အခန်း (၃၆၁-၃၆၃)
Vol. 25 Ch. 361-363
အခန်း ၃၆၁ - ရူးသွပ်မှု
အားဂီးး...
ကျယ်လောင်သောဟိန်းဟောက်သံက စိမ့်တောရဲ့အနက်ပိုင်းမှ ပဲ့တင်ထပ်လာခဲ့သည်။ ရှောင်ယုနှင့်ကျန်လူများသည် ထိုအသံကိုကြားရချိန်တွင် အံ့သြသွားခဲ့ကြသည်။ ယခုဟိန်းဟောက်လိုက်သော သတ္တဝါ၏ခွန်အားသည် စစ်ပွဲချော်ရည်ခွေးထက် လုံးဝနိမ့်ကျမှုမရှိနိုင်သည့်အတွက်ကြောင့် သူတို့၏မျက်နှာအမူအရာသည် မှုန်ကုပ်သွားခဲ့ရသည်။
ရှောင်ယုတို့အဖွဲ့သည်ပင် စွမ်းအင်မုန်တိုင်းရိုက်ခတ်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရနေသော စစ်ပွဲချော်ရည်ခွေးအားသတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ထိုအဆင့်၌ရှိသောဖြစ်တည်မှုတစ်ခုက ဂေါ်လောခ့်များကိုကျောထောက်နောက်ခံပြုပေးထားမည်ဆိုပါက သူတို့၏အခြေအနေသည် အလွန်ဆိုးရွားသွားမည်ဖြစ်သည်။
နေဝင်ချိန်နွံအိုင်၏အတွင်းပိုင်းသို့ လူအနည်းငယ်ကသာ ကျင်လည်သွားလာနိုင်သည်မှာ အံ့သြစရာတော့မဟုတ်တော့ပေ။
ဟိန်းဟောက်သံများ တဖြည်းဖြည်းပဲ့တင်ထပ်လာသည်နှင့်အမျှ ဂေါ်လောခ့်များ၏ခန္ဓာကိုယ်သည် စတင်ပြောင်းလဲလာခဲ့သည်။ မူလက ဂေါ်လောခ့်များသည် အောစ့်များနှင့်ကောင်းကောင်းကြီးရင်ဆိုင်နိုင်စွမ်းရှိသည်။ သို့သော်လည်း ယခုအခါသူတို့၏ခန္ဓာကိုယ်များသည် သာမန်မျက်စိဖြင့်မြင်နိုင်သော အရှိန်နှုန်းဖြင့် ပိုမိုကြီးထွားလာခဲ့သည်။ ထို့နောက် အနက်ရောင်အလင်းတန်းတစ်ခုတောက်ပလာပြီး သူတို့၏ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားခဲ့သည်။ ထို့ပြင် သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများကလည်း ပိုမိုမာကျောလာပုံရသည်။
"မင်းအမေလိုပဲ...ဘာတွေဖြစ်နေတာလဲ"
ရှောင်ယုသည် အသွင်ပြောင်းလဲသွားသည့် ဂေါ်လောခ့်များကိုကြည့်ရင်း အံ့သြနေခဲ့သည်။
ဂေါ်လောခ့်များသည် စက္ကန့်အနည်းငယ်အတွင်း နှစ်ဆခန့်ပိုကြီးလာခဲ့သည်။ ယခုအချိန်၌ သူတို့သည် ဧရာမဘီလူးကြီးများနှင့် တူပေသည်။
"မှော်ကဝေတွေ...မှော်စုန်းဆရာတွေတိုက်ကြ"
ရှောင်ယုက အကျယ်ကြီးအော်ဟစ်လိုက်သည်။ ယခုအချိန်၌ ခွန်အားကိုချွေတာထားခြင်းသည် အဓိပ္ပါယ်လုံးဝမရှိကြောင်း သူသိထားပေသည်။ ထိုသို့မလုပ်ဆောင်ပါက သူတို့သည်ဂေါ်လောခ့်များ၏အစာဖြစ်လာပေလိမ့်မယ်။
ရှောင်ယု၏အမိန့်ကိုကြားသောအခါ မှော်ကဝေများနှင့်မှော်စုန်းဆရာများက စတင်တိုက်ခိုက်ကြသည်။ မှော်ကဝေများသည် ဂေါ်လောခ့်များကို သိုးများအဖြစ်ပြောင်းလဲပေးလိုက်ပြီး ဝက်ဝံစစ်သည်များက ဝက်ဝံအဖြစ်သို့ပြောင်းလဲကာ အမြန်ဆုံးထွက်ပြေးသွားကြသည်။ ဝက်ဝံစစ်သည်များသည် ရှေ့တန်းတိုက်ပွဲ၌ အောစ့်စစ်သည်များကို ကူညီပေးခဲ့ကြပြီး မှော်စုန်းဆရာများက ဟာရီကိန်းကိုအသုံးပြု၍ အောစ့်များထံတိုးဝင်လာသည့် ဂေါ်လောခ့်များအား ဖယ်ထုတ်ပစ်ခဲ့သည်။ ဂရစ်ဖင်းများကလည်း ကောင်းကင်ပေါ်သို့ပျံတက်သွားခဲ့ကြပြီး ဂေါ်လောခ့်များကိုတိုက်ခိုက်ရန်အတွက် ကွင်းဆက်လျှပ်စီးကြောင်းကို အသုံးပြုခဲ့ကြသည်။
လီယိုနာဒိုနှင့် နီကိုးလပ်စ်တို့သည် ရှောင်ယု၏လေကြောင်းတပ်အား အမှန်ပင်မနာလိုဖြစ်ခဲ့ကြသည်။ သူတို့တွင် အမျိုးမျိုးသောမြေပြင်တပ်ဖွဲ့များရှိကြသော်လည်း လေတပ်အမျိုးအစားများစွာရှိမနေပေ။ ရှောင်ယုသည် တိုက်ပွဲ၍ပါဝင်ရန်အတွက် ဂရစ်ဖင်များအားအမိန့်ပေးနေသည်ကိုမြင်သောအခါ သူတို့အမှန်ပင်မနာလိုဖြစ်ခဲ့မိသည်။
လျှပ်စီးများက ကောင်းကင်ယံမှကျဆင်းလာချိန်တွင် ဧရာမဂေါ်လောခ့်များစွာသည် ပြာများအဖြစ်သို့လောင်ကျွမ်းသွားခဲ့ကြသည်။ ဤအခြေအနေတွင် ဂရစ်ဖင်များ၏ပေးစွမ်းနိုင်သော ပျက်စီးမှုသည် ပုံမှန်ထက်များစွာမြင့်မားနေခဲ့သည်။
နီကိုးလပ်စ်နှင့် လီယိုနာဒိုတို့သည် အသွင်ပြောင်းလဲနေသော ဂေါ်လောခ့်များကိုတွေ့မြင်ရချိန်တွင် လျင်မြန်စွာတုံ့ပြန်ခဲ့ကြသည်။ အစွမ်းထက်သောသူရဲကောင်းများစွာသည် သူတို့၏ဒိုင်းများကို ဖြန့်ကျက်၍ရှေ့ထွက်လာကြသည်။ သူတို့သည် ဂေါ်လောခ့်များ၏ အကာအကွယ်များကိုဖြတ်ကျော်ခဲ့ကြသည်။ ထိုသူရဲကောင်းများသည် ဂေါ်လောခ့်များကိုအလွယ်တကူဖယ်ထုတ်နိုင်သည်ကို ကြည့်ခြင်းဖြင့် သူတို့၏ခွန်အားမည်မျှမြင့်ကြောင်း ပြသနေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဂေါ်လောခ့်များ၏ကိုက်ဖြတ်မှုကြောင့် အပိုင်းပိုင်းသေဆုံးသွားခဲ့သူများလည်းရှိနေခဲ့သည်။
တိုက်ပွဲစတင်ချိန်မှစ၍ နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့နှစ်ယောက်လုံးသည် ပထမဆုံးအကြိမ်အရှုံးပေါ်ခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ..."
