အခန်း (၃၃၁-၃၃၃)
Vol. 23 Ch. 331-333
အခန်း ၃၃၁ - ပြင်းထန်သောဒဏ်ရာ
မူရေးသည် သူ၏ဓားကိုအလျားလိုက်ဝှေ့ယမ်းလိုက်ကာ ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။
ထိုအခါသူ့ထံသို့ တဟုန်ထိုးတိုးဝင်လာနေသော ဖျက်ဆီးသူများသည်ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
" အစွမ်းထက်တယ် ... "
မူရေး၏စွမ်းဆောင်မှုကြောင့် ရှောင်ယုသည်ပင်ထိတ်လန့်သွားခဲ့ရသည်။ ပဥ္စမအဆင့်ပါလာဒင်သည် ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခုဖြစ်ပေသည်။ မူရေးပြသထားသည့် အရှိန်အဟုန်နှင့်စွမ်းအားသည် သူ့အားစူပါမင်းတစ်ယောက်ကဲ့သို့ ဖြစ်စေခဲ့သည်။ ရှောင်ယု၏ကွပ်ကဲမှုအောက်၌ ထိုကဲ့သို့သောလူမျိုးမရှိပေ။ သူ့လက်အောက်တွင် ပဥ္စမအဆင့်သို့ရောက်လုနီးပါးဖြစ်နေသော သူရဲကောင်းအနည်းငယ်သာရှိပေသည်။ သူသည် အရည်အချင်းရှိသောစစ်သည်တော်များအား ပိုမိုစုဆောင်းရန်လိုအပ်ပေသည်။ ကနေဒီမိသားစုနှင့် ဘုရားကျောင်းတို့တွင် အင်အားကြီးမားသည့်စစ်သည်တော်များစွာရှိသည်။
မသေမျိုးများသည် ပဥ္စမအဆင့်သူရဲကောင်းများ သို့မဟုတ် ကနေဒီမိသားစုမှ စွမ်းအားကြီးမှော်ဆရာများကို မကြောက်ရွံ့ကြသော်လည်း ဤပါလာဒင်များသည်ကား မတူညီသောအစုအဝေးတစ်ခုဖြစ်ပေသည်။
" အားသက်စ်ကသာ ပဥ္စမအဆင့်သို့ရောက်ရင် အဲ့ဒီပါလာဒင်တွေကို လွယ်လွယ်နဲ့ရှင်းပစ်နိုင်မှာသေချာတယ် ... အခုချိန်မှာတော့ သူတို့၃ယောက်က အဲ့ဒီပါလာဒင်ကိုမလွှမ်းမိုးနိုင်သေးဘူး ... တကယ်လို့နောက်ထပ်ပါလာဒင်အနည်းငယ်သာရှိရင် အခြေအနေတွေကလုံးဝကိုကွဲပြားသွားမှာပဲ "
အားသက်စ်သည် ငရဲမြင်းကိုစီးနင်းရင်း ဆက်လက်တိုက်ခိုက်နေခဲ့သည်။ မည်သို့ပင်ဆ်ိုစေ မူရေးထံ၌စီးနင်းကောင်မရှိသည့်အတွက် အားသက်စ်ကိုအမှီမလိုက်နိုင်ပေ။ အားသက်စ်သည် မူရေးကိုလှည့်ပတ်ရင်း မူရေး၏ခန္ဓာက်ိုယ်ပေါ်၌ နောက်ထပ်ကျိန်စာတစ်ခုအား ထားရှိကာ ဆက်လက်ထွက်ပြေးနေခဲ့သည်။ ဤသို့ဖြင့်သူသည် မူရေး၏အာရုံက်ိုဆွဲဆောင်နိုင်ခဲ့သည်။ မူရေးသည် အားသက်စ်ကိုလိုက်ဖမ်းနေသော်လည်း ငရဲမြင်းကိုလိုက်မမှီပေ။ ထို့ကြောင့် သူသည်သူ၏တိုက်ခိုက်မှုပုံစံကိုပြောင်းလဲခဲ့သည်။ သူသည် အားသက်စ်နောက်သို့လိုက်မည့်အစား ကဲလ်သဇက်ဘက်သို့လှည့်လာခဲ့သည်။
ကဲလ်သဇက်သည် မှော်ဆရာတစ်ယောက်ဖြစ်၍ အမြန်ပြေးလွှားန်ိုင်ခြင်းမရှိပေ။ ယင်းအစား သူသည်အသားကြိတ်စက်နှင့်ရွံရှာဖွယ်အသားကောင်အုပ်စုနောက်၌ ပုန်းအောင်းနေခဲ့ကာ မှော်ပညာကိုစတင်အသုံးပြုခဲ့သည်။
ရွှီး ... ရွှီး ... ရွှီး
မူရေး၏ခန္ဓာကိုယ်ပေါ်သို့ မှော်ရေခဲအစီအရင်တစ်ခုက ကျဆင်းလာခဲ့သည်။ မူရေးသည် ပဥ္စမအဆင့်ပါလာဒင်တစ်ယောက်ဖြစ်သော်လည်း တိုက်ပွဲစွမ်းအင်ကို အချိန်အတော်ကြာအောင်အသုံးပြုနေခဲ့ပြီးနောက် သူ၏အရန်စွမ်းအင်များကိုပါ အသုံးပြုနေခဲ့ရသည်။
" သေစမ်း ... "
မူရေးသည် အနည်းငယ်ခါးသီးနေသလိုခံစားလိုက်ရသည်။ မသေမျိုးများ၏ခွန်အားသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့သည်။ မသေမျိုးများ၏ ပထမလှိုင်းသည်အလွန်အားနည်းသွားသော်လည်း အားသက်စ် ၊ ကဲလ်သဇက်နှင့်အနူဘားရက်တို့သည် အခြားသူများနှင့်ကွဲပြားနေပုံရသည်။ သူတို့၃ယောက်သည် အချိန်တိုအတွင်း သူ့အားစွမ်းအားကုန်အသုံးပြုအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ပုပ်ရဟန်းမင်းက သူ့အားပေးအပ်ထားသည့် ချပ်ဝတ်တန်ဆာကြောင့်မဟုတ်ပါက သူဒဏ်ရာအပြင်းအထန်ရသွားမှာဖြစ်သည်။
" သူတို့၃ယောက်ကဘာလဲ ... သူတို့ကဘာကြောင့် အဲလောက်ထိသန်မာနေကြတာလဲ ... ဘုရားကျောင်းရဲ့မှတ်တမ်းထဲမှာဆိုရင် မရဏမြင်းသည်တော်လို့ခေါ်တဲ့ ငရဲမြင်းကိုစီးနင်းသူက မသေမျိုးတွေကိုဆင့်ခေါ်နိုင်တယ် ... သူကတော့ပထမဆုံးသေမင်းတမန်လို့ယူဆရတဲ့ အားသက်စ် ... အေရွန်ဘုရင့်နိုင်ငံရဲ့မင်းသား "
မူရေးက တိတ်တဆိတ်ညည်းညူလိုက်သည်။
ဘန်း ...
