အခန်း (၃၄၆-၃၄၈)
Vol. 24 Ch. 346-348
အခန်း ၃၄၆ - ချင်ချဲ၏ဆုံးဖြတ်ချက်
ရှောင်ယုသည် အီလီဒမ်၏ခွန်အားကိုမြင့်တင်ပေးနိုင်ရန်အတွက် ဂေါ်ဒန်၏ဦးခေါင်းခွံကို ရယူရန်စိတ်ပိုင်းဖြတ်ထားခဲ့သည်။
ထိုမှသာ အီလီဒမ်သည် သူ၏အစွမ်းအထက်ဆုံး သူရဲကောင်းများအနက်တစ်ဦးဖြစ်လာမည်ဖြစ်သည်။ထို့ပြင် ဦးခေါင်းခွံကိုရယူမယ့်သူသည် ရှောင်ယုထက်များစွာပိုမိုအစွမ်းထက်နိုင်သောကြောင့် လေ့ကျင့်ရန်အချိန်များစွာမရပေ။ ထို့ကြောင့်သူသည် နေဝင်ချိန်နွံအိုင်သို့ မဖြစ်မနေသွားရောက်ရမည်ဖြစ်၍ ထို့ပါဟောင်ကိုကူညီပေးရန်အတွက် သူသည်အနောက်တိမ်တိုက်အင်ပါယာသို့ ကိုယ်တိုင်သွားရောက်ရန်မဖြစ်နိုင်ပေ။
သို့သော်လည်း သူသည်ထို့ပါဟောင်ကိုကူညီပေးရမည်ဖြစ်သည်။ ထို့ပါဟောင်သာကျရှုံးသွားပါက လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များသည် အနောက်တိမ်တိုက်အင်ပါယာကို သိမ်းပိုက်သွားမည်ဖြစ်ကာ ခြင်္သေ့နယ်မြေကိုတိုက်ခိုက်ရန်အတွက် အစပြုလာမည်ဖြစ်သည်။ ထို့ပါဟောင်သည် လက်ရှိအချိန်၌အရေးနိမ့်နေသည့်အတွက် ရှောင်ယုသည်ထိုပြဿနာအားမည်သို့ဖြေရှင်းရမည်ကို မသိခဲ့ပေ။
ထိုအချိန်တွင် ချင်ချဲသည်အုပ်ချုပ်ရေးခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
" အစ်ကိုယု...မင်းဘာတွေစဉ်းစားနေတာလဲ "
ရှောင်ယုသည် ချင်ချဲအားသူ့ကို သခင်တစ်ယောက်အစား ညီအစ်ကိုတစ်ယောက်အဖြစ်သာ သတ်မှတ်ရန် ပြောထားခဲ့သည်။
ရှောင်ယုသည် ကူကယ်ရာမဲ့နေသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
"ငါဘယ်လိုဖြေရှင်းရမယ်မှန်းမသိတဲ့ ပြသနာတစ်ခုကြုံတွေ့နေရတယ်"
ချင်ချဲကပြုံး၍ပြောလိုက်သည်။
"အစ်ကိုယု မဖြေရှင်းနိုင်တဲ့ပြဿနာဆ်ိုတာ ရှိသေးလို့လား"
ရှောင်ယုကခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဒါပေါ့ငါ့မှာပြဿနာတွေအများကြီးပဲ...မင်းကငါ့ကိုနတ်ဘုရားတစ်ပါးလို့ ယူဆနေတာလား"
"ငါ့နှလုံးသားထဲမှာ အစ်ကိုယုကနတ်ဘုရားတစ်ပါးဆိုတာကို အပြည့်အဝယုံကြည်ထားတယ်...အစ်ကိုယုမဖြေရှင်းနိုင်တဲ့ပြသနာဆိုတာ မရှိဘူး"
ရှောင်ယုက ရှုံ့မဲ့စွာပြုံးပြလိုက်သည်။ ရှောင်ယုသည် ခြင်္သေ့နယ်မြေတွင် ပြဿနာကြုံတွေ့တိုင်း တည်ငြိမ်ပြီးအကောင်းမြင်သော အသွင်အပြင်ကိုအမြဲလိုလိုထိန်းသိမ်းထားခဲ့သည်။ အမှန်တော့ ရှောင်ယု၏စိတ်ထဲတွင် အမြဲလိုလိုပင်ပူပန်နေသော်လည်း သူ၏တည်ငြိမ်အေးဆေးသလို ဟန်ဆောင်ထားခဲ့ရသည်။
"ငါကဂေါ်ဒန်ရဲ့ဦးခေါင်းခွံကို သွားရှာရမှာလေ...ဒါပေမဲ့ထို့ပါဟောင်က အနောက်တိမ်တိုက်အင်ပါယာမှာ ပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရတယ်..."
ရှောင်ယုက သူ၏ပြဿနာကိုပြောပြလိုက်သည်။
ချင်ချဲက အကြံပေးလိုက်သည်။
"အစ်ကိုယု...မင်းကဂေါ်ဒန်ရဲ့ဦးခေါင်းခွံကိုရှာဖို့အတွက်သွားနေချိန်မှာ ဘာလို့အနောက်တိမ်တိုက်အင်ပါယာကိုသွားဖို့ မင်းကိုယ်စားတစ်စုံတစ်ယောက်ကို မစေလွှတ်တာလဲ"
ရှောင်ယုကခေါင်းခါပြလိုက်သည်။
"အဲ့ဒီမှာအခြေအနေတွေက မင်းထင်ထားတာထက်ကိုပိုပြီးတော့ ရှုပ်ထွေးနေတယ်...ခြင်္သေ့နယ်မြေဟာလျှို့ဝှက်အန္တာရယ်တွေနဲ့ရင်ဆိုင်နေရတဲ့အတွက်ကြောင့် အနောက်တိမ်တိုက်အင်ပါယာကို တပ်ဖွဲ့တွေအများကြီးမစေလွှတ်နိုင်ဘူး"
ချင်ချဲကမျက်ခုံးပင့်၍ပြောလိုက်သည်။
"အစ်ကိုယု...မင်းငါ့ကိုမြင်းတပ်သား၁၀၀၀နဲ့နတ်မြင်းပျံ၁၀၀ကိုငှါးပေးပါ...ငါထို့ပါဟောင်ကိုကျိန်းသေပေါက်ကူညီပေးမယ်"
ရှောင်ယုက ချင်ချဲအားပြုံးပြလိုက်သည်။
"ရန်သူဘယ်လောက်ရှိတယ်ဆိုတာကို မင်းသိထားလို့လား...မြင်းတပ်သား၁၀၀၀နဲ့နတ်မြင်းပျံအကောင်၁၀၀က ဒီအခြေအနေတွေကို ပြောင်းပြန်လှန်နိုင်မယ်လို့ မင်းတကယ်ထင်နေတာလား"
ချင်ချဲသည် ရှောင်ယုကိုကြည့်ပြီးပြောလိုက်သည်။
"အစ်ကိုယု ရန်သူကအားကောင်းနိုင်ပေမဲ့ ငါကသူတို့ကိုထိပ်တိုက်ရင်ဆိုင်မယ်လ်ို့ မဆိုလိုဘူး...ခုချိန်မှာရန်သူက ထို့ပါဟောင်ကိုဝိုင်းရံတိုက်ခိုက်နေလို့ ငါတို့ကိုတိုက်ခိုက်ဖို့အာရုံစိုက်နိုင်မှာမဟုတ်ဘူး...ဒါပေမဲ့ငါကရန်သူရဲ့ထောက်ပံ့ရေးလိုင်းတွေကို ဖြတ်တောက်နိုင်တယ်...သူတို့သာရိက္ခာမရှိဘူးဆိုရင် အနှေးနဲ့အမြန်ဆုတ်ခွာသွားရလိမ့်မယ်...ဒါကထို့ပါဟောင်ကိုကူညီတာနဲ့ အတူတူပဲမဟုတ်လား"
