← Chapters

မသေဘူး

Vol. 81-85 Ch. 1268

မသေဘူး

Vol. 81-85 Ch. 1268

ဝူချီဖုန်းသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က  အင်ပါယာ၏ အရှေ့ဘက် ရှုကျိုးမြို့ စစ်ဌာန၏ ခေါင်းဆောင် ဖြစ်ပြီး လာဘ်စားမှုနှင့် သစ္စာဖောက်မှုကြောင့် အဖမ်းခံခဲ့ရသည်။

အင်ပါယာက စစ်သည်များစွာ စေလွှတ်၍ ဖမ်းဆီးစေခဲ့သော်လည်း အားလုံး အောင်မြင်ခြင်း မရှိဘဲ ပြန်လာ ခဲ့ရသည်။

ထို့အတူ ဝူချီဖုန်းသည် လူတစ်ထောင်ပါသော တပ်ဖွဲ့ကို ဦးဆောင်၍ စစ်သည်တော်များ လာမည့်လမ်းကို ဖြတ်ကာ အတားအဆီးများလှုပ်၍ ပြန်လည် တိုက်ခိုက်ခဲ့သည်။

နောက်ဆုံးတွင် လူတစ်ထောင်ပါသော တပ်ဖွဲ့၌ ဝူချီဖုန်းတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သော်လည်း သူ တစ်ယောက်တည်းနှင့် စစ်သည်တော် တစ်သောင်းအား ကြံ့ကြံ့ခိုင် ရင်ဆိုင်၍ စစ်သည်တော်များ မရှုမလှ ဖြစ်အောင် တိုက်ခိုက်ကာ သူ၏ အစွမ်းကို ပြသခဲ့သည်။

ကောင်းမွန်စွာ လေ့ကျင့်ထားသည့် စစ်သည်တော် အယောက်တစ်သောင်းတို့တွင် သူ၏ သတ်ဖြတ်ခြင်းအား ခုနစ်ကြိမ်၊ ရှစ်ကြိမ်မျှ ခံခဲ့ရသည်။

ဝူချီဖုန်းသည် ရှုကျိုး၌ နာမည်ကျော်လာပြီးနောက် ဤနေရာ၌ အခြေချခဲ့လေသည်။ အင်ပါယာတွင် စစ်နတ်ဘုရား အိုကြီး ရှိပြီး ရှုကျိုး၌ ဝူချီဖုန်း ရှိပေသည်။ စစ်နတ်ဘုရားအိုကြီးလို ကြံစည်၍ ဝူချီဖုန်းလို တိုက်ခိုက်ပါဟူသော ပြောစမှတ်ပင် ရှိပေသေးသည်။

ဤသည်က သူ မည်မျှ ကြီးမြတ်ကြောင်း ပြသနေ၏။ သို့သော် ဝူချီဖုန်းက ဝမ်မင်တဲအား တပည့်အဖြစ် လက်ခံလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

ချက်ချင်းဆိုသလိုပင် လူတိုင်း ကြောက်လန့်ကာ ဖြူရော်သွားကြသည်။ ရှုကျိုးနှင့် ထိစပ်‌နေသော နယ်မြေ တစ်ဝိုက်တွင် ဝူချီဖုန်းအား မည်သူက ရန်စရဲမည်နည်း။

ဝူချီဖုန်း၏ တပည့်ဖြစ်သူကို သူတို့ သတ်လိုက်လျင် ဝူချီဖုန်းက သူတို့ကို အလွတ်ပေးမည် မဟုတ်ပါ။ ဝမ်မင်တဲ သည်လည်း ထိုသို့ တွေးထားလေသည်။ သူ သေရမည်ဆိုလျင်တောင်မှ ဂုဏ်ယူနေမိသည်။ အဘယ်ကြောင့် ဆိုသော် လီဝေ့နှင့် အခြားသူများကို သူနှင့်အတူ မြေမြှုပ်နိုင်မည် ဖြစ်သောကြောင့်ပင်။

“ငါ့ကို သတ်မှာလား၊ သတ်မယ်ဆိုရင် မင်းလည်း သေရမယ်၊ မင်းမိသားစု တစ်ခုလုံးလည်း သေရမယ်ကွ”

