အခန်း (၃၃၇-၃၃၉)
Vol. 23 Ch. 337-339
အခန်း ၃၃၇ - ပေါက်ကွဲနိင်သောမြှားများ
ဧရာမအောစ့်များသည် ကျောက်တုံးနက်မျိုးနွယ်အောစ့်များအပေါ်၌ ကနေဒီမိသားစု၏မှော်ဆရာများမှ နတ်ဆ်ိုးမှော်ပညာများအသုံးပြုချိန်၌ ထွက်ပေါ်လာသောရလဒ်ဖြစ်သည်။
ရှေးခေတ်အချိန်က ကျောက်တုံးနက်မျိုးနွယ်စုတွင် ကျောက်တုံးနက်အောစ့်များ၏ တိုက်ခိုက်ရေးစွမ်းအားကို မြင့်တင်ရန်အတွက် အောက်လမ်းမှော်ပညာက်ို လေ့လာဆည်းပူးရန်အားစိုက်ထားသည့် နတ်ဆ်ိုးဆန်သောစစ်ပွဲမှော်ဆရာများ ရှိခဲ့သည်။ ထိုစစ်ပွဲမှော်ဆရာများသည် စွမ်းအားကိုလိုချင်တပ်မက်စိတ်ဖြင့် နတ်ဆရာများ၏ အယူဝါဒက်ိုမလိုက်နာတော့ပေ။ သူတို့သည် ခွန်အားနှင့်စွမ်းအားအတွက် အရာအားလုံးက်ိုပေးချေနိုင်သည်။
သို့ရာတွင် အောစ့်မျိုးနွယ်စုအားလုံးသည် နှစ်ပေါင်းထောင်ချီ ကျဆင်းနေခဲ့သည်။ ထိုမျိုးနွယ်စုများတွင် စစ်ပွဲတေးသံ ၊ နှင်းဝံပုလွေနှင့် အနက်ရောင်ကျောက်တုံးမျိုးနွယ်စုများလည်း အလားတူပင်ဖြစ်သည်။ ထိုကဲ့သို့တားမြစ်မှော်ပညာများကို ရှေးခေတ်စစ်ပွဲမှော်ဆရာများက တီထွင်ဖန်တီးခဲ့သော်လည်း ကျောက်တုံးနက်မျိုးနွယ်၌ ထိုတားမြစ်မှော်ပညာကိုအသုံးပြုနိုင်သော စစ်ပွဲမှော်ဆရာမရှိခဲ့ပေ။ ထို့ပြင် သူတို့၏စွမ်းအားဖြင့်မဝင်ရောက်နိုင်သောနေရာ၌ တားမြစ်မှော်ပညာကိုသိုဝှက်ထားခဲ့သည်။ ကနေဒီမိသားစုသည် ကျောက်တုံးနက်မျိုးနွယ်ကိုတွေ့ရှိပြီးနောက် မှော်ပညာ၏အသေးစိတ်အချက်အလက်များက်ို ရှာဖွေရန်အတွက် သူတို့၏မှော်ဆရာများကို စေလွှတ်ခဲ့သည်။
ထိုတားမြစ်မှော်ပညာသည် ထူးခြားသောမှော်ပညာတစ်ခုဖြစ်သည်။ ထိုမှော်ပညာကိုအသုံးပြုခံရသူသည် ဆိုးသွမ်းပြီးဖျက်ဆီးလိုစိတ်များဖြင့် ပြည့်နှက်သွားတတ်သည်။ ထို့ပြင် အောက်လမ်းမှော်ပညာကိုအသုံးပြုသည့်အခါတိုင်း ကြီးမားသည့်တန်ဖိုးတစ်ရပ်ကို ပေးချေရတတ်ပြီး လူပေါင်းများစွာ၏အသက်ကိုပေးဆပ်ကာ ယဇ်ပူဇော်စတေးရသည်။ ထို့ကြောင့် တိုက်ကြီးတခွင်တွင် အောက်လမ်းမှော်ပညာကိုအသုံးပြုသူ အလွန်ရှားပါးလှပြီး အောက်လမ်းမှော်ဆရာတိုင်းကို ဖြောင့်မတ်သောသူရဲကောင်းများက လိုက်လံရှာဖွေသတ်ဖြတ်ကြသည်။
ကနေဒီမိသားစု၏ မှော်ဆရာများသည် လျှို့ဝှက်နေရာမှ တားမြစ်မှော်မန္တန်ကိုရရှိပြီးနောက်တွင် စတင်လေ့လာခဲ့ကြသည်။ ထို့နောက်တွင် ကျောက်တုံးနက်အောစ့်များ၏ ခွန်အားနှင့်စွမ်းအားကိုမြင့်တင်ပေးနိုင်သည့် နည်းလမ်းတစ်ခုကိုရှာတွေ့ခဲ့သည်။ ထိုနည်းလမ်းသည် နတ်ဆရာများ၏ သွေးဆာခြင်းကျွမ်းကျင်မှုနှင့် မြေကမ္ဘာတိုတမ်၏ ခွန်အားကောင်းချီးနှင့်ဆင်တူသော်လည်း ဤတားမြစ်မှော်ပညာသည် ထိုအစွမ်းနှစ်ခုလုံး၏အကျိုးသက်ရောက်မှုထက် ၃ဆပိုမိုတိုးမြင့်စေသည်။
သို့သော်လည်း နတ်ဆရာများသည် သဘာဝတရားနှင့်လိုက်ဖက်ညီ၍ သူတို့အသုံးပြုသည့် ကျွမ်းကျင်မှုများသည် လက်ခံသူအားမထိခိုက်စေကြောင်း သတိပြုရမည်ဖြစ်သည်။ ဤတားမြစ်မှော်ပညာကမူ အသုံးပြုခံရသူအား ကြီးမားသောဆိုးကျိုးကိုသက်ရောက်စေသည်။ အဆုံးသတ်တွင် တားမြစ်မှော်ပညာသည် သွေးဆာခြင်းထက် ပိုမိုအားကောင်းပေသည်။ ထိုမှော်ပညာကြောင့် အောစ့်များ၏ကိုယ်ထည်သည် ပိုမိုကြီးမားလာကာ စူပါအောစ့်များဖြစ်လာစေသည်။
မည်သို့ပင်ဆိုစေ တားမြစ်မှော်ပညာအားအသုံးပြုစေနိုင်ရန်အတွက် ပထမဆုံးနှင့်အရေးအကြီးဆုံးအချက်မှာ သွေးများစွာလိုအပ်ခြင်းဖြစ်သည်။ အသုံးပြုရမယ့်သွေးသည် အသိဉာဏ်အမျှော်အမြင်နှင့်ပြည့်စုံသောသက်ရှိများထံမှ ရယူရမည်ဖြစ်၍ ထိုသွေးကို အဆင့်မြင့်သားရဲများနှင့် လူသားများထံမှထုတ်ယူရသည်။ အဆင့်မြင့်သားရဲများကို ဖမ်းဆီးရန်အလွန်ခက်ခဲသောကြောင့် တစ်ခုတည်းသောရွေးချယ်မှုမှာ လူသားများကိုအသုံးပြုရန်ဖြစ်သည်။ လူသားတို့၏ကြောက်ရွံ့မှုသည် ပိုမ်ိုမြင့်မားလေလေ ယဇ်ပူဇော်မှုကပိုမိုထိရောက်လေလေဖြစ်သည်။ သို့ဖြစ်ရာ ယဇ်ပူဇော်ရာ၌ ရာထူးနိမ့်သောစစ်သားများနှင့်သာမန်စစ်သားများကိုသာ အသုံးပြုခဲ့သည်။ အထူးသဖြင့် ဝေပြည်နယ်၏စစ်သားများကို ယဇ်ပူဇာ်ရန်အတွက်အဓိကအသုံးပြုခဲ့သည်။