မူရေးသည် အသားကြိတ်စက်များနှင့်ရွံရှာဖွယ်အသားကောင်များထံ ရောက်ရှိသွားခဲ့ကာ ကဲလ်သဇက်အားသတ်ဖြတ်ရန် ကြိုးစားကြတော့သည်။ သို့သော်လည်း ရွံရှာဖွယ်အသားကောင်များသည် မူရေးအတွက်ပင်ဖြတ်ကျော်ရန် လွယ်ကူသောအရာများမဟုတ်ခဲ့ပေ။
ဘန်း ... ဘန်း ... ဘန်း
ရှောင်ယုသည် မူရေး၏ဓားရေးစွမ်းရည်ကိုမြင်တွေ့လိုက်ရချိန်၌ အနည်းငယ်ရှက်ရွှံမှုကိုခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ သူ၏အလွန်ကောင်းမွန်သောဓားရေးအစွမ်းကြောင့် ရွံရှာဖွယ်အသားကောင်များ၏ ပထမခံစစ်လိုင်းကိုဖြတ်ကျော်နိုင်ခဲ့သည်။ ထို့နောက် ဒုတိယခံစစ်လိုင်းသည် မူရေးကိုဖမ်းဆီးရန်အတွက် ချိတ်များကိုအသုံးပြုကြသည်။ ရွံရှာဖွယ်အသားကောင်များကို တပ်သားနှစ်ယောက်စာအဖြစ် သတ်မှတ်ထားခြင်းမှာအံ့သြစရာမဟုတ်ပေ။ အဆင့်၁၀သို့ရောက်နေသည့် ရွံရှာဖွယ်အသားကောင်များသည် အမြင့်၃မီတာရှိပြီး ပုပ်ပွနေသောအသားစများဖြင့်ဖုံးအုပ်ထားပေသည်။ သူတို့၏ခန္ဓာက်ိုယ်မှနေ၍ အဆိပ်ငွေ့များထွက်ပေါ်လာပြီး လက်များစွာက မတူညီသောလက်နက်များကို ကိုင်ဆောင်ထားကြသည်။
ရွံရှာဖွယ်အသားကောင်များ၏ ဒုတိယခံစစ်လိုင်းသည် မူရေးကိုဖမ်းဆွဲရန် သူတို့၏ချိတ်များကိုအသုံးပြုလာကြသည်။ မူရေးသည် ထိုချိတ်များမှလွတ်မြောက်ရန်အတွက် ဒေါသတကြီးကြိုးစားနေခဲ့သည်။ သို့သော်လည်း ရွံရှာဖွယ်အသားကောင်များသည် အလွန်ကြီးမားပြီး တစ်ကောင်လျှင်အနည်းဆုံး ကီလိုဂရမ်ရာနှင့်ချီ၍အလေးချိန်ရှိပေသည်။ သူတို့အားဖြတ်ကျော်ရန်မလွယ်ကူလှပေ။ မူရေးသည် သံကြိုးများစွာကိုဖြတ်တောက်နိုင်ခဲ့သော်လည်း ၎င်းတို့အားလုံးက်ိုရှောင်တိမ်း၍မရခဲ့ပေ။
ရွံရှာဖွယ်အသားကောင်များသည် မူရေးကိုတိုက်ခိုက်ရန်အတွက် ပုဆိန် ၊ တူ ၊ လှံနှင့်အခြားလက်နက်များကို အသုံးပြုခဲ့ကြသည်။ သူတို့သည် မူရေးကိုဖမ်းမိကြပြီးနောက် ရွံရှာဖွယ်အသားကောင်များက မူရေးကိုဝိုင်းတိုက်ခဲ့ကြသည်။ အဆုံးသတ်တွင် မူရေးသည်လက်နှစ်ဖက်သာရှိသော်လည်း ရန်သူတစ်ယောက်ချင်းစီတွင် လက်လေးချောင်းပါဝင်ပေသည်။ သာမန်မသေမျိုးများဆိုလျှင် ရွှေရောင်မီးတောက်ကိုအသုံးပြုကာ သတ်ဖြတ်နိုင်သော်လည်း ရွံရှာဖွယ်အသားကောင်များသည် အလွန်သန်မာကြပြီး ရွှေရောင်မီးတောက်ဖြင့်ပင် အလွယ်တကူမလောင်ကျွမ်းနိုင်ပေ။
မူရေး၏ခန္ဓာကိုယ်သည် ရွံရှာဖွယ်အသားကောင်များမှထွက်ပေါ်နသည့် အဆိပ်ငွေ့များကြောင့် စတင်ထိခိုက်လာခဲ့သည်။ သို့သော်လည်း မူရေးသည်လက်မလျော့သေးပေ။ သူသည်ဆက်လက်တိုက်ခိုက်နေခဲ့ကာ ရွံရှာဖွယ်အသားကောင်၆ကောင်ကိုသတ်ဖြတ်န်ိုင်ခဲ့ပြီး သူကိုယ်တိုင်ကလည်းဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။
ဝှစ်ရှ် ... ဝှစ်ရှ်
ကဲလ်သဇက်သည် မူရေးက်ိုတိုက်ခိုက်ရန်အတွက် မှော်ပညာအားဆက်လက်အသုံးပြုနေခဲ့သည်။ မူရေးသည် ဤအခြေအနေအတိုင်းဆက်ဖြစ်နေမည်ဆိုပါက သူသေသွားနိုင်ကြောင်းခံစားမိလာခဲ့သည်။ သူသည် ရွံရှာဖွယ်အသားကောင်တစ်ဒါဇင်ကျော်ကို ဆက်လက်သတ်ဖြတ်နိုင်သော်လည်း အဆုံးသတ်၌သူလည်းသေပွဲဝင်ရမည်ဖြစ်သည်။ ထို့ပြင် ကဲလ်သဇက်၏ရေခဲမှော်ပညာသည် သူ၏ခန္ဓာကိုယ်အတွင်းရှိသွေးလှည်ပတ်မှုများကို နှေးကွေးသွားစေခဲ့သည်။
ကချာ ... ကချာ ... ကချာ
အနူဘားရက်သည် မြေအောက်မှတိုးထွက်လာခဲ့ကာ မူရေးက်ိုတိုက်ခိုက်ရန်အတွက် နောက်ထပ်ပိုးကောင်လှိုင်းတစ်ခုကို ပေးပို့ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် မူရေးသည်တဖန်မူးဝေသွားခဲ့ချိန်တွင် ရွံရှာဖွယ်အသားကောင်များ၏ တိုက်ခိုက်မှုကသူ၏ခန္ဓာကိုယ်အား ထိမှန်သွားခဲ့သည်။ သူဝတ်ဆင်ထားသည့်ချပ်ဝတ်ကြောင့်မဟုတ်ပါက မူရေးသည်အသတ်ခံရမှာဖြစ်သည်။
အား ...
မူရေးသည် ခွန်အားကိုစုဆောင်းလိုက်ပြီး လေပေါ်ခုန်တက်လိုက်သည်။ ရွံရှာဖွယ်အသားကောင်များသည် ချိတ်များကိုအသုံးပြုကာ တိုက်ခိုက်ရန်ကြိုးစားခဲ့ကြသော်လည်း မူရေးသည်သူတို့၏တိုက်ခိုက်မှုများကို တားဆီးနိုင်ခဲ့သည်။
ဘန်း ...