သူ၏တပ်ဖွဲ့ဝင်တစ်ယောက် ကျရှုံးသွားသည်ကိုကြည့်ပြီး လီယိုနာဒိုက ဒေါသပေါက်ကွဲသွားခဲ့သည်။ သူ၏အမြင်အရ ဤမဟာမိတ်တွင်ရှောင်ယုသည် အားအနည်းဆုံးဟုယူဆခဲ့သော်လည်း ယခုမူသူသည်ပထမဆုံး ဆုံးရှုံးခဲ့ရသူဖြစ်နေခဲ့သည်။ သူသည် အလွန်ပင်ဒေါသထွက်သွားခဲ့သည်။
နီကိုးလပ်စ်သည် ကူကယ်ရာမဲ့စွာဖြင့် လီယိုနာဒိုကိုလှမ်းကြည့်လိုက်သည်။ ထိုကောင်သည် နယ်ရုပ်လေးတစ်ခုသေဆုံးမှုကြောင့် အဘယ်ကြောင့်ဒေါသထွက်နေရသနည်း...သူ၏လူများကော မသေဆုံးခဲ့သလား
"အရမ်းစိုးရိမ်နေစရာမလိုပါဘူး...ငါ အကြီးအကဲတွေဆီက ပြောသံကြားရသလောက်ဆိုရင် ဒီလိုငါးလူသားတွေမှာ သူတို့ရဲ့ခန္ဓာကိုယ်ကိုအသွင်ပြောင်းဖို့အတွက် စိတ်ရိုင်းဝင်တဲ့အစွမ်းရှိကြတယ်"
နီကိုးလပ်စ်က ပြောလိုက်သည်။
"စိတ်ရိုင်းဝင်တာ... နီကိုးလပ်စ်...မင်းကအချက်အလက်တွေကိုသိထားပေမဲ့ ငါတို့ကိုမပြောဘဲထိန်ချန်ထားတာလား...မင်းကငါတို့သုံးယောက်ထဲမှာ အချက်အလက်အစုံဆုံးဆိုပေမဲ့ ဘာကိုမှပြန်ပြီးမျှဝေတာမျိုးမလုပ်ခဲ့ဘူး...ဒါကတကယ်သဘောမတွေ့စရာပဲ"
လီယိုနာဒိုသည် နီကိုးလပ်စ်ကိုစိုက်ကြည့်၍ အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။ နီကိုးလပ်စ်သည် စိတ်စေတနာကောင်း၍ ဤမဟာမိတ်ကိုဖွဲ့စည်းခဲ့ခြင်းမဟုတ်ကြောင်း ရှောင်ယုနားလည်ထားပေသည်။ နီကိုးလပ်စ်သည် အကျိုးအမြတ်တစ်စုံတစ်ရာမရှိဘဲ ကိစ္စတစ်ခုအားလုပ်ဆောင်မည်မဟုတ်ပေ။ ယခုလည်း ဤခရီးစဉ်၌ နီကိုးလပ်စ်သည် ဤခရီးစဉ်၌ရင်ဆိုင်ရမယ့် အန္တာရယ်များအား သတိပြုမိသည့်အတွက် အတူလက်တွဲရင်ဆိုင်ရန် သူတို့အားခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
နီကိုးလပ်စ်က ပြုံး၍ရှင်းပြလိုက်သည်။
"ငါကအချို့အရာတွေကိုသိထားတယ်ဆိုပေမဲ့...ငါကအရာအားလုံးကိုခန့်မှန်းနိုင်တယ်လို့ ငါမပြောထားဘူး ... ဘာပဲဖြစ်ဖြစ် ငါသိထားတဲ့အချက်အလက်တွေက မဟာမိတ်ကိုအကျိုးပြုလိမ့်မယ်...ဒါပေမဲ့ငါကအရာအားလုံးကို တစ်ကြိမ်တည်းနဲ့မျှဝေပေးမှာမဟုတ်ဘူး...မင်းငါ့ကိုနားလည်ပေးနိင်ဖို့မျှော်လင့်တယ်...လီယိုနာဒို"
လီယိုနာဒိုသည် နှာခေါင်းရှုံ့လိုက်ပြီး မည်သို့မှမတုံ့ပြန်ခဲ့ပေ။ တစ်ချိန်တည်းမှာပင် ဂေါ်လောခ့်များ၏တိုက်ခိုက်မှုသည် ပိုမိုပြင်းထန်လာခဲ့သည်။ ထိုအချိန်ရောက်မှ သူသည်နေဝင်ချိန်နွံအိုင်၏အန္တာရယ်များကို လျော့တွက်မိခဲ့ကြောင်း လီယိုနာဒိုနားလည်သွားခဲ့သည်။
ရှောင်ယုသည် စိတ်ရိုင်းဝင်နေသော ဂေါ်လောခ့်များကို တစ်ချက်ကြည့်လိုက်သည်။ အောစ့်များ၏ စိတ်ရိုင်းဝင်ခြင်းအစွမ်းသည် အလွန်အဆင့်မြင့်လှပြီး ရှောင်ယုနှင့်အကျွမ်းတဝင်ရှိပေသည်။ သို့သော်လည်း ဤအခိုက်အတန့်၌ ဂေါ်လောခ့်များအသုံးပြုသည့် စိတ်ရိုင်းဝင်ခြင်းသည် အောစ့်များအသုံးပြုသည်နှင့်မတူကွဲပြားနေခဲ့သည်။ ရှောင်ယုသည် အသွင်ပြောင်းထားသောဂေါ်လောခ့်များထံမှ နတ်ဆိုးဆန်သောအော်ရာကို ရှင်းရှင်းလင်းလင်းခံစားမိပေသည်။ သူတို့သည် သူတို့သတ်ဖြတ်လိုက်သောသူများ၏ ဝိညာဉ်ကိုစုပ်ယူခြင်းအားဖြင့် သူတို့၏ခန္ဓာကိုယ်အားဝန်းရံထားသည့် အမှောင်ထုအော်ရာကိုတိုးတက်စေပုံရသည်။
အကယ်၍ သူ၏ခန့်မှန်းချက်သာမှန်ကန်နေခဲ့လျှင် ဤဂေါ်လောခ့်များ၏နောက်ကွယ်၌ နတ်ဆိုးဂေါ်လောခ့်မှော်ဆရာတစ်ယောက်ရှိနေကြောင်း ရှောင်ယုနားလည်လိုက်သည်။ ဤကဲ့သို့ ဂေါ်လောခ့်များ ရုတ်တရက်ခွန်အားတိုးလာရခြင်းသည် ထိုစစ်ပွဲမှော်ဆရာ၏ ရည်ရွယ်ချက်ဖြစ်နိုင်ပေသည်။
အောစ့်များသည် သူတို့အလိုရှိသည့်အချိန်တိုင်း စိတ်ရိုင်းဝင်ခြင်းကိုအသုံးပြုနိုင်ပေသည်။ ထိုသို့စိတ်ရိုင်းဝင်ခြင်းက အောစ့်များ၏ခွန်အားကို အချိန်တိုအတွင်း ကြီးကြီးမားမားမြင့်တင်ပေးမည်ဖြစ်သည်။ သို့သော်လည်း ဂေါ်လောခ့်များအသုံးပြုနေသည့် စိတ်ရိုင်းဝင်ခြင်းအစွမ်းသည် ကနေဒီမိသားစုကကျောက်တုံးနက်အောစ့်များအား အသွင်ပြောင်းပေးရာ၌အသုံးပြုခဲ့သော နည်းလမ်းနှင့်အတူတူဖြစ်နေခဲ့သည်။
ထိုဂေါ်လောခ့်များသည် လူသားဝိညာဉ်အမြောက်အများကို စုပ်ယူပြီးနောက်တွင် ယခုလိုအသွင်ပြောင်းလာနိုင်ပုံရသည်။ ယခင်က သတ်ဖြတ်ခံခဲ့ရသော စွန့်စားသူများ၏ဝိညာ၍ကိုအသုံးပြုကာ ထိုဂေါ်လောခ့်များ အသွင်ပြောင်းလာခြင်းဖြစ်သည်။
"ငါတို့ဘာဆက်လုပ်ကြမလဲ..."
လီယိုနာဒိုသည် ဂေါ်လောခ့်များ၏ပြင်းထန်သောတိုက်ခိုက်မှုကိုကြည့်ရင်း ငြိမ်သက်သွားခဲ့သည်။ နီကိုးလပ်စ်သည် ဤမဟာမိတ်ကိုကြိုတင်ဖွဲ့စည်းမိခဲ့၍ ကံကောင်းသည်ဟုစတင်ယူဆလာခဲ့သည်။ ထိုသို့မဟုတ်ပါက သူ၏ကိုယ်ပိုင်တပ်ဖွဲ့သည် ဆုံးရှုံးမှုကြီးကြီးမားမားဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။
သူတို့၃ယောက်မဟာမိတ်ဖွဲ့လိုက်ခြင်းက အခြေအနေတစ်ခုလုံးအား လုံးဝပြောင်းလဲစေခဲ့သည်။ သူတို့အတူတကွ ပေါင်းစည်းထားချိန်တွင် တိုက်ကြီးတစ်ခုလုံးကိုပင် ခြေဆန့်သွားလာနိုင်ပေရာ ဤဂေါ်လောခ့်များက သူတို့အတွက်ပြသနာကြီးမဖြစ်ခဲ့ပေ။
"ငါတို့ဘာဆက်လုပ်ကြမလဲဟုတ်လား...မင်းဘာပြောချင်တာလဲ...ငါတို့အတူတူတိုက်ကြတာပေါ့"
ရှောင်ယုသည် သူ၏ဆန်းကြယ်ပုဆိန်ကိုပင့်မြောက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"အမှန်ပဲ...ငါတို့အတူတူတိုက်ကြရအောင်...ငါတို့ဒီနေရာကနေအမြန်ဆုံးဖောက်ထွက်ဖို့ လိုအပ်နေပြီ...မဟုတ်ရင်ဒီစိတ်ရိုင်းဝင်နေတဲ့ ဂေါ်လောခ့်တွေက ငါတို့ကိုကြီးကြီးမားမားဆုံးရှုံးစေလိမ့်မယ်"
ရှောင်ယုသည် ခေါင်းညိတ်ကာလက်ခံလိုက်သည်။ လီယိုနာဒိုသည် စကားတစ်ခွန်းမှမပြောသော်လည်း လက်ကိုဝှေ့ယမ်းကာ သူ၏လက်အောက်ငယ်သားများကို တိုက်ခိုက်စေလိုက်သည်။ သူတို့အားလုံးသည် ခွန်အားကိုချွေတာလိုကြသော်လည်း ထိုသို့ဆက်လက်လုပ်ဆောင်နေပါက သူတို့သည်ဆုံးရှုံးမှုကြီးကြီးမားမားဖြင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။