ရှောင်ယုသည် သက်ပြင်းချလိုက်ကာ ချင်ချဲကိုတစ်ချက်ကြည့်မိလိုက်သည်။ ထိုကောင်လေးသည် အသက်၁၅နှစ်သာရှိသေးသော်လည်း လူကြီးတစ်ယောက်ကဲ့သို့ရင့်ကျက်နေပြီဖြစ်သည်။ ရှောင်ယုသည် ယုံကြည်မှုအပြည့်ရှိနေသော အကြည့်များဖြင့်ရင်ဆိုင်လိုက်ရသည်။ ထိုယုံကြည်ချက်များသည် မည်သည့်နေရာမှရောက်လာရသနည်း။ အကယ်၍ သူသာဆိုလျှင် မြင်းတပ်သား၁၀၀၀ကိုအသုံးပြုခြင်းက ထိုပြဿနာကိုဖြေရှင်းနိုင်မည်လား...ရှောင်ယုကိုယ်တိုင်သည်ပင် မြင်းတပ်သား၁၀၀၀ကိုအသုံးပြုပြီး ထို့ပါဟောင်၏ပြဿနာကိုဖြေရှင်းပေးနိုင်မည်ဟု ကျိန်းသေပေါက်အာမမခံနိုင်ပေ။ သို့သော်လည်း ဤအခိုက်အတန့်တွင် သူ့ထံ၌အခြားရွေးချယ်နိုင်စရာနည်းလမ်းမရှိတော့ပေ။ သူ့ထံတွင်ဤပြဿနာကိုဖြေရှင်းရန်အတွက် မည်သည့်ဗိုလ်ချုပ်ကိုမှစေလွှတ်ပေးနိုင်ခြင်းမရှိတော့ပေ။
ရှောင်ယုသည် ချင်ချဲ၏အရည်အချင်းကိုတန်ဖိုးထားသော်လည်း ထိုကောင်လေးသည်ငယ်ရွယ်သေးသည်။ အကယ်၍ ချင်ချဲသာဤထက်အသက်ကြီးပါက သူ့အားယုံယုံကြည်ကြည်အလုပ်အပ်လိုက်မှာဖြစ်သည်။ သူ၏အမာခံမြင်းတပ်သားများသည် အနောက်တိမ်တိုက်အင်ပါယာ၏ အပေါ့စားမြင်းတပ်သားများထက် များစွာပိုမိုအစွမ်းထက်ပေသည်။ ထို့ပြင် လူသားအခြေစိုက်စခန်းအား အဆင့်၂သို့မြင့်တင်ပြီးနောက်တွင် မြင်းတပ်သားများ၏ချပ်ဝတ်တန်ဆာသည် အဆင့်၄သို့ရောက်ရှိနေပြီဖြစ်သည်။ သို့သော်လည်း မြင်းတပ်သား၁၀၀၀သည် သေးငယ်သောပမာဏသာဖြစ်သည်။
ရှောင်ယုသည် စကားတစ်ခွန်းမှမပြောဘဲ တိတ်ဆိတ်နေသည်ကိုမြင်သော် ချင်ချဲကတောင်းဆိုလိုက်သည်။
"အစ်ကိုယု...ငါသာထို့ပါဟောင်ကိုမကယ်တင်န်ိုင်ဘူးဆိုရင် ကိုယ့်ကိုကိုယ်သတ်သေလိုက်မယ်"
ရှောင်ယုသည် အရာအားလုံးကိုသေချာစဉ်းစားနေခဲ့သည်။ ဖြစ်နိုင်သည်မှာ ချင်ချဲသည် ဤဂိမ်း၌ပျောက်ဆုံးနေသောအစိတ်အပိုင်းဖြစ်န်ိုင်ပြီး ရလဒ်ကိုပင်ပြောင်းလဲပေးသွားနိုင်သည်။
အတန်ကြာစဉ်းစားပြီးနောက် ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ...ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ်...ဒါပေမဲ့မင်းသိထားရမှာတစ်ခုကမင်းကပျောက်ကျားစစ်ဆင်ရေးကိုပဲအသုံးပြုရမယ်...ရန်သူကိုထိပ်တိုက်မရင်ဆိုင်ရဘူး...မင်းကိုမြင်းတပ်သား၁၀၀၀၊နတ်မြင်းပျံ၁၀၀နှင့်အတူ မှော်စုန်းဆရာ၅၀ကိုပါထည့်ပေးလိုက်မယ်...သူတို့ကမုန်တိုင်းကျီးကန်းတွေအဖြစ်ပြောင်းလဲပြီးရန်သူကိုထောက်လှမ်းနိုင်တယ်...ပြီးတော့မင်းက တိုက်ပွဲအတွက်အရင်းအမြစ်တွေလုံလုံလောက်လောက်ယူဆောင်သွားနိုင်အောင် သိုလှောင်လက်စွပ်တစ်ကွင်းယူသွားနိုင်တယ်"
ချင်ချဲကခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးတင်တယ် အစ်ကိုယု...ငါမင်းကိုစိတ်မပျက်စေရပါဘူး...ငါဒီတ်ိုက်ပွဲမှာအသုံးပြုဖို့ လှံပစ်စက်အသစ်နည်းနည်းနဲ့မှော်ဖောက်ခွဲရေးမြှားအချို့ကို ယူဆောင်သွားချင်တယ်"
ရှောင်ယုက သဘောတူလ်ိုက်သည်။
"ကောင်းပြီ ယူသွား"
ရှောင်ယုသည် လောင်းကြေးထပ်ရန်ဆုံးဖြတ်ခဲ့သည်။ အကယ်၍ ချင်ချဲသာဤပြဿနာကိုဖြေရှင်းနိုင်ခဲ့မည်ဆိုပါက ရှောင်ယု၏ညာလက်ရုံးဖြစ်လာမည်ဖြစ်သည်။
...
...
အနောက်တိမ်တိုက်အင်ပါယာကို ကယ်တင်ရန်အတွက် ၁၅နှစ်သားလေးကိုစေလွှတ်မည်ဟု ရှောင်ယုကပြောလာချိန်တွင် လူတိုင်းကမတ်တပ်ရပ်၍ ကန့်ကွက်ခဲ့ကြသည်။ အခြားသူများ၏အမြင်တွင် ထိုအရာကဟာသတစ်ခုဖြစ်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်ကမှ ပိုမိုကောင်းမွန်သည့်ဖြေရှင်းချက်တစ်ခုကိုမချပြနိုင်ပေ။ ခြင်္သေ့နယ်မြေလုံခြုံစေရန်အတွက် မြောက်ဘက်နယ်စပ်ကို ထို့ပါဟောင်ထိန်းချူပ်နိုင်အောင် ကူညီပေးရမည်ဖြစ်သည်။ ချင်ချဲ၏အကြံအစည်သာ အောင်မြင်ခဲ့မည်ဆိုပါက ရန်သူတပ်များသည် ပြန်လည်ဆုတ်ခွာလာရမည်ဖြစ်ပြီး ထို့ပါဟောင်၏တပ်များသည် ခေတ္တလုံခြုံသွားမည်ဖြစ်သည်။
..
...