မူရေးသည် ရွံရှာဖွယ်အသားကောင်များ၏ တိုက်ခိုက်မှုကို တားဆီးရန်ကြိုးပမ်းနေစဉ် အားသက်စ်၏ မနက်ခင်းနှင်းဓားက သူ့အပေါ်ကျရောက်လာခဲ့သည်။ ထိုဓားသည် မူရေး၏ချပ်ဝတ်တန်ဆာ၌အပေါက်ဖြစ်စေခဲ့ကာ မူရေးကိုဒဏ်ရာရစေခဲ့သည်။ မူရေးသည် ထိုဒဏ်ရာကြောင့်သွေးများပန်းထွက်လာပြီး သူ၏မျက်နှာသည်ဖြူဖျော့သွားခဲ့သည်။
အားသက်စ်သည် ရွံရှာဖွယ်အသားကောင်များနှင့်ပင့်ကူများကို မူရေးအားပြေးဝင်တိုက်ခိုက်ရန် အော်ဟစ်အမိန့်ပေးလိုက်သည်။
ထိုအခိုက်အတန့်တွင် ရှောင်ယုသည် သူကိုယ်တိုင်မူရေးကိုသွားရောက်သတ်ဖြတ်လိုခဲ့သည်။ ထိုကိစ္စသာအောင်မြင်ပါက သူ၏နံဘေးတွင်ပဥ္စမအဆင့်အရိုးစုစစ်သည်တစ်ယောက်ရှိလာမည်ဖြစ်သည်။ထို့ပြင်အနာဂတ်၌ အားသက်စ်အား အကူအညီကြီးကြီးမားမားပေးနိုင်မည်ဖြစ်သည်။ သို့သော်လည်း ရှောင်ယုသည်သူ့စိတ်သူထိန်းထားလိုက်သည်။ မူရေးသည် အားသက်စ်၏လက်ချက်ကြောင့် ဒဏ်ရာများစွာရရှိထားခဲ့သော်လည်း ပဥ္စမအဆင့်ပါလာဒင်သည် ပဥ္စမအဆင့်ပါလာဒင်သာဖြစ်သည်။ မူရေးသာအသက်ရှင်သန်ခဲ့ပါက သူ၏အထောက်အထားသည်ပေါ်လွင်သွားကာ အလွန်ဆိုးရွားသောရလဒ်များဆီသို့ ဦးတည်သွားတော့မည်ဖြစ်သည်။
သူ၏အခြေအနေသည် အလွန်ဆိုးရွားလာ၍ မူရေးကအံကြိတ်ကာ စခန်းဆီသို့ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ သူသည် ခရူးဆိတ်စစ်သားများ၏ ခံစစ်လိုင်းအားဖြတ်ကျော်ပြီးမှသာ သက်ပြင်းချနိုင်ခဲ့သည်။ သာမန်ခရူးဆိတ်စစ်သားများသည် ဖုတ်ကောင်များနှင့်ပင့်ကူမကောင်းဆိုးဝါးတို့အား တိုက်ခိုက်နိုင်ခဲ့ကြသည်။ နှစ်ဖက်လုံးသည် အသေအပျောက်ပြင်းထန်နေသော်လည်း ခရူးဆိတ်များ၏အသေအပျောက်က ပိုမိုပြင်းထန်ပေသည်။ အဓိကအကြောင်းရင်းမှာ အောက်လမ်းမှော်ကဝေများကြောင့်ဖြစ်သည်။ သူတို့သည်သေဆုံးသွားသူများကို အရိုးစုစစ်သားများအဖြစ်ပြောင်းလဲကာ အမြောက်စာများအဖြစ် ရှေ့တန်းသို့တွန်းပို့ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘုရားကျောင်းမှလေးသမားများသည် အောက်လမ်းမှော်ကဝေများကို သတ်ဖြတ်ရန်ကြိုးစားခဲ့ကြသည်။
တိုက်ပွဲသည် ရှေ့မတိုးနိုင်နောက်မဆုတ်နိုင်ဖြစ်နေ၍ ရှောင်ယုသည် အားသက်စ်အားဆုတ်ခွာရန် အမိန့်ပေးခဲ့သည်။
ထိုတိုက်ပွဲကြောင့် ရှောင်ယုသည်ဘုရားကျောင်းတပ်များ၏ အင်အားကိုအကြမ်းဖျင်းထုတ်ဖော်နိုင်ခဲ့သည်။ ထို့ပြင်သူသည် ဘုရားကျောင်းနှင့်တိုက်ခိုက်ရာတွင် မသေမျိုးတပ်များ၏ခွန်အားကိုစမ်းသပ်နိုင်ခဲ့သည်။ သူသည် ပဥ္စမအဆင့်ပါလာဒင်ကိုပင် ဒဏ်ရာအပြင်းအထန်ရရှိအောင်လုပ်ဆောင်န်ိုင်ခဲ့သည်။ ထို့ပြင်ရှောင်ယုသည် အားသက်စ်၏စွမ်းဆောင်ရည်ကို အလွန်ကျေနပ်နေခဲ့သည်။ အားသက်စ်သည် မဆင်မခြင်တိုက်ခိုက်ခြင်းမပြုဘဲ မူရေး၏တိုက်ပွဲစွမ်းအင်ကို အလွန်အကျွံသုံးစွဲအောင်စီမံနိုင်ခဲ့ကာ အချိန်မှီဆုတ်ခွာခြင်း ၊ ခြုံခိုတိုက်ခိုက်ခြင်းနည်းဗျူဟာများက်ို အသုံးပြုနိုင်ခဲ့သည်။ အားသက်စ်သည် မသေမျိုးများကို လွတ်လွတ်လပ်လပ်ထိန်းချုပ်နိုင်ကြောင်း ပြသခဲ့သည်။
မည်သို့ပင်ဆိုစေ ဘုရားကျောင်း၏ပဥ္စမအဆင့်ပါလာဒင်တစ်ယောက်သည် သူ့အားနှိမ်နင်းရန်အတွက် မသေမျိုးသူရဲကောင်း၃ယောက် အတူတကွတိုက်ခိုက်ရန် လိုအပ်သည့်အထိစွမ်းအားကြီးမားပေသည်။ သို့သော်လည်း ရှောင်ယုသည်သူတို့ကိုကြောက်လန့်နေစရာမလိုပေ။ သူသည်အနာဂတ်၌ အားသက်စ်ကိုအသုံးပြုကာ ညစစ်ပွဲများအားဆက်လက်ဆင်နွဲနေနိုင်ပေသည်။ ရှောင်ယုသည် ဝှက်ဖဲအနည်းငယ်ကိုပြင်ဆင်ထားရာ မသေမျိုးတပ်များနှင့်စုပေါင်းတပ်များ၏စွမ်းအားကို သုံးစွဲနိုင်သည့်အတွက်ကြောင့် သူသည်ဘုရားကျောင်းနှင့်ကနေဒီမိသားစုနှစ်ခုလုံးကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ ရင်ဆ်ိုင်ဖြေရှင်းန်ိုင်ပေသည်။
အခန်း ၃၃၂ - ဂေါ်ဒန်၏ ဦးခေါင်းခွံ
" ဘုရားကျောင်းက ဘာလို့တပ်တွေကိုစေလွှတ်လိုက်တာလဲ ... "
" ပုပ်ရဟန်းမင်းကဘာလို့ အဲလောက်ထိတ်လန့်နေရတာလဲ ... အူသာက တကယ်ကိုကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတာလား. .. နတ်ဘုရားတွေဆိုတာက စွမ်းအားနှင့်သြဇာအာဏာမှာ အထွတ်အထိပ်ကိုရောက်ရှိသွားတဲ့ လူသားနဲ့သတ္တဝါတွေပဲဖြစ်တယ် ... ပုပ်ရဟန်းမင်းကသာ သူ့ရဲ့လက်ရှိအဆင့်အတန်းနဲ့ဆိုရင် အူသာကိုလုပ်ကြံဖို့ဒါမှမဟုတ် ဘုရားကျောင်းနဲ့ပေါင်းစည်းဖို့လုပ်ဆောင်နိုင်တယ် ... ဒါပေမဲ့သူ့ရဲ့ဆုံးဖြတ်ချက်က သံသယများစွာကိုဖြစ်ပေါ်စေပြီးတော့ လူများစွာကိုတုန်လှုပ်သွားစေနိုင်တယ် ... တိုက်ကြီးရဲ့အခြေအနေကိုလည်းပိုမ်ိုဆိုးရွားသွားနိုင်ပြီး ကောင်းကျိုးထက်ဆိုးကျိုးကိုဦးတည်သွားစေတယ် ... "
နီကိုးလပ်စ်သည် ထိုကိစ္စကိုစဉ်းစားရင်း သက်ပြင်းချမိလိုက်သည်။ သူသည်ရှောင်ယုကိုလျော့တွက်မိလိုက်ကြောင်း နားလည်လာခဲ့သည်။ ရှောင်ယုသည် ကံကောင်းထောက်မ၍သာ အောစ့်အမြောက်အများကို စုဆောင်းနိုင်ခဲ့သည်ဟု သူအမြဲဆွေးထားခဲ့သော်လည်း ယခုအချိန်တွင် ရှောင်ယုထံ၌လျှို့ဝှက်ချက်များစွာရှိနေကြောင်း သူယုံကြည်လာခဲ့သည်။