ယဲ့ဖန် ပြုံးလိုက်ပြီး တီးတိုး ပြောလိုက်သည်။

“ငါက ယဲ့ဘုရင်အစစ်လို့ မင်းကို ပြောမယ်ဆိုရင်ရော”

ဝမ်မင်တဲ အတွေးထဲ ဗလာဖြစ်သွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လိုက်သည်။ မှန်ပေသည်။ ဤအရှိန်အဝါ၊ ဤကြောက်စရာကောင်းသော အပြုံး။ ဤသည်တို့မှာ သူ နဂါးမြို့တော် တိုက်ပွဲတုန်းက ခံစားမိသည့် အရာများ ဖြစ်သည်။ ဤလူသည် ယဲ့ဘုရင်အစစ်ပင်။

ငှက်များပင် ချေးမပါချလောက်သည့် ဤမြို့လေးသို့ ယဲ့ဘုရင် တကယ် ရောက်လာလိမ့်မည်ဟု ဝမ်မင်တဲ လုံးဝ ထင်မထားမိသလို အလွန် အသက်ငယ်နေလိမ့်ဦးမည်ဟု ထင်မထားမိပေ။

*သူတော်စင်သခင်အဆင့်ကို ကျော်ဖြတ်ပြီးလို့ ငယ်ရွယ်နုပျိုသွားတာလား*

ချက်ချင်းဆိုသလိုပင် ဝမ်မင်တဲ ထူးဆန်းသလို ပြုံးလိုက်သည်။

“ဒါဆို မင်းလက်ထဲမှာ သေရမှာက ငါ့အတွက် ဂုဏ်ယူစရာပဲ”

လူတိုင်း အံ့ဩသွားကြသည်။

*ဝမ်မင်တဲ ဘာပြောချင်တာလဲ*

*ဘာလို့ သူက ယဲ့ဖန်ဆီကနေ အသတ်ခံရမှာကို ပျော်နေတာလဲ*

*ဒီလူကြီး ရူးနေတာလား*

ဝမ်မင်တဲကို သတ်လိုက်နိုင်လျင်လည်း သူတို့ မပျော်နိုင်ပါ။ အကြောင်းမှာမူ သူ့ထက်ဆိုးသော ဝူချီဖုန်းနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ပ်င။

“လက်ဝှေ့ခန်းမ အသေးစားလေးမှာ ဒီလို ဆရာတွေ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ သိပ်ကောင်းတယ်”

ထိုအသံကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ တံခါးအပြင်ဘက်မှ အေးစက်စက် ပြစ်တင်မောင်းမဲသံ ထွက်ပေါ်လာပြီး လူတိုင်း၏ နားစည်ထဲသို့ ပြင်းထန်စွာ ဝင်ရောက်လာသည်။ အခြေအနေက ဆူညံလာပြီး ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက် ဝင်ရောက်လာ၏။

“ဒါက …”

ခန်းမထဲမှ လူတိုင်း ထိတ်လန့်သွားပြီး စိုးရိမ်တကြီး လှည့်ကြည့်လိုက်ကြသည်။ အနက်ရောင်ဝတ်စုံနှင့် လူတစ်စုက လူအုပ်ရှေ့သို့ တိတ်တဆိတ် ရောက်နေပြီး ခန်းမတစ်ခုလုံးကို ဝိုင်းထားလေသည်။

“ဒုန်း”

ရုတ်တရက် ခန်းမ၏ ခေါင်မိုး ပွင့်ထွက်သွားပြီး ခန္ဓာကိုယ် ထွားကြိုင်းသော လူသုံးယောက် ကောင်းကင်ထက်မှ ဆင်းလာသဖြင့် ကြမ်းပြင်တစ်ခုလုံး အက်ကွဲသွားရသည်။

“ဒုန်း ဒုန်း ဒုန်း”

ထိုလူသုံးယောက်၏ အရှိန်ကြောင့် ခန်းမတစ်ခုလုံး ပြိုကျမတတ် ဖြစ်လာပြီး ထိုသုံးယောက်သည် ဂုဏ်ယူစွာ မားမားမတ်မတ် ရပ်နေကြသည်။

“ဘာတွေဖြစ်နေတာလဲ”

