← Chapters

မတူညီသော အခြေအနေများ

Vol. 88 Ch. 1236

မတူညီသော အခြေအနေများ

Vol. 88 Ch. 1236

အန်လင်းစကားကိုကြားတော့ စွန်းယွီလော့ မျက်ရည်များပင်လည်လာသည်။

စုကျိုးအင်မော်တယ်ဂိုဏ်းက သူ့ကို အန္တရာယ်များမှ အကာအကွယ်ပေးနိုင်သည် အမှန်ပင်။

အန်လင်းက...

“စွန်းယွီလော့... မင်း ငါတို့ဂိုဏ်းထဲဝင်ချင်လား”

စွန်းယွီလော့ စိတ်လှုပ်ရှားစွာဖြင့် သူ့ဓားရှည်ကို ဆုပ်ကိုင်လိုက်သည်။

“ဝင်မှာပေါ့ ၊ ကျွန်တော် စုကျိုးအင်မော်တယ်ဂိုဏ်းထဲ ဝင်မယ်”

သူလေးစားအားကျရသူက မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုရုံမျှဖြင့် သူ့ကို ဖိနှိပ်အထင်သေးခဲ့သောဂိုဏ်းထဲတွင် သူ နေထိုင်ခဲ့ရသည်။

ယခု သူ့ကို ကာလရှည်ကြာညှင်းပန်းနှိပ်စက်ခဲ့သော ဂိုဏ်းမှထုတ်ပယ်ခံရပြီဖြစ်ရာ သူ့အနေဖြင့် သူနှစ်သက်သည့်ဂိုဏ်းကို ရွေးချယ်ပိုင်ခွင့်ရှိသည်။

အန်လင်းက ရယ်မောလိုက်ပြီး...

“ကောင်းလိုက်တာ၊ ဒီနေ့ကစပြီး ငါတို့က မိသားစုပဲ”

စွန်းယွီလော့ အိပ်မက်ထဲတွင် အသက်ရှင်နေသကဲ့သို့ ခံစားရသည်။

သူ ရှေးဟောင်းဓားကိုရရှိခဲ့ပြီး စုကျိုးအင်မော်တယ်ဂိုဏ်းသို့လည်း ဝင်ခွင့်ရကာ သူလေးစားအားကျရသူ၏ မိသားစု ဖြစ်လာခဲ့သည်။

“မင်း ပျော်လား”

သူ့နောက်ကျောမှ ကလေးငယ်၏အသံ ထွက်ပေါ်လာသည်။

“ငါ အရမ်းလည်းအံ့သြတယ် ၊ အရမ်းလည်းဝမ်းသာတယ်”

စွန်းယွီလော့၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာပြီး သူ့နောက်ကျောမှ ကောင်လေးကို ကြည့်လိုက်သည်။

ကောင်ငယ်လေးကလည်း သူ့ကိုပြုံးပြနေပြီး စွန်းယွီလော့မျက်နှာကို လျှာဖြင့်မလျက်ခင် သူ၏မျက်ဝန်းများက မျက်အိမ်အတွင်းမှ ကျွတ်ထွက်လာပြန်သည်။

“အား...”

စွန်းယွီလော့ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ကလေးငယ်၏မျက်လုံးများက နောက်သို့ပြန်လိမ့်သွားပြီး မျက်အိမ်ထဲ ပြန်ဝင်သွားကာ သူ၏ခြေထောက်များကလည်း မြေပြင်ထက်သို့ဆင်းသက်လိုက်၏။

"ဟီးဟီးဟီးဟီး... ဟဲဟဲ... ပျော်စရာကောင်းတယ်"

ကောင်လေးက ရွှင်မြူးရယ်မောလိုက်သည်။

စွန်းယွီလော့မှာ ကောင်လေးလက်မှလွတ်မြောက်သွားသည်နှင့် တဖြည်းဖြည်းပြန်သတိဝင်လာပြီး မျက်ဝန်းများမှ မျက်ရည်များစီးကျလာသည်။

ဒါက ဘယ်လိုဓားဝိညာဉ်မျိုးလဲ...။

ထိပ်တိုက်ရင်ဆိုင်မှုများက တဖြည်းဖြည်း နိဂုံးချုပ်သွားပြီဖြစ်သည်။

တတိယအကြီးအကဲ ကျူးယွင်ရှန်းမှာ ရှဲ့လေး၏ ရိုက်နှက်ဆုံးမမှုကြောင့် ယခုအခါ ဒဏ်ရာများဖြင့် ရုန်းကန်နေရသည်။

ကောင်းကင်ဓားဂိုဏ်းမှ အိုးယန်ရှကိုလည်း အန်လင်း၏ အတင်းအကျပ် နောက်ပြန်ဆုတ်သွားစေခဲ့သည်။

ကျူးယွင်ရှန်းက အံကြိတ်လိုက်ပြီး...