ရှောင်ယုသည် သွေးနတ်သူငယ်မင်းသားဖြစ်သည့် ကဲလ်သက်ကိုပြန်လည်ခေါ်ဆောင်မည်ဟု မောက်မာသောလေသံဖြင့်ပြောခဲ့သည်။ ထိုအချိန်က နီကိုးလပ်စ်သည် ရှောင်ယုအားမယုံကြည်ခဲ့ဘဲ ရှောင်ယုသည်ကဲလ်သက်၏အမည်ကိုအသုံးပြုကာ သွေးနတ်သူငယ်များအားထိန်းချုပ်ရန်ကြိုးစားနေကြောင်း ခံစားခဲ့ရသည်။ သို့သော်လည်း ရှောင်ယုသည်မလိမ်ခဲ့ပုံရသည်။ ယခုအခါ သူသည်ရှောင်ယု၏စွမ်းအားကို တဖန်ပြန်လည်သုံးသပ်ရတော့မည်ဖြစ်သည်။
" နတ်ဘုရားတွေ ... နတ်ဘုရားတွေကဘာဖြစ်လဲ ... နှစ်ပေါင်း၁၀၀၀၀ကြာပြီးတဲ့နောက်မှာ ဘယ်သူကအထွတ်အထိပ်ကိုရောက်ပြီး နတ်ဘုရားဖြစ်လာမှာလဲ "
နီကိုးလပ်စ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးမိလိုက်သည်။
" မသေမျိုးတွေရဲ့အခြေအနေ ... "
နီကိုးလပ်စ်က မေးမြန်းလိုက်သည်။
" သူတို့ကနေရာအနှံ့မှာရှိနေတာပဲ ... နယ်မြေအများစုက တောင်သူလယ်သမားတွေဟာ မြို့ကြီးတွေဆီကိုပြောင်းရွေ့လာကြတယ် ... မသေမျိုးတွေက သာမန်လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်လို့ပြောနေကြတယ် ... ဒီအနီးအနားတဝိုက်မှာ သာမန်လူတွေမရှိကြတော့တဲ့အတွက် သူတို့ကကနေဒီမိသားစုရဲ့စခန်းကိုပဲဦးတည်တိုက်ခိုက်လာကြတယ် ... မနေ့ညကတိုက်ပွဲရလဒ်ကတော့ တော်တော်လေးကြောက်စရာကောင်းတယ် ... အဲ့မသေမျိုးတွေက ပါလာဒင်မူရေးကိုတောင် ဒဏ်ရာအပြင်းအထန်ရစေခဲ့တယ် "
ကင်းထောက်ကပြန်ဖြေလိုက်သည်။
" မူရေးတောင်ဒဏ်ရာရသွားပြီလား .. . မသေမျိုးတွေက အရမ်းအစွမ်းထက်နေတာပဲ "
ထိုရလဒ်သည် နီကိုးလပ်စ်မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ ဘုရားကျောင်းတွင် ပဥ္စမအဆင့်ပါလာဒင်အနည်းငယ်သာရှိသည့်အတွက်ကြောင့် သူသည်မူရေး၏နာမည်ကိုသိရှိထားပေသည်။ ပါလာဒင်များ၏ မသေမျိုးများ၏အိပ်မက်ဆိုးများအဖြစ် မွေးဖွားလာသူများဖြစ်ကြသည်။ ယခုအချိန်တွင်မူ မသေမျိုးများသည် အစွမ်းအထက်ဆုံးသောပါလာဒင်တစ်ယောက်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားစေခဲ့သည်။ သို့ဖြစ်ရာ မသေမျိုးများ၏ခွန်အားသည် အဆင့်တစ်ခုထိရောက်ရှိသွားပုံရသည်။
" သူတို့အားလုံးကအစွမ်းထက်ကြတယ် ... အဲ့ဒီကောင်တွေက မြေအောက်မြို့တော်မှာရှိတဲ့ မသေမျိုးတွေနဲ့အတော်လေးဆင်တူပေမဲ့ မြေအောက်မြို့တော်မှာတောင်မရှိခဲ့တဲ့ မသေမျိုးသတ္တဝါတွေအများကြီးရှိနေတယ် "
ကင်းထောက်က ဆက်လက်တင်ပြလိုက်သည်။
ရှောင်ယုသည် ထိုမသေမျိုးများအားလုံးကို ဆင့်ခေါ်ထားနိုင်သည်ဟု မည်သူမှထင်မှတ်ထားခြင်းမရှိခဲ့ပေ။
" ဖရိုဖရဲအချိန်တွေအကြောင်း ကြိုတင်နမိတ်ဖတ်ထားတဲ့ ပရောဖက်ပြုချက်တွေအများကြီးရှိနေတယ် ... သူတို့အသက်ပြန်ရှင်လာကြာတာနဲ့ ပရမ်းပတာဖြစ်ရပ်တွေကို အစပျိုးလာလိမ့်မယ် ... ဖရိုဖရဲကာလကရောက်ရှိလာပြီဆိုပေမဲ့ အချိန်တော့လိုပါသေးတယ် ... မသေမျိုးတွေရဲ့အသွင်အပြင်က အဲ့နမိတ်လက္ခဏာတွေထဲကတစ်ခုပဲ ... ဘုရားကျောင်းကလည်း သွေးနီရောင်ခရူးဆိတ်တွေကိုဖွဲ့စည်းနေခဲ့တယ် ... မဝေးလှတဲ့အနာဂတ်မှာ ခုလိုမျိုးအဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုဖြစ်လာလိမ့်မယ် ... ငါကြိုတင်ပြင်ဆင်ထားရမယ် "
နီကိုးလပ်စ်သည် ထိုအကြောင်းများကိုတွေးတောရင်း စတင်၍ခေါင်းကိုက်လာခဲ့ရသည်။ သူသည် ထိုသို့ကြီးမားသောကမောက်ကမဖြစ်မှုများအား ရင်ဆိုင်ရန်အဆင်သင့်မဖြစ်သေးပေ။ သူသည် ဘိုးဘေးများ၏အသိအမှတ်ပြုမှုကိုရရှိရန်အတွက် စည်းစိမ်ဥစ္စာများစွာသုံးစွဲခဲ့ရသည်။ မိသားစုတွင်း အာဏာရရှိရေးကြိုးပမ်းမှုသည် သူ့ကိုများစွာနစ်နာစေခဲ့ပြီး ယခုအခါဖရိုဖရဲကာလသည် ချည်းကပ်လာခဲ့ပြီဖြစ်သည်။
သို့သော်လည်း ဤအရာသည်အစသာဖြစ်သည်။ ဖရိုဖရဲဖြစ်ရပ်များသည် ကမ္ဘာကြီးကအဆင်သင့်ဖြစ်လာသောအချိန်ထိ စောင့်ဆိုင်းနေမည်မဟုတ်ပေ။
နီကိုးလပ်စ်သည် ရှေ့ဆက်ရမယ့်အစီအစဉ်များအကြောင်း တွေးတောနေသည့် အချိန်တွင် လူတစ်ယောက်သည် အလျင်အမြန်ရောက်ရှိလာပြီး အရေးတကြီးလေသံဖြင့် သတင်းပို့လာခဲ့သည်။
" သခင်လေး ကျနော်တို့နွံအိုင်ဆီကနေ သတင်းတစ်ခုရလာခဲ့တယ် ... ဂေါ်ဒန်ရဲ့သချိုင်းတည်နေရာကိုရှာတွေ့ခဲ့ပြီ "
" ဂေါ်ဒန်ရဲ့သချိုင်းဟုတ်လား ... "
နီကိုးလပ်စ်သည် ချက်ချင်းခုန်ထလိုက်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူသည်အေးဆေးတည်ငြိမ်သူတစ်ယောက်ဖြစ်သော်လည်း ဤသတင်းကိုရချိန်၌ သူ၏လက်များတုန်ခါသွားခဲ့ရသည်။ ဂေါ်ဒန်သည် ရှေးခေတ်က အလွန်ပင်အရေးကြီးသောဇာတ်ကောင်တစ်ကောင်ဖြစ်သည်။ သူသည် အောစ့်များကိုသစ္စာဖောက်ကာ စွမ်းအားနှင့်အာဏာကိုရရှိရန်အတွက် သူ၏ဝိညာဉ်ကိုနတ်ဆိုးထံရောင်းစားခဲ့၍ ယုတ်မာသောစစ်သည်တော်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ အဆုံးသတ်တွင် နတ်ဆိုးများကသူ့အား အပိုင်းပိုင်းကိုက်စားခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ဂေါ်ဒန်၏ရုပ်ကြွင်းများသည် သူ၏ခန္ဓာကိုယ်အပ်ိုင်းပိုင်းကွဲထွက်သွားခဲ့သော်လည်း အစိတ်အပိုင်းတိုင်းက အရေးပါပေသည်။ အထူးသဖြင့် သူ၏ဝိညာဉ်သည် ခေါင်းခွံအတွင်း၌ရှိနေသည်ဟုဆိုကြသည်။ ထိုခေါင်းခွံအားပိုင်ဆိုင်သူသည် အောစ့်များစွာကိုထိန်းချုပ်နိုင်မည်ဟု အဆိုရှိကြသည်။
" နေဝင်ချိန်နွံအိုင် ... ငါတို့ရက်ပိုင်းအတွင်း ချက်ချင်းထွက်ခွာမယ် "
နီကိုးလပ်စ်က အမိန့်ပေးလိုက်သည်။ဤသတင်းတစ်ခုနှင့်ပင် သူသည်ရှောင်ယုနှင့်ရောဘတ်တို့အကြားစစ်ပွဲကို လျစ်လျူရှန်အဆင့်သင့်ဖြစ်နေပြီဖြစ်သည်။
...