သို့သော် ဤမှော်ပညာ၍အားနည်းချက်တစ်ခုရှိသည်။ လက်ရှိအချိန်၌ ဧရာမအောစ့်များသည် သွေးဆာ၍ကြမ်းတမ်းခက်ထန်နေသော်လည်း အဆုံးသတ်တွင် သူတို့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများသည် ဤဖြစ်စဉ်ကိုတောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲသေဆုံးရမည်ဖြစ်သည်။
ကနေဒီမိသားစု၏ လေ့လာချက်များအရ လူသားစစ်သည်များ၏ခန္ဓာကိုယ်သည် ဤမှော်ပညာကိုအသုံးပြုခံရရန်အတွက် လုံလောက်သောကြံ့ခိုင်သန်မာမှုမရှိကြောင်း နားလည်သဘောပေါက်ခဲ့ကြသည်။ သို့ဖြစ်ရာ ခန္ဓာကိုယ်အားကောင်းသည့် ကျောက်တုံးနက်အောစ့်များကို ရွေးချယ်ခဲ့ကြသည်။ ကျောက်တုံးနက်အောစ့်များသည် ဤစမ်းသပ်မှုအား မကန့်ကွက်ခဲ့သည့်အပြင် အတတ်နိုင်ဆုံးထောက်ပံ့ပေးခဲ့သည်။ ဤမှော်ပညာဖြင့်ဆိုပါက ကျောက်တုံးနက်မျိုးနွယ်သည် တိုက်ကြီးပေါ်၌တဖန်ပြန်လည် ကျော်ကြားလာမည်ဟု သူတို့ယုံကြည်မှုရှိကြသည်။ သို့သော်လည်း ကျောက်တုံးနက်မျိုးနွယ်တွင် ဤမှော်ပညာကိုအသုံးပြုရန် လုံလောက်သောစစ်ပွဲမှော်ဆရာများမရှိ၍ ကနေဒီမိသားစုနှင့်လက်အောက်ခံအဖြစ် စာချုပ်ချုပ်ဆိုခဲ့သည်။
ကနေဒီမိသားစုသည် ယနေ့ခြင်္သေ့မြို့အားတိုက်ခိုက်ရန်အတွက် ဤတားမြစ်မှော်ပညာကို အသုံးပြုရန်ဆုံးဖြတ်လိုက်သည်။ ကျောက်တုံးနက်အောစ့်များသည် သူတို့အားသေခြင်းတရားကစောင့်မျှော်နေပြီဖြစ်ကြောင်း သိလိုက်သော်လည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ သူတို့အတွက် တိုက်ပွဲနှင့်အောင်ပွဲသည် သူတို့အလိုရှိသောအရာများဖြစ်သည်။
ကျောက်တုံးနက်အောစ့်များသည် စစ်မြေပြင်၌ သူတို့၏ရန်သူတော်သရောလ်က စစ်ပွဲတေးသံနှင့်နှင်းဝံပုလွေမျိုးနွယ်စုတို့အား ဦးဆောင်တိုက်ခိုက်နေသည်ကို မြင်သည့်အချိန်၌ အမုန်းတရားများဖြစ်ပေါ်လာခဲ့သည်။
သာမန် ကျောက်တုံးနက်အောစ့်များသည် ရှောင်ယု၏အောစ့်စစ်သည်များနှင့်ယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ယုထံ၌ နတ်ဆရာများ ၊ ကိုဒိုသားရဲများနှင့်တိုက်ခိုက်ရေးအစွမ်းကိုတိုးမြင့်ပေးနိုင်သော ကျွမ်းကျင်မှုများကိုအသုံးပြုပေးနေသည့် ခိုင်ရင်းတို့ရှိနေ၍ဖြစ်သည်။ ထို့ကြောင့် သာမန်ကျောက်တုံးနက်အောစ့်များသည် ရှောင်ယု၏တပ်ဖွဲ့ကိုမဆန့်ကျင်နိုင်ခဲ့ပေ။ သို့သော်လည်း တားမြစ်မှော်ပညာကိုအသုံးပြုပြီးနောက်တွင် တိုက်ပွဲဒီရေသည် ချက်ချင်းပြောင်းလဲသွားကာ ဧရာမအောစ့်များက ခြင်္သေ့မြို့ကိုဖိအားများစွာပေးလာခဲ့သည်။
အကယ်၍ တောင်ဘီလူးများ ၊ ရိုင်ဖယ်သမားများနှင့်လမင်းပစ်ခတ်သူများကြောင့်မဟုတ်ပါက ဧရာမအောစ့်များသည် မြို့ရိုးကိုအလွယ်တကူသိမ်းပိုက်ခဲ့ပြီးဖြစ်သည်။
မည်သို့ပင်ဆိုစေ ဧရာမအောစ့်ရာချီရှိနေသည့် ခြင်္သေ့မြိုကိုသိမ်းပိုက်နှိမ်နင်းရင် အချိန်ကြာမြင့်စွာလိုအပ်မည်မဟုတ်ပေ။
အားဂီးး ...
ဧရာမအောစ့်တစ်ကောင်သည် တောင်ဘီလူးများ၏ ပိတ်ဆို့မှုကိုဖြတ်ကျော်ကာ မြို့ရိုးဆီသို့အပြေးအလွှားဝင်ရောက်သွားပြီး မြို့ရိုးပေါ်သို့ခုန်တက်သွားခဲ့သည်။ သို့သော်လည်း ထိုဧရာမအောစ့်သည် ကျယ်လောင်စွာမဟိန်းဟောက်နိုင်မှီ မြို့ရိုးပေါ်၌ကြာရှည်စွာမရပ်တည်နိုင်ခဲ့ပေ။
ဘန်း ...
ဧရာမအောစ့်၏ရင်ဘတ်ပေါ်တွင် ကြီးမားသည့်အပေါက်ကြီးတစ်ခုဖြစ်ပေါ်လာ၍ ခေါင်းငုံ့ကာထိုအပေါက်ကို ကြည့်လိုက်မိသည်။ သူ့လက်ထဲမှသံတူကြီးသည် မြို့ရိုးပေါ်မှနေ၍ ပြုတ်ကျသွားခဲ့ပြီးနောက်တွင် ဧရာမအောစ့်သည်လည်းနောက်ပြန်လဲကျ၍ မျှော်စင်တစ်ခုကိုပိကျပျက်စီးစေခဲ့သည်။
တိုင်ရန်ဒီသည် လောင်မြိုက်မြှားတံကို မှော်ဖောက်ခွဲရေးမြှားဖြင့်ပူးတွဲအသုံးပြုပြီးနောက်တွင် ဧရာမအောစ့်တစ်ကောင်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။
နောက်ထပ်ပြေးဝင်လာသော ဧရာမအောစ့်၂ကောင်သည် တိုင်ရန်ဒီ၏ပစ်ချက်နှစ်ခုဖြင့် ထပ်မံသေဆုံးသွားရသည်။ ပထမအောစ့်သည် အစာအိမ်ကိုထိမှန်ခံရပြီးနောက် သူ၏အတွင်းအင်္ဂါများအားလုံးသည် အစအနမကျန်ပျက်စီးသွားခဲ့ရသည်။ တိုင်ရန်ဒီသည် လောင်မြိုက်မြှားတံကိုအသုံးမပြုခဲ့၍ ထိုဧရာမအောစ့်သည်ချက်ချင်းမသေဆုံးခဲ့သော်လည်း ထိုဧရာမအောစ့်သည်ဆက်လက်မတိုက်ခိုက်နိုင်တော့ပေ။
ဘန်း ... ဗုံး ...