“အခု ငါတို့ ပြန်ရအောင်”

အိုးယန်ရှက နောက်ပြန်ဆုတ်ရင်း...

“အန်လင်း... ဒါက အဆုံးသတ်မဟုတ်သေးဘူး ၊ ရှေးဟောင်းဓားကို ငါတို့ကောင်းကင်ဓားဂိုဏ်းကပဲပိုင်တယ် ၊ စွန်းယွီလော့ သေရမယ် ၊ ငါတို့ ကောင်းကင်ဓားဂိုဏ်းက မင်းတို့အားလုံးကို နောက်ဆုံးမှာ ပြန်ပေးဆပ်စေရမယ်”

အန်လင်းက ပခုံးတွန့်လိုက်သည်။

"ပါးစပ်ပိတ်ပြီး ဒီကနေ ထွက်သွားလိုက်တော့ "

အိုးယန်ရှ ဒေါသအမျက်ထွက်နေပြီး စွန်းယွီလော့ကို ပြင်းထန်စွာ စူးစူးစိုက်စိုက်ကြည့်ကာ အဝေးသို့ ထွက်ခွာသွားသည်။

ကျောက်စစ်မင်နှင့် အခြားသူများကလည်း အဝေးသို့ပျံသန်းထွက်ခွာမသွားခင် အန်လင်းနှင့် စွန်းယွီလော့ကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်ကြသည်။

ထိုသို့ဖြင့် စွန်းယွီလော့က ကောင်းကင်ဓားဂိုဏ်းနှင့် ရန်သူဖြစ်လာခဲ့သည်။

သူတို့စိတ်ထဲ ရှုပ်ထွေးသည့်ခံစားချက်များဖြင့် ပြည့်နက်နေသည်။

ပန်းပွင့်အစီအရင်ထဲတွင် စွန်းယွီလော့က သူတို့ကိုအသက်စွန့်ကယ်တင်ခဲ့သည်ကို မမေ့နိုင်ကြသေးပေ။ ဂိုဏ်းထဲပြန်ရောက်ပါက သူတို့ဆက်ဆံရေး ပိုကောင်းလာမည်ဟု စဉ်းစားခဲ့ကြသည်။

ယခုတော့ စွန်းယွီလော့က သူတို့ဂိုဏ်းသားမဟုတ်သည့်အပြင် သူသေကိုယ်သေ ရန်သူတစ်ယောက်ပင် ဖြစ်လာခဲ့သည်။

ကံကြမ္မာက ရက်စက်ခဲ့သည်။

အန်လင်း မြေပြင်ထက်ဆင်းသက်လိုက်ပြီး ပျင်းကြောတစ်ချက်ဆန့်လိုက်သည်။

“အိုး... ပျော်စရာကောင်းတဲ့တိုက်ပွဲပဲ ၊ အိုးယန်ရှက သင့်တော်တဲ့ လေ့ကျင့်ဖော်ပဲ”

စွန်းယွီလော့၏ မျက်နှာပေါ်တွင် ရိုသေလေးစားသော အမူအရာ ပေါ်လာသည်။

"ဓားအင်မော်တယ်အန်လင်း၊ အိုးယန်ရှက ကျွန်တော်ဂိုဏ်းရဲ့ အထူးခြားဆုံး ဓားအင်မော်တယ်တစ်ယောက်ပဲ ၊ ပြီးတော့ သူက ဂိုဏ်းချုပ်’လျိုမင်ရွှမ်း’ ရဲ့ စွမ်းအားအကြီးဆုံးတပည့်လေ ၊ ဒါပေမဲ့ သူက ခင်ဗျားရဲ့ သင့်တော်တဲ့လေ့ကျင့်ဖော်ဖြစ်ဖို့ မထိုက်တန်ပါဘူး”

အန်လင်းက တည်ကြည်လေးနက်သည့်အမူအရာဖြင့်...