...
ရောဘတ်နှင့်ခေးစ်တို့သည် စစ်မြေပြင်၌အချင်းချင်းပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးနေခဲ့ကြသည်။ သူတို့သာ အချိန်ကြာကြာတိုက်ခိုက်နေမည်ဆိုပါက နှောင်းပိုင်းတွင်သူတို့၏တပ်အင်အားကို တိုက်စားလာမည်ဖြစ်၍ သူတို့သည်စစ်ပွဲကိုအချိန်ကြာကြာတိုက်ခိုက်ရန် မလုပ်ဆောင်နိုင်ကြောင်း နားလည်ထားကြသည်။ ထို့ကြောင့်သူတို့သည် မြို့အားအမြန်ဆုံးသိမ်းပိုက်ရန် လုပ်ဆောင်ခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးသည် သူတို့၏တပ်အားလုံးကို တစ်ကြိမ်တည်း၌အသုံးပြုကာ ခြင်္သေ့မြို့အားအပြတ်သိမ်းပိုက်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ခြင်္သေ့မြို့၏တပ်အင်အားသည် သူတို့၏ပူးပေါင်းတပ်ဖွဲ့ထက် များစွာနည်းပါးသည့်အတွက် ကျိန်းသေပေါက်အောင်မြင်မည်ဟု သူတို့ယုံကြည်ထားကြသည်။
ထိုအချိန်၌ ဝတ်ရုံနက်တစ်ယောက်သည် တဲထဲသို့ဝင်လာပြီး ရောဘတ်၏အနားသို့တိုးကပ်ကာ တစ်စုံတစ်ခုအားတီးတိုးပြောဆိုလိုက်သည်။
" ဂေါ်ဒန်ရဲ့သချိုင်း "
ရောဘတ်သည် ထိုသတင်းကိုသေချာအောင် ထပ်မံအတည်ပြုလိုက်သည်။
" ဟုတ်တယ် ... သခင်လေးမှာ ဂေါ်ဒန်ရဲ့ဦးခေါင်းခွံကိုပိုင်ဆိုင်ရင် အောစ့်တွေအားလုံးကိုစုစည်းပြီးတော့ ကြီးမားတဲ့စစ်တပ်တစ်ခုကိုတည်ထောင်နိုင်မှာပါ ... မင်းသာဦးခေါင်းခွံကိုပိုင်ဆ်ိုင်ရင် မင်းအတွက်တိုက်ပွဲဝင်ပေးဖို့ သူ့ရဲ့ဝိညာဉ်ကိုတောင်ဆင့်ခေါ်နိုင်တယ် "
လုပ်ကြံသူက တိုးတိုးလေးဆက်ပြောလိုက်သည်။
" တကယ်လား ... "
ရောဘတ်၏မျက်လုံးများသည် စတင်တောက်ပလာခဲ့သည်။
" ဒါပေမဲ့ သခင်လေးကခြင်္သေ့မြို့ကိုဒီတိုင်းထားပြီးတော့ ထွက်သွားတော့မှာလား ... "
လုပ်ကြံသူကပြောလိုက်သည်။
" ခုလက်ရှိတပ်တွေနဲ့အတူ ခြင်္သေ့မြို့ကိုမသိမ်းပိုက်နိုင်ရင် ငါတို့ကအရူးတွေဖြစ်သွားလိမ့်မယ် ... မနက်ဖြန်မြို့ကိုသိမ်းမယ် ... ပြီးရင်နေဝင်ချိန်နွံအိုင်ကို ခရီးဆက်မယ် "
ရောဘတ်ကဆုံးဖြတ်ချက်ချလိုက်သည်။
ထိုသတင်းကို နီကိုးလပ်စ်နှင့်ရောဘတ်သည်သာမက ရှောင်ယုလည်းရရှိခဲ့သည်။ အမှန်တော့ လက်ရှိအချိန်တွင် တိုက်ကြီးအတွင်းရှိအင်အားစုများအားလုံးသည် နေဝင်ချိန်နွံအိုင်သို့ထွက်ခွာရန် စတင်ပြင်ဆင်နေကြပြီဖြစ်သည်။
လီအာသည် ထိုသတင်းကိုရှောင်ယုထံပေးအပ်လာခြင်းဖြစ်သည်။ သူမနှင့်မိုင်ယဗ်တို့သည် သတင်းအချက်အလက်များကိုစုဆောင်းရန် တာဝန်ရှိပြီး သူမတို့သည်အရေးကြီးသောအချက်အလက်များကို ရှောင်ယုထံသို့အချိန်နှင့်တပြေးညီ သတင်းပို့ကြရမည်ဖြစ်သည်။
ရှောင်ယုသည် ထိုသတင်းကိုကြားကြားချင်း အံ့သြထိတ်လန့်သွားခဲ့သည်။
" မင်းအမေပဲပေါ့ ... ဂေါ်ဒန်ရဲ့သချိုင်းလား "
ရှောင်ယုသည် ဂိမ်းထဲ၌ဂေါ်ဒန်၏အထောက်အထားကို အခြားသူများထက်ပို၍ရင်းနှီးပေသည်။
" ဒါပေမဲ့ နေဝင်ချိန်နွံအိုင်ကဒီနေရာနဲ့ အရမ်းဝေးပြီးတော့ တောင်ဘက်ခြမ်းမှာရှိနေတာပဲ "
ရှောင်ယုက ညည်းညူမိလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဂေါ်ဒန်၏ဦးခေါင်းခွံမပါလျှင်တောင် သူသည်အခြားသော အကျိုးကျေးဇူးများအားရရှိမည်ဖြစ်သည်။ ဂေါ်ဒန်သည် ဆာဂျာရက်စ်၏သချိုင်းအတွင်းမှ နတ်ဆိုးများ၏အပိုင်းပိုင်းကိုက်ဖြတ်ခြင်းအားခံခဲ့ရသည်ကို ရှောင်ယုသိထားသော်လည်း သူ၏ဦးခေါင်းခွံကိုမူ နေရာအမျိုးမျိုးသို့အကြိမ်များစွာ ရွေ့ပြောင်းထားပုံရသည်။ အကယ်၍ ထိုနေရာသာ ဆာဂျာရက်စ်၏သချိုင်းဂူဖြစ်နေပါက သူသည်အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်သည်။
နေဝင်ချိန်နွံအိုင်သည် လျှို့ဝှက်ဆန်းကြယ်သောနေရာတစ်ခုဖြစ်သည်။ ထိုနေရာ၏ အလွန်ခက်ခဲကြမ်းတမ်းလှသော အခြေအနေများကြောင့် နေဝင်ချိန်နွံအိုင်တွင်အသက်ရှင်လျက်နေထိုင်နိုင်သူ အလွန်နည်းပါးပေသည်။ အတော်ဆုံးစွန့်စားသူများသည်ပင် နွံအိုင်အလယ်ဒေသသို့သာရောက်ရှိခဲ့ကြပြီး အတွင်းပိုင်းဒေသများသို့မဝင်ရောက်နိုင်ပေ။ သို့သော် ဂေါ်ဒန်၏ဦးခေါင်းခွံနှင့်ပတ်သက်သောသတင်းများထွက်လာခြင်းက ထိုနေရာသို့ရောက်ရှိသွားသူရှိခဲ့ပြီဟု ဆိုလိုခြင်းဖြစ်သည်။
သို့သော်လည်း ရှောင်ယုသည်ဝိုင်းရံခံထားရသည့်အတွက် နေဝင်ချိန်နွံအိုင်သို့မသွားရောက်နိုင်ပေ။ ဤကိစ္စတွင် ကနေဒီမိသားစုကိုရှံးနိမ့်အောင်မလုပ်ဆောင်နိုင်ပါက သူသည်နေဝင်ချိန်နွံအိုင်အားမေ့ထားသင့်ပေးသည်။ သို့သော်လည်း ရှောင်ယုသည်ပင်ဤသတင်းကိုရရှိပါက ဖြုန်းတီးတတ်သောသခင်လေးရောဘတ်ကလည်း ဤအကြောင်းကိုသိထားမှာဖြစ်သည်။ ရောဘတ်ကဲသို့လူမျိုးသည် ဤကဲ့သို့သောအခွင့်အရေးကိုလက်လွတ်ခံစရာအကြောင်းမရှိပေ။ ရောဘတ်သည် ကျောက်တုံးနက်မျိုးနွယ်အား ပိုမိုအားကောင်းစေရန် ဂေါ်ဒန်၏ဦးခေါင်းခွံကိုအသုံးပြုနိုင်သည်။ ရှောင်ယုသည် မဝေးလှသောအနာဂတ်၌ ပြဿနာများစွာကိုရင်ဆိုင်ရတော့မည်ကို သိထား၍ ခေါင်းကိုက်လာခဲ့ရသည်။