သူတို့၃ဖွဲ့လုံးသည် သူတို့၏စွမ်းအားများကိုအတူတကွ ပေါင်းစည်းလိုက်ကြပြီးနောက် ဂေါ်လောခ့်များကိုစတင်သတ်ဖြတ်ကြတော့သည်။ ရှောင်ယုသည် ဂရင်းနှင့်ခိုင်ရင်းတို့ကို ရှေ့တက်ရန်အမိန့်ပေးခဲ့သော်လည်း သူတို့၏ဘေးကင်းလုံခြုံမှုကိုဂရုစိုက်ရန် မှာကြားခဲ့သည်။ မိုင်ယဗ်နှင့်အီလီဒမ်တို့ကလည်း ရှေ့တန်း၌တိုက်ခိုက်နေကြသည်။ အူသာထံတွင် ခုခံမှုအစွမ်းများစွာရှိနေပြီး လင်းမူရွယ်သာအန္တာရယ်ကျရောက်လာခဲ့ပါက ကူညီပေးနိုင်ရန်အတွက် အသင့်ပြင်ဆင်ထားခဲ့သည်။
နာဂပင်လယ်စုန်းသည် ဂေါ်လောခ့်များကိုသတ်ဖြတ်နေရင်း အတွေ့အကြုံများကို စုဆောင်းနေခဲ့သည်။ သာမန်သူရဲကောင်းများနှင့်ယှဉ်လျင် ရှောင်ယု၏သူရဲကောင်းများသည် ရန်သူများကိုသတ်ဖြတ်ခြင်းဖြင့် အဆင့်တက်နိုင်၍ အားသာချက်ရှိပေသည်။ ဤတိုက်ပွဲသည် သူရဲကောင်းများအဆင့်တက်နိုင်ရန်အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။
နာဂသည် သူမ၏အမြီးကိုဘယ်ညာရွေ့လျား၍ တိုက်ခိုက်နေသည်ကိုကြည့်ရင်း ရှောင်ယုသည်ကျေနပ်အားရနေကာ သူ၏မျက်နှာပေါ်၌ အပြုံးကြီးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ နာဂထံတွင် ရှောင်ယုကဲ့သို့ ကြမ်းတမ်းသောစရိုက်ရှိနေပုံရသည်။အမှန်တော့ နာဂများသည် သူတို့၏အစွမ်းများကို အစောပိုင်းတွင်ငုပ်လျှိးနေတတ်ပေသည်။ သို့ဖြစ်ရာ သူသည်နာဂများကိုစုစည်းနိုင်ခဲ့ပါက မရှုံးနိမ့်နိုင်သောတပ်ဖွဲ့တစ်ခုအား တည်ထောင်နိုင်လိမ့်မည်ဟု ရှောင်ယုယုံကြည်နေခဲ့သည်။
နာဂသည် လှည်ပတ်လှုပ်ရှားနေရင်း အခွင့်အရေးများကိုရှာဖွေနေခဲ့သည်။ အစောပိုင်းတွင် သူမသည်အမှားများစွာကို ပြုလုပ်မိခဲ့သည်။ သူမ၏မြှားများသည် ဂေါ်လောခ့်များကိုဒဏ်ရာရစေခဲ့သော်လည်း ၎င်းတို့၏အသက်များကိုမနှုတ်ယူနိုင်ခဲ့ပေ။ ထိုအရာက အခြားသူများကိုသက်တောင့်သက်သာဖြင့် သတ်ဖြတ်ခိုင်းနေသလိုပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမသည်တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ အကယ်၍ အခြေအနေသည်လွန်စွာအန္တာရယ်မရှိပါက ရှောင်ယုကိုယ်တိုင်တိုက်ပွဲထဲ ပါဝင်လာမည်ဖြစ်သည်။ ယခုမူသူသည် ဆန်းကြယ်ပုဆိန်ကိုကိုင်၍ လင်းမူရွယ်၏အနားတွင်နေကာ အမိန့်ပေးနေခဲ့သည်။
တိုက်ပွဲသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းပြင်းထန်လာခဲ့ပြီး ရှောင်ယု၏ဘက်တွင်လည်း ဒဏ်ရာရရှိသူများရှိလာခဲ့သည်။ စိတ်ရိုင်းဝင်နေသည့် ဂေါ်လောခ့်များစွာနှင့်ရင်ဆိုင်ရချိန်တွင် မည်သူမှလုံလုံခြုံခြုံမနေနိုင်ကြပေ။
အမြောက်စာအဖြစ် အသုံးပြုနေသော စွန့်စားသူများ၏အခြေအနေသည် လွန်စွာမှဆိုးရွားလာခဲ့သည်။ယခုအခါသူတို့သည် အရေအတွက်၂၀၀ခန့်သာ ကျန်ရှိသည်။
မည်သို့ပင်ဆိုစေ ရှောင်ယုသည် အသေအပျောက်အနည်းဆုံးဖြင့် ရင်ဆိုင်နေရကြောင်း မည်သူမှသတိမထားမိပေ။ ရှောင်ယု၏တပ်သားများသည် ဒဏ်ရာရရှိလာသည်နှင့် ချက်ချင်းပြန်လည်ဆုတ်ခွာ၍ အနာကျက်ဆေးကိုအသုံးပြုကြသည်။ ရှောင်ယုအသုံးပြုသောနည်းဗျူဟာကို ဤတိုက်ကြီး၌လူအနည်းငယ်ကသာ အသုံးပြုနိုင်ကြသည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ရှောင်ယုအား မနာလိုစိတ်ဖြင့်ကြည်လိုက်ကြသည်။ သူတို့ထံတွင်လည်း အနာကျက်ဆေးများပိုင်ဆိုင်ထားသော်လည်း သာမန်တပ်သားများကို အသုံးပြုခွင့်မပေးနိုင်ကြပေ။ အနာကျက်ဆေးများသည် အလွန်ရှားပါးသောအရာများဖြစ်၍ ရှောင်ယုကခုလိုလက်လွတ်စပယ်သုံးနေခြင်းကို အံ့သြနေကြသည်။
ထို့ပြင် စိတ်ရိုင်းဝင်နေသော ဂေါ်လောခ့်များသည် သူတို့၏ဏ်ရည်ကိုပါ တိုးမြင့်နိုင်ကြောင်း လေ့လာတွေ့ရှိလာကြသည်။ ဂေါ်လောခ့်များသည် တိုက်ခိုက်မှုများအား အချင်းချင်းညှိနှိုင်းဆောင်ရွက်လာကြသည်။ အစောပိုင်းတွင် သူတို့သည်ကြုံရာကျပန်းတိုက်ခိုက်နေကြသော်လည်း ယခုအခါတွင်ဂေါ်လောခ့်များသည် ၃ကောင်မှ၅ကောင်ပါသော အုပ်စုများအဖြစ်ဖွဲ့ကာ လူသားများကိုတိုက်ခိုက်လာကြသည်။
"ဘယ်လိုဖြစ်လာတာလဲ"
နီကိုးလပ်စ်သည် စတင်စဉ်းစားလာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ဂေါ်လောခ့်များ၏စွမ်းဆောင်ရည်သည် ပိုမိုတိုးတက်လာခဲ့သည်။ ဤအတိုင်းသာဆိုပါက သူတို့၏တပ်ဖွဲ့များသည် သက်လုံကျဆင်းလာမည်ဖြစ်သည်။
"နီကိုးလပ်စ် ငါတို့သိထားသင့်တာတစ်ခုခုရှိလား...ဒီဂေါ်လောခ့်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့်နည်းလမ်းကို မင်းသိလား"
ရှောင်ယုသည် နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့အား အချိန်ပြည့်စောင့်ကြည့်နေသည်ဖြစ်ရာ နီကိုးလပ်စ်၏ မျက်နှာအမူအရာအပြောင်းအလဲကို သတိထားမိ၍မေးမြန်းလိုက်ခြင်းဖြစ်သည်။
ရှောင်ယုသည် ထိုကဲ့သို့သေးငယ်သောအပြောင်းအလဲလေးတစ်ခုကိုပင် တွေ့မြင်နေလိမ့်မည်ဟု နီကိုးလပ်စ်လုံးဝမထင်ထားခဲ့ပေ။ သူသည် ကူကယ်ရာမဲ့နေသောလေသံဖြင့်ပြောလိုက်သည်။
"ဒီဂေါ်လောခ့်တွေက လူတွေရဲ့ဝိညာဉ်ကိုစုပ်ယူနေသမျှကာလပတ်လုံး သူတို့စိတ်ရိုင်းဝင်နေတဲ့အခြေအနေကို ထိန်းသိမ်းထားနိုင်လိမ့်မယ်...ဒါ့အပြင်သူတို့သာ ဝိညာဉ်တွေကိုပိုပြီးစုပ်ယူန်ိုင်တာနဲ့အမျှ သူတို့ရဲ့ညဏ်ရည်ကလည်းပိုပြီးထက်မြက်လာလိမ့်မယ်...အခြေအနေတွေကဒီချိန်ထိဆိုးရွားလာမယ်လို့ ငါမထင်ထားခဲ့ဘူး...ဒါကအခြားစိတ်ရိုင်းဝင်တဲ့အစွမ်းတွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်"
နီကိုးလပ်စ်၏စကားကိုကြားချိန်တွင် ရှောင်ယုအံ့သြသွားခဲ့သည်။ သူသည် ဂေါ်လောခ့်များကိုကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းလမ်းများကိုစတင်စဉ်းစားခဲ့သည်။ သူ၏တပ်သားများကို ဤနေရာ၌အဆုံးရှုံးခံရန် ဆန္ဒမရှိပေ။ တိုက်ပွဲသာဤတိုင်းဆက်ဖြစ်နေပါက အောစ့်စစ်သည်များသည် ပြင်းထန်သောဒဏ်ရာများကိုရရှိလာမည်ဖြစ်သည်။ လက်ရှိအချိန်တွင် အနာကျက်ဆေးများ၏အကူအညီကြောင့် မည်သူမှသေဆုံးခြင်းမရှိသေးသော်လည်း ယခုတိုင်းဆက်ဖြစ်နေပါက သေဆုံးသူများရှိလာမည်ဖြစ်သည်။
ဗုံးး...