အင်အားစုများစွာသည် သူတို့၏လူများကိုနေဝင်ချိန်နွံအိုင်သို့ စေလွှတ်ပြီး ရက်အနည်းငယ်ကြာသောအခါ လီအာနှင့်မိုင်ယဗ်တို့သည်သတင်းအချို့ကိုယူဆောင်လာခဲ့သည်။ သူတို့သည်လည်း ခရီးစတင်ရန်အချိန်ကျလာပြီဖြစ်သည်။
ရှောင်ယု၏တပ်များသည် စတင်ထွက်ခွာလာချိန်တွင် သူသည်ဇိမ်ခံရထားလုံးအတွင်း၌ ထိုင်၍လိုက်ပါလာသည်။ ဇိမ်ခံရထားလုံးသည် ရွှံနွံများအတွင်း၌ အသုံးမဝင်သော်လည်း ခရီးစဉ်၏ပထမအပိုင်းကို သက်တောင့်သက်သာရှိစေခဲ့သည်။ထို့ပြင် လင်းမူရွယ်သည်သူနှင့်အတူလိုက်ပါလာသည့်အတွက်ကြောင့် သူမ၏ခရီးစဉ်ကို တတ်နိုင်သမျှသက်တောင့်သက်သာဖြစ်စေရန် သူကူညီပေးရမည်ဖြစ်သည်။
ရှောင်ယုသည် လီအာကိုကင်းထောက်လှမ်းရန်အတွက် ရထားအပြင်သို့ထွက်ခွာခိုင်းပြီးနောက် ရထားလုံးအတွင်း၌ရှောင်ယုနှင့်လင်းမူရွယ်တို့နှစ်ယောက်သာ ကျန်ရှိခဲ့သည်။
"လီအာ ရှေ့မှာတစ်ခုခုမှားနေတယ်ထင်တယ်နော်...ဘာလို့အပြင်ထွက်ပြီး မစုံစမ်းကြည့်တာလဲ"
ရှောင်ယုကပြောလိုက်သည်။
"၅မိနစ်တောင်မကြာသေးဘူး...ငါ့ကိုထပ်သွားခိုင်းပြန်ပြီ"
လီအာသည် ပေါက်ကွဲလုမတတ်ဖြစ်နေပြီဖြစ်သည်။ဤအတောအတွင်း ရှောင်ယုသည်သူမကို အနည်းဆုံးအကြိမ်ပေါင်းဒါဇင်နှင့်ချီ၍ ရထားအပြင်သို့ထွက်ခိုင်းခဲ့သည်။
"ဟုတ်လား...၅နာရီတောင်ကြာသွားပြီလို့ ငါဘာလို့ခံစားရတာလဲ"
ရှောင်ယုကပြန်ဖြေလိုက်သည်။
လီအာသည် ထိုအရှက်မရှိသောသူကို မည်သို့ရင်ဆိုင်ရမယ်မှန်း မသိသောကြောင့် အံတင်းတင်းကြိတ်မိလိုက်သည်။ အမှန်တော့ ရှောင်ယုနှင့်လီအာတို့အကြား တစ်ခုတည်းသောပြဿနာမှာသူ၏ကိုယ်ပိုင်အကျင့်စရိုက်ဖြစ်သည်။ ကျန်အရာအားလုံးသည် သူမအတွက်အဆင်ပြေပေသည်။ ရှောင်ယုသည် သူ၏လက်အောက်ငယ်သားများအပေါ် အလွန်ရက်ရောစွာသဘောထားကြီးပြီး ကောင်းမွန်စွာထောက်ပံ့ပေးထားသည်။ ထို့ပြင် သူမတို့နှစ်ဦးကြား၌ ချိုးဖျက်၍မရနိုင်သော ကျွန်နှင့်သခင်စာချုပ်ကို ချုပ်ဆိုထားပေသည်။
ထို့ပြင်ရှောင်ယုသည် သူမလိုချင်သမျှကိုအမြဲလိုလိုပင် မညီးမညူဝယ်ပေးလေ့ရှိသည်။ လက်နက်များ၊ချပ်ဝတ်များ၊ကျွမ်းကျင်မှုစာအုပ်များကို သူမအမြဲရရှိလေ့ရှိသည်။ ရှောင်ယုနှင့်အတူရှိနေစဉ်ကာလအတွင်း သူမသည်ပိုမိုသန်မာလာခဲ့သည်။ သူမသည် မိသားစုနှင့်အတူရှိနေစဉ်တွင် သူမသည်ရွှေပြား၁၀၀၀၀ကိုပင် အသုံးမချနိုင်ခဲ့ပေ။ သူမသည် တစ်စုံတစ်ခုကိုဝယ်ယူလိုပါက အကြီးအကဲများထံမှ ခွင့်ပြုချက်တောင်းရလေ့ရှိသည်။ သို့သော်လည်း ရှောင်ယုသည် သူမအလိုရှိတိုင်း အိမ်တော်ထိန်းဟောင်ထံမှ ပိုက်ဆံယူရန်အမိန့်ပေးထားခဲ့သည်။
အရေးအကြီးဆုံးသောအချက်မှာ ဤအချိန်၂နှစ်အတွင်း သူမသည်စတုတ္ထအဆင့်လုပ်ကြံသူအဆင့်ကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သူမသည် အဘိုးကြီးသီအိုဒိုးပြောသည့် စကားများကိုပြန်လည်အမှတ်ရခဲ့သည်။ သူမသည် ထိုလူမိုက်နောက်သို့လိုက်ပါလာခြင်းဖြင့် သူမတစ်ယောက် မည်သည့်အခါမှမမြင်တွေ့ဖူးသော အရာများကိုတွေ့ကြုံခံစားနိုင်မည်ဟု သီအိုဒိုးကပြောခဲ့သည်။ ရှောင်ယုသည် မကြာခဏဆိုသလို စကားလုံးများဖြင့်နှောင့်ယှက်ရန်ကြိုးစားတတ်သော်လည်း သူမကိုမည်သည့်အခါမှထိပါးစော်ကားဖူးခြင်းမရှိခဲ့ပေ။
လီအာသည် မိုင်ယဗ်ထံမှလည်းများစွာသင်ယူနိုင်ခဲ့သည်။ သူမသည် သိုလှောင်လက်စွပ်များ၊အရိပ်ချပ်ဝတ်များ၊ အရိပ်နှင့်ပတ်သက်သည့်ကျွမ်းကျင်မှုများနှင့် အခြားအဆင့်မြင့်လုပ်ကြံမှုကျွမ်းကျင်အစွမ်းများကို ရှောင်ယုကသူမအလိုရှိတိုင်း ပေးအပ်ခဲ့သည်။ မုတ်ဆိတ်နီသည် အနောက်တိမ်တိုက်အင်ပါယာ၌ ရှောင်ယုအားလာရောက်လုပ်ကြံစည်က အရိပ်ဝတ်ရုံအားအသုံးပြုထားခဲ့သည်။ ထိုအရိပ်ဝတ်ရုံကြောင့်သူမသည် အောင်းတူ၏စူးစမ်းမှုမှ ခေတ္တကာကွယ်ပေးနိုင်စွမ်း ရရှိခဲ့သည်။ သို့သော်လည်း သူမသည်အရှက်ရကာ ထွက်ပြေးသွားသည့်အချိန်တွင် ထိုအရိပ်ဝတ်ရုံအားပြန်လည်ယူဆောင်ရန် မေ့လျောသွားခဲ့သည်။ ထို့နောက်ရှောင်ယုသည် အရိပ်ဝတ်ရုံကို လီအာအားပေးအပ်ခဲ့သည်။
ထို့ပြင် မြေအောက်မြို့တော်အားစူးစမ်းရှာဖွေစဉ်က လုပ်ကြံသူများနှင့်သက်ဆိုင်သော ကျွမ်းကျင်စာအုပ်များစွာကိုရရှိခဲ့သည်။ ရှောင်ယုသည် ထိုစာအုပ်အားလုံးက်ို လီအာအားပေးအပ်ခဲ့သည်။ သူမသည် ထိုစာအုပ်များကိုလေ့လာခဲ့ပြီးနောက် သူမ၏နားလည်သဘောပေါက်မှုသည် များစွာတိုးတက်လာခဲ့သည်။ သူမတို့မိသားစု၏စာကြည့်တိုက်အတွင်း၌ပင် ထိုမျှများပြားသောစာအုပ်များမရှိခဲ့ပေ။
သူမသည် ယခုချက်ချင်းပင်အိမ်သို့ပြန်သွားလိုစိတ် ဖြစ်လာခဲ့သည်။
"ခုနေစျေးပေါတဲ့ကောင်မလေးကသာ ငါ့ကိုတွေ့ခဲ့မယ်ဆိုရင် မနာလိုစိတ်ကြောင့် သတိမေ့သွားလိမ့်မယ်"
အခန်း ၃၄၇ - စစ်ပွဲဟူသည် မြင့်မြတ်သောအရာမဟုတ်
ရှောင်ယု၏ယာဉ်တန်းသည် ညဘက်တွင်သာ အနားယူပြီး နေဝင်ဆည်းဆာရေကန်သို့ တစ်နေကုန်သွားရောက်ခဲ့သည်။
...
...