" အရှင် ... ရန်သူတပ်တွေအကြားမှာ ကြီးမားတဲ့လှုပ်ရှားမှုတွေတွေ့ရတယ် ... သူတို့ကတိုက်ခိုက်ဖို့အတွက် အဆင့်သင့်ဖြစ်နေကြပြီ "
မိုင်ယဗ်ကရှေ့တက်လာခဲ့ပြီး သတင်းပို့လိုက်သည်။
" သူတို့လာကြပါစေ ... မှော်ပေါက်ကွဲရေးမြှားတွေရဲ့အစွမ်းကို သူတို့ကိုမြည်းစမ်းကြည့်ခိုင်းလိုက်မယ် "
ရှောင်ယုကပြုံးပြီးပြောလိုက်သည်။
အခန်း ၃၃၃ - ငွေရောင်လက်
ကနေဒီမိသားစုနှင့်ဘုရားကျောင်းတို့သည် နောက်တစ်နေ့တွင် ခြင်္သေ့မြို့သို့စတင်၍ချီတက်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ ခြင်္သေ့မြို့၏စစ်သားများသည် ဤမြင်ကွင်းကိုကြည့်၍ ကြောက်ရွံ့ခြင်းမရှိကြပေ။ ရှောင်ယုသည် ခံစစ်တိုက်ပွဲအရာတွင် မည်သည့်အခါမှကျရှုံးခြင်းမရှိကြောင်း သူတို့သိထားကြသည်။
ခေးစ်နှင့်ရောဘတ်တို့သည် ခြင်္သေ့မြို့အားကြည့်ရင်း ဘေးချင်းကပ်၍ဆွေးနွေးလိုက်ကြသည်။
" သခင်လေးရောဘတ် ... ငါတို့ဒီနေ့ခြင်္သေ့မြို့ကိုအောင်နိုင်မယ်လို့ မင်းထင်လား "
" ပါလာဒင်ခေးစ်ကကော ဘယ်လိုထင်လဲ "
ရောဘတ်ကမေးမြန်းလိုက်သည်။
" ကနေဒီမိသားစုက ဝှက်ဖဲတွေအများကြီးဆုပ်ကိုင်ထားတယ်ဆိုတာ ငါတို့သိထားတယ် ... ဒါကြောင့်သခင်လေးအသုံးပြုမယ့် ဝှက်ဖဲတွေအပေါ်မူတည်ပြီးတော့ တိုက်ပွဲကပြောင်းလဲသွားလိမ့်မယ် "
ခေးစ်က ပြောလိုက်သည်။
ရောဘတ်ကထပ်ပြီး မေးမြန်းလိုက်သည်။
" ဘုရားကျောင်းကဘယ်လိုဝှက်ဖဲမျိုးမှ မပိုင်ဆိုင်ထားဘူးလို့တော့ ငါ့ကိုမပြောနဲ့ ... မင်းရဲ့ဝှက်ဖဲတွေကို ဘာလို့စောစောမထုတ်တာလဲ "
ခေးစ်၏မျက်နှာတွင်အပြုံးတစ်ခုဖြစ်ပေါ်လာပြီး စကားပြန်မပြောခဲ့ပေ။
ရှောင်ယုသည် မြို့ရိုးနံရံပေါ်မှနေ၍ သူတို့အားတိုက်ခိုက်မယ့် ပုရွက်ဆိတ်လိုအုံနေသော ပူးပေါင်းတပ်ကိုကြည့်လိုက်မိသည်။ ရှောင်ယုသည် ရန်များကိုကြည့်နေရသည်ထက် စစ်ရေးချီတက်ပွဲတစ်ခုအားကြည့်နေရသလို ထင်မှတ်နေခဲ့သည်။ ဒူပြည်နယ်၏သခင်ဟောင်းဖြစ်သူ ချာထိုက်သည် ရှောင်ယု၏ဘေးနား၌ရပ်နေခဲ့သည်။
" မင်းက ဒီလောက်ထိအောင်မြင်နေတာ အံ့သြစရာတော့မဟုတ်တော့ဘူး ... မင်းကတော်တော်အေးဆေးတည်ငြိမ်နေတာပဲ ... စစ်ပွဲမစခင် မင်းကဘာမဆိုလုပ်နေတာလား "
ချာထိုက်ကပြောလိုက်သည်။
" အစ်ကိုချာထိုက်က ငါ့ကိုချီးမြှောက်နေတာပဲ ... ငါကသာမန်လူတစ်ယောက်ပါဘဲ ... ခုလိုအချိန်မျိုးမှာကြောက်ရွံ့နေတာက အဓိပ္ပါယ်မရှိဘူးဆိုတာက်ိုပဲ ငါသိထားတယ် ... ခုလိုအခြေအနေမျိုးမှာ အနားယူပြီးကောင်းကောင်းစားသောက်နေတာ ပ်ိုကောင်းပါတယ် "
ရှောင်ယုက ဝိုင်သောက်ရင်းပြောလိုက်သည်။ ရန်သူတပ်များသည် သူတို့ရှေ့ထိရောက်လာသော်လည်း မတိုက်ခိုက်ကြသေးသည့်အတွက် သူတို့အားမတ်တပ်ရပ်ကာ စောင့်ဆိုင်းနေရခြင်းသည်အဓိပ္ပါယ်မရှိပေ။
" တပ်သားတွေကို ထိုင်ပြီးအနားယူဖို့အမိန့်ပေးတယ် ... ရန်သူတွေတိုက်ခိုက်လာတဲ့အချိန်ကျမှ မတ်တပ်ရပ်နိုင်တယ် "
ရှောင်ယုသည် မူလီကိုကြည့်ရင်းပြောလိုက်သည်။ မူလီသည် ခေါင်းညိတ်ပြလိုက်ကာ တပ်ဖွဲ့များကိုအမိန့်ပေးလိုက်သည်။ သူသည် ရှောင်ယုနှင့်အချိန်အတော်ကြာအောင်လက်တွဲခဲ့သည့်အတွက် ရှောင်ယု၏စစ်ဆင်ရေးပုံစံနှင့် အတော်လေးရင်းနှီးကျွမ်းဝင်မှုရှိပေသည်။
" အစ်ကိုထိုက်...ဒီရက်ပိုင်းအတွင်း ငါခရီးတစ်ခုထွက်ဖို့ရှိတယ် ... ငါမရှိတဲ့အချိန်အတွင်း ငါ့ရဲ့နယ်မြေက်ိုမင်းကောင်းကောင်းဂရုစိုက်ထားပေး "
ရှောင်ယုသည်ပြောပြောဆိုဆိုဖြင့် ပါးစပ်ထဲသို့သစ်သီးခြောက်တစ်ခုပစ်ထည့်လိုက်သည်။ ချာထိုက်သည် ခြင်္သေ့မြို့၌အချိန်အတော်ကြာအောင်နေထိုင်ခဲ့ပြီးနောက် သူ၏ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာ၍ ရှောင်ယုသည်သူ့အားအလုပ်တစ်ခုပေးရန် စီစဉ်နေခဲ့သည်။ ချာထိုက်သည် နယ်မြေသခင်တစ်ယောက်ဖြစ်ပြီး အုပ်ချုပ်ရေးကိစ္စများအားကိုင်တွယ်ရာတွင် အကျွမ်းတဝင်ရှိပေသည်။ ထို့ကြောင့် ချာထိုက်ထံသို့အုပ်ချုပ်ရေးကိစ္စများကို ယာယီလွဲပြောင်းထားခြင်းက အိမ်တော်ထိန်းဟောင်၏ဖိအားများကို လျော့ချပေးနိုင်သည်။
" မင်းမရှိတော့ရင် ငါပုန်ကန်မှာကိုမင်းမကြောက်ဘူးလား ... "
ချာထိုက်က ရှောင်ယုကိုကြည့်၍မေးမြန်းလိုက်သည်။ ရည်မှန်းချက်ကြီးမားသူများသည် အခွင့်အရေးရသည်နှင့် တော်လှန်ပုန်ကန်ပြီး ထီးနန်းကိုသိမ်းပိုက်ရန်ကြိုးစားကြသည်မှာ ပုံမှန်သာဖြစ်သည်။ ရှောင်ယုသည် အဘယ်ကြောင့်သူ့အား အုပ်ချုပ်ရေးတာဝန်ကိုလွဲပြောင်းပေးရသနည်း။
ရှောင်ယုက သူ့အားလျစ်လျူရှုထားသောလေသံဖြင့် ပြန်ပြောလိုက်သည်။
" ဒါကထိုက်တန်တယ်လို့ မင်းထင်ရင် မင်းဆက်လုပ်လို့ရတယ် "
ချာထိုက်သည် ရှောင်ယု၏စကားကြောင့် အံ့သြသွားခဲ့သော်လည်း ခဏလောက်စဉ်းစားအပြီး၌ပြန်ပြောလိုက်သည်။