လူတိုင်း အံ့ဩသွားပြီးနောက် ထိုလူသုံးယောက်၏ မျက်နှာကိုမြင်သော် မျက်နှာ ဖြူရော်သွားပြန်သည်။

“ဟူမိသားစုက ညီအစ်ကိုသုံးယောက်”

ထိုလူသုံးယောက်သည် အလွန် လူမဆန်သည့် လူသတ်သမားများ ဖြစ်ကြသည်။ လွန်ခဲ့သော ငါးနှစ်က သူတို့သုံးယောက်သည် ရှုကျိုးအား ဖရိုမရဲ ဖြစ်အောင် လုပ်ခဲ့သည်။ သူများ သားပျိုသမီးပျိုများအား ဖျက်ဆီးခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ခိုးဝှက်လုယက်ခြင်း စသည့် မကောင်းမှုများစွာကို ပြုလုပ်ခဲ့သည်။ ယောက်ျားသားများဆိုလျင် လည်ပင်းကို တန်းလှီး၍ အမျိုးသမီးများအား စိတ်ကြိုက် ဖျက်ဆီးပြီးမှ သတ်ပစ်ကြသည်။

ထိုအခါ အင်ပါယာက သူတို့ကို လိုက်ဖမ်းရန် ဝူချီဖုန်းအား အမိန့်ပေးခဲ့သော်လည်း ဤလူသတ်သမား သုံးယောက်ကို မဖမ်းနိုင်ခဲ့ချေ။ ငါးနှစ်အတွင်း သူတို့သည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားပြီး အစအနပင် ပေါ်မလာခဲ့ပေ။ မထင်မှတ်ထားဘဲ သူတို့က ထောင်ဟွာမြို့၌ လာပုန်းနေခဲ့ကြသည်။

*သူတို့ ဒီကို ဘာအတွက် ရောက်လာတာလဲ*

*ငါတို့ လက်ဝှေ့ခန်းမက သူတို့ကို တစ်ခါမှ ရန်စမဖူးပါဘူး*

လက်ရှိတွင် လီဝေ့နှင့် အခြားသူများ စိုးရိမ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူသုံးယောက်သည် ဝမ်မင်တဲထက် အဆတစ်ရာမက ပိုကြောက်စရာ ကောင်းသောကြောင့်ပင်။

ဤညီအစ်ကိုသုံးယောက်သည် ဝူချီဖုန်း ဦးဆောင်ခဲ့သော စစ်သည်တော်များဖြင့် လိုက်ဖမ်းမှုမှ လွတ်အောင် ပြေးနိုင်ခဲ့သလို ငါးနှစ်တိတိ ဒုက္ခပေးခဲ့သည်။ ဝူချီဖုန်းတောင်မှ သူတို့ကို ဘာမှမလုပ်နိုင်ချေ။

“ကျောက်မိသားစု၊ သူတို့က ကျောက်မိသားစုကပဲ”

အသက်ကြီးကြီး လက်ဝှေ့သမားတစ်ယောက်က အနက်ရောင်ဝတ်စုံနှင့် လူများထဲမှ ရင်းနှီးသော ကျောက်မိသားစု၏ လူမိုက်မျက်နှာများကို မြင်လိုက်ရသဖြင့် ထအော်လေသည်။

*ကျောက်မိသားစုလား*

လီဝေ့နှင့် အခြားသူများ သွေးပျက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ချုံးဝူ လက်ဝှေ့ခန်းမနှင့် ကျောက်မိသားစုက ယှဉ်မရနိုင်သော အခြေအနေဖြစ်ကြောင်း သိနေသောကြောင့်ပင်။ ကျောက်မိသားစုသည် ဒေသတွင်း၌ ချုပ်ကိုင်နိုင်စွမ်း ရှိသူများ ဖြစ်လေသည်။

လီဝေ့ မျက်ရည်ပင် မကျနိုင်လောက်တော့သည်အထိ ငိုချင်စိတ် ပေါက်လာ၏။ သူတို့သည် အရှေ့၌ ဝံပုလွေ၊ အနောက်၌ ကျားတို့ဖြင့် ပိတ်မိနေသော သိုးများသဖွယ် ဖြစ်နေပြီး အလွန် ကံဆိုးနေပေသည်။