မှော်ဖောက်ခွဲရေးမြှားများသည် ဧရာမအောစ့်များကို ဆက်တိုက်ထိမှန်၍ စစ်မြေပြင်၌ပေါက်ကွဲသံများ ပဲ့တင်ထပ်လာခဲ့သည်။
" အဲ့ဒါ မှော်ဖောက်ခွဲရေးမြှားတွေလား ... ဘာလို့အဲ့လောက်အများကြီးရှိနေရတာလဲ ... အဲ့ဒါတွေကအရမ်းကိုအဖိုးတန်ပြီးတော့ ရှားပါးပစ္စည်းတွေနဲ့ပြုလုပ်ထားတာပဲ "
ပဥ္စမအဆင့်သူရဲကောင်းတစ်ဦးအနေဖြင့် တိုက်ပွဲအခြေအနေကိုမြင်တွေ့ချိန်တွင် သူကိုယ်တိုင်သာမက အခြားအဆင့်တူသူရဲကောင်းများသည်ထိုမြှားများကို မခုခံနိုင်ကြောင်း ခေးစ်နားလည်လိုက်သည်။
ကနေဒီမိသားစုမှ မှော်ဆရာများသည် စစ်မြေပြင်မှနေ၍ တစ်ယောက်ပြီးတစ်ယောက် စတင်ဆုတ်ခွာလာခဲ့ကြသည်။ အကယ်၍ သူတို့သာထိုမြှားများ၏ ပစ်မှတ်ထားခံရမည်ဆိုပါက အသက်ရှင်သန်ရန်ခက်ခဲကြောင်း သူတို့နားလည်ကြသည်။ တိုင်ရန်ဒီသည် မှော်ဖောက်ခွဲရေးမြှားများကိုဆက်တိုက်ပစ်နေပေရာ မှော်ဆရာများပြဿနာတက်ခဲ့ရသည်။ သူတို့အလှည့်သို့ကျရောက်လာပါက သူတို့၏အစောင့်များပင်မတားဆီးနိုင်ဘဲ သူတို့သေဆုံးရမည်ဖြစ်သည်။
တိုင်ရန်ဒီသည် မှော်ဆရာများကိုတိုက်ခိုက်ရန် အစီအစဉ်မရှိခဲ့ပေ။ သူမသည် ဧရာမအောစ့်များကိုသာ အာရုံစိုက်ထားခဲ့သည်။ ဧရာမအောစ့်များ၏ခြိမ်းခြောက်မှုသည် ယခုအချိန်၌မှော်ဆရာများထက် ပိုမိုမြင့်မားပေသည်။ ဧရာမအောစ့်များကိုသာ အချိန်မှီမဖယ်ရှားနိုင်ပါက ခြင်္သေ့မြို့ရိုးသည် အနည်းနှင့်အမြန်ပြိုကျသွားရမည်ဖြစ်သည်။
" မူရေး ... ဖာနန်ဒို ... အဲ့ဒီလေးသမားကိုဖယ်ရှားလိုက် ... "
ခေးစ်ကအမိန့်ပေးလိုက်သည်။ တိုင်ရန်ဒီသည် ယခုအချိန်တွင် သူတို့အောင်ပွဲရရှိရန်အတွက် အဓိကခြိမ်းခြောက်မှုဖြစ်ကြောင်း သူသိထားပေသည်။ ဤအတိုင်းသာဆက်ဖြစ်နေပါက ဧရာမအောစ့်များသည် အချိန်မတိုင်ခင်သေဆုံးသွားမည်ဖြစ်ကာ ခြင်္သေ့မြို့အားသိမ်းပိုက်ရန်လည်း အချိန်များစွာနှောင့်နှေးသွားမည်ဖြစ်သည်။
ခေးစ်သည် ဧရာမအောစ့်များကို ဂရုတစိုက်စစ်ဆေးပြီးနောက်တွင် ၎င်းတို့သည်စတုတ္ထအဆင့်သူရဲကောင်းများနှင့် ညီမျှကြောင်းနားလည်လိုက်သည်။ ထို့ပြင်သူတို့၏ခန္ဓာကိုယ်သည် ကြီးမားသွက်လက်သည့်အတွက် ထိုဧရာမအောစ့်များသည် စစ်မြေပြင်အတွက်ဖန်တီးထားသော လူသတ်စက်များကဲ့သို့ဖြစ်နေခဲ့သည်။ ထိုအောစ့်များသည် စစ်မြေပြင်၏ဘုရင်များအဖြစ် သတ်မှတ်နိုင်ပေသည်။
မူရေးသည် ရက်အတော်ကြာအောင်ကုသပြီးနောက်တွင် ပြန်လည်သက်သာလာခဲ့သည်။ အားသက်စ်တို့၃ယောက်၏ လက်ချက်ကြောင့်သူသည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ သို့သော် ပိန်လှီနေသောကုလားအုတ်သည် မြင်းထက်အရပ်မြင့်နေသေးသည်။ မူရေးသည် ပဥ္စမအဆင့်ပါလာဒင်တစ်ယောက်အဖြစ် သူ၏ခွန်အားကိုတစ်ဝက်ခန့်သာ အသုံးချနိုင်သော်လည်း စတုတ္ထအဆင့်စစ်သည်တစ်ဒါဇင်ခန့်ထက် ပိုမိုအသုံးဝင်ပေသည်။
မူရေးနှင့်ဖာနန်ဒိုတို့နှစ်ယောက်လုံးသည် မြို့ရိုးဆီသို့ တဟုန်ထိုးပြေးဝင်သွားကြသည်။ ဖာနန်ဒိုသည်တင်းပုတ်တစ်လက်ကို ကိုင်ဆောင်ထားကာ မူရေးသည်ကားဓားရှည်တစ်လက်ကိုကိုင်ဆောင်ထားသည်။ ဖာနန်ဒိုကိုင်ဆောင်သောတင်းပုတ်ကို ငရဲလောင်မီးဟုခေါ်ပြီး ပါလာဒင်များနှင့်သက်ဆိုင်သော ရှေးဟောင်းနေရာတစ်ခုမှ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ဖာနန်ဒိုသည် ဤလက်နက်အားအသုံးပြုနေချိန်၌ မူရေးထက်အနည်းငယ်ပိုမိုသန်မာပေသည်။
ပါလာဒင်နှစ်ယောက်သည် မြို့ရိုးဆီသို့ပြေးဝင်လာစဉ်တွင် ရွှေရောင်မီးတောက်များက သူတို့နှစ်ယောက်၏ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားခဲ့သည်။ ဘုရားကျောင်း၏တပ်သားများသည် သူတို့နှစ်ယောက်ကိုမြင်သောအခါ ကျယ်လောင်စွာအော်ဟစ်မြည်ကြွေးလိုက်ကြသည်။
" သေစမ်း ... "
မူရေးသည် တိုင်ရန်ဒီအားခုတ်ထစ်ရန်အတွက် သူ၏ဧရာမဓားရှည်ကြီးကိုဝှေ့ယမ်းလိုက်သည်။ သူတို့နှစ်ယောက်လုံးသည် စွမ်းအားကြီးမားသည့် ပါလာဒင်များဖြစ်ကြသည့်အတွက် သာမန်တပ်သားများသည် သူတို့နှစ်ယောက်အားတားဆီးရန် မဖြစ်နိုင်ပေ။
သူတို့နှစ်ယောက်လုံးသည် အလွန်သန်မာသည့်အတွက်ကြောင့် တိုင်ရန်ဒီအားသူတို့နှင့် အနီးကပ်တိုက်ခိုက်ခြင်းမပြုလုပ်ရန် ရှောင်ယုကသတိပေးတားမြစ်ထားသည်။ မူရေးနှင့်ဖာနန်ဒိုတို့သည် အနီးကပ်တိုက်ခိုက်ရေးပါလာဒင်များဖြစ်ကာ သူမသည်အဝေးပစ်တိုက်ခိုက်ရေး၌သာအားသန်ပေသည်။ ထို့ကြောင့် တိုင်ရန်ဒီသည်သူမ၏ကျားဖြူနှင့်အတူ အဝေးသို့ချက်ချင်းထွက်ပြေးခဲ့သည်။ မူရေးနှင့်ဖာနန်ဒိုတို့သည် သူမကိုလိုက်ဖမ်းရန်ကြိုးစားသော်လည်း ဧရာမရုပ်သွင်တစ်ခုက သူတို့၏ခြေလှမ်းများကိုတားဆီးခဲ့သည်။
ထိုရုပ်သွင်မှာ ခိုင်ရင်းပင်ဖြစ်သည်။
အခန်း ၃၃၈ - အတုလား အစစ်လား
ခိုင်ရင်းသည် အဆင့်၃၇တွင်ရှိကာ စတုတ္ထအဆင့်သူရဲကောင်းနှင့်ညီမျှပေသည်။
သို့သော်လည်း သူ၏ကိုယ်လုံးကိုယ်ပေါက်သည် အထွတ်အထိပ်စတုတ္ထအဆင့်သူရဲကောင်းထက် အဆပေါင်းများစွာပိုမိုအစွမ်းထက်ပေသည်။ သူသည်တိုက်ပွဲတစ်ခု၌ စတုတ္ထအဆင့်သူရဲကောင်းများစွာကို တပြိုင်နက်ရင်ဆိုင်န်ိုင်စွမ်းရှိသည်။
ခိုင်ရင်းသည် စစ်ပွဲစတင်ကတည်းက ရန်သူများကို အဆက်မပြတ်သတ်ဖြတ်နေခဲ့သည်။ သူ၏မျက်လုံးများသည် သွေးရောင်လွှမ်းနေပြီး မြို့ပြင်သို့ထွက်ကာ ရန်သူများကိုသတ်ဖြတ်လိုနေသော်လည်း ရှောင်ယုကသူ့အားဟန့်တားကာ မြို့ရိုး၌သာခုခံကာကွယ်ရန် အမိန့်ပေးခဲ့သည်။ စွမ်းအားကြီးရန်သူများတိုက်ခိုက်လာချိန်တွင် မြို့ရိုးအားခုခံကာကွယ်ရန် ခိုင်ရင်းကဲ့သို့အစွမ်းထက်သောသူရဲကောင်းများကို လိုအပ်ကြောင်း ရှောင်ယုနားလည်ပေသည်။
ခိုင်ရင်းသည် မြို့ရိုးပေါ်သို့ခုန်တက်လာသော ဧရာမအောစ့်များကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။ တစ်ဖက်တွင် သရောလ်သည် တိုတမ်အမျိုးမျိုးကိုအသုံးပြုကာ ခိုင်ရင်းကိုစွမ်းအားမြင့်တင်ပေးနေခဲ့သည်။
" ဟမ့် ... မောက်မာလိုက်တာ "
ဖာနန်ဒိုသည် ခိုင်ရင်းကိုကြည့်ရင်း မထီမဲ့မြင်ပြုနေသည့်လေသံဖြင့် ရေရွတ်လိုက်သည်။ သူသည် တင်းပုတ်ဖြင့်ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်မီးတောက်များက လျှံထွက်လာခဲ့သည်။ သို့သော်လည်း ထိုနွားလားသူရဲကောင်းသည် သူ၏တိုက်ခိုက်မှုအားရှောင်တိမ်းမည့်ပုံမပေါ်ဘဲ တားဆီးခုခံရန်အတွက် သူ၏ဧရာမပုဆိန်အားဝှေ့ယမ်းလိုက်သည်ကို ဖာနန်ဒိုတွေ့မြင်လိုက်ရသည်။
ဘန်း ....