အနောက်တိမ်တိုက်အင်ပါယာတွင် အမာခံမြင်းတပ်ဖွဲ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုကဲ့သို့တပ်ဖွဲ့မျိုးကို အနောက်တိမ်တိုက်အင်ပါယာ၌ တွေ့မြင်ရလေ့မရှိပေ။ ကောင်းကင်ယံ၌ မုန်တိုင်းကျီးကန်းဒါဇင်ချီသည် မိုးကုပ်စက်ဝိုင်းတစ်ဆုံးထိ ကင်းထောက်စစ်ဆေးနေခဲ့သည်။ ချင်ချဲဦးဆောင်သောအဖွဲ့သည် လွန်ခဲ့သောရက်ပေါင်းတစ်ဒါဇင်ကျော်ကပင် မြက်ခင်းပြင်ဒေသသို့ရောက်ရှိခဲ့ကြသည်။ ရှောင်ယုနှင့်ချင်ချဲတို့သည် ရန်သူများ၏ထောက်ပံ့ရေးလမ်းကြောင်းကို ဦးစွာတိုက်ခိုက်မယ့်အစား သူတို့ရာက်ရှိလာကြောင်း ထို့ပါဟောင်ထံသတင်းပို့ရန် နတ်မြင်းပျံတစ်ကောင်ကိုစေလွှတ်ခဲ့သည်။ ဤစစ်ဆင်ရေးအောင်မြင်မှုသည် ချင်ချဲ၏စွမ်းဆောင်ရည်ကိုသာမက ထို့ပါဟောင်၏တောင့်ခံနိုင်မှုကိုလည်းလိုအပ်ပေသည်။ အကယ်၍ ထို့ပါဟောင်သာရန်သူလက်ထဲရှုံးနိမ့်သွားပါက ချင်ချဲမည်မျှကောင်းမွန်စွာ ဆောင်ရွက်နိုင်ပါစေ အလဟဿဖြစ်သွားမှာဖြစ်သည်။
ထို့ကြောင့် မည်သည့်အခြေအနေတွင်ဖြစ်စေ ထို့ပါဟောင်သည် မြို့ကိုတစ်လတိတိခုခံကာကွယ်ထားရမည်ဟု သတင်းပို့ခဲ့သည်။ ထိုသတင်းကိုရရှိချိန်တွင် ထို့ပါဟောင်သည်မျက်မှောင်ကြုတ်မိလိုက်သည်။ ရှောင်ယုသည် ရန်သူ၏အခြေစိုက်စခန်းကိုတိုက်ခိုက်လိမ့်မည်ဟု အစောပိုင်းတွင်သူယူဆခဲ့သော်လည်း ရန်သူ၏ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ပစ်လိမ့်မည်ဟု တစ်စုံတစ်ယောက်ကိုစေလွှတ်မည်ဟု မထင်ထားခဲ့ကြပေ။ ထို့ပါဟောင်သည် အလွန်စိုးရိမ်နေသော်လည်း သူ့ထံတွင်ရွေးချယ်စရာများစွာမရှိပေ။
ဤအခြေအနေတွင် ရှောင်ယုကြောင့်သာမဟုတ်ပါက မည်သူကမှသူ့အားစစ်ကူပို့ပေးမည်မဟုတ်ပေ။ ဤအချိန်တွင် သူ့အားသစ္စာစောင့်သိနေသည့် မျိုးနွယ်စုများရှိနေသော်လည်း သူတို့အားအသုံးပြုကာ ရန်သူကိုနှိမ်နင်းရန်မတတ်နိုင်ပေ။ အထူးသဖြင့် လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များမှ အသွင်ပြောင်းပေးထားသော တစ္ဆေသူရဲကောင်းများကလည်း သူ၏စခန်းကိုအမြဲလိုလိုတိုက်ခိုက်လာလေ့ရှိသည်။ အကယ်၍ ရှောင်ယုချန်ရစ်ထားခဲ့သော တောင်ဘီလူးများ၊အောစ့်စီးနင်းသူများ၊အောစ့်များ၊နတ်မြင်းပျံများကြောင့်သာမဟုတ်ပါက သူသည်ရန်သူကိုဆက်လက်ခုခံနိုင်တော့မည်မဟုတ်ကြောင်း ထို့ပါဟောင်ကောင်းကောင်းနားလည်ပေသည်။
သူ၏လက်အောက်ငယ်သားများထံမှ ပါထျန်းမင်၏အရှက်တကွဲဖြစ်ရပ်ကို ကြားသောအခါ ထို့ပါကွေ့သည်ဒေါသပေါက်ကွဲသွားခဲ့ပြီး ပါထျန်းမင်၏နေရာတွင် ကျန်းချန်ဟုခေါ်သည့် အခြားဗိုလ်ချုပ်ကြီးတစ်ယောက်နှင့် အစားထိုးလဲလှယ်ခဲ့သည်။ ဗိုလ်ချုပ်အသစ်သည် မျက်စိစုံမှိတ်ကာတိုက်ခိုက်ခြင်းမရှိဘဲ ဝိုင်းရံတိုက်ခိုက်မှုကိုသာလုပ်ဆောင်ခဲ့သည်။ ကျန်းချန်သည် ထို့ပါဟောင်၏စွမ်းအားကိုဖြည်းဖြည်းချင်းကုန်ဆုံးစေရန် အဓိကအာရုံစိုက်ထားခဲ့သည်။ ဤနည်းအားဖြင့်ဆိုလျှင် သူတို့သည်ထို့ပါဟောင်အား အနှေးနှင့်အမြန်ဖမ်းမိနိုင်မှာဖြစ်သည်။
...
...
"သူတို့က ဂျေဒါမျိုးနွယ်လား"
ချင်ချဲသည် သူ့နံဘေးရှိမှင်စာဆီမှ အဖြေတောင်းလိုက်သည်။ သူသည် လမ်းခရီးတလျှောက်တွင် အနောက်တိမ်တိုက်အင်ပါယာ၏ မြေမျက်နှာသွင်ပြင်၊ပထဝီအနေအထားနှင့်ရာသီဥတုတို့ကိုလေ့လာခဲ့သည်။ သူသည်ဤစစ်ပွဲအား အနိုင်ရရှိလိုပါက အသေးစိတ်အချက်အလက်အားလုံးက်ို နားလည်ရမည်ဖြစ်ကြောင်း သူနားလည်ထားပေသည်။ ချင်ချဲသည် သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိသော်လည်း ရန်သူ၏အစွမ်းအစကိုလည်းလျော့မတွက်ဝံ့ပေ။
ချင်ချဲသည် အနောက်တိမ်တိုက်အင်ပါယာသို့ မရောက်ဖူးသည့်အတွက်ကြောင့် ဤနိုင်ငံနှင့်ရင်းနှီးသောမှင်စာများကို ခေါ်ဆောင်လာခဲ့သည်။ သို့မှသာ အရေးကြီးသည့်အချိန်များ၌ လိုအပ်သောအကြံအစည်ကို တောင်းခံနိုင်မည်ဖြစ်သည်။ ဤမှင်စာများသည် အနောက်တိမ်တိုက်အင်ပါယာတွင် ကျွန်များအဖြစ် အချိန်အတော်ကြာအောင်နေထိုင်ခဲ့ကြပြီး မျိူးနွယ်စုများစွာထံ ရောင်းစားခံခဲ့ရသည်။ သူတို့သည်နေရာများစွာကို လှည့်ပတ်နေထိုင်ဖူးသည့်အတွက် အနောက်တိမ်တိုက်အင်ပါယာနှင့်ပတ်သက်၍ အတော်လေးကောင်းစွာသိရှိထားကြသည်။
မှင်စာကုန်သည်များသည် ရှေးခေတ်ကပင်အလွန်လူသိများကြသည်။ သူတို့သည် တိုက်ကြီး၏ထောင့်တိုင်းတွင် ရောင်းဝယ်ဖောက်ကားခဲ့ကြပြီး နတ်ဆိုးများနှင့်နတ်ဆိုးများနေထိုင်ရာဒေသသို့ပင် ဝင်ရောက်လာခဲ့ကြသည်။ ထို့ကြောင့်ရှောင်ယုသည် ချင်ချဲနှင့်အတူဂေါ်ပလင်များကိုခေါ်ဆောင်လာရန် အကြံပေးခဲ့ပေသည်။ သူတို့သည် မြေမျက်နှာသွင်ပြင်အား စူးစမ်းလေ့လာနိုင်သည့်အပြင် ရေအရင်းအမြစ်ကိုလည်း ရှာဖွေနိုင်ပေသည်။ သူတို့သည် အရာအားလုံးကိုမှတ်သားနိုင်ပေသည်။ သူတို့သည် အတိတ်တစ်ချိန်က မျိုးနွယ်စုများစွာ၌ ကျွန်များဖြစ်ခဲ့ဖူးသည့်အတွေ့အကြုံကြောင့် သူတို့အားလမ်းပြကောင်းများအဖြစ် မှတ်ယူနိုင်သည်။
ရှောင်ယုသည် ဟော့ချွီပမ်း၏ဇာတ်လမ်းနှင့် ကြီးကျယ်ခမ်းနားသောစစ်သူကြီးက ဟွမ်များကိုအနိုင်ယူခဲ့သည့်အကြောင်းကို ချင်ချဲအားပြန်လည်သင်ကြားပေးခဲ့သည်။ ဟော့ချွီပမ်းသည် သူ့တပ်များအတွင်း၌ ဟွမ်များကိုတာဝန်ပေးထားခဲ့၍ ခြေသလုံးအိမ်တိုင်ဟွမ်မျိုးနွယ်စုများကို ရှာဖွေနိုင်ခဲ့သည်။ သူတို့သည် မြေမျက်နှာသွင်ပြင်နှင့်ရင်းနှီးပြီး ခြေသလုံးအိမ်တိုင်မျိုးနွယ်စုများထံသို့ လမ်းကြောင်းချပြနိုင်ခဲ့သည်။ ထို့ပြင် ဟော့ချွီပမ်းသည် ဟွမ်မျိုးနွယ်စုများကို ဖယ်ရှားရန်အချိန်ကြာမြင့်မည်ကိုသိရှိထားသည့်အတွက်ကြောင့် ကောင်းစွာပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် သူသည် လိုအပ်သည့်အရာမှန်သမျှအားသင်ယူလေ့လာခဲ့သည်။
ဟွမ်များသည် ဟော့ချွီပမ်း၏တပ်များထက် အဘက်ဘက်မှသာလွန်နေသော်လည်း သူ့တပ်ဖွဲ့မှဒေသခံများက သူ့ကိုစစ်မြေပြင်၌ထိန်းသိမ်းရန်အတွက် အကောင်းဆုံးနေရာများကို အမြဲပြသခဲ့သည်။ ထို့ပြင် ရန်သူသည်အလွန်အားကောင်းနေပါက ဟော့ချွီပမ်းက ထိပ်တိုက်တွေ့ဆုံခြင်းမရှိဘဲ အမြဲရှောင်ရှားလေ့ရှိသည်။ သူသည် အားအနည်းဆုံးသောရန်သူများကိုသာ ရွေးချယ်တိုက်ခိုက်လေ့ရှိပြီး ပျောက်ကျားစစ်ပွဲကိုအသုံးပြုကာ ရန်သူများ၏ထောက်ပံ့ရေးလမ်းကြောင်းကိုခြုံခိုတိုက်ခိုက်၍ သမိုင်းဝင်အောင်ပွဲများအား ဖန်တီးရယူခဲ့သည်။
ယခုအကြိမ်၌လည်း ချင်ချဲသည်တူညီသောအတွေးအမြင်ကို ရရရှိခဲ့ပြီးနောက်တွင် ပျောက်ကျားတိုက်ခိုက်မှုအား ထပ်မံအသုံးပြုခဲ့သည်။
"ဗိုလ်ချုပ်...ဒီငယ်သားက ဂျေဒါမျိုးနွယ်စုရဲ့ ကျွန်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်...ငါသူတို့အကြောင်းကိုကောင်းကောင်းသိတယ်...သူတို့မျိုးနွယ်စုက လူပေါင်း၁၀၀၀၀ခန့်ရှိပြီးတော့ အများစုကအမျိုးသမီးတွေနဲ့ကလေးငယ်တွေဖြစ်တယ်...သူတို့ရဲ့အကောင်းဆုံးစစ်သည်တော်တွေက အင်အား၃၀၀၀လောက်ပဲရှိတယ်..."