တပည့်များသည်လည်း ဝမ်းနည်းကာ ငိုယိုလာကြသည်။ ဝမ်မင်တဲ တစ်ယောက်တည်းနှင့်တင် သူတို့အတွက် အခြေအနေ ဆိုးနေပြီ ဖြစ်သော်လည်း ယခု ဟူညီအစ်ကိုသုံးယောက်ပါ ရောက်လာသဖြင့် သူတို့ ဘယ်လိုလုပ် ခုခံနိုင်ပါတော့မည်နည်း။

ထိုစဉ် ဟူတက ယဲ့ဖန်ကို ကြည့်လာသည်။

“ဟေ့ကောင်လေး ဝူချီဖုန်းရဲ့ တပည့်ကိုတောင် အသာလေး အနိုင်ယူနိုင်တယ်ဆိုတော့ မင်း မဆိုးဘူးပဲ၊ မင်းရဲ့ အရည်အချင်းနဲ့ဆို နောက်နှစ်တစ်ရာလောက်နေရင် ဘုရင်အဆင့်ကိုတောင် ရောက်နိုင်ဦးမှာ၊ အခုတော့ စိတ်ပျက်စရာပဲ”

ထိုသို့ပြောနေချိန်တွင် သူ၏ မျက်လုံးများက ခက်ထန်လာပြီး ယဲ့ဖန်အား ကြမ်းကြုတ်စွာ ကြည့်လာသည်။

“ဘာလို့လဲဆိုတော့ ငါတို့ ညီအစ်ကိုသုံးယောက်နဲ့မှ မင်း လာတွေ့လို့ပဲလေ၊ မင်းအတွက် သေလမ်းပဲ ရှိတော့တယ်”

ထိုအခါ လူတိုင်း ယဲ့ဖန်ကို တအံ့တဩ ကြည့်လာ၏။

*ဒီညီအစ်ကိုသုံးယောက်က ယဲ့ဖန်ကို ရှာဖို့ ဒီလာတာလား*

*ယဲ့ဖန် ဒီညီအစ်ကိုသုံးယောက်ကို ဘယ်လို ရန်စလိုက်တာလဲ*

“မင်းက ဘယ်သူလဲ”

ယဲ့ဖန် မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

“ကျောက်မိသားစုရဲ့ မိတ်ဆွေ၊ မင်းရဲ့ နတ်ဆိုး”

ဟူအာ ပြုံးလိုက်ပြီး လက်ထဲမှ ဓားကို လျှာဖြင့်ယက်ကာ ယုတ်ညံ့သော မျက်နှာထားဖြင့် ပြောလေသည်။

“လူကြီးမင်းကျောက်ကို သတ်ရဲတယ်ဆိုတော့ မင်း တော်တော် သတ္တိကောင်းတာပဲ၊ ကဲ ပြော မင်း ဘယ်လို သေချင်လဲ”

*လူကြီးမင်းကျောက်၊ ကျောက်ရှန့်လုံလား*

*ဒီကောင်လေးက ကျောက်ရှန့်လုံကို သတ်လိုက်တာလား*

လူတိုင်း ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လာ၏။ ကျောက်ရှန့်လုံသည် နာမည်ကြီး မြို့မျက်နှာဖုံး ဖြစ်ပြီး သူ့လူများက အလွန် အင်အားကြီးသောကြောင့် လီဝေ့တို့၏ ဖခင်ပင် အသက်ရှိစဉ်အခါက သူ့ကို အလွယ်တကူ ရန်မစရဲချေ။

ထို့အပြင် ကျောက်ရှန့်လုံ၏ နောက်ကွယ်မှ ဆာလောင်နေသော ဝံပုလွေတစ်ကောင်သဖွယ် ရက်စက်သည့် သားတစ်ယောက်လည်း ရှိပေသေးသည်။

*ယဲ့ဖန်က ဒီနေ့မှ ထောင်ဟွာမြို့ကို ရောက်လာတာ မဟုတ်ဘူးလား*

“ကျုပ်တို့ ချုံးဝူ လက်ဝှေ့ခန်းမက သူနဲ့ ဘာမှမဆိုင်ဘူး၊ ခင်ဗျားတို့ သူ့ကို ကြိုက်တဲ့အချိန် ခေါ်သွားလို့ရတယ်”