ရီလာသည် မှော်မန္တန်အား စတင်ရွတ်ဆိုခဲ့သည်။ ထို့နောက် ဂေါ်လောခ့်များ၏နောက်ဘက်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အများစုမှာပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အခြားသောမှော်ဆရာများသည် ရီလာကိုအံ့အားသင့်နေသောအကြည့်ဖြင့် ကြည့်နေကြသည်။ သွေးနတ်သူငယ်များ၏ မှော်ပညာသည်ကြောက်မက်ဖွယ်ကောင်းလှပေသည်။ထို့ပြင် ဆဌမအဆင့်သွေးနတ်သူငယ်မှော်ဆရာ၏အစွမ်းသည် နိမ့်ကျနေမည်မဟုတ်ပေ။
မှော်ဆရာများသည် ရန်သူများကိုသတ်ဖြတ်မယ့် အဓိကစွမ်းအားစုများဖြစ်ကြသည်။ ကဲလ်သက်သည် ရှောင်ယု၏တစ်ဦးတည်းသောမှော်ဆရာဖြစ်သော်လည်း စစ်မြေပြင်၌သူ၏မှော်စွမ်းအင်ကို အကန့်အသတ်မရှိထုတ်သုံးစေနိုင်ရန် မှော်စွမ်းအင်ဖြည့်တင်းဆေးများဖြင့်ထောက်ပံ့ပေးထားသည်။
မည်သို့ပင်ဆိုစေကာမူ ရီလာနှင့်အခြားသောနေဖြိုခွဲသူများ၏ အစွမ်းထက်သောမှော်ပညာသည် ဂေါ်လောခ့်အားလုံးကို ကိုင်တွယ်ဖြေရှင်းရန် မလုံလောက်ပေ။ တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ အဖွဲ့၃ခုလုံး၏အစစ်အမှန်အင်အားသည် ယခုအချိန်၌ပိုမိုသိသာလာခဲ့သည်။
အခန်း ၃၆၂ - အကျပ်အတည်း
ရှောင်ယုသည် ဤနေရာတွင် ဆက်လက်၍တိုက်ခိုက်နေရန် မလိုအပ်တော့ကြောင်း ယုံကြည်နေခဲ့သည်။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့ နှစ်ဦးလုံးသည် သူနှင့်တူညီသောယုံကြည်ချက်ရှိကြောင်း ရှောင်ယုယူဆထားခဲ့သည်။
"ခုငါတို့ ဘာဆက်လုပ်ကြမလဲ...ဒီတိုင်းသာဆက်သွားနေရင် ငါတို့ကိုဂေါ်လောခ့်တွေက ဝိုင်းပြီးသတ်ဖြတ်ကြလိမ့်မယ်"
ရှောင်ယုက အော်ဟစ်လိုက်သည်။
နီကိုးလပ်စ်သည် ဂေါ်လောခ့်များကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒီဂေါ်လောခ့်တွေမှာ အစကခုလိုစိတ်ရိုင်းဝင်တဲ့အစွမ်းမရှိသင့်ဘူး...အရာအားလုံးဟာ ကျိုးကြောင်းဆီလျော်စွာနဲ့လိုက်ဖက်ညီနေတယ်...ဒီကောင်တွေစိတ်ရိုင်းဝင်နေတဲ့အချိန်မှာ ပြင်းထန်တဲ့ခွန်အားကိုရရှိနိုင်ပေမဲ့ တစ်ချိန်တည်းမှာပဲ သူတို့ဟာကြီးမားတဲ့အားနည်းချက်ကိုလည်း ရှိထားလိမ့်မယ်...ဂေါ်လောခ့်တွေရဲ့ ဝမ်းဗိုက်ဟာပျော့ပျောင်းတဲ့အရေပြားတစ်ခုပဲရှိပြီး အနူးညံ့ဆိုးအပိုင်းဆိုတာ လူတိုင်းသိကြမယ်လိုယုံကြည်ထားတယ်...ပြီးတော့သူတို့ရဲ့မေးရိုးအောက်ပိုင်းကလည်း တော်တော်နူးညံ့တဲ့အထဲမှာပါတယ်...သူတို့အသွင်ပြောင်းပြီးနောက် သူတို့ရဲ့ခန္ဓာကိုယ်ကပိုကြီးလာပေမဲ့ အဲ့အပိုင်းတွေဟာ သူတို့ရဲ့မူလအခြေအနေတွေထက်ပိုပြီးတော့ အားနည်းနေလိမ့်မယ်...အောစ့်တွေဟာ သူတို့စိတ်ရိုင်းဝင်နေချိန်မှာ ပိုမိုကြမ်းတမ်းပြီးသွေးဆာလာပေမဲ့ တစ်ချိန်တည်းမှာပဲသူတို့ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းက လျော့နည်းလာတယ်...ခုဂေါ်လောခ့်တွေရဲ့ မေးရိုးအောက်ပိုင်းကိုဦးတည်တိုက်ကြ...အဲ့ဒါကသူတို့ရဲ့အထိခိုက်မခံနိုင်ဆုံးအစိတ်အပိုင်းဘဲ"
"တိုင်ရန်ဒီ...ပစ်တော့"
ရှောင်ယုသည် နီကိုးလပ်စ်၏စကားကိုကြားပြီးနောက် ချက်ချင်းအမိန့်ပေးလိုက်သည်။ ဤအခြေအနေတွင် ရှောင်ယုသည် နီကိုးလပ်စ်နှင့် အငြင်းပွားစရာအကြောင်းမရှိ၍ ချက်ချင်းသဘောတူလိုက်သည်။
တိုင်ရန်ဒီကခေါင်းညိတ်လိုက်ကာ မြှားတစ်စင်းကိုပစ်လိုက်သည်။ ထိုမြှားသည် စိတ်ရိုင်းဝင်နေသောဂေါ်လောခ့်၏ မေးရိုးအောက်ပိုင်းကို ချက်ချင်းဖောက်ထွက်သွားခဲ့သည်။
"အား..."
စိတ်ရိုင်းဝင်နေသော ဂေါ်လောခ့်သည် ရွှံ့နွံအတွင်းသို့ပြုတ်ကျသွားကာ ဒဏ်ရာရနေသောခွေးတစ်ကောင်လို အော်ဟစ်လိုက်သည်။ တိုင်ရန်ဒီသည် ခွန်အားများစွာကိုအသုံးမပြုထားသော်လည်း ဤပစ်ချက်မှတဆင့် ဂေါ်လောခ့်၏မေးရိုးအောက်ပိုင်းသည် အခြားသောအစိတ်အပိုင်းများနှင့်နှိုင်းယှည်ပါက သူတို့ခန္ဓာကိုယ်၏ အားအနည်းဆုံးသောအစိတ်အပိုင်းဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။
ဂေါ်လောခ့်တစ်ကောင်၏ မေးရိုးအောက်ပိုင်းကိုစတင်တိုက်ခိုက်ချိန်တွင် ၎င်းတို့အားအလွယ်တကူသတ်ဖြတ်နိုင်၍ လူတိုင်းပျော်ရွှင်သွားကြသည်။
"သတ်ကြ..."
နီကိုးလပ်စ်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
နာဂပင်လယ်စုန်းသည် အခြားသူရဲကောင်းများနှင့်ယှည်လျင် သူမ၏ကောင်းမွန်သောလေးပစ်စွမ်းရည်ကြောင့် ပိုမိုသတ်ဖြတ်နိုင်ခဲ့သည်။ ဂေါ်လောခ့်များ၏ အသေအပျောက်သည် တဖန်တိုးလာသည်နှင့်အမျှ အဖွဲ့၃ဖွဲ့လုံးအပေါ်၌ ဖိအားများတဖန်လျော့ကျသွားခဲ့သည်။ ထိုအချိန်တွင် သူတို့၃ယောက်လုံးသည် နောက်ထပ်ပြသနာတစ်ခုတွေ့လာခဲ့သည်။ ဂေါ်လောခ့်မည်မျှ အသတ်ခံရသည်မှာ အရေးမကြီးလှပေ။ ဂေါ်လောခ့်များ၏အရေအတွက်သည် အဆက်မပြတ်ထွက်ပေါ်လာနေဆဲဖြစ်သည်။
"ရှောင်ယု...မင်းမှာအကြံရှိသေးတာလား"
နီကိုးလပ်စ်က မေးမြန်းလိုက်သည်။ လက်ရှိအချိန်တွင် ရှောင်ယုတို့နှင့်အတူ မဟာမိတ်ဖွဲ့ရခြင်းသည် သူ့အတွက်အမှန်တကယ်ကံကောင်းစေသည်ဟု ခံစားလာရစေသည်။ သူသာတစ်ယောက်တည်းရှိနေပါက သူ၏တပ်ဖွဲ့သည်အသေအပျောက်ကြီးကြီးမားမားနှင့်ရင်ဆိုင်ရမည်ကို နီကိုးလပ်စ်နားလည်ထားပေသည်။
ရှောင်ယုက သူ၏ပုခုံးကိုတွန့်ပြလိုက်သည်။
"မသိဘူး...လောလောဆယ်ငါတို့ကအဝိုင်းခံနေရတယ်...သတ်မလား...အသေခံမလား"
"ဘာဖြစ်လို့ ဂေါ်လောခ့်တွေက အဲလောက်များနေရတာလဲ"
လီယိုနာဒိုသည် မျက်မှောက်ကြုတ်လိုက်မိသည်။ ဂေါ်လောခ့်များ၏အရေအတွက်သည် သူမျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။ သူတို့သည် ဂေါ်ဒွန်၏ဦးခေါင်းခွံက်ိုရရှိရန်မဆိုနှင့် ဤနေရာ၌ပင်အသက်ဆုံးရှုံးသွားနိုင်သည်။
နေဝင်ချိန်နွံအိုင်သည် လူသူမရှိသောနယ်မြေတစ်ခုဖြစ်ခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။
ရှောင်ယုနှင့်လီယိုနာဒိုတို့သည် ဤအခြေအနေကိုပြောင်းလဲစေနိုင်သော နည်းလမ်းအားမထုတ်ဖော်နိုင်ကြ၍ နီကိုးလပ်စ်သည်ခက်ခဲသော အခြေအနေ၌ရှိနေခဲ့သည်။
"အခြားနည်းလမ်းမရှိဘူး...ငါတို့ဟာအတိတ်ကိုမေ့ဖျောက်ပြီးတော့ ရှေ့က်ိုသာအလျင်အမြန်ထိုးဖောက်ရတော့မယ်...ဒါ့ပြင်ငါတို့သာဒီအခက်အခဲကို မကျော်လွှားနိုင်ရင် မဟာမိတ်ဖွဲ့ဖို့ဆွေးနွေးနေစရာမလိုဘူး"
ရှောင်ယုသည် နီကိုးလပ်စ်၏ပုခုံးကိုပုတ်ရင်း ပြုံးလိုက်မိသည်။
"နီကိုးလပ်စ် မင်းကအင်းစ်မိသားစုရဲ့ အနာဂတ်ခေါင်းဆောင်တစ်ယောက်ပဲ...မင်းကဒီမှာသေသွားခဲ့ရင် မင်းရဲ့မိသားစုကနေဝင်ချိန်နွံအိုင်ကို မြေလှန်ဖျက်ဆီးလိမ့်မယ်...ဒါပေမဲ့ငါသာဒီမှာသေသွားခဲ့ရင် ဘယ်သူကမှငါ့အကြောင်းကိုမှတ်မိကြမှာမဟုတ်ဘူး"
နီကိုးလပ်စ်သည် ပြုံးလိုက်သော်လည်း မည်သို့မှထပ်မံတုံ့ပြန်ခြင်းမရှိပေ။ သူသည် တပ်ဖွဲ့ကိုပြောင်းလဲနေရာချရန် အမိန့်ထုတ်ပြန်ခဲ့သည်။သူသည် ဂေါ်လောခ့်များ၏ဝိုင်းရံမှုအား ထိုးဖောက်ရန်အတွက် သူ့တပ်များ၏အရှိန်ကိုမြင့်တင်လိုခဲ့သည်။