“ငါနဲ့ ဓားသိုင်းပြိုင်ခွင့်ရတာ သူ့အနေနဲ့ ဂုဏ်ယူသင့်တာပေါ့”

ထင်သည့်အတိုင်းပင် ဒီလူက အတော်လေး ဆိုးသွမ်းလွန်းသည်။

“ခင်ဗျားကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ် ဓားအင်မော်တယ်အန်လင်း"

စွန်းယွီလော့က ကျေးဇူးတင်ကြောင်းပြောကာ တောင်းပန်လိုက်သည်။

"ကျွန်တော့်အတွက် စိတ်ကူးမယဉ်နိုင်တဲ့ ရတနာတစ်ခုဖြစ်တဲ့ ရှေးဟောင်းဓားကို ရရှိခဲ့တယ်၊ အခု ခင်ဗျား ကောင်းကင်ဓားဂိုဏ်းရဲ့ ဖိအားကို ရင်ဆိုင်ရတော့မယ်။ ဘာလို့လဲ... ခင်ဗျား ဘာလို့ ကျွန်တော့်အပေါ် အရမ်းကောင်းတာလဲ”

အန်လင်းက စွန်းယွီလော့၏ ပခုံးကို ပုတ်လိုက်သည်။

"အများကြီးမတွေးနဲ့။ ကောင်းကင်ဓားဂိုဏ်းကို ငါဂရုမစိုက်ဘူး။ မင်းနဲ့ထိုက်တန်လို့ ငါဒီဟာတွေအကုန်လုံးလုပ်နေတာ။"

"ဘယ်လို...”

စွန်းယွီလော့စိတ်ရှုပ်သွားသည်။

သူက အရည်အချင်းရှိသူဖြစ်သဖြင့် ကောင်းကင်ဓားဂိုဏ်း၏တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးသော်လည်း စုကျိုးအင်မော်တယ်ဂိုဏ်းအတွက်တော့ အရည်အချင်းရှိသူအဖြစ် သတ်မှတ်ခံရမည် မဟုတ်ပေ။

အန်လင်းက...

“မင်းရဲ့ဂိုဏ်းတစ်ခုလုံးက မင်းကိုဖိနှိပ်ပြီး ဂိုဏ်းသားတွေအားလုံးက မင်းကို စော်ကားခဲ့တာတောင်မှ မင်းက ညီအစ်ကိုအတွက် အသက်စွန့်ခဲ့တဲ့လူစားပဲ ၊ ဒီလိုမျိုးစရိုက်ရှိတဲ့သူက ဘယ်သူက သဘောမကျဘဲနေမှာလဲ”

“အဲဒါကြောင့်လား...”

စွန်းယွီလော့ အတွေးများနှင့်ခံစားချက်များရောထွေးလျှက် အန်လင်းကို ငေးစိုက်ကြည့်လိုက်သည်။

အန်လင်းက ပြုံးလျှက်...

“အဲဒါတွေအပြင် မင်းမှာ ကောင်းတဲ့စရိုက်တွေ အများကြီးရှိသေးတယ် ၊ မင်းကိုယ်မင်း အထင်မသေးပါနဲ့ ၊ မင်းဆီက ကောင်းတဲ့ အရာတွေကို ငါမျှော်လင့်နေတယ်။"

အလေးအနက်ခေါင်းညိတ်ရင်း စွန်းယွီလော့မျက်ဝန်းများမှ မျက်ရည်များ စီးကျလာသည်။

“ခင်ဗျားရဲ့မျှော်လင့်ချက်အတိုင်းရှင်သန်ဖို့ ကြိုးစားပါ့မယ် ဂိုဏ်းချုပ်အန်လင်း”

ထို့နောက် သူတို့နှစ်ယောက် တပိုင်နှင့်အတူ အပြန်ခရီးနှင်ခဲ့ကြသည်။

ဓားဝိညာဉ်(၂)ယောက်ကတော့ မရဏဝိညာဉ်မိစ္ဆာမြေတွင် ပျော်ရွှင်နေကြပြီး မကြာခဏ ဟိုဟိုဒီဒီ လျှောက်သွားလျှက် ရှိကြသည်။

ရှဲ့လေးက လက်အောက်ငယ်သားအသစ် ရရှိပြီးနောက် အလွန်ဝမ်းသာပီတိဖြစ်လျှက် တပိုင်၏ဦးခေါင်းထက်တွင်ထိုင်ရင်း သီချင်းလေးပင်ညည်းနေသည်။

သူမ၏အသံက အလွန်နူးညံ့ကြည်လင်ပြီး သာယာလေရာ အန်လင်းက သူမသီချင်းဆိုသည်ကို အလွန်ပင် သဘောကျနေမိသည်။

စွန်းယွီလော့၏ကျောပြင်ပေါ်မှ ကလေးငယ်သည်လည်း သီချင်းဆိုလျှက်ရှိလေသည်။

“နံရံတွေကို သွေးရောင်ဆေးခြယ်... လူဦးခေါင်းတစ်လုံးက ကုတင်အောက်မှာ လိမ့်နေတယ်...”