လီတုန်က သူပါ ဆွဲထည့်ခံရမည်ဆိုး၍ ယဲ့ဖန်နှင့် မပတ်သက်ကြောင်း ခပ်သွက်သွက် ပြောလာသည်။

“လီတုန် နင် ဘာပြောလိုက်တာလဲ၊ ယဲ့ဖန်က ငါတို့ကို ကယ်ခဲ့တာလေ၊ နင် ဘာလို့ အဲ့လို ပြောရတာလဲ”

လီဝေ့ ဒေါသတကြီး ပြောလိုက်သည်။

*ဒါ ကျေးဇူးမသိတတ်တဲ့ အပြုအမူပဲလေ*

“အစ်မ လက်ရှိအခြေအနေကို သိစမ်းပါ၊ အဲ့ကောင် သေမယ်ဆိုတာ နင်လည်း မြင်နေတာပဲ၊ ဘာလို့ ငါတို့ပါ သူနဲ့အတူ မြေမြှုပ်ခံရမှာလဲ၊ ပြီးတော့ သူက ကျောက်ရှန့်လုံကို သတ်ခဲ့တာ၊ အဲ့ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူးလေ၊ ဘာလို့ ငါတို့က သူ့ကို ငါတို့ကိုပါ ဆွဲထည့်ခွင့် ပေးရမှာလဲ”

လီတုန်က မထုံတတ်တေး ပြောလိုက်သည်။

“နင် …”

လီဝေ့ အလွန် ဒေါသထွက်သွားပြီး ဘာမှမပြောနိုင်တော့ချေ။

လီတုန် လှောင်ရယ်လိုက်သည်။ ယဲ့ဖန် မသေပါက သူ ဘယ်လိုလုပ် ပိုင်ရွှယ်ကို အပိုင်သိမ်းနိုင်ပါမည်နည်း။ ထို့အပြင် ယဲ့ဖန်က သူ့လက်မောင်းတစ်ဖက်ကို ဖြုတ်ခဲ့သေးသဖြင့် သူ လက်စားပြန်မချေဘဲ မနေနိုင်ပါ။

ဘုရားသခင်က သူ့အား မျက်နှာပေးခဲ့သဖြင့် ကျောက်မိသားစုက တံခါးဝသို့ ရောက်လာခြင်းပင်။ နဂါးအသွင် ပြောင်းခြင်းအဆင့် သုံးယောက်သာမက ဈာန်ဝင်စားခြင်းအဆင့် အယောက်သုံးဆယ်ကျော်ပင် ပါလာသဖြင့် ယဲ့ဖန် သေချာပေါက် သေရပေလိမ့်မည်။

“မမလေး သခင်လေးပြောတာ မှန်တယ်လို့ ကျွန်တော် ထင်တယ်၊ ဒီကိစ္စက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူးလေ၊ ကျွန်တော်တို့က ဘာလို့ သူစိမ်းတစ်ယောက်အတွက်နဲ့ ကိုယ့်အသက်ကိုပါ စတေးရမှာလဲ”

“ဟုတ်တယ် ဟုတ်တယ် ငါတို့က သူနဲ့ မရင်းနှီးဘူး၊ ပြီးတော့ ခုနလေးတင် ငါတို့ကို သူ မကူညီနိုင်ဘူးလို့ ပြောခဲ့တာ၊ အဲ့တော့ ငါတို့က ဘာလို့ သူ့ကို ကျေးဇူးတင်ရမှာလဲ”

လက်ဝှေ့သမားများကလည်း ဝင်ပြောလာကြသည်။ သူတို့ ဤနေရာ၌ မသေချင်ကြသေးပေ။

“နင် … နင်တို့တွေ တော်တော် အရှက်မရှိတာပဲ”

လီဝေ့ ဒေါသကြောင့် မျက်နှာနီမြန်းနေပြီး ခန္ဓာကိုယ်လေးပင် တဆတ်ဆတ် တုန်နေ၏။ ယဲ့ဖန်၏ မူလ ရည်ရွယ်ချက်က သူတို့ကို ကယ်ရန် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ နောက်ဆုံး၌ သူတို့ကို သူ ကယ်ခဲ့သည် မဟုတ်ပါလော။ ဤလူများသည် ကျေးဇူးတင်ကြောင်း တစ်စက်ကလေးပင် မပြလိုဘဲ ရှောင်ဖယ် လိုနေကြသည်။