ထိုစကားကိုပြောနေစဉ် မှင်စာ၏မျက်လုံးများသည်တောက်ပလာခဲ့သည်။ သူတို့သည် ညဏ်ပညာရှိသောသတ္တဝါများဖြစ်ကြ၍ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိကြသည်။ အတိတ်တစ်ချိန်က သူတို့သည်လုံးဝအခွင့်အရေးမရခဲ့သော်လည်း ယခုအချိန်တွင်မူ သူတို့၏ယခင်သခင်ဟောင်းထံ ပြန်သွားရန်အခွင့်အရေးရလာခဲ့ပြီဖြစ်သည်။ မှင်စာအများစုသည် ကျွန်ဘဝနှင့်ကျင့်သားရနေကြသည့်အပြင် သူတို့သည်လွတ်လပ်သောဘဝကိုတစ်ခါမှမရဖူး၍ ကျွန်အဖြစ်နေထိုင်ရခြင်းကို အထွန့်မတက်ခဲ့ကြပေ။ သို့သော်လည်း ရှောင်ယုထံ၌ လက်အောက်ခံပြီးနောက်တွင် ထိုသဘောထားများပျောက်ကွယ်သွားခဲ့သည်။ ခြင်္သေ့နယ်မြေတွင် မည်သူကမှသူတို့အားကျွန်များအဖြစ် မဆက်ဆံကြတော့ပဲ လူသားများနှင့်တန်းတူညီမျှစွာဖြင့် ရပ်တည်နိုင်ခဲ့ကြသည်။
ယခုအချိန်တွင် မှင်စာများသည် သူတို့သခင်ဟောင်းရှိရာသို့ အလွန်ပြင်းထန်သောမုန်းတီးမှုများဖြင့် ပြန်ရောက်လာခဲ့သည်။ ဖော်ရာသည် ချင်ချဲ၏တပ်များနှင့်အတူ စက်ရုပ်၅၀က်ိုထပ်ထည့်ပေးလိုက်သည်။ ထို့ပြင် စက်ရုပ်အားလုံးက်ိုသယ်ဆောင်ရာ၌ ပြဿနာမရှိစေရန်အတွက် သိုလှောင်လက်စွပ်၌ သိမ်းဆည်းထားခဲ့သည်။ ဖော်ရာသည် စက်ရုပ်များကိုထပ်မံပြုပြင်မွမ်းမံခဲ့ပြီး သူတို့၏တိုက်ခိုက်နိုင်စွမ်းသည် ပိုမိုတိုးတက်လာခဲ့သည်။ ထောင်စုနှစ်ပေါင်းများစွာ နှိပ်စက်ညဉ်းပန်းခံရပြီးနောက်တွင် အနောက်တိမ်တိုက်အင်ပါယာမှ မှင်စာများသည် သူတို့၏တန်ဖိုးကိုသက်သေပြနိုင်စေရန်အတွက် အချိန်ကျရောက်လာပြီဖြစ်သည်။
"မှော်စုန်းဆရာတွေ...အခြေအနေကိုစစ်ဆေးကြ"
ချင်ချဲသည် အလျင်စလိုပြုလုပ်ရန် အစီအစဉ်မရှိဘဲ အရာအားလုံးကိုစစ်ဆေးနေခဲ့သည်။ သူသည် တိုက်ခိုက်မှုမစတင်မှီ အခြေအနေတစ်ခုလုံးအားနားလည်အောင် လုပ်ဆောင်မည်ဖြစ်သည်။ ရှောင်ယုကိုယ်တိုင်ကလည်း တိုက်ခိုက်မှုမပြလုပ်မီ အကြိမ်ရေတစ်သောင်းခန့် ရန်သူအားစုံစမ်းထောက်လှမ်းရမည်ဟု ချင်ချဲအားအကြိမ်ကြိမ်ပြောပြခဲ့သည်။ တစ်ကြိမ်ခန့်ဂရုမစိုက်ပြုမူမိပါက ချင်ချဲသေဆုံးသွားနိုင်ပေသည်။
မုန်တိုင်းကျီးကန်းများပြန်ရောက်လာချိန်တွင် မှင်စာများထံမှရရှိသည့် သတင်းအချက်အလက်နှင့် အလုံးစုံနီးပါးတူညီနေကြောင်း ချင်ချဲနားလည်လိုက်သည်။ ဂျေဒါမျိုးနွယ်စုတွင် အရွယ်ရောက်ပြီးသူအမျိုးသား အမြောက်အများမရှိပေ။ ချင်ချဲသည် ရှောင်ယုလက်ဆောင်ပေးထားသည့် နတ်မြင်းပျံကိုစီးနင်းကာ သူ၏ဓားကိုဆွဲထုတ်လိုက်သည်။
"ငါတို့ရဲ့သူရဲကောင်းတွေ...ငါတို့ဟာအကြောက်အလန့်ကင်းမဲ့တယ်...ငါတို့ဟာပြိုင်ဘက်ကင်းတယ်...ခုပဲချီတက်ပြီးတော့ ရန်သူကိုဖျက်ဆီးပစ်ကြ...ငါ့ရဲ့ဂုဏ်ကျက်သရေကိုသက်သေပြဖို့အတွက် ရန်သူရဲ့သွေးက်ိုအသုံးပြုကြ...အမျိုးသမီးငယ်နဲ့ကလေးတွေကိုမသတ်ကြနဲ့...မင်းတို့ကသူတို့ရဲ့မြင်းတွေကိုသတ်ဖြတ်နိုင်တယ်...စားနပ်ရိက္ခာတွေကို မီးရှို့ပစ်ကြ"
သတ်ကြ...