တပ်ဖွဲ့များသည် ဆူးချွန်ပုံသဏ္ဍာန်ရှိသော ဖွဲ့စည်းပုံတစ်ခုအားလျင်မြန်စွာဖော်ဆောင်ကာ ဂေါ်လောခ့်များ၏ပိတ်ဆို့မှုအားချိုးဖောက်၍ နေဝင်ချိန်နွံအိုင်၏ အပြင်ဘက်သို့စတင်ထိုးဖောက်ချီတက်ခဲ့ကြသည်။သူတို့သည် ဂေါ်လောခ့်များနှင့်ဆက်လက်တိုက်ခိုက်နေရန် အကြောင်းမရှိတော့သော်လည်း ဤနေရာကိုတတ်နိုင်သလောက် မြန်မြန်ကျော်ဖြတ်ရမည်ဖြစ်သည်။
ဂေါ်လောခ့်များသည် မဟာမိတ်တပ်များ၏ထိုးဖောက်မှုအား ဟန့်တားရန်အတွက် ခုခံမှုပုံစံတစ်ခုအားဖွဲ့စည်းကာ ပိတ်ဆို့ခဲ့ကြသည်။ ထိုဂေါ်လောခ့်များသည် မဟာမိတ်တပ်၏ချီတက်မှုအဟုန်ကို အနည်းငယ်မျှလျော့ချနိုင်ရန်အတွက် သူတို့၏အသက်ကိုစွန့်လွှတ်လိုကြသည်။
တပ်ဖွဲ့၃ခုလုံး၏ စွမ်းအားကြီးကျွမ်းကျင်သူများသည် ထိုဖွဲ့စည်းပုံ၏အစွန်အဖျား၌ နေရာယူ၍ချီတက်နေကြသည်။ ထို့နောက်သူတို့သည် အချိန်အတိုင်းအတာတစ်ခုထိ တိုက်ခိုက်၍ပင်ပန်းလာသည့်အခါမျိုးတွင် သူတို့၏နေရာကိုတစ်စုံတစ်ယောက်က အစားထိုးသွားမှာဖြစ်သည်။ တစ်ချိန်တည်းမှာပင် အဖွဲ့အသီးသီးမှတပ်သားများသည် ကျွမ်းကျင်သူများ၏ထိတ်လန့်တုန်လှုပ်ဖွယ်အင်အားက်ို သတိပြုမိကြပေသည်။
ခိုင်ရင်းသည် ဂေါ်လောခ့်ကိုဖြတ်ကျော်ရန် ရက်စက်ကြမ်းကြုတ်သောတိုက်ခိုက်မှုအား အသုံးပြုသည့်စစ်ယန္တရားတစ်ခုနှင့် ဆင်တူပေသည်။ ဂရင်းသည် စိတ်ရိုင်းဝင်နေသောဂေါ်လောခ့်များကို အမြောက်အများသတ်ဖြတ်ရန် သူ၏လေပွေကျွမ်းကျင်မှုကိုအသုံးပြုခဲ့သည်။ သူသည် စစ်မြေပြင်၌ အသားကြိတ်စက်တစ်ခုနှင့်ဆင်တူပေသည်။
လီယိုနာဒိုဘက်တွင် ဂရင်း၏လေပွေကျွမ်းကျင်မှုထက် လုံးဝနိမ့်ကျမှုမရှိသော အထူးဓားသိုင်းတစ်ခုအား ထုတ်ဖော်နိုင်သည့် သူရဲကောင်းတစ်ယောက်ရှိနေသည်။ သူသည် ပိုးဖလံအသိုက်ကိုတိုးဝင်သွားသကဲ့သို့ ဂေါ်လောခ့်များ၏ပိတ်ဆို့မှုအား ဖြတ်တောက်ပစ်လိုက်သည်။
နီကိုးလပ်စ်၏ တပ်သားများမှာမူ ရီလာနှင့်အခြားမှော်ဆရာများ၏ ထောက်ပံ့ပေးမှုတို့ကြောင့် သူတို့၏ခွန်အားကိုများစွာမပြသခဲ့ရပေ။ ရံဖန်ရံခါတွင် ရီလာအသုံးပြုလိုက်သောမှော်မန္တန်သည် ၎င်းတို့၏ရှေ့၌ရှိနေသော ဂေါ်လောခ့်အားလုံးကို သတ်ဖြတ်လိုက်သည့်အတွက်ကြောင့် ရှင်းလင်းသောကွင်းပြင်တစ်ခုကိုပင်ဖြစ်ပေါ်စေသည်။ ထို့ကြောင့် သူရဲကောင်းများကအစွမ်းကုန်တိုက်ခိုက်ရန် မလိုအပ်ခဲ့ပေ။
...
...
တပ်ဖွဲ့သည် မိုင်ပေါင်းဒါဇင်နှင့်ချီ၍ ထိုးဖောက်ပြီးနောက်တွင် သူတို့၏ချီတက်မှုနှုန်းသည် သိသိသာသာလျော့ကျသွားခဲ့သည်။
"ငါတို့ဘာလို့ နှေးသွားရတာလဲ"
လီယိုနာဒိုသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိထားမိသည့်အတွက်ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ယခုအခါ သူတို့သည်အခြားသောပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရပြီး အချိန်မှီသာမဖြေရှင်းနိုင်ပါက ဒုက္ခရောက်သွားနိုင်ပေသည်။
ရှေ့သို့ဆက်သွားရမည့်လမ်းကြောင်းသည် ပိုမိုကျည်းမြောင်းလာပြီး ရှေ့တိုးရခက်လာ၍ လူတိုင်းရှေ့သို့မျှော်ကြည့်လိုက်ကြသည်။ မှားယွင်းသောခြေလှမ်းတစ်ခုက ရွှံ့နွံအတွင်းသို့ အပြီးတိုင်နစ်မြုပ်သွားစေမှာဖြစ်သည်။ ထို့ကြောင့်မဟာမိတ်တပ်သားများ ဖြတ်သန်းသွားလာနိုင်သည့် နေရာအနည်းငယ်သာရှိနိုင်ပေသည်။ ဤနွံအိုင်အတွင်းရှိ သားရဲများက သူတို့အားနစ်မြုပ်စေနိုင်သည့်နေရာများကို သိထားကြသော်လည်း စွန့်စားသူများကမသိနိုင်ပေ။ သူတို့နောက်လှမ်းမယ့် ခြေလှမ်းတစ်ခုသည် ကျိန်းသေပေါက်ဘေးကင်းမည်ဟု မည်သူကမှအာမမခံနိုင်ပေ။
ထို့ပြင် နောက်လှမ်းမယ့်ခြေလှမ်းသည် ထိုလူ၏ကိုယ်အလေးချိန်ကိုတောင့်ခံနို်င်သော်လည်း နောက်ထပ်ပိုမိုလေးလံသည့်လူတစ်ယောက်အတွက်မူ အသက်ကိုဆုံးရှုံးသွားစေနိုင်သည်။
ရှေ့ဆက်ရမယ့်လမ်းကြောင်းသည် အဆင်မပြေသည့်အတွက် တစ်ခုတည်းသောရွေးချယ်စရာမှာ လမ်းခင်းရန်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန်အတွက် အကောင်းဆုံးသောလူများမှာ မြေဒြပ်စင်နှင့်ရေခဲဒြပ်စင်မှော်ဆရာများဖြစ်သည်။
"မင်းတို့က ငါ့အတွက်လမ်းကြောင်းတစ်ခုဖန်တီးပေးပါ"
လီယိုနာဒိုက အမိန့်ပေးလိုက်သည်။ သူ၏နံဘေးရှိမှော်ဆရာများသည် များပြားရုံသာမက သူတို့၏အဆင့်နှင့်ပစ္စည်းများကလည်း ထိပ်တန်းအဆင့်တွင်ရှိသည်။ သူတို့လှုပ်ရှားလိုက်သည်နှင့် မဟာမိတ်တပ်အတွက် လမ်းခင်းရန်သိပ်မကြာလိုက်ပေ။ ရှောင်ယုသည် လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့ဘက်မှ အမျိုးမျိုးသောမှော်ဆရာများက်ိုကြည့်ရင်း မနာလိုဖြစ်နေမိသည်။ သူ့ထံတွင် မှော်အကယ်ဒမီမှဘွဲ့ရလာသည့် ကျောင်းသားအနည်းငယ်သာရှိသည်။ တစ်ဖက်တွင် လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့ဘက်မှ အနိမ့်ဆုံးမှော်ဆရာသည် စတုတ္ထအဆင့်တွင်ရှိသည်။
မှော်ဆရာများစတင်လှုပ်ရှားလာချိန်တွင် ရှေ့၌ရှိနေသောဂေါ်လောခ့်များနှင့် လမ်းကြောင်းနှစ်ခုလုံးအေးခဲသွားခဲ့သည်။ သူတို့သည် စစ်သည်များအလွယ်တကူဖြတ်သန်းသွားလာနိုင်သည့် လမ်းကြောင်းကိုပြုလုပ်ခဲ့သည်။ သို့သော်လည်း ထိုသို့ပြုလုပ်ရန်အတွက် ကုန်ကျစရိတ်သည်အလွန်မြင့်မားပေသည်။
စိတ်ရိုင်းဝင်နေသော ဂေါ်လောခ့်များသည် သူတို့၏မြင့်မားသောညဏ်ရည်ညဏ်သွေးကြောင့် ယခုလိုခက်ခဲသောအခြေအနေမျိုးတွင် မှော်ဆရာများကိုစတင်၍တိုက်ခိုက်လာခဲ့သည်။ သို့သော်လည်း ထိုမှော်ဆရာများကို အစွမ်းထက်သောသူရဲကောင်းများက ကိုယ်ရံတော်အဖြစ်အကာအကွယ်ပေးထား၍ ဂေါ်လောခ့်များက အလွယ်တကူမတိုက်ခိုက်နိုင်ခဲ့ပေ။ လက်ရှိအခြေအနေသည် မဟာမိတ်တပ်ဘက်သို့ယိမ်းယိုင်နေပုံရပြီး မကြာမှီသူတို့်အားလုံးသည် လုံခြုံသောနေရာသို့ရောက်ရှိသွားမည့်ပုံရသည်။
သို့သော်လည်း တပ်သားများ၏မျက်နှာပေါ်ရှိအပြုံးသည် ကြာရှည်မခံခဲ့ပေ။ ဂေါ်လောခ့်များသည် လူသားများကိုတိုက်ခိုက်ကြမယ့်အစား ရူးသွပ်သွားသည့်ပုံစံဖြင့် သူတို့အချင်းချင်းတိုက်ခိုက်စားသောက်လာကြသည်။ သူတို့အဘယ်ကြောင့် ထိုသို့ပြုမူရသနည်း။
အခြားသူများသည် သူတို့လုပ်ရပ်၏နောက်ကွယ်မှ အကြောင်းအရင်းကိုမသိကြသော်လည်း ရှောင်ယုကမူရှင်းရှင်းလင်းလင်းသိရှိထားပေသည်။ ဂေါ်လောခ့်များသည် မျိုးနွယ်တူဂေါ်လောခ့်များအား အချင်းချင်းဝါးမြိုစားသောက်ကြပြီး ထိုဖြစ်စဉ်သည်အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သို့သော်လည်း ထ်ိုဖြစ်စဉ်အဆုံးသတ်တွင် စိတ်ရိုင်းဝင်နေသောဂေါ်လောခ့်များသည် နောက်ထပ်တစ်ကြိမ်အင်အားကြီးထွားလာခဲ့သည်။
"သေစမ်း...ဒါကပိုကြီးလာသလ်ိုပဲ..."