ထိုလက်ဝှေ့သမားများသည် ခေါင်းငုံ့ထားပြီး ဘာမှမပြောကြသော်လည်း သူတို့၏ မျက်နှာထားများက ယခုထိ လက်မခံသေးသည့်ပုံပင်။

“မဟုတ်တာတွေ ပြောမနေနဲ့၊ ငါက ချုံးဝူခန်းမရဲ့ သခင်လေး၊ ဆက်ခံသူ အလောင်းအလျာပဲ”

လီတုန်က လေသံမာမာဖြင့် ပြောလာ၏။

“သူ့ကို နှင်ထုတ်သင့်တယ်လို့ ထင်တဲ့လူတွေ ငါ့နား လာရပ်”

ချက်ချင်းဆိုသလိုပင် ခန်းမထဲမှ လူဦးရေ၏ ရှစ်ဆယ်ရာခိုင်နှုန်းက လီတုန်၏ အနောက်၌ သွားရပ်လေသည်။

“စိတ်မကောင်းပါဘူး အစ်မ၊ ဒါ နင့်ဩဇာ မညောင်းဘူးဆိုတာကို ပြနေတာပဲ၊ ငါ ချုံးဝူ လက်ဝှေ့ခန်းမရဲ့ အခြေခံ အုတ်မြစ်ကို နင့်လက်ထဲမှာ အပျက်စီး မခံနိုင်ဘူး”

လီတုန်က ဖြောင့်မတ်ဟန်ဖြင့် ပြောလိုက်သော်လည်း စိတ်ထဲ၌ ကျိတ်၍ ဝမ်းသာနေ၏။ နောက်ဆုံး၌ လက်ဝှေ့ခန်းမက သူ့လက်ထဲ ရောက်လာပေတော့မည်။ ထိုသို့ဆိုလျင် နောင်တွင် သူ လုပ်ချင်တာ မှန်သမျှ လုပ်နိုင်တော့မည် ဖြစ်ပြီး လီဝေ့၏ အမိန့်ကို ဂရုစိုက်စရာ မလိုတော့ချေ။

လီဝေ့သည် အံ့ဩနေသော မျက်နှာဖြင့် တစ်ကိုယ်လုံး ယိမ်းထိုးသွားသည်။ လူသားသဘာဝကို သူ လျှော့တွက်ခဲ့ မိပေသည်။

“ဟေ့ကောင် မင်းကို ကူညီမဲ့လူတွေ မရှိတော့ဘူး၊ အခု မင်း ဘာလုပ်မလဲ”

ဟူညီအစ်ကိုသုံးယောက်က ယဲ့ဖန်ကို မကောင်းသော အကြံအစည်တို့ဖြင့် ကြည့်လာသည်။

“အကူအညီ ဟုတ်လား၊ အဲ့အမှိုက်တွေကလေ”

ယဲ့ဖန်က လီတုန်နှင့် အခြားသူများကို အထင်သေးစွာ ကြည့်၍ ပြောလိုက်သည်။

“သူတို့က ငါ့ဖိနပ်တောင် သယ်ဖို့ အရည်အချင်း မရှိဘူး”

“ဟေ့ကောင် မင်း ဘာစကားပြောတာလဲ”

“ငါတို့ကိုများ‌ စော်ကားနေသေးတယ်၊ မင်းတော့ သေချင်နေပြီနဲ့တူတယ်”

လက်ဝှေ့သမားများ ချက်ချင်း ဒေါသထွက်သွားပြီး ယဲ့ဖန်ကို စူးရဲစွာ ကြည့်လာကြသည်။

“ဘာလို့ သေမယ့်လူအတွက်နဲ့ စိတ်ညစ်ခံနေတာလဲ”

လီတုန်က စဉ်းလဲစွာ ပြုံးလိုက်ပြီး သူ့မျက်လုံးများက အဆိပ်ပြင်းသော မြွေတစ်ကောင်၏ မျက်လုံးသဖွယ် စူးလက်နေသည်။ ထို့နောက် သူ ဆက်ပြောလိုက်သည်။