မြင်းတပ်သား၁၀၀၀သည် ဂျေဒါမျိုးနွယ်စုထံသို့ ချီတက်လာစဉ်တွင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူတို့၏အော်ဟစ်သံများသည် မိုးခြိမ်းသံကဲ့သို့ပဲ့တင်ထပ်သွားခဲ့သည်။ ဂျေဒါမျိုးနွယ်စုသည် ရန်သူများလာရောက်တိုက်ခိုက်သည်ကိုမြင်သော် ထိတ်လန့်သွားကြသည်။ အနောက်တိမ်တိုက်အင်ပါယာ၏မြက်ခင်းပြင်၌ အမာခံမြင်းတပ်သားများသည် မည်သို့ထွက်ပေါ်လာမည်နည်း။ သူတို့ကအဘယ်ကြောင့် သူတို့မျိုးနွယ်စုကို လာရောက်တိုက်ခိုက်ရသနည်း။ ထို့ပါဟောင်၏တပ်ဖွဲ့များလား...သို့သော်ထို့ပါဟောင်သည် ဝိုင်းရံခံထားရသည်ဖြစ်ရာ အဘယ်ကြောင့်သူတို့အား တိုက်ခိုက်ရန်လူများကိုမည်သို့စေလွှတ်နိုင်မည်နည်း။
ထိုခဏ၌ အတွေးများစွာက သူတို့၏စိတ်ထဲတွင် ဖြတ်သန်းသွားခဲ့သည်။
မြင်းတပ်သားများက မျိုးနွယ်စုအတွင်းသို့ ဒုန်းစိုင်းဝင်ရောက်သွားကြသည်။ သူတို့သည် ဓားရှည်များကိုအသုံးပြုကာ လမ်းပေါ်မှလူတိုင်းကို သတ်ဖြတ်ခဲ့ကြသည်။ သူတို့အားခုခံရန် ကြိုးစားသူတိုင်းအား သူတို့၏လက်နက်များနှင့်အတူ နှစ်ခြမ်းခွဲပစ်ခဲ့သည်။ ညဏ်ကောင်းသူအချို့သည် ထွက်ပြေးရန်ကြိုးစားကြသော်လည်း ထူးဆန်းသောငှက်များက ကောင်းကင်မှနေ၍ သူတို့အားတိုက်ခိုက်လာကြသည်။ နတ်မြင်းပျံများထက်မှ နတ်သူငယ်များကလည်း မြှားတစ်စင်းကိုရန်သူတစ်ယောက်နှုန်းဖြင့် ရန်သူများကိုသတ်ဖြတ်နိုင်ခဲ့သည်။
ဂျေဒါမျိုးနွယ်စုသည် ထွက်ပြေးရန်နေရာမရှိတော့ပေ။ လက်ရှိအချိန်တွင် သူတို့အတွက်လက်နက်ချရန်သာ ရွေးချယ်နိုင်တော့သည်။ချင်ချဲတို့သည် အမျိုးသမီးများနှင့်ကလေးများကို မသတ်ဖြတ်ခဲ့သော်လည်း အမျိုးသားများကိုမူသတ်ဖြတ်နိုင်ခဲ့သည်။
ချင်ချဲသည် အပြစ်မဲ့သူများကို မသတ်ဖြတ်ချင်သော်လည်း အရွယ်ရောက်ပြီးသော အမျိုးသားများကိုမသတ်ဖြတ်ဘဲ အလွတ်ပေးလိုက်မည်ဆိုပါက ခြင်္သေ့နယ်မြေအတွက် ပြဿနာဖြစ်လာမည်ဖြစ်ကြောင်း သူနားလည်ပေသည်။ သူသာ ထို့ပါဟောင်ကိုကယ်တင်လိုပါက အနီးအနားရှိမျိုးနွယ်စုများကို သတ်ဖြတ်ရှင်းလင်း၍ သူတို့၏စားနပ်ရိက္ခာများကို ယူဆောင်သွားရမည်ဖြစ်သည်။ ဤနည်းဖြင့် ထို့ပါကွေ့၏စစ်တပ်တွင် ထောက်ပံ့ရေးပစ္စည်းများပြတ်တောက်သွားမည်ဖြစ်သည်။ ဤစစ်ပွဲတွင်အောင်ပွဲကိုအလိုရှိပါက သူသည်ရက်စက်စွာပြုမူရန်လိုအပ်ကြောင်း ချင်ချဲနားလည်ပေသည်။ ချင်ချဲသည်ငယ်ရွယ်သေးသော်လည်း အခြေအနေအရပ်ရပ်ကို သဘောပေါက်နားလည်ပေသည်။ ထို့ကြောင့် သူသည်ထို့ပါဟောင်ကိုကယ်တင်ကာ အနောက်တိမ်တိုင်အင်ပါယာ၏အင်အားကိုလျော့နည်းစေပြီး ခြင်္သေ့နယ်မြေ၏အနောက်ပိုင်းကို လုံခြုံစိတ်ချရအောင် ပြုလုပ်နိုင်ရန်ကြိုးစားမှာဖြစ်သည်။
တစ်နာရီခန့်ကြာပြီးနောက်တွင် ဂျေဒါမျိုးနွယ်စုသည် မီးလျှံများအတွင်း၌လောင်ကျွမ်းနေပြီး အလောင်းများစုပြုံနေခဲ့သည်။ အမျိုးသမီးနှင့်ကလေးများသည် ဝမ်းနည်းတပန်းငိုကြွေးနေချိန်တွင် မြင်းတပ်သားများက မျိုးနွယ်စုအတွင်းမှ ထွက်ခွာလာခဲ့သည်။
အခန်း ၃၄၈ - ပြသနာ
ချင်ချဲသည် ပျောက်ကျားတိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။
နှစ်လကျော်ကြာခရီးသွားပြီးနောက်တွင် ရှောင်ယု၏ယာဉ်တန်းသည် နေဝင်ချိန်နွံအိုင်၏အပြင်ဘက်အစွန်းကို ရောက်ရှိလာခဲ့သည်။ ခြင်္သေ့နယ်မြေသည် တိုက်ကြီး၏မြောက်ဘက်တွင်တည်ရှိပြီး တောင်ဘက်တွင်မူရွှံ့နွံများရှိပေသည်။မည်သို့ပင်ဆိုစေကာမူ သူတို့သည်လမ်းခရီးတလျှောက်၌ အထီးကျန်ခြင်း၊ပျင်းရိခြင်းများမရှိခဲ့ပေ။ ယခုအခါ နေဝင်ချိန်နွံအိုင်သို့ ခရီးသွားသူအမြောက်အများရှိနေပေသည်။ ပုံမှန်အချိန်များ၌ပင် နေဝင်ချိန်နွံအိုင်၌ တွေ့ရှိနိုင်သောရတနာများကိုစိတ်ဝင်စားကြသည့် စွန့်စားသူများ၊ကြေးစားများနှင့်အခြားသောကျွမ်းကျင်သူများရှိပေသည်။ ရံဖန်ရံခါတွင် ထိုကြေးစားများနှင့်စွန့်စားသူများသည် ရှောင်ယုမျက်စိမကျတတ်သော ရတနာများကိုတိုက်ခိုက်လုယူကြလေ့ရှိသည်။ ရှောင်ယုသည် ထိုတိုက်ခိုက်မှုများကိုကြည့်၍ လောင်းကြေးထပ်လေ့ရှိသည်။
လမ်းခရီးတလျှောက်၌ ရှောင်ယု၏တပ်များကို အချိန်အတော်ကြာအောင် မထိဝံ့ကြပေ။ အမှန်တော့ မည်သူတစ်ဦးတစ်ယောက်ကမှ ခိုင်ရင်းသို့မဟုတ် ကြမ်းတမ်းသောပုံစံဖြင့်အောစ့်များကို ရင်ဆိုင်လိုစိတ်မရှိကြပေ။ မည်သို့ပင်ဆိုစေကာမူ လူတို့သည် သူတို့၏ကံတရားကိုစမ်းသပ်လိုကြသည်။ စွန့်စားသူများသည် များသောအားဖြင့် လောင်းကစားသမားများဖြင့်တူကြသည်။ သူတို့သည် အောင်နိုင်ခြေသုညနှင့်နီးကပ်နေလျှင်တောင်မှ အခွင့်အရေးကိုလက်လွှတ်မခံလိုကြပေ။
...
...