တင်းပုတ်နှင့်ပုဆိန်တို့ ထိပ်တိုက်တွေ့ချိန်တွင် ခိုင်ရင်း၏ခြေထောက်အောက်ရှိ အုတ်ချပ်များသည်ပင်ကြေမွသွားသော်လည်း ခိုင်ရင်းကိုယ်တိုင်က ဒဏ်ရာမရခဲ့ပေ။ ပဥ္စမအဆင့်ပါလာဒင်သည် ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူတစ်ဦးဖြစ်ကာ ၎င်းကိုရင်ဆိုင်ဆန့်ကျင်နိုင်သူ အမြောက်အများမရှိပေ။
ဖာနန်ဒိုသည် ထိုတိုက်ခိုက်မှုမှတဆင့် ခိုင်ရင်း၏ခွန်အားကိုနားလည်သွားခဲ့သည်။ သူသည် ပဥ္စမအဆင့်ပါလာဒင်တစ်ယောက်ဖြစ်သော်လည်း ယနေ့ရောက်ရှိနေသောအဆင့်သို့ရောက်ရန် ငယ်စဉ်ကပင် ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ရသည်။ ဖာနန်ဒို၏ကိုယ်ခံပညာသည် အလွန်ထူးကဲကောင်းမွန်ပြီး ရှောင်ယုကဲ့သို့သောလူများက ရင်ဆ်ိုင်န်ိုင်စွမ်းမရှိပေ။ ရှောင်ယုသည် အဆင့်၃၁သို့ရောက်ရှိနေကာ စတုတ္ထအဆင့်သူရဲကောင်းနှင့်ညီမျှသော်လည်း သူသည်အမျိုးမျိုးသောသူရဲကောင်းများ၏ ကျွမ်းကျင်မှုများကိုပေါင်းစပ်အသုံးပြုကာ တိုက်ခိုက်ခြင်းဖြစ်သည်။ သူ့ထံတွင် ကိုယ်ခံပညာရှင်တစ်ယောက်၏ ခိုင်မာသောအုတ်မြစ်မရှိပေ။
ဒန် ... ဒန် ... ဒန်
ဖာနန်ဒိုနှင့်ခိုင်ရင်းတို့သည် ဆက်တိုက်ဆိုသလို မရပ်မနားတိုက်ခိုက်ခဲ့ကြသည်။ ဤတိုက်ပွဲတွင် ခိုင်ရင်းသည်အနိမ့်ဘက်၌ရှိနေသော်လည်း ဖာနန်ဒိုသည်ခိုင်ရင်းအား အချိန်တိုအတွင်းအနိုင်ရရှိရန် လွယ်ကူမည်မဟုတ်ပေ။ ခိုင်ရင်းသည် ဖာနန်ဒို၏လှုပ်ရှားမှုများကို နှောင့်ယှက်ရန်အတွက် တက်နင်းခြင်းနှင့်တုန်ခါမှုလှိုင်းတို့အား အသုံးပြုနေခဲ့သည်။ ဖာနန်ဒိုကမူ ခိုင်ရင်း၏တိုက်ခိုက်မှုများကို ရင်ဆိုင်ရန်အတွက် ကြက်ခြေခတ်ခုတ်ချက် ၊ တရားစီရင်မှုနှင့်အခြားကျွမ်းကျင်မှုများကို အသုံးပြုနေခဲ့သည်။
" ခိုင်ရင်းက သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး ... သူကဒီပါလာဒင်ကိုရင်ဆိုင်န်ိုင်ပေမဲ့ ဖာနန်ဒိုက မူရေးထက်စာရင်ပိုပြီးအစွမ်းထက်တယ် "
ရှောင်ယုသည် တိုက်ပွဲကိုစောင့်ကြည့်ရင်း ညည်းညူလိုက်သည်။ သူသည် မော်ကွန်းဝင်အဆင့်လက်နက်များအား စုဆောင်းရသည်ကိုအထူးဝါသနာပါပေသည်။ သူသည် အနောက်တိမ်တိုက်အင်ပါယာ၌ရှိစဉ်က ပါထျန်းမင်၏လက်နက်ကိုခိုးယူခဲ့ကာ အိုနေးလ်အားပြန်လည်ပေးအပ်ခဲ့သည်။
အိုနေးလ်သည် အနောက်တိမ်တိုက်အင်ပါယာ၌ ထို့ပါဟောင်အားကူညီရန်ချန်ရစ်ခဲ့ကာ မရပ်တန့်နိုင်သောစွမ်းအားကိုအသုံးပြု၍ သူ၏ဂုဏ်သတင်းကိုကျော်ကြားစေခဲ့သည်။
ဖာနန်ဒိုသည် ခိုင်ရင်း၏တားဆီးခြင်းကိုခံနေရသည်ကိုမြင်သောအခါ မူရေးသည်တစ်ကိုယ်တည်းရှေ့တက်သွားပြီး တိုင်ရန်ဒီနောက်သို့ဆက်လိုက်ခဲ့သည်။
တိုင်ရန်ဒီသည် မှော်ဖောက်ခွဲရေးမြှားကိုအသုံးပြုကာ မူရေးကိုပစ်ခတ်ခဲ့သည်။ မူရေးသည် ထိုမြှားကိုပိတ်ဆို့ရန်အတွက် သူ၏ဧရာမဓားရှည်ကြီးကို အသုံးပြုခဲ့သည်။
ဘန်း ...
မူရေးသည် မြှားကိုကာကွယ်နိုင်လိုက်သော်လည်း သူ၏လက်များသည်တုန်ခါသွားကာ နောက်သို့ခြေလှမ်းများဆုတ်ခွာလိုက်ရသည်။
တိုင်ရန်ဒီသည် ကျားဖြူကိုစီးကာ ဆက်လက်ထွက်ပြေးနေပြီး လမ်းတလျှောက်တွင် ဧရာမအောစ့်များ၏ပေါင်ကို ချိန်ရွယ်ပစ်ခတ်လိုက်သည်။
ထိုဧရာမအောစ့်များ၏ခြေထောက်မှ အသားစများသည်စုတ်ပြဲသွားခဲ့ပြီး ခြေထောက်များကျိုးပဲ့သွားခြင်းမရှိသော်လည်း လှုပ်ရှားရန်အလွန်ခက်ခဲသွားခဲ့သည်။ ထို့နောက် ရိုင်ဖယ်တပ်သားများ၏ထောက်ပံ့မှုအောက်တွင် ဝက်ဝံစစ်သည်များက ထိုဧရာမအောစ့်များကို သတ်ဖြတ်နေခဲ့သည်။
မူရေးသည် တိုင်ရန်ဒီနောက်သို့ဆက်လိုက်နေသော်လည်း သူ၏ရှေ့တွင် အခြားပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။ ဂရင်းသည် အဆင့်၃၇သို့ရောက်ရှိနေပြီး အမြင့်ဆုံးစတုတ္ထအဆင့်သူရဲကောင်းနှင့်ညီမျှပေသည်။ သို့ဖြစ်ရာ ဂရင်း၏အစွမ်းသည်ကြောက်မက်ဖွယ် ပိုကောင်းပေသည်။
ဘန်း ... ဘန်း ... ဘန်း
ဂရင်းသည် အန္တိမခုတ်ပိုင်းချက်ဖြင့် လက်ဦးမှုရယူကာတိုက်ခိုက်လိုက်သော်လည်း မူရေးသည်တိုက်ခိုက်မှုတိုင်းကို ပိတ်ဆို့နိုင်ခဲ့သည်။ မူရေးသည် ထိုတိုက်ခိုက်မှုများကိုပိတ်ဆို့ပြီးနောက် ဂရင်းသည် မူရေးနှင့်အကွာအဝေးတစ်ခုထိ ခြားထားလိုက်သည်။ မူရေးသည် ဂရင်းကိုလိုက်လံတိုက်ခိုက်ရန်ကြိုးပမ်းလိုက်သော်လည်း ၃မီတာရှည်သောရေခဲဆူးချွန်တစ်ခုက သူ့ထံကျဆင်းလာခဲ့သည်။
ဘန်း ...