ရှောင်ယုသည် ဖြစ်စဉ်ပြီးဆုံးသွားသည့် ပထမဆုံးဂေါ်လောခ့်အား လက်ညိုးထိုးကာအော်ဟစ်လိုက်သည်။ ထိုဂေါ်လောခ့်သည် နှစ်ဆပိုကြီးလာခဲ့သည်။ ထို့ပြင် ထိုဂေါ်လောခ့်သည် ယခင်တိုက်ပွဲမှရရှိခဲ့သော ဒဏ်ရာဒဏ်ချက်များသည် သဲလွန်စမကျန်ဘဲပျောက်ကွယ်သွားခဲ့သည်။ ထို့ပြင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် တဖြည်းဖြည်းတောက်ပြောင်လာခဲ့သည်။
ရှောင်ယုသည် အကျပ်အတည်းတစ်ခုအား ရင်ဆိုင်နေရကြောင်းသူနားလည်လိုက်သည်။ တကယ့်ပြသနာသည် ယခုမှစတင်တော့မည်ဖြစ်သည်။
အခန်း ၃၆၃ - ငါးလူသားရတနာသိုက်
ရှောင်ယုနှင့်အခြားလူများသည် ဤကဲ့သို့စိတ်ရိုင်းဝင်နေသော ဂေါ်လောခ့်များနှင့် တွေ့ဆုံခဲ့ရသည်မှာ အမှန်ပင်ကံမကောင်းလှပေ။
သူတို့သည် ဂေါ်လောခ့်များအကြောင်းကို ကြားဖူးကြသော်လည်း စိတ်ရိုင်းဝင်ခြင်းကိုအသုံးပြုနိုင်သော ဂေါ်လောခ့်များကိုဒဏ္ဍာရီများ၌သာ မှတ်တမ်းတင်ထားပေသည်။ ထို့ပြင် စိတ်ရိုင်းဝင်နေသော ဂေါ်လောခ့်များကိုရင်ဆိုင်ခဲ့ရသော စွန့်စားသူများသည်လည်း ဂေါ်လောခ့်များ၏အစာဖြစ်လာကာ နေဝင်ချိန်နွံအိုင်၌ ထာဝရအိပ်စက်သွားခဲ့ရသည်။ ဤဂေါ်လောခ့်များ၏ လက်ထဲမှလွတ်မြောက်လာသူ အနည်းငယ်သာရှိပေသည်။
အသစ်ပြောင်းလဲလာသည့် ဂေါ်လောခ့်များသည် လူသားတို့အားကြည့်ရင်း ခဏငြိမ်သက်သွားကြသည်။ သာမန်ဂေါ်လောခ့်များသည်ကား ထိုအသစ်ပြောင်းလဲလာသည့် ဂေါ်လောခ့်များကိုရှောင်တိမ်းနေသကဲ့သို့ ၎င်းတို့နှင့်ဝေးရာသို့စတင်၍ ထွက်ပြေးလာကြသည်။
"နီကိုးလပ်စ်...ဒါဘယ်လိုဖြစ်ရတာလဲ...မင်းမှာအကြံရှိလား"
လီယိုနာဒိုက မျက်မှောင်ကြုတ်မိလိုက်သည်။ မည်သို့ပင်ဆိုစေ လက်ရှိအချိန်တွင် လီယိုနာဒိုသည် နီကိုးလပ်စ်အပေါ်ယုံကြည်မှုအချို့ရှိလာခဲ့သည်။ သူသာ နီကိုးလပ်စ်ပေးသည့် အချက်အလက်များကိုယုံကြည်ပါက ကောင်းစွာရှင်သန်နိုင်မည်ဖြစ်ကြောင်း နားလည်ခဲ့သည်။
နီကိုးလပ်စ်သည် သူ့ခေါင်းကိုဖြေးညင်းစွာခါလိုက်ပြီး သူမသိကြောင်းဖော်ပြလိုက်သည်။ သူသည် ဂေါ်လောခ့်များနှင့်ပတ်သက်သည့် အချက်အလက်များစွာကို အမှန်တကယ်ဖတ်ရှုဖူးသော်လည်း ထိုစာအုပ်များတွင် ဤသို့အသွင်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ အချက်အလက်များမရှိပေ။ ထို့ပြင် ယခုဂေါ်လောခ့်များလုပ်ဆောင်နေသည့် အသွင်ပြောင်းလဲခြင်းအား မြင်တွေ့ဖူးသူများစွာမရှိပေ။
"ခိုင်ရင်း...ဂရင်း...ခံစစ်အနေအထားပုံဖော်ကြ"
ရှောင်ယုသည် လှမ်းအော်လိုက်ပြီး မည်သူ့ကိုမှဂရုမစိုက်တော့ပေ။ ဤဂေါ်လောခ့်များသည် မကြာမှီသူတို့အား တရစပ်တိုက်ခိုက်တော့မည်ကိုသိ၍ ခံစစ်ဖွဲ့စည်းတစ်ခုအား စတင်ပြုလုပ်ခဲ့သည်။ သူတို့သည် ချီတက်တိုက်ခိုက်ရန် မလုပ်ဆောင်န်ိုင်တော့သည့်အချိန်တွင် သူ၏တပ်များကိုခုခံမှုပုံစံဖော်ဆောင်ရန် ချိန်ညှိရမည်ဖြစ်သည်။
လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့ကလည်း ထိုခံစစ်ဖွဲ့စည်းပုံအားဖော်ဆောင်ရန် အမိန့်ထုတ်ခဲ့သည်။ မှော်ဆရာများသည် ကာကွယ်ရေးအတွက်နေရာများရရှိစေရန် ကြားခံဇုန်များအား စတင်ဖန်တီးခဲ့ကြသည်။ ဤအခိုက်အတန့်တွင် ဧရာမဂေါ်လောခ့်များကို ထိပ်တိုက်ရင်ဆိုင်ရလောက်သည်ထိ မည်သူကမှရူးသွပ်မနေပေ။
ကံကောင်းထောက်မစွာဖြင့် အဖွဲ့၃ခုလုံးက တညီတညွတ်ခံစစ်ဖော်ဆောင်ခဲ့ကြ၍ ဂေါ်လောခ့်များသည် ရှေ့တိုးရန်နေရာလွတ်မရခဲ့ပေ။ ဤနည်းဖြင့် ထပ်မံအသွင်ပြောင်းသွားသည့် ဂေါ်လောခ့်များသည် သူတို့၏ခံစစ်အားအလွယ်တကူချိုးဖျက်နိုင်ရန် အလျင်စလိုမလုပ်ဆောင်နိင်ခဲ့ကြပေ။ ဤအရာမှာ အဖွဲ့၃ခုကြားဖော်ပြစရာမလိုသည့် တိတ်တဆိတ်နားလည်မှုတစ်ခုဖြစ်သည်။ ဤအခြေအနေတွင် တစ်စုံတစ်ယောက်၏အမှားတစ်ခုက ခံစစ်စည်းအားပြိုကျစေမည်ဖြစ်ကြောင်း လူတိုင်းသိလိုက်ကြသည်။
"ဒီဂေါ်လောခ့်တွေက ဘယ်လောက်တောင်အစွမ်းထက်နေတာလဲ"
နီကိုးလပ်စ်က စိတ်ရှုပ်ထွေးစွာ ညည်းညူမိလိုက်သည်။ ဤဂေါ်လောခ့်များ၏ ဆင့်ကဲ့ဖြစ်စဉ်သည် သူမျှော်လင့်ထားသည်ထက် များစွာကျော်လွန်သွားခဲ့တော့သည်။
" ဘယ်လောက်ထိအစွမ်းထက်သလဲဟုတ်လား ... ဘာကြောင့်သူတို့ကိုတိုက်ကြည့်ဖို့ မကြိုးစားရတာလဲ ... သူတို့ကစတုတ္ထအဆင့်အထွတ်အထိပ် သူရဲကောင်းတွေထက်အစွမ်းထက်ပြီး သာမန်ပဥ္စမအဆင့်သူရဲကောင်းတွေနဲ့တန်းတူဖြစ်နိုင်တယ် ... သူတို့ထဲမှာဆဌမအဆင့်သူရဲကောင်းနဲ့ညီမျှတဲ့ကောင်တွေမပါဘူးလို့ ငါမျှော်လင့်ရတာပဲ ... ခုအသွင်ပြောင်းဂေါ်လောခ့်တွေက အကောင်၅၀လောက်ပဲရှိတယ် ... ဒါတောင်မှပြဿနာကြီးဖြစ်နေတုံးပဲ "
ရှောင်ယုက ပြောလိုက်သည်။ ဤဆင့်ကဲပြောင်းလဲလာသည့် ဂေါ်လောခ့်များသည် သူတို့အားလုံးကိုသတ်ဖြတ်ရန် မလုံလောက်သော်လည်း အသေအပျောက်များစွာကိုဖြစ်ပေါ်စေမည်ဖြစ်သည်။
နီကိုးလပ်စ်က တည်ငြိမ်စွာပြောလိုက်သည်။
" လောလောဆယ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ငါတို့ကြားငြင်းခုံစရာအကြောင်းမရှိဘူး ... ဒီပြသနာကိုအဖြေရှာဖို့ ငါတို့အတူတူကြိုးစားရလိမ့်မယ် ... အဲ့ဒါဆိုရင် ဂေါ်လောခ့်တွေရဲ့ရတနာသိုက်ကိုငါတို့သွားနိုင်ပြီ ... အဲ့ဒီမှာရတနာတွေအများကြီးရှိနေနိုင်တယ် ... မင်းတို့စိတ်မဝင်စားဘူးလို့ငါ့ကိုမပြောကြနဲ့ "
ဂေါ်လောခ့်အသိုက်...