လမ်းခရီးတလျှောက်၌ စွမ်းအားကြီးကြေးစားအဖွဲ့များစွာပါရှိသည့်အပြင် လက်ရှိအချိန်တွင် တစ်ယောက်ကိုတစ်ယောက်နှောင့်ယှက်ရန် အချိန်မကျသေးသည့်အတွက် မည်သည့်တိုက်ပွဲမှမဖြစ်ပွားခဲ့ပေ။ လက်ရှိအခိုက်အတန့်တွင် မည်သူကမည်သူ့အားကျောထောက်နောက်ခံပေးထားသည်အား တစ်ဦးတစ်ယောက်မှမသိကြပေ။ စွမ်းအားကြးစားအဖွဲ့ခေါင်းဆောင်များသည် သူတို့ထက်သန်မာသူများ အမြဲလိုလိုရှိနေကြောင်း ရှင်းရှင်းလင်းလင်းနားလည်ထားကြသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အုပ်စုငယ်များနှင့် အလတ်စားအုပ်စုများပိုမိုတွေ့မြင်လာရပြီး ထိုကောင်များသည်မည်သူ့ကိုမှ သူတို့မျက်စိထဲမထည့်ခဲ့ကြပေ။ ရှောင်ယုသည် ထိုကဲ့သို့သောအုပ်စုများစွာကို အကြိမ်ပေါင်းများစွာရင်ဆိုင်ခဲ့ရသည်။ ထိုလူများသည် အောစ့်များကိုသတ်ဖြတ်ခြင်း၊နတ်သူငယ်များကိုခိုးယူခြင်းစသည်တို့ကို ပြုလုပ်လိုကြသည်။ ရှောင်ယုသည် ထိုသူတို့အပေါ်၌သနားညာတာမှုလုံးဝမရှိခဲ့ပေ။ ရှောင်ယုသည် ထိုလူများ၏ခြေလက်အင်္ဂါများကိုဖြတ်တောက်၍ သစ်ပင်ပေါ်၌တွဲလောင်းချည်ကာ သူ့ထံမှခိုးယူရန်ကြိုးစားသူတိုင်း ဤသို့ကြုံတွေ့ရမည်ကိုလူတိုင်းသိရှိအောင် ဖော်ပြထားခဲ့သည်။
မည်သို့ပင်ဆိုစေ ပြဿနာများသည် ဤနေရာတွင်အဆုံးမသတ်သွားပေ။ ခြင်္သေ့နယ်မြေတွင် နတ်သူငယ်သို့မဟုတ် အောစ့်များသည်ရှားပါးသည်တော့မဟုတ်ပေ။ အမှန်တော့စွမ်းအားကြီးမားသည့်တပ်ဖွဲ့များသည် သူတို့၏လက်အောက်၌ အောစ့်နှင့်နတ်သူငယ်များကိုထားရှိနိုင်ပေသည်။ သို့သော်လည်း သာမန်လူများအတွက်မူ အောစ့်နှင့်နတ်သူငယ်များသည် မျိုးသုဉ်းသွားသည့်ဒဏ္ဍာရီလာသတ္တဝါများဖြစ်ကြသည်။ အောစ့်များ၏ဦးခေါင်းခွံသည် ရဲစွမ်းသတ္တိနှင့်ဂုဏ်ထူးဆောင်မှုတို့၏ လက္ခဏာရပ်တစ်ခုဖြစ်သည့်အတွက်ကြောင့် ထိုသို့သောသတ္တဝါတစ်ကောင်ကိုသတ်ဖြတ်ရန်မှာ စွန့်စားသူတိုင်း၏အိပ်မက်ဖြစ်သည်။ နတ်သူငယ်ကျေးကျွန်များကိုလည်း အဆမတန်စျေးကြီးပေးကာ ရောင်းချခြင်းဖြင့် တစ်သက်တာချမ်းသာနိုင်ပေသည်။
အန်နာသည် နဂါးသိမ်းငှက်ကိုစီးနင်းနေစဉ်တွင် တိုင်ရန်ဒီကသူမ၏ကျားဖြူကိုစီးနင်းနေခဲ့သည်။ စွန့်စားသူအမျိုးသားတချို့က သူမတို့အားဖမ်းဆီးချင်ကြသည်။ အထူးသဖြင့် လင်းမူရွယ်၏အလှသည် လူအချို့ကိုပင်ဆွဲဆောင်နိုင်ခဲ့သည်။ အချို့သောမိသားစုများ၏ သခင်ငယ်များသည် သူတို့မိသားစု၏အင်အားကိုအသုံးချကာ လင်းမူရွယ်အားရယူရန် ကြိုးစားကြသော်လည်း ရှောင်ယုသည်ခိုင်ရင်းနှင့်ဂရင်းတို့အား ထိုလူများကိုသတ်ဖြတ်ရန်အသုံးပြုခဲ့သည်။
ရှောင်ယုသည် ကနေဒီမိသားစုနှင့်လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များကိုပင် စော်ကားဝံ့သည့်အတွက်ကြောင့် ဤပုဇွန်ငယ်လေးများသည် သူ့အားအာရုံစိုက်စေရန်ပင် မလုံလောက်ပေ။ ထို့ကြောင့်ရှောင်ယုသည် လူများစွာကိုရန်စမိခဲ့ကာ သူတို့ထဲမှအချို့သည် တန်ပြန်တိုက်ခိုက်ရန်ပင် ကြိုးစားခဲ့ကြသည်။ ပဥ္စမအဆင့်ကျွမ်းကျင်သူအချို့သည်ပင် သူတို့အားတိုက်ခိုက်ရန်အတွက် အကြိမ်အနည်းငယ်ခန့်ရောက်လာခဲ့သော်လည်း ဆဌမအဆင့်ကျွမ်းကျင်သူများထွက်ပေါ်လာခြင်းမရှိပေ။
အမျိုးသမီးတစ်ယောက်ကြောင့် မျက်နှာပြရသည့်ကိစ္စတစ်ခုတွင် ဆဌမအဆင့်ကျွမ်းကျင်သူများ ဝင်ရောက်ဖြေရှင်းရမည်ဆိုပါက သဘာဝမကျတော့ပေ။ ထို့ကြောင့် သူတို့အားတိုက်ခိုက်လာသည့်ပဥ္စမအဆင့်ကျွမ်းကျင်သူများသည် ရှောင်ယုအတွက်ပြိုင်ဘက်မဟုတ်ခဲ့ပေ။ ကဲလ်သက်၏မီးလုံးများနှင့် တိုင်ရန်ဒီ၏မှော်ဖောက်ခွဲရေးမြှားများသည် ထိုအဆင့်ကျွမ်းကျင်သူများအားဖြေရှင်းရန် လုံလောက်သည်ထက်ပိုနေပြီဖြစ်သည်။
သူတို့သာ ရှောင်ယုတို့ကိုနောက်တစ်ကြိမ်တိုက်ခိုက်ဝံ့ပါက ထိုနေရာသည် သူတို့၏သချိုင်းဖြစ်လာနိုင်သည့်အတွက် ရှောင်ယုတို့အားရန်စဝံ့သူမရှိတော့ပေ။ ရှောင်ယုသည် ပဥ္စမအဆင့်ကျွမ်းကျင်သူများအား ကြောက်ရွံခြင်းမရှိသော်လည်း ဆဌမအဆင့်နှင့်နီးကပ်နေသည့် ပဥ္စမအဆင့်သူရဲကောင်းများသည် သူ့အားပြဿနာတက်စေနိုင်သည်။ သို့သော်လည်း ထိုအဆင့်ကျွမ်းကျင်သူများသည် အလွန်ရှားပါးလှသည့်အတွက် ရှောင်ယုသည်ယခုအချိန်ထိတိုင်အောင် တစ်ယောက်မှမတွေ့ရသေးပေ။
...
ရှောင်ယုသည် ခရီးတစ်ထောက်နား၍ အသားကင်စားနေသည့်အချိန်တွင် အသံတစ်ခုကပဲ့တင်ထပ်လာခဲ့သည်။
"မြင့်မြတ်တဲ့မိန်းကလေး...ငါကလီယိုနာဒိုရှောပါ...မင်းရဲ့အမည်ကိုသိခွင့်ရမလား"
"သေစမ်းကွာ...နောက်ထပ်လူမိုက်တစ်ယောက်ရောက်လာပြီ"
ရှောင်ယုသည် ထိုလူကိုကြည့်ရင်းမျက်ခုံးတွန့်လိုက်မိသည်။
မင်းကငါ့ရှေ့မှာတောင် လင်းမူရွယ်ကိုဗြောင်ကျကျလိုက်ဝံ့တယ်ပေါ့...မင်းက ငါဆိုတဲ့ရှောင်ယုကိုမျက်လုံးထဲတောင် မထည့်ထားဘူးလား
ရှောင်ယုသည် ဂရင်းကိုကြည့်ရင်း လက်ဝှေ့ယမ်းပြလိုက်ပြီး အသားကင်ကိုဆက်စားနေခဲ့သည်။
ဂရင်းနှင့်ခိုင်ရင်းတို့သည် အချင်းချင်းကြည့်ကာပြုံးပြလိုက်ပြီး လီယိုနာဒိုထံရောက်လာကြသည်။
ဂရင်းသည် လူငယ်လေး၏ပုခုံးကိုဖမ်းဆုပ်ကာ မြေပြင်ပေါ်သို့ ရိုက်ချရန်အတွက် ကြိုးစားလိုက်သည်။ သို့သော်လည်း ဂရင်း၏တွက်ချက်မှုက မှားယွင်းသွားခဲ့သည်။ဂရင်းသည် လူငယ်ကိုဖမ်းဆုပ်နိုင်ခြင်းမရှိဘဲ သူ၏လက်မောင်းကိုသာ ဓားဖြင့်ထိုးသွင်းခံလိုက်ရသည်။ ဂရင်းသည် နောက်သို့လျင်မြန်စွာဆုတ်ခွာလိုက်သော်လည်း သူ၏လက်မောင်းသည်ဒဏ်ရာရသွားခဲ့သည်။
"ဓားမြန်..."