မူရေးသည် သူ၏ဓားကိုမြှောက်ကာ ထိုရေခဲဆူးချွန်ကိုပိတ်ဆို့၍ ဟန့်တားလိုက်သည်။ ဂရင်းသည် ရရှိလာသည့်အခွင့်အရေးကို အမိအရဖမ်းဆုပ်ကာ မူရေးကိုအလျင်စလိုတိုက်ခိုက်လိုက်သော်လည်း မူရေးကအချိန်မှီရှောင်တိမ်းနိုင်ခဲ့သည်။
အန်တိုနီဒက်စ်သည် ထိုမြင်ကွင်းကိုကြည့်ရင်း ပြုံးလိုက်မိသည်။ သာမန်စတုတ္ထအဆင့်သူရဲကောင်းသည် ထိုရေခဲဆူးချွန်ကြောင့် သေဆုံးသွားနိုင်သည်။ တိုက်ခိုက်မှုမအောင်မြင်ပြီးနောက် အန်တိုနီဒက်စ်သည် အဝေးတစ်နေရာသို့ရှောင်တိမ်း၍ နှင်းမုန်တိုင်းကိုအသုံးပြုခဲ့သည်။ အန်တိုနီဒက်စ်သည် လွယ်ကူသောပစ်မှတ်တစ်ခုဖြစ်သည့်အတွက် မကြာခဏဆိုသလို တည်နေရာရွေ့ပြောင်းနေခဲ့သည်။
" ဒီမြို့စားက ဘယ်လိုလုပ်ဒီလိုစွမ်းအားကြီးတဲ့သူရဲကောင်းတွေကို ရှာတွေ့ခဲ့တာလဲ "
ဖာနန်ဒိုသည် ခိုင်ရင်းနှင့်ဆက်လက်တိုက်ခိုက်နေရင်း ဒေါသတကြီးညည်းညူလိုက်သည်။ ခိုင်ရင်း၏အဆင့်သည် သူ့ထက်နိမ့်ကျသော်လည်း သူသည်ထိုနွားလားသူရဲကောင်းကို မဖယ်ရှားနိုင်သေးပေ။ ခိုင်ရင်း၏ခံစစ်စွမ်းရည်သည် အလွန်အားကောင်းလှသည့်အပြင် ဖာနန်ဒိုအားရင်ဆိုင်ရန်အတွက် အခြားထူးခြားသည့်ကျွမ်းကျင်မှုအမြောက်အများကို အသုံးပြုနိုင်ပေသည်။
ရံဖန်ရံခါတွင် ငရဲမီးလျှံတင်းပုတ်သည် ခိုင်ရင်း၏ခန္ဓာကိုယ်အား ရှင်းရှင်းလင်းလင်းထိမှန်လာသော်လည်း ခိုင်ရင်းသည်ပြိူလဲသွားခြင်းမရှိပေ။ ထို့ကြောင့်ခိုင်ရင်းသည် အလွန်ကောင်းမွန်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်ဟု ဖာနန်ဒိုသံသယရှိလာခဲ့သည်။
" ရှေးခေါတ်က အထူးသံချပ်ကာဝတ်စုံလား "
ဖာနန်ဒိုကတိတ်တဆိတ်ညည်းညူလိုက်သည်။ သူသည် ခိုင်ရင်း၏ချပ်ဝတ်ကိုဖြိုခွဲလိုပါက ငရဲမီးလျှံတင်းပုတ်ဖြင့် ခိုင်ရင်း၏ခန္ဓာက်ိုယ်ကိုအဆက်မပြတ်တိုက်ခိုက်ရမည်ဟု ဖာနန်ဒိုနားလည်လိုက်သည်။
ဖာနန်ဒိုနှင့်ခိုင်ရင်းတို့၏တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေချိန်တွင် ရွှေရောင်ကြက်ခြေခတ်အလင်းတန်းတစ်ခုက ဖာနန်ဒိုထံကျဆင်းလာခဲ့သည်။ ဖာနန်ဒိုသည် ငရဲမီးလျှံတင်းပုတ်ကိုအသုံးပြုကာ ထိုတိုက်ခိုက်မှုအားတားဆီးလိုက်သည်။
" တရားစီရင်ခြင်း "
ဖာနန်ဒိုသည် အံ့သြသွားခဲ့သည်။ ထိုတိုက်ခိုက်မှုသည် ပါလာဒင်များအသုံးပြုနေသည့် ကျွမ်းကျင်မှုနှင့်လုံးဝဆင်တူနေခဲ့သည်။ ထို့ပြင် ရွှေရောင်အလင်းသည် သူကိုယ်တ်ိုင်ထုတ်ဖော်သည်ထက်ပင် စွမ်းအားကြီးမားပြီး နတ်ဘုရားထံမှဆင်းသက်လာသည်ဟု ခံစားမိစေသည်။
ထိုအချိန်တွင် သူ၏မျက်စိရှေ့၌ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူ၏မျက်နှာသည် လေးနက်တည်ကြည်နေပြီး တူတစ်ချောင်းကိုကိုင်ဆောင်ထားသည်။
" အူသာ ... "
ဖာနန်ဒိုသည် မသိစိတ်မှရေရွတ်မိလိုက်ပြီးနောက် သူ့ကိုယ်သူအမှားလုပ်မိကြောင်း နားလည်လိုက်သည်။ ထို့ပြင် အူသာသည်အတုဖြစ်ကြောင်း ပုပ်ရဟန်းမင်းကိုယ်တိုင်ကသူ့အားပြောခဲ့သည်။
ဖာနန်ဒိုသည် ခိုင်ရင်း၏တိုက်ခိုက်မှုအား ရှောင်တိမ်းပြီးနောက်တွင် အူသာကိုစိုက်ကြည့်လိုက်သည်။
" မင်းကအူသာအတုလား ... "
သူနှင့်မူရေးတို့သည် အူသာကိုဖမ်းဆီးရန်အတွက် ခြင်္သေ့မြို့သို့ရောက်လာခြင်းဖြစ်သည်။ သို့သော်တာဝန်ပစ်မှတ်သည် သူ၏ရှေ့သို့ရောက်ရှိလာမည်ဟု ဖာနန်ဒိုမထင်ထားခဲ့ပေ။
" ငါကအတုမဟုတ်ဘူးဆိုတာ မင်းကောင်းကောင်းသိပါတယ် "
အူသာသည် ဖာနန်ဒိုအပေါ်သို့ ဘုရင်၏ကောင်းချီးကိုအသုံးပြုရန် သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