ရှောင်ယုနှင့်လီယိုနာဒိုနှစ်ဦးလုံးက တပြိုင်နက်တုံ့ပြန်လိုက်ကြသည်။ နီကိုးလပ်စ်သည် သူတို့နှင့်မဟာမိတ်ဖွဲ့ရန် စိတ်အားထက်သန်နေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ အစောကတည်းက နီကိုးလပ်စ်သည် ဂေါ်လောခ့်များ၏ရတနာသိုက်ကို သွားလိုနေခြင်းဖြစ်သည်။
နီကိုးလပ်စ်သည် နေဝင်ချိန်နွံအိုင်၏အနက်ပိုင်းသို့ သူ၏ကိုယ်ပိုင်ခွန်အားဖြင့် သွားရောက်ရန်လုံလောက်သော်လည်း ဂေါ်လောခ့်များ၏အသိုက်သို့ဝင်ရောက်ကာ ရတနာများကိုရယူလိုပါက သူတစ်ယောက်တည်းဖြင့် မလုပ်ဆောင်နိုင်ပေ။
"ရတနာသိုက်အကြောင်း သေချာလား"
နီကိုးလပ်စ်၏စကားကိုကြားလိုက်ရချိန်တွင် ရှောင်ယု၏စိတ်ဝိညာဉ်သည် လှုပ်ခါသွားခဲ့ရသည်။ လက်ရှိအခြေအနေသည် များစွာမဆိုးရွားသေးပေ။ အဖွဲ့၃ခုလုံးတွင် မတိုက်ခိုက်ရသေးသောသူရဲကောင်းများစွာရှိနေပြီး ဝှက်ဖဲများလည်းရှိနေသေးသည်။
နီကိုးလပ်စ်က ပြုံး၍ပြောလိုက်သည်။
" ငါဒါကိုအတည်ပြုပေးဖို့ လိုနေသေးတာလား ... အဲရတနာသိုက်တစ်ခုလုံးကို ငါတစ်ယောက်တည်းမရနိုင်ပေမဲ့ ငါတို့အကုန်တူတူသာသွားမယ်ဆိုရင် ငါတို့မှာအခွင့်အရေးရှိနိုင်တယ် "
နီကိုးလပ်စ်သည် လက်ရှိအချိန်၌ လိမ်ညာဝံ့ခြင်းမရှိပေ။ အကယ်၍ သူကိုယ်တိုင်လုပ်ဆောင်နိုင်ပါက သူသည်လူပေါင်းများစွာကိုစုစည်းနေမှာမဟုတ်သလို ရှောင်ယုနှင့်လီယိုနာဒိုတို့နှင့်လည်း မဟာမိတ်ဖွဲ့ရန်ဆန္ဒရှိမှာမဟုတ်ပေ။
"အိုး...ငါတို့ဘယ်အချိန်လောက်ရောက်နိုင်မယ်ထင်လဲ"
လီယိုနာဒိုကလည်း ဤကိစ္စကိုစိတ်ဝင်စားပေသည်။
ရှောင်ယုနှင့်လီယိုနာဒိုနှစ်ယောက်လုံးသည် သူ၏အကြံအစည်ကိုသဘောတူကြောင်း နီကိုးလပ်စ်သတိထားမိ၍ ပြုံးလိုက်မိသည်။
" ဒီဂေါ်လောခ့်တွေက ငါးလူသားအမျိုးအစားဆိုပေမဲ့ နဂါးသွေးမဆိုစလောက်လေးပါနေတယ် ... ဒါကြောင့်သူတို့ကနဂါးတွေလိုမျိုး ရတနာတွေအများကြီးစုဆောင်းထားကြတယ် ... သူတို့ကနေဝင်ချိန်နွံအိုင်မှာနှစ်ထောင်ချီနေလာခဲ့ကြပြီဆိုတော့ သူတို့စုဆောင်းထားတဲ့စည်းစိမ်ရတနာတွေကိုတွေးကြည့်ကြစမ်း ... ငါကလုပ်ကြံသူပို့ပေးလာတဲ့သတင်းကို ကံကောင်းထောက်မစွာနဲ့ရခဲ့တယ် ... သူပြောပုံအရသာဆိုရင် ရတနာသိုက်ထဲမှာမရေမတွက်နိုင်တဲ့လက်နက်တွေ ... ရတနာတွေ ၊ မှော်စာလိပ်တွေနဲ့အခြားအရာတွေကို ဂေါ်လောခ့်တွေသိမ်းဆည်းထားတာပဲ "
ရှောင်ယုနှင့်လီယိုနာဒိုတို့သည် ရတနာများအကြောင်းကို ကြားသိပြီးနောက်တွင် ဂေါ်လောခ့်များ၏ရတနာသိုက်အား သိမ်းပိုက်ရန်ပိုမိုဆန္ဒရှိလာကြသည်။ သူတို့သည် ဂေါ်ဒွန်၏ဦးခေါင်းခွံကို အလွယ်တကူယူဆောင်ရန် မဖြစ်နိုင်သည့်အတွက်ကြောင့် သူတို့သည် ဤရတနာသိုက်ကိုဝင်မွှေရန်အတွက် လုံလောက်သောအချိန်ကိုရရှိထားခဲ့သည်။
ရှောင်ယုသည် တောထဲတောင်ထဲတွင် ရတနာများကိုရယူသည့် အတွေ့အကြုံများကိုရရှိထား၍ ပြုံးလိုက်မိသည်။ ဤနေရာတွင် ရှောင်ယုကဒုတိယလို့ပြောလိုက်ပါက မည်သူကမှရတနာများကိုပထမဆုံးရယူမည်ဟု မပြောရဲကြတော့ပေ။
အားဂီးး...
ရှောင်ယုနှင့်အခြားသူများသည် ဧရာမဂေါ်လောခ့်များကို လှမ်းကြည့်လိုက်ကြသည်။ ဂေါ်လောခ့်များ၏ရတနာသိုက်တွင် ရတနာများမည်မျှရှိနေပါစေ လက်ရှိအချိန်တွင်သူတို့၏ရှေ့မှ ပြဿနာများကိုဖြတ်ကျော်ရန် လိုအပ်နေပေသည်။
ဆင့်ကဲပြောင်းလဲထားသော ဂေါ်လောခ့်များသည်အဆက်မပြတ်ဟိန်းဟောက်နေခဲ့ကြသည်။ သူတို့ဟိန်းဟောက်လိုက်သော အသံများသည် အေးခဲနေသောမြေပြင်ကိုစတင်ထိမှန်လာခဲ့ပြီး ရေခဲလမ်းကြောင်းများစတင်ပြိုကွဲကာ နွံအိုင်များအဖြစ်ပြောင်းလဲသွားခဲ့သည်။
" မဟုတ်ဘူး ... သူတို့ကတွင်းတွေကိုဖန်တီးချင်တာပဲ ... မြန်မြန်သူတို့ကိုတားကြ "
ရှောင်ယုက အော်ဟစ်လိုက်သည်။
မှော်ဆရာများသည် ရေခဲနေသောလမ်းကြောင်းများကို ပြန်လည်တည်ဆောက်ခြင်းနှင့် ရေခဲလမ်းကြောင်းများထပ်မံပြုလုပ်ခြင်းတို့ဖြင့် ဆင့်ကဲပြောင်းလဲလာသည့်ဂေါ်လောခ့်များကို ရပ်တန့်ခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များသည် သူတို့နှင့်နီးကပ်လာရန် အလွန်ခက်ခဲမည်ဖြစ်သည်။ သူရဲကောင်းများကလည်း ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များကို သတ်ဖြတ်ရန်ပြေးဝင်လာကြသည်။
ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များ၏ ခံစစ်စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် စတုတ္ထအဆင့်သူရဲကောင်းများ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်ပေသည်။ စတုတ္ထအဆင့်သူရဲကောင်းများသည် သူတို့၏အကြေးခွံကို ထိုးဖောက်နိုင်ရုံသာရှိခဲ့သည်။
အရမ်းကိုသန်မာလွန်းတယ်...
ရှောင်ယုကအံ့သြသွားခဲ့သည်။ မျိုးနွယ်တူချင်း ဝါးမြိုပြီးနောက် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထို့ပြင် ဆင့်ကဲပြောင်းလဲပြီးနောက် ဂေါ်လောခ့်များ၏ထိုးစစ်သည် မြင့်တက်လာခဲ့သည်။
" တိုင်ရန်ဒီ ... နာဂ ... ကဲလ်သက် ... ဂရစ်ဖင် ... တာဝေးပစ်တိုက်ခိုက်န်ိုင်သူတွေအားလုံး ဆက်ပြီးတိုက်ခိုက်နေကြ ... ဆင့်ကဲပြောင်းလဲထားတဲ့ ဂေါ်လောခ့်တွေကိုအာရုံစိုက်ပြီးတော့တိုက်ကြ "
ရှောင်ယုသည် အဝေးပစ်တိုက်ခိုက်သူများအား ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များကိုအဓိကအာရုံစိုက်စေပြီး ကျန်လူများအား သာမန်ဂေါ်လောခ့်များကို အာရုံစိုက်စေခဲ့သည်။
ရှောင်ယုထံတွင် ဤသတ္တဝါများကိုကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများစွာရှိနေပေသည်။ ဂေါ်လောခ့်များသည် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို ဖြစ်ကျော်ခဲ့ပြီးဖြစ်သော်လည်း ရှောင်ယုကမကြောက်ရွံ့ပေ။ အဆုံးသတ်တွင်သူသည် ကျောက်တုံးနက်မျိုးနွယ်၏ ဧရာမအောစ့်များကို ရင်ဆိုင်ခဲ့ဖူးပေရာ ဤအခြေအနေနှင့်အတော်အတန်ရင်းနှီးပေသည်။ သူသည် ဤဂေါ်လောခ့်များထက်ကြီးမားသော ဧရာမအောစ့်များကိုပင်သတ်ဖြတ်ဖူးပေသည်။ ထို့ကြောင့် ဤဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များသည် သူ့အတွက်ပြသနာမဟုတ်ပေ။
မြှားများသည် ကောင်းကင်ပေါ်မှနေ၍ မြှားမိုးရွာသွန်းသကဲ့သို့ ဆက်တိုက်ကျဆင်းလာနေပြီး ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များကို ပစ်မှတ်ထားနေခဲ့သည်။ တိုင်ရန်ဒီသည် မတူညီသောကျွမ်းကျင်မှုများနှင့် လောင်မြိုက်မြှားတံကျွမ်းကျင်မှုအား အသုံးပြုနေခဲ့သည်။ သူမပစ်လွှတ်လိုက်သော မြှားတစ်စင်းစီတိုင်းသည် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်၏ဦးခေါင်းကို တစ်ချက်တည်းဖြင့်ပေါက်ကွဲစေခဲ့သည်။
လက်ရှိအချိန်တွင် အောစ့်များသည်မည်သို့မှ မလုပ်ဆောင်နိုင်ခဲ့ပေ။ သူတို့သည် လှံပစ်စက်များကိုအသုံးပြုရန် အခွင့်အရေးမရခဲ့ပေ။
ကဲလ်သက်၏မှော်မီးလုံးများကလည်း ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များကို တစ်ချက်တည်းဖြင့်သတ်ဖြတ်နိုင်ခဲ့သည်။ ဂရစ်ဖင်များသည် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များကို အမြောက်အများသတ်ဖြတ်နိုင်ရန်အတွက် သူတို့၏ကွင်းဆက်လျှပ်စီးကြောင်းကို စုစည်းထုတ်ဖော်ခဲ့သည်။