ဂရင်းကဲ့သို့သောဓားသမားတစ်ယောက်ကို ဒဏ်ရာရရှိစေသည့်အတွက်ကြောင့် လူငယ်၏ကိုယ်ခံပညာသည် ထိပ်တန်းဖြစ်ကြောင်း ထင်ရှားပေသည်။
ရှောင်ယုသည် ထို့ပါဟောင်၏သခင်အောင်းတူကို တွေ့မြင်ဖူးပေသည်။ သူသည် အောင်းတူ၏ကိုယ်ခံပညာကို မတွေ့မြင်ဖူးသော်လည်း ထို့ပါဟောင်၏ဓားသိုင်းကြောင့် အောင်းတူ၏အစွမ်းသတ္တိကို မှန်းဆနိုင်ပေသည်။ ထို့ပြင် အောင်းတူသည် သူ၏အလွန်ထူးချွန်သော ကိုယ်ခံပညာကြောင့်မဟုတ်ပါက အနောက်တိမ်တိုက်အင်ပါယာ၏ သူတော်စင်အဖြစ်သတ်မှတ်ခံရမည်မဟုတ်ပေ။
"ငါက မရေမတွက်နိုင်တဲ့ အလှတရားတွေကိုမြင်တွေ့ဖူးပေမဲ့ မင်းဟာ ငါမြင်တွေ့ဖူးသမျှအလှတရားတွေထဲမှာ အလှပဆုံးအမျိုးသမီးဆိုတာ ငါဝန်ခံပါရစေ ငါ့ကိုမင်းနဲ့ခင်မင်ခွင့်ပြုလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်"
ထိုလူငယ်သည် ရဲတင်းစွာဖြင့် လင်းမူရွယ်၏အမည်ကို ထပ်မံမေးမြန်းခဲ့သည်။
ထိုလူငယ်၏ ကြောက်ရွံ့ခြင်းကင်းမဲ့သောအပြုအမူကြောင့် ထိုလူငယ်ထံတွင် အင်အားကြီးမားသည့်နောက်ခံရှိကြောင်း လင်းမူရွယ်နားလည်လိုက်သည်။ ထို့ကြောင့်သူမသည် မတ်တပ်ထရပ်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။
"သခင်လေးရှောရဲ့ ချီးမွမ်းမှုတွေအတွက် ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ငါ့မှာ စေ့စပ်ထားသူရှိနေပြီ"
လီယိုနာဒိုသည် နွေဦးလေညင်းနှင့်တူသော လင်းမူရွယ်၏စကားပြောသံကို ကြားလိုက်ရသည့်အချိန်တွင် ပိုမို၍စိတ်လှုပ်ရှားသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် လင်းမူရွယ်အားအရယူမည်ဟု လီယိုနာဒိုကပို၍စိတ်ပိုင်းဖြတ်ထားလိုက်သည်။
"ကျေးဇူးပြုပြီးတော့ ငါ့ကိုအခွင့်အရေးတစ်ခုပေးပါ...ငါကမင်းရဲ့စေ့စပ်ထားသူထက် အဆ၁၀၀လောက်ပိုကောင်းမယ်လို့ ငါအာမခံနိုင်တယ်...ငါကသာ မင်းလိုအမျိုးသမီးတစ်ယောက်အတွက် ပိုပြီးတော့ထိုက်တန်ပါတယ်"
"မင်းအမေကိုသာ ပိုပြီးတော့ထိုက်တန်လိုက်"
ရှောင်ယုသည် ဆန်းကြယ်ပုဆိန်အားဆွဲထုတ်ကာ ကျိန်ဆဲလိုက်သည်။ ရှောင်ယု၏စကားကိုကြားသောအခါ လီယိုနာဒို၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားခဲ့ပြီး သူ၏မျက်နှာသည်ရေခဲကဲ့သို့ အေးစက်သွားခဲ့သည်။
"ငါ့အမေကို ဘယ်သူကမှမစော်ကားရဲကြဘူး...အရင်တုံးက ဒီလိုလုပ်ဖူးတဲ့ သူတိုင်းကို ငါ့အိမ်မွေးတိရစ္ဆာန်တွေရဲ့အစာအဖြစ် ပြောင်းလဲလိုက်ပြီ"
လီယိုနာဒိုက အေးစက်သောလေသံဖြင့်ပြောလိုက်သည်။
"ကောင်းပြီ...မင်းမှာအမေရှိတယ်ပေါ့...မင်းကလူသားတစ်ယောက်နဲ့သားရဲတစ်ကောင်ရောစပ်ထားတဲ့ လူတစ်ယောက်လို့ငါထင်ထားခဲ့တာ...သူမကမင်းကို မင်းအဖေနဲ့ပတ်သက်တဲ့ ဘယ်လိုအသိညဏ်မှ မထည့်ပေးခဲ့ဘူးလား...ငါကမင်းအဖေကိုယ်စား မင်းကိုသင်ပေးနေရမှာလား"
ရှောင်ယုသည် သူ၏မျက်စိရှေ့မှောက်တွင် သူ၏မိန်းမကိုပြောင်းပြောင်တင်းတင်း ဖွန်ကြောင်ဝံ့ပြီး သူ၏အောစ့်ကိုပင်ဒဏ်ရာရစေခဲ့သော လူတစ်ယောက်ရှိလာ၍ ဒေါသတကြီးဖြစ်လာခဲ့သည်။ ထို့ကြောင့်ရှောင်ယုသည် မီးတောင်ပေါက်ကွဲနေသကဲ့သို့ အဆက်မပြတ်ပေါက်ကွဲနေခဲ့သည်။
ရှောင်ယုသည် မုတ်ဆိတ်နီ၏စခန်း၌ပင် လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားရုပ်တုကိုစော်ကားဝံ့သူတစ်ယောက်ဖြစ်သည်။ ရှောင်ယုသည် ဤကဲ့သို့သခင်လေးတစ်ယောက်အား စော်ကားရမည်ကိုမကြောက်ရွံ့တော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ လီယိုနာဒို၏မျက်နှာသည် ပိုမိုဆိုးရွားလာခဲ့သည်။ ငယ်စဉ်ကတည်းကပင် သူ့အားမည်သူကမှ မဝေဖန်ရဲကြပေ။ သို့သော်လည်း သူ့ရှေ့မှရက်စက်ကြမ်းကြုတ်ပုံရသောကောင်သည် သူ့အားအဆက်မပြတ်ပင်ဆူပူကြိမ်းမောင်းဝံ့ပေသည်။
"ပါးစပ်ပိတ်ထား..."
လီယိုနာဒိုသည် သူ၏ဓားကိုဝှေ့ယမ်းရင်း အော်ဟစ်ကာစတင်တိုက်ခိုက်လိုက်သည်။
ဗုံးးး...
ရှောင်ယုရပ်နေသောနေရာသည် ချက်ချင်းပင်အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့သည်။ သို့သော်လည်း သူသည်ရှောင်ယု၏အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရပေ။ ရှောင်ယုသည် တည်နေရာရွေ့ပြောင်းခြင်းကိုအသက်သွင်း၍ သူ့ကိုယ်သူနှင့်လင်းမူရွယ်ကိုနေရာရွေ့ပြောင်းခဲ့သည်။
"မင်းအမေပဲပေါ့...မင်းကငါ့ရဲ့အသားကင်ပါတီကိုဖျက်ဆီးဝံ့တယ်ပေါ့...မင်းရဲ့အရိုးတွေကိုနွှာထုတ်ပြီးတော့ အသားကင်ဖို့တံချွန်တွေလုပ်ပစ်မယ်"
ရှောင်ယုက ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ သူ၏စစ်သည်အားလုံးသည် သူ၏အမိန့်ကိုစောင့်မျှော်နေကြပြီး ဂရင်းနှင့်ခိုင်ရင်းတို့ကလည်း တိုက်ပွဲဝင်ရန်အတွက်အသင့်ဖြစ်နေကြပြီဖြစ်သည်။ ရန်သူသည် သူတို့၏ခေါင်းဆောင်ဖြစ်သူ(ဂရင်း)ကိုအရှက်ခွဲပြီး သူတို့သခင်ဖြစ်သူ၏မိန်းမကိုဖမ်းဆီးရန် ကြိုးစားခဲ့သည်။ ထို့ကြောင့်အောစ့်များသည် အလွန်ဒေါသထွက်နေခဲ့ပြီး ထိုလူငယ်အားအစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ချင်နေခဲ့ကြသည်။