ထိုခဏတွင် ဖာနန်ဒိုသည် သူ၏ခန္ဓာကိုယ်အနှံ့စီးဆင်းလာသည့် အလင်းဒြပ်စင်များကိုခံစားမိလိုက်သည်။ ထိုအလင်းစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား သန့်စင်ပေးခဲ့သည်။
" ဒါ ... ဒါကအလင်းရဲ့စွမ်းအားလား ... မဖြစ်နိုင်ဘူး ... သူကအတုမဟုတ်ဘူးလား ... သူကဘာလို့အလင်းစွမ်းအားကိုအသုံးပြုနိုင်ရတာလဲ ... ဒီအလင်းစွမ်းအားနဲ့သာဆိုရင် သူကအလင်းရဲ့ကောင်းချီးကိုတောင် အသုံးပြုနိုင်လိမ့်မယ် ... ပြီးတော့အလင်းစွမ်းအင်က ငါ့ရဲ့ခန္ဓာကိုယ်ကိုဝန်ထုတ်ဝန်ပိုးမဖြစ်စေဘဲ စွမ်းအားတွေတိုးလာစေတယ် "
ဖာနန်ဒိုသည် တုန်လှုပ်ခြောက်ခြားနေခဲ့သည်။ အကယ်၍ သူ့ရှေ့ရှိအူသာသည်အတုဆိုလျှင်ပင် အလင်းစွမ်းအင်ကို ဘုရားကျောင်းရှိလူတိုင်းထက် အသုံးပြုန်ိုင်ပေသည်။
အခန်း ၃၃၉ - ကြမ်းတမ်းသောနဂါး
ခိုင်ရင်းသည် ဆက်လက်တိုက်ခိုက်နေသော်လည်း ဖာနန်ဒိုသည် ဆက်တိုက်ဆိုသလိုတုံ့ပြန်လှုပ်ရှားနေကာ လုံးဝတုံ့ပြန်နိုင်ခြင်းမရှိပေ။
သူသည်အူသာကိုစိုက်ကြည့်ရင်း သူ၏နှလုံးသားထဲ၌ အတွေးလှိုင်းစများတိုးဝင်လာခဲ့သည်။
" သူက အစစ်လား အတုလား ... သူကအစစ်ဖြစ်နေရင်ကော ... သူကအစစ်ဆိုရင် ဘုရားကျောင်းမှာရှိနေတဲ့အူသာက ဘာလဲ ... ပုပ်ရဟန်းမင်းက အူသာကိုဆင့်ခေါ်ခဲ့တယ်လို့ ငါတို့ကိုရှင်းရှင်းလင်းလင်းပြောခဲ့တယ် ... ဒါပေမဲ့ ဘုရားကျောင်းမှာတွေ့ခဲ့ရတဲ့ အူသာဆီကခံစားမိတဲ့အလင်းစွမ်းအင်က ဒီတစ်ယောက်ထက်ပိုနည်းနေတယ် ... ပုပ်ရဟန်းမင်းကတော့ အူသာကပြန်လည်ထူထောင်ဆဲကာလမှာရှိနေတယ်လို့ပြောတယ် ... ဒါပေမဲ့ခုငါ့ရှေ့မှာရှိနေတဲ့အူသာဟာ ပိုမိုမြင့်မြတ်ပြီးတော့ စစ်မှန်တဲ့အလင်းစွမ်းအင်ကို ပိုင်ဆိုင်ထားတယ် "
" လာစမ်းပါ ... မင်းကငါ့ကိုအတုအယောင်လ်ို့ထင်ရင် ငါ့ကိုတိုက်ခိုက်ဖို့အတွက် မင်းလက်ထဲမှာကိုင်ထားတဲ့ငရဲမီးလျှံတင်းပုတ်နဲ့ ငါ့က်ိုလာတိုက်ခိုက်စမ်းပါ ... "
အူသာသည် ဖာနန်ဒိုအားကြည့်ရင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ဖာနန်ဒိုသည် အူသာ၏စကားကြောင့် နှလုံးသားများပင်တုန်လှုပ်သွားရသည်။ ဖာနန်ဒိုနှင့်အခြားသူများသည် ငယ်ရွယ်စဉ်ကပင် ဘုရားကျောင်း၏ဝါဒဖြန့်မှုအောက်၌ ရှိနေခဲ့ကြသည်။ ထို့ကြောင့် သူတို့၏သစ္စာစောင့်သိမှုသည် နေ့ချင်းညချင်းမယိမ်းယိုင်နိုင်ခြင်းသည် အံ့သြစရာတော့မရှိပေ။
" မင်းကတကယ့်အူသာဆိုရင် ငါ့ကိုကျိန်းသေပေါက်အနိုင်ယူနိုင်လိမ့်မယ် ... ငါတို့ဟာအူသာရဲ့ရုပ်တုတွေကို ငယ်စဉ်ကတည်းကကိုးကွယ်ခဲ့တယ် ... ငါတကယ်ယုံကြည်တဲ့နတ်ဘုရားဟာ ငါ့ရဲ့တင်းပုတ်ရိုက်ချက်ကို ဘာမှခံစားရမှာမဟုတ်ဘူး "
ဖာနန်ဒိုသည် အူသာက်ိုကြည့်ရင်း ငရဲမီးလျှံတင်းပုတ်ကိုဝှေ့ယမ်းလိုက်သည်။
" ခိုင်ရင်း ... ငါဒီကောင်ကိုဖြေရှင်းလိုက်မယ် ... မင်းအခြားတစ်နေရာကိုသွားကူညီလိုက် "
အူသာကပြောလိုက်သည်။ ထို့နောက် ခိုင်ရင်းသည်စကားပြန်မပြောတော့ဘဲ မြို့ရိုးပေါ်တက်လာသောဧရာမအောစ့်ထံသို့ အပြေးဝင်သွားခဲ့သည်။
ခိုင်ရင်းထွက်ခွာသွားပြီးနောက်တွင် အူသာသည် ဖာနန်ဒိုအားစတင်တိုက်ခိုက်ခဲ့သည်။ ဖာနန်ဒိုသည် အူသာ၏တိုက်ခိုက်မှုများကို ငရဲမီးလျှံတင်းပုတ်ဖြင့် ပိတ်ဆို့ခဲ့သည်။ ဖာနန်ဒိုသည် တိုက်ခိုက်နေစဉ်အတွင်း သူ၏ခွန်အားကိုအပြည့်အဝအသုံးမချကြောင်း သိသာထင်ရှားပေသည်။ အမှန်တော့ ဖာနန်ဒိုသာသူ၏စွမ်းအားကိုအပြည့်သုံးကာ တိုက်ခိုက်ပါက သူကိုင်ဆောင်ထားသောငရဲမီးလျှံတင်းပုတ်သည် ခရမ်းရောင်မီးတောက်များကို ထုတ်လွှတ်မှာဖြစ်သည်။ သို့သော် ယခုမူဖာနန်ဒိုသည် သူ၏ခွန်အားကိုကန့်သတ်ထားခဲ့သည်။
ဘန်း ...