ဤသို့ဖြင့် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များသည် ချက်ချင်းပင်အကျပ်အတည်းကြုံတွေ့လိုက်ရသည်။ သူတို့သည် အမြောက်အများသတ်ဖြတ်ခံလိုက်ရပြီး သူတို့၏ခွန်အားကိုပြသရန် အခွင့်အရေးမရခဲ့ပေ။ လက်ရှိအခြေအနေသည် အလွန်ပင်အန္တာရယ်များနေသော်လည်း ရှောင်ယုသို့မဟုတ် အခြားသူများကသာ သူတို့၏အစစ်အမှန်အစွမ်းအစကို ပြသခဲ့ပါက ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များသည် သူတို့၏ပြိုင်ဘက်မဟုတ်ပေ။
နီကိုးလပ်စ်နှင့်လီယိုနာဒိုတို့သည် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များကို ကိုင်တွယ်ရန် သူတို့၏တပ်များကိုစတင်စည်းရုံးခဲ့သည်။ သူတို့၏ကွပ်ကဲမှုအောက်တွင်ရှိနေသော မှော်ဆရာများသည် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များကို စတင်တိုက်ခိုက်လာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ကွပ်ကဲမှုအောက်ရှိ စစ်သည်များသည် စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်နေချိန်တွင် တစ်ချိန်တည်း၌ ခံစစ်စည်းကိုတည်ငြိမ်အောင်ဖွဲ့စည်းထားခဲ့သည်။
သူတို့ မှော်ဆရာများ၏စွမ်းအားသည် ကဲလ်သက်လောက်ကောင်းမွန်ခြင်းမရှိပေ။ သို့ရာတွင် သူတို့ထဲမှအများအပြားသည် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်တစ်ကောင်ကိုအာရုံစိုက်လာချိန်တွင် ထိုဂေါ်လောခ့်သည် ရှင်သန်ရန်အခွင့်အလမ်း အလွန်နည်းပါးသွားခဲ့သည်။
အခြေအနေသည် တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။
သို့သော်လည်း ရှောင်ယုတို့အဖွဲ့သည် စတင်အသာစီးရလာချိန်တွင် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များသည် အနည်းငယ်တုန်လှုပ်သွားသည်ကို မည်သူမှသတိမထားမိလိုက်ကြပေ။ တစ်ချိန်တည်းမှာပင် သူတို့၏မျက်လုံးများသည် နီရဲနေရာမှ စတင်ညိုမဲလာခဲ့သည်။
လီယိုနာဒိုနှင့်နီကိုးလပ်စ်တို့အဖွဲ့၏ ထိုးစစ်စွမ်းအားသည် ရှောင်ယုထက်ပျော့ညံ့ခြင်းမရှိပေ။ တစ်ခုတည်းသောခြားနားချက်မှာ ရှောင်ယု၏တပ်ဖွဲ့အမျိုးအစားသည် သူတို့၏တပ်များထက်ပိုမိုကွဲပြားနေခြင်းဖြစ်သည်။
လူတိုင်းသည် ဆင့်ကဲပြောင်းလဲလာသော ဂေါ်လောခ့်များကိုသတ်ဖြတ်ရန် အာရုံစ်ိုက်နေသည့်အတွက်ကြောင့် သူတို့သည်ရှေ့သို့တဖြည်းဖြည်းတိုး၍ ချီတက်လာကြသည်။ သို့သော်လည်း ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များသည် မတူညီသောနေရာအသီးသီးသို့ စတင်ရွေ့လျားလာခဲ့သည်။
လူတိုင်းသည် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များကို စတင်အသာစီးရလာသည်ဟု ခံစားမိလာ၍ စတင်ပြုံးမိလာကြသည်။ ဤဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များသည် သူတို့အားတိုက်ခိုက်နိုင်စွမ်းမရှိတော့ဟု ယုံကြည်လာကြသည်။
ရှောင်ယုသည် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များ၏အလောင်းကို စတင်စစ်ဆေးခဲ့သည်။ သူတို့သည် ဆင့်ကဲပြောင်းလဲလာပြီးနောက် သူတို့၏အရေပြားသည်အလွန်မာကျောလာခဲ့ပြီး သူတို့အားသတ်ဖြတ်ရန်ပင်အလွန်ခက်ခဲ၍ ဖိနပ်နှင့်ခါးပတ်များပြုလုပ်ရန် အသုံးမပြုနိုင်တော့ပေ။ ထို့ပြင် ၎င်းတို့၏အကြေးခွံများသည် အလွန်မာကျောပြီးလေးလံသည့်အတွက်ကြောင့် ၎င်းတို့အားသယ်ဆောင်ကာလမ်းလျှောက်ရန် အလွန်ခက်ခဲပေမည်။
ရှောင်ယုသည် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များ၏အလောင်းကို ပြန်လည်သယ်ဆောင်ရန်တွေးတောခဲ့သော်လည်း ထိုသို့လုပ်ဆောင်ရန်မထိုက်တန်ကြောင်း မြင်ယောင်ခဲ့သည်။ ခဏအကြာတွင် သူ၏တပ်ဖွဲ့များသည် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်အကောင်၂၀ခန့်ကိုသတ်ဖြတ်ပြီးနောက် စတင်၍ပင်ပန်းနွမ်းနယ်လာခဲ့သည်။ ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များကိုသတ်ဖြတ်ရသည်မှာ ကုန်ကျစရိတ်ကြီးမားလှပေသည်။ ထို့ပြင် လီယိုနာဒိုနှင့်နီကိုးလပ်စ်၏တပ်များသည် ရှောင်ယု၏တပ်များကဲ့သို့ ဆေးများကိုအသုံးမပြုနိုင်ပေ။
ထိုအချိန်တွင် ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များသည် နေရာအသီးသီးမှ သူတို့်အားစတင်ဝိုင်းရံထားခဲ့သည်။ သို့သော်လည်း မည်သူကမှသူတို့အားတိုက်ခိုက်ခြင်းမရှိပေ။
" ဘာဖြစ်သွားတာလဲ ... "
ရှောင်ယုကအံ့သြသွားခဲ့သည်။ အပေါ်ယံကြည့်ရလျှင် သူတို့သည် သူတို့၏အနေအထားကို တဖန်ချိန်ညှိနေပုံရသော်လည်း ဆင့်ကဲပြောင်းလဲထားသည့် ဂေါ်လောခ့်များသည် သတ်ဖြတ်ခြင်းကိုမပြုလုပ်ဘဲ ယခုလိုချိန်ညှိရလောက်သည်ထိ လိမ္မာပါးနပ်ခြင်းမရှိပေ။ အကယ်၍ ဤအခိုက်အတန့်တွင် ရှောင်ယုတို့တပ်ဖွဲ့များသည် အမြန်ဆုံးတိုးထွက်ခဲ့မည်ဆိုပါက အဆုံးသတ်၌အောင်ပွဲခံနိုင်လောက်သော်လည်း ဆုံးရှုံးမှုများအားရင်ဆိုင်ရမည်ဖြစ်သည်။
" ဒီတိုင်းသာဆက်သွားနေရင် ငါတို့ရဲ့ခွန်အားက်ို အကြာကြီးအသုံးချနိုင်မှာမဟုတ်တော့ဘူး ... ငါတို့က ဆင့်ကဲပြောင်းလဲထားတဲ့ ဂေါ်လောခ့်တစ်ဝက်လောက်ကို သတ်ဖြတ်ပြီးသွားပြီ ... ငါတို့ခုချိန်မှာအနားယူလို့မရဘူး "
လီယိုနာဒိုသည် ရှောင်ယု၏အကြံကိုသဘောမတူလိုခဲ့ပေ။ သူသည် ရှောင်ယုအား ဆန့်ကျင်လိုသောကြောင့် ယခုအချိန်၌ပိတ်ဆို့မှုအား ထိုးဖောက်လိုခဲ့သည်။
ရှောင်ယုသည် ပြုံးရုံသာပြုံးလိုက်ပြီး လီယိုနာဒိုအား မတုံ့ပြန်ခဲ့ပေ။ သူသည် ပတ်ပတ်လည်ကိုကြည့်ရင်း မူလအနေအထားကိုထိန်းသိမ်းခဲ့သည်။
" ပူနေတဲ့အချိန်မှာ သံကိုဆက်ရိုက်မှာလား ... ဒါမှမဟုတ်အနားယူမှာလား ... ဆင့်ကဲပြောင်းလဲထားတဲ့ ဂေါ်လောခ့်အသစ်တွေ ဆက်ပေါ်မလာခင်မှာ ငါတို့သတ်နိုင်သလောက်သတ်ထားသင့်တယ်ထင်တယ် ... "
နီကိုးလပ်စ်သည် ရှောင်ယုနှင့်လီယိုနာဒိုတို့အကြား စကားစစ်ထိုးပွဲ၌မပါဝင်ဘဲ သူ၏အကြံကိုပြောလိုက်သည်။
လီယိုနာဒိုက ခေါင်းညိတ်သဘောတူလိုက်သည်။ သူ၏မူလအကြံအစည်မှာလည်း ဆက်လက်တိုက်ခိုက်ရန်ဖြစ်သည်။
" တိတ်တိတ်နေတာက လက်ခံတယ်လို့ပြောချင်တာပဲ ... ငါတို့ဆက်တိုက်ကြမယ် "
နီကိုးလပ်စ်က ပြုံးရင်းပြောလိုက်သည်။ ရှောင်ယုမပါဝင်လျှင်တောင်မှ သူနှင့်လီယိုနာဒိုတို့၏တပ်များသည် ဂေါ်လောခ့်များကိုသတ်ဖြတ်ရန် လုံလောက်သည်ဟုယုံကြည်နေခဲ့သည်။
မည်သို့ပင်ဆိုစေ ရှောင်ယု၏အမိန့်ကိုစောင့်ဆိုင်းနေကြသောကြောင့် ရှောင်ယု၏တပ်များသည် တိုက်ခိုက်ရန်ရှေ့တက်လာကြခြင်းမရှိပေ။
ဂေါ်လောခ့်များသည် လူသားများက အနီးကပ်တိုက်ခိုက်လာကြသည့်အတွက် သူတို့ကလည်းအပြေးအလွှားတိုက်ခိုက်ကြတော့သည်။ ဂေါ်လောခ့်များနှင့်လူသားများအကြား အကွာအဝေးတိုတောင်းသည့်အတွက်ကြောင့် မကြာမှီသူတို့နှစ်ဖက်ကြား၌ အော်ဟစ်သံများ ပဲ့တင်ထပ်လာခဲ့သည်။
အားဂီးး....
တိုက်ပွဲစတင်သည်နှင့် ဒေါသတကြီးဟိန်းဟောက်သံက ရှင်းလင်းပြတ်သားစွာ တဖန်ထွက်ပေါ်လာပြန်သည်။