" မင်းပြောတာအမှန်ပဲ ... ငါ့မှာပုန်ကန်ဖို့အတွက် လုံလောက်တဲ့အင်အားမပိုင်ဆိုင်ထားဘူး ... အာဏာကိုသိမ်းပိုက်ဖို့က အန္တာရယ်အရမ်းကြီးပြီးတော့ အောင်မြင်န်ိုင်ဖို့အခွင့်အရေးအရမ်းကိုနည်းတယ် ... မင်းနောက်ကိုလိုက်တာကပဲ အကောင်းဆုံးရွေးချယ်မှုလို့ငါထင်တယ် "
ချာထိုက်သည် ငတုံးတစ်ယောက်မဟုတ်သော်လည်း လက်ရှိအခြေအနေအရ သူ့ထံတွင်ရွေးချယ်ခွင့်လုံးဝမရှိကြောင်း သိထားပေသည်။
အမှန်တော့ ရှောင်ယုက ချာထိုက်အားပုန်ကန်ရန်အတွက် လုံးဝအတွေးမရှိစေရန် သေချာအောင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ချာထိုက်သည်ရှောင်ယု၏နောက်သို့ လိုက်ပါရန်သာဆုံးဖြတ်ခဲ့ပြီး ရှောင်ယုကသာပိုမိုမြင့်မားသောအဆင့်တစ်ခုသို့ ရောက်ရှိခဲ့မည်ဆိုပါက သူ၏အနာဂတ်သည်လည်း အကန့်အသတ်မရှိတော့မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ချာထိုက်သည် ရှောင်ယုအားမချီးကျူးပဲမနေနိုင်ခဲ့ပေ။ ရှောင်ယုနေရာတွင် အခြားတစ်ယောက်ဆိုပါက သူအဝေး၌ရှိနေစဉ် သူစိမ်းတစ်ယောက်ကိုနယ်မြေအုပ်ချုပ်ခွင့်ပေးခဲ့မှာမဟုတ်ပေ။ ဤသို့သောဆုံးဖြတ်ချက်မျိုးအား ချမှတ်ရန်အတွက်စိတ်ဓာတ်ပြတ်သားရန်လိုအပ်ပေသည်။
ရှောင်ယုသည် ယခုအချိန်၌ အရာရာကိုလျစ်လျူတတ်သော လူရမ်းကားတစ်ယောက်လိုပြုမူနေခဲ့သည်။ သို့သော်လည်း ချာထိုက်သည် ရှောင်ယု၏အကြောင်းကိုပိုမိုသိရှိလာလေလေ ရှောင်ယု၏လက်ဝါးအတွင်းဆုပ်ကိုင်ထားသည့် အရာများကိုပိုမိုသိရှိလာလေလေဖြစ်သည်။ သူတို့အကြားတွင် ကြီးမားသည့်ကွာဟချက်တစ်ခုရှိနေပေသည်။
" စစ်ပွဲမှာအနိုင်ရဖို့အတွက် မင်းဆီမှာအလားအလာဘယ်လောက်တောင်ရှိလဲ "
ချာထိုက်ကမေးမြန်းလိုက်သည်။ သူ၏အနာဂတ်သည် ရှောင်ယုနှင့် အနည်းနှင့်အများဆက်စပ်နေကြောင်း သူသိရှိနားလည်ထားပေသည်။
" မင်းကောဘယ်လိုထင်လဲ ... "
ရှောင်ယုက မေးခွန်းတစ်ခုသာပြန်လည်မေးမြန်းလိုက်သည်။
ချာထိုက်သည် အချိန်အတော်ကြာအောင်စဉ်းစားပြီးမှ ပြန်ဖြေခဲ့သည်။
" အခြေအနေတွေက အကောင်းဘက်မှာရှိမနေဘူး ... လက်ရှိအချိန်မှာ ကနေဒီမိသားစုက အရမ်းကိုအားကောင်းနေတယ် ... ပြီးတော့သူတို့က ဘုရားကျောင်းရဲ့အထောက်အပံ့ကိုလည်းရထားတယ်ဆိုတော့ ငါသေချာမပြောတတ်ဘူး "
ရှောင်ယုက ပေါ့ပေါ့ပါးပါးရယ်မောလိုက်သည်။
" မင်းပြောတာမှားတယ် ... ငါတို့အောင်ပွဲရမယ့်အလားအလာက ၁၀၀ရာခိုင်နှုန်းပဲ "
" ဘာလို့လဲ ... "
ရှောင်ယု၏ယုံကြည်မှုနောက်ကွယ်က အဓိကအကြောင်းရင်းက်ို ချာထိုက်နားမလည်ခဲ့ပေ။
ရှောင်ယုသည် ဝိုင်ကိုခွက်ထဲထည့်ရင်း မေးလိုက်သည်။
" ဒီခွက်မှာဝိုင်ဘယ်လောက်ရှိလဲ "
ချာထိုက်ကပုခုံးတွန့်ပြလိုက်သည်။
" အပြည့်ရှိတယ် "
ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်ကာ ခွက်ထဲရှိဝိုင်များကိုတစ်ကျိုက်တည်းဖြင့် မော့ချလိုက်သည်။
" ခုကော ...ခွ က်ထဲမှာဝိုင်ဘယ်လောက်ရှိသေးလဲ "
ချာထိုက်သည် အံ့သြသွားခဲ့သည်။
" ဗလာဖြစ်သွားပြီ "
" ဟုတ်တယ် ... အဲ့ဒါဆိုရင်ခွက်အပြည့်နဲ့အလွတ်ကြားက ကွာခြားချက်ကဘာလို့ထင်လဲ "
" ရှောင်ယုကမေးလိုက်သည် "
ချာထိုက်သည် ရှောင်ယု၏မေးခွန်းနောက်ကွယ်မှ အဓိပ္ပါယ်ကိုနားမလည်သည့်အတွက် ခေါင်းခါပြလိုက်သည်။
ရှောင်ယုသည် ချာထိုက်ကိုစိုက်ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
" ခွက်အပြည့်နဲ့အလွတ်ကြားက ကွာခြားချက်ဟာ အချိန်ကာလပဲ ... အောင်နိုင်ခြင်းနဲရှံးနိမ့်ခြင်းဟာလည်း အဲ့ဒါနဲ့အဓိပ္ပါယ်တူတူပဲ ... အရာအားလုံးဟာလျှပ်တပြက်အတွင်း ဖြစ်ပျက်သွားလိမ့်မယ် ... ငါတို့ဒီတစ်ကြိမ်မှာအစွမ်းကုန်ထုတ်ရလိမ့်မယ် ... ငါတို့ရှုံးရင်တော့ဘာမှရမှာမဟုတ်ဘူး ... ဒါပေမဲ့ငါတို့သာအနိုင်ရခဲ့ရင်တော့ အရာအားလုံးက်ိုရရှိလိမ့်မယ် ... ဒါဆိုမှတော့ငါတို့က ဘာကိုကြောက်နေရမှာလဲ "
ချာထိုက်သည် တစ်စုံတစ်ခုကိုနားလည်သွားပုံဖြင့် ညည်းညူမိလိုက်သည်။
" အနိုင်ရသည်ဖြစ်စေ အရှံးပေးရသည်ဖြစ်စေ ဘယ်အရာမဆိုဖြစ်ပျက်သွားနိုင်တာပဲ .... ခုလ်ိုအခြေအနေမှာငါတို့အောင်ပွဲရဖို့သေချာတယ် "
ဘန်း...ဗုံး...ဘန်း...ဗုံး
ရန်သူတပ်များသည် စစ်ပွဲစည်တော်များကို စတင်တီးခတ်လာကြပြီး ခြင်္သေ့မြို့ထံသို့ဖြေးညင်းစွာ ချီတက်လာခဲ့ကြသည်။ စစ်ပွဲသည် တစ်လကျော်ကြာရပ်နားနေပြီးနောက် ပြန်လည်စတင်လာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဤတစ်ကြိမ်တိုက်ခိုက်မှုသည် ယခင်အကြိမ်များနှင့်ကွဲပြားနေခဲ့သည်။ ဤတိုက်ပွဲသည် အနိုင်အရှုံးကို ဆုံးဖြတ်ပေးမယ့်စစ်ပွဲဖြစ်သည်။ မည်သူကမှ အကြာကြီးစောင့်ဆိုင်းမနေလိုတော့ပေ။ ရောဘတ်သည် ခြင်္သေ့မြို့ကိုလိုချင်ပြီး ဘုရားကျောင်းသည် အူသာက်ိုအလိုရှိနေခဲ့သည်။ သူတို့နှစ်ဦးကြား ငြင်းခုံနေစရာအကြောင်းမရှိတော့ပေ။
သတ်ကြ ...