အူသာ၏တူနှင့် ဖာနန်ဒို၏ငရဲမီးလျှံတင်းပုတ်တို့သည် တဖန်ထိပ်တိုက်တွေ့မိသည်နှင့် တပြိုင်နက် ရွှေရောင်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။
" သူ့ရဲ့တူမှာ အစွမ်းတစ်ခုခုထည့်ပေါင်းထားတာလား ... သူကချိတ်ပိတ်တဲ့ပုံစံက်ို အသုံးပြုနေတာလား ... ဒါပေမဲ့အဲ့ဒါက ငါတို့ခုသုံးနေတဲ့ပုံစံနဲ့လုံးဝမတူဘူး ... ရှေးခေတ်ကပါလာဒင်တွေအသုံးပြုတဲ့ ချိတ်ပိတ်ပုံစံတွေဟာ အစွမ်းအထက်ဆုံးသောတိုက်ခိုက်ရေးကျွမ်းကျင်မှုတွေဖြစ်တယ်လို့ ဆိုကြတယ် ... အမှန်တရားတံဆိပ် ၊ တရားမျှတမှုတံဆိပ် ၊ ဖြောင့်မတ်မှုတံဆိပ်စတာတွေရှိခဲ့တယ် ... ဒါပေမဲ့လက်ရှိဘုရားကျောင်းမှာ တံဆိပ်ကျွမ်းကျင်မှုတစ်ခုပဲရှိတော့တယ် ... အဲ့ဒါကလည်းမူရင်းတံဆိပ်မဟုတ်တော့ဘူး ... "
တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်၌ အူသာသည်မတူညီသောစွမ်းရည်များကို အသုံးပြုလာ၍ ဖာနန်ဒိုသည်တုန်လှုပ်ခြောက်ခြားနေခဲ့သည်။
လက်ရှိအချိန်၌ အူသာသည်အဆင့်၃၂၍ရှိနေသော်လည်း သူ၏ခံစစ်နှင့်တိုက်ခိုက်မှုအစွမ်းသည် ပါလာဒင်များအသုံးပြုနိုင်သည့် အကောင်းဆုံးအဆင့်တွင်ရှိသည်။ အူသာနှင့်တိုက်ပွဲဆက်ဖြစ်နေချိန်တွင် သူသည်အစွမ်းကုန်တိုက်ခိုက်လျင်တောင်မှ အူသာ၏ခုခံမှုကို လုံးဝမထိုးဖောက်နိုင်ကြောင်း ဖာနန်ဒိုနားလည်လိုက်သည်။ အူသာ၏ခံစစ်သည် အလွန်ကောင်းမွန်သည့်အပြင် ဘုရားကျောင်းအကာအကွယ် ၊ ပေးဆပ်မှုအော်ရာနှင့်အခြားကောင်းချီးများစွာကိုလည်း အသုံးပြုထားခဲ့သည်။
" ဒီအူသာအသုံးပြုနေတဲ့ ကျွမ်းကျင်မှုတွေက ရှေးခေတ်ကကျွမ်းကျင်မှုတွေဆိုတာကို သံသယဖြစ်နေစရာမလိုဘူး ... ဒါတွေကစစ်မှန်တဲ့ပါလာဒင်ကျွမ်းကျင်မှုတွေပဲ ... ရှောင်ယုကဒါတွေကိုဘယ်လိုရှာတွေ့ခဲ့တာလဲ ... သူကအူသာအတုကို တကယ်ပျိုးထောင်ပေးဖို့ကြံစည်ထားတယ်ဆိုရင် သူကဒီကျွမ်းကျင်မှုတွေအားလုံးက်ို ပြုစုပျိုးထောင်နိုင်တဲ့ပြီးပြည့်စုံတဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်ကိုရှာရမှာပဲ ... ဒါတွေကနှစ်အနည်းငယ်အတွင်းပြီးမြောက်ဖို့မဖြစ်နိုင်ဘူး ... အထူးသဖြင့် ရှောင်ယုကိုကြည့်ရတာအသက်၂၀လောက်ပဲရှိသေးပေမဲ့ အူသာကိုကြည့်ရတာတော့ အသက်၄၀လောက်ရှိပုံရတယ် ... ရှောင်ယုကဒီလိုခမ်းနားကြီးကျယ်တဲ့ အစီအစဉ်တစ်ခုကို မလုပ်ဆောင်နိုင်ဘူး ... ဒီကိစ္စတွေအားလုံးရဲ့နောက်ကွယ်မှာ ရှောင်ကျန်းထျန်ရှိနေတာပဲဖြစ်ရမယ် ... ဒါမှမဟုတ်ရင် ရှောင်ယုသုံးနိုင်တဲ့အခြားနည်းလမ်းတစ်ခုရှိရမယ် ... အဲ့ဒီနည်းလမ်းက နှစ်အနည်းငယ်အတွင်း ပါလာဒင်တွေကိုပြုစုပျိုးထောင်ပေးနိုင်ရမယ် "
ဖာနန်ဒို၏စိတ်ထဲတွင် အတွေးများစွာဖြတ်သန်းနေခဲ့သည်။
...
...
မူရေးသည် ဂရင်းနှင့်ရင်ဆိုင်ရချိန်တွင် အကူအညီမဲ့မှုကိုခံစားခဲ့ရသည်။ ဂရင်းသည် လေလမ်းလျှောက်ခြင်းနှင့်အခြားသောကျွမ်းကျင်မှုများကို အသုံးပြုကာ သူနှင့်အကွာအဝေးတစ်ခုခြားထားခဲ့ပြီး အခွင့်အရေးတစ်ခုပေါ်ပေါက်လာပါက တိုက်ခိုက်ရန်အပြေးအလွှားထွက်ပေါ်လာလေ့ရှိသည်။ မူရေးသည် သူ၏တိုက်ပွဲစွမ်းအင်များကိုအသုံးပြုကာ သူ၏ခန္ဓာကိုယ်အား ရွှေရောင်မီးတောက်ဖြင့်ဖုံးလွှမ်းထား၍ အဝေးမှကြည့်လျှင် နတ်ဘုရားတစ်ပါးသဖွယ်ခံစားရစေသည်။ သို့သော် မူရေး၏နောက်ကွယ်၌ အခြားပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။ မူရေးသည် နောက်သို့လှည့်ကြည့်လ်ိုက်ရာ မျက်လုံးများကိုအနက်ရောင်ပိတ်စဖြင့်ဖုံးအုပ်ထားပြီး ကြီးမားသောအတောင်ပုံတစ်စုံရှိသည့် နတ်ဆိုးတစ်ကောင်ကိုတွေ့မြင်လိုက်ရသည်။
" ဆိုးရွားလိုက်တာ ... ရှောင်ယုဆိုတဲ့ကောင်က နတ်ဆိုးတွေကိုတောင်စုဆောင်းထားတာလား ... ငါလုံးဝခွင့်မလွှတ်နိုင်ဘူး ... "
မူရေးသည် ဒေါသတကြီးပြေးထွက်သွားကာ အီလီဒမ်ကိုသတ်ဖြတ်ရန် တဟုန်ထိုးပြေးထွက်သွားသည်။ သို့သော်လည်း အီလီဒမ်သည် ပြုံးပြလိုက်ပြီး မီတာအနည်းငယ်ခန့်အကွာသို့ တည်နေရာရွေ့ပြောင်းကာ မူရေးကိုတိုက်ခိုက်လိုက်သည်။ မူရေးသည်နတ်ဆိုးများအား ကြောက်ရွှံခြင်းမရှိသော်လည်း မကြာမှီသူ၏တိုက်ပွဲစွမ်းအင်များသည် တစ်စုံတစ်ခုကစုပ်ယူလိုက်သကဲ့သို့ လျင်မြန်စွာကုန်ဆုံးလာကြောင်း သတိထားမိလိုက်သည်။
" ဒီနတ်ဆိုးက ငါ့ရဲ့တိုက်ပွဲစွမ်းအင်တွေကို တစ်နည်းနည်းနဲ့စုပ်ယူနေတာပဲ "
အီလီဒမ်သည် မှော်စွမ်းအင်လောင်ကျွမ်းခြင်းကို အသုံးပြုနိုင်ပြီး ပါလာဒင်များ၏မှော်နှင့်တိုက်ပွဲစွမ်းအင်ကို ဖယ်ထုတ်နိုင်သည်။ သူတို့သည် ရှေးခေတ်ပါလာဒင်များ၏စွမ်းအားကိုအသုံးမပြုနိုင်ကြပေ။ လက်ရှိခေတ်ပါလာဒင်များသည် အလင်းစွမ်းအင်အစား မှော်နှင့်တိုက်ပွဲစွမ်းအင်ကိုအဓိကထား အသုံးပြုကြသည်။
လွန်ခဲ့သောအခိုက်အတန့်က အီလီဒမ်သည် စစ်မြေပြင်၌ ပါလာဒင်တစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီးနောက်တွင် သူတို့၏တိုက်ပွဲစွမ်းအင်များလျော့နည်းသွားကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ထို့ကြောင့်သူသည် မူရေးကိုရင်ဆိုင်လိုက်ပြီး ဂရင်းကိုဧရာမအောစ့်များနှင့် ရင်ဆိုင်ခိုင်းလိုက်သည်။
ဧရာမအောစ့်များသည် အားကောင်းသော်လည်း သူရဲကောင်းများအတွက် ပြဿနာမဖြစ်စေဘဲ တစ်ကောင်ပြီးတစ်ကောင်သတ်ဖြတ်နိုင်သည်။ တိုင်ရန်ဒီသည် စစ်မြေပြင်တခွင်၌ ဧရာမအောစ့်များ၏အသက်ကို ဆက်တိုက်နှုတ်ယူနေခဲ့သည်။ မည်သို့ပင်ဆိုစေ ရှောင်ယုသည်ဧရာမအောစ့်များကို အာရုံစ်ိုက်ထားရ၍ ရန်သူစစ်သားများသည် မြို့ရိုးပေါ်သို့ရောက်ရှိလာခဲ့ကြသည်။ မြို့ရိုးပေါ်သို့ရောက်ရှိလာသည့် ပဥ္စမအဆင့်သူရဲကောင်းများပင်ရှိခဲ့ပြီး သူတို့ထဲမှအချို့သည် ဖာနန်ဒိုအားလာရောက်ကူညီသော်လည်း ဖာနန်ဒိုကငြင်းပယ်ခဲ့သည်။
" ငါဒီလူကို တစ်ယောက်တည်းရင်ဆိုင်နိုင်တယ် ... အခြားတစ်ယောက်ကိုသွားကူလိုက် "
ဖာနန်ဒို၏စကားကိုကြားချိန်တွင် ထိုပဥ္စမအဆင့်သူရဲကောင်းသည် ဒေါသထွက်သွားခဲ့သည်။ သူသည်ကြင်နာမှုဖြင့် လာရောက်ကူညီသော်လည်း ဤပါလာဒင်သည် သူ၏ကြင်နာမှုကိုသဘောမပေါက်ပေ။ သို့သော်လည်း ဖာနန်ဒိုသည်ဘုရားကျောင်း၏ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ရာ ထိုသူရဲကောင်းသည် အပိုစကားမဆိုတော့ဘဲ အခြားသူများကိုသွားရောက်ကူညီခဲ့သည်။
ရှောင်ယုသည် ဆိုးရွားသောတိုက်ပွဲအခြေအနေကို တွေ့မြင်ချိန်၌ သူ၏ဝှက်ဖဲအချို့အား ထုတ်ဖော်ရန်အမိန့်ပေးခဲ့သည်။
" မှင်စာတွေကို တိုက်ပွဲဝင်ဖို့ပြောလိုက်တော့ "
" ငါတို့သာ မြို့တံခါးကိုဖြတ်ကျော်နိုင်သရွေ့ အောင်ပွဲကငါတို့နဲ့လက်တစ်ကမ်းအလိုမှာရှိတယ် ... "
ရောဘတ်သည် မြို့ရိုးပေါ်ရှိအခြေအနေကိုကြည့်ရင်း ပြုံးပြုံးလေးပြောလိုက်သည်။ သူမြင်နေရသောတိုက်ပွဲအခြေအနေကြောင့် အောင်ပွဲနီးကပ်လာပြီဖြစ်ကြောင်း သူနားလည်ပေသည်။ ခြင်္သေ့မြို့သည် စွမ်းအားကြီးသောပြိုင်ဘက်ဖြစ်သည်။ ကနေဒီမိသားစုနှင့်ဘုရားကျောင်းသည် အားမနည်းသော်လည်း ရှောင်ယုကိုယ်တိုင်ကအလွန်သန်မာ၍ တိုက်ပွဲကဤမျှကြာရှည်နေခြင်းဖြစ်သည်။ စစ်မြေပြင်၌ အဆက်မပြတ်ပေါက်ကွဲနေသော မှော်ဖောက်ခွဲရေးမြှားများက အလွန်ကြီးကျယ်သောလက်နက်များဖြစ်သည်။ သို့သော် ခြင်္သေ့မြို့အားသိမ်းပိုက်ပြီးပါက ထိုအရာအားလုံးသည် ရောဘတ်၏လက်ထဲသို့ ရောက်ရှိလာမည်ဖြစ်သည်။
ဝေါင်း ...