“ကျုပ်ရဲ့ ချုံးဝူ လက်ဝှေ့ခန်းမက ကျောက်မိသားစုနဲ့ ပူးပေါင်းပြီး သခင်ကြီးကျောက်ကို သတ်ခဲ့တဲ့ သူခိုးကောင်ကို သုတ်သင်မယ်”

ထိုစကားကို ကြားသော် လီဝေ့ သတိလစ်မတတ် ဖြစ်သွားရသည်။ သူမဖခင်သည် တစ်ဘဝလုံး ရိုးသားကာ ဖြောင့်မတ်ခဲ့ပြီး ကျောက်ရှန့်လုံကဲ့သို့သော လူယုတ်မာနှင့် အပေါင်းအသင်း မလုပ်ချင်ခဲ့ပါ။ သို့ရာတွင် လီတုန်က ခွေးတစ်ကောင်သဖွယ် မျက်နှာချိုသွေးလိုနေသည်တဲ့လား။ သူမဖခင်၏ ကျော်ကြားသော နာမည်ဂုဏ်သတင်းက တစ်ခါတည်းနှင့် ပျက်စီးသွားလေပြီ။

“ကောင်လေး မင်းက တော်တော် ဉာဏ်ကောင်းတာပဲ၊ ငါ သဘောကျတယ်”

ဟူတာက ရုတ်တရက် ရယ်မောပြီး လီတုန်ကို လက်မထောင်ပြလိုက်သည်။ လီတုန် အပျော်လွန်သွားပြီး ပို၍ မျက်နှာချိုသွေးကာ ပြုံး၍ ပြောလိုက်သည်။

“ဒီလိုပဲ ဖြစ်သင့်တာပါ၊ တကယ်တော့ ကျွန်တော်က သခင်ကြီးကျောက်ကို ကလေးဘဝကတည်းက အားကျလာ တာပါ၊ ဒီလိုလူရဲ့ လက်ထဲမှာ သခင်ကြီး သေသွားရလို့ ကျွန်တော်လည်း သိပ်ဝမ်းနည်းမိပါတယ်”

ယနေ့ သူ ယဲ့ဖန်ကို သတ်နိုင်ရုံသာမက ကျောက်မိသားစုကိုပါ မျက်နှာချိုသွေးနိုင်ပေသည်။ ထို့အတူ နောင်တွင် သူသည် ကျောက်မိသားစု၏ နောက်လိုက်ခွေး ဖြစ်နိုင်ပေတော့မည်။ ယင်းက ထောင်ဟွာမြို့၌ သူ ကျားတစ်ကောင်သဖွယ် အေးအေးလူလူ နေနိုင်မည့် အခြေအနေ မဟုတ်ပါလော။

ထို့နောက် ဟူတာက ယဲ့ဖန်ကို ပြန်ကြည့်၍ အထင်သေးစွာ ပြောလိုက်သည်။

“ဒူးထောက်လိုက်၊ ဒါဆို ငါ မင်းကို အေးအေးဆေးဆေး ပေးသေခိုင်းမယ်”

*ငါ့ကို ပေးသေခိုင်းမယ် ဟုတ်လား*

ထိုစကားက ယဲ့ဖန် ဆယ်စုနှစ်အတွင်း ကြားဖူးသည့် အရယ်ရဆုံး ဟာသလိုပင်။ နဂါးအသွင်ပြောင်းခြင်း အဆင့်လေးက သူ့ကို သေအောင် လုပ်မည်တဲ့လား။ ဘုရင်အဆင့်နှင့် သူတော်စင်သခင်အဆင့်များပင် ယဲ့ဖန်ရှေ့၌ ထိုသို့ မပြောရဲကြချေ။

*သေချင်နေတာပဲ*

ရုတ်ချည်းဆိုသလိုပင် ယဲ့ဖန် ဒေါသထွက်သွားပြီး မျက်လုံးများက သွေးကဲ့သို့ နီရဲကာ ကြမ်းကြုတ်လာ၏။ မသိလျင် သွေးဆာနေသော နတ်ဆိုးတစ်ကောင်လိုပင်။ သူ ခေါင်းမော့လိုက်သောအခါ မျက်နှာက နတ်ဆိုးသဖွယ် ကြောက်စရာကောင်းလာသည်။

“ဒါပေမဲ့ ငါ မသေဘူး၊ မင်းပဲ သေမှာ”

All Chapters