ကနေဒီမိသားစု၏တပ်သားများသည် အော်ဟစ်မြည်ကြွေးကာ မြို့ရိုးဆီသို့ပြေးဝင်သွားကြသည်။ ဘုရားကျောင်း၏ပါလာဒင်များက သူတို့အားကောင်းချီးပေးနေသောကြောင့် သူတို့၏ခန္ဓာက်ိုယ်များသည် ရွှေရောင်အလင်းတန်းများဖြင့် စတင်တောက်ပလာခဲ့တော့သည်။
" မြင့်မြတ်သောအလင်းသည် သင်နဲ့အတူရှိတော်မူ၏ ... မကောင်းဆိုးဝါးခြင်္သေ့မြို့ကို သုတ်သင်ချေမှုန်းပစ်ကြ ... နတ်ဆိုးတွေကိုသတ်ဖြတ်ကြ "
ခေးစ်၏အသံသည် စစ်မြေပြင်တလျှောက်၌ ပဲ့တင်ထပ်သွားခဲ့တော့သည်။
သို့သော်လည်း ရွှေရောင်အလင်းတန်းတစ်ခုကျဆင်းလာပြီး ခြင်္သေ့မြို့ရိုးပေါ်မှလူတိုင်းကို ဝန်းရံလာသည်အားမြင်တွေ့လိုက်ရသောအခါတွင် ခြင်္သေ့မြို့ထံချီတက်လာကြသောစစ်သားများသည် အံ့အားသင့်သွားကြသည်။ ထိုအလင်း၏စွမ်းအားကြောင့် ရန်သူစစ်သားများသည် ပြိုကျလုနီးပါးဖြစ်သွားကြသည်။
" ငွေလက်ရဲ့အမိန့်ကို တဖန်ပြန်လည်ပြီးတည်ထောင်ခဲ့ပြီ ... ကြီးမြတ်သောအူသာသည် သူတို့ကိုဦးဆောင်ရန်ပြန်လည်ထွက်ပေါ်လာခဲ့ပြီ ... ဘုရားကျောင်းရဲ့အယူမှားတွေနဲ့ ဖုံးကွယ်ခံထားရတဲ့ပါလာဒင်တွေ ... တကယ့်အူသာအစစ်ကဘယ်သူလဲဆိုတာ ကြည့်လိုက်ကြ ... ပါလာဒင်တွေရဲ့ခေါင်းဆောင်အစစ်က ဘယ်သူလဲဆိုတာကြည့်ကြ "
မြို့ရိုးပေါ်မှနေ၍ ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။ရှောင်ယုသည် ငွေရောင်လက်၏အမိန့်တော်ကိုတဖန်ပြန်လည်တည်ထောင်ရန် အူသာကိုအသုံးပြုခဲ့သည်။ ဘုရားကျောင်းသည် သွေးနီရောင်ခရူးဆိတ်များအားတည်ထောင်ခဲ့သည့်သတင်းကိုကြားချိန်တွင် သူသည်ငွေရောင်လက်၏အမိန့်ကိုတည်ထောင်ရန် အကြံရခဲ့သည်။ရှောင်ယုသည် ယုံကြည်သက်ဝင်သူများကို စုစည်းကာဘုရားကျောင်းကဲ့သို့ အဖွဲ့အစည်းတစ်ခုကိုတည်ထောင်၍ ဘုရားကျောင်းကိုရင်ဆိုင်မည်ဖြစ်သည်။ လက်ရှိဘုရားကျောင်းကသာ ရှောင်ယု၏အကြံအစည်ကိုသိသွားပါက ရှောင်ယုအား အယူလွဲမှားနေသူအဖြစ်သတ်မှတ်ကျိန်ဆဲကြမည်ဖြစ်သည်။
ခေးစ်သည် မြို့ရိုးပေါ်ရှိ ငွေရောင်လက်၏အမိန့်တော်ကိုမြင်တွေ့ချိန်၌ သူ၏မျက်နှာသည်ဒေါသကြောင့်နီရဲသွားခဲ့သည်။ မြို့စားရှောင်ယုသည် ငွေရောင်လက်၏အမိန့်တော်ကိုဖွဲ့စည်းဝံ့သည်ထိ သတ္တိကောင်းလှပေသည်။ ထိုအပြုအမူသည် ပါလာဒင်များကိုအကြီးအကျယ်စော်ကားလိုက်ခြင်းဖြစ်ပြီး ဤနတ်ဆိုးကိုသတ်ဖြတ်ကာ အပြစ်ပေးရမည်ဖြစ်သည်။
" ဘာသာခြားတွေကိုသတ်ကြ ... သူတို့ကိုသုတ်သင်ပစ်ရမယ် ... အလင်းနတ်ဘုရားကိုစော်ကားနေတဲ့ ဘာသာခြားတွေကိုမသတ်ဖြတ်နိုင်ဘူးဆိုရင် အူသာရဲ့ကျေးဇူးတော်က ငါတို့ကိုဘာလို့အကာအကွယ်ပေးနေဦးမှာလဲ ... "
ခေးစ်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
မည်သို့ပင်ဆိုစေ မြို့ရိုးပေါ်ရှိအော်ဟစ်သံများကလည်း ရပ်တန့်မသွားခဲ့ပေ။ အူသာ၏ကောင်းချီးအလင်းရောင်သည် သာမန်စစ်သားများပေါ်သို့ ကျရောက်နေသည့်အချိန်တွင် သူတို့အားလုံးသည်စိတ်ဓာတ်တက်ကြွစွာဖြင့် အော်ဟစ်ကြွေးကြော်နေခဲ့ကြသည်။
ဘုရားကျောင်း၏ပါလာဒင်များသည် ခြင်္သေ့မြို့ရှိအူသာထွက်ပေါ်လာခြင်းက ဘုရားကျောင်းကိုအတိအလင်းစော်ကားခြင်းဖြစ်သည်ဟု ယုံကြည်မိသွားကြ၍ အလွန်ဒေါသထွက်သွားခဲ့သည်။
" အလင်းသယ်ဆောင်သူ ... "
ထိုအချိန်၌ ခြင်္သေ့မြို့ရိုးပေါ်တွင် ဧရာမရွှေရောင်ရုပ်သွင်ပြင်တစ်ခုပေါ်ထွက်လာခဲ့သည်။ ထိုရုပ်သွင်၌ အတောင်ပံများပါရှိပြီး အစွမ်းထက်သောအလင်းရောင်သည် သူ၏ခန္ဓာကိုယ်မှတိုးထွက်လာကာ တစ်စုံတစ်ခုက်ိုအော်ဟစ်နေပုံရသည်။