သီချင်းစာသားက ကြောက်မက်ဖွယ်ရာကောင်းပြီး တစ္ဆေဆန်လွန်းသည်ဖြစ်ရာ စွန်းယွီလော့က သူ၏နားများကို လက်ဖြင့်ပိတ်လိုက်ရသည်။

ထို့နောက် မျက်ဝန်းထဲတွင် မျက်ရည်များဝဲလာပြီး အော်ဟစ်လိုက်သည်။

“သူတို့နှစ်ယောက်လုံးက ဓားဝိညာဉ်တွေဆို... ဘာလို့ သူတို့ကြား ကွာခြားချက်က ဒီလောက်ကြီးရတာလဲ”

သူ စိတ်ဓာတ်ပျက်စီးတော့မည်။

“အရမ်း‌နား‌ထောင်လို့ကောင်းတာပဲ ရှဲ့လေး”

အန်လင်းက ချီးကျူးစကားဆိုပြီး ရှဲ့လေး၏ ပါးပြင်လေးကိုလိမ်ဆွဲလိုက်တော့ ရှဲ့လေးက မထီမဲ့မြင်အမူအရာ လုပ်ပြသည်။

သို့သော် သူမ၏ မထီမဲ့မြင်ပြုသော အမူအရာလေးကပင် ချစ်စရာကောင်းလှပေသည်။

ကောင်ငယ်လေးကတော့ စွန်းယွီလော့၏ ကျောပြင်ထက်တွင်နေထိုင်ရင်း တစ္ဆေသရဲသီချင်းပြီးအောင်ဆိုပြီးနောက် မေးမြန်းလိုက်သည်။

“ငါသီချင်းဆိုတာရော ‌ကောင်းလား”

" ကျေးဇူးပြုပြီး သီချင်းဆိုတာကို ရပ်လိုက်ပါ!"

စွန်းယွီလော့သည် ထိတ်လန့်တကြားပင် အော်လိုက်သည်။

“ကောင်းပြီ…”

ကောင်လေးက စွန်းယွီလော့ရဲ့လည်ပင်းကို ပတ်ဖို့ သူ့လျှာရှည်ရှည်ကို ထုတ်ပြီး ပြုံးလိုက်သည်။

စွန်းယွီလော့ မျက်ဖြူလန်ကာ မူးမေ့သွားတော့၏။ သူ သတိလစ်မသွားခင် သူ့စိတ်ထဲ ငိုကြွေးနေခဲ့မိလေသည်။

ဓားဝိညာဉ်များနှင့် ပတ်သက်၍ လူတိုင်းတွင် မတူညီသော အခြေအနေများ ရှိခဲ့သည်မှာ သေချာပါသည်။

စွန်းယွီလော့ ကြောက်လန့်ပြီး သတိလစ်သွားသည်။

ကလေးငယ်လည်း အနည်းငယ်ပျင်းရိသွားပြီး ဓားအသွင်ပြောင်းလဲကာ စွန်းယွီလော့ဘေးတွင် ငြိမ်ငြိမ်လေးရှိနေတော့သည်။ ထို့နောက် သူက စွန်းယွီလော့၏ သွေးကြောများကိုအားဖြည့်ပေးရန် ယင်စွမ်းအားများ ထုတ်လွှတ်လိုက်လေသည်။

ဤသည်က သူ့အပေါ် အထောက်အကူဖြစ်မည်ဟု ထင်ခဲ့သည်။

သို့သော် ယင်စွမ်းအားက သူ၏ခန္ဓာကိုယ်တွင် ပြောင်းပြန်သက်ရောက်မှု ဖြစ်ပေါ်သွားသည်။

စွန်းယွီလော့သည် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးများ ကြုံတွေ့နေရသည်။

သူသတိလစ်နေသေးသော်လည်း သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး အလွန်ကြောက်စရာကောင်းသည့် အရာတစ်ခုနှင့် ရင်ဆိုင်ရသကဲ့သို့ “ဟင့်အင်း” ဟု ဆက်လက်အော်နေခဲ့သည်။

"သနားစရာ စွန်းလေး "

တပိုင်သည် သူ့အပေါ် အနည်းငယ် စာနာစိတ် ထားမိသည်။

"ဒီနှစ်ယောက် ဘယ်လိုဖြစ်သွားတာလဲ"

အန်လင်း အလွန်စိတ်ဝင်စားသွားသည်။

ရှဲ့လေးက အရေးမစိုက်ဟန်ဖြင့်...

"ဒါက သဘာဝပဲ"

All Chapters