ကျယ်လောင်သောဟိန်းဟောက်သံနှင့်အတူ ဧရာမအောစ့်၏ဦးခေါင်းပေါ်မှ နဂါးတစ်ကောင်ပျံသန်းရောက်ရှိလာခဲ့သည်။ ထို့နောက်နဂါးသည် သူ၏လက်သည်းများကိုအသုံးပြုကာ ဧရာမအောစ့်ကိုမြေပေါ်တွန်းချလိုက်ပြီး အနီးအနီးရှိမျှော်စင်တစ်ခုအား အမြီးဖြင့်ဝှေ့ယမ်းဖျက်ဆီးလိုက်သည်။
ရှောင်ယုသည် အောင်နိုင်မှုကိုရရှိရန် အရာအားလုံးကိုအသုံးပြုရမည်ဟု နဂါးလေးအားသင်ပြခဲ့ဖူးသည်။
" ရက်စက်စွာတိုက်ခိုက်ရုံနဲ့ အရာအားလုံးကိုအောင်နိုင်ဖို့မလုံလောက်ဘူး ... မင်းရဲ့ကျွမ်းကျင်မှုတွေကိုစနစ်တကျအသုံးပြုရမယ် ... မင်းရဲ့ရန်သူတွေကိုကိုက်ဖြတ်ပြီး မျက်လုံးတွေကိုထိုးဖောက်ရပါစေ မင်းသာအနိုင်ရနေရင်ဘာမှဂရုစိုက်စရာမလိုဘူး "
ထိုအရာသည် ရှောင်ယုမှနဂါးလေးကိုသင်ကြားခဲ့သောအရာဖြစ်သည်။ ရှောင်ယုသည် အရှက်မရှိသောလူယုတ်မာတဖြစ်လဲ နဂါးလေး၏သခင်ဖြစ်သည်။
နဂါးလေးသည် မြို့ရိုးပေါ်မှကျောက်တုံးကြီးတစ်ခုကိုဖမ်းဆုပ်ကာ ဧရာမအောစ့်၏ဦးခေါင်းကိုရိုက်ချိုးရန် ပစ်ခတ်ခဲ့သည်။
ဘန်း ...
ဧရာမအောစ့်သည် ကျောက်တုံးထိမှန်မှုကြောင့် မတည်မငြိမ်ဖြစ်နေစဉ် နဂါးလေးသည်နောက်ထပ်ကျောက်တုံးတစ်ခုကို ဆွဲယူကာထိုအောစ့်၏လည်ပင်းကို ပစ်ခတ်လိုက်သည်။ ဧရာမအောစ့်သည် ကျောက်တုံးဖြင့်အပစ်ခံရသော လည်ပင်းကိုဆုပ်ကိုင်ထားချိန်တွင် နဂါးလေးသည်အရှိန်အဟုန်ဖြင့်ပြေးဝင်ကာ ထိုဧရာမအောစ့်၏ဦးခေါင်းကို လောင်မြိုက်စေခဲ့သည်။ ထို့နောက် နဂါးလေးသည်အခြားအောစ့်တစ်ကောင်ထံ ပြေးဝင်သွားခဲ့သည်။
ဧရာမအောစ့်များနှင့် တိုက်ခိုက်ရခြင်းသည် လူသားများနှင့်တိုက်ခိုက်ရသည်ထက် များစွာပိုမိုလွယ်ကူကြောင်း နဂါးလေးခံစားမိပေသည်။ လူသားများသည် သေးငယ်သော်လည်း ကြီးမားသောဧရာမအောစ့်များက ပိုမိုလွယ်ကူသောပစ်မှတ်ဖြစ်ခဲ့သည်။
သာမန်နဂါးများသည် ရန်သူကိုတိုက်ခိုက်ရန်အတွက် သူတို့၏ခြေသည်းများနှင့်အခြားသောမှော်အတတ်ပညာများကိုသာ အားကိုးခဲ့သည်။ သူတို့သည် ပြင်ပအင်အားကိုမည်သည့်အခါမှ အသုံးမပြုကြပေ။ သို့သော်လည်း ရှောင်ယု၏သွန်သင်ပေးမှုအောက်၌ နဂါးလေးသည်စက်ဆုပ်ဖွယ်ကောင်းသော တိုက်ခိုက်မှုမျိုးစုံအားသင်ယူနိုင်ခဲ့သည်။ ယခုအချိန်၌ နဂါးလေးသည် မည်သည့်အရာကိုမဆို လက်နက်အဖြစ်အသုံးပြုနေပြီဖြစ်သည်။ နဂါးလေးသည် သစ်ပင်ပင်စည်ဖြစ်စေ ၊ ဧရာမကျောက်တုံးကိုဖြစ်စေ ၊ဧရာမအောစ့်တစ်ကောင်အား အခြားဧရာမအောစ့်တစ်ကောင်ဆီသို့ ပစ်လွှတ်ခြင်းဖြစ်စေ တိုက်ခိုက်လျက်ရှိသည်။
အကယ်၍ အခြားသောနဂါးတစ်ကောင်ကသာ ဤမြင်ကွင်းကိုတွေ့မြင်ပါက နဂါးလေး၏သခင်ဖြစ်သောရှောင်ယုအား အစိတ်စိတ်အပိုင်းပိုင်းပြုလုပ်ပစ်မှာဖြစ်သည်။
....
စက်ရုပ်များသည် မြို့ရိုးဆီသို့ခုန်ဆင်းကာ စတင်တိုက်ခိုက်လာကြသည်။ ထိုစက်ရုပ်များသည် ရောဘတ်ထံမှနေ၍ ရှောင်ယုလုယူထားသည့်စက်ရုပ်များဖြစ်သည်။
ရောဘတ်သည် ထိုစက်ရုပ်များကို အဝေးမှနေ၍စစ်ဆေးလျက်ရှိသည်။
" ဘာလို့အဲ့စက်ရုပ်တွေက ငါတို့စက်ရုပ်တွေနဲ့မတူရတာလဲ "