထိုအချိန် မရေမတွက်နိုင်သော အနီရောင်လူသားများသည် တပြိုင်နက် ဝင်ရောက်လာကြသည်။

ကောင်းကင်ဓားဂိုဏ်းမှ ဂိုဏ်းသားအားလုံးသည် ဆိုးရွားသောအခြေအနေသို့ ချက်ချင်းကျရောက်သွားကြလေသည်။

